နောက်ထပ် ထူးဆန်းသောတွေ့ဆုံမှု
Vol. 14 Ch. 193
အခန်း (၁၉၃) : နောက်ထပ် ထူးဆန်းသောတွေ့ဆုံမှု
လုံပေါ် သေဆုံးသွားပြီးနောက် ဂိုဏ်းထဲရှိ သူ့ဝိညာဉ်မီးအိမ်က ဖျက်ဆီးခံလိုက်ရသည့်အတွက် တခြားအကြီးအကဲများစွာ နိုးနိုးကြားကြား ဖြစ်သွားသည်။ လူများစွာက ကံမကောင်းလှသည့် ဖြစ်ရပ်ကို သက်ပြင်းချနေကြသော်လည်း တချို့ကသာ အမှန်တကယ်ဂရုစိုက်ကြလေသည်။
စာကြည့်တိုက်ကို ကွပ်ကဲသော မဟာအကြီးအကဲဖြစ်သည့် ဖန်လိန်လိုလူမျိုးအတွက် ထိုအရာက ခန့်မှန်းထားမိပြီးသား ရလဒ် ဖြစ်လေသည်။ သူ့မိတ်ဆွေဟောင်းအား ဂိုဏ်းမှ တိုက်ခိုက်ခြင်းခံရလောက်အောင် ဖိအားပေးနိုင်သည့် ရူးသွပ်လောက်စရာအရာမျိုး မလုပ်ဖို့ရန် ဆုတောင်းခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူ့ ဆုတောင်းက အမှန်တကယ် ဖြစ်မလာခဲ့ပေ။
ထို့ကြောင့် သူ့မိတ်ဆွေဟောင်း၏ သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးရန် အချိန်အနည်းငယ်ယူပြီးနောက် သူ့ဘဝသူ ဆက်လက်ရှင်သန်လိုက်သည်။ ကျင့်ကြံရေးလောကတွင် သေခြင်းတရားက ခိုင်မြဲပြီး ထာဝရတည်ရှိသည့်အရာဖြစ်သလို စကြဝဠာ၊ တာအို စသည်တို့၏ သဘာဝစက်ဝန်းများထဲမှ တစ်ခု ဖြစ်သည်။
ဝမ်ဝေ့က အတော်ကြာသည့်အထိ လုံပေါ်၏ သေဆုံးမှုကို မသိခဲ့ပေ။ အလယ်ပိုင်းကုန်းမြေရှိ ပိုင်နက်အနည်းငယ်တစ်လျှောက် ခရီးနှင်ရန် လအနည်းငယ် ကုန်ဆုံးပြီးနောက် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော် တည်ရှိသော ကောင်းကင်ကောင်းချီးနယ်မြေဆီ ရောက်ရှိလာခဲ့သည်။
ကျောင်းတော်ကလည်း တာအိုအခွင့်အလမ်းဂိုဏ်းကဲ့သို့ မရေတွက်နိုင်သော ပိုင်နက်များကို ထိန်းချုပ်ထားပြီး မတူညီသော ဌာနခွဲများအတွက် နေရာသတ်မှတ်ထားသည်။ သို့သော် ကောင်းကင် ကောင်းချီးနယ်မြေက ထိပ်သီးအားလုံး နေထိုင်ကြသည့် ကျောင်းတော်၏ ပင်မနေရာတစ်ခု ဖြစ်သည်။
ဆရာ၊ ဆရာမများဖြစ်စေ၊ တာဝန်ခံများဖြစ်စေ၊ ကျောင်းသားများဖြစ်စေ သူတို့က အကောင်းဆုံးထဲမှ အကောင်းဆုံးများ ဖြစ်ကြသည်။ တခြားပိုင်နက်များမှ ကျောင်းသားများနှင့် ဝန်ထမ်းများက တစ်နေ့ ဤနေရာဆီ ပြောင်းရွှေ့ခံရဖို့ အိပ်မက် မက်နေကြသည်။
ကောင်းကင် ကောင်းချီးနယ်မြေတစ်ခုလုံးက အမှန်တော့ ဧရာမမြို့ကြီးတစ်ခု ဖြစ်၏။ ဝမ်ဝေ့၏ ခန့်မှန်းချက်အရ မြို့တစ်ခုလုံးက သူ့ယခင်ဘဝမှ နေအဖွဲ့အစည်း၏ အရွယ်အစားနှင့် တူညီသည်။ ထို့ကြောင့် လူအများ ပျံသန်းရန်နှင့် မတူညီသော နေရာများသို့ ပို့ဆောင်ရန် ပို့ဆောင်ရေး အစီအရင်များရှိသည့် နေရာများလည်း ရှိနေခြင်း ဖြစ်သည်။
ထိုကဲ့သို့သော အင်မတန် ကြီးမားသည့် မြို့ကို ဝမ်ဝေ့က ပထမဆုံး မြင်ဖူးခြင်းဖြစ်သည့်အတွက် ကျောင်းတော်သို့ တရားဝင် သတင်းမပေးပို့ခင် လှည့်ပတ်ကြည့်ရှုဖို့ ဆုံးဖြတ်လိုက်သည်။ သူ ရောက်ရှိလာမှုက ငြိမ်နေသော ရေကန်ထဲသို့ ကျောက်တုံး ပစ်ထည့်လိုက်သလိုမျိုး ကြီးမားသည့် လှုပ်ခတ်မှု တစ်ခု ဖြစ်သွားသည်ကို သူ မသိပေ။
ဝမ်ဝေ့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ရွေးချယ်ခံ အားလုံးက သူ့တည်ရှိမှုကို ခံစားလာမိကြသည်။ ကစားပွဲတစ်ခု၏ နောက်ဆုံးဆရာကြီးလိုမျိုး ထွက်ပေါ်လာကာ ကစားသူအားလုံးကို ကြောက်ရွံ့အောင် လုပ်လိုက်သည့် ခံစားချက်မျိုး ဖြစ်သည်။ သူ ရောက်ရှိလာသည့်အတွက် ပထမဆုံး ကမ္ဘာတစ်ဝှမ်းတွင် ဤမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲဟု ခေါ်သည့် အစစ်အမှန်ပြိုင်ပွဲတစ်ခု စတင်တော့မည် ဖြစ်ကြောင်း အားလုံး သိလိုက်ကြသည်။
ယခုအချိန်မှစပြီး ကောင်းကင်ရွေးချယ်ခံအားလုံးက ကမ္ဘာထံ သူတို့၏ တည်ရှိမှုအားလုံးကို တရားဝင်ချပြကြလိမ့်မည်။ ထို့အပြင် ကောင်းကင်ရွေးချယ်ခံ ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်သည့်သူကိုလည်း အဆုံးအဖြတ်ပေးတော့မည်။
မတူညီသော ဂိုဏ်းများမှ ပါရမီရှင်အများစုက အနာဂတ် ရင်ဆိုင်တိုက်ခိုက်မှုအတွက် ပြင်ဆင်နေသည့်အချိန်တွင် ဝမ်ဝေ့က စိတ်အေးချမ်းသာစွာဖြင့် မြို့ကို လှည့်ပတ်ကြည့်ရှုနေသည်။ လူအများက သူ့ကို စောင့်နေလည်း သူ ဂရုမစိုက်ပေ။ မြို့ထဲရှိ အကျော်ကြားဆုံး စားသောက်ဆိုင်ထဲမှ တစ်ဆိုင်တွင် စားသောက်ပြီးနောက် ကျေနပ်စွာပြုံးလိုက်ရင်း လမ်းထဲသို့ လမ်းလျှောက်ဝင်လာစဉ် ရှေ့တွင် ကျားကွက်ခုံနှင့်အတူ ထောင့်တစ်ထောင့်ရှိ သူဖုန်းစား တစ်ယောက်ကို သူ သတိထားလိုက်မိသည်။
ထိုသူဖုန်းစားကို သူ အချက်နှစ်ချက်ကြောင့် သတိထားမိခဲ့သည်။ ပထမတစ်ချက်က ယခုလိုမျိုး ပေါကြွယ်ဝသည့်မြို့တွင် သူဖုန်းစား တစ်ယောက်ကို ပေါ်ပေါ်ထင်ထင်နှင့် စိတ်ပူပန်မှု မရှိ နေခွင့် မပေးပေ။ ဒုတိယတစ်ချက်က ထိုသူဖုန်းစား၏ ကျင့်ကြံဆင့်ကြောင့် ဖြစ်၏။ လူအများစုက ဖြတ်သွားရင်း ထိုသူဖုန်းစားကို ရွံရှာသောအကြည့်ဖြင့် ကြည့်နေသော်လည်း ထိုသူဖုန်းစားက သူတော်စင် နယ်ပယ်အဆင့် အစစ်အမှန် ပုဂ္ဂိုလ်ဖြစ်ကြောင်း ဝမ်ဝေ့ ပြောနိုင်သည်။
သိချင်စိတ်ဖြင့် သူ၏ အပေးအယူကို ရှာဖွေရန် သူဖုန်းစားအနားသို့ ချဉ်းကပ်သွားလိုက်သည်။ သို့သော် သူ့အကြည့်တို့ ကျားကွက်ခုံပေါ်သို့ ရောက်ရှိသွားသည့်အခါ ထိုအရာက သာမန်ကစားပွဲတစ်ခု မဟုတ်သည်ကို သတိထားမိပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ဝေ့က စိတ်ဝင်စားစွာဖြင့် မြေပြင်ပေါ်တွင် ထိုင်ပြီး ကျားကွက်ကို သေချာလေ့လာနေသည်။ သူဖုန်းစားက ကျားကွက်ကစားနည်းတွင် အာရုံစိုက်ထားသည့်အတွက် လာလည်သောသူကို လုံးဝ လျစ်လျူရှုထားလိုက်သည်။
ကျားကွက်ကို နာရီအနည်းငယ်ကြာ လေ့လာပြီးနောက် ဝမ်ဝေ့က သက်ပြင်းချကာ ပြောလိုက်သည်
“ အဘိုးကြီး … ခင်ဗျား ရူးနေပြီပဲ”
သူဖုန်းစားက ဝမ်ဝေ့ကို မော့ကြည့်ရင်း ပြောလိုက်သည်
“ မင်း ဒါကို နားလည်တယ်ပေါ့” သူက အသံခပ်ဩဩဖြင့် မေးလိုက်သည်။
“ အင်း နားလည်တယ်။ ဒီကျားကွက်ခုံက ကောင်းကင်တာအိုကို ကိုယ်စားပြုထားတာ။ မိုးမြေကြားမှာ တည်ရှိတဲ့ ဗဟုသုတအားလုံးနဲ့ လျှို့ဝှက်ချက်အားလုံးကို ရနိုင်တဲ့ စွမ်းရည်ပဲ။ ပြီးရင် အဲဒီဗဟုသုတကို အသုံးချပြီးတော့ ကမ္ဘာအားလုံးနဲ့ စစ်တုရင်ခုံလိုမျိုးအရာတွေကို ထိန်းချုပ်ဖို့ သုံးတယ်။ အဲဒီအခါ တာအိုက လူတစ်ယောက်ကို အရာအားလုံးသိတဲ့သူတစ်ယောက် ဖြစ်လာစေလိမ့်မယ်”
သူဖုန်းစားက အံ့ဩမှင်သက်သွားသည်။ ထိုကောင်လေးက နာရီအနည်းငယ်အတွင်း လေ့လာနိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူနှင့် အဆင့်တူသူသာ ထိုအရာကို လုပ်နိုင်လေသည်။ သို့သော်လည်း သူတို့အတွက် လချီ၍ မဟုတ်လျှင်ပင် ရက်အနည်းငယ် အချိန်ယူရသည်။
“ မင်းက စိတ်ဝင်စားစရာကောင်းတဲ့ ကောင်စုတ်လေးပဲ”
“ မဟုတ်ဘူး။ ခင်ဗျားကမှ စိတ်ဝင်စားစရာကောင်းတာ။ ခင်ဗျားက အဲဒီလိုတာအိုမျိုးနဲ့ ဘယ်လိုလုပ်ပြီးတော့ သူတော်စင် နယ်ပယ်အဆင့်ကို ကျင့်ကြံနိုင်ခဲ့လဲဆိုတာ တကယ်ကို သိချင်မိတယ်”
ထိုစကားကို ကြားပြီး သူဖုန်းစားက သက်ပြင်းချလိုက်သည်။ ထို့နောက် ဝမ်းနည်းမှု၊ ဒေါသ၊ မျှော်လင့်ချက်မဲ့မှုနှင့် စိတ်မပါမှုတို့က အကြည့်ထဲတွင် ဖြတ်ပြေးသွားသည်။
“ ကောင်စုတ်လေး ငါ ရူးနေတယ်ဆိုတာ ဘာကို ပြောချင်တာလဲ။ ငါ့ရဲ့ တာအိုက တစ်ခုခုဖြစ်နေလို့လား”
“ ခင်ဗျားက တကယ်ပဲ အရာအားလုံးကို သိတဲ့သူတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ထင်နေတာလား”
“ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ယင်ယန်ဧကရာဇ်က မိုးမြေအောက်မှာရှိတဲ့ အရာအားလုံးကို တွက်ချက်နိုင်ပြီးတော့ ကမ္ဘာကို စစ်တုရင်ခုံလိုမျိုး သဘောထားခဲ့တာပဲလေ”
“ အဓိက သော့ချက်က တွက်ချက်ခြင်းဆိုတာပဲ။ ဆိုလိုချင်တာက သူက မိုးမြေအောက်မှာရှိတဲ့ ဖြစ်နိုင်ချေအားလုံးကို ခန့်မှန်းနိုင်တယ်။ ပြီးတော့ အဲဒါကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် နည်းလမ်းကို ဖန်တီးတယ်။ ဒါပေမဲ့ ခင်ဗျားလုပ်နေတာက စကြဝဠာထဲမှာရှိတဲ့ အရာအားလုံးကို သိဖို့၊ ဖြစ်နိုင်ချေရှိတဲ့ အရာတွေကို တစ်ရာ ရာခိုင်နှုန်း သေချာသိဖို့၊ တည်ရှိနေတဲ့ တာအိုတွေအားလုံးကိုသိဖို့ လုပ်နေတာလေ”
သူဖုန်းစားက ထပ်ပြီး သက်ပြင်းချကာ ဝမ်ဝေ့ကို မကြည့်တော့ဘဲ ကျားကွက်ခုံကိုသာ စိုက်ကြည့်လိုက်သည်။ သို့သော် ဝမ်ဝေ့က စကားပြော မရပ်ပေ။
“ ကျွန်တော် ခင်ဗျားကို မေးပါဦးမယ်။ မဟာဧကရာဇ်တစ်ပါးက အရာအားလုံးကို သိတဲ့သူဖြစ်လာတယ်လို့ ခင်ဗျား ကြားဖူးလား။ အကောင်းဆုံးထဲကသူတွေတောင်ပေါ့”
“ မကြားဖူးဘူး”
“ အဲဒါပဲ။ ကောင်းကင်တာအိုက ညှာတာစိတ်ကင်းမဲ့ပြီးတော့ အရာအားလုံးကို တန်းတူညီမျှပဲ ဆက်ဆံတယ်။ အဲဒါကြောင့် ပုရွက်ဆိတ်နဲ့ မဟာဧကရာဇ်ကြားမှာ ဘာကွာခြားချက်မှ မရှိဘူး။ သူတို့မှာ ကန့်သတ်ချက်တွေ၊ ချုပ်နှောင်မှုတွေ ရှိနေတုန်းပဲ”
သူဖုန်းစားက ထိတ်လန့်သွားသော မျက်နှာထားဖြင့် ဝမ်ဝေ့ကို ကြည့်ပြီးနောက် စတင် ရယ်မောကာ ပြောလိုက်သည်
“ ဟား…ဟား…ဟား…မင်းက ငါ့ကို အရူးလို့ ခေါ်ပြီးတော့ မင်းကကျတော့ ပုရွက်ဆိတ်ကို မိုးမြေကြားမှာ အမြင့်မြတ်ဆုံး ဖြစ်တည်မှုထဲက တစ်ခုနဲ့ နှိုင်းယှဉ်နေပါလား”
သို့သော် ဝမ်ဝေ့က တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်
“ အဲဒါက ခင်ဗျားနဲ့ ကျွန်တော်ကြားက ကွာခြားချက်ပဲ။ ခင်ဗျားက မဟာဧကရာဇ်ကို စိတ်ကူးမယဉ်နိုင်တဲ့ ဖော်ပြလို့မရနိုင်တဲ့အရာလို့ မြင်ပေမဲ့ ကျွန်တော်ကတော့ နောက်ထပ် ကျင့်ကြံဆင့်တစ်ခုလို့ပဲ မြင်တယ်။ ပြီးတော့ အဆုံးမဲ့ ဖြစ်နိုင်ချေတွေရှိတဲ့ အဆုံးမဲ့လေဟာနယ်ထဲမှာ မဟာဧကရာဇ်က ဘာမှမဟုတ်ဘဲ အစစ်အမှန် စွမ်းအားကြီးတဲ့ ဖြစ်တည်မှုတွေရဲ့ ရှေ့မှာ ပုရွက်ဆိတ်ကြီး တစ်ကောင်သာသာပဲ ရှိနေမလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ”
သူဖုန်းစားက အရယ်ရပ်သွားပြီး ဝမ်ဝေ့ကို လေးနက်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။ ကောင်းကင်တာအိုကို ကျင့်ကြံသောသူ တစ်ယောက်အနေဖြင့် သူက ကမ္ဘာ၏ လျှို့ဝှက်နက်နဲသော လျှို့ဝှက်ချက်များကို သိထားသည်။ သို့သော် သက်တမ်း နှစ်ရာအောက်သာ သက်တမ်းရှိသည့် သူငယ်နှာမစင်သော ကောင်စုတ်လေးက ထိုလျှို့ဝှက်ချက်များကို ဆင်ခြင်သုံးသပ် ကောက်ချက်ချနိုင်နေသည့်အတွက် ရိုးရှင်းသည့်သူ တစ်ယောက်တော့ မဟုတ်နိုင်ပေ။
သူဖုန်းစားက ရယ်ပြီးသွားသလို စဉ်းစားတွေးတောခြင်းလည်း ပြီးသွားသည့်အခါ ကျားကွက်ခုံကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် ပြောလိုက်သည်
“ ဒါဆိုရင် အမွေခံသားတော် ဝမ်ဝေ့ … ကျုပ် ဘာလုပ်သင့်တယ်လို့ ထင်လဲ။ လမ်းစဉ်ကို စွန့်ပစ်လိုက်ရမှာလား”
“ မလိုအပ်ပါဘူး။ ဒီကမ္ဘာမှာ ကောင်းကင်တာအိုကို အောင်အောင်မြင်မြင်နဲ့ ကျင့်ကြံနိုင်တဲ့သူက တစ်ယောက်အပြင် မရှိဘူး”
“ ကောင်းကင်တာအို” သူဖုန်းစားက လေးနက်သောအကြည့်ဖြင့် ကြည့်ရင်း ပြန်ဖြေလိုက်သည်။
“ ဟုတ်တယ် မရေတွက်နိုင်တဲ့ ကမ္ဘာတိုင်းက ကောင်းကင်တာအို တစ်ခုစီ ရှိတယ်။ အားလုံးကို ဆက်နွယ်လိုက်မယ်ဆိုရင် နှစ်ပေါင်းသန်းကုဋေချီ၊ လူပေါင်း သန်းကုဋေချီနဲ့ ကမ္ဘာပေါင်း သန်းကုဋေချီရဲ့ ဗဟုသုတတွေကို မျှဝေနိုင်လောက်တယ်။ အဲဒီနည်းကိုသုံးမှာပဲ ကောင်းကင်တာအိုက အရာအားလုံးကို သိတယ်ဆိုတဲ့ ဖြစ်တည်မှုနဲ့ နီးစပ်ရုံပဲ ရှိသေးတာ။ ဒါပေမဲ့ များပြားတဲ့ ကန့်သတ်ချက်နဲ့ ဖြစ်နိုင်ချေတွေ အများကြီး ရှိသေးလို့ မလုံလောက်သေးဘူး”
သူဖုန်းစားက နောက်ထပ်တစ်ခါ ထိတ်လန့်သွားမိသည်။ သူက ထိုဖြစ်နိုင်ချေကို ဘယ်တုန်းကမှ မစဉ်းစားခဲ့မိပေ။
“ ဒါက ငါ့ကို ဘယ်လို အထောက်အကူပေးမှာလဲ”
“ ရိုးရှင်းပါတယ်။ ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ပြီး လျှို့ဝှက်ချက်၊ ဗဟုသုတနဲ့ နည်းလမ်းအားလုံးကို ရရှိသွားရင် တာအိုကို ဆက်လက်လုပ်ဆောင်ဖို့ အခွင့်အရေး ရလာလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားကို ကောင်းကင်တာအိုက အလွယ်တကူ ဝါးမျိုသွားပြီးတော့ သူ့ရဲ့ ရုပ်သေးရုပ်ဖြစ်လာနိုင်လို့ အန္တရာယ်များတဲ့ နည်းလမ်းပဲ”
ဝမ်ဝေ့၏ စကားလုံးများကို ကြားပြီးနောက် သူဖုန်းစား၏ အကြည့်များ တောက်ပလာသည်။ သူ စဉ်းစားကြည့်လေလေ ထိုနည်းလမ်း၏ ဖြစ်နိုင်ချေကို သတိထားမိလေလေ ဖြစ်၏။ ထို့နောက် သူဖုန်းစား၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားကြီး အရှိန်အဝါ ထွက်ပေါ်လာပြီးနောက် ဘေးပတ်လည်ရှိ ကောင်းကင်တွင် ရွှေရောင်တိမ်တိုက်များ ထွက်ပေါ်လာသည်။ မရေတွက်နိုင်သော သံကြိုးကဲ့သို့သော အရာများကလည်း သူ့ကို စတင်ဝန်းရံလာကြသည်။ ထိုအရာများက ကမ္ဘာလောက၏ စည်းမျဉ်းများ ဖြစ်သည်။ ထိုသူဖုန်းစားက ဉာဏ်အလင်းပွင့် အခြေအနေသို့ ဝင်ရောက်သွားသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ဘေးပတ်လည်ရှိ မြင်ကွင်းအားလုံး ပျောက်ဆုံးသွားပြီးနောက် သူဖုန်းစားက ရယ်မောကာ ရေရွတ်လိုက်သည်
“ ဒါဆို ဒီလိုပေါ့။ နောက်ဆုံးတော့ ငါ့လမ်းစဉ်ကို ရှေ့ဆက်သွားဖို့ နည်းလမ်းတွေ့ခဲ့ပြီ”
သူ စိတ်ငြိမ်သွားပြီးနောက် သူဖုန်းစားက ဝမ်ဝေ့ကို ပျော်ရွှင်သော အပြုံးဖြင့် စိုက်ကြည့်ပြီး ပြောလိုက်သည်
“ ကောင်စုတ်လေး နည်းလမ်းပေးတဲ့အတွက် အကြွေးပြန်ဆပ်ဖို့ မင်းရဲ့ တောင်းဆိုချက်တစ်ခုကို လက်ခံပေးမယ်”
“ ကျွန်တော်ရဲ့ နောက်လိုက်တွေထဲက တစ်ယောက် ဖြစ်လာပါ့လား” ဝမ်ဝေ့က တိုက်ရိုက် တောင်းဆိုလိုက်သည်။
“ ဟား…ဟား…ဟား… ကောင်စုတ်လေး။ ကံမကောင်းစွာနဲ့ မင်းက ဘယ်လောက်ပဲ အရည်အချင်းရှိပြီး ထူးခြားတဲ့သူဖြစ်နေပါစေ မင်းရဲ့ နောက်လိုက်လုပ်ဖို့ မထိုက်တန်ပါဘူး။ မင်း ငါ့ထက် ခွန်အားကြီးသွားတဲ့အခါမှ လုပ်မယ်”
ထိုစကားကို ပြောပြီးနောက် သူဖုန်းစားက အမှတ်အသားပြား တစ်ခုကို ထုတ်ကာ ဝမ်ဝေ့ဆီ ပေးလိုက်ပြီး ပြောသည်
“ မင်း စိတ်ရှုပ်တဲ့အခါဖြစ်ဖြစ် ထူးခြားတဲ့ အချက်အလက် ဒါမှမဟုတ် လမ်းညွှန်မှု လိုအပ်တဲ့အခါဖြစ်ဖြစ် ငါ့ကိုရှာဖို့ ဒီအမှတ်အသားပြားကို သုံးလိုက်။ ငါ သိသမျှအားလုံး ပြောပြမယ်”
ဝမ်ဝေ့က အမှတ်အသားပြားကို ထူးဆန်းစွာဖြင့် စိုက်ကြည့်ပြီး ပြောလိုက်သည်
“ ကျွန်တော်က ဘာလို့ ခင်ဗျားရဲ့ ညွှန်ကြားချက်ကို လိုအပ်မှာလဲ”
“ မင်းက ကံကြမ္မာတာအိုကို ကျင့်ကြံတယ် ဟုတ်တယ်မလား”
ခဏတာ မျက်မှောင်ကြုတ်ပြီးနောက် သူ ပြန်ဖြေလိုက်သည်
“ ဟုတ်တယ်”
“ ဒါဆိုရင် မင်း ဒါကို သေချာပေါက် လိုအပ်လာလိမ့်မယ်” ထို့နောက် သူဖုန်းစားက ပျောက်ကွယ်သွားလေသည်။ နေရာတွင် အမှတ်အသားပြားကို စိုက်ကြည့်ကာ နားမလည်နိုင်ဖြစ်နေသည့် ဝမ်ဝေ့တစ်ယောက်သာ ကျန်ရှိနေခဲ့သည်။