ဖိတ်ကြားမှု
Vol. 14 Ch. 194
အခန်း (၁၉၄) : ဖိတ်ကြားမှု
ဝမ်ဝေ့က သူဖုန်းစား၏ ထူးထူးဆန်းဆန်း စကားလုံးများကို စဉ်းစားလို့ ပြီးသွားသည့်အခါ လူအများက သူ့ကို ဝန်းရံထားသည်ကို သူ သတိထားလိုက်မိသည်။ သူတို့၏ ယူနီဖောင်းများအရ ကျောင်းတော်၏ အမှုထမ်းများဖြစ်ကြောင်း သိလိုက်ရသည်။
သူတော်စင်တစ်ပါး၏ အရှိန်အဝါကို အာရုံခံမိပြီး သူတို့ ရောက်လာသည်က အဓိပ္ပာယ် ရှိသည်။ အဖွဲ့၏ ခေါင်းဆောင် ဖြစ်သည့်ပုံပေါ်သည့်သူတစ်ယောက်က ဝမ်ဝေ့ အနားသို့ ချဉ်းကပ်လာပြီး ပြောလိုက်သည်
“ အမွေခံသားတော် ကျုပ်တို့ စောင့်နေခဲ့တာ” ထိုသူက သူဖုန်းစားကို စိတ်ဝင်စားသည့်ပုံ မပေါ်ပေ။ အရှင်းဆုံးပြောရလျှင် သူ့ တည်ရှိမှုကို သတိပြုမိပြီးသား ဖြစ်နေပုံပေါ်သည်။
ဝမ်ဝေ့က သူ့ကို စကားပြောနေသောသူအား စိုက်ကြည့်လိုက်သည်။ ထိုသူက သူတော်စင်ဖြစ်ပြီး သူ့ကို စောင့်နေရသည့်အတွက် မကျေမနပ်ဖြစ်နေသည်ကို အလွယ်လေး အာရုံခံမိလိုက်သည်။ သူတင်မကသေးဘဲ ဆရာနှင့်အတူ ပါလာသော လူအားလုံးတွင် တူညီသော သဘောထားမျိုး ရှိနေသည်။ သို့သော် ထိုလူများက သူတို့၏ စိတ်ခံစားချက်ကို မျက်နှာပေါ်တွင် အလွယ်တကူ ပြသနေကြသည်။
သို့သော် ဝမ်ဝေ့ ဂရုမစိုက်ပေ။ ကျောင်းတော်က အဓိကအခမ်းအနားကို သူ မပါဘဲ စတင်လိုက်လို့ရသော်လည်း သူတို့ ထိုသို့မလုပ်ခဲ့သည့် အကြောင်းအရင်းက သူ့တည်ရှိမှုဖြင့် ကမ္ဘာ၏ အာရုံစိုက်မှုကို ရယူရန် လိုအပ်သည့်အတွက် ဖြစ်သည်။
သို့သော် ဝမ်ဝေ့က ဆရာရှေ့တွင် ဘယ်လိုမောက်မာမှုမျိုးကိုမှ မပြသခဲ့ပေ။ ဘုရင်ဟောင်းတစ်ယောက်အနေဖြင့် နိုင်ငံရေးကစားပွဲများ ဘယ်လိုအလုပ်လုပ်လဲဆိုတာ သိနေသည့်အတွက် တည်ငြိမ်စွာ ပြုံးရင်း ပြောလိုက်သည်
“ အချိန်ဆွဲမိတဲ့အတွက် တောင်းပန်ပါတယ်။ မြို့က အရမ်းကို ရင်သပ်ရှုမောစရာကောင်းလို့ ကျွန်တော်လည်း မတတ်နိုင်ဘဲ ငေးမောမိသွားတယ်”
ဝမ်ဝေ့ ထိုစကားကို ပြောလိုက်ပြီးနောက် လူအများစု၏ မျက်နှာပေါ်မှ စိတ်အနှောင့်အယှက် ဖြစ်သည့်ပုံစံများ ပျောက်ကွယ်သွားကာ ကျေနပ်ဟန်များ အစားထိုးဝင်ရောက်လာသည်။ ဤကျော်ကြားသော အမွေခံသားတော် နောက်ကျနေရသည့် တစ်ခုတည်းသော အကြောင်းအရင်းကလည်း သူတို့ကျောင်းတော်၏ မြို့တော်လှပမှုကြောင့် ဖြစ်နေသည်။ ထို့ကြောင့် သူတို့ကို ကြည့်ရတာ အတော်လေး ကျေနပ်နေပုံပေါ်သည်။
ဆရာက ဝမ်ဝေ့ လုပ်ခဲ့သည့်အရာကို ပြောနိုင်သည့်အတွက် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ဗလာသပ်သပ် ချီးကျူးမှုအနည်းငယ်နှင့်အတူ သူ၏ ဘေးပတ်လည်ရှိ လူများ၏ မကောင်းသော အမြင်ကို ပြောင်းပြန်လှန်လိုက်နိုင်သည်။ ထိုကဲ့သို့သော ခံစားချက် လှုံ့ဆော်မှုကြောင့် သူ သက်ပြင်းချလိုက်မိသည်။
ငါတို့ရဲ့ တပည့်လေး လင်းဖန်ကတော့ ဒီကောင်းကင်ရွေးချယ်ခံတွေကို လိုက်မှီဖို့ဆိုရင် အတော်လေး ကြိုးစားရဦးမယ်
ဆရာက တိတ်တဆိတ် တွေးလိုက်သည်။
“ ဒီမြို့က အမွေခံသားတော်ကို ကျေနပ်စေတယ်ဆိုလို့ ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ကျုပ်က အမွေခံသားတော်ကို အဓိကနေရာဆီ ခေါ်သွားဖို့ လာခဲ့တာပါ”
ဝမ်ဝေ့က ခေါင်းညိတ်ပြကာ လမ်းပြသောအဖွဲ့နောက်သို့ လိုက်သွားသည်။ သူတို့က ထူးခြားသောနေရာတစ်ခုသို့ ပျံသန်းသွားသည်။ ကျောင်းတော်မြို့တော်က မတူညီသော အစိတ်အပိုင်းများအဖြစ် ခွဲထားသည်ကို ဝမ်ဝေ့သိသည်။ သူ သူဖုန်းစားနှင့် တွေ့ခဲ့သည့်နေရာက အပြင်ဘက်ပိုင်းဖြစ်ပြီး လည်ပတ်ချင်သူအားလုံး လာရောက်နိုင်သည့်နေရာ ဖြစ်သည်။
ထိုနေရာကို ကုန်သွယ်ရောင်းဝယ်ခြင်းနှင့် ကျောင်းသား မိသားစုများအတွက် နေထိုင်ရာအဖြစ် အဓိကထားပြီး အသုံးပြုသည်။ ကျောင်းတော်၏ စည်းကမ်းအရ ကျောင်းသားများက သူတို့နှင့်အတူ မိသားစုအနည်းငယ်သာ ခေါ်ခွင့်ရှိသည်။ ခြွင်းချက်အချို့တော့ သေချာပေါက်ရှိသည်။
ဝမ်ဝေ့ ဦးတည်သွားသည့်နေရာက ပို့ဆောင်ရေး အစီအရင် ရှိသည့်နေရာ ဖြစ်၏။ မြို့က အင်မတန် ကျယ်ဝန်းသည့်အတွက် အလျင်အမြန် လမ်းညွှန်အတိုင်း သွားလာရန် လိုအပ်သည်။
ပို့ဆောင်ခြင်း အနည်းငယ် ပြီးသွားပြီးနောက် ဝမ်ဝေ့တို့အဖွဲ့ ဟင်းလင်းပြင်သို့ ရောက်ရှိလာကြသည်။ သူ့ရှေ့တွင် အဆောက်အဦးများနှင့် ပြည့်နှက်နေသော ကျယ်ပြန့်သည့် မြို့နှင့် လှုပ်ရှားသွားလာနေသော လူများကို မြင်နိုင်သည်။ သို့သော် ဤမြို့နှင့် ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူ ခံစားရသည်။
ထိုအရာကို အစစ်အမှန်လို့ မခံစားရဘဲ ပုံရိပ်ယောင်ဟု ခံစားနေရသည်။ ထို့ကြောင့် သူက စက္ကန့်အနည်းငယ်ကြာ လေ့လာပြီး မေးလိုက်သည်
“ အဲဒါက လေဟာနယ်တံလျှပ်လား”
“ သိပ်ကောင်းတဲ့ စူးစမ်းလေ့လာမှုပဲ အမွေခံသားတော်။ ကျောင်းတော်အစစ်က ပြင်ပလောကနဲ့ သီးသန့်ခွဲထားတဲ့ လျှို့ဝှက်နယ်ပယ်ထဲမှာ ရှိတာပါ။ ဒါပေမဲ့ လေဟာနယတံလျှပ်က လူထုဆီကနေ ဖုံးကွယ်ဖို့ သုံးထားသလို အကာအကွယ်တစ်မျိုးအနေနဲ့လည်း သုံးထားတာ”
ထိုစကားကို ပြောရင်း ဆရာက ဝမ်ဝေ့ကို အမှတ်အသားပြားတစ်ခု ပေးလိုက်ပြီး လျှို့ဝှက်နယ်ပယ်ထဲသို့ ဝင်ရန် ထိုအမှတ်အသားပြားကို လိုအပ်ကြောင်း ရှင်းပြလိုက်သည်။ နောက်အမှတ်အသားပြား တစ်ခုကိုတော့ ဝမ်ဝေ့ကို တိတ်တဆိတ် ကာကွယ်နေသည့် ယန်းချန်အား ပေးလိုက်သည်။ မဟုတ်လျှင် သူ အတင်းချိုးဖောက်ဝင်ရောက်ပါက ကျောင်းတော်၏ ရာထူးမြင့်သူများကို နိုးနိုးကြားကြား ဖြစ်သွားစေလိမ့်မည်။
အမှတ်အသားပြားကို အသက်သွင်းပြီးနောက် ရေထုထဲ ဖြတ်သန်းသွားရသလိုမျိုး ဝမ်ဝေ့ ခံစားလိုက်ရသည်။ ထို့နောက် မိုးမြေလည်း ပြောင်းလဲသွားပုံပေါ်ပြီး ကမ္ဘာတစ်ခုမှ တခြားကမ္ဘာတစ်ခုသို့ ပို့ဆောင်ခံလိုက်ရသကဲ့သို့ ခံစားနေရသည်။
ထို့နောက် ချက်ချင်းပင် ဝမ်ဝေ့က သူ့ကိုယ်သူ ပျံသန်းနေသည်ကို သိလိုက်ရပြီး သူ့အောက်ရှိ အရာအားလုံးကို ငုံ့ကြည့်လိုက်သည်။ ကျယ်ပြန့်သော ကုန်းမြေများ၊ တောအုပ်များ၊ နေရာအနှံ့ပြန့်ကျဲနေသော တောင်တန်းများနှင့် အရာအားလုံး၏ အလယ်ခေါင်တွင် ရှိနေသော လှပသည့်မြို့ကို မြင်နေရသည်။ ထိုမြို့၏ အလယ်တည့်တည့်တွင် မြင့်မားပြီး ခမ်းနားကာ “ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်”ဟု ရွှေရောင်စာလုံးများဖြင့် ထွင်းထားသော အဆောက်အဦးတစ်ခုကို တွေ့လိုက်ရသည်။
ထိုရေးသားချက်တွင် ထူးခြားသော တာအိုကာရံကို ထည့်သွင်းထားသည့်အတွက် ထိုစာကို ရေးသူက ဘယ်သူဖြစ်ဖြစ် အင်မတန် စွမ်းအားကြီးပြီး တာအိုကို လေးနက်စွာ နားလည်သည့်သူတစ်ယောက် ဖြစ်ကြောင်း ဝမ်ဝေ့က အလွယ်တကူ သတိထားလိုက်မိသည်။
ဝမ်ဝေ့က မြို့ကို လှည့်ပတ်ကြည့်ရှုချင်သေးသော်လည်း လာခေါ်သောအဖွဲ့က သူ့ကို အခွင့်အရေး မပေးပေ။ သူတို့က အရင်ရောက်နှင့်နေသော တာအိုအခွင့်အလမ်းဂိုဏ်းမှ တခြားဂိုဏ်းအဖွဲ့ဝင်များနှင့် မျှပြီး သုံးရမည့် နေရာထိုင်သို့ တိုက်ရိုက် ခေါ်ဆောင်သွားပေးသည်။
ထို့ကြောင့် ဝမ်ဝေ့က ဆွံ့အသောအကြည့်ဖြင့် နေအိမ်ထဲသို့ ဝင်သွားကာ သူ့အဖွဲ့နှင့် ပြန်လည်ဆုံစည်းလိုက်သည်။ ထို့နောက် သူတို့၏ ပုံမှန်အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့သည်။
“ ထျဲ့ကန် ဘယ်မှာလဲ” ဝမ်ဝေ့က သူ ပျောက်နေသည်ကို သိသိချင်း မေးမြန်းလိုက်သည်။
“ သူက အစ်ကိုကြီးနဲ့ လွန်ခဲ့တဲ့ ငါးနှစ်လောက်က စကားပြောပြီးကတည်းက ဉာဏ်အလင်းပွင့်သွားပြီးတော့ သူ့ရဲ့ အလောင်းကောင်စစ်တပ်ကို လေ့ကျင့်ပေးဖို့ နည်းလမ်းကို ဖန်တီးဖို့ဆိုပြီး သီးသန့်ကျင့်ကြံနေတယ်” ယန်းလီလင်းက ပြန်ဖြေလိုက်သည်။
“ အဲလိုလား။ ကောင်းပြီလေ။ ငါ လွတ်သွားတာ ဘာတွေရှိသေးလဲ”
လီကျွင်းက ထိုအကြောင်းကို ကြားပြီး ချက်ချင်း စိတ်လှုပ်ရှားလာပြီး သူ့အတွေ့အကြုံကို စတင်ပြောပြတော့သည်
“ အစ်ကိုကြီး ပြီးခဲ့တဲ့ လ အနည်းငယ်တုန်းက ဖွင့်ပွဲအခမ်းအနားမှာ ရှိနေခဲ့သင့်တာ။ ကောင်းကင်ရွေးချယ်ခံတွေအားလုံးက သူတို့စဉ်းစားလို့ ရသမျှထဲမှာ အကြီးကျယ်ဆုံးအဖွင့်နဲ့ ဝင်လာကြတာ”
“ ဥပမာပြောရမယ်ဆိုရင် လင်းဖန်က မိန်းမလှရာကျော် ဝန်းရံလာတဲ့ ရထားလုံး စီးပြီး ရောက်လာခဲ့တာ။ ကျီစုန့်ရဲ့ ရထားလုံးကိုကျတော့ စွမ်းအားကြီး နတ်ဆိုးသားရဲစစ်တပ်က ဆွဲလာတာ။ သူ့ဆီမှာ နတ်ဆိုးသားရဲစစ်တပ်ကို ဦးဆောင်တဲ့ ရွှေရောင်ဧရာမငှက်ကြီးတောင် ပါတယ်။ သူက တော်ဝင်သွေးမျိုးဆက်ရှိတဲ့ နတ်ဆိုးမျိုးနွယ်ကို ယဉ်ပါးအောင် လုပ်လိုက်နိုင်တာကို မယုံနိုင်သေးဘူး”
“ အဲဒါက အကုန် မဟုတ်သေးဘူး။ စုယာကိုကျတော့ လူတွေနဲ့ ပြုလုပ်ထားတဲ့ ပလ္လင်ပေါ်မှာ သယ်လာခဲ့တာ။ အစ်ကိုကြီး အဲဒါကို မြင်လိုက်သင့်တာ။ သူမ ပလ္လင်ပေါ်ကနေ ဆင်းလာတဲ့အချိန် လူတွေက ဒူးထောက်ရှိခိုးပြီး သူမ တက်နင်းသွားဖို့ လမ်းကြောင်း ဖန်တီးပေးခဲ့တာ”
ဝမ်ဝေ့က ယနေ့အတွက် ဒုတိယအကြိမ် ပြောစရာစကား မရှိဖြစ်ကာ ဆွံ့အသွားရသည်။ သို့သော် လီကျွင်းက ပြောလို့ မပြီးသေးပေ။ သူက လက်ဖက်ရည်ကြမ်း တစ်ငုံ ဆက်သောက်ပြီးနောက် ဆက်ပြောလိုက်သည်
“ အဲဒါက အဆိုးဆုံးတောင် မဟုတ်သေးဘူး။ နတ်ဆိုးမျိုးနွယ်ရဲ့ မျိုးနွယ်ဝင်တွေကို လည်ပင်းမှာ သံကြိုးခတ်ခံထားရတဲ့ သူတွေက သယ်လာပေးတာ။ ပြီးတော့ သူတို့က အဲဒီလူတွေကို ကြာပွတ်နဲ့ ရိုက်ပြီး ကျေနပ်နေကြတာ။ အဲဒါကြောင့် သူတို့ သေတောင် သေတော့မလို့။
ကျွန်တော်ဆိုကြည့်ရင်း အရမ်း ဒေါသထွက်လာမိရော။ ဒါပေမဲ့ ကျောင်းတော်က ဘာမှမပြောမှတော့ ကျွန်တော်လည်း ဝင်ပြီးတော့ မစွက်ဖက်ခဲ့ဘူး”
“ အဆိုးရွားဆုံးက မိစ္ဆာကျင့်ကြံသူတွေလို့ ပြောရမယ်။ အဲဒီလူတွေက ပုပ်နေတဲ့ အလောင်းကောင်၊ ဇွန်ဘီတွေနဲ့ တစ္ဆေတွေကို သူတို့ရဲ့ ရထားလုံးကို ဆွဲခိုင်းခဲ့တာ။ အဲဒါက အတော်လေး ရွံဖို့ကောင်းတယ်”
ဝမ်ဝေ့က သက်ပြင်းချကာ သူလည်း စောစောလာပြီး ခမ်းနားသော ဝင်ရောက်မှုကို ဖန်တီးခဲ့ရင် ကောင်းသားဆိုပြီး စတင် တွေးတောလာမိသည်။ သို့သော် အခုက အရမ်းနောက်ကျသွားပြီဖြစ်သလို တွေးနေလျှင်လည်း အကျိုးမရှိတော့သည့်အတွက် ထိုအတွေးများကို စိတ်ထဲမှ အမြန် ဖယ်ရှားလိုက်သည်။
“ ဒါဆို မင်းရော ခမ်းခမ်းနားနား ဝင်ရောက်ခဲ့တာပေါ့”
“ ဒါပေါ့ အစ်ကိုကြီးရဲ့။ ကျွန်တော်ရဲ့ ပင်ကိုစွမ်းရည်ကို သုံးလိုက်တော့ ကျွန်တော့်အလှည့်မှာ ဘယ်သူထက်မှ နောက်ကျ ကျန်မနေခဲ့ပါဘူး။ ကျွန်တော်တို့ တာအိုအခွင့်အလမ်းဂိုဏ်းကို မျက်နှာပျက်အောင် မလုပ်ခဲ့ပါဘူး”
ဝမ်ဝေ့က ခေါင်းညိတ်ပြလိုက်သော်လည်း ယန်းလီလင်းက ထောင့်တွင် မျက်လုံးများကို လှည့်လိုက်သည်ကို သူ မြင်လိုက်ရသည်။ သူမက လီကျွင်း၏ ခမ်းခမ်းနားနား ဝင်ရောက်မှုဆိုတာကို မကြိုက်သည်မှာ သေချာသော်လည်း သူ့စိတ်လှုပ်ရှားမှုကို မဖျက်ဆီးပစ်ချင်သည့်အတွက် ဘာမှဝင်မပြောပေ။ ဝမ်ဝေ့ကတော့ အတွဲကိစ္စများကို လျစ်လျူရှုထားလိုက်သည်။
“ ဝမ်ကျူရော ဘာတွေ အစီရင်ခံဖို့ရှိလဲ”
“ သခင်လေး ကျွန်မက ကျောင်းတော်ကို လာတဲ့လူအားလုံးရဲ့ အခြေခံအချက်အလက်ကို စုဆောင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါမတိုင်ခင် မနက်ဖြန် ဖိတ်ကြားမှုတစ်ခု တက်ရောက်ဖို့ ရှိပါတယ်”
“ အဲဒီဖိတ်ကြားမှုနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ ထူးခြားနေလို့လဲ”
“ အဲဒါက မိန်းကလေး ရှီရှစ်ဆီကပါ”
“ ဘယ်သူ”
“ ကုန်သွယ်ရေးအဖွဲ့အစည်း ခေါင်းဆောင်ရဲ့ တစ်ဦးတည်းသော သမီး ရှီရှစ်ပါ။ သူမကို ဒီမျိုးဆက်ရဲ့ ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ်လည်း သတ်မှတ်ထားခံရတယ်”
“ ကမ္ဘာပေါ်မှာ အလှဆုံး အမျိုးသမီးဟုတ်လား။ သူမကိုယ်သူမ အဲဒီလို ဂုဏ်ပုဒ်မျိုးပေးတာက နည်းနည်းတော့ မောက်မာမနေဘူးလား”
“ သခင်လေး အဲဒီ ဂုဏ်ပုဒ်ကို သူမဘာသာသူမ ပေးခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အသင်္ချေအင်ပါယာကမ္ဘာမှာ နံပါတ်တစ်အလှဆုံးအဖြစ် လူထုကို အသိပေးထားတဲ့ စာရင်း ရှိတယ်လေ”
ဝမ်ဝေ့က သူမ ဆိုလိုသည်ကို နားလည်သွားပြီးနောက် ခဏတာ စဉ်းစားကာ ပြောလိုက်သည်
“ အဲဒီဖိတ်ကြားမှုကို ရတာက ငါ တစ်ယောက်တည်း မဟုတ်ဘူးလို့ ခန့်မှန်းမိတယ် ဟုတ်လား”
“ ဟုတ်ပါတယ် သခင်လေး။ မတူညီတဲ့ ဂိုဏ်းတွေရဲ့ ကောင်းကင်ရွေးချယ်ခံတွေ အားလုံးလည်း တူညီတဲ့ ဖိတ်ကြားမှုကို ရရှိခဲ့ပါတယ်”
ဝမ်ဝေ့က ရှီရှစ်၏ အစီအစဉ် သို့မဟုတ် သူမ အဖေ၏ အစီအစဉ်ကို ဝမ်ဝေ့ ခန့်မှန်းမိသည့်အတွက် ခေါင်းညိတ်ပြလိုက်သည်။ ကမ္ဘာပေါ်တွင် အလှပဆုံးအမျိုးသမီးဟူသော ဂုဏ်ပုဒ်ကို အသုံးပြုကာ ပါရမီရှင်များနှင့် အနာဂတ် အင်အားစုများကို ဖိတ်ကြားကာ သူမကို ပိုင်ဆိုင်ဖို့ စိတ်ဝင်စားသည့်သူ ရှိ၊ မရှိကို ကြည့်ချင်သည့်အတွက် ဖြစ်သည်။
ဝမ်ဝေ့က အမျိုးသမီးများကို အရာဝတ္ထုလိုမျိုး အသုံးပြုသည့် နည်းလမ်းကို မုန်းတီးရွံရှာသော်လည်း ဤကမ္ဘာက သူ၏ ယခင်ဘဝလိုမျိုး တိုးတက်နေသည့် ယဉ်ကျေးမှုရှိသည့်နေရာ မဟုတ်သည်ကို သူ နားလည်သည်။ ထို့အပြင် စွမ်းအားကြီးသော အမျိုးသားများက လှပသော အမျိုးသမီးများကို ပိုင်ဆိုင်ချင်သည် ဆိုသောအချက်က ဤကမ္ဘာ၏ ရိုးရှင်းသော အမှန်တရား ဖြစ်သည်။
ထို့အပြင် ဤကမ္ဘာတွင် ကျား၊မ မမျှတမှုကလည်း စိတ်ကူးထားလောက်သည်အထိ အရေးမပါပေ။ အမျိုးသမီးတစ်ယောက်က လုံလောက်အောင် စွမ်းအားကြီးလျှင် သူမ လုပ်ချင်တာကို လုပ်နိုင်သည်။ သူ၏ ကိုယ်ပိုင်မောင်းမဆောင်ပင် ဖွင့်လှစ်နိုင်သည်။ ထိုအရာနှင့် ပတ်သက်ပြီး သူမကို ဘယ်သူမှ ဝေဖန်ပြောဆိုခွင့် မရှိပေ။
အဆုံးသတ်တွင် ကျင့်ကြံရေးလောက၌ အရာအားလုံးက ခွန်အားအပေါ် မူတည်သွားသည်။
သို့သော် ဝမ်ဝေ့က ရှီရှစ်၏ ရည်ရွယ်ချက်ကို ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်က ထိုနေရာတွင် တခြားကောင်းကင်ရွေးချယ်ခံ အားလုံးနှင့် တတ်နိုင်သလောက် မြန်မြန်တွေ့နိုင်သည့် အခွင့်အရေး ဖြစ်၏။