ထူးဆန်းသောတွေ့ဆုံမှု
Vol. 14 Ch. 191
အခန်း (၁၉၁) : ထူးဆန်းသောတွေ့ဆုံမှု
အင်မော်တယ် တာအိုမဟာမိတ်အဖွဲ့က ကမ္ဘာ၏ ဧကရာဇ်မျိုးနွယ်များ ရန်မှ ကာကွယ်ရန် အင်မော်တယ်မျိုးနွယ်များ စုပေါင်းထားသည့် အဖွဲ့ဖြစ်သည်။ အဖွဲ့ဝင်များထဲတွင် ဝမ်ဝေ့ ပါဝင်ဆင်နွှဲမည့် လေလံပွဲကို တာဝန်ယူထားသည့် လျှို့ဝှက်ကောင်းကင်မျှော်နန်းနှင့် ကုန်သွယ်ရေးအဖွဲ့အစည်းကဲ့သို့သော ဂိုဏ်းများ ပါဝင်သည်။
ထိုအကြောင်းများကို စဉ်းစားပြီးနောက် ဝမ်ဝေ့က သူ့ကို အထဲခေါ်သွားရန် လီကျင့်ဖေးကို အမူအရာဖြင့် ပြလိုက်သည်။ ထို့နောက် သူမက ပျော်ပျော်ရွင်ရွင် မျက်နှာထားဖြင့် သူ့ကို အထူးဧည့်သည်တော် နေရာသို့ ခေါ်ဆောင်သွားကာ လေလံတင်မည့် ပစ္စည်းများအားလုံး၏ စာရင်းကို သူ့ဆီ ပေးလာသည်။
ပစ္စည်းအများစုက ဝမ်ဝေ့ကို စိတ်ဝင်စားအောင် မလုပ်နိုင်သော်လည်း လေလံပွဲတစ်လျှောက်လုံး နေခဲ့သည်။ လီကျင့်ဖေးက လေလံပစ်သူ တစ်ဦးဖြစ်သည့်အတွက် လူအများစုက အာရုံစိုက်လာကြသည်။
သူမ စင်မြင့်ပေါ်တွင် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မရေတွက်နိုင်သော ကောင်းချီးဩဘာပေးသံများ အခန်းတစ်ခုလုံး၌ ထွက်ပေါ်လာသည်။ လူအများက သူမကို စတင် ချီးကျူးပြီး မြှောက်ပင့်ပြောဆိုနေကြသည်။ သို့သော် လီကျင့်ဖေးက ထိုကဲ့သို့သော အပြုအမူမျိုးကို အသားကျနေပုံပေါ်သည်။ သူမက နံပါတ်တစ် အထူးဧည့်သည်တော်နေရာဘက် တိတ်တဆိတ် ကြည့်လိုက်သည့်အခါ သူမကို ချီးကျူးနေသည့်သူများထဲတွင် ဝမ်ဝေ့ မပါရှိသည့်အတွက် စိတ်ပျက်သွားမိသည်။
ထို့နောက် သူမက ပစ္စည်းအားလုံးကို တစ်ခုချင်း စတင်မိတ်ဆက်ပေးပြီးနောက် လူအများက စိတ်အားထက်သန်စွာဖြင့် လေလံဆွဲကြတော့သည်။ သို့သော် ထိုပစ္စည်းများက ဝမ်ဝေ့အတွက် ဘာတန်ဖိုးမှ မရှိသည့်အတွက် ဘာတုံ့ပြန်မှုမှ မရှိခဲ့ပေ။ သူ အာရုံစိုက်လိုက်သည့် တစ်ခုတည်းသော အချိန်က လေလံပွဲ၏ အဆုံးသတ်နား နီးကပ်လာသည့်အချိန်တွင် ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်ရခြင်းက လေလံတင်သော ပစ္စည်းကို စိတ်ဝင်စားသောကြောင့် မဟုတ်ဘဲ ပစ္စည်းကြောင့် လူအများက လိုချင်တပ်မက်နေကြသောကြောင့် ဖြစ်သည်။
“ နောက်ထပ် ကျွန်မတို့ နွေဦးရေစင် ဆယ်စက်ထည့်ထားတဲ့ ပုလင်းကို လေလံပစ်ပါမယ်။ ဒါက ဘယ်လောက်ထိ အဖိုးတန်လဲဆိုတာကိုတော့ ကျွန်မ ရှင်းပြစရာလိုမှာ မဟုတ်တော့ပါဘူး။ နွေဦးရေစင် တစ်စက်တည်းကတောင် သေခါနီး ကျင့်ကြံသူတစ်ယောက်ကို ကယ်တင်နိုင်ဖို့ လုံလောက်တယ်။ ဒီပုလင်းကို ပိုင်ဆိုင်ထားတာက နောက်ထပ် အသက် ဆယ်ခုကို ပိုင်ဆိုင်ထားရသလိုပဲနော်”
“ ကြမ်းခင်းဈေးက သုညပါ။ တစ်ခါ လေလံဆွဲတိုင်း မူလအရင်းအမြစ် တစ်ထောင်စီ တိုးသွားရပါမယ်။ ဟုတ်ပါတယ် ဂုဏ်သရေရှိ အမျိုးသမီးများနဲ့ လူကြီးမင်း အပေါင်းတို့ … မူလကျောက်တုံးတွေက အသုံးမဝင်တော့ပါဘူး”
လီကျင့်ဖေးက ဈေးနှုန်းကို ကြေညာပြီးနောက် ပြုံးလိုက်သည်။ အခန်းတစ်ခန်းလုံး စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားသော်လည်း လူအများ မဝယ်မည်ကို မစိုးရိမ်မိပေ။
သူမ ထင်တာလည်း မှန်ကန်ခဲ့သည်။ တိတ်ဆိတ်မှုအပြီး စက္ကန့်အနည်းငယ်အကြာတွင် နောက်ထပ်အထူးဧည့်သည်တော်နေရာမှ တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်
“ မူလအရင်းမြစ် ၁သောင်း”
“ မူလအရင်းအမြစ် ၂သောင်း”
“ မူလအရင်းအမြစ် ၅သောင်း” တစ်စုံတစ်ယောက်က အော်လိုက်ရင်း စွမ်းအားကြီး သူတော်စင် အရှိန်အဝါကို ထုတ်လွှတ်ကာ သူ့နောက်မှ လူများကို လေလံဆွဲခြင်းကို တားမြစ်နေသည်။
သို့သော် ခဏအကြာတွင် နောက်ထပ် လူတစ်ယောက်က အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူတော်စင် အရှိန်အဝါကို ထုတ်လွှတ်ကာ ပြောလိုက်သည်
“ မူလအရင်းအမြစ် ၇သောင်း”
ထို့နောက် ထိုသူတော်စင် နယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ယောက်က ဈေးနှုန်းကို ပြိုင်ပြောနေကြစဉ် တခြားလူများက တိတ်ဆိတ်ငြိမ်သက်နေသည်။
ဝမ်ဝေ့က ထိုမြင်ကွင်းကို ကြည့်ပြီးနောက် သူ့ဘဝကို ပြန်လည် စဉ်းစားကြည့်နေသည်။ ထိုအချိန်တွင် သူ၏ မြင့်မားသော နောက်ခံကြောင့် ရရှိခဲ့သည့် အကျိုးရလဒ်ကို စဉ်းစားမိသွားသည်။
ရာစုနှစ်တစ်ခုကျော် အကြာက စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုမှ ထွက်လာပြီးနောက် သူ့အမေက သူ့ခန္ဓာကိုယ်ထဲရှိ လျှို့ဝှက်ဒဏ်ရာများကို ဆေးကြောကုစားရန် နွေဦးရေစင်ထဲတွင် ရေချိုးခိုင်းခဲ့သည်။ သို့သော် ယခု ထိုသူတော်စင် နယ်ပယ်အဆင့် စွမ်းအားရှင်များက ရေစင်အနည်းငယ်အတွက် သူတို့မိသားစု သုတ်သင်ခံထားရသကဲ့သို့ တိုက်ခိုက်နေကြသည်။
သူကတော့ သာမန်သေမျိုးတစ်ယောက် ဖြစ်ခဲ့သော်လည်း ထို အဖိုးတန်ပစ္စည်းထဲတွင် ရေချိုးနိုင်ခဲ့သည်။ ချမ်းသာမှုနှင့် အရင်းအမြစ်က ဘယ်ကမ္ဘာမှာမဆို မျှတစွာ တည်ရှိခြင်း မဟုတ်ကြောင်း သတိထားမိသွားသည့်အတွက် ဝမ်ဝေ့ သက်ပြင်းချလိုက်မိသည်။
လူတချို့က တစ်စုံတစ်ခုရရှိရန် တစ်ဘဝလုံး အချိန်ကုန်ဆုံးကာ ကြိုးစားနေရသည့်အချိန်တွင် တခြားတစ်ယောက်က ထိုအရာနှင့်အတူ မွေးဖွားလာသည်။
လူတစ်ယောက် မူလဇစ်မြစ်အပေါ် သူတို့၏ အနာဂတ်အောင်မြင်မှုက မှီခိုနေကြောင်း ဝမ်ဝေ့ ဘယ်တော့မှ မယုံကြည်ခဲ့သော်လည်း ထိုကဲ့သို့သော မြင့်မားသည့် စမှတ်တွင် ရှိရသည့်အတွက် ဝမ်ဝေ့ အင်မတန် ဝမ်းသာနေဆဲ ဖြစ်သည်။ ထိုအချက်က သူ့ကို အချိန်မကုန်စေသလို ဒုက္ခလည်း မရောက်စေပေ။
နွေဦးရေစင်၏ ဈေးနှုန်းက သောင်းဂဏန်းကို ရာချီသည်အထိ မြင့်မားသွားခဲ့ပြီးမှ ပထမဆုံး လေလံဆွဲသည့် သူတော်စင် နယ်ပယ်အဆင့် ကျင့်ကြံသူမှ ဝယ်နိုင်သွားခဲ့သည်။ သို့သော် ထိုလူက ဤလေလံပွဲမှ ငြိမ်းချမ်းစွာ ထွက်သွားလို့ရမည် မဟုတ်ကြောင်း ဝမ်ဝေ့ ပြောနိုင်သည်။
ဂုဏ်ပုဒ်က အထွတ်အထိပ်အဆင့် လက်နက်များအတွက် ဖြစ်သောကြောင့် ထိုအရာက ဤလေလံဆွဲ၏ အဓိကဆွဲဆောင်မှု မဟုတ်ပေ။ တခြား သူတော်စင် နယ်ပယ်အဆင့် အစစ်အမှန်ပုဂ္ဂိုလ်များကလည်း ထိုအရာကို လေလံဆွဲသည့်ပွဲတွင် ပါဝင်ခဲ့ကြသည်။
ဈေးနှုန်းက မူလအရင်းအမြစ် သန်းချီသည်အထိ ရောက်ရှိသွားခဲ့သော်လည်း ဝမ်ဝေ့ ဂရုမစိုက်သလို လေလံလည်း မဆွဲခဲ့ပေ။ သူ၏ သိုလှောင်လက်စွပ်ထဲတွင် အထွတ်အထိပ်အဆင့် မူလရတနာ အနည်းငယ်ရှိပြီး လေလံတင်ခဲ့သည့် အရည်အသွေး အနိမ့်ဆုံးတစ်ခုလိုမျိုး မဟုတ်ပေ။
သည်ထက်ပိုပြီး အရေးကြီးသည်က သူက စည်းမျဉ်း၏ စွမ်းအား မရှိဘဲ ထိုကဲ့သို့ စွမ်းအားကြီးသည့် ရတနာကို အသုံးပြုလို့မရပေ။ ထို့ကြောင့် သူ အသုံးပြုလို့ မရသည့် ပစ္စည်းကို ဝယ်ယူလျှင် အလကား ဖြစ်သွားလိမ့်မည်။ ဝမ်ဝေ့ ဝယ်ယူခဲ့သည့် တစ်ခုတည်းသောအရာက အတိတ်မှ အမွေအနှစ် တစ်ခုဆီ လမ်းညွှန်ပေးနိုင်မည့် မြေပုံတစ်ခု ဖြစ်သည်။
ဝမ်ဝေ့က ထိုရတနာကို လေလံဆွဲလိုက်သည်နှင့်တစ်ပြိုင်နက် ဘယ်သူကမှ သူနှင့် ယှဉ်ပြီး မလုခဲ့ပေ။ ဤကမ္ဘာရှိ ကျင့်ကြံသူများက မတုံးအကြပေ။ ဝမ်ဝေ့၏ အကျင့်စရိုက်နှင့် ဌာနမှ သူ့အပေါ် ဆက်ဆံပုံကို ကြည့်ပြီး သူက စွမ်းအားကြီး ဂိုဏ်းများထဲမှတစ်ခု၏ ကောင်းကင်ရွေးချယ်ခံ တစ်ယောက်ဖြစ်ကြောင်း ခန့်မှန်းမိကြသည်။
ကောင်းကင်ရွေးချယ်ခံတိုင်းတွင် စွမ်းအားကြီး တာအိုစောင့်ရှောက်သူ တစ်ယောက် အမြဲလိုလို ကပ်ပါနေသည်ကို ထိုကျင့်ကြံသူများ သိသည့်အတွက် သွားမရှုပ်ရဲကြပေ။ သူတို့ထဲမှ တချို့က ပစ္စည်း၏ ဆွဲဆောင်မှုကို ခံနိုင်ရည် မရှိကြသည့်အတွက် ဝမ်ဝေ့၏ အားလပ်ရက်လေးကို မနှောင့်ယှက်နိုင်စေရန် အစစ်အမှန် အုပ်ချုပ်သူ ယန်းချန်က သုတ်သင်လိုက်သည်။
ရက်သတ္တပတ်အနည်းငယ် ကုန်ဆုံးသွားပြီး ဝမ်ဝေ့က ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်ဆီ ဦးတည်ကာ ဖြည်းဖြည်းချင်း ခရီးနှင်နေသည်။
ဝမ်ဝေ့က ယခုလက်ရှိတွင် တခြားသူများနှင့်အတူ လှေဖြင့် ခရီးသွားနေသည်။ သူ့ခဲဖြူရောင် ဆံပင်နှင့် မျက်ဝန်းများက အမျိုးသမီးများ၏ အကြည့်ကို ဆွဲဆောင်နိုင်သော်လည်း သူက သွားသည့်နေရာတိုင်း၏ အာရုံစိုက်ရာ ဗဟိုချက်တစ်ခု ဖြစ်သည်ကို အသားကျနေပြီဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူ ဝယ်ထားခဲ့သော မြေပုံအတိုင်း လိုက်သွားခဲ့ပြီး လျှို့ဝှက်နယ်မြေတစ်ခုထဲသို့ ဝင်သွားကာ ပျက်စီးနေသည်မှာ ကြာပြီဖြစ်သည့် ဂိုဏ်း၏ အမွေအနှစ်တစ်ခုကို ရရှိခဲ့သည်။ ဂိုဏ်းက အထွတ်အထိပ် နယ်မြေတစ်ခု ဖြစ်သည့်အတွက် ရတနာအနည်းငယ်နှင့် ကျင့်စဉ်အနည်းငယ်ကို ရရှိခဲ့သည်။ အထဲတွင် အစစ်အမှန် အဖိုးတန်သည့်အရာကို မတွေ့ခဲ့သော်လည်း ဝမ်ဝေ့က အများကြီး အားစိုက်ထုတ်စရာ မလိုဘဲ ရတနာများကို ရရှိခဲ့သည့်အတွက် ပျော်နေဆဲ ဖြစ်၏။ ပိုပြီး ချမ်းသာလာသည်ကို မကြိုက်သည့်သူ ဘယ်သူမှ မရှိပေ။
နောက်ထပ် သတိထားမိစရာဖြစ်သည့် သူတော်စင် နယ်ပယ်အဆင့် အစစ်အမှန်ပုဂ္ဂိုလ် အသတ်ခံလိုက်ရသည့် အဖြစ်အပျက်ရှိခဲ့သော်လည်း ထိုအရာက သူနှင့် ဘာမှမသက်ဆိုင်ပေ။
ဝမ်ဝေ့က တစ်ယောက်တည်း မတ်တပ်ရပ်ကာ သမုဒ္ဒရာ၏ အသက်ရှူမှားလောက်သော မြင်ကွင်းကို ကြည့်နေစဉ် တစ်စုံတစ်ယောက် သူ့အနား ချဉ်းကပ်လာပြီး စကားလာပြောသည်။
အင်မတန်လှပသော အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း တစ်ချိန်တည်းမှာပဲ ရိုးရှင်းနေသည်။ သူမ၏ ခန္ဓာကိုယ်မှာ အားလုံးကို သူမနှင့် မိတ်ဆွေ ဖြစ်လာစေချင်သည့် ကြင်နာပြီး သိမ်မွေ့သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
သူမက အပြာရောင် ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံနွယ်များလည်း ရှည်လျားကာ နက်မှောင်နေသည်။ အက်တက်တက် ကျောက်စိမ်းပြားကို ဝတ်စုံတွင် ချိတ်ဆွဲထားပြီး ပြုံးရင်း ဝမ်ဝေ့ဆီ လျှောက်လာသည်။
“ မင်္ဂလာပါ ” သူမက ပြုံးရင်း ပြောလိုက်သည်။
“ မင်္ဂလာပါ … မင်းကို တစ်ခုခု ကူညီရမလား”
“ မဟုတ်ပါဘူး။ ကျွန်မက ရှင့်ကို ကြည့်ချင်ရုံလေးတင်ပါ”
“ အော် မင်းကလည်း ငါ့ကို တိတ်ဆိတ် လေးစားနေပြီး ငါ့ကို ဘဝမှာ အရှားပါးဆုံးနဲ့ အလှပဆုံး ကျောက်စိမ်းတစ်ခုလိုမျိုး ကြည့်နေတတ်တဲ့ အမျိုးသမီးတွေထဲက တစ်ယောက်ပဲလား။ ကောင်းပြီလေ … မင်းက သူတို့ထက် ပိုပြီးရဲတင်းတာကိုတော့ ငါ လေးစားပါတယ်”
သူမက သူ ပြောလိုက်သော စကားလုံးများကို အနည်းငယ် အံ့ဩသွားပုံပေါ်ပြီး အနည်းငယ် ရယ်မောရင်း ပြောလိုက်သည်
“ မဟုတ်ဘူး။ ရှင်က ကျွန်မက ဟိုးအရင်တုန်းက သိခဲ့တဲ့ တစ်ယောက်ကို သတိရသွားစေလို့ပါ”
ထိုစကားကို ပြောပြီးနောက် သူမ၏ ရယ်သံတို့ မှေးမှိန်သွားပြီး အတိတ်ဆီ လွမ်းမောမှုနှင့် ဝမ်းနည်းမှုတို့ အစားထိုးဝင်ရောက်လာသည်။ ဝမ်ဝေ့က သူမ၏ စိတ်ခံစားချက် ပြောင်းလဲသွားသည်ကို သတိထားမိသော်လည်း သူတို့ အခုမှတွေ့ဖူးခြင်းဖြစ်သည့်အတွက် ဘာမှမမေးတော့ပေ။
“ အဲလိုလား … ဒါပေမဲ့ ငါက အရမ်းထူးခြားတဲ့သူ တစ်ယောက်ဆိုတော့ အဲဒါကို မယုံနိုင်ဘူး။ အဲဒါကလည်း ငါ့အမေကြောင့်ပါ”
သူမ၏ အပြုံးတို့ ထပ်မံရောက်ရှိလာပြီးနောက် ပြောလိုက်သည်
“ ရှင်က တကယ်ကို ထူးခြားပါတယ်။ ဒါပေမဲ့ ရှင်က အဲဒီလူနဲ့ တူညီတာ နှစ်ခု ရှိသေးတယ်”
“ အော် စိတ်ဝင်စားစရာပဲ … ကျေးဇူးပြုပြီး ရှင်းပြပါဦး”
“ ပထမဆုံး ရှင့်ရဲ့ ဟာသဉာဏ်။ သူက ဘယ်လိုအခြေအနေဖြစ်နေနေ သူက အမြဲတမ်း ရယ်ရအောင် လုပ်ပေးနိုင်တယ်။ အခြေအနေ ဘယ်လောက်ဆိုးနေနေ ကျွန်မဆီ ပျော်ရွှင်မှုကို ယူဆောင်လာပေးတဲ့ နည်းလမ်း ရှိတယ်” သူမ ပြန်ဖြေပြီးနောက် အတွေးထဲတွင် နစ်မြောနေသည့်ပုံစံဖြင့် စက္ကန့်အနည်းငယ်ကြာ ရပ်တန့်သွားသည်။
“ ဒုတိယ တူညီချက်က ရှင်တို့မှာ တူညီတဲ့ မျက်ဝန်းတွေ ရှိတယ်”
“ မျက်ဝန်းတွေလား”
“ ဟုတ်တယ်။ အကြည့်ထဲမှာ တူညီတဲ့ ပြတ်သားမှုတွေ ရှိတယ်။ သူတို့ ချစ်တဲ့သူအတွက် ဘာမဆိုလုပ်ပေးမယ်ဆိုတဲ့ ပြတ်သားမှုမျိုးပေါ့။ လူအနည်းငယ်ကို ကယ်တင်ဖို့အတွက် သန်းချီနေတဲ့ အသက်တွေကိုလည်း ဖျက်ဆီးပစ်နိုင်တယ်။ ချစ်တဲ့သူတွေအတွက် မိုးမြေကို ပြောင်းပြန်လှန်ပစ်နိုင်တယ်။ အချစ်အတွက်ဆို မကောင်းဆိုးဝါးတွေ ဖြစ်လာနိုင်ကြတယ်”
သူမ ပြောနေသည်မှာ မှန်ကန်သည့်အတွက် ဝမ်ဝေ့ ထိုအကြောင်းကို ကြားပြီး တိတ်ဆိတ်နေသည်။ သူ၏ မိတ်ဆွေနှင့် မိသားစုသာ တစ်ခုခုဖြစ်ပါက သူတို့ကို ကယ်တင်နိုင်ရန် သူမ ပြောသည့်ထဲက ဘာမဆိုလုပ်ဖို့ တွေဝေနေမည် မဟုတ်ပေ။
ပြဿနာက သူ့ရဲ့မျက်လုံးကို ကြည့်လိုက်တာနဲ့ သူ့ရဲ့ အကျင့်စရိုက်တစ်ခုလုံးကို ဘယ်လိုလုပ်ပြီး ဆုံးဖြတ်သွားနိုင်ရတာလဲ
တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သတိထားမိသည့်အတွက် အစစ်အမှန် အမြင်စွမ်းရည်ကို အသက်သွင်းလိုက်သော်လည်း သူ ဘာမှမမြင်ရပေ။ သူမ၏ ခေါင်းပေါ်တွင် ချီကံကောင်းမှု နဂါးကိုလည်း မမြင်ခဲ့ရသလို ကံကြမ္မာကြိုးကိုလည်း မမြင်ခဲ့ရပေ။