အခမ်းအနား
Vol. 14 Ch. 189
အခန်း (၁၈၉) : အခမ်းအနား
ဝမ်ဝေ့က အနာဂတ်အတွက် အစီအစဉ်များ ပြုလုပ်လိုက်ပြီးနောက် ဟန်လီ၏ မှတ်ဉာဏ်များမှ ရရှိလာသော နည်းလမ်းကို စတင် သုံးသပ်လိုက်သည်။ ထိုအရာကို ဖန်တီးထားသူအရ နည်းလမ်းကို ရိုးရှင်းစွာဖြင့် “ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုး သန့်စင်ခြင်း” ဟု ခေါ်ထားသည်။
ထိုလျှို့ဝှက်ကျင့်စဉ်ကို သုံးသပ်ရန် အချိန်ခဏယူပြီးနောက် ဝမ်ဝေ့၏ မျက်နှာပေါ်တွင် မျက်မှောင်ကြုတ်မှုတစ်ခု ထွက်ပေါ်လာသည်။ ထိုကဲ့သို့ ဖြစ်သွားရခြင်း အကြောင်းက ထိုနည်းလမ်းကို ကျင့်ကြံရန်အတွက် သက်သေပြ တာအိုပစ္စည်း လိုအပ်နေသောကြောင့် ဖြစ်၏။
ဝမ်ဝေ့က အံ့ဖွယ်ခန္ဓာ နယ်ပယ်အဆင့်ကို မဖြတ်ကျော်မချင်း ထိုပစ္စည်း ရှိမည် မဟုတ်ပေ။ ထိုအကြောင်းကို စဉ်းစားပြီး ကြွက်သားများကို မဟာပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိရန် ကောင်းကင်စမ်းသပ်ချက်ကို သုံးဖို့ စောင့်ဆိုင်းလျှင် ပိုကောင်းမည်ဟု ခံစားလာရသည်။
ဝမ်ဝေ့က စက္ကန့်အနည်းငယ်ကြာ တိတ်တဆိတ် အပြစ်တင်ပြီးနောက် သည်းခံနိုင်စွမ်း ပြန်လည်ရရှိလာသည်။ တခြားကောင်းကင်စမ်းသပ်ချက် ပုံစံများထက် နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးကို အသုံးပြုတာ ပိုကောင်းမှန်း သူ သိသည်။
သို့သော် ကျင့်ကြံရာတွင် သက်သေပြတာအိုပစ္စည်း မလိုအပ်တော့သည်မှာ သေချာစေရန် ဤလျှို့ဝှက်ကျင့်စဉ်ကို သူ ပြုပြင်မွမ်းမံရမည်။
ကျင့်ကြံရေးအခန်းထဲတွင် ရက်အနည်းငယ် အချိန်ကုန်ဆုံးပြီးနောက် သူ့ အခမ်းအနားအတွက် ပြင်ဆင်ရန် အပြင်ထွက်လာလိုက်သည်။
အခမ်းအနား၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တောက်ပသော ဝတ်စုံတစ်စုံ ပေးအပ်ခြင်း ခံခဲ့ရသည်။ ထိုအရာက ခရမ်းရောင် ရှေးဟောင်းဝတ်စုံဖြစ်ပြီး ထိုဝတ်စုံပေါ်တွင် ရွှေရောင်အစင်းကြောင်းများ ပါရှိနေသည်။ ခေါင်းပေါ်တွင်လည်း ဝတ်စုံနှင့် လိုက်ဖက်ညီသည့် အင်မတန် တောက်ပသော သရဖူကဲ့သို့သော ခေါင်းပေါင်းတစ်ခု ရှိနေသည်။
ထိုဝတ်စုံက မြင့်မြတ်သော သူ့ပုံစံကို ထင်ရှားစေပြီး ပိုမို သတိထားမိအောင် လုပ်ပေးနေသည်။ ခရမ်းရောင်က သူ့အတွက် ဖြစ်ပေါ်လာသည်ဟုပင် ထင်ရသည်။
အဝတ်အစားအသစ်၏ အရောင်က မျက်စိအေးစေသောကြောင့်သာမက ထိုအဝတ်အစားမှ သူ့ကို ထောက်ပံ့ပေးသည့် အကာအကွယ်ကြောင့် ဝမ်ဝေ့ စိတ်ကျေနပ်မိသည်။
သူ့အဝတ်အစားများက သာမန်ဝတ်စုံနှင့် တူနေသော်လည်း အစီအရင်များနှင့် ပြည့်နှက်နေကြောင်း ဝမ်ဝေ့သိသည်။ ထိုအစီအရင်များကြောင့် အဝတ်အစားကို သူနှင့် ကွက်တိဖြစ်အောင် လုပ်ပေးခြင်း၊ သူ့ဆန္ဒနှင့်အညီ အပူချိန်ကို ထိန်းညှိနိုင်ခြင်းနှင့် အရောင်ပြောင်းလဲနိုင်ခြင်းတို့ပင် ပါဝင်နေသည်။
ဒီထက်ပိုပြီးအရေးကြီးသည်က ထိုအဝတ်အစားသစ်က သူ့ကို အသက်အန္တရာယ်မှ ကာကွယ်ပေးမည့် ကာကွယ်ခြင်း အစီအရင်များဖြင့် ပြည့်နှက်နေသည်။ သူ့အနေဖြင့် ထိုအရာများကို အသက်သွင်းဖို့တော့ လိုအပ်သည်။
အဝတ်အစားအသစ်များနှင့် ပတ်သက်ပြီး ဝမ်ဝေ့ သဘောအကျဆုံးတစ်ချက်က အဝတ်အစား ပျက်စီးသွားလျှင် သူ့ဘာသာသူ ပြန်လည် ကောင်းမွန်နိုင်သော စွမ်းရည်ရှိခြင်း ဖြစ်သည်။ တိုက်ပွဲအလယ်တွင် အဝတ်အစား ပျက်စီးခဲ့သည်မှာ ဘယ်နှစ်ကြိမ်ရှိနေမှန်းပင် ဝမ်ဝေ့ မသိတော့သည့်အတွက် ထိုကဲ့သို့သော စွမ်းရည်မျိုးကို အမှန်တကယ် ချီးကျူးမိသည်။
သေချာစွာ ဝတ်စားဆင်ယင်ပြီးနောက် အခမ်းအနားကို တပည့်များအားလုံးနှင့် ဂိုဏ်း၏ အကြီးအကဲများ ရှေ့မှောက်၌ ကျင်းပခဲ့သည်။ စွမ်းအားကြီးဂိုဏ်းတစ်ခုမှ အမွေခံကို ရွေးချယ်သည့် အခမ်းအနားများက များသောအားဖြင့် ကြီးကျယ်ပြီး ခမ်းနားထည်ဝါသော အခမ်းအနားတစ်ခု ဖြစ်လေ့ရှိသည်။
ထိုအခမ်းအနားကို သက်သေခံပေးရန်အတွက် ကမ္ဘာတစ်ဝှမ်းလုံးရှိ စွမ်းအားကြီးဂိုဏ်းများနှင့် အင်အားစုများကို တာအိုအခွင့်အလမ်းဂိုဏ်းက ဖိတ်ကြားလိမ့်မည်။ ထိုအရာက သူတို့၏ ချမ်းသာကြွယ်ဝမှု၊ ခွန်အားနှင့် အဆင့်အတန်းကို ပြသသည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် သူတို့၏ ကောင်းကင်ရွေးချယ်ခံကို ကြေညာလိုက်ပြီး သူ သို့မဟုတ် သူမနှင့် လာမရှုပ်ရန် သတိပေးလိုက်ခြင်း ဖြစ်သည်။
သို့သော် ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလတွင် အင်အားစုအားလုံးက သတိကြီးကြီး ထားနေကြသည်။ တာအိုအခွင့်အလမ်းဂိုဏ်း၏ အင်မတန် ရင်းနှီးသော မဟာမိတ်ဖြစ်သည့် ထာဝရအိပ်မက်ဂိုဏ်းပင် အခမ်းအနား တက်ရောက်ဖို့အတွက် ဖိတ်ကြားခြင်း မခံခဲ့ရပေ။
သို့သော် ဝမ်ဝေ့၏ ပုံရိပ်နှင့် ရာထူးက ကမ္ဘာတစ်ဝမ်းလုံးရှိ ဂိုဏ်းများထံ သတင်းပေးခံရလိမ့်မည် ဖြစ်၏။ တာအိုအခွင့်အလမ်းဂိုဏ်းအနေဖြင့် သူတို့၏ အနာဂတ်ဂိုဏ်းချုပ်ကို လာမရှုပ်ရန် သတိပေးဖို့ လိုနေသေးသည်။
သို့သော် ထိုသတိပေးမှုက ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလတွင် အသုံးမဝင် ဖြစ်လိမ့်မည်။ ဤမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲ ပြီးဆုံးသွားလျှင် ပြောင်းလဲမှု ပမာဏများစွာ ရှိလာလိမ့်မည်ဟု လူအများက ခံစားနေရသည်။
ဧကရာဇ်ခေတ်သစ် အဆုံးသတ်သွားပြီး ဤမျိုးဆက်၏ မဟာဧကရာဇ်ကြောင့် ခေတ်သစ်တစ်ခု စတင်နိုင်သည့် အခွင့်အရေးမျိုး ရှိ၏။ ထို့ကြောင့် သူတို့အနေဖြင့် ကမ္ဘာမှ စွမ်းအားအကြီးဆုံးဂိုဏ်း၏ ဒေါသကို ဆွဲဆောင်ရမည်ဆိုလျှင်ပင် သူတို့၏ အနာဂတ် ကောင်းကင်ရွေးချယ်ခံအတွက် ဖြစ်နိုင်သမျှ အကုန်လုပ်ပေးကြလိမ့်မည်။
အခမ်းအနားအတွင်း ဝမ်ဝေ့က သူ့ရာထူးကို ကိုယ်စားပြုသည့် အမွေခံသားတော်ဆိုသည့် အမှတ်အသားပြားကို ရရှိခဲ့သည်။ ထို့နောက် သူ့အဖေမှ သူ့ကို အမွေခံသားတော် တစ်ယောက်အနေဖြင့် ရသင့်ရထိုက်သည့် အခွင့်အရေးနှင့် စွမ်းအားများအကြောင်း ရှင်းပြလိုက်သည်။
ဥပမာအားဖြင့် ထုံးကျောက်ဂူထဲတွင် စိတ်ဝိညာဉ်နို့ ပမာဏများစွာ ရယူနိုင်ပြီး ဂိုဏ်းတော်တော်များများ၏ လျှို့ဝှက်နယ်ပယ်ထဲသို့ အကျိုးပြု အမှတ်များ မလိုအပ်ဘဲ ဝင်နိုင်သွားခြင်းတို့ ဖြစ်သည်။
သူ့မှာ ကိုယ်ပိုင်တောင်ထိပ် ရရှိသွားသည်။ ထိုတောင်က စိတ်ဝိညာဉ်စွမ်းအင်အဆင့်တွင် ထျန်းဝေ့တောင်ထိပ် (ဂိုဏ်းချုပ်တောင်ထိပ်)နှင့် နှိုင်းယှဉ်လိုက်လျှင် ဒုတိယ ဖြစ်သည်။
ယေဘုယျအားဖြင့် အမွေခံသားတော် တစ်ယောက်အနေဖြင့် ရသင့်ရထိုက်သော ရပိုင်ခွင့်များစွာက ဝမ်ဝေ့အတွက် ရနေပြီးသား ဖြစ်သည်။ သို့သော် ယခင်က ဂိုဏ်းထဲတွင် လူအများသိအောင် မကြေညာခဲ့ရသေးပေ။ ယခုမှသာ အရာအားလုံး တရားဝင် ဖြစ်လာခြင်း ဖြစ်သည်။
ယခင်က မရှိခဲ့ဘဲ အခုမှ သုံးလို့ရသော စွမ်းအားတချို့လည်း ရှိနေသည်။ ဥပမာအားဖြင့် လုပ်ပိုင်ခွင့်အနေဖြင့် သူ့အတွက် တိုက်ခိုက်ပေးရန် ဂိုဏ်း၏ မည်သည့်သူတော်စင် နယ်ပယ်အဆင့် ကျင့်ကြံသူကိုမဆို စုစည်းနိုင်သည်။
သူတော်စင် နယ်ပယ်အဆင့်အောက်ရှိ ကျင့်ကြံသူများကို စုစည်းရန် ဝမ်ဝေ့အနေဖြင့် အကြောင်းပြချက်တို့ မလိုအပ်ပေ။ သူ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် လေဟာနယ်ပြိုကွဲခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူနှင့် ထိုအဆင့်အောက်ရှိ ကျင့်ကြံသူများကို သူ၏ ခွန်အားတစ်ခု အဖြစ် စုစည်းနိုင်သည်။
အခမ်းအနား ပြီးဆုံးသွားသည့်အခါ ဝမ်ဝေ့က သူ ပိုင်ဆိုင်သော တောင်သို့ အလည်သွားလိုက်သည်။ ထိုဖြစ်စဉ်အတွင်း သေးငယ်သော မတော်တဆမှုလေးတစ်ခု ဖြစ်ပွားခဲ့သည်။ သူ့အမေက သူမကို စွန့်ပစ်သွားကာ ထပ်အလိုမရှိတော့ဘူးဟုဆိုကာ စတင်ငိုကြွေးတော့သည်။
ဝမ်ဝေ့သာ သူမကို မကြာခဏ လာတွေ့ပြီး ညစာအတူတူ စားပါမည်ဟု ကတိမပေးခဲ့ပါက တောင်အသစ်၏ တောင်ခြေတွင် သူမ ရက်ပေါင်းများစွာ ငိုကြွေးနေမည်ကို သူ ကြောက်ရွံ့မိသည်။ သူ့အမေ ငိုခဲ့သည်က သူ ထိုကတိအားလုံးပေးအောင် ဟန်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သူ့အဖေဆီမှ သိလိုက်ရသည်။
သူ့အမေက ယခင်ဘဝမှ သရုပ်ဆောင်အားလုံးထက် ပိုပြီးကောင်းမွန်သော သရုပ်ဆောင်တစ်ယောက် ဖြစ်ကြောင်းကိုတော့ သူ ဝန်ခံရမည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ပြင်းထန်သော လေ့လာဆန်းစစ်သော စွမ်းရည်ဖြင့်ပင် သူမ သရုပ်ဆောင်နေသည်ကို ရှာမတွေ့ခဲ့ပေ။
သူ ပိုင်ဆိုင်သော တောင်သို့ ရောက်ရှိသွားပြီးနောက် ဝမ်ဝေ့ ပထမဆုံး လုပ်သည့်အရာက ထိုတောင်ကို “အကြွင်းမဲ့ဓားတောင်ထိပ်” မှ “ကံကြမ္မာခြယ်လှယ်တောင်ထိပ်” ဟု အမည်ပြောင်းလဲခြင်း ဖြစ်သည်။
ဝမ်ဝေ့က ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင် ပမာဏများစွာကို စုပ်ယူရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။ အသက်တစ်ချက် ရှူသွင်းလိုက်ခြင်းက ရာချီနေသော မူလအရင်းအမြစ်များထက် ပိုပြီး အဖိုးတန်သည်။
ဘေးပတ်လည်တွင် ကြိုးကြာငှက်ကဲ့သို့သော နတ်ဆိုးသားရဲများ လေထဲတွင် ပျံသန်း ပျော်ရွှင်နေသည်ကို မြင်နေရသည်။ မြက်ပင်က အရသာရှိစွာ၊ လှပစွာဖြင့် ကြီးထွားလာသည်။ တောင်၏ အလယ်တည့်တည့်တွင် သစ်သားဖြင့် ဆောက်လုပ်ထားသည့် အဖြူရောင် ရှေးဟောင်းစံအိမ်တစ်ခု ရှိနေသည်။ မရေတွက်နိုင်သော လှပသည့် အစေခံများကလည်း စံအိမ်၏ ရှေ့တွင် တန်းစီနေကြသည်။ ထိုနေရာတစ်ခုလုံးက အင်မော်တယ်ဘုရင်တစ်ပါး သေမျိုးကမ္ဘာတွင် အပန်းဖြေရန် နေသည့် နေအိမ်တစ်ခုကဲ့သို့ ဖြစ်နေသည်။
ဝမ်ဝေ့ စံအိမ်ရှေ့သို့ ရောက်ရောက်ချင်း အစေခံအားလုံး၏ ရှေ့တွင် ရှိနေသော ဝမ်ကျူက ရုတ်တရက် အရိုအသေပေးကာ ပြောလိုက်သည်
“ ကြိုဆိုပါတယ် အမွေခံသားတော်”
ထို့နောက် တခြားအစေခံများကလည်း သူမအတိုင်း လိုက်ပြီး အရိုအသေပေးကြသည်။ “ ကြိုဆိုပါတယ် အမွေခံသားတော်” ဆိုသော စကားလုံးက တောင်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားကာ ကောင်းကင်တွင် ပျံသန်းနေသော ကြိုးကြာများနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီနေသည်။
ဝမ်ဝေ့က ထိုအရာကို မြင်ပြီးနောက် ပြုံးကာ ပြောလိုက်သည်
“ အားလုံးပဲ ထလို့ရပါပြီ”
ထို့နောက် သူက ဝမ်ကျူနှင့်အတူ စံအိမ်ထဲသို့ လိုက်ဝင်သွားပြီး သူမက စံအိမ်၏ ဖွဲ့စည်းပုံအားလုံးကို ရှင်းပြလိုက်သည်။ သာမန်အခန်းများ အားလုံးပါဝင်ပြီး၊ ဆေးဖက်ဝင်ဥယျာဉ်၊ ဆေးနှင့် သန့်စင်ခြင်းအခန်းနှင့် စံအိမ်ကိုသာမက တောင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် အစီအရင်များ ပါဝင်သည်။
ရှင်းပြသည့်အချိန်က နာရီအနည်းငယ် ကြာမြင့်သည်။ သူတို့နှစ်ယောက်လုံးမှာသာ ပျံသန်းနိုင်သော စွမ်းရည် မရှိပါက စံအိမ်၏ အကျယ်ပေါ် မူတည်ပြီး ရက်အနည်းငယ် ကြာသွားနိုင်သည်။ အပြင်နှင့် ယှဉ်လိုက်လျှင် အတွင်းပိုင်းက ပိုကြီးနေပုံပေါ်သည့်အတွက် အာကာပြင်ခေါက်ချိုးခြင်း အစီအရင်ကို ထည့်ထားကြောင်း ဝမ်ဝေ့ ခန့်မှန်းမိသည်။
အခမ်းအနားအပြီး နောက်တစ်ရက်တွင် ယန်းလီလင်းနှင့် လီကျွင်းတို့က လက်ဆောင်များ ယူပြီး သူ့ကို လာတွေ့သည်။ ထို့နောက် သူတို့သုံးယောက် စကားပြောလိုက်ကြသည်။
“ ဒါဆိုရင် မင်းကို ပေးထားတဲ့ တာဝန် ဘယ်လိုဖြစ်သွားပြီလဲ” ဝမ်ဝေ့က တိုက်ရိုက် မေးမြန်းလိုက်သည်။
“ အဆင်ပြေပါတယ်။ နည်းနည်းလောက် စိန်ခေါ်တတ်တဲ့ အဆင့်၂ အပြိုင်အမွေခံသားတော်ကလွဲရင် ကျွန်တော် တခြားသူတွေကို လွယ်လွယ်လေးနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်” လီကျွင်းက ပြုံးရင်း ပြောလိုက်သည်။
“ ကောင်းတာပေါ့”
“ အစ်ကိုကြီး… ကျွန်တော် အဆင့်၅ အပြိုင်အမွေခံသားတော်ကို အနိုင်ယူလိုက်တုန်းက အစ်ကိုကြီး ရှိနေရမှာ။ သူ့အမေ မမှတ်မိတော့လောက်အောင်အထိ သူ့မျက်နှာကို သေချာထိုးလိုက်နိုင်တယ်။ ဘယ်သူက သူ့ကို ကျွန်တော်ထက် ရုပ်ချောအောင် လုပ်ပေးထားတာလဲ”
ထိုစကားကို ကြားပြီး ဝမ်ဝေ့က နှုတ်ခမ်းကို တွန့်ချို့လိုက်မိသည်။ ထိုအပြိုင်အမွေခံသားတော်ကို ဂိုဏ်း၏ အချောမောဆုံးသူအဖြစ် ရွေးချယ်ခဲ့သည်ကို သူ မှတ်မိသွားသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် သူက ထိုကဲ့သို့သော အရာမျိုးကို မေ့သွားခဲ့သော်လည်း လီကျွင်းအတွက် အတူတူ ဖြစ်သည်ဟု မဆိုနိုင်ပေ။
သူတို့နှစ်ယောက်နှင့် ခဏတာ စကားပြောပြီးနောက် ဝမ်ဝေ့က ကျင့်ကြံဖို့ ပြန်သွားသည်။ ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော် မဖွင့်ခင် အချိန်အနည်းငယ် ရသေးသည်။
ကောင်းကင်ရွေးချယ်ခံအားလုံးက ကမ္ဘာစင်မြင့်ပေါ်တွင် ပွဲဦးထွက်ခြင်းကို စတင်ပြုလုပ်တော့မည် ဖြစ်သည့်အတွက် အခြေအနေများက ပိုမိုပြင်းထန်လာသည်ဟု ခံစားလာရသည်။