← Chapters

ဘယ်သူ့ကို ယုံရမလဲ

Vol. 34 Ch. 509

ဘယ်သူ့ကို ယုံရမလဲ

Vol. 34 Ch. 509

“လူတိုင်းရဲ့ သေဆုံးမှုက သူနဲ့ ဆက်စပ်နေတယ်လား”

ကောင်းမင်သည် စံအိမ်ပိုင်ရှင်၏ ဇာတ်လမ်းများကို သတိရလိုက်သည်။

“သူ မင်းကို ဘာလုပ်ခဲ့တာလဲ”

“ပထမဆုံး သူက ဒီအရုပ်ထဲမှာ ပုန်းနေခဲ့တာ၊ အမေ ကျွန်မကို လုပ်ပေးခဲ့တဲ့ ဒီအရုပ်ထဲမှာပေါ့”

မိန်းကလေးသည် နာကျင်နေပုံရသည်။

“အစ်ကို သတိမေ့နေတုန်းက ကျွန်မ သူနဲ့ တွေ့ခဲ့ရတယ် ၊ သူက ကြင်နာတတ်တဲ့ လမ်းပျောက်ဝိညာဉ်တစ်ကောင်လို ရယ်စရာကောင်းပြီး သနားစရာကောင်းအောင် ဟန်ဆောင်ခဲ့တယ် ၊ ကျွန်မ သူနဲ့ သူငယ်ချင်းဖွဲ့ခဲ့တယ် ၊ ညဘက် အိပ်တဲ့အခါ သူ့ကို ကျွန်မခေါင်းအုံးဘေးမှာ ထားအိပ်ခဲ့တယ် ၊ ကျွန်မ သူ့ကို သီချင်းဆိုပြပြီး သူနဲ့ ဆော့ကစားခဲ့တယ် ၊ ဒါပေမယ့် သူက ဒီလောက် လူမဆန်လိမ့်မယ်လို့ ကျွန်မ မထင်ခဲ့မိဘူး”

မိန်းကလေးသည် ဆက်မငိုနိုင်တော့ပေ။ သူမ၏ မျက်နှာသည် အက်ကွဲလာပြီး သွေးရာများကို ဖော်ထုတ်လာပြသသည်။

“သူဟာ ကျွန်မ အိပ်ပျော်နေတုန်း ကျွန်မခန္ဓာကိုယ်ကို စီးပြီး ညဘက်မှာ အိမ်ပတ်ပတ်လည် လျှောက်သွားပြီး ကြောက်စရာကောင်းတဲ့ အရာတွေ လုပ်ခဲ့တယ် ၊သူဟာ မိုးမလင်းခင် ကျွန်မအခန်းကို ပြန်လာပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေခဲ့တယ်။

“ညဘက်ကျရင် စံအိမ်တဝိုက်မှာ ထူးဆန်းတဲ့ အရာတွေ ဆက်ဖြစ်နေခဲ့တယ် ၊ အသားတွေ ပျောက်သွားတယ်၊ အိမ်မွေးရွှေငါး သတ်ခံရတယ်၊ မီးဖိုချောင်က မီးခိုးခေါင်းတိုင်က ပိတ်သွားတယ်၊ ဧည့်ခန်းမီးဖိုက ငြိမ်းသွားတတ်တယ်”

“သူက ကျွန်မခန္ဓာကိုယ်ကို ဝင်စီးတဲ့အခါ သတိထားခဲ့ပေမယ့် တစ်ပတ်ကြာပြီးတော့ သူပေါ်သွားခဲ့တယ်”

“ဆောင်းတွင်းမှာ ဧည့်သည် သိပ်မရှိဘူး ၊ အဲ့ဒီနေ့က ကျွန်မတို့မှာ တောင်တက်သမားအဖွဲ့တစ်ဖွဲ့ပဲ ဧည့်သည်ရှိနေခဲ့တယ် ၊ သူတို့ထဲက တစ်ယောက်က ညဘက် ရေနွေးတချို့တည်ဖို့ မီးဖိုချောင်ကို သုံးခဲ့တယ် ၊ သူဟာ ကျွန်မ ဓားတစ်ချောင်းနဲ့ မြေအောက်ခန်းကနေ ထွက်လာတာကို တွေ့ခဲ့ရတယ်”

“သူ့ရဲ့ အော်ဟစ်သံကြောင့် ကျွန်မနိုးသွားခဲ့တယ် ၊ ကျွန်မ ဘာလို့ အိပ်ရာကထွက်ပြီး မီးဖိုချောင်ထဲမှာ ဓားတစ်ချောင်းနဲ့ ရပ်နေခဲ့လဲဆိုတာ ကျွန်မမသိခဲ့ဘူး ၊ တခြားဧည့်သည်တွေနဲ့ ကျွန်မမိသားစုက မီးဖိုချောင်ထဲ အပြေးရောက်လာကြတယ် ၊ သူတို့က ကျွန်မကို လူစိမ်းတစ်ယောက်လို ကြည့်နေခဲ့ကြတယ် ၊ သူတို့မျက်နှာပေါ်က အမူအရာတွေကို ကျွန်မ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး”

မိန်းကလေး၏ အသံသည် ကြေကွဲဝမ်းနည်းဖွယ်ဖြစ်သည်။

“ကျွန်မမိသားစုက ဧည့်သည်တွေကို တောင်းပန်ခဲ့ပြီးတော့ ကျွန်မကို ပိတ်လှောင်ထားခဲ့တယ် ၊ သူတို့က ကျွန်မကိုတော့ အပြစ်မတင်ခဲ့ပါဘူး ၊ တကယ်အပြစ်တင်ခဲ့တာက အစ်ကိုကို ဆူခဲ့ကြတာပါ”

“အဲ့ဒီနေ့ကစပြီး အစ်ကိုက ကျွန်မကို အမြဲတမ်း အပြစ်ရှိသလို ကြည့်နေတတ်တယ် ၊ အမေနဲ့ အဖေဟာ အားနည်းပြီး အာဟာရချို့တဲ့လာကြတယ် ၊ သူတို့ဟာ မကြာခဏ ကျွန်မနဲ့ စကားလာပြောပြီး တူညီတဲ့ မေးခွန်းတွေကိုပဲ ထပ်ခါထပ်ခါ မေးခဲ့ကြတယ် ၊ အစပိုင်းမှာတော့ ကျွန်မနားမလည်ခဲ့ဘူး ၊ အဲ့ဒီနောက်တော့ ကျွန်မက အရင်လူပဲလားဆိုတာ သူတို့ အတည်ပြုချင်နေကြတယ်ဆိုတာ ကျွန်မ နားလည်ခဲ့တယ်”

“အချိန်ကြာလာတာနဲ့အမျှ ကျွန်မသတိရှိနေတဲ့ အချိန်က တိုသထက် တိုတောင်းလာခဲ့တယ် ၊ဒါဟာ အရုပ်ထဲက အရာပဲဆိုတာ ကျွန်မသိသွားတယ် ၊ ကျွန်မ သူ့ကို စစ်မေးခဲ့တယ် ဒါပေမယ့် သူက ကျွန်မကို စကားမပြောတော့ဘူး ၊ ကျွန်မ ကြောက်ရွံ့သွားခဲ့တယ် ၊ အဲ့ဒီ မကောင်းဆိုးဝါးက တစ်ခုခု ကြံစည်နေပြီဆိုတာ ကျွန်မသိနေခဲ့တယ်”

“ကျွန်မ အရာအားလုံးကို ကျွန်မမိသားစုကို ပြောပြလိုက်တယ် ၊ အရုပ်ထဲက အရာက ပျောက်ကွယ်သွားခဲ့တယ်၊ ဘာလို့လဲဆိုတော့ အမေနဲ့ အဖေက အဘိုးချန်ထားခဲ့တဲ့ အရာတွေထဲမှာ ဖြေရှင်းနည်းကို တွေ့ခဲ့လို့ပဲ ၊ အဲ့ဒီအရာက ကျွန်မအိပ်ပျော်ပြီးမှပဲ ကျွန်မခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်တာ ၊ သူတို့ဟာ သူ့ကို အရုပ်ထဲကို ပြန်ချိတ်ပိတ်ဖို့ စီစဉ်ခဲ့ကြတယ်”

“တစ်ပတ်ကြာပြီးတော့ တစ်နေ့မှာ အမေ၊ အဖေနဲ့ အစ်ကိုတို့က စတုတ္ထထပ်မှာ ဝတ်ပြုဓလေ့တစ်ခု လုပ်ခဲ့ကြတယ် ၊ သူတို့က ကျွန်မကို အိပ်ဆေးတွေ တိုက်ခဲ့တယ် ၊ အရာအားလုံး အဆင်သင့် ဖြစ်နေခဲ့တယ် ၊ ဒါပေမယ့် သန်းခေါင်ရောက်လာပြီး ဝတ်ပြုဓလေ့စတင်ရမယ့် အချိန်မှာ ကျွန်မဟာ စူးရှတဲ့ နာကျင်မှုကြောင့် နိုးလာခဲ့တယ်”

“ကျွန်မရဲ့ ခြေလက်တွေဟာ ကုတင်နဲ့ ချည်ခံထားရတယ် ၊ ကျွန်မ ရုန်းကန်ပြီး အော်ဟစ်ခဲ့တယ် ၊ ဒါပေမယ့် ကျွန်မမိသားစုက ကျွန်မဟန်ဆောင်နေတယ်လို့ ထင်ခဲ့ကြတယ် ၊ ဝတ်ပြုဓလေ့ကို ဆက်လုပ်ခဲ့ကြတယ် ၊ ကျွန်မ နံရံပေါ်မှာ တံခါးရဲ့ ပုံရိပ်ကို မြင်ခဲ့ရတယ် ၊ ထူးဆန်းတဲ့ ပုံစံကွက်တွေက ကျွန်မရဲ့ ခန္ဓာကိုယ်ပေါ်ကို တွားသွားလာနေသလိုဖြစ်နေခဲ့တယ် ၊ ကျွန်မမိသားစုက သူတို့ရဲ့ သွေးတွေကို တံခါးကို ကျွေးလိုက်ချိန်မှာ အနီရောင်တံခါးကနေ ထူးဆန်းတဲ့အသံတွေ ထွက်ပေါ်လာခဲ့တယ်၊ အဖေက သက်ရှိယဇ်ကောင်ကို တံခါးထဲ ပစ်ထည့်လိုက်တယ် ၊ ကျွန်မရဲ့ အသိစိတ်က ကျွန်မခန္ဓာကိုယ်ထဲကနေ တံခါးထဲကို ဆွဲထုတ်ခံလိုက်ရတယ်”

“ကျွန်မ ဘယ်လောက်အော်ဟစ်ပါစေ ကျွန်မဟာ ကိုယ့်ကိုယ်ကို အရုပ်ထဲ ပို့ခံလိုက်တာကိုပဲ ကြည့်နေနိုင်ခဲ့တယ် ၊ ငိုကြွေးနေတဲ့အရုပ်က ကျွန်မရဲ့ ခန္ဓာကိုယ်ကို ကြည့်နေခဲ့တယ်၊ ဒါပေမယ့် ကျွန်မရဲ့ တကယ့်မျက်နှာကတော့ ပြုံးနေခဲ့တယ် ၊ တံခါးနောက်က အရာက အဲ့ဒီနေ့ကို စောင့်ဆိုင်းနေခဲ့တာ ၊ သူ လုပ်ခဲ့သမျှ အရာအားလုံးက ကျွန်မနဲ့ ခန္ဓာကိုယ်လဲဖို့ပဲ ၊ အစပိုင်း ထိတွေ့မှုကနေ ရည်ရွယ်ချက်ရှိရှိ ထွက်ပေါ်လာတဲ့အထိပဲ ၊ သူ ပြသခဲ့တဲ့ အားနည်းချက်တွေက ပြပွဲတစ်ခုပဲ”

“ကျွန်မ အိပ်ဆေးတွေ မသောက်ခင်တုန်းကတည်းက သူ အဲ့ဒီမှာ ရှိနေခဲ့တာပဲ ၊ သူက ကျွန်မလျှာအောက်မှာ အပ်သေးသေးလေးတစ်ချောင်းကို ဝှက်ထားခဲ့တယ် ၊ အဲ့ဒါက ဝတ်ပြုဓလေ့ စတင်တဲ့အခါ ကျွန်မကို နိုးလာစေဖို့ပဲ”

“ကျွန်မ အပိတ်ခံရတုန်းက ကျွန်မမိဘတွေက ကျွန်မနဲ့ စကားလာပြောကြတယ် ၊ တစ်ခါတစ်လေမှာ ကျွန်မအိပ်ပျော်နေပြီး သူတို့က သူ့ကို စကားပြောနေတယ်ဆိုတာကို သူတို့ မသိခဲ့ကြဘူး ၊ သူဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်မဘယ်လို ငိုလဲ၊ ဘယ်လိုအော်ဟစ်လဲကို အတုခိုးခဲ့တယ် ၊ ဒါကြောင့်ပဲ ကျွန်မ မိဘတွေကို ခံစားချက်ကင်းမဲ့စေခဲ့ပြီး အဲ့ဒီနည်းနဲ့ သူဟာ အစစ်အမှန်ဝတ်ပြုဓလေ့ ဖြစ်လာအောင် ကျွန်မမိဘတွေကို တွန်းအားပေးနိုင်ဖို့ သေချာစေခဲ့တယ်”

သွေးသည် နှင်းဖြင့် ရောနှောသွားသည်။ ၎င်းသည် အေးခဲပြီး မျက်စိပသာဒ ဖြစ်စေသည်။ မိန်းကလေး အောက်ရှိ နှင်းများသည် နီစွေးနေလေသည်။

“ဝတ်ပြုဓလေ့ပြီးဆုံးသွားတော့ မကောင်းဆိုးဝါးက ကျွန်မရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်တယ် ၊ အရုပ်ထဲမှာရှိတဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်ကို အဖေက ဆုတ်ဖြဲပစ်ခဲ့ပြီး ထင်းရှူးတောထဲမှာ ဝှက်ထားခဲ့တယ်၊ တောင်ကလည်း ကျွန်မရဲ့ ဝိညာဉ်ကို ဖိနှိပ်ထားဖို့ ရှိနေခဲ့တာ”

“အဲ့ဒါက အစပဲ ရှိသေးတယ် ၊ ကျွန်မနေရာကို အစားဝင်ခဲ့တဲ့ မကောင်းဆိုးဝါးက တစ်ခါတစ်လေ တောင်ပေါ်လာပြီး ကျွန်မမိသားစုမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအကြောင်း ကျွန်မကို လာပြောပြလေ့ရှိတယ် ၊ သူက ကျွန်မကို သူနဲ့ပူးပေါင်းဖို့ ခြိမ်းခြောက်မယ်၊ မဟုတ်ရင် သူက လူတိုင်းကို သတ်ပစ်မယ်တဲ့”

“သေချာတာက ကျွန်မလုံးဝ သဘောမတူခဲ့ဘူး ၊ အဲဒါပြီးတဲ့နောက် ကျွန်မဘာကိုပဲ ရွေးချယ် ရွေးချယ် မကောင်းဆိုးဝါးက ကျွန်မမိသားစုအားကို သတ်ပစ်မှာဆိုတာ ကျွန်မသိနှင့်နေခဲ့ပြီ”

“မကြာခင်မှာပဲ ကျွန်မအမေက ရူးသွားပြီး စတုတ္ထထပ်မှာ ပိတ်လှောင်ခံလိုက်ရတယ် ၊ တောင်တက်သမားအုပ်စုလည်း မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တယ်”

“အဖေက အရှုံးပေးဖို့ ငြင်းဆန်ခဲ့တယ် ၊ အရမ်းနူးညံ့တဲ့အဖေဟာ အဲ့ဒီအရာတွေနဲ့ သေတဲ့အထိတိုက်ခိုက်ဖို့ ကျိန်ဆိုခဲ့တယ် ၊ သူဟာ စတုတ္ထထပ်ကို ချိတ်ပိတ်ခဲ့ပြီး တံခါးနောက်က အဘိုးချန်ထားတာတွေကို အရာအားလုံး အသုံးပြုပြီးဖျက်ဆီးပစ်ခဲ့တယ်”

“စံအိမ်ထဲမှာ ကျွန်မအစ်ကိုတစ်ယောက်ပဲ ကျန်နေရစ်ခဲ့တယ် ၊ ကျွန်မရဲ့ သနားစရာကောင်းတဲ့ အစ်ကိုဟာ အပြစ်အားလုံးကို ခံယူခဲ့တယ် ၊ သူဟာ အပြစ်တင်မှု အရှက်ရမှုတွေနဲ့ ရှင်သန်ခဲ့ရတယ်၊ သူ့စိတ်လည်း စတင်ပျက်စီးလာတော့တယ် ၊ သူဟာ ‘တံခါးတွေ’နဲ့ ‘ပြတင်းပေါက်တွေ’ကို စတင်မုန်းတီးလာခဲ့တယ် ၊ စံအိမ်ကြီးထဲကနေ နေ့တိုင်းလိုလို ခုတ်ထစ်နေတဲ့အသံတွေ ထွက်ပေါ်နေခဲ့တယ် ၊ တံခါးတွေဟာ ခုတ်ချခံလိုက်ရပြီး ပြတင်းပေါက်တွေ ဖျက်ဆီးခံလိုက်ရတယ် ၊ ကျွန်မ သူ့ကို စိုးရိမ်ပေမယ့် ကျွန်မဟာ ထင်းရှူးတောထဲမှာ ပိတ်မိနေခဲ့တယ်”

မိန်းကလေး၏ ဇာတ်လမ်းသည် ကောင်းမင်ကြားခဲ့ရသော ဇာတ်လမ်းနှင့် လုံးဝကွာခြားနေသည်။သို့သော်လည်း သူမနှင့်စံအိမ်ပိုင်ရှင်တို့၏ ဖော်ပြချက်တွင် အစ်ကိုဟူသည်အရာမှာ တူညီနေလေသည်။

“အရင်က ငါ့အိမ်မက်ဆိုးထဲမှာ အဲ့ဒီလေလွင့်သရဲတွေလိုမျိုး သရဲတွေကို ကြုံဖူးခဲ့တယ် ၊ သူတို့အများစုက…အရိပ်တွေထဲမှာ နေထိုင်ကြတာ၊ တံခါးနောက်မှာရှိတဲ့ ကမ္ဘာက အရိပ်တွေလား”

ကောင်းမင် ခေါင်းခါလိုက်ပြီး မိန်းကလေးကို အာရုံစိုက်လိုက်သည်။

“အဆုံးမှာ မင်းအစ်ကိုက ဘယ်ရောက်သွားတာလဲ ၊ သူက နှင်းလူဖမ်းတာ ခံလိုက်ရတာလား”

“ကျွန်မအစ်ကို စံအိမ်ထဲက ထွက်သွားတာကိုတော့ ကျွန်မမမြင်ခဲ့ရဘူး ၊ သူ အဲ့ဒီမှာပဲ ရှိနေဦးမှာ”

မိန်းကလေးသည် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

“အခန်းလေးခန်းကလွှဲရင် နေရာတစ်ခုလုံးကို ငါတို့ စစ်ဆေးခဲ့ပြီးပြီ ၊ မင်းရဲ့ အစ်ကိုက လျှို့ဝှက်ခန်းတွေထဲက တစ်ခန်းမှာ ရှိနေတာဖြစ်မယ်”

ကောင်းမင်သည် ထိုညအစီအစဉ်ကို ပိုယုံကြည်ချက်ရှိလာသည်။သူ မိန်းကလေးကို ကြည့်လိုက်သည်။

“နောက်ဆုံးတစ်ခု မင်းငါနဲ့ စံအိမ်ကြီးဆီ လိုက်လာနိုင်မလား”

All Chapters