ခရီးထွက်ခြင်း
Vol. 14 Ch. 197
အခန်း (၁၉၀) : ခရီးထွက်ခြင်း
သည်လိုနှင့် နောက်ထပ် အချိန် ၅နှစ်ကုန်ဆုံးသွားပြီး ဝမ်ဝေ့လည်း ကျင့်ကြံနေရာမှ မျက်လုံး ဖွင့်ကြည့်လိုက်သည်။ အဆုံးမဲ့ အံ့ဖွယ်ပင်လယ်ကို ပထမဆုံး စစ်ဆေးကြည့်လိုက်ပြီး သူ၏ ရှေးဟောင်းမီးအိမ်ပေါ်၌ မူလအမှတ်အသား ၇ခုကို တွေ့လိုက်ရသည်။
ထို့နောက် သူက အကြောဆန့်ရင်း မတ်တပ်ရပ်လိုက်သည်။ သို့သော် သာမန် အရိုးမြည်သံများအစား အရိုးများက ဗုံးပေါက်ကွဲသံများကဲ့သို့ အသံမြည်နေသည်။
ထို့နောက် ဝမ်ဝေ့က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ သူ သီးသန်းကျင့်ကြံနေရသည့် အကြောင်းအရင်း အစစ်အမှန်က “ နတ်ဘုရားအပြစ်ဒဏ်မိုးကြိုး သန့်စင်ခြင်း” လျှို့ဝှက်ကျင့်စဉ်ကို ပြုပြင်ပြောင်းလဲရန် ဖြစ်သည်။ သို့သော် ရလဒ်က ထင်သလောက် စိတ်ကျေနပ်စရာ မကောင်းခဲ့ပေ။
နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးက သဘာဝအရ ဖျက်ဆီးနိုင်စွမ်း ကြီးမားပြီး ဘယ်လိုခန္ဓာမျိုးအတွက်မဆို အကျိုးသက်ရောက်မှု ကောင်းစေရန် လုပ်ဆောင်ဖို့ အင်မတန် ခက်ခဲလှသည်။ ဟန်လီ၏ နည်းလမ်းကပင် ပမာဏအနည်းငယ်ကိုသာ သန့်စင်လို့ရသည့် နည်းလမ်းတစ်ခု ဖြစ်နေသည်။
ထိုကဲ့သို့သော မိုးကြိုးမျိုးက မဟာဧကရာဇ်ကဲ့သို့ ဖြစ်တည်မှုမျိုးကို ဖျက်ဆီးရန် ပြုလုပ်ထားခြင်း ဖြစ်သည့်အတွက် ဟန်လီကို အပြစ်မတင်နိုင်ပေ။ ဝမ်ဝေ့ပင် ထိုမိုးကြိုးကို ချက်ချင်း သန့်စင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခြင်း မရှိပေ။
သူ လုပ်သည့်အရာက ထိုစွမ်းအားအနည်းငယ်ကို ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စုပ်ယူပြီးနောက် ခန္ဓကိုယ်ာက ထိုစွမ်းအားနှင့် ကိုက်ညီလာလျှင် ပမာဏကို ဖြည်းဖြည်းချင်း မြှင့်တင်သွားမည် ဖြစ်သည်။
ကံမကောင်းစွာဖြင့် ပထမအဆင့်ဖြစ်သော “ သေးငယ်သော ပမာဏကို စုပ်ယူခြင်း” ကပင် သူ့အတွက် ကြီးမားသော အခက်အခဲတစ်ခု ဖြစ်နေသည်။ ဝမ်ဝေ့က နားလည်မှု ပိုမိုတိုးမြင့်လာစေရန် ကျန်ရှိနေသော ကုသိုလ်ကို အသုံးပြုနိုင်သော်လည်း သူ့ခန္ဓာနှင့် အကိုက်ညီဆုံးဖြစ်သည့် ကျင့်စဉ်တစ်ခုကိုလည်း ဖန်တီးဖို့ လိုအပ်သေးသည်။
ဝမ်ဝေ့က ဟန်လီ၏ လျှို့ဝှက်ကျင့်စဉ်ကို တိုးတက်အောင် မလုပ်နိုင်ခြင်း မဟုတ်ဘဲ သူ၏ ကြောက်စရာကောင်းသော နားလည်နိုင်စွမ်းဖြင့်ပင် လုပ်ငန်းစဉ်က သူ မျှော်လင့်ထားသည်ထက် အတော်လေး နှေးကွေးနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဝမ်ဝေ့ အနည်းငယ် ဇီဇာကြောင်နေမိသည်။ ထိုကျင့်စဉ်ကို တိုးတက်အောင် လုပ်နိုင်သည့်သူက ကမ္ဘာပေါ်တွင် အများကြီး မရှိသည့်အတွက် အချိန်တိုအတွင်း လုပ်ဆောင်နိုင်သူက ပိုလို့ပင် ရှားပါးနေသည်။ တချို့လူများက ဟန်လီ၏ မူလကျင့်စဉ်ကိုပင် ကျင့်ကြံနိုင်မှာ မဟုတ်သည့်အတွက် တိုးတက်အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
ဟန်လီကိုယ်တိုင်ပင် ကံကောင်းပြီး ထိုကဲ့သို့သော ကောင်းကင်ဆန့်ကျင် ကျင့်စဉ်ကို ဖန်တီးနိုင်သည့်အကြောင်းအရင်းမှာ အဓိကက သူ၏ တမူထူးရုပ်ခန္ဓာကြောင့် ဖြစ်သည်။ သူလည်း ထိုကဲ့သို့ လုပ်ဆောင်သည့်နေရာတွင် အမှန်တကယ် အောင်မြင်ခဲ့ခြင်း မရှိပေ။
သူ၏ ကျင့်စဉ်က နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးကို သန့်စင်နိုင်ရန် ပြုလုပ်ပေးခြင်း မဟုတ်ဘဲ စွမ်းအားကြီး ပစ္စည်းမှတဆင့် အစိတ်အပိုင်း အနည်းငယ်ကို အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးခြင်း ဖြစ်သည်။ ထိုကျင့်စဉ်၏ ပိုမြင့်သော အဆင့်တွင် ဟန်လီက မိုးကြိုးအနည်းငယ်ကို ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားနိုင်ခဲ့သော်လည်း အမှန်တကယ် သန့်စင်နိုင်ခြင်း မရှိခဲ့ပေ။
ကျင့်ကြံရေးအခန်းထဲမှ ထွက်လာပြီးနောက် ဝမ်ဝေ့က သူ့ မိဘများနှင့် သွားတွေ့ဆုံကာ သူတို့နှင့်အတူ အချိန်အနည်းငယ် ကုန်ဆုံးခဲ့သည်။ ထို့နောက် ဂိုဏ်းမှ ထွက်လာခဲ့ပြီး ကျောင်းတော်သို့ တစ်ယောက်တည်း ဦးတည်သွားလိုက်သည်။
ဝမ်ဝေ့က အချိန်အများစုကို ဂိုဏ်းထဲ သို့မဟုတ် တခြားနေရာများသို့ ပို့ဆောင်ဆက်သွယ်ခြင်းဖြင့်သာ သွားရင်း အချိန်ကုန်နေတတ်သည့်အတွက် ခရီးသွားဖို့နှင့် ကိုယ်တိုင် ကမ္ဘာကြီးကို တွေ့မြင်ဖို့အတွက် အခွင့်အရေး သိပ်မရှိခဲ့ပေ။ ထို့ကြောင့် ယခုတစ်ခေါက်ကို ထိုကဲ့သို့ လုပ်ရန် အချိန်ယူဖို့ ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်သို့ သူ့ထက်အရင် သွားရန် ပြောလိုက်သည့် သူ့အဖွဲ့မပါဘဲ တစ်ယောက်တည်း ထွက်လာခဲ့သည်။ တာအို စောင့်ရှောက်သူ ယန်းချန်က နောက်မှ တိတ်တဆိတ် လိုက်ပါလာသည့်အတွက် အစစ်အမှန် သူ တစ်ယောက်တည်း မဟုတ်ကြောင်း သေချာသိထားသည်။
သို့သော် သူ ဂရုမစိုက်ပေ။ အစစ်အမှန် စွမ်းအားကြီးသော ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လိုက်လျှင် သူ့ကို အားနည်းသည်ဟု သတ်မှတ်လို့ ရသေးသည့်အတွက် အစောင့်အရှောက် လိုအပ်သေးကြောင်း ဝမ်ဝေ့ သိသည်။ ယန်းချန်မှ သူ၏ မြင်ကွင်းကို ဝင်ရောက်စွက်ဖက်ခြင်း မရှိသရွေ့ သူ အဆင်ပြေသည်။
ဂိုဏ်း၏ တောင်တန်းများမှ ထွက်လာပြီးနောက် ဝမ်ဝေ့ ပထမဆုံး လုပ်သည့်အရာက တာအိုအခွင့်အလမ်းဂိုဏ်းမှ ပိုင်ဆိုင်သော ကောင်းကင်သက်တမ်းနယ်မြေကို ချန်ထားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သူ၏ ပန်းတိုင်သို့ ရောက်ရန် ပို့ဆောင်ရေးအစီအရင်များကို ဖြတ်သန်း မသွားခဲ့ပေ။ ထိုအစား မွေးမြူရေးတောင်ကြား၏ စီးပွားရေး လုပ်ငန်းတစ်ခုမှ ပျံသန်းနိုင်သော နတ်ဆိုးသားရဲတစ်ကောင်ကို ငှားရမ်းခဲ့သည်။
ပို့ဆောင်ဆက်သွယ်ရေးက အင်မတန် ဈေးကြီးပြီး ကျင့်ကြံသူများက ထိုအရာအတွက် မပေးချင်သလို ပေးလည်း မပေးနိုင်သည့်အတွက် နတ်ဆိုးသားရဲများ ငှားရမ်းခြင်း စီးပွားရေးက အင်မတန် ပေါများလာပြီး မွေးမြူရေးတောင်ကြားက ထိုစီးပွားရေးလုပ်ငန်းကို ချုပ်ကိုင်ထားသည်။
ဝမ်ဝေ့က ခရီးစဉ်အတွင်း ဘေးပတ်ဝန်းကျင်ကို စတင် လေ့လာနေသည်။ ကမ္ဘာတစ်ခုလုံးက ကျင့်ကြံသူများနှင့် သေမျိုးများဟူ၍ ပိုင်းခြားထားသည်။
ကျင့်ကြံခြင်း မြို့များက များသောအားဖြင့် ကျယ်ပြန့်ပြီး ပေါကြွယ်ဝသည်။ ထိုမြို့များက ဝမ်ဝေ့၏ ယခင်ဘဝမှ တထန်များ၏ခေတ်နှင့် တူညီသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။ သန့်စင်ပြီး ထာဝရဆန်သော ခံစားချက်မျိုး ဖြစ်သည်။
စကားပြောသည့်ပုံစံ၊ ဝတ်စားဆင်ယင်ပုံ သို့မဟုတ် ယဉ်ကျေးမှုပင် တထန်တိုင်းပြည်နှင့် တူနေသည်။
သေမျိုးမြို့များက မဟာချင်တိုင်းပြည်နှင့် ပိုပြီး တူသည်။ ပြင်းထန်သော ဥပဒေများရှိပြီး သူတို့ချိုးဖောက်မိသော ဥပဒေအပေါ် မူတည်ကာ သာမန်လူများ သုတ်သင်ခံရနိုင်သည်။
သူတို့ ဝတ်ဆင်သည့် အဝတ်အစားများက ဗြောင်ပိုများပြီး ရိုးရှင်းသည်။ ကဗျာနှင့် အနုပညာကဲ့သို့သော အရာမျိုးကိုလည်း မြင့်မြတ်သောသူ သို့မဟုတ် ချမ်းသာသောသူများမှလွဲပြီး သာမန်သေမျိုးများအနေနှင့် အသိအမှတ်ပြု ချီးမွမ်းခြင်းမျိုး မရှိကြပေ။
ခရီးစဉ်ကို ပျော်မွေ့နေစဉ် ကြည်လင်ကန်ဟု ခေါ်သော မြို့တွင် လေလံပွဲတစ်ခု စတင်တော့မည် ဖြစ်ကြောင်း ဝမ်ဝေ့ ကြားလိုက်ရသည့်အတွက် လေ့လာကြည့်ရန် ရပ်နားလိုက်သည်။ ဝမ်ဝေ့က လေလံပွဲ၏ ရှေ့သို့ ရောက်ရောက်ချင်း အပြင်ဘက်တွင် စောင့်နေသည့် မိန်းမလှတစ်ယောက်ကို တွေ့လိုက်ရသည်။
မူလက လေလံပွဲနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု ထူးခြားနေသည်ဟု တွေးတောခဲ့သော်လည်း ထိုအမျိုးသမီးက သူ့ကို စောင့်နေခဲ့ခြင်း ဖြစ်နေသည်။ ထို့ကြောင့် သူ ဤနေရာသို့ လာမည်ကို ဘယ်လိုသိကြောင်း မေးမြန်းလိုက်သည့်အခါ သူမ၏ အဖြေက သူ့ကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။
လီကျင့်ဖေးဟု ခေါ်သော အမျိုးသမီးက ပြုံးရင်း ပြောလိုက်သည်
“ အမွေခံသားတော် ဝမ်ဝေ့ … ရှင်က သတိထားမိမှာ မဟုတ်ပေမဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေအများကြီးက ရှင် ခရီးသွားတာကို စောင့်ကြည့်နေကြတာ။ သူတို့က ရှင့်ရဲ့ နောက်ဆုံးဦးတည်ရာကို သိပေမဲ့ ရှင့်ကို စောင့်ကြည့်တာကို မရပ်နိုင်ကြဘူး။ အဲဒီထဲမှာ ကျွန်မတို့ရဲ့ ကုန်သွယ်ရေးအဖွဲ့အစည်းလည်း ပါဝင်တယ်”
ထိုအရာကို နားလည်သဘောပေါက်သွားသည့်အတွက် ဝမ်ဝေ့ ခေါင်းညိတ်ပြလိုက်သည်။ ဝမ်ဝေ့က ထိုခရီးကို အပန်းဖြေမှုတစ်ခုလို သဘောထားဖို့ ဆုံးဖြတ်ထားသည့်အတွက် ပတ်ဝန်းကျင်ရှိ အရာများအပေါ် အာရုံမစိုက်ထားသည့်အတွက် ထိုကဲ့သို့သော အရာမျိုးကို သတိမထားမိသလို ဖြစ်သွားသည်။
သို့သော် သူ ဂရုမစိုက်ပေ။ အစစ်အမှန် အုပ်ချုပ်သူ ယန်းချန်ကလည်း သူ့ကို စောင့်ရှောက်နေသည့်အတွက် ဘယ်သူမှ သူ့ကို အမှန်တကယ် ထိခိုက်အောင် မလုပ်နိုင်ပေ။ ထို့အပြင် တစ်ယောက်ယောက် သူ့ကို သတ်ဖို့ ဆန္ဒနည်းနည်းလေး ရှိလျှင်ပင် သူ သတိထားမိမည် ဖြစ်သည်။
ထို့အပြင် သူကလည်း သူ့ကိုယ်သူ ပုန်းကွယ်ဖို့အတွက် ကြိုးစားနေတာမျိုး မဟုတ်ပေ။ သူ့လိုမျိုး ကောင်းကင်ရွေးချယ်ခံက ယခင်ဘဝမှာ ကျော်ကြားသော ကြယ်ပွင့်များကဲ့သို့ ဖြစ်နေမည်ကို ဝမ်ဝေ့သိသည်။ သူ သွားသည့်နေရာတိုင်းတွင် သူ့ကို တိတ်တဆိတ် လိုက်ကြည့်နေသော မျက်လုံးများ အမြဲတမ်း ရှိနေလိမ့်မည်။
သူ၏ ဦးတည်ရာကို သိဖို့ ဖြစ်နိုင်သလို၊ ခွန်အားကို တိတ်တိတ်လေး လေ့လာဖို့လည်း ဖြစ်နိုင်ပြီး၊ နေ့စဉ်လုပ်ငန်းဆောင်တာများမှတဆင့် စိတ်နေသဘောထားကို ဆုံးဖြတ်ဖို့ ကြိုးစားခြင်းမျိုးလည်း ဖြစ်နိုင်သည်။ လူအများက သူ အပြင်ထွက်တိုင်း သူ့ကို လေ့လာဖို့ အမြဲတမ်း ကြိုးစားနေလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သူ ဂရုမစိုက်တော့ပေ။
သို့သော် သူက ကုန်သွယ်ရေးအဖွဲ့အစည်းကိုတော့ ဂရုစိုက်သည်။ ယခင်က သူ ဖတ်ခဲ့သော အချက်အလက်အရ ထိုအဖွဲ့အစည်းကို ကမ္ဘာတစ်ဝမ်းတွင် ပျံ့နှံ့နေသော စွမ်းအားကြီး ကုန်သွယ်ရေးအဖွဲ့တစ်ခုမှ ဖွဲ့စည်းခဲ့သည်ဟု သိထားသည်။
ထိုထက်ပိုပြီး အရေးကြီးသည်က ထိုအဖွဲ့အစည်းသည် မရေတွက်နိုင်သော အင်မော်တယ်မျိုးနွယ်များဖြင့် ဖွဲ့စည်းထားသည့် အင်မော်တယ် တာအို မဟာမိတ်အဖွဲ့၏ အဓိကအဖွဲ့ဝင် ဖြစ်သည်။
ယနေ့အထိ အင်မော်တယ် မျိုးနွယ်များနှင့် ပတ်သက်ပြီး အနည်းငယ်ကိုသာ ဝမ်ဝေ့ သိထားသည်။ သူ့အဖေ၏ ပြောစကားအရ ထာဝရအရှင်နှင့် တာအိုဘိုးဘေးက အထွတ်အထိပ် နယ်ပယ်အဆင့်၏ အထက်တွင်ရှိသည့် ကျင့်ကြံဆင့်ဖြစ်ကြောင်း သူ သိလိုက်ရသည်။
ထိုကျင့်ကြံခြင်း နယ်ပယ်အဆင့်နှစ်ခုက ဧကရာဇ်လမ်းစဉ်သို့ ရောက်ရှိရန် အခြားနည်းလမ်းအဖြစ် သတ်မှတ်နိုင်သည်။ ထိုအဆင့်တွင် ကျင့်ကြံသူများက အင်မော်တယ် ဖြစ်သွားသည့်အတွက် သူတို့၏ သက်တမ်းနှင့် ပတ်သက်ပြီး စိုးရိမ်စရာ မလိုတော့ပေ။ သို့သော် ထာဝရအရှင် သို့မဟုတ် တာအိုဘိုးဘေး ဖြစ်လာရန်အတွက် ကျင့်ကြံသူများ ကိုယ်တိုင် မလုပ်နိုင်သည့်အတွက် မဟာဧကရာဇ်၏ အကူအညီကို လိုအပ်နေဆဲ ဖြစ်သည်။
ထို့ကြောင့်လည်း နောက်ထပ် မဟာဧကရာဇ်တစ်ပါး မွေးထုတ်နိုင်ရန် ဂိုဏ်းများစွာက အမြဲတမ်း တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက သူတို့၏ ဂိုဏ်းကို အနည်းငယ်ပိုများသော အင်မော်တယ် ကျင့်ကြံသူများ ရှိလာအောင် လုပ်ပေးနိုင်လိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ တာအိုကို သက်သေပြရန် အခွင့်အရေး မရှိသူများအတွက် အင်မော်တယ်လမ်းစဉ်နှင့် တာအိုဘိုးဘေးလမ်းစဉ်က အင်မော်တယ်များ ဖြစ်လာရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။
ထိုအကြောင်းကို ကြားပြီးနောက် ဝမ်ဝေ့ အင်မတန် အံ့အားသင့် ထိတ်လန့်သွားကာ သူ့အဖေကို မေးခွန်းအများကြီး မေးနေခဲ့သည်။
ထာဝရအရှင်နဲ့ တာအိုဘိုးဘေးဆိုတာ ဘာတွေလဲ။ အဲလိုမျိုး ကျင့်ကြံဆင့်တွေကို ဘယ်လိုလုပ်ရင် ရောက်နိုင်မလဲ။ အဲဒီလူတွေက မဟာဧကရာဇ်ကို တိုက်ခိုက်နိုင်လား။ အဲဒီကျင့်ကြံသူတွေက ကမ္ဘာပေါ်မှာ ဘယ်လိုလွှမ်းမိုးမှုတွေ ရှိနေနိုင်လဲ။ ဘာလို့ သတင်းကို လျှို့ဝှက်ထားရတာလဲ။ လီကျွင်း ခန္ဓာအသစ် ကျင့်ကြံနေတုန်း သွေးမျိုးဆက်နဲ့ ကူညီပေးခဲ့တဲ့ ထာဝရအရှင်ကလွဲရင် တခြားသူတွေအကြောင်းကို ဘာလို့ သူ မကြားဖူးရတာလဲ
ကံမကောင်းစွာဖြင့် သူ့အဖေက သူ မေးသည့် မေးခွန်းအများစုကို ဖြေမပေးခဲ့ပေ။ သူ ဖြေပေးခဲ့သည့် တစ်ခုတည်းသောအရာက မျိုးဆက်တစ်ခုစီ၏ မဟာဧကရာဇ် မမွေးဖွားခင်အထိ ထာဝရအရှင်များနှင့် တာအိုဘိုးဘေးများက ကမ္ဘာကို ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်း ကျင့်ကြံသူအားလုံးက လက်မှတ်ရေးထိုးခဲ့သည့် “ အင်မော်တယ် လမ်းကြောင်း ကတိစာချုပ်”ဟူသော သဘောတူညီမှု တစ်ခုအကြောင်းကိုသာ ပြောပြသည်။
ထိုကဲ့သို့ လုပ်ထားရသည့် အကြောင်းအရင်းက အင်မော်တယ် ဖြစ်တည်မှုများကြားရှိ တိုက်ပွဲ ဖျက်ဆီးနိုင်စွမ်း ကြီးမားမှုကြောင့် သူတို့ကို ကန့်သတ်ထားဖို့ လိုအပ်၍ ဖြစ်သည်။