← Chapters

အခန်း (၆၆၅-၆၆၆)

Vol. 43 Ch. 665-666

အခန်း (၆၆၅-၆၆၆)

Vol. 43 Ch. 665-666

အပိုင်း (၆၆၅)

နင်ချီက ပြောလိုက်၏။ “ဝူဘုရင်.. အရင်က မြောက်ဘက်ပြည်နယ်ကို သိမ်းပိုက်ကောင်း သိမ်းပိုက်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ယန်ကျိုးစီရင်ဟုကို သိမ်းနိုင်ဖို့တော့ မထင်ပါဘူး။”

ဝူဘုရင်က ပြောလိုက်သည်။ “ပျံ့ရှောင်းက အင်အားကြီးတာ မှန်ပါတယ်။ ဒါပေမယ့် ရွှဲ့ပြည်နယ်သာ ပျက်ဆီးသွားပြီဆိုရင် သူ့လက်ထဲမှာရှိတဲ့ စစ်သည် ၇ သောင်းနဲ့ ဘာများလုပ်နိုင်မှာလဲ။”

နင်ချီက ပြောလိုက်၏။ “ဝူဘုရင်.. အကယ်၍ စစ်မတိုက်ဘဲနှင့် အရှင်မင်းမြတ် လိုချင်တာကို ရမယ်ဆိုရင်ရော။”

ဝူဘုရင်က ပြောသည်။ “အသေးစိတ်ကို ကျုပ် နားထောင်ချင်သေးတယ်။”

နင်ချီက ပြောလိုက်၏။ “ကျုပ်တို့က ဝူပြည်နယ်အပိုင် ခရိုင် ၉ ခုကို ပြန်ပေးမယ်။”

ဝူဘုရင်က ပြောလိုက်သည်။ “နည်းလွန်းနေတယ်။”

နင်ချီက ပြော၏။ “ဒါပေမယ့် ဒါက သွေးထွက်သံယို လုံးဝမရှိဘဲနဲ့ လွယ်လွယ်ကူကူ ရမယ့်အရာပဲ။”

ဝူဘုရင်က ပြောလိုက်သည်။ “အင်း… ကိုယ့်ဘာသာ တိုက်ယူတာကမှ ပိုပြီး လွယ်အုံးမယ်။ ဒါပေမယ့် ကျုပ်မှာ အကြံပြုချက်တစ်ခု ရှိတယ်။”

နင်ချီက ပြော၏။ “နားထောင်ပါရစေ။”

ဝူဘုရင်က ပြောလိုက်သည်။ “မြောက်ဘက်စီရင်စုတစ်ခုလုံးနှင့် ယန်ကျိုးစီရင်ဟု တစ်ခုလုံးကို စွန့်လွှတ်လိုက်။ ဒါက ရှင်သန်နိုင်မယ့် လမ်းစဉ်ဖြစ်လိမ့်မယ်။ ဝူနဲ့ရွဲ့ကြား စစ်ပွဲကို ရှောင်လွှဲနိုင်လိမ့်မယ်။”

နင်ချီ၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ “ဝူဘုရင်… ခင်ဗျားရဲ့ လောဘက နည်းနည်းကြီးလွန်းနေပြီ။”

ဝူဘုရင်က ဆက်ပြောသည်။ “အခုဆိုရင် ကျင်းမင်းသားရဲ့ စစ်သည်တစ်သိန်းက မြောက်ပိုင်းတစ်ခုလုံးကို သုတ်သင်ရှင်းလင်းပြီးနေပြီ။ မင်းတို့ ရွှဲ့ပြည်နယ်မှာ ခုခံနိုင်စွမ်း လုံးဝမရှိတော့ဘူး။ မကြာခင် သူက မင်းတို့ နန်းမြို့တော်ဆီ လာပြီး တိုက်ခိုက်တော့မယ်လို့ ငါယုံကြည်မိတယ်။ နန်းမြို့တော်သာ ကျသွားရင် မင်းတို့ရဲ့ နိုင်ငံကလည်း ပျက်သုဉ်းပြီပဲ။

အကယ်၍ မင်းတို့က မြောက်ဘက်စီရင်စုနှင့် ယန်ကျိုးစီရင်စုကို ငါ့ကို ပေးအပ်လိုက်မယ်ဆိုရင်တော့ စစ်သည်ပေါင်း တစ်သိန်းသုံးသောင်းလောက်ကို ရွှဲ့ပြည်နယ်ရဲ့ ကာကွယ်ရေးအတွက် အသုံးပြုသွားနိုင်လိမ့်မယ်။ အဲအချိန်ကျရင် မြောက်ဘက်စီရင်စုအပါအဝင် ရွှဲ့ပြည်နယ်ကို ကာကွယ်နိုင်လိမ့်မယ်။ နယ်မြေတစ်ဝက်လောက် ဆုံးရှုံးသွားတာ ဖြစ်ပေမယ့် ရွှဲ့ပြည်နယ် လုံးဝပျက်သုဉ်းသွားတာထက်စာရင်တော့ ပိုပြီး ကောင်းအုံးမယ်။”

ဘေးတစ်ဖက်တွင် ရှိနေသည့် ဝူကျိက ပြော၏။ “မင်းသား ရွှဲ့ပြည်နယ်အတွက် နယ်မြေက အရေးအကြီးဆုံး မဟုတ်ပါဘူး။ စစ်သည်အင်အားက အရေးအကြီးဆုံးပါပဲ။

“ခင်ဗျားတို့ရဲ့ အိမ်ရှေ့စံမင်းသားက ဘာလို့ အဲလောက်တောင် လက်ဖွာရတာလဲ။ စစ်သည် ၂ သိန်းလုံးကို တစ်ခါတည်း သတ်ပစ်လိုက်တယ်။”

ဘေးတစ်ဖက်တွင် ရှိနေသည့် အသက် ၁၁နှစ်၊ ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးက ဝင်ပြောသည်။ သူက ဝူဘုရင်ရဲ့ သားအငယ်ဆုံးလည်း ဖြစ်ပုံရသည်။

နင်ချီက ခဏလောက် တိတ်ဆိတ်သွား၏။ “ဝူဘုရင်… ရှမ့်လန်က ကျင်းမင်းသားကို ခုခံဖို့ စစ်သည်တစ်သောင်းနဲ့ တောင်ဘက်ကို ချီတက်သွားတယ်ဆိုတာကို သိလား။”

ဝူဘုရင်က ပြောသည်။ “မြို့စောင့်တပ်သား တစ်သောင်းပါပဲ။”

ဝူဘုရင်၏ သားအကြီးဆုံးက ပြောလိုက်၏။ “မြို့စောင့်တပ်ဆိုတာ လူမိုက်တွေလိုပဲ မဟုတ်လား။ သူတို့က တိုက်ရော တိုက်တတ်လို့လား။ သေမင်းဆီ သွားတာနဲ့ တူတူပဲပေါ့။”

တတိယမင်းသား နင်ချီက ပြောသည်။ “ဝူဘုရင် .. ကျုပ်ကလည်း ရှမ့်လန်ရဲ့ ရန်ဖက်ပါပဲ။ ဒါပေမယ့် သူ့ရဲ့ အရည်အချင်းကိုတော့ ကျုပ် ဝန်ခံရလိမ့်မယ်။ အရှင်မင်းကြီးရော ဒီအကြောင်းကို ကောင်းကောင်းသိရဲ့လား။”

ဝူဘုရင်က ခေါင်းညိတ်လိုက်၏။ သူကလည်း ရှမ့်လန်၏ လက်ချက်ဖြင့် အကြီးအကျယ် ခံခဲ့ရဖူး၏။ ပြီးခဲ့သည့် တစ်ခေါက်တုန်းက ဝူပြည်နယ်၏ စစ်သည် ၃ သောင်းက နုရှောင့်မြို့ကို ဝင်ရောက်တိုက်ခိုက်သည့် နေရာတွင် ထက်ဝက်ကျော်မျှ သေဆုံးခဲ့၏။

တတိယမင်းသား နင်ချီက ပြောသည်။ “အကယ်၍များ ... ကျုပ် အကယ်၍ ဆိုတာကို ပြောတာနော်။ ရှမ့်လန်က တကယ်ပဲ တာ့နန်နိုင်ငံရဲ့ အဓိက အင်အားစုကြီးကို ဟန့်တားနိုင်မယ်ဆိုရင် အရှင်မင်းကြီးက ဘာလုပ်မလဲ။”

ဝူဘုရင်က ပြောလိုက်၏။ “ဒါဆိုရင်လည်း ဘာထူးမှာလဲ။ ဆက်တိုက်ရုံပေါ့။”

ဝူဘုရင်၏ သားအကြီးဆုံးက မဲ့ပြုံးပြုံးလိုက်သည်။ “မြို့စောင့်တပ်လေး တစ်သောင်းလောက်နဲ့ စုနန်၊ နန်းကုန်းအိုတို့ရဲ့ စစ်သည် တစ်သိန်းကို အနိုင်ယူချင်နေတာလား။ အဲဒါ အိပ်မက်မက်နေတာပါပဲ။”

တတိယမင်းသား နင်ချီက ပြော၏။ “ဝူဘုရင်… ငြိမ်းချမ်းရေးဆိုတာ မလွယ်ကူပါဘူး။ ကျုပ်မှာ အကြံပြုချက်တစ်ခု ရှိတယ်။”

ဝူဘုရင်က ပြောသည်။ “ပြောပါအုံး။”

နင်ချီက ပြောလိုက်၏။ “စိတ်မလောပါနဲ့အုံး။ အရှင်မင်းကြီး စစ်တိုက်ချင်တယ်ဆိုရင်တောင်မှ ရှမ့်လန်နဲ့ ကျင်းမိသားစုတို့ သုတ်သင်ခံရတယ်ဆိုတဲ့သတင်းရောက်တဲ့အထိ စောင့်တာ အကောင်းဆုံးပါပဲ။ အဲဒါက အရှင်မင်းကြီးအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်။”

ဝူဘုရင်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ ဤစကားလုံးများက တကယ်ပင်။ အကယ်၍ ရှမ့်လန်နှင့် ကျင်းမိသားစုက ကျင်းမင်းသား၏ စစ်သည် တစ်သိန်းကို တကယ်တမ်း ဟန့်တားနိုင်သည်ဆိုပါက ရွှဲ့ပြည်နယ်က အသက်ရှူပေါက်ရပြီး ပျက်သုဉ်းမည့် အခြေအနေဆီမှ ရုန်းထွက်နိုင်ပေလိမ့်မည်။ သို့သော် ဤစကားထဲတွင် ပိုမိုနက်ရှိုင်းသည့် အဓိပ္ပာယ်ရှိ၏။ ကျင်းမိသားစုပျက်စီးသွားပြီကို အတည်ပြုလိုက်သည်နှင့် နုရှောင့်မြို့က လူသူကင်းမဲ့သွားမှာ ဖြစ်သည်။

“ဝူဘုရင် အရင်က နုရှောင့်မြို့ကို သိမ်းပိုက်ဖို့ စီစဉ်ထားတယ် မဟုတ်လား။”

တတိယမင်းသား နင်ချီက ပြော၏။ “ကျုပ် တခြားသဘောနဲ့ ပြောတာ မဟုတ်ဘူး။ ဘုရင်မင်းမြတ်ကို သည်းခံစေချင်ရုံပဲ။ စစ်စချင်တယ်ဆိုရင်တောင်မှ ရှမ့်လန် နဲ့ ကျင်းမိသားစုတို့ သုတ်သင်ခံရတဲ့ သတင်းရောက်တဲ့အထိ စောင့်ပါ။”

ဝူဘုရင်က ပြုံးလိုက်သည်။ “မင်းသားက စိတ်ပူလွန်းနေပြီ။ ဘယ်လိုဆုံးဖြတ်ချက်ချရမလဲဆိုတာ ကျုပ်ဘာ ကျုပ် သိပါတယ်။”

……………….

နင်ချီက ဝူဘုရင်၏ နန်းတော်ဆီမှ ထွက်ခွာလာခဲ့သော်လည်း ဝူပြည်နယ်မှ မထွက်ခွာသေးချေ။ သူက လျှို့ဝှက်အခန်းတစ်ခု၌ ယင်ယွမ်အဖွဲ့အစည်းမှ ရှုတင်းယုနှင့် တွေ့ဆုံ၏။ “ဆရာကြီးရှု.. ရွှဲ့ပြည်နယ် ပျက်စီးသွားတာ ခင်ဗျားတို့ရဲ့ အကျိုးစီးပွား မဟုတ်ဘူး။ အထူးသဖြင့် ရှုမိသားစုအတွက်ပေါ့။”

ရှုတင်းယုက ပြောလိုက်သည်။ “မပူပါနဲ့။ အင်ပါယာက ရွှဲ့ပြည်နယ် ပျက်စီးသွားတာကို ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အတွင်းဝန်ရုံးနဲ့ စစ်ဘက်ဆိုင်ရာ အတိုင်ပင်ခံရုံးကလည်း မင်းသားနင်ချီကို အာရုံစိုက်နေကြတယ်။ ဒါ မင်းသားအတွက် သတင်းကောင်းပဲ။”

ဤစကားများက အချက်ပြမှုတစ်ခု ဖြစ်၏။ အိမ်ရှေ့စံမင်းသားနင်ယီ၏ စွမ်းဆောင်ရည်က ညံ့ဖျင်းလွန်းသောကြောင့် အတွင်းဝန်ရုံးက သူ့ကို လက်လျှော့တော့မည့် အခြေအနေမျိုးပင်။

“ဒါပေမဲ့ နောက်ဆိုရင် အတွင်းဝန်ရုံးလို့ မခေါ်တော့ဘဲ အင်ပါယာအဖွဲ့အစည်းလို့ ခေါ်ရတော့မယ့်ပုံပဲ။” ရှုတင်းယုက ဆို၏။

နင်ချီက ရင်ထဲတွင် ထိတ်ကနဲဖြစ်သွား၏။ အတွင်းဝန်ရုံးကို ဖျက်သိမ်းပြီး အင်ပါယာအစိုးရအဖွဲ့ကို တည်ထောင်တော့မည်လား။ ဆိုလိုသည်က တော်ဝင်ရန်အင်ပါယာ၏ မူဝါဒသစ်က အဆုံးသတ်တော့မှာ ဖြစ်ပြီး မကြာခင် ဗဟိုချုပ်ကိုင်မှု စနစ်ဆီသို့ ရောက်ရှိတော့မှာ ဖြစ်သည်။

ရှုတင်းယုက ပြော၏။ “မျှော်လင့်မထားတဲ့ အခြေအနေမျိုးသာ ဖြစ်မလာခဲ့ရင် ရွှဲ့ပြည်နယ်ရဲ့ နောက်ထပ် ဘုရင်က မင်းသားပဲ ဖြစ်လိမ့်မယ်။”

နင်ချီက ပြောသည်။ “အင်ပါယာက ရွှဲ့ပြည်နယ်ကို အပျက်စီးမခံဘူး။ဆိုလိုတာ ရွှဲ့ပြည်နယ်မှာ ထျန်းရွှဲ့မြို့ တစ်ခုပဲ ကျန်ခဲ့ပြီး ကျန်တာတွေ အကုန်လုံး ပါသွားတာကို ဆိုလိုတာလား။ ဒါဆိုရင်တော့ နိုင်ငံတစ်ခုအနေနဲ့ မသင့်တော်တော့ဘူး။”

ရှုတင်းယုက ပြောလိုက်၏။ “အချိန်တန်ရင် အသေးဆုံးနယ်မြေပိုင်ရှင် ဘုရင်ဖြစ်ရင်တောင်မှ တိုင်းပြည်တစ်ခုလုံး ပျက်သုဉ်း သွားတာထက်တော့ ပိုပြီး ကောင်းသေးပါတယ်။”

နင်ချီက ပြောလိုက်သည်။ “ယင်ယွမ်အဖွဲ့အစည်းအတွက် ဒါက မကောင်းဘူးလေ။ အဲလိုဖြစ်ရင် ရွှဲ့ပြည်နယ်အပေါ်မှာ ရှိနေတဲ့ ယင်ယွမ်အဖွဲ့အစည်းရဲ့ အကြွေးတွေ ပျက်သုဉ်းသွားရုံပဲ ရှိလိမ့်မယ်။”

နင်ယွမ်ရှန်းက ယင်ယွမ်အဖွဲ့အစည်းပေါ်တွင် ငွေကြေးပေါင်း သန်း ၁၀၀ ကျော် ကြွေးတင်နေ၏။ အကယ်၍ ရွှဲ့ပြည်နယ်သာ ပျက်သုဉ်းသွားသည် ဆိုပါက ထိုအကြွေးများကို ပြန်ဆပ်နိုင်တော့မည် မဟုတ်ချေ။ ရွှဲ့ပြည်နယ် အပိုင်းပိုင်းအစစ ကွဲသွားသည် ဆိုလျှင် ဆပ်နိုင်တော့မည် မဟုတ်ပေ။ ထိုအရာက သေချာ၏။

အတိုင်းအတာတစ်ခုအရ ပြောရမည်ဆိုရင် ယင်ယွမ်အဖွဲ့အစည်း၏ရုံးချုပ်က အင်ပါယာကို အလုပ်အကျွေး ပြုရ၏။ နိုင်ငံရဲ့ရည်မှန်းချက်တစ်ခု အောင်မြင်ခဲ့ပါက သန်း ၁၀၀ ကျော် ကြွေးမြီး ဆုံးရှုံးသွားလည်း ကိစ္စမရှိချေ။ တခြားသော နေရာများမှ ပြန်ရှာ၍ရ၏။ ထို့အပြင် ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ယင်ယွမ်အဖွဲ့အစည်းပေါ်တွင် ဖော်ရွေမှု မရှိခဲ့ပေ။

နင်ချီက ပြောသည်။ “ယင်ယွမ်အဖွဲ့အစည်းက ရွှဲ့ပြည်နယ် ပျက်သုဉ်းသွားလောက်တဲ့ တန်ကြေးကို ခံနိုင်ရည် ရှိတယ်။ ဒါပေမယ့် ရှုမိသားစုကတော့ ခံနိုင်ရည်ရှိရဲ့လား။”

ရှုတင်းယုက တိတ်ဆိတ်ငြိမ်သက်သွား၏။ သူ၏ ဖခင် ရှုပိုတောက်က ယင်ယွမ်အဖွဲ့အစည်း၏ အကြီးအကဲ တစ်ဦးဖြစ်၏။ ယင်ယွမ်အဖွဲ့အစည်းကို နိုင်ငံတစ်နိုင်ငံနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ရှုပိုတောက်က ဘုရင်ခံတစ်ပါးကဲ့သို့ပင်။

သူက ရွှဲ့ပြည်နယ်လုံးဆိုင်ရာ ယင်ယွမ်အဖွဲ့အစည်းကို တာဝန်ယူ ထားရသူပင်။ ရွှဲ့ပြည်နယ်သာ ပျက်စီးသွားပါက ရွှဲ့ပြည်နယ်လုံးဆိုင်ရာ ယင်ယွမ်အဖွဲ့အစည်းက ရပ်တည်နိုင်တော့မည် မဟုတ်ချေ။ ဝူပြည်နယ်နှင့် ချောင်ပြည်နယ်တို့မှ ယင်ယွမ်အဖွဲ့အစည်း၏ အကြီးအကဲများက အခွင့်အရေးယူပြီး ဝေစုများကို သိမ်းပိုက်ကြ ပေလိမ့်မည်။ ထို့ကြောင့် ရွှဲ့ပြည်နယ် ပျက်သုဉ်းခြင်းက ရှုမိသားစုအတွက် ကပ်ဘေးကြီးတစ်ခုပင်။

“အများဆုံး ရှုမိသားစုက ဆယ်စုနှစ် အနည်းငယ်လောက် ငြိမ်နေလိုက်ရုံပါပဲ။ ဖြစ်လာနိုင်မယ့် အခြေအနေကို လူသားတွေ တားဆီးလို့မှ မရတာလေ။” ရှုတင်းယုက ပြောလိုက်၏။

နင်ချီက ဆိုလိုက်သည်။ “ဆရာကြီးရှု… အခြေအနေက အဆိုးဝါးဆုံး အဆင့်ကို မရောက်သေးပါဘူး။”

ရှုတင်းယုက ပြော၏။ “ပြောပါအုံး။”

နင်ချီက ပြောလိုက်သည်။ “ကျုပ်ရဲ့ အဖေက ရှမ့်လန်ရဲ့ မြှောက်ထိုးပင့်ကော်မှုကြောင့် ကျင်းမင်းသားရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ငြင်းပယ်ခဲ့တယ်။ ဒါပေမယ့် အရေးကြီးတဲ့အချိန်ကို ရောက်ရင် အတွင်းဝန်ရုံးနဲ့ စစ်ရေးဗျူရိုရဲ့ သဘောတူညီချက်နဲ့ သူ့ရဲ့ဆန္ဒကို လျစ်လျူရှုပြီး ကျင်းမင်းသားနဲ့ ပြန်ဆွေးနွေးလို့ ရပါတယ်။ သူ့ကို ပြည်နယ် ၈ ခု၊ ၁၀ ခုလောက် ပေးလိုက်မယ်ဆိုရင် ရပါတယ်။”

ထိုစကားကို ကြားချိန်မှာတော့ ရှုတင်းယု၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ နင်ချီ၏ စကားများတွင် အလွန် အန္တရာယ်များသည့် အငွေ့အသက်များ ပါဝင်၏။ ထိုအရာက အာဏာသိမ်းချင်သည့် သဘောများလား။

နင်ချီက ပြောလိုက်၏။ “ပြီးတော့ ဝူပြည်နယ်ရှိသေးတယ်။ ဝူဘုရင်က မြောက်ဘက်စီရင်စုတစ်ခုလုံးကို လိုချင်နေတာပဲ။ ကျုပ်က သူ့ကို မြောက်ဘက်စီရင်စုက ပြည်နယ် ၆ ခုလုံးအပြင် နုရှောင့်မြို့နှင့် လေ့ကျိုးကျွန်းစု တစ်ခုလုံးကို ပေးလိုက်လို့ရတယ်။”

ထိုစကားကို ကြားချိန်မှာတော့ ရှုတင်းယု တစ်ကိုယ်လုံးက တုန်ခါသွားခဲ့၏။

နင်ချီက ပြောသည်။ “နန်းကုန်းအိုရဲ့ စစ်တပ်က ကျင်းမိသားစုရဲ့ ရွှမ်ဝူနယ်စားအိမ်တော်ကို တိုက်ခိုက်ခဲ့တယ်။ ကျင်းကျိုးက သူ့ရဲ့မွေးရပ်မြေကို ကာကွယ်ဖို့ စစ်သည်အကုန်လုံးနီးပါးကို ပြန်ခေါ်သွားတဲ့အတွက် နုရှောင့်မြို့က အခုအချိန်မှာ ဟာလာဟင်းလင်း ဖြစ်နေပြီ။ ဒါက နုရှောင့်မြို့ကို တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန်ပဲ။

ယင်ယွမ်အဖွဲ့အစည်းအတွက် နုရှောင့်မြို့ကို သိမ်းပိုက်ဖို့က ဘယ်လောက် အရေးကြီးလဲ ဆိုတာကို ကျုပ်တို့လည်း သိတယ်။ ဒီနေရာက ပင်လယ်ရေကြောင်းဆိုင်ရာ အဓိကနေရာ ဖြစ်နေလို့ပဲ။ ဝူဘုရင်ကလည်း ပင်လယ်ပြင်ကို တန်ဖိုးထားတယ်။ လေ့ကျိုးကျွန်းစုနှင့် မြောက်ပိုင်းစီရင်စု ၆ ခု ဆိုရင် သူ့ကို ကျေနပ်စေမှာပဲ။”

ရှုတင်းယုက ခေါင်းခါလိုက်၏။ “မဟုတ်ဘူး။ သူ ကျေနပ်မှာ မဟုတ်လောက်ဘူး။”

နင်ချီက ပြောလိုက်သည်။ “ဒါဆိုရင် ယင်ယွမ်အဖွဲ့အစည်းက သူ့ကို အတင်းအကျပ် ကျေနပ်ခိုင်းလို့ ရတာပဲ။ ဝူဘုရင်က ခင်ဗျားတို့အပေါ် အများကြီး အကြွေးတင်နေတယ်။ ပြီးတော့ ဝူပြည်နယ်က တော်ဝင်ရန်အင်ပါယာနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတယ်။ သူက အင်ပါယာရဲ့ ဆန္ဒကို နာခံရအုံးမှာပဲ။”

ရှုတင်းယုက ပြောလိုက်၏။ “သူက သဘောတူတယ် ဆိုရင်တောင်မှ ကျုပ်တို့က နုရှောင့်မြို့ကို သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး။ ဝူပြည်နယ်မှာ လုံလောက်တဲ့ ရေတပ်အင်အား မရှိလို့ပဲ။”

နင်ချီက ဘာမှ မပြောဘဲ ရှုတင်းယုကို စိုက်ကြည့်နေသည်။

ရှုတင်းယုက ရုတ်တရက် ခါးကို မတ်မတ်ထား လိုက်၏။ “ဝူပြည်နယ်မှာ ရေတပ်အင်အား မလုံလောက်ဘူး ဆိုပေမယ့် ရွှယ်မျိုးနွယ်စုမှာတော့ ရှိတယ်။ ဟုတ်တယ်မလား။ သူတို့ရဲ့ တောင်ပင်လယ်ဓားဂိုဏ်းဆိုတာက အခြေခံအားဖြင့် စေတီတောင်ရဲ့ လက်ခွဲတစ်ခုပဲ။

တောင်ပိုင်းပင်လယ်ရဲ့ ကုန်သွယ်ရေးကို လက်ဝါးကြီး အုပ်ထားတယ်ဆိုတော့ သူတို့ရဲ့ ရေတပ်အုပ်စုကို လျှော့တွက်လို့ မရဘူး။ သူတို့ဆီမှာ ရေတပ်သားတွေ မရေမတွက်နိုင်အောင် ရှိမှာ သေချာတယ်”

နင်ချီက ဘာမှ မပြောချေ။ သို့သော်ငြား အမှန်တရားက ထိုအတိုင်းပင် ဖြစ်၏။ တောင်ပင်လယ် ဓားဂိုဏ်းဆိုသည်က အမည်ခံအားဖြင့် ဓားဂိုဏ်းဖြစ်၏။ တကယ်တမ်းမှာတော့ စေတီတောင်မှ ထောက်ပံ့ ပေးထားသည့် ကြီးမားသည့် လက်နက်ကိုင် အင်အားစုကြီးတစ်ခု ဖြစ်၏။ သူတို့က ဘုရင်မင်းမြတ် နင်ယွမ်ရှန်းကို အလုပ်အကျွေးပြု၏။ သို့မဟုတ် နင်ချီကို အလုပ်အကျွေးပြုသည်။

နင်ချီက ပြောလိုက်၏။ “ကျုပ်က ဝူဘုရင်နဲ့ ညှိနှိုင်းလို့ မရပေမယ့် ယင်ယွမ်အဖွဲ့အစည်းနဲ့တော့ မဖြစ်နိုင်စရာ မရှိပါဘူး။”

ရှုတင်းယုက ပြောလိုက်သည်။ “မင်းသား… မင်းသားရဲ့ ဒီစီမံကိန်းက အကောင်အထည် ဖော်မယ်ဆိုရင် ကြီးမားတဲ့ ကိစ္စရပ်ကြီး ဖြစ်လာလိမ့်မယ်။ စေတီတောင် ပြီးတော့ ကောင်းကင်ပင်လယ် နန်းဆောင်၊ ယင်ယွမ်အဖွဲ့အစည်း၊ တော်ဝင်ရန်အင်ပါယာ၊ ရွှဲ့ပြည်နယ်၊ ဝူပြည်နယ်နှင့် ကောင်းကင်တာအိုအဖွဲ့အစည်း အားလုံး ပါဝင်ပတ်သက်နေကြလိမ့်မယ်။”

နင်ချီက ပြောလိုက်၏။ “ကျုပ်ရဲ့ စီမံကိန်းသာ အောင်မြင်သွားမယ်ဆိုရင် ရွှဲ့ပြည်နယ်က နယ်မြေ ၃ ပုံ ၂ ပုံ လောက်ကို ထိန်းသိမ်းထားနိုင်လိမ့်မယ်။ အဲလိုဆိုရင် ယင်ယွမ်အဖွဲ့အစည်းကို ပေးရမယ့် အကြွေးက ဆက်လက် တည်ရှိနေအုံးမှာပဲ။ ရွှဲ့ပြည်နယ်မှာ ရှိနေတဲ့ ရှုမိသားစုရဲ့ အခြေခံအုတ်မြစ်ကလည်း ပြိုလဲသွားမှာ မဟုတ်ဘူး။ ယင်ယွမ်အဖွဲ့အစည်းရဲ့ ရုံးချုပ်ကလည်း အကျိုးအမြတ် အများကြီး ရလိမ့်မယ်။ အကျိုးအမြတ် ရရှိသူတွေက လုံလောက်အောင် ရနေတယ်ဆိုရင် အောင်မြင်လိမ့်မယ်လို့ ကျုပ် ယုံကြည်မိတယ်။”

ဤအရာက အမှန်တရားပင်။ နင်ချီ၏ စီမံကိန်းက တကယ်ကို ထိတ်လန့်ဖွယ်ရာ ကောင်းလောက်အောင် ကြီးကျယ်ခမ်းနား၏။ သူက နုရှောင့်မြို့ကို တိုက်ခိုက်ဖို့ ဝူပြည်နယ်နှင့် ယင်ယွမ်အဖွဲ့အစည်းတို့အား ရွှယ်ချီထံမှ ရေတပ်အုပ်စုကို ငှားရမ်းရန် အဆင်သင့် ရှိနေသည်။

နုရှောင့်မြို့နှင့် လေ့ကျိုးကျွန်းစု တစ်ခုလုံးက ဝူပြည်နယ်နှင့် ယင်ယွမ်အဖွဲ့အစည်း၏ အပိုင် ဖြစ်သွားပေလိမ့်မည်။ ထိုအရာက သူ ပေးဆပ်ရမည့် တန်ကြေးပင်။ သူပြန်ရမည့် အရာက ဝူဘုရင် စစ်မတိုက်တော့အောင် ယင်ယွမ်အဖွဲ့အစည်းက ဝူဘုရင်ကို ဖိအားပေးရမည်။ ရွှဲ့ပြည်နယ်က ထျန်းနန်စီရင်စုစု၏ ၃ ပုံ ၊ ၂ ပုံကို ဆက်လက် ပိုင်ဆိုင်ခွင့် ရမည်။

ဤစီမံကိန်းက ဤလောက်ပင် မကသေးချေ။ နောက်ထပ် အရေးကြီးသည့် အဆင့်တစ်ခု ရှိသေး၏။ အာဏာသိမ်းပွဲပင်။ နင်ယွမ်ရှန်းကို ရုပ်ပြဘုရင်အဖြစ် ထားရှိရန် နိုင်ငံတော်၏ဝန်ကြီးချုပ်နှင့် စစ်ရေးဗျူရို အတိုင်ပင်ခံရုံးတို့ကို စည်းရုံးရပေလိမ့်မည်။ တော်ဝင်ရန်အင်ပါယာ ကိုယ်တိုင် ဝင်ရောက်စွက်ဖက်ပြီး နင်ယွမ်ရှန်းကို အနားယူစေရန် ဖိအားပေးခိုင်းရမည်။

ဤနည်းအားဖြင့် ကျင်းမင်းသားအပေါ်တွင် ထားရှိခဲ့သည့် နင်ယွမ်ရှန်း၏ ယခင်သဘောထားများ အားလုံးက အရာထင်တော့မည် မဟုတ်ချေ။ ရွှဲ့ပြည်နယ်က ကျင်းမင်းသားနှင့် ပြန်လည်ညှိနှိုင်းပြီး ငြိမ်းချမ်းရေး သဘောတူညီချက်ကို အသစ် လက်မှတ်ရေးထိုးနိုင်သည်။

အပိုင်း (၆၆၆)

ထိုအချိန်မှာတော့ နင်ချီက ချောင်ပြည်နယ်ကို တိုက်ခိုက်ရန် ရွှဲ့ပြည်နယ်တစ်ခုလုံး၏ အင်အားကို စုစည်း နိုင်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ရွှဲ့ပြည်နယ်က ခုခံကာကွယ်ရသည့်ဘက်တွင် ရှိနေသောကြောင့် အစွမ်းကုန် ကြိုးစားရပါက ချောင်ဘုရင်၏ စစ်သည် သုံးသိန်းကို လုံးဝ အနိုင်မတိုက်ခိုက်နိုင်ဘူး ဆိုလျှင်တောင်မှ မိမိ၏ နယ်မြေကို ကာကွယ်နိုင်ရန်အတွက်တော့ ပြဿနာ ရှိလိမ့်မည် မဟုတ်သောကြောင့်ပင်။

ရှုတင်းယုက ပြောလိုက်၏။ “ဒီနည်းလမ်းအတိုင်းဆိုရင် ယင်ယွမ်အဖွဲ့အစည်းရဲ့ ရုံးချုပ်က မင်းသားကို အပြည့်အဝ ထောက်ခံပါလိမ့်မယ်။ မင်းသားကို ရွှဲ့ပြည်နယ်ရဲ့ ကြီးကြပ်ကွပ်ကဲသူ အိမ်ရှေ့စံ အဖြစ် ကြိုတင် ခန့်အပ်ဖို့နဲ့ နင်ယွမ်ရှန်းကို ရုပ်ပြဘုရင်အဖြစ် ထားဖို့ တော်ဝင်ရန်အင်ပါယာမှာ ကျုပ်တို့ စည်းရုံး လှုံ့ဆော်ပေးမယ်။”

နင်ချီက ဘာမှမပြောချေ။

ရှုတင်းယုက ထိတ်လန့်နေ၏။ သူက တတိယမင်းသား နင်ချီကို မယုံကြည်နိုင်စွာ ကြည့်မိ၏။ ဤလူက သွေးအေးရက်စက်လွန်းသည့် စစ်သူကြီးတစ်ယောက်ကဲ့သို့သာ နေလေ့ရှိ၏။ နိုင်ငံရေးတွင် ဤမျှ ပါးနပ်လိမ့်မည်ဟု မထင်ခဲ့ချေ။

နင်ချီ၏ စီမံကိန်းက သူ၏ကံကြမ္မာနှင့် ရွှဲ့ပြည်နယ်၏ ကံကြမ္မာကို လုံးဝ ချိတ်ဆက်ထားလိုက်၏။ သူက ရွှဲ့ပြည်နယ်ကို ကယ်တင်ချင်ရုံသက်သက် မဟုတ်ချေ။ သူ့ကိုသူ ရွှဲ့ပြည်နယ်၏ ဘုရင်အဖြစ် ကြိုတင် ရောက်ရှိစေခြင်းပင်။ မည်မျှရဲရင့်လိုက်သည့် ခြေလှမ်းနည်း။ မြားတစ်စင်းနှင့် ငှက်သုံးကောင် ပစ်လိုက်ခြင်းပင်။

စီမံကိန်း တစ်ခုတွင် အကျိုးအမြတ် ရရှိသူနှင့် ဆုံးရှုံးသူဟူ၍ ရှိစမြဲပင်။ နင်ချီ၏ ကြီးကျယ်ခမ်းနားသည့် စီမံကိန်းတွင် အကျိုးအမြတ်ရရှိသူများက နင်ချီ၊ ကျင်းမင်းသား၊ တော်ဝင်ရန်အင်ပါယာ၊ ယင်ယွမ် အဖွဲ့အစည်းနှင့် ဝူပြည်နယ်တို့ ဖြစ်၏။ နစ်နာဆုံးရှုံးသည့် သူများကတော့ နင်ယွမ်ရှန်းနှင့် ချောင်ပြည်နယ်တို့ ဖြစ်ပေမည်။ သုတ်သင်ရှင်းလင်းခံရမည့် လူများကတော့ ကျင်းမိသားစု ဖြစ်သည်။

ရှုတင်းယုက ပြောလိုက်၏။ “ဒါဆိုရင် ရွှယ်မိသားစုက များပြားတဲ့ ရေတပ်သင်္ဘောတွေနှင့် လူအင်အား သောင်းချီကျော်ကို ထောက်ပံ့ပေးမှာပေါ့။”

နင်ချီက တိတ်ဆိတ်နေ၏။ ထိုအရာက ပြဿနာ မရှိကြောင်း ပြသနေသည်။

ရှုတင်းယုက ပြောလိုက်၏။ “ဒါအပြင် ဒီစီမံကိန်းက ကျူးမိသားစုရဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်။ ကျုပ်တို့ရရှိထားတဲ့ သတင်းအရဆိုရင် ကျူးမိသားစုက အိမ်ရှေ့စံနင်ယီကို လက်မလျှော့သေးဘူး။”

နင်ချီက ပြောလိုက်သည်။ “ကျူးဟုန်ကျူးက ဉာဏ်ကောင်းပါတယ်။ အရေးကြီးတဲ့ အချိန်မှာ ဘာလုပ်ရမလဲ ဆိုတာ သူသိပါတယ်။”

ရှုတင်းယုက ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်တို့လုပ်ရမှာက ယင်ယွမ်အဖွဲ့အစည်း ရုံးချုပ်ကို စည်းရုံးမယ်။ အင်ပါယာ အစိုးရအဖွဲ့အစည်းကို စည်းရုံးမယ်။ ပြီးတော့ ဝူဘုရင်ကို ဖိအားပေးမယ်။ ရွှဲ့ဘုရင် နင်ယွမ်ရှန်းကို ဖိအားပေးရမယ်။”

နင်ချီက ပြောလိုက်သည်။ “ရှုမိသားစုက နှစ် ၁၀၀ သက်တမ်းရှိတဲ့ အခြေခံ အုတ်မြစ်အတွက် ဒီလောက်တော့ လောင်းကြေးထပ်သင့်တယ် မဟုတ်လား။”

ရှုတင်းယုက တိတ်ဆိတ်ငြိမ်သက်နေ၏။ ဤစီမံကိန်းက ကြီးမားလွန်း၏။ ရှုမိသားစုအနေနှင့် သူတို့၏ နိုင်ငံ အရင်းအမြစ်အားလုံးနီးပါးကို မြှုပ်နှံရပေလိမ့်မည်။ ယင်ယွမ်အဖွဲ့အစည်းအတွင်းထဲတွင် ပဋိပက္ခများကလည်း ရှိနေ၏။ ဝူပြည်နယ်နှင့် ရွှဲ့ပြည်နယ်တို့မှ ယင်ယွမ်အဖွဲ့အစည်း၏ သီးခြားအကြီးအကဲများက ရှုတင်းယု၏ နယ်မြေများကို ခွဲဝေရယူရန် ရွှဲ့ပြည်နယ် ပြိုလဲမည့်အချိန်ကို စောင့်မျှော်နေ၏။

“အဓိက အချက်အားဖြင့် ကျူးမိသားစုပဲ။”

ရှုတင်းယုက ပြောလိုက်သည်။ “ကျူးမိသားစုက တော်ဝင်ရန်အင်ပါယာမှာ ထင်ရှားကျော်ကြားတယ်။ ကျူးမိသားစု သာ ပူးပေါင်းဆောင်ရွက်ပေးမယ် ဆိုရင် အင်ပါယာအစိုးရအဖွဲ့နဲ့ နန်းတွင်းမိသားစုကို စည်းရုံးဖို့ အများကြီး ပိုလွယ်ကူသွားလိမ့်မယ်။”

နင်ချီက ပြောလိုက်၏။ “ကျုပ် နားလည်ပါတယ်။ ဒါပေမယ့် အရာအားလုံးကို မြန်မြန်လုပ်မှ ဖြစ်မယ်။ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်။”

ရှုတင်းယုက ရုတ်တရက် မေးသည်။ “အကယ်၍ ရှမ့်လန်က ထျန်းနန်စီရင်စုရဲ့ စစ်ပွဲမှာ နိုင်သွားရင်ရော။ ဒါဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေက..”

နင်ချီက ဖြတ်မေးလိုက်၏။ “အဲကိစ္စက ဖြစ်နိုင်လို့လား။”

..........

ထျန်းနန်စီရင်စုရှိ ရန်ကော့မြို့ စစ်မြေပြင် ....။

စုနန်၏အမိန့်ပေးမှုနှင့်အတူ မိုးပြိုလုမတတ်ပင် ကြောက်မက်ဖွယ်ကောင်းသည့် တပ်တော်၏ တိုက်ခိုက်မှုက စတင်လာခဲ့သည်။

ရွှမ် ရွှမ် ရွှမ်…

ကျောက်လောက်လွှဲပေါင်း များစွာတို့က ကီလိုဂရမ် ရာပေါင်းများစွာ လေးသည့် ကျောက်တုံးကြီးများကို မီတာ ၃၀၀ အကွာအဝေးဆီသို့ လှမ်းကာပစ်၏။ ဧရာမ ဒူးလေးကြီးများကလည်း ၃ မီတာရှည်သည့် လှံတံကြီးများကို ထည့်ကာ မီတာရာပေါင်းများစွာ အဝေးဆီသို့ လှမ်းကာ ပစ်ခတ်၏။

ဝုန်း ဝုန်း… ကျောက်တုံးကြီးများက နန်းမြို့ရိုးကို ဝင်ဆောင့်၏။ တချို့ကတော့ မြို့ထဲသို့ ကျရောက်၏။ ကျယ်လောင်သည့် အသံဗလံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေ၏။ နားကွဲလုမတတ်ပင် ဆူညံလွန်းနေ၏။ ခဏအတွင်းမှာပဲ မိုးမြေတစ်ခုလုံး တုန်လှုပ်သွားသကဲ့သို့ပင် ခံစားရသည်။

ဤကျောက်တုံးကြီးများက နန်းမြို့ရိုးကို ထိမှန်သည်နှင့် တွင်းကြီးများ ဖြစ်ပေါ်ကျန်ရစ်ခဲ့၏။ မြို့ရိုးထိပ်သို့ ကျရောက်လျှင် လူပေါင်း ဒါဇင်နှင့်ချီ၍ အသားစများ ဖြစ်ကုန်၏။ မြို့ထဲသို့ ကျရောက်ပါက အိမ်များအားလုံး ပျက်စီးကုန်၏။

ကျောက်လောက်လွှဲကြီးများ၏ သတ်ဖြတ်ပစ်နိုင်သည့် အစွမ်းက တကယ်ကို ကြောက်မက်ဖွယ် ကောင်း၏။ သို့သော်ငြား ကျောက်လောက်လွှဲများ၏ တိကျမှုကတော့ ကံတရားပေါ်တွင်သာ မူတည်သည်။

စစ်မြေပြင်တွင် ထိုအရာများက အကြီးမားဆုံးသော ဖျက်ဆီးနိုင်စွမ်းကို ထုတ်ဖော်ပြသနိုင်၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် တိုက်ခိုက်မှုမျိုးကို ရင်ဆိုင်ရပါက မည်သည့် စစ်တပ်မဆို ကြောက်လန့် တုန်လှုပ်မှုကို ခံစားရပေလိမ့်မည်။

“ပစ်”

နာကျည်းမှု၏ အမိန့်ပေးမှုနှင့်အတူ ရန်ကော့မြို့အတွင်းမှာ ရှိသည့် ကျောက်လောက်လွှဲများကလည်း ရူးသွပ်စွာ ပြန်လည် ပစ်ခတ်ကြ၏။ တကယ်တော့ ရန်ကော့မြို့ တစ်ခုလုံးတွင် ကျောက်လောက်လွှဲ ၇ ခုသာလျှင် ရှိ၏။ အပြန်အလှန် ပစ်ခတ်မှုများကြောင့် မြေကြီးများက တုန်ခါနေခဲ့ပြီး မြေပြင်တွင် တွင်းကြီးများပင် ဖြစ်ပေါ်၏။

သို့ပေမည့် မည်သည့် အဓိပ္ပာယ်မှ မရှိချေ။ တိုက်ပွဲ၏ရလဒ်က သုညသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် စုနန်၏ စစ်သည်က မိုင် ၄၊ ၅ ရာ အကွာတွင် ရှိနေသောကြောင့် ဖြစ်၏။ သူတို့၏ ကျောက်လောက်လွှဲ ဒါဇင်ပေါင်းများစွာနှင့် ဧရာမ ဒူးလေးကြီးများက ပစ်ခတ်နိုင်သည့် အကွာအဝေးတွင် ရှိ၏။ သို့သော်ငြား ကျောက်လောက်လွှဲများ၏ ထိမှန်မှုကတော့ တစက်လေးမှ တိကျမှု မရှိခဲ့ချေ။ အကြိမ်ပေါင်း ဒါဇင်နင်ချီ ပစ်ခတ်ပြီးနောက် တစ်ချက်မှ မထိမှန်ဘဲ မြေပြင်ကိုသာ ထိသည်။

နှိုင်းယှဉ်ရမည်ဆိုလျှင် စုနန်၏ဘက်က ရလဒ်အနည်းငယ် ပိုကောင်း၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ကျောက်လောက်လွှဲစင်များက ပိုမိုကာ များပြား၏။ တိုက်ခိုက်ရသည့် ပစ်မှတ်များကလည်း မြို့ကြီး တစ်မြို့လုံးစာ ဖြစ်နေသောကြောင့် သူတို့၏ ပစ်မှတ်က ထင်ရှား၏။

ဝုန်း…

ကျယ်လောင်သော အသံကြီး တစ်ခု ထွက်လာသည်။

စုနန် ကံဆိုးသွား၏။ ရှမ့်လန်ဘက်မှ ပစ်လိုက်သည့် ကျောက်တုံးတစ်တုံး ထိမှန်ပြီး ကျောက်လောက်လွှဲစင်ကြီး တစ်ခုက ပျက်စီးသွားခဲ့ခြင်းပင်။ ဘေးတစ်ဖက်တွင် ရှိနေသည့် လူဒါဇင်ပေါင်းများစွာတို့ကို တိုက်ရိုက်ထိမှန် သေဆုံးစေ၏။ ပြီးနောက် ဤတိုက်ပွဲ ရလဒ်က ဤနေရာတွင် ပြီးဆုံးသွား၏။ ဘာမှထူးခြားမလာတော့ပေ။

ရွှမ် ရွှမ် ရွှမ် ….။

ဝုန်း ဝုန်း ….။

စုနန်၏စစ်သည်များက ကျောက်လောက်လွှဲကြီးများ၊ ဧရာမ ဒူးလေးကြီးများနှင့် မမောနိုင် မပန်းနိုင် ပစ်ခတ်နေသည်မှာ တစ်နာရီများ ကြာမြင့်ခဲ့၏။ ရန်ကော့မြို့ တစ်ခုလုံးက အပေါက်အကွဲများနှင့် စုတ်ပြတ်သပ်နေ၏။ မြို့တစ်ခုလုံးက ဖုန်မှုန့်များနှင့် မြေမှုန်များပင် ဖုံးလွှမ်းလျက် ရှိနေ၏။

ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုများက တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ကို ပြိုလဲစေ၏။ တာနန်နိုင်ငံ၏ အနောက်ပိုင်း စစ်သေနာပတိချုပ်က စုနန် ဖြစ်ပြီး၊ ဒုတိယ စစ်သေနာပတိချုပ်က ရှားချင် ဖြစ်၏။ သူက ကျင်းမင်းသားနှင့် ကျမ်းသစ္စာကျိန်ဆိုထားသည့် သွေးသောက်ညီအစ်ကို ဖြစ်ပြီး ကျင်းမင်းသား မိန်းမ၏မောင်လည်း ဖြစ်၏။ ထို့အပြင် သဲကန္တာရ လူရိုင်းမျိုးနွယ်၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

ရှားယန်၊ ရှားချင်တို့က ရှားမျိုးနွယ်အဖြစ် ခံယူထားကြသည့် လူများ ဖြစ်၏။ သူတို့က ဤကဲ့သို့ နာမည်ကောင်းများကို ပိုင်ဆိုင်ထားရခြင်းက သူတို့ဖာသာ သူတို့ ပေးထားခဲ့ခြင်း မဟုတ်ချေ။ ကျင်းမင်းသားက နာမည်ပေးထားကြခြင်း ဖြစ်၏။ သူက တာ့နန်နိုင်ငံ၏ မျိုးနွယ်အမည်များကို တိုက်ရိုက် ယူထားခြင်းပင်။

ရှားချင်က စုနန်ထံသို့ လာ၏။ “စစ်သေနာပတိ.. ခင်ဗျား သတိထားလွန်းနေပြီ။ ရွှဲ့ပြည်နယ်ရဲ့ စစ်တပ်က သရဲဘောအကြောင်ဆုံး ကောင်တွေပဲ။ ကျုပ်တို့ ဝင်တိုက်တာနဲ့ သူတို့ ချက်ချင်း လက်နက်ချမှာ။ အရင် တိုက်ပွဲတွေတုန်းကလည်း ဒီလိုပဲ။ ထူးမခြားနားပါပဲ။ ဒီပုံစံတိုင်းသာ ဆက်ပြီး ပစ်နေမယ်ဆိုရင် မြို့စောင့်တပ်တွေက ကြောက်လွန်းလို့ ဆီးတောင် ထွက်ကျကုန်မှာ စိုးရတယ်”

“သေချာတာ တစ်ခုကတော့ တကယ်တမ်း တိုက်ခိုက်မယ်ဆိုရင် တစ်နာရီလောက်ပဲ ကြာမယ်ဆိုတာ ကျုပ် ရဲရဲကြီး အာမခံတယ်။ နာရီဝက်ထက် ပိုကြာမယ်ဆိုရင် သဲကန္တာရ လူရိုင်းမျိုးနွယ်တွေအတွက် သိက္ခာကျစရာ ဖြစ်လိမ့်မယ်။ ဟား ဟား ဟား ဟား။”

တောက်လျှောက် အောင်ပွဲခံလာခဲ့ပြီးနောက် သဲကန္တာရလူရိုင်းမျိုးနွယ်များ၊ တပ်မှူးများက မာန်တက်လျက် ရှိနေကြ၏။ ရွှဲ့ပြည်နယ်မှ စစ်တပ်များကို မျက်လုံးထဲပင် မထည့်ကြတော့ချေ။

“သွားကြစို့ စစ်သေနာပတိချုပ်.. မြို့ထဲကို ဝင်ပြီး အိပ်ကြစို့။ အဲဒီမှာ အိပ်စရာ ကုတင်တွေ ရှိတယ်။”

“စစ်သေနာပတိချုပ်က အရမ်းကို သတိကြီးလွန်းနေပြီ။ ကျုပ်တို့ရဲ့ အစီအစဉ်အရဆိုရင် ကျုပ်တို့က ရွှဲ့ပြည်နယ်ရဲ့ မြို့တော်ကိုတောင် ရောက်သင့်နေပြီ။ အဲဒီမှာ ရေတွက်လို့မကုန်တဲ့ အလှပဂေးတွေ ရှိတယ်။ စိတ်ကြိုက်ပျော်ပါးလို့ ရတယ်။”

“မင်းသေချင်နေတာလား။ အပြစ်မဲ့မိန်းမတွေကို မုဒိန်းကျင့်ရင် ကွပ်မျက်ခံရမယ်လို့ ဘုရင်မင်းမြတ်က အမိန့်ထုတ်ပြန်ထားတယ်။”

“အရှင်မင်းကြီးက အရာရာ ကောင်းမွန်တယ် ဆိုပေမယ့် ဒီကိစ္စမှာတော့ ကျုပ် ဘဝင်မကျမိဘူး။ သိမ်းပိုက်ထားတဲ့ မြို့ကို ကျုပ်တို့က ဘာလို့ လုယက်ခွင့် မရှိရတာလဲ။ ဖမ်းမိထားတဲ့ မိန်းမတွေကို ဘာလို့ မုဒိမ်းကျင့် သတ်ဖြတ်ခွင့် မရှိရတာလဲ။”

စုနန်က ထိုသူကို တစ်ချက် ဝေ့ကြည့်လိုက်၏။ ဤလူများက ရန်သူကို လျော့တွက်လွန်းနေ၏။ စစ်မြေပြင်တွင်တောင်မှ ရယ်ရယ်မောမော ပြောဆိုနေနိုင်၏။ သူတို့က ရှမ့်လန်နှင့် ရှမ့်လန်၏စစ်တပ်ကို လုံးဝအထင်သေးနေခြင်းဖြစ်၏။

“မြို့ကိုတိုက်တော့”

စုနန်၏ အမိန့်ပေးမှု အဆုံးမှာတော့ သဲကန္တာရ လူရိုင်း စစ်သည် ၂ သောင်းကျော်တို့က ဟိန်းဟောက် ကြွေးကြော်ပြီး ရူးသွပ်စွာဖြင့် ရှေ့သို့ တိုးဝင်လာခဲ့ကြ၏။ သူတို့က အလွန် လျင်မြန်၏။ သူတို့က အချိန်အကြာကြီး အောင့်အီးသည်းခံထားခဲ့ရသောကြောင့် တိုက်ခိုက်လိုစိတ်များက တဖွားဖွား ဖြစ်ပေါ်နေသည်။

တစ်နာရီကျော်ကြာခဲ့ပြီး ဖြစ်သော်လည်း သူတို့က ကောင်းကောင်းမွန်မွန် မတိုက်ခဲ့ရသေးချေ။ ထို့ကြောင့် လုံးဝ အားမရချေ။ လူမသတ်ရလျှင် ကျေနပ်နိုင်လိမ့်မည် မဟုတ်ချေ။ ယခုတော့ သူတို့ စိတ်ကြိုက် တိုက်ခိုက် နိုင်ပေတော့မည်။

ယခင်တုန်းက ထျန်းနန်မြို့တွင် စစ်သည်ပေါင်း ၂ သောင်းကို ရင်ဆိုင်ရချိန်က ထိုစစ်သည်များ လက်နက်ချ ခဲ့သော်လည်း သဲကန္တာရလူရိုင်းများက လွှတ်မပေးဘဲ အကုန်လုံးကို သတ်ဖြတ်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူတို့က သွေးဆာနေသည့် ဝံပုလွေများ ဖြစ်သောကြောင့်ပင်။

“သတ်ကြ သတ်ကြ။ မြို့ထဲမှာ ခြေကုန်လက်ပန်းကျနေတဲ့ ပုရွက်ဆိတ်အကောင်ရေ တစ်သောင်းလောက် ရှိတယ်။ ကြောက်လွန်းလို့ ဘောင်းဘီထဲ သေးတောင် ထွက်ကျနေလောက်ပြီ။ နန်းမြို့ရိုးပေါ်တက်ပြီး အကုန်လုံးကို သတ်ကြတော့။”

“နာရီဝက်ပဲနော်။ နာရီဝက်။ ခေါင်းအရေအတွက်ကို ရေတွက်ထားကြ။ စစ်သည် တစ်သောင်းဆီ ဝင်တိုက်ပြီး ခေါင်းတစ်သောင်းကို လုယူရမှာဆိုတော့ ခေါင်းမရတဲ့ စစ်သည်တွေ တော်တော် ရှက်စရာပဲ။ ခေါင်းမရတဲ့ ညီအစ်ကိုတွေက ခေါင်းရတဲ့ ညီအစ်ကိုတွေကို ခြေထောက်ဆေးပေးကြေး။”

ထိုစကား ထွက်ပေါ်လာသည်နှင့် သဲကန္တာရ လူရိုင်း စစ်သည်များက ပိုမိုကာ သွေးဆူလာကြ၏။ သူတို့က ပိုမိုရူးသွပ်စွာဖြင့် အရှေ့ဆီသို့ ချီတက်လာခဲ့ကြ၏။ သူတို့က ခေါင်းဖြတ်ရန် လုနေကြခြင်း ဖြစ်၏။

“သတ်ကြ၊ သတ်ကြ” သဲကန္တာရ လူရိုင်းမျိုးနွယ်များက တကယ်ပင် ရဲရင့်ကြသည်။

သူတို့က ရန်ကော့မြို့ဆီသို့ လျင်မြန်စွာ ပြေးဝင်သွား၏။ ကောင်းကင်ပေါ်မှ စီးမိုးကြည့်မည် ဆိုလျှင် သားရဲ တိရစ္ဆာန်များ အလုအယက်နှင့် ပြေးဝင်သွားသကဲ့သို့ပင် ဆင်တူ၏။

စုနန်နှင့် ရှားချင်တို့က အဝေးမှ လှမ်းကြည့်၏။ နန်းမြို့ရိုးတစ်ခုလုံးက လူသူကင်းမဲ့လျက် ရှိနေကြောင်း မြင်ရ၏။ ထိုအရာက မည်သည့် သဘောဖြစ်သနည်း။ သူတို့မြို့ကို စတင်တိုက်ခိုက်နေ၏။ သို့ပေမည့် မြို့စောင့်တပ်က အဘယ်ကြောင့် မြို့ရိုးပေါ်တွင် မရှိရသနည်း။ မကြာခင်က အရူးအမူး ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် တကယ်ပင် ပြိုလဲသွားခဲ့သည်လား။ ထိုများဖြင့် လက်လျှော့လိုက်လေသလား။

“တက်ကြ တက်ကြ”

သဲကန္တာရ လူရိုင်း စစ်သည် ၂ သောင်းကျော်တို့က အလွန် လျင်မြန်စွာဖြင့် မြို့ရိုးနှင့် မီတာ ၁၀၀ အကွာအဝေးသို့ ရောက်ရှိလာ၏။

ထိုအချိန်မှာပင် ရွှမ် ရွှမ်…

မြို့ရိုးအတွင်းမှ မြားမိုးများ ရုတ်တရက် ရွာချလာ၏။ သဲကန္တာရ လူရိုင်းမျိုးနွယ်များက သွေးများနှင့် ပေကျံကုန်၏။

သို့ပေမည့် ထိုအရာ၏ ထိမှန်မှုနှုန်းက သိပ်ပြီး တိကျမှု မရှိခဲ့ချေ။ ပြောရမည်ဆိုလျှင် သူတို့က ကြုံသလို လှမ်းကာ ပစ်နေခြင်းပင်။ တိတိကျကျ ပြောရမည်ဆိုလျှင် မြို့ရိုးကိုကျော်ကာ လှမ်းပစ်နေခြင်းဖြစ်၏။ သဲကန္တာရ စစ်သည်များက ဆက်လက်ကာ တိုးကပ်လာသည်။

ထိုအချိန်မှာပဲ ရန်ကော့မြို့အတွင်းမှ မြို့စောင့်တပ်သားများက တစ်ယောက်ပြီးတစ်ယောက် နန်းမြို့ရိုးပေါ်သို့ တက်လာ၏။ သူတို့အားလုံးက သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထား၏။ ကိုယ်ထည်တွင် သံချပ်ကာကို ဝတ်ဆင်ထားပြီး ခြေလက်များတွင် သံကွင်းဆက် အင်္ကျီများကို ဝတ်ဆင်ထား၏။

“နောက်ဆုံးတော့ ထွက်လာပြီ။ သိုးငယ်လေးတွေ ထွက်လာကြပြီ။ သူတို့က လိပ်ခွံထဲ ပုန်းနေရတာလား။ ငါတို့က ခေါင်းမဖြတ်နိုင်ဘူးလို့ ထင်နေကြတာလား။” သဲကန္တာရ လူရိုင်းမျိုးနွယ်များက ကြောက်လန့် တုန်လှုပ်ခြင်း လုံးဝ မရှိဘဲ ရုတ်တရက် ပြေးဝင်ကာ မြို့ရိုးပေါ်သို့ ခုန်တက်သည်။

သူတို့က အိမ်မြှောင်များကဲ့သို့ အပေါ်ကို တွယ်တက်ကြ၏။ စစ်တိုက်သည့်နေရာတွင် သုံးသည့် လှေကားမျိုးပင် မလိုချေ။ တကယ်ကို အံ့မခန်း ဖြစ်၏။ သူတို့အတွက်တော့ နန်းမြို့ရိုးပေါ်သို့ ရောက်သွားသည်နှင့် တိုက်ပွဲ ပြီးဆုံးပြီ ဖြစ်၏။

ထိုအချိန်မှာပင် မြို့ရိုးပေါ်မှ ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့သည်။ “ဟား…. ဒီလူရိုင်းအုပ်စု နောက်ဆုံးတော့ ရောက်လာပြီ။ ရောက်လာပြီဟေ့။”

“နောက်ဆုံးတော့ တိုက်လို့ရပြီပဲ။ ငါ ရူးတောင် ရူးချင်လာပြီ”

ရှမ့်လန်၏ လက်အောက်မှ မြို့စောင့် တပ်သားများက ဝံပုလွေများကဲ့သို့ပင် ထကာ အော်ဟစ်လိုက်ကြ၏။ ပြီးနောက် မရေတွက်နိုင်သည့် သစ်လုံးကြီးများနှင့် ကျောက်တုံးကြီးများ ပြင်းထန်စွာ ပြုတ်ကျလာ၏။ ဆီပူများ၊ ချီးများ၊ သေးများကို လောင်းချ၏။

All Chapters