← Chapters

ဘယ်သူက ထိုက်တန်တာလဲ

Vol. 14 Ch. 196

ဘယ်သူက ထိုက်တန်တာလဲ

Vol. 14 Ch. 196

အခန်း (၁၉၆) : ဘယ်သူက ထိုက်တန်တာလဲ

တွေ့ဆုံပွဲသို့ မသွားခင် သူ့အနာဂတ် အစီအစဉ်များကို ပိုမို ချမှတ်နိုင်ရန်အတွက် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်နှင့် ပတ်သက်ပြီး သူ သိထားသမျှ အချက်အလက်များအားလုံးကို စတင် စဉ်းစားလိုက်သည်။

အသင်္ချေအင်ပါယာကမ္ဘာတွင် ကျောင်းတော်က ယခုလက်ရှိ ဒုတိယ အင်အားအကြီးဆုံး အင်အားစု ဖြစ်နေသော်လည်း အလယ်ပိုင်းဧကရာဇ်ခေတ်ကာလတွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည့်အတွက် တခြားအင်အားစုအားလုံးနှင့် နှိုင်းယှဉ်လိုက်လျှင် အင်မတန် သစ်လွင်နေသည်။ အရှင်းလင်းဆုံးပြောရလျှင် ကျောင်းတော်က ထိုခေတ်ကို စတင်ခဲ့ခြင်း ဖြစ်သည်။

မိစ္ဆာခေတ် ပြီးသွားသည့်အခါ အသင်္ချေအင်ပါယာကမ္ဘာက ပျက်စီးသွားစေနိုင်သည့် နောက်ထပ် ကပ်ဘေးတစ်ခုကို ကြုံတွေ့ခဲ့ရသည်။ ရလဒ်အနေဖြင့် မရေတွက်နိုင်သော ဧကရာဇ်မျိုးနွယ်များနှင့် တခြားအင်အားစုများက ထိုဖြစ်စဉ်အတွင်း ဖျက်ဆီးခံလိုက်ရသည်။ ထိုခေတ်နှစ်ခေတ်ကြားကာလတွင် များပြားသော မဟာဧကရာဇ်များ မွေးဖွားလာပြီး ကမ္ဘာကို အသစ်ပြန်လည်တည်ထောင်ရန် ကြိုးစားသော်လည်း ကျရှုံးခဲ့သည်။

ထိုအဖြစ်အပျက်က ခုံမုန့်ဟု လူသိများကြသည့် ဧကရာဇ်ခုံ မတိုင်ခင်သည်အထိသာ ဖြစ်သည်။ ဧကရာဇ်ခုံက ထိုကာလအတွင်း အရမ်းစွမ်းအားကြီးသော ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့သည်။ ထိုကာလမှ ကျန်ရှိနေခဲ့သည့် အချက်အလက်အရ ကျင့်ကြံသူများအနေဖြင့် နောက်ခံ၊ ရာထူးနှင့် အရည်အချင်းများ ဘယ်လိုပဲဖြစ်နေပါစေ သိထားသင့်သည့် ပညာနှင့် ဗဟုသုတများကို ဟောကြားပေးခဲ့သည့် အင်မတန် ဉာဏ်အလင်းပွင့်သော ပုဂ္ဂိုလ်ဖြစ်ကြောင်း သိရသည်။

မျှော်လင့်ထားသည့်အတိုင်း တခြားအင်အားစုများက ထိုအကြံဉာဏ်ကို မထောက်ခံကြပေ။ ခေတ်ပေါင်းများစွာကြာအထိ ဗဟုသုတများကို သိမ်းဆည်းဖို့ရာသာ မှတ်ယူထားကြသည်။ ဤကမ္ဘာတွင် ဗဟုသုတက စွမ်းအားနှင့် ညီမျှပြီး ဘယ်အင်အားစုမှ သူတို့၏ ကျင့်စဉ်များကို အကျိုးအမြတ် မရှိဘဲ အပြင်လူဆီ မပေးချင်ပေ။

မိစ္ဆာခေတ်အပြီးတွင် ကျင့်ကြံရေးလောကက အားနည်းပြီး စိတ်ဓာတ်လည်း နိမ့်ကျနေခဲ့သည်။ ထိုအချိန်တုန်းက အဖိုးတန်ကျင့်စဉ်အများစု ဖျက်ဆီးခံခဲ့ရသည့်အတွက် ကျင့်စဉ်များက ပိုပြီး တန်ဖိုးရှိလာသည်။

သို့သော် ခုံမုန့်ကတော့ ထိုရှုထောင့်မှ မမြင်ပေ။ ပိုမိုများပြားသော ကျင့်စဉ်များကို လည်ပတ်စေခြင်းအားဖြင့် လူအများကို ကျင့်စဉ်များ အသစ်ဖန်တီးခြင်းနှင့် ရှိပြီးသား ကျင့်စဉ်ကို ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်ရန်အတွက် ပိုပြီး စိတ်အားထက်သန်လာစေပြီး ကျင့်ကြံရေးလောကကို ပြန်လည်နိုးထလာစေကာ ပိုတိုးတက်စေလာလိမ့်မည်ဟု  ယုံကြည်ထားသည်။ သူ့ယူဆချက်လည်း မှန်ကန်ခဲ့၏။

ကောင်းကင်အလိုဆန္ဒတိုက်ပွဲအပြီးတွင် ခုံမုန့်က တာအိုကို သက်သေပြခဲ့ပြီး ဧကရာဇ်ခုံဟူသော နာမည်ကို ရယူခဲ့သည်။ ထို့နောက် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်ကို တည်ထောင်ခဲ့သည်။ အရှင်းဆုံးပြောရလျှင် “ကျောင်းတော်”ဟူသော အယူအဆကို သူ ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ဧကရာဇ်ခုံ၏ ခေတ်မတိုင်ခင်က ကျောင်းတော် ဆိုသည့်အရာမျိုး မရှိခဲ့ပေ။ ကမ္ဘာပေါ်ရှိ အင်အားစုအားလုံးကို မိသားစုများနှင့် ဂိုဏ်းများဟူ၍ နှစ်မျိုး ခွဲခြားနိုင်သည်။

မိသားစုများနှင့် မျိုးနွယ်စုများတွင် ကျင့်စဉ်အားလုံးကို မျိုးနွယ်တူ သို့မဟုတ် မျိုးနွယ် နာမည်တူသည့် လူအများအကြား လက်ဆင့်ကမ်းကြသည်။ ထိုနည်းလမ်းကို အသုံးပြုခဲ့ရသည့်အကြောင်းက ကျင့်စဉ်များကို ကာကွယ်စောင့်ရှောက်က ထိုနည်းလမ်းက အလုံခြုံဆုံးနည်းလမ်း ဖြစ်သောကြောင့် ဖြစ်သည်။ ကိုယ်ပိုင်မိသားစုနှင့် ကိုယ်ပိုင်သွေးမျိုးဆက်ကို သစ္စာဖောက်ရန် အရမ်းခက်ခဲသောကြောင့်လည်း ပါဝင်သည်။

ဂိုဏ်းများက အပြင်ဘက်မှ အရည်အချင်းရှိသည့်သူများကို ဂိုဏ်းထဲသို့ ဝင်ခွင့်ပြုခဲ့ကြသည်။ သို့သော် ထိုလူများက ငယ်စဉ်ကတည်းက ခေါ်ယူခြင်း ခံခဲ့ရသည့်အတွက် ဂိုဏ်းအပေါ် သစ္စာရှိရန် ဦးနှောက်ဆေးခြင်းကို ခံခဲ့ရသည်။ ထိုကလေးများက ဂိုဏ်းကို သူတို့၏ မိသားစု၊ ကိုယ့်အသက်၏ ရှေ့တွင် ရှေ့တန်းတင်ထားရမည်ဟု သင်ကြားခြင်း ခံထားရသည်။

သို့သော် ထိုနည်းလမ်းကပင် စွမ်းအားနှင့် အရင်းအမြစ်များ မျှဝေရာတွင် မညီမျှမှုကြောင့် ပြဿနာများစွာ ရှိနေခဲ့သည်။ ထိုအရာအတွက် ပြီးပြည့်စုံသော ဥပမာက တာအိုအခွင့်အလမ်းဂိုဏ်း ဖြစ်သည်။

ဂိုဏ်းကို အင်အားစုလေးခုက အုပ်ချုပ်သော်လည်း အမြဲတမ်း မဟုတ်ပေ။ ဂိုဏ်းတည်ထောင်ပြီး အစောပိုင်းအဆင့်တွင် စွမ်းအားနှင့် အရင်းအမြစ်အများစုက ဝမ်၊ လီနှင့် ယန်းမိသားစုတို့၏ လက်ထဲတွင် ရှိနေသည်။ အမှုထမ်းအင်အားစုက များသောအားဖြင့် ဂိုဏ်းထဲတွင် အနိမ့်ဆုံးရာထူးများကိုသာ ရလေ့ ရှိသည်။ သူတို့ ရရှိသော အရင်းအမြစ်က အနည်းဆုံးပမာဏ ဖြစ်သည့်အတွက် စွမ်းအားကြီး ကျင့်စဉ်အားလုံးကို ရယူဖို့ မဖြစ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူတို့က အန္တရာယ်အများဆုံး အလုပ်များဖြစ်သည့် အသေခံစစ်သားများ သို့မဟုတ် ကျွန်များအဖြစ် လေ့ကျင့်ထိန်းကျောင်းခံခဲ့ရသည်။

အရိပ်အုပ်ချုပ်သူဧကရာဇ် ဂိုဏ်းထဲတွင် ထွက်ပေါ်လာမှသာ သူတို့က အမှုထမ်းအင်အားစု၏ အရေးပါမှုနှင့် ဂိုဏ်းအတွက် သူတို့ယူဆောင်လာနိုင်သော အကျိုးရလဒ်ကို သတိထားမိလာကြသည်။ ထို့ကြောင့် ပိုများသော စွမ်းအားနှင့် အရင်းအမြစ်ကို ပေးအပ်ခံလိုက်ရပြီး တာအိုအခွင့်အလမ်းဂိုဏ်း၏ အဓိကအင်အားစုထဲမှ တစ်ခုအဖြစ် ရာထူးတက်သွားကြသည်။

သို့သော် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က နောက်ထပ် အမွေအနှစ် နည်းစနစ်ကို ဖန်တီးလိုက်သည်။ ထိုစနစ်က ကျင့်ကြံသူများအနေဖြင့် ကျောင်းတော်ထဲသို့ ဝင်နိုင်သည်နှင့်တစ်ပြိုင်နက် ကျင့်စဉ်များနှင့် အရင်းအမြစ်များကို ရယူနိုင်မည် ဖြစ်သည်။ ကျောင်းတော်က သူတို့ကို အလကားပေးခြင်း မဟုတ်ဘဲ ထိုအဖိုးတန် ကျင့်ကြံခြင်းအရင်းအမြစ်များကို ရယူနိုင်မည့် အခွင့်အရေးအား ပေးအပ်ထားခြင်း ဖြစ်သည်။

ဥပမာအားဖြင့် ဘယ်အင်အားစုမှာမှ မပါသလို ဘယ်အင်အားစုထဲကိုမှလည်း မဝင်ချင်သည့် လေလွှင့်ကျင့်ကြံသူတစ်ယောက်က ကမ္ဘာ၏ စွမ်းအားကြီး ဧကရာဇ်မျိုးနွယ်မှ ထိန်းချုပ်ထားသော ရှားပါးပစ္စည်းတချို့ကို လိုချင်ပါက ကျောင်းတော်ထဲသို့ ဝင်ပြီး နှစ်အနည်းငယ် တာဝန်ထမ်းဆောင်ရမည်။ ထို့နောက် အကျိုးပြုအမှတ်များကို အသုံးပြုကာ ထိုကဲ့သို့သော ရှားပါးသည့်ပစ္စည်းကို ရနိုင်လိမ့်မည်။

နည်းလမ်းတကျပြောရလျှင် ကျောင်းတော်၏ စည်းမျဉ်းများအရ အကျိုးပြုအမှတ်များသာ လုံလုံလောက်လောက်ရှိပါက သူတို့ဧကရာဇ်၏ ကျမ်းများကိုပင် ဝယ်နိုင်သည်။ သို့သော် ထိုအရာက အကြီးမားဆုံးသော လိမ်ညာမှုထဲမှ တစ်ခုဖြစ်ကြောင်းကို ဝမ်ဝေ့သိသည်။

ကျင့်ကြံသူတစ်ယောက်အတွက် ထိုကဲ့သို့သော ပစ္စည်းမျိုးကို ဝယ်နိုင်ရန် လိုအပ်သည့် အကျိုးပြုအမှတ်က ရက်စက်ရာကျလွန်းပြီး သူတို့တစ်သက်လုံး ကျောင်းတော်တွင် ကျွန်ခံလျှင်ပင် ဝယ်ဖို့ မနီးကပ်နိုင်ပေ။ ထိုကဲ့သို့သော စွမ်းအားကြီး ကျင့်ကြံခြင်းကျမ်းများကို ရရှိရန်အတွက် လျှို့ဝှက်အခြေအနေများ ရှိကြောင်းကိုတော့ ထည့်ပြောစရာပင် မလိုတော့ပေ။

ကျောင်းတော်က ဤနည်းလမ်းကို သုံးကာ ဖြစ်နိုင်ချေရှိသော ပိုမိုကောင်းမွန်သည့်အနာဂတ်အတွက် မရေတွက်နိုင်သော ကျင့်ကြံသူများကို မှားယွင်းသော ကတိနှင့် မျှော်လင့်ချက်ပေးပြီး သူတို့ ကျောင်းတော်ထဲဝင်ရန် ဆွဲဆောင်လေ့ ရှိသည်။ ထိုကျမ်းများနှင့် အင်မတန်ရှားပါးပြီး တန်ဖိုးရှိသော အရင်းအမြစ်များကို ရရှိသူက ကျောင်းတော်မှ ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးထားသည့် တပည့်များပင် ဖြစ်သည်။ ထိုတပည့်များက သူတို့အပေါ် သစ္စာရှိကြောင်း သိသည့်အတွက် ရရှိခြင်း ဖြစ်သည်။

ဧကရာဇ်ခုံက ထိုစနစ်အသစ်ကို ဖန်တီးပြီးနောက် ကျောင်းတော်က ကမ္ဘာတစ်ခွင်လုံးတွင် ထမြောက်အောင်မြင်ခဲ့သည်။ ကျင့်ကြံသူများက သူတို့၏ ကျင့်ကြံရေးလမ်းကြောင်းအတွက် လုံလောက်သော အရင်းအမြစ်များရရှိရန် အခွင့်အရေးဖြစ်သည်ကို သိသည်။

ထို့နောက် ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေသည့် အံ့ဩစရာကောင်းသော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ ဧကရာဇ်ခုံပြီးလျှင် နောက်ထပ် မဟာဧကရာဇ်လေးပါးလုံးက ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်မှ ဖြစ်သည်။ မဟာဧကရာဇ်ငါးပါးကို ဆက်တိုက် မွေးထုတ်ပေးခဲ့သည့်အတွက် ကျောင်းတော်က မျိုးဆက်ငါးဆက်ကြာ ကမ္ဘာကို အုပ်ချုပ်လွှမ်းမိုးခဲ့သည်။

ထိုစနစ်အသစ်က အလုပ်ဖြစ်သည်ကို ကမ္ဘာရှိ ကျင့်ကြံသူအားလုံး သိသွားသည့်အတွက် အံ့ဩထိတ်လန့်သွားကြသည်။ ထို့အပြင် ကျောင်းတော်က ယုံကြည်ခေတ်မှ ဗုဒ္ဓဂိုဏ်းကဲ့သို့ဖြစ်လာပြီး ခေတ်တစ်ခေတ်လုံးကို လွှမ်းမိုးမည်ကို သူတို့ ကြောက်ရွံ့နေခဲ့ကြသည်။ ထို့ကြောင့် သူတို့က စနစ်ကို ကူးယူကာ သူတို့ဘာသာသူတို့ အသုံးပြုကြသည်။

အသင်္ချေအင်ပါယာကမ္ဘာ တစ်ခွင်တွင် တခြားကျောင်းတော်များကိုလည်း တည်ဆောက်ခဲ့သည်။ ဂိုဏ်းများကလည်း ထိုအရာ၏ တစ်စိတ်တစ်ပိုင်းကို ကူးယူခဲ့ကြသည်။ သူတို့က အပြင်ဘက်မှ တပည့်များကို စုဆောင်းရာတွင် မတင်းကြပ်ခဲ့ပေ။ သူတို့က ကမ္ဘာတစ်ဝှမ်းမှ မတူညီသော နောက်ခံများရှိသည့် တပည့်များကို စုဆောင်းရန် ဂိုဏ်းခွဲများကို ဖန်တီးခဲ့သည်။ ထို့နောက် ထိုဂိုဏ်းခွဲများမှ အကောင်းဆုံးသော တပည့်များကို ပင်မဂိုဏ်းသို့ပို့ကာ ပိုမိုကောင်းမွန်သော ကျင့်စဉ်များကို ရရှိစေသည်။

ဤစနစ်အသစ်ဖြင့် အသင်္ချေအင်ပါယာကမ္ဘာထဲတွင် အသစ်ရှာဖွေတွေ့ရှိထားသော ကြံ့ခိုင်မှုက ဖြည်းဖြည်းချင်း စိမ့်ဝင်နေသည့်အတွက် အလျင်အမြန် ပြန်လည်ထူထောင်နိုင်လာသည်။ ထို့နောက် သစ်လွင်ပြီး ပေါကြွယ်ဝသောခေတ်ကို စတင်လိုက်သည်။

ထိုအချိန်ကာလကို ဉာဏ်အလင်းပွင့် ကျောင်းတော်ခေတ်ဟု ခေါ်ခဲ့သော်လည်း အလယ်ပိုင်း ဧကရာဇ်ခေတ်ကာလဟု ပြန်လည်ပြောင်းလဲခေါ်ဆိုခဲ့သည်။ ထိုနာမည်ပြောင်းလဲမှုအတွက် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က ကြိုးစားတိုက်ခိုက်ခဲ့သော်လည်း ကမ္ဘာပေါ်ရှိ ဂိုဏ်းများက ကမ္ဘာပေါ်တွင် ကျောင်းတော်၏ လွှမ်းမိုးမှုနှင့် သူတို့၏ ချီကံကောင်းမှုကို လျှော့ချရန် သမိုင်းစာအုပ်ထဲတွင် နာမည်ကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။

ကျောင်းတော်မှ ယနေ့ထိတိုင် ထိန်းသိမ်းထားဆဲဖြစ်သည့် အကျိုးအမြတ်တစ်ခုမှာ ကောင်းကင်ရွေးချယ်ခံ သတ်မှတ်ခြင်း စစ်ဆေးမှု သို့မဟုတ် ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူ စစ်ဆေးမှုဆိုသည့်အရာ ဖြစ်သည်။

နာမည်အတိုင်း ထိုအရာက ကျောင်းတော်မှ ကျင်းပသော ကောင်းကင်ရွေးချယ်ခံရာထူးနှင့် ထိုက်တန်သောသူကို သတ်မှတ်မည့် စစ်ဆေးမှုတစ်ခု ဖြစ်သည်။ အလယ်ပိုင်း ဧကရာဇ်ခေတ်ကာလကတည်းက မရေတွက်နိုင်သော ပါရမီရှင် ကျင့်ကြံသူများက ထိုစစ်ဆေးမှုကို တက်ရောက်ရန် ကျောင်းတော်သို့ လာပြီး ထိပ်ဆုံးအယောက် ၃၀ က ကောင်းကင်ရွေးချယ်ခံဆိုသည့် ရာထူးကို ရရှိကြသည်။

ထိုစစ်ဆေးမှုကို နှစ်ပေါင်းသန်းချီပြီး ဆက်လက်ပြုလုပ်ခဲ့ပြီး တခြားအင်အားစုများက ထိုဂုဏ်ပုဒ်ကို ဧကရာဇ် ဉာဏ်အလင်းပွင့် ကျောင်းတော်ဆီမှ ရယူရန် ကြိုးစားကြသော်လည်း ရှုံးနိမ့်သွားပြီး သူတို့၏ ပါရမီရှင်များကို ထိုစစ်ဆေးမှုတွင် တက်ရောက်ရန် ဖိအားပေးခံနေရဆဲ ဖြစ်သည်။

ထိုကဲ့သို့ ဖြစ်ရသည့် အကြောင်းအရင်းတစ်ခုမှာ ကျောင်းတော်ကို ကျင့်ကြံသူအများစုက အသိအမှတ် ပြုထားသည့်အတွက် တခြားအင်အားစုများထက် ပိုပြီး အများယုံကြည်လက်ခံနိုင်စွမ်း ရှိသည်။ ဒုတိယအကြောင်းပြချက်ကား ကောင်းကင်ရွေးချယ်ခံများက တာအိုကျောက်ပြားသုံးထောင်ကို ရရှိလိမ့်မည် ဖြစ်၍ လက်ခံထားခြင်း ဖြစ်သည်။

ထိုတာအိုကျောက်ပြားများကို လွန်ခဲ့သော ခေတ်နှစ်ခေတ်အတွင်း မဟာဧကရာဇ်များစွာက ကောင်းချီးပေးထားသည်။ ကျောင်းတော်က လူတိုင်းအတွက် ဖွင့်လှစ်ထားခြင်း ဖြစ်သည့်အတွက် မတူညီသော အင်အားစုများမှ မဟာဧကရာဇ်များစွာကို သူတို့၏ ခေတ်များတွင် ကျောင်းတော်က ကူညီပေးထားသည့်အပြင် သူတို့က ထိုနေရာတွင် ကောင်းကင်ရွေးချယ်ခံ ရာထူးကိုပါ ရခဲ့သေးသည်။

ထို့ကြောင့် သူတို့က အကြွေးပြန်ဆပ်ရန် မဟာဧကရာဇ်များသည် သူတို့၏ တာအိုနားလည်ခြင်းကို ထိုကျောက်ပြားများထဲတွင် ချန်ထားခဲ့ပြီး ထိုအရာများကို ကမ္ဘာ၏ စည်းမျဉ်းများအပေါ်တွင် ဉာဏ်အလင်းပွင့်မှုအတွက် အကောင်းဆုံးရတနာများ ဖြစ်အောင် ဖန်တီးလိုက်သည်။ ထိုတာအိုကျောက်ပြားကို ရရှိရန် ဝမ်ဝေ့အပါအဝင် လူအများက သွားရည်တများများ ဖြစ်နေကြသည်။

ထိုအရာက ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်အနေဖြင့် ထိုစစ်ဆေးမှုကို ကျင်းပနိုင်သည့် အာဏာကို အကြာကြီး ထိန်းထားနိုင်သည့် အဓိကအကြောင်းအရင်း မဟုတ်ပေ။ အဓိကမှာ သူတို့၏ ရာထူးများကို အင်အားစုအများအပြား၏ ရန်မှ ကာကွယ်ပေးထားသည့် “ ကောင်းကင်တာအို ကာကွယ်စွမ်း” ဆိုသည့်အရာကြောင့် ဖြစ်သည်။

All Chapters