ရင်ထိတ်စရာ အဖြစ်အပျက်
Vol. 19 Ch. 182
လျှို့ဝှက်အင်မော်တယ်ဂိုဏ်း တစ်ခုလုံး ပျက်စီးသွားပြီဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒါက သေချာပေါက် သတင်းအမှားပဲ ဖြစ်ရမယ်။
လျှို့ဝှက်အင်မော်တယ်ဂိုဏ်းဆိုသည်မှာ သာမန်လူများနှင့် စိမ်းနေနိုင်ပေမဲ့ အနောက်ဘက်ဒေသ၏ နံပါတ်တစ် ပုန်းကွယ်နေသော အင်မော်တယ်ဂိုဏ်းဆိုတာ ကြယ်တာရာအင်မော်တယ်ဂိုဏ်းက သေချာပေါက် သိထား၏။
လျှို့ဝှက်အင်မော်တယ်ဂိုဏ်းသည် သူတို့၏ လျှို့ဝှက်ဆန်းပြားမှုနှင့် အင်အားကြီးမားမှုကြောင့် နာမည်ကျော်ကြားပြီး ကမ္ဘာပေါ်တွင် ဖုန်းကွယ်ရာ၌နံပါတ်တစ်ဂိုဏ်းဟုပင် တင်စားခေါ်ဝေါ်ကြလေသည်။
အဲဒါကြီးက ပျက်စီးသွားပြီ ဟုတ်လား ဟာသ လုပ်နေကြတာပဲ။
သူတို့ နှာခေါင်းရှုံ့လိုက်ကြသည်။ ရှန်းမိသားစု၏ မဟာဘိုးဘေးကြီး ဘယ်မျှပင် နက်နဲဆန်းကြယ်သည် ဆိုပါစေ၊ လျှို့ဝှက်အင်မော်တယ်ဂိုဏ်းကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်နိုင်သည်ဆိုတာကို သူတို့ လုံးဝမယုံကြည်ပါဘူး။
သို့သော် ထိုခဏ၌..။
သူတို့ လှောင်ပြုံးပြုံးနေစဉ် ရုတ်တရက် မနှစ်မြို့ဖွယ် အနံ့ဆိုးတစ်ခုကို ရလိုက်ကြသည်။
ဟင်
ဒါ ဘာအနံ့လဲ အရမ်း နံတာပဲ။
သို့သော် ဘိုးဘေးနှစ်ဦး၏အတွေ့အကြုံအရ ဤအနံ့သည် လူသေကောင်ပုပ်နံ့မှန်း သိရှိလိုက်ကြသည်။
သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ဒီလောက် ပြင်းထန်တဲ့ အနံ့...လူတစ်ယောက်တည်း သေတာတော့ မဟုတ်လောက်ဘူး။
ထိုအချိန်တွင်ပင် တွန်းလှည်းတန်းကြီးတစ်ခုသည် ပင်မခြံဝန်းအတွင်း ဖြတ်သန်းသွားပြီး တစ်ခြားနေရာသို့ သယ်ယူပို့ဆောင်ရန် ပြင်ဆင်နေကြသည်။
တွန်းလှည်းများပေါ်တွင် အလောင်းကောင်များ ပြည့်နှက်နေပြီး မြင်ရသူတိုင်း ရွံရှာသွားစေသည်။
အထူးသဖြင့် ရှန်းမိသားစုမှ လူငယ်လေးများမှာ အလောင်းကောင်များကို မြင်လိုက်ရသောအခါ မျက်နှာများ ဖြူလျော့သွားကြသည်။
အလောင်းကောင်များမှာ အနည်းငယ် ပုပ်သိုးနေပြီး အနံ့ဆိုးများ ထွက်ပေါ်နေသည်။
"ဒါက ကလေးတွေ သတ္တိရှိလာအောင် လေ့ကျင့်ပေးတာပဲ။" ရှန်းမိသားစု၏အိမ်တော်ထိန်းကြီးက စိတ်ထဲမှ ရယ်မောလိုက်မိသည်။
"နေကြပါဦး"
ထိုအချိန်၌ ကြယ်တာရာအင်မော်တယ်ဂိုဏ်းမှ ဘိုးဘေးနှစ်ဦး၏မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားပြီး တွန်းလှည်းတန်းကို ချက်ချင်း ရပ်တန့်လိုက်ကြသည်။
လွတ်မြောက်ခြင်းနယ်ပယ် ဘိုးဘေး၏အရှိန်အဝါ သက်ရောက်လာသဖြင့် တွန်းလှည်းတန်းတစ်ခုလုံး ရပ်တန့်သွားသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကြယ်တာရာအင်မော်တယ်ဂိုဏ်းမှ ဘိုးဘေးနှစ်ဦး ထိတ်လန့်သွားကြသည်။ သူတို့ အလျင်အမြန် ပြေးသွားကြည့်လိုက်ကြသည်။
တွန်းလှည်းပေါ်ရှိ အလောင်းကောင်များ ဝတ်ဆင်ထားသော အဝတ်အစားများကို သူတို့ မြင်လိုက်ရသည်။
ဒါ... လျှို့ဝှက်အင်မော်တယ်ဂိုဏ်းရဲ့ ဝတ်စုံတွေ
ငွေရောင်ပိုးသားပေါ်တွင် တိမ်နီရောင် ကနုတ်ပန်းများ ထွင်းထုထားသော ဝတ်စုံများမှာ ခန့်ညားထည်ဝါသော်လည်း ယခုမူ သွေးများဖြင့် စွန်းထင်းနေပြီ ဖြစ်သည်။
အလောင်းကောင်အားလုံး၏လည်ပင်းတွင် အလွန်သပ်ရပ်သော ဓားရာတစ်ခုစီ ရှိနေသည်။ထိုဓားရာမှာ အလွန်ထူးဆန်းသည်။
အလောင်းကောင်များမှာ ရှုပ်ပွနေအောင် ပုံထားသော်လည်း သူတို့အားလုံး၏လည်ပင်းမှ ဓားရာများကို ကြည့်လိုက်လျှင် ဓားချက်တစ်ချက်တည်းဖြင့် တပြိုင်နက် အသတ်ခံလိုက်ရသကဲ့သို့ ခံစားရသည်။
ပြတ်သားသည်။ သပ်ရပ်သည်။ အစနှင့်အဆုံးထိ ဆက်စပ်နေ၏။
တစ်ချက်တည်း အပြတ်ရှင်းလိုက်ခြင်း
ဒါ...
ဓားချက်တစ်ချက်တည်းနဲ့ လျှို့ဝှက်အင်မော်တယ်ဂိုဏ်း တစ်ခုလုံးကို သုတ်သင်လိုက်တာလား။
ရှန်းမိသားစုရဲ့ မဟာဘိုးဘေးကြီး...
ထိုခဏ၌ဘိုးဘေးနှစ်ဦးမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ရှန်းမိသားစုရဲ့ မဟာဘိုးဘေးကြီးက လျှို့ဝှက်အင်မော်တယ်ဂိုဏ်းကို ဓားချက်တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်တယ်ဆိုရင်...
ကြယ်တာရာမြစ် အင်မော်တယ်ဂိုဏ်းကရော ဘာဖြစ်သွားနိုင်မလဲ။
ကမ္ဘာပေါ်မှာ ဖုန်းကွယ်နေတဲ့ ဂိုဏ်းတွေ အများကြီး ရှိပေမဲ့ ဘယ်ဂိုဏ်းကများ သူ့ရဲ့ ဓားချက်ကို ခံနိုင်ရည်ရှိမှာလဲ။
အလောင်းကောင်များထဲတွင် သူတို့ ယခင်က ရင်းနှီးခဲ့ဖူးသော ကျွမ်းကျင်သူ အများအပြားကို တွေ့လိုက်ရသည်။ တစ်ချိန်က မောက်မာပြီး ဘဝင်မြင့်ခဲ့ကြသူများမှာ ယခုအခါ အေးစက်သော အလောင်းကောင်များ ဖြစ်နေကြပြီ။
သူတို့၏မျက်နှာများတွင် မျှော်လင့်ချက်မဲ့နေသော အမူအရာများ တွေ့ရသည်။ ထိုရင်သပ်ရှုမောဖွယ် ဓားချက်က မည်မျှ ကြောက်စရာကောင်းလိုက်မည်နည်း။
ထိုခဏ၌...
ရှန်းမိသားစုအတွင်းမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဘိုးဘေးနှစ်ပါးက... ငါတို့ ရှန်းမိသားစုထဲမှာ ဘာလာရှုပ်နေကြတာလဲ"
ကြီးမားသော အရှိန်အဝါတစ်ခု ရှန်းမိသားစုအတွင်းမှ ပေါက်ကွဲထွက်လာပြီး လွတ်မြောက်ခြင်းနယ်ပယ် ဘိုးဘေးနှစ်ဦး၏အရှိန်အဝါကို ဖိနှိပ်လိုက်သည်။
သူတို့နှစ်ဦး ချွေးစေးများ ပြန်လာကြသည်။
လက်ရှိ ရှန်းမိသားစုက တကယ်ကို ကြောက်စရာကောင်းလွန်းလေ၏။
နတ်တံတားနယ်ပယ်
အနည်းဆုံး ထိုကျွမ်းကျင်သူက နတ်တံတားနယ်ပယ်ကို ရောက်နေပြီ။
ထိုသူက ရှန်းမိသားစု၏ဒုတိယဘိုးဘေးကြီး ဖြစ်လောက်သည်။
ဒုတိယဘိုးဘေးကြီးက နတ်တံတားနယ်ပယ်ဆိုရင်..ပထမဘိုးဘေးကြီးကတော့ ခန့်မှန်းလို့မရလောက်အောင် နက်ရှိုင်းလွန်းနေပြီပေါ့။
နောက်ဆုံးတွင် ကြယ်တာရာအင်မော်တယ်ဂိုဏ်းမှ လူများမှာ ရှန်စမိသားစုမှ တိတ်တဆိတ် ထွက်ခွာသွားကြရသည်။
ဒီနေရာက အရမ်း အန္တရာယ်များလွန်းတယ်
ရှန်းယွဲ့ရှင်းနဲ့ သူ့အဖေ ရှန်းရှန်တို့ကတော့...
"ဒီနေ့ကစပြီး ရှန်းယွဲ့ရှင်းက ငါ့တပည့် မဟုတ်တော့ဘူး။"
သောက်ကျိုးနည်း
ငါ ဒီရှုပ်ထွေးတဲ့ ကိစ္စထဲမှာ ပါချင်ပါဘူးကွာ
ဒီသားအဖနှစ်ယောက်က တော်တော် ကံဆိုးတာပဲ။
ဂိုဏ်းဝင်ဝင်ချင်း...
ရှန်းမိသားစုရဲ့အစွမ်းထက်ဆုံး မဟာဘိုးဘေးကြီးကို တန်းပြီး သွားရန်စလိုက်မိကြတယ်။
ဒါ...
သူတို့မျက်လုံးတွေက ဘာလုပ်ဖို့ထား ထားတာလဲ
အစာစားဖို့လား
တကယ်ကြီးကို ကန်းနေကြတာလား။
မည်သို့ပင်ဖြစ်စေ ကြယ်တာရာအင်မော်တယ်ဂိုဏ်းသည် ရှန်းမိသားစု၏ဘိုးဘေးနှစ်ပါးကို ရန်စဖို့ မတတ်နိုင်ပေ။
"ဆရာ ကျွန်တော့်ကို ထားမသွားပါနဲ့"
"ဆရာ"
"ဆရာ..."
လွတ်မြောက်ခြင်းနယ်ပယ် ဘိုးဘေးနှစ်ဦး ပျံသန်းထွက်ခွာသွားသည်ကို ကြည့်ပြီး ရှန်းယွဲ့ရှင်း သနားစဖွယ် အော်ဟစ်လိုက်သည်။
သူတော့ သွားပြီ။
သူတို့သားအဖဟာ ဤအဆင့်သို့ရောက်ဖို့ မနည်းကြိုးစားခဲ့သည်။
ယခုတော့ မီးခိုးငွေ့လို လွင့်ပါးသွားလေပြီ။
အင်မော်တယ်ဂိုဏ်းကို အားကိုးပြီး တောင်ကြီးတစ်လုံးလို မှီခိုလို့ရပြီ ထင်နေခဲ့တာ...
အခုတော့...
တောင်ကြီးကပြိုနှင့်သွားပြီ။
သူတို့ ဂိုဏ်းဝင်တာမှ မကြာသေးဘူး။
ဆရာက ဘာမှလည်း မသင်ပေးရသေးဘူး။
သူတို့ကို ပေးခဲ့ရတဲ့ လက်ဆောင်ပစ္စည်းတွေက အလကား ဖြစ်ကုန်ပြီ။
သောက်ကျိုးနည်းပါကွာ။
ပြန်လာပြီး ကြွားချင်ရုံလေးပါ... ကြွားလို့တောင် မပြီးသေးဘူး ကန်ထုတ်ခံလိုက်ရပြီလား။
သားအဖနှစ်ယောက်မှာ အေးစက်သော လေပြင်းထဲတွင် ယိုင်နဲ့နဲ့ဖြင့် ကျန်ရစ်ခဲ့သည်။
ညနေခင်း လေပြင်းများက သူတို့၏ခန္ဓာကိုယ်များကို တုန်ခါသွားစေသည်။
ထိုအချိန်တွင်...
ရှန်းချန်ကောသည် ခုံတန်းရှည်၏ထိပ်ဆုံးတွင် ထိုင်နေသည်။
မင်းဆက်၏အရှင်သခင်မှာ အောက်ဘက်တွင် ရှိနေလေ၏။
မင်းဆက်၏အရှင်သခင်သည် ရှန်းယွဲ့ဖျင်၏အဒေါ် နှင့် လက်ထပ်ထားသဖြင့် ရှန်းချန်ကောကို ဘိုးဘေးကြီး ဟု ခေါ်ဆိုခြင်းမှာ သဘာဝကျပေသည်။
"လျှို့ဝှက်အင်မော်တယ်ဂိုဏ်း ပျက်စီးသွားတဲ့ကိစ္စကို... သတင်းဖြန့်သင့်လား၊ မဖြန့်သင့်ဘူးလား" အရှင်သခင်က စမ်းသပ်မေးမြန်းလိုက်သည်။
နံပါတ်တစ် ပုန်းအောင်းနေတဲ့ ဂိုဏ်းကြီး ပျက်စီးသွားတာကို ဖုံးကွယ်ထားသင့်သလား။
ဒီသတင်းသာ ပျံ့နှံ့သွားရင် လောကကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားမှာ သေချာတယ်။
"ဖြန့်လိုက်။" ရှန်းချန်ကောက ပြတ်ပြတ်သားသား ပြောလိုက်သည်။
ဟာသပဲ
ငါ ဘယ်တုန်းကများ ခေါင်းငုံ့ခံဖူးလို့လဲ
"ကောင်းပါပြီ။" အရှင်သခင် ပြုံးလိုက်သည်။ဤအရာက သူ အမြင်ချင်ဆုံး မြင်ကွင်းပင်။
ဘိုးဘေးကြီးက ယခုလိုပြောလာသည်ဆိုမှတော့ မည်သည့်ကိစ္စပင်ဖြစ်စေ ဘိုးဘေးကြီးက တာဝန်ယူဖြေရှင်းပေးမည်ဆိုသည် သဘောပင်။
သူက ဘိုးဘေးကြီးကို အလွန်အင်အားကြီးမားသော ပုံရိပ်တစ်ခု ဖန်တီးပေးရမည်။
နှစ်ပေါင်းထောင်ချီ တိုင်အောင် ပြောစမှတ်တွင်ကျန်ရစ်မယ့် ပုံရိပ်မျိုးဖြစ်လေ၏။
အနောက်ဘက်ကောင်းကင်
တိမ်တိုက်များ ဝန်းရံထားသော တောင်တန်းကြီး၏ အလယ်တွင် မိုးမျှော်တိုက်ကြီးတစ်ခု ရှိနေသည်။
၎င်းသည် ကောင်းကင်ဘုံမှ မြို့တော်တစ်ခုကဲ့သို့ ခမ်းနားထည်ဝါပြီး ပုံပြင်ထဲကမြို့တော်ဟုပင် တင်စားကြသည်။
"အားလုံး ပြန်ရောက်လာကြပြီပဲ။"
"အခြေအနေ ဘယ်လိုလဲ ရှန်းတင်းမင်းဆက်က ငါတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိလား"
အနောက်ဘက်ကောင်းကင် မင်းဆက်၏ အရှင်သခင်က အားပါးတရ ရယ်မောလိုက်သည်။
သူ၏မျက်လုံးများတွင် ယုံကြည်မှုများ ပြည့်နှက်နေသည်။
ရှန်းတင်းမင်းဆက်ကို သူတို့ လက်အောက်သို့ သိမ်းသွင်းနိုင်မည်ဟု သူ ယုံကြည်နေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏နောက်ကွယ်တွင် လျှို့ဝှက်အင်မော်တယ်ဂိုဏ်း ရှိနေပြီး တစ်ဖက်က ကောင်းကင်တံခါးအင်မော်တယ်ဂိုဏ်းနှင့်လည်း သဘောတူညီမှု ရရှိထားသောကြောင့် ဖြစ်သည်။
သို့သော် ပြန်ရောက်လာသူများမှာ စကားတစ်ခွန်းမျှ မပြောနိုင်ဘဲ ထစ်အနေကြသည်။
လေပြင်းတစ်ချက် တိုက်ခတ်လာသည်။
ထိုလူများ၏အင်္ကျီလက်များ လေထဲတွင် လွင့်ပျံသွား၏။
"ဟင် မင်းတို့ရဲ့လက်မောင်းတွေ..." အရှင်သခင် ကြောင်အသွားသည်။
ထို့နောက် သူတို့ကို တည်ကြည်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
ရုတ်တရက် ထိုလူများအားလုံး ဒူးထောက်လိုက်ကြသည်။
"အရှင်မင်းကြီး... ကျွန်တော်တို့ကို သတ်လိုက်ပါတော့..."
"ရှန်းမိသားစုမှာ ကြောက်စရာကောင်းတဲ့ နတ်ဆိုးတစ်ကောင် ပေါ်လာတယ်..."
"သူက လျှို့ဝှက်အင်မော်တယ်ဂိုဏ်းက ကျွမ်းကျင်သူအားလုံးကို ဓားချက်တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်... သူက မလှုပ်မယှက်ရပ်နေပြီး ကျွန်တော်တို့ရဲ့ လက်မောင်းတွေကို ဖျက်ဆီးပစ်လိုက်တယ်..."
"သူက အနက်ရောင်မြူခိုးတွေကြားက ထွက်လာတဲ့ ရှန်းမိသားစုရဲ့မဟာဘိုးဘေးကြီးတဲ့... သူက နတ်ဆိုးတစ်ကောင်ပဲ... အရမ်း အစွမ်းထက်လွန်းတယ်... အရမ်း..."
"ဒါ ယုံတောင် မယုံနိုင်စရာပဲ"
ထိုလူများ စိတ်ဓာတ်ကျသွားကြသည်။ ရှန်းချန်ကော၏ကြောက်မက်ဖွယ်ကောင်းပုံမှာ သူတို့၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့ပြီး အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့သည်။
စကားဆုံးသည်နှင့် ခေါင်းဆောင်ဖြစ်သူက တိုင်လုံးနှင့် ခေါင်းဆောင့်ကာ မိမိကိုယ်ကို အဆုံးစီရင်လိုက်သည်။
ခေါင်းဆောင်လုပ်လိုက်သည်နှင့် ကျန်လူများလည်း ဓားဖြင့်ထိုးခြင်း၊ လျှာကိုကိုက်ဖြတ်ခြင်းများ ပြုလုပ်ကာ သွေးကြောများပျက်စီးပြီး သေဆုံးသွားကြသည်။
အားလုံး သေဆုံးကုန်ပြီ။
နန်းတော်အတွင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
အနောက်ဘက်ကောင်းကင် အရှင်သခင်၏ မျက်နှာမှာ မီးသွေးခဲကဲ့သို့ မည်းနက်သွားသည်။
သေကုန်ပြီ...
လျှို့ဝှက်အင်မော်တယ်ဂိုဏ်း ပျက်စီးသွားပြီ ဟုတ်လား။
သူ ထီးနန်းပလ္လင်ပေါ်သို့ အားလျော့စွာ မှီချလိုက်သည်။ ရုတ်တရက် သူ အေးစက်ပြီး စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရသည်။