သူကလည်း ဧကရာဇ်တစ်ပါးပဲ
Vol. 19 Ch. 187
ရှေးဟောင်းနတ်ဘုရားချောက် အတွင်း၌
ထိုအချိန်တွင် ရှေးဟောင်းနတ်ဘုရား မျိုးနွယ်စုဝင် အားလုံးနီးပါး စိတ်အခြေအနေ မကောင်းကြချေ။
သူတို့၏မျက်နှာထားများမှာ ကြောက်မက်ဖွယ် ကောင်းနေပြီး မျက်ဝန်းများမှာ မှိုင်းညို့နေသည်။
၎င်းမှာ မြူပင်လယ်ကမ္ဘာတွင် အမှောင် ဧကရာဇ် ဟူသော အလွန်အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦး ပေါ်ပေါက်လာခြင်းကြောင့် ဖြစ်နိုင်သည်။
ထိုနေ့က ဓားချက်။
သူတို့အတွက် ထိုဓားချက်သည် ဓားနတ်ဘုရား ဧကရာဇ် နှင့် ယှဉ်နိုင်သော ဖြစ်တည်မှုတစ်ခုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အဘယ်ကြောင့် ထိုကဲ့သို့သော ဖြစ်တည်မှုမျိုးက မြူပင်လယ်ကမ္ဘာတွင် ပေါ်ထွက်လာရသနည်း။
"တစ်ခုခုတော့ မှားနေပြီ။"
ထိုအချိန်တွင် ရှေးဟောင်းနတ်ဘုရားချောက်၌ အရေးပေါ် အစည်းအဝေးတစ်ခု ကျင်းပနေသည်။
ရှေးဟောင်းနတ်ဘုရား မျိုးနွယ်စုမှ ကျွမ်းကျင်ပညာရှင်များ စုဝေးနေကြသည်။ မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာထားမှာ မှိုင်းညို့နေပြီး အလွန်လေးနက်နေသည်။
သူသည် ရုတ်တရက် သူ၏ ရှေ့သို့ လက်ညှိုးထိုးလိုက်ရာ ဟင်းလင်းပြင်ကြီး တုန်ခါသွားသည်။
သူသည် ဒေါသထွက်၊ မကျေမနပ်ဖြစ်ကာ ရုန်းကန်နေရပုံ ပေါ်သည်။
"တကယ်လို့များ ဓားနတ်ဘုရား ဧကရာဇ်အဆင့်ရှိတဲ့ ဖြစ်တည်မှုမျိုး မြူပင်လယ်ကမ္ဘာမှာ တကယ် ပေါ်လာခဲ့တယ်ဆိုရင် ဘာလို့ အခုထိ မြူပင်လယ်ကမ္ဘာဘက်က လှုပ်ရှားမှု မရှိသေးတာလဲ။"
"အဲ့ဒီလို ဖြစ်တည်မှုမျိုးသာ လှုပ်ရှားလိုက်ရင် သူတို့က ဒီရှေးဟောင်းနတ်ဘုရားချောက်နက်ကို ဖျက်ဆီးပစ်နိုင်တယ်။ ဘာပဲပြောပြော ဓားနတ်ဘုရားဧကရာဇ်ဆိုတာ ဒီမှာရှိနေပြီးသား၊ မြူပင်လယ်ကမ္ဘာရဲ့နှလုံးသည်းပွတ်ထဲက ပိုးကောင်လေး တစ်ကောင် ဖြစ်လာဖို့ ကံပါပြီးသားလေ။ ဒါပေမဲ့ သူတို့ လှုပ်ရှားမလာဘူး။ ငါတို့ကို ဆုတ်ခွာသွားအောင် ဖိအားပေးပြီးကတည်းက မြူပင်လယ်ကမ္ဘာဘက်မှာ ဘာလှုပ်ရှားမှုမှ မရှိတော့ဘူး..."
ဤသည်မှာ မျိုးနွယ်စုခေါင်းဆောင် အနေဖြင့် လတ်တလော တွေးတောနေမိသော မေးခွန်းဖြစ်သည်။
အမှန်တကယ်ပင် ထိုနေ့က ဓားချက်သည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
တကယ်တမ်း ပြောရလျှင် သူ၏တစ်ဘဝလုံး၌ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းမျိုး မမြင်ဖူးခဲ့ချေ။
ဓားနတ်ဘုရားဧကရာဇ် ထုတ်ဖော်ခဲ့သော ဓားအလင်းတန်းကပင် ရှန်းချန်ကော၏ ဓားချက်လောက် ကြောက်စရာမကောင်းခဲ့ပေ။
သို့သော်...
သူ သေချာ ပြန်စဉ်းစားကြည့်လိုက်သည်။
ထိုဓားချက်သည် သူတို့ကို လွှမ်းမိုးသွားခဲ့သော်လည်း သူတို့ကို ထိခိုက်ဒဏ်ရာရအောင် တစ်ချက်ကလေးမှ မလုပ်နိုင်ခဲ့ပေ။
သူ၏မျက်နှာထားမှာ မရေမရာ ဖြစ်နေပြီး မျက်ဝန်းများ အေးစက်သွားကာ ထိုမှတဆင့် ဖော်ပြမရနိုင်သော ဒေါသများအဖြစ် ပြောင်းလဲသွားသည်။
"သေချာပေါက် ပြဿနာ ရှိနေပြီ"
"မြူပင်လယ်ကမ္ဘာက ဟန်ပြခြိမ်းခြောက်နေတာပဲ။ အမှောင်ဧကရာဇ်ဆိုတာ အဲ့ဒီအဆင့်ကို လုံးဝ မရောက်သေးဘူး။ အဲ့ဒီတုန်းက ငါတို့ စိတ်တွေ အရမ်းလှုပ်ရှားနေခဲ့လို့ အထင်မှားသွားကြတာပဲ ဖြစ်ရမယ်"
ထိုစကားတစ်ခွန်းကြောင့် နေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
"ဘာ... အဲ့ဒါတွေက အယောင်ပြတွေလား။"
"အဲ့ဒီတုန်းက အဲ့ဒီလောက် အားကောင်းတဲ့ ဓားချက်ကြီးက ငါတို့ကို နည်းနည်းလေးတောင် မထိခိုက်ခဲ့ဘူး။ အဲ့ဒီတုန်းကတော့ တစ်ဖက်လူက စွမ်းအားကို ထိန်းချုပ်တဲ့နေရာမှာ ထူးကဲတဲ့ အဆင့်ရောက်နေလို့ ငါတို့ကို မထိအောင် လုပ်လိုက်တာလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခု ပြန်စဉ်းစားကြည့်တော့ ဘယ်သူက အဲ့ဒီအဆင့်ထိ ရောက်နိုင်မှာလဲ။ ငါလည်း ဒီရက်ပိုင်း တစ်ခုခုတော့ မှားနေတယ်လို့ ခံစားနေရတာ... တောက်၊သေချာပေါက် ပြဿနာ ရှိနေပြီ"
"ငါတို့ အလိမ်ခံလိုက်ရတာလား။ ငါတို့က လူလိမ်တစ်ယောက်ရဲ့ ခြိမ်းခြောက်မှုကြောင့် ရှေးဟောင်း နတ်ဘုရားချောက်နက်ထဲထိ ပြန်ဆုတ်ပြေးလာခဲ့ရတာလား။ လူပြက်တွေလိုမျိုးလေ..."
ရုတ်တရက် ရှေးဟောင်းနတ်ဘုရား မျိုးနွယ်စုမှ ကျွမ်းကျင်ပညာရှင်များ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ သူတို့ အရူးလုပ်ခံလိုက်ရပြီလော။
"ပြန်တိုက်ကြမယ်"
"ငါတို့ သေချာပေါက် ပြန်တိုက်ရမယ်။ ငါတို့မျိုးနွယ်စုက ဟေးရွှီနယ်မြေ မှာ ခေါင်းမော့ ရင်ကော့ပြီး ရပ်တည်ခဲ့တာ။ အခုကျမှ လူငယ်လေး တစ်ယောက်ကြောင့် ရှုံးနိမ့်ပြီး ထွက်ပြေးခဲ့ရတယ်တဲ့လား။ ဒါ ငါတို့မျိုးနွယ်စုရဲ့ အကြီးမားဆုံး အရှက်ရမှုပဲ"
မျက်တောင်တစ်ခတ်အတွင်း ရှိနေသူအားလုံး ဒေါသကို မထိန်းနိုင်ကြတော့ပေ။ နေရာတစ်ခုလုံး ပွက်လောရိုက်သွားသည်။
လူတိုင်း ဒေါသတကြီး အော်ဟစ်နေကြသည်။
မျိုးနွယ်စုခေါင်းဆောင်သည် စကားတစ်ခွန်းမှ မဆိုဘဲ ထိုင်နေသည်။
အချိန်အတော်ကြာပြီးနောက် သူ အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။
"ဓားနတ်ဘုရားဧကရာဇ် နှိုးထမှု စီမံကိန်း ဘယ်လိုအခြေအနေ ရှိလဲ။"
"သတင်းပို့ပါတယ်" ထိုအချိန်တွင် အပြင်ဘက်မှ ပုံရိပ်တစ်ခု လျင်မြန်စွာ ဝင်ရောက်လာသည်။
ထိုလူ၏မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး သတင်းကောင်းတစ်ခု ပါလာပုံရသည်။
"ဓားနတ်ဘုရားဧကရာဇ် နှိုးထမှု စီမံကိန်းက ပြီးစီးခါနီးပါပြီ။ ကျွန်တော်တို့ မျိုးနွယ်စုရဲ့ ဧကရာဇ်လောင်း ထျန်းဟွင်းကျစ် က ဓားနတ်ဘုရား ဧကရာဇ်နဲ့ လိုက်ဖက်ညီမှုနှုန်း ၈၇.၃၅၇% အထိ ရရှိထားပြီးပါပြီလက်ရှိ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ သူက နတ်ဘုရား ဧကရာဇ်ရဲ့အမွေအနှစ်နဲ့ ရင်းနှီးကျွမ်းဝင်သွားတာနဲ့ တပြိုင်နက် အစစ်အမှန် ဓားနတ်ဘုရား ဧကရာဇ်တစ်ပါးကို ပြန်လည်အသက်သွင်းနိုင်တော့မှာပါ"
သူ၏မျက်နှာမှာ အားအင်များဖြင့် တောက်ပနေပြီး အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
အမှန်ပင်
အစစ်အမှန် ဓားနတ်ဘုရား ဧကရာဇ်ကို ပြန်လည်အသက်သွင်းရန် ဖြစ်သည်။
ဤသည်မှာ သူတို့၏ စီမံကိန်းပင်။
အစစ်အမှန် ဓားနတ်ဘုရား ဧကရာဇ်တစ်ပါး နိုးထလာပြီး ကောင်းကင်ဘုံ၏မျက်နှာသာပေးခံရသူ တစ်ဦးက ထိန်းချုပ်လိုက်သည့်အခါ ၎င်းသည် ပြီးပြည့်စုံလုနီးပါး နိုးထလာသည့် ဓားနတ်ဘုရား ဧကရာဇ် ဖြစ်လာပေလိမ့်မည်။
ထိုအခြေအနေသည် ထိန်းချုပ်မှုမှတဆင့် ဓားချက် တစ်ချက်၊ နှစ်ချက်လောက်သာ ထုတ်ဖော်နိုင်သော ဓားနတ်ဘုရားဧကရာဇ်နှင့် အရည်အသွေးပိုင်းအရ ကွာခြားသွားပြီ ဖြစ်သည်။
ထိုကွာခြားမှုသည် နည်းနည်းနောနော မဟုတ်ပေ။
" မြူပင်လယ်ကမ္ဘာ လို့ ခေါ်တဲ့ နံပတ် ၇ စွန့်ပစ်နယ်မြေကို ငါတို့ သေချာပေါက် ဖျက်ဆီးပစ်ရမယ်။"
သူတို့၏အကြည့်များ အေးစက်သွားကြသည်။
...
ကြေးမှုံအလင်းတောင် ပေါ်တွင်မူ အရာအားလုံးသည် စနစ်တကျ လည်ပတ်နေသည်။ အဖွဲ့အစည်းကြီး နှစ်ခုကို ဝတ်ရုံဖြူ ဟု တရားဝင် အမည်ပြောင်းလဲလိုက်ပြီ ဖြစ်သည်။
ယခုအခါ ဝတ်ရုံဖြူ အဖွဲ့အစည်းအတွင်း၌ ကောင်းကင်ဘုံကဲ့သို့သော အဓိက တောင်ကြီးနှစ်လုံးသည် အဖြူရောင်များဖြင့် လွှမ်းခြုံထားပြီး ဖြစ်သည်။
ခန္ဓာကိုယ် ကျင့်ကြံသူများသည် သူတို့၏ ကြွက်သားများဖြင့် ပြည့်ကျပ်နေသော ဝတ်ရုံဖြူများကို ပေါက်ထွက်မတတ် ဝတ်ဆင်ထားကြသည်။
ဓားကျင့်ကြံသူများကမူ အလွန် ဟိတ်ဟန်ထုတ်ကြသည်။ သူတို့က ဆံပင်များကို သပ်တင်လိုက်တိုင်း ခန္ဓာကိုယ်ကျင့်ကြံသူ ပညာရှင်များက အားကျကာ လက်သီးများကို ပွတ်သပ်နေမိကြသည်။
သို့သော် အစီအစဉ်များစွာသည် နေရာပြောင်းရွှေ့မှုများ စတင် ပြုလုပ်နေပြီ ဖြစ်သည်။
မူလ ဝတ်ရုံနက် ဓားကျင့်ကြံသူများသည် ကြေးမှုံအလင်းတောင်ပေါ်သို့ ဝင်ရောက်လာကြသည်။
ထိုနည်းတူစွာပင်။
အပြန်အလှန် လဲလှယ်မှုများ ပြုလုပ်နေကြသည်။
သူတို့၏ရည်ရွယ်ချက်မှာ အဖွဲ့အစည်းနှစ်ခုကို အမြန်ဆုံး ပေါင်းစည်းရန် ဖြစ်သည်။
သို့သော် ထိုနေ့၌...
ကရာ...
ကရာ
ရုတ်တရက် ကောင်းကင်ကြီးသည် ပြင်းထန်စွာ တုန်ခါလာသည်။ ၎င်းသည် အလွန် ထူးဆန်းသော ခံစားမှုမျိုး ဖြစ်သည်။
မြေကြီး တုန်ဟီးပြီး တောင်များ ယိမ်းထိုးသွားသည်။ မျက်စိရှေ့တွင် ဘာမှ မရှိသော်လည်း တုန်ခါမှုမှာ အလွန်ပြင်းထန်ပြီး အခြား အတိုင်းအတာ တစ်ခုမှ နေ၍ အဆက်မပြတ် လှုပ်ခါနေသကဲ့သို့ ဖြစ်သည်။
ကြီးမားသော စွမ်းအင်အရင်းအမြစ် တစ်ခုသည် တစ်စတစ်စ ပြန်လည်နိုးထလာသည်ကို သူတို့ ဝေဝါးဝါး ခံစားမိလိုက်ကြသည်။
သူတို့သည် မြူပင်လယ်ကမ္ဘာတွင် ရပ်နေသော်လည်း ဥခွံတစ်ခု ခြားလျက် လောင်ကျွမ်းနေသော မီးတောက်တစ်ခု ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
အလွန် ထူးဆန်းလှသည်။
လူတိုင်းတွင် ကြီးမားသော ကိစ္စတစ်ခု ဖြစ်ပျက်တော့မည့်အလား ဆိုးရွားသော ခံစားချက်များ ဝင်ရောက်လာသည်။
ဤအချိန်တွင် ဖန်ဆင်းခြင်းနယ်ပယ် သို့ ဝင်ရောက်ခါစ ဖြစ်သော ချင်းရွှမ် ၏ မျက်ဝန်းများတွင် အံ့သြမှုများ ဖြစ်ပေါ်လာသည်။
"ဘာဖြစ်တာလဲ။ အရမ်း ပြင်းထန်တဲ့ ခံစားချက်ပဲ။ ရှေးဟောင်း နတ်ဘုရား ချောက်နက်ဘက်မှာ ဘာတွေ ဖြစ်နေတာလဲ။ တစ်စုံတစ်ခု ပြန်လည်အသက်ဝင်လာသလိုပဲ..."
သူ၏နှလုံးခုန် မြန်လာပြီး မကောင်းသော နိမိတ်ကို ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်တွင်...
ရုတ်တရက် ကောင်းကင်ကြီးသည် ဥခွံကွဲသကဲ့သို့ ကွဲအက်သွားသည်။ ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခုသည် ဖြည်းညှင်းစွာ မတ်မတ် ရပ်လိုက်သည်။
ပေပေါင်း တစ်သောင်းမြင့်သော သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး လူငယ်တစ်ဦး၏ပုံပန်းသဏ္ဍာန်အဖြစ် စုစည်းသွားသည်။
သူ၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတန်းများဖြင့် ရှည်လျားနေပြီး နတ်ဘုရားတစ်ပါး လူ့ပြည်သို့ ဆင်းသက်လာသကဲ့သို့ပင်။
ရှည်လျားသော အသက်ရှူသံနှင့်အတူ သူ၏ ဓားစွမ်းအင် သည် မိုင်ပေါင်း ၃၀၀၀ အထိ လွှမ်းမိုးသွားသည်။
ထိုလူသည် ထိုနေရာတွင် ရပ်နေသည်။
လောကရှိ ဓားအစင်းပေါင်း များစွာသည် ကြောက်ရွံ့ပြီး အညံ့ခံသည့်အလား တုန်ခါနေကြသည်။
ဤခံစားချက်က လူတိုင်းကို တုန်လှုပ်စေသည်။
"အဲ့ဒါ ဘာလဲ။"
"ဒါက... ပြီးပြည့်စုံစွာ ပြန်လည်နိုးထလာတဲ့ ဓားနတ်ဘုရားဧကရာဇ်လား။"
သူ၏မျက်လုံးများက စူးရှထက်မြက်နေသည်။ မျက်တောင်တစ်ခတ်အတွင်း စကြဝဠာနှင့် ဟင်းလင်းပြင်ကို ဖောက်ထွင်းမြင်နေရသကဲ့သို့ ရှိသည်။
သူ၏အားကောင်းသော အကြည့်ကြောင့် မရေမတွက်နိုင်သော လူများ တုန်လှုပ်သွားကြသည်။
"ဧကရာဇ်လောင်း... ထျန်းဟွင်းကျစ် ဟားဟားဟားဟား၊ဓားနတ်ဘုရား ဧကရာဇ်ရဲ့ စွမ်းအားပါလား" မျိုးနွယ်စု ခေါင်းဆောင်မှာ မရယ်ဘဲ မနေနိုင်တော့ချေ။
သူသည် ဓားနတ်ဘုရား ဧကရာဇ်တစ်ပါးကို ပြန်လည်အသက်သွင်းလိုက်နိုင်ပြီ။
ဤအရာဟာ သူတို့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့မှုရဲ့ ရလဒ်ပင်။
ဒီလောက် နှစ်တွေအများကြီး ကြိုးစားခဲ့ရတာ...
အခုတော့ သူ နောက်ဆုံးမှာ လုပ်နိုင်ခဲ့ပြီ။
ဤအချိန်တွင် သခင်လေး ထျန်းဟွင်းကျစ်သည် ကြီးမားသော စွမ်းအားကို ရရှိလိုက်သည့် ပျော်ရွှင်မှုကြောင့် စိတ်လွတ်နေပုံရသည်။
သူသည် မာန်မာနများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ရပ်နေသည်။ ဤအခိုက်အတန့်တွင် သူသည် ကမ္ဘာလောကကြီး တစ်ခုလုံးကို ထိန်းချုပ်ထားသကဲ့သို့ ခံစားနေရသည်။
"အမှောင် ဧကရာဇ် ဘယ်မှာလဲ။"
"ခွေးမသား အမှောင် ဧကရာဇ် ဘယ်မှာလဲ။"
"ထွက်ခဲ့စမ်း ဒီနေ့ကစပြီး ငါက ဝိညာဉ် ဧကရာဇ် ပဲ"
သူသည်လည်း ဧကရာဇ်တစ်ပါးပင် ဖြစ်သည်။