အခန်း (၆၆၇-၆၆၈)
Vol. 43 Ch. 667-668
အပိုင်း (၆၆၇)
သဲကန္တာရ လူရိုင်းစစ်သည်များက ကြောင်အသွားခဲ့ကြ၏။ “ဒါ ဒါ … ဘယ်လို စစ်တပ်လဲ။ မင်းတို့က ငါတို့ ထက်တောင် ပိုပြီးတော့ ယုတ်ညံ့နေပါလား။ ပြီးတော့ အရမ်းသန်မာလွန်းတယ်။”
ရှမ့်လန်၏ လက်အောက်မှ မြို့စောင့်တပ်သားတစ်သောင်းတို့က ပေါင် ၁၀၀ ကျော်လေးသည့် ကျောက်တုံးကြီးများကို တစ်တုံးစီကို တစ်ယောက် ကိုင်မကာ အောက်သို့ ပစ်ချ၏။ ပေါင် ၁၀၀ ကျော်လေးသည့် သစ်လုံးကြီးများကို လက်တစ်ဖက်တည်းဖြင့် ကိုင်ကာ ရိုက်ချ၏။ ဆီပူများကိုလည်း လောင်းချသည်။
နာကျည်းမှုက အော်ဟစ်လိုက်၏။ “ညီအစ်ကိုတို့ ချွေတာကြအုံး။ ချွေတာကြအုံး။ ဆီအိုးကြီးကို အိုးလိုက်ကြီး ပစ်မချနဲ့။ ဟေ့ကောင်တွေ မင်းတို့ ဘာလုပ်နေတာလဲ။ ရန်သူက တက်လာပြီကို မြို့ရိုးပေါ်ကပဲ တိုက်။ ဘာလို့ မြို့ရိုးအောက်ကို ခုန်ဆင်းပြီး သွားတိုက်ချင်ရတာလဲ။ သူ့ကို ဆွဲထားကြစမ်း။”
ဆေးအာနိသင်က ပြင်းပြလွန်း၏။ မြို့စောင့်တပ်သားများက ရက်အတော်ကြာ အောင်းအီး သည်းခံနေရပြီး ယခုအချိန်မှာတော့ နောက်ဆုံးတိုက်ပွဲကို စတင်နိုင်ပြီ ဖြစ်၏။ သူတို့က အဆုံးစွန်အထိ ရူးသွပ်လျက် ရှိနေ၏။ တိုက်ပွဲစသည်နှင့် တချို့က ရန်သူရောက်လာမည်ကိုပင် မစောင့်နိုင်ဘဲ အောက်သို့ ခုန်ဆင်းကာ တိုက်ခိုက်ဖို့ ပြင်နေ၏။ တကယ့်ကို ရဲရင့်လွန်းလှချေသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက ရှမ့်လန်နှင့် နာကျည်းမှုတို့က ဤလူတစ်သောင်း၏ ပိုလျှံနေသည့် စွမ်းအင်များကို မထိန်းချုပ်နိုင်သောကြောင့် မြို့တွင်းရှိ အိမ်များကို ဖျက်ခိုင်းခဲ့ရ၏။ အိမ်များကို ဖြတ်ပြီးနောက် သစ်တုံးကြီးများအဖြစ် ထပ်မံဖြတ်ခိုင်းခဲ့ရ၏။ အုတ်ခဲဒါဇင်ပေါင်းများစွာကို ကပ်ပြီး ကျောက်တုံးကြီးများအဖြစ် လုပ်ခဲ့ရ၏။
ပြီးနောက် မြင်ကွင်းအားလုံးက ရှုပ်ထွေးသွားခဲ့၏။ မြို့စောင့်တပ်သား ၁၀၀၀၀ လုံးက သူတို့၏ အကန့်အသတ်မဲ့သော ခွန်အားများကို အသုံးပြုပြီး လက်လှမ်းမှီရာ အားလုံးကို အောက်သို့ ကန်ချ၏။ ပေါင်တစ်ရာအောက် ရှိသည့်အရာကို သူတို့ စိတ်မဝင်စားချေ။ သူတို့၏ စိတ်ထဲမှ တိုက်ခိုက်လိုစိတ်များက သေးငယ်သည့်အရာများနှင့် မကျေနပ်နိုင်သေးသောကြောင့်ပင်။
သူတို့၏ စိတ်ဓာတ်များက တက်ကြွလာခဲ့သည် ဆိုသော်လည်း အားမရနိုင်သေးချေ။ သဲကန္တာရ လူရိုင်းစစ်သည် များကို တိုက်ခိုက်ရန်အတွက် နန်းမြို့ရိုးပေါ်မှ တိုက်ရိုက် ခုန်ချသွား၏။ ကျဉ်းမြောင်းသည့် လမ်းထဲတွင် ရဲရင့်သူကသာ အနိုင်ရစမြဲပင်။ အရင်တုန်းက ပျော့ညံ့ကြသည့်သူတို့က ယခုမှာတော့ တကယ့်ကို ကြမ်းတမ်းလို့ နေသည်။
သဲကန္တာရလူရိုင်းများက သေရမည်ကို မကြောက်ပေ။ သို့ပေမည့် ရှမ့်လန်၏ လက်အောက်မှ စစ်သည်များက အရူးများဖြစ်၏။ လုံးဝရူးသွပ်နေသည့် လူများကဲ့သို့ပင်။ အဆုံးမဲ့သည့် ခွန်အားနှင့် စွမ်းအင်များကို ပိုင်ဆိုင်သည့် အရူးများကဲ့သို့ပင်။ ထို့ကြောင့် မောပန်းခြင်းကို မသိကြချေ။ ပစ္စည်းများကို မကာ ရူးသွပ်စွာ ပစ်ချ၏။
သဲကန္တာရစစ်သည်များ မည်မျှစွမ်းအားကြီးမားသည်မဆို ပေါင်တစ်ရာကျော် လေးသည့် ကျောက်တုံးကြီးများ ကိုတော့ မခံနိုင်ကြချေ။ တိုက်ရိုက်ပင် အသားများ ပြားထွက်သွား၏။ စစ်သည်တချို့က ဆီပူများကို အိုးနှင့်အတူ လောင်းချ၏။ နောက်ဆုံးမှာတော့ ရူးသွပ်လျက် ရှိနေသည့် မြို့စောင့်တပ်သားများက ဆီအိုး တစ်လုံးချင်းစီကို ကိုယ်တိုင်မပြီး မြို့ရိုးပေါ်မှ လောင်းချ၏။ အပူလောင်ပြီး သေမှာကို မကြောက်ပေဘူးလား။
ထိုအချိန်မှာတော့ သဲကန္တာရ လူရိုင်းစစ်သည်များက ကြောင်အသွားခဲ့၏။ သူတို့ထက် ပိုမိုကာ ရူးသွပ်သည့် စစ်သည်များ ရှိနေသေးသည်လား။ ဤလူများက လူသားနှင့်တောင် မတူတော့ချေ။ ထို့အပြင် သန်မာလွန်းလှခ၏။ သို့ပေမည့် သဲကန္တာရ လူရိုင်းစစ်သည်များက ပြိုင်ဘက် ပိုမိုသန်မာလေ သူတို့က ပိုမိုကာ ကြိုက်လေပင်။
အထိအခိုက်၊ အကျအရှုံး များပြားသော်လည်း သူတို့က ပိုမိုရူးသွပ်စွာဖြင့် ရှေ့သို့ဆက်တက်၏။ သူတို့၏ အရေအတွက်က များပြားပြီး မြန်ဆန်၏။ ငါးမီတာမြင့်သည့် မြို့ရိုးက သူတို့ကို တားဆီးနိုင်ခြင်း မရှိချေ။ မကြာခင်မှာပဲ သဲကန္တာရလူရိုင်းစစ်သည်များက တစ်ယောက်ပြီး တစ်ယောက် နန်းမြို့ရိုးအပေါ်သို့ ရောက်ရှိလာ၏။
“ဟား ဟား ဟား... ငါတို့ သဲကန္တာရ လူရိုင်းစစ်သည်တွေအတွက် သတ်ဖြတ်ဖို့ အချိန်ရောက်ပြီ။ အနီးကပ် တိုက်ခိုက်ပွဲမှာ ငါတို့က ဘုရင်ပဲ။ ရွှဲ့နိုင်ငံက အရေးမပါတဲ့ စစ်သားတွေ မင်းတို့ စောင့်နေလိုက်။ ကဲ... သဲကန္တာရ လူရိုင်းညီအစ်ကိုတွေ တက်ကြမယ်”
“ကျား...” သဲကန္တာရ လူရိုင်းစစ်သည်များက ဟိန်းဟောက်ပြီး ပြေးဝင်လာခဲ့ကြသည်။
မြို့စောင့်တပ်သားများက ပိုမိုကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။ “အား... ကျား....”
သူတို့က ပိုမိုကာ ရူးသွပ်၏။ ဓားမော့ကြီးများကို မြောက်ကာ ပြေးဝင်တိုက်ခိုက်သည်။
သဲကန္တာရ လူရိုင်းစစ်သည်များက ကြောင်အသွားခဲ့၏။ “ကောင်းကင်ဘုံ... သူတို့ကို ကြည့်ရတာ ငါတို့ထက်တောင် စိတ်လှုပ်ရှားနေတဲ့ပုံပဲ”
မျက်စိတမှိတ်အတွင်းမှာ နှစ်ဖက်လုံးက အပြန်အလှန် ခုတ်ပိုင်းကြတော့သည်။
“ဘုန်း....” သဲကန္တာရ လူရိုင်း စစ်သည်များက ဓားရေးကျွမ်းကျင်၏။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက မြို့စောင့်တပ်သားများထက် ပိုမိုကာ သာလွန်၏။ သို့သော်ငြား ရွှေနဂါးသွေးကို သောက်ထားသည့် မြို့စောင့်တပ်သားများ၏ ခွန်အားနှင့် အမြန်နှုန်းက ပိုမိုကာ ကြမ်းတမ်း၏။ သူတို့က သေရမည်ကိုလည်း မကြောက်ချေ။
“တစ်ချက်တည်းသော ခုတ်ချက်”
နှစ်ဖက်လုံးက အပြင်းအထန် ခုတ်ပိုင်း၏။ သဲကန္တာရလူရိုင်းစစ်သည်၏ ဓားမော့က မြို့စောင့်တပ်သား၏ သံချပ်ကာထဲသို့ စိုက်ဝင်သွား၏။ သို့သော်ငြား သံချပ်ကာက ဘာမှ မဖြစ်ခဲ့ချေ။ တစ်ဖက် သဲကန္တာရ လူရိုင်းမျိုးနွယ်များ၏ သံချပ်ကာက နှစ်ပိုင်း ပိုင်းပြတ်သွား၏။
“အား.. လူရှိသေးလား။ ဘယ်သူရှိသေးလဲ”
မြို့စောင့်တပ်သားက နောက်ထပ်ပစ်မှတ်များကို ဆက်လက် ရှာဖွေလျက် ရှိနေသည်။
“ညီအစ်ကိုတို့.... ကျောက်တုံးတွေ၊ သစ်လုံးတွေ မပစ်နဲ့တော့။ သူတို့ကို တက်လာခိုင်းပြီး သတ်ကြမယ်။ ဓားနဲ့ခုတ်သတ်ရတာ ပိုပြီး အရသာရှိတယ်” မြို့စောင့်တပ်သားတစ်ဦးက အော်ဟစ်လိုက်၏။
ထိုအရာကို ကြားချိန်မှာတော့ ရှမ့်လန်က ထကာ ဆဲလုမတတ်ပင် ဖြစ်သွားသည်။ “ချီးတဲ့မှ... မင်းတို့ စစ်သည်ငယ်လေးတွေ ပေါက်ကရတွေ မပြောနဲ့။ မင်းတို့ တိုက်ပွဲကို ဖျက်ဆီးပစ်နေတာပဲ”
နောက်ဆုံးမှာတော့ မြို့စောင့်တပ်သားများက ကျောက်တုံးများကို မပစ်ချတော့ချေ။ သူတို့က သဲကန္တာရ လူရိုင်း စစ်သည်များကို အပေါ်သို့ တက်လာခွင့်ပြု၏။ ပြီးမှ အနီးကပ် တိုက်ခိုက်ကြ၏။ ဓားချင်း ယှဉ်ခုတ်၏။
“သတ်... သတ်”
ပိုမိုကာသတ်လေ။ သူတို့က ပိုမိုကာ စိတ်ဓာတ်တက်ကြွလေပင်။ နောက်ဆုံးမှာတော့ သူတို့က ရူးသွပ်နေသည့် နတ်ဆိုးများ ကဲ့သို့ပင်။ ဤအရူးများက ကာကွယ်ခြင်း ဆိုသည်ကို နားမလည်ကြချေ။ ရန်သူ၏ ဓားချက်ကိုပင် မရှောင်ကြချေ။ ခေါင်းနှင့်ပင် ခံချင်နေကြသေးသည်။
နာကျည်းမှုက ကျယ်လောင်စွာဖြင့် ဆဲရေး၏။ ကျင်းမိသားစု၏ အကောင်းဆုံးသော သံချပ်ကာသာ မရှိပါက ထိုသူအားလုံးက သေကုန်ကြပြီ ဖြစ်၏။ ဤအရာက စစ်တပ်နှစ်ခုကြား တိုက်ပွဲမဟုတ်ဘဲ သားရိုင်းများ ကိုက်ခဲနေကြခြင်းနှင့် တူညီနေ၏။
“မင်းက ငါ့ကို ခုတ်တယ်။ ငါလည်း မင်းကို ခုတ်မယ်”
မြို့စောင့်တပ်သားများ၏ သံချပ်ကာက ကောင်းမွန်၏။ ခုတ်ခံရသည် ဆိုသော်လည်း မသေဘဲ သဲကန္တာရ လူရိုင်းများကိုသာ ပြန်သတ်ပစ်သည်။
သဲကန္တာရလူရိုင်းများက ဤကဲ့သို့သော စစ်တပ်ကို ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်၏။
“ဟင်... ဘာလို့ အမဲလိုက်တုန်းက ဝံပုလွေတွေနှင့် ရင်ဆိုင်ရသလို ပြန်ခံစားနေရတာလဲ”
သို့ပေမည့် ဝံပုလွေတွေက သံချပ်ကာ မဝတ်ထားချေ။ မြို့စောင့်တပ်သားတစ်သောင်းတို့ကတော့ သူတို့၏ ကောင်းမွန်သည့် လက်နက်ကိရိယာများကို အသုံးပြုပြီးနောက် တိုက်ခိုက်ကြတော့သည်။
လူတစ်သောင်းက ရန်သူအင်အား ပိုမိုများပြားသည့် စစ်တပ်ကြီးနှင့် ရင်ဆိုင်၏။ သူတို့က လုံးဝ ရက်ရက်စက်စက် သတ်ဖြတ်လျက် ရှိနေ၏။ သွေးများက ကောင်းကင်ယံပေါ်သို့ပင် ပန်းထွက်လျက် ရှိနေ၏။ အလောင်းများက နေရာအနှံ့သို့ ပြန့်ကျဲနေ၏။
နောက်ဆုံး သေရမည်ကို မကြောက်လန့်တတ်သည့် သဲကန္တာရလူရိုင်းများပင်လျှင် လုံးဝ ထိတ်လန့်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် တကယ်လည်း ကြောက်စရာကောင်း၏။ ကြေကွဲစရာလည်း ကောင်း၏။ သူတို့ဘက်တွင် ဒဏ်ရာရသူဟူ၍ မရှိ။ သေဆုံးသူဟူ၍သာ ရှိသည်။
ဤသံချပ်ကာဝတ် မြို့စောင့်တပ်သားများက အရူးများ ဖြစ်၏။ သူတို့က ရန်သူကို နှစ်ပိုင်း ပိုင်းပြတ်အောင် မခုတ်ရမချင်း နားကြမည့်သူများ မဟုတ်ချေ။ တစ်ဖက်လူ၏ ခုတ်ပိုင်းခံရမည်ကို ဂရုမစိုက်ဘဲ တစ်ဖက်လူကိုသာ နှစ်ပိုင်းပိုင်းပြတ်အောင် ခုတ်ပိုင်းမည့်သူများ ဖြစ်၏။ ထို့ကြောင့် သဲကန္တာရ လူရိုင်းစစ်သည်များက လဲကျသွားသည်နှင့် အလောင်းမလှဘဲ သေဆုံးသွားခဲ့ကြ၏။ တုန်လှုပ်စရာကောင်းသည့် ကျရှုံးမှုများပင် ဖြစ်၏။
အချိန်ကြာလာသည်နှင့်တပြိုင်နက် မြို့ရိုးပေါ်တွင်ရှိနေသည့် သဲကန္တာရလူရိုင်းစစ်သည်များက နည်းသည်ထက် နည်းလာ၏။ ပိုမို၍ နည်းလာ၏။ သေဆုံးသည့် အရေအတွက်က ရေတွက်လို့ပင် မရတော့ချေ။ သဲကန္တာရ လူရိုင်းများက အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ကြသည်။
“မောင်းတီးပြီး တပ်ကို ဆုတ်ကြတော့ မောင်းတီးပြီး တပ်ကို ဆုတ်ကြ။”
စည်သံ၊ မောင်းသံများက ဆူညံသွားခဲ့၏။ သဲကန္တာရ လူရိုင်းမြို့နယ်များ၏ အဓိကစစ်တပ်ကြီးက ဒီရေအလားပင် တဝေါဝေါနှင့် နောက်ပြန်ဆုတ်ခွာသွားခဲ့ကြ၏။ သူတို့၏ ဆုတ်ခွာပုံကလည်း တကယ်ကို အံ့မခန်း ဖြစ်ပေသည်။ သူတို့က မြို့ရိုးပေါ်မှ တိုက်ရိုက် ခုန်ချသွားခဲ့ကြခြင်း ဖြစ်၏။
ငါးမီတာခန့် မြင့်မားသည့် မြို့ရိုးအထက်ဆီမှ မြေပြင်ပေါ်သို့ တိုက်ရိုက် ခုန်ချသည် ဆိုသော်လည်း မည်သို့မှ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြချေ။ မျောက်များသဖွယ်ပင် ပေါ့ပါးသွက်လက်လွန်းလှချေ၏။ တစ်ခဏ အတွင်းမှာပဲ မြို့ရိုးအထက်ရှိ သဲကန္တာရလူရိုင်းစစ်သည်များက လုံးဝဥသုံ ပျောက်ကွယ်သွားခဲ့ကြသည်။
ကျန်ရစ်ခဲ့သည်က မြေပြင်တွင် ပြန့်ကျဲလျက် ရှိနေသည့် အလောင်းကောင်များသာ ဖြစ်၏။ မည်သည့် အလောင်းကောင်များမှ အကောင်းပကတိ ကျန်ရစ်ခဲ့ခြင်း မရှိဘဲ၊ နန်းမြို့ရိုး တစ်ခုလုံးကလည်း သွေးများဖြင့် စွန်းထင်းလျက် ရှိနေ၏။
ရှမ့်လန်၏ လက်အောက်ရှိ မြို့စောင့်တပ်သားများက လိုက်လံတိုက်ခိုက်ခြင်း မပြုကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က ကျေနပ်အားရသည်အထိ သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သောကြောင့်ပင်။
ရက်အနည်းငယ်မျှ အောင့်အီး သည်းခံထားခဲ့ရပြီးနောက် သူတို့က ယခု စိတ်တိုင်းကျ တိုက်ခိုက်ခဲ့ရ၏။ ယခုအချိန်တွင် သူတို့အားလုံးက တက်ကြွလန်းဆန်းလျက် ရှိနေသည်။
“အားရစရာကြီး။ လုံးဝ အားရသွားပြီ။ ဝူး.....”
..........
သဲကန္တာရ လူရိုင်းစစ်တပ်စခန်းတွင်းမှာတော့ အကြမ်းဖျင်း ရေတွက်စစ်ဆေးပြီးသည့်နောက် ထိခိုက်သေဆုံးမှု စာရင်းက ထွက်ပေါ်လာ၏။ အရေအတွက် တစ်သောင်းသုံးထောင် နီးပါးခန့်ရှိ၏။ ထိုအထဲတွင် သုံးပုံနှစ်ပုံခန့်က မြို့ရိုးအောက်တွင် သေဆုံးခဲ့ကြခြင်း ဖြစ်၏။
တိုက်ပွဲ ဖြစ်စဉ်တစ်ခုလုံးက တစ်နာရီခန့်သာ ကြာမြင့်ခဲ့၏။ ကျောက်တုံးသောင်းချီ၊ သစ်လုံးပေါင်း သောင်းချီနှင့် ဆီပူများ၊ ချော်ရည်ပူများပင် ပါဝင်လျက် ရှိနေပြီး ထိုအရာအားလုံးက မြို့ရိုး၏ အထက်ဆီမှ အောက်သို့ မိုးကဲ့သို့ပင် ကျဆင်းခဲ့သည်။
မြို့ရိုးပေါ်သို့ အတင်းတက်ရောက်နေခဲ့သည့် လူအင်အား ငါးထောင်ခန့် စုစုပေါင်း၏ သုံးပုံနှစ်ပုံလောက်က ထိုနေရာပင်လျှင် သေဆုံးခဲ့၏။ လူတစ်သောင်းကျော်ခန့်က နန်းမြို့ရိုးပေါ်သို့ အတင်း တက်ရောက် တိုက်ခိုက်ခဲ့သော်လည်း ထပ်ဝက်ခန့် အသက်ခံလိုက်ရ၏။
ရှမ့်လန်၏ မြို့စောင့်တပ်၏ စွမ်းရည်က အမှန်တကယ်ပင် အတိုင်းအဆမဲ့ မြင့်မားလွန်းလှသည်။ တိုက်ခိုက်မှုတွင် လူအင်အား ၂ သောင်းကို အသုံးပြုခဲ့သော်လည်း ၇ ထောင်သာ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ပြီး ကျန်လူများက သေဆုံးခဲ့သည်။
ပြီးခဲ့သည့်အကြိမ် နန်အိုစစ်မြေပြင်တွင် လူအင်အား သုံးသောင်းကျော်ဖြင့် ရွှဲ့ပြည်နယ်၏ အင်အား နှစ်သိန်း ရှိသည့် ပင်မတပ်ကြီးနှင့် ရင်ဆိုင်တိုက်ခိုက်သည့်နေရာတွင် ထိခိုက်သေဆုံးမှုက တစ်သောင်းကျော်သာ ရှိခဲ့၏။ ယခု တစ်ကြိမ်တွင်မူ လူအင်အားနှစ်သောင်းဖြင့် ရှမ့်လန်၏ လူတစ်သောင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုက တစ်သောင်းသုံးထောင်ခန်အထိ ရှိခဲ့၏။
ဤကိန်းဂဏန်း အချက်အလက်များက တကယ်ပင် စိတ်ပျက် အားငယ်စေခဲ့၏။ ထိုရင်းနှီးပြီးသား အငွေ့အသက်ကို စုနန်က တဖန် ပြန်လည် ခံစားလိုက်မိ၏။ ခေါင်းနပန်းကြီးသွားစေပြီး ကျောချမ်းဖွယ်ရာ ဖြစ်သည့် အငွေ့အသက်မျိုးပင်။
“နှစ်နှစ်တောင် ကြာခဲ့ပြီ။ သခင်လေးရှမ့်... မင်းက လူကို အသက်ရှူကျပ်အောင် လုပ်နိုင်တဲ့အထိ စွမ်းဆောင် နေတုန်းပါလား။ မင်းလိုလူနဲ့ ရန်သူဖြစ်ရတာ အိပ်မက်ဆိုးပဲ။”
သို့သော်ငြား သူ၏ရင်ထဲတွင် ထင်မှတ်ထားသလောက် တုန်လှုပ်ခြောက်ခြားခြင်းတော့ မဖြစ်မိပေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့် နှစ်နှစ်က သူ ပို၍ တုန်လှုပ်ခဲ့ပြီးပြီ ဖြစ်သောကြောင့်ပင်။ အထူးသဖြင့် ချင်ဘုရင် အာယုထန်၏ တပ်မကြီး တစ်ခုလုံး ပျက်စီးသွားခြင်းနှင့် စုမိသားစု၏ တပ်များ ပိုင်ရီမြို့တွင် သုတ်သင်ခံလိုက်ရသည့် သတင်းကိုကြားရပြီးနောက် သူ၏ ဘဝတသက်တာအတွက် တုန်လှုပ်ရမည့် အရာအားလုံးက ထိုထဲသို့ ပါဝင်သွားခဲ့ပြီဖြစ်၏။
စစ်မတိုက်ခင်ကပင် ရှမ့်လန်က ကိုင်တွယ်ရန် ခက်ခဲလိမ့်မည်ဟု သူ၏စိတ်ထဲ အလိုလို သိခဲ့၏။ သို့သော်ငြား ထင်မှတ်ထားမိသည်က အလွန်အမင်း ခက်ခဲလိမ့်မည် မဟုတ်လောက်ဟုပင်။ ပြောရမည်ဆိုလျှင် ရှမ့်လန်ဆိုသည့် ကောင်က ပုံမှန်လူရော ဟုတ်ပါရဲ့လား။
“မင်း အရမ်းတော်တယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ဒါက ပုံမှန်ပဲ။ တစ်ကြိမ်လောက်တော့ အံ့အားသင့်စရာ မကောင်းဘဲ နေပေးလို့ မရဘူးလား။ တစ်ကြိမ်လောက်တော့ အရှုံးပေးလို့ မရဘူးလား။ ရှမ့်လန်... မင်းက ရွှဲ့ပြည်နယ်ရဲ့ ဂုဏ်ကျက်သရေ ၈၀ ရာခိုင်နှုန်းလောက်ကို တစ်ယောက်တည်း လက်ဝါးကြီး အုပ်ထားချင်တာပဲ။”
စုနန်၏ တုန်လှုပ်မှုက လက်ခံနိုင်ဖွယ်သော အတိုင်းအတာထဲတွင် ရှိနေ၏။ တခြားတစ်ဖက်တွင် ရှိနေသည့် သဲကန္တာရ လူရိုင်းတပ်ဖွဲ့၏ တပ်မှူးကတော့ သူ၏ ဘဝကိုပင် သံသယ ဝင်လာမိသည်။
စခန်းတစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက်နေသည်။
အဘယ်ကြောင့်နည်း။ အားလုံးက ရွှဲ့ပြည်နယ်မှစစ်တပ်များ ဖြစ်ပါလျက်နှင့် အဘယ်ကြောင့် ဤမျှ ကွာခြားချက် ရှိနေရသနည်း။ တစ်ဖက်က မစင်ပုံလောက်ပင် ညံ့ဖျင်းလွန်းသည့်လူများ ဖြစ်ခဲ့ပြီး၊ အခြားတစ်ဖက်မှာတော့ အရူးကောင်များကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်း၏။ ခွေးရူးများကဲ့သို့ပင် သန်မာလွန်းလှ၏။ မြင်မြင်သမျှ အရာအားလုံးကို ကိုက်ခဲခဲ့၏။ ဤကဲ့သို့သော စစ်တပ်မျိုးကို သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးချေ။
သဲကန္တာရ လူရိုင်းစစ်တပ်က လောကတွင် အကြမ်းတမ်းဆုံးဟု ထင်မှတ်ခဲ့၏။ ချင်နိုင်ငံက ထိုကဲ့သို့ ရူးသွပ်သည့် နေရာတွင် ဒုတိယလိုက်သည်ဟု တွေး၏။ သို့ပေမည့် ရှမ့်လန်၏ စစ်တပ်နှင့် ရင်ဆိုင်သည့် နေရာတွင် အရူးတကာ့ ထိပ်ခေါင် အရူးဘုရင်များနှင့် တွေ့ခဲ့၏။ သေရမည်ကို မကြောက်ရွံ့သည်သာမက ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုလျှင် ကြောက်မက်ဖွယ်ရာကောင်းသည့် သေတွင်းထဲသို့ ခုန်ဆင်းရမည် ဆိုလျှင်ပင် အပြုံးပျက်မည့် လူများ မဟုတ်ကြပေ။
သဲကန္တာရ လူရိုင်းမျိုးနွယ်၏ တပ်မှူးက ဗဟုသုတ နည်းပါးလွန်းသောကြောင့် သူက ထိုအရာကို ဖော်ညွှန်းပြသရန် ဝေါဟာရဟူ၍ ရှာမတွေ့နိုင်သလိုပင်ဖြစ်နေ၏။
“ရွှဲ့နိုင်ငံရဲ့ စစ်တပ်က အညံ့ဆုံးစစ်တပ်လို့ ပြောခဲ့ကြတယ် မဟုတ်လား။” သဲကန္တာရ လူရိုင်းစစ်သည်ထဲမှ ခေါင်းဆောင် တစ်ယောက်က မေးသည်။
ဟုတ်ပေ၏။ ထိုအရာက အမှိုက်စစ်တပ် ဖြစ်ခဲ့ဖူး၏။ စုနန်က တခြားသောသူများထက် ထိုအကြောင်းကို ပိုသိသော်လည်း ရှမ့်လန် တာဝန်ယူပြီး နောက်ပိုင်းတွင် ဤမျှအထိ သန်မာလာခဲ့သည်။
“သူတို့ဘက်က အသေအပျောက် ဘယ်လောက်ရှိလဲ။”
“မသိရဘူး။ ဒါပေမဲ့ နည်းမယ်လို့ ထင်တယ်။ သူတို့ရဲ့သံချပ်ကာတွေက အရမ်းကောင်းတယ်။ ဓားချက် အနည်းငယ်လောက် ခံရရင်တောင် မသေကြဘူး။ ကျုပ်တို့ရဲ့ စစ်သည်တွေက ဓားချက် တစ်ချက်တည်းနဲ့ အသတ်ခံရတယ်။ ဒါကြောင့် သူတို့ဘက်က ဒဏ်ရာရသူသာ များပြီး သေဆုံးတဲ့သူ နည်းပါးလိမ့်မယ်။”
“အင်း... ဘာလို့ သဲကန္တာရ လူရိုင်းစစ်သည်တွေက ကြိမ်ချပ်ဝတ်တွေကို မဝတ်ဆင်ကြတာလဲ။”
“မီးနဲ့ ရှို့ခံရမှာ ကြောက်လို့လေ။ ရှမ့်လန်က အရမ်း ကောက်ကျစ်စဉ်းလဲတယ်။ သူက မီးကို အသုံးပြုတဲ့ နေရာမှာလည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တယ်။”
“အဲဒီ ရုပ်ချောချောကောင်လေးက တော်တော် စွမ်းတာပဲ။”
“ဟုတ်တယ်။ ကျုပ်တို့ရဲ့ ဘုရင်မင်းမြတ်က ရုပ်ချောတဲ့ လူတစ်ယောက်ပဲ။ ပြီးတော့ အရမ်းသန်မာတယ်။ ဒါဆိုရင် ရှမ့်လန်နဲ့ အရှင်မင်းမြတ်နဲ့က ဘယ်သူ ပိုပြီးတော့ အားကောင်းလဲ။”
“ဒါပေါ့ အရှင်မင်းမြတ်ကျင်းက ပိုပြီးတော့ သန်မာတာပေါ့။”
“ဒါဆိုရင် ရှမ့်လန်နဲ့ အရှင်မင်းကြီးက ဘယ်သူ ပိုပြီးချောလဲ။”
“အင်း... ရှမ့်လန်ကတော့ ပိုချောမယ် ထင်တယ်။”
“မင်းက ဘာလို့ ရှမ့်လန်က ချောတယ်လို့ ထင်ရတာလဲ။ တစ်ခါမှလည်း မမြင်ဖူးဘဲနဲ့။”
“ရှမ့်လန်က ရွှဲ့ပြည်နယ်ရဲ့ အချောဆုံး အမျိုးသားလို့ ကောလာဟလတွေ ထွက်မနေဘူးလား။”
“အရှင်မင်းကြီး ရွှဲ့ပြည်နယ်မှာတုန်းကလည်း အချောဆုံး မင်းသားအဖြစ် ကျော်ကြားခဲ့တယ်။ ဒါကြောင့် မင်းသမီးနင်လော့က အရှင်မင်းကြီးနဲ့ အတူအိပ်ဖို့ အစပျိုးခဲ့တာပေါ့။”
“မင်းကြားတာ မှားနေပြီ။ အရှင်မင်းကြီးက ရွှဲ့ပြည်နယ်ရဲ့အချောဆုံး ဖြစ်ခဲ့ပေမဲ့ အခု အချောဆုံး မဟုတ်တော့ဘူး။”
“မင်းက အရှင်မင်းကြီး မချောဘူးလို့ ပြောချင်တာလား။”
စုနန်က သည်းမခံနိုင်တော့ချေ။ ‘တော်ကြပါတော့။ မင်းတို့ ပြောနေတာ အဓိပ္ပာယ်မဲ့နေပြီ။ ဘာတွေ ပြောနေမှန်း မသိဘူး။’
အပိုင်း (၆၆၈)
အမှန်စင်စစ် သဲကန္တာရ လူရိုင်းစစ်တပ်ကို ဦးဆောင်ရသည်က ကျေနပ်စရာကောင်းသလို ခေါင်းကိုက်ချင် စရာလည်း ကောင်း၏။ ကျေနပ်စရာ ကောင်းသည်က စစ်သည်များက အလွန်ပင် အားကောင်းပြီး ရဲရင့် သောကြောင့်ပင်။ ခေါင်းကိုက်စရာကောင်းသည်က ထိုသူတို့က စည်းကမ်းမရှိ၊ အမိန့်ကို နားမထောင် သောကြောင့်ပင်။
သူ၏ လက်အောက်တွင် ရှိသည့် သဲကန္တာရ လူရိုင်းခေါင်းဆောင် ဆယ်ဦးတို့ကို ထိန်းချုပ်ရန် စုနန်က အကြိမ် တစ်ရာခန့် တိုက်ခိုက်ခဲ့ရ၏။ ထိုခေါင်းဆောင်များက သေလုမျောပါး အရိုက်ခံပြီးမှသာလျှင် လိမ္မာလာခဲ့ကြ၏။
‘ဒီလူတွေက တကယ့်ကို အသည်းနှလုံး မရှိကြဘူးပဲ။ မင်းတို့က ဒီလောက် အကြီးအကျယ် ရှုံးနိမ့်နေတာကို ဝမ်းမနည်းကြဘဲ မင်းသားကျင်းနဲ့ ရှမ့်လန် ဘယ်သူပိုချောလဲဆိုတာ ထိုင်ပြီး ဆွေးနွေးနေတယ်။ ဟုတ်လား။’
“အဟမ်း... အဟမ်း။” စုနန်က မည်သို့မှ မနေနိုင်ဘဲ ချောင်းဟန့်လိုက်မိ၏။
သဲကန္တာရ လူရိုင်းစစ်သည် ခေါင်းဆောင် ဆယ်ဦးကျော်တို့က မကြားချင်ယောင် ဆောင်ထား၏။ စုနန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ တစ်ကိုယ်လုံးရှိ သွေးကြောများပင် ထင်းကနဲ ပေါ်လာ၏။
ထိုအခိုက်မှာတော့ တည်နေရာတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။ သူတို့သာ တိတ်တိတ်မနေသည် ဆိုပါက အတွင်းရေးမှူးချုပ် စုနန်က သူတို့ကို သေအောင် ရိုက်သတ်ပေတော့မည်။
စုနန်က တကယ်ပင် လက်မှိုင်ချမိ၏။ ရွှဲ့ပြည်နယ်၏နန်းတွင်း၌ သူက အားအင်သုံးခွင့် လုံးဝ မရခဲ့ချေ။ ဉာဏ်နီဉာဏ်နက်နှင့် လှည့်ကွက်များကိုသာ အားကိုးခဲ့ရ၏။ သဲကန္တာရလူရိုင်းမျိုးနွယ်ထဲတွင်တော့ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးတို့က အသုံးမဝင်ချေ။ မိမိ၏လက်သီးကိုသာ အားကိုးရ၏။ သူ ... စုနန် မဟာပညာရှင် တစ်ယောက် ဖြစ်လာခဲ့သည်က တကယ်ပင် ကံကောင်း၏။
“ဒီနေ့ ကျုပ်တို့ အကြီးအကျယ် ရှုံးနိမ့်ခဲ့တယ်။ ဒီတော့ ဘာဆက်လုပ်ကြမလဲ။” စုနန်က မေးမြန်းလိုက်၏။
“ဘာလုပ်ရမှာလဲ မနက်ဖြန် ထပ်တိုက်ရမှာပေါ့။ ၂ သောင်းနဲ့ မလုံလောက်ရင် ၅ သောင်း လွှတ်ပြီး တိုက်ရမယ်။” သဲကန္တာရ လူရိုင်းခေါင်းဆောင်က လှမ်းကာ ပြောသည်။
အမှန်တကယ်တွင်တော့ သူက ယနေ့ အကြီးအကျယ် ရှုံးနိမ့်မှုကို တကယ်ပင် တုန်လှုပ်နေမိ၏။ မယုံကြည်နိုင်အောင်လည်း ဖြစ်နေ၏။ သို့သော်ငြား ဝမ်းနည်းပူဆွေးခြင်းမျိုးတော့ မရှိချေ။ သဲကန္တာရ လူရိုင်းမျိုးနွယ်များ၏ နေထိုင်မှု ဘဝအခြေအနေက ကြမ်းတမ်းလွန်းလှပြီး သူတို့ထဲမှ အများစုက အသက် သုံးဆယ်ကျော်သည်ထိပင် မနေရချေ။
သေဆုံးခြင်းဆိုသည်က သူတို့အတွက် သာမန်ကိစ္စများသာ ဖြစ်ပြီး ဝမ်းနည်းပူဆွေးသည့် ဓလေ့ထုံးစံ ဟူ၍လည်း မရှိချေ။ ဒီနေ့ ရှုံးပြီး လူအများကြီး သေသွားခဲ့သည်လား။ စိတ်မပူနှင့်။ မနက်ဖြန် လူကုန် သည်အထိ ထပ်ပြီး တိုက်ခိုက်ကြပေမည်။
စုနန်က သူတို့နှင့် စကားဆက်လက် ပြောဆိုရန် လက်လျှော့လိုက်၏။ ဤလူစုက စစ်သူရဲကောင်းများ ဟုတ်ပါရဲ့လား။ သို့ပေမည့် သေချာပေါက် ကောင်းမွန်သည့် စစ်ခေါင်းဆောင်များတော့ မဟုတ်ကြချေ။ ဆုံးဖြတ်ချက် အားလုံးကို သူကိုယ်တိုင်ပဲ ချရပေတော့မည်။
သူက သဲကန္တာရ လူရိုင်းခေါင်းဆောင် ဆယ်ဦးကျော်တို့ကို စခန်းထဲတွင် ထားရစ်ခဲ့ပြီး အပြင်သို့ ထွက်၏။ သူက ရန်ကော့မြို့ဆီသို့ လှမ်းမျှော်ကာ ကြည့်၏။ မြို့ငယ်လေး တစ်မြို့သာလျှင် ဖြစ်၏။ ရွှဲ့ပြည်နယ်၏ ကံကြမ္မာက ယနေ့တွင် ဆုံးဖြတ်ပေးခံရလိမ့်မည်ဟု သူ ထင်မှတ်ခဲ့၏။ လွယ်လွယ်ကူကူ သိမ်းပိုက်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း အကြီးအကျယ် နစ်နာဆုံးရှုံးမှုမျိုးကိုသာ ကြုံတွေ့ခဲ့ရ၏။
စုနန်က လှမ်းမျှော်ကြည့်ရှုရင်း တွေးတောလိုက်၏။ ရန်ကော့မြို့တိုက်ပွဲ ရှုံးနိမ့်ခဲ့ပြီဆိုမှတော့ ရွှမ်ဝူနယ်စား အိမ်တော်အကြောင်းကို ဆက်ပြောနေစရာ မလိုတော့ချေ။ ရှမ့်လန်က ရွှမ်ဝူအိမ်တော်ကို ကာကွယ်ရန် အကောင်းဆုံးသော လက်ရွေးစင် တပ်ဖွဲ့များကို သေချာပေါက် အသုံးပြုပေလိမ့်မည်။
နန်းကုန်းအိုတွင် တပ်သား ငါးသောင်းကျော် ရှိသော်လည်း အများစုက လက်နက်ချလာသော တပ်သားများ ဖြစ်၏။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက စိတ်ပူစရာ ကောင်း၏။ ဆိုးဆိုးရွားရွားနှင့် ရှုံးနိမ့်မှာ သေချာ၏။
ပိုမို၍ အခြေအနေဆိုးလျှင် နန်းကုန်းအို၏ စစ်တပ်ကြီးတစ်ခုလုံးက လုံးဝပျက်စီးသွားခဲ့ပြီး ရွှမ်ဝူအိမ်တော်မှ လက်ရွေးစင်တပ်များ ရောက်ရှိလာပြီး ရန်ကော့မြို့စောင့်တပ်နှင့် ပူးပေါင်းလိုက်သည့် အခြေအနေပင် ဖြစ်မည်။ ထိုသို့ဆိုလျှင် အခြေအနေက အလွန်ပင် ဆိုးဝါးသွားပေလိမ့်မည်။
သို့သော်ငြား စုနန်က နန်းကုန်းအိုအပေါ်တွင် ယုံကြည်မှုတချို့တော့ ရှိသေး၏။ ဤသူက မနိုင်လျှင်တောင်မှ အနည်းဆုံး မည်သည့်အချိန်တွင် တက်ရမည်၊ မည်သည့်အချိန်တွင် ဆုတ်ရမည် ဆိုသည်ကို သိ၏။ သူက စစ်တပ်၏ တစ်စိတ်တစ်ပိုင်းကို ထိန်းသိမ်းပြီး ရွှမ်ဝူအိမ်တော်ရှိ ကျင်းမိသားစုကို ဟန့်တား ထားနိုင်ပေလိမ့်မည်။
အဓိကအချက်အားဖြင့် သူ ယခု ဘာဆက်လုပ်ရမည်နည်း။ သဲကန္တာရလူရိုင်းစစ်သည် ခေါင်းဆောင်များ ပြောကြသလို မနက်ဖြန်တွင် တပ်သား ငါးသောင်းနီးပါးကို လွှတ်ကာ တိုက်ခိုက်ရမည်လား။ တိတိကျကျ ပြောရလျှင် လေးသောင်းခုနစ်ထောင် ဖြစ်သည်။
အကယ်၍ တပ်မကြီးတစ်ခုလုံးကို စေလွှတ်လိုက်လျှင် အနိုင်ရပြီး ရန်ကော့မြို့ကို သိမ်းပိုက်နိုင်လိမ့်မည်ဟု စုနန်က အကြမ်းဖျင်း သိ၏။ သို့သော်ငြား ထိခိုက်သေဆုံးမှု မည်မျှထိ ပေးဆပ်ရမည်နည်း။ သဲကန္တာရ လူရိုင်းစစ်သည်များက တန်ဖိုးရှိ၏။ တစ်ယောက် သေဆုံးသွားလျှင် တစ်ယောက် လျော့နည်းသွားမှာ ဖြစ်၏။
ဤစစ်တပ်ကြီးက အရှင်မင်းကြီး၏ အရင်းအနှီးဖြစ်ပြီး ဖြုန်းတီးပစ်၍ မဖြစ်ချေ။ ရန်ကော့မြို့ကို သိမ်းပိုက်ဖို့ အတွက် စစ်သည် နှစ်သောင်း၊ သုံးသောင်းလောက် ဆုံးရှုံးခံရမည်လား။ ဤအရာက ရသည်နှင့် အကျိုးအမြတ် မထိုက်တန်တော့ပေ။ အရေးကြီးသည့်အချက်က မိမိတို့ဘက်က အားနည်းသွားပါက အနာဂတ်တွင် ချောင်နှင့် ဝူပြည်နယ်တို့ကို မည်သို့ ရင်ဆိုင်တော့မည်နည်း။
“ယောက်ျား။”
အမျိုးသမီး တစ်ယောက် ရောက်လာပြီး စုနန်၏ နဖူးကို နှိပ်ပေး၏။ ဤအမျိုးသမီးက အလွန် အရပ်ရှည်၏။ ၁ ဒသမ ၈ မီတာ (၆ ပေကျော်) ခန့် ရှိ၏။ သူမ၏ ခန္ဓာကိုယ်က ကျစ်လစ်သန်မာပြီး ဆွဲဆောင်မှု ရှိ၏။ အသားအရေက ညိုမောင်းပြီး ရုပ်ရည်ကလည်း မဆိုးချေ။ သူမက ခေါင်းဆောင် ရှားယန်၏ တခြားသော သမီးတစ်ဦး ဖြစ်ပြီး မင်းသားကျင်း၏မိန်းမနှင့်လည်း အစ်မတော်စပ်၏။ သူမက ၂၅ နှစ်သာ ရှိသေးပြီး မုဆိုးမ တစ်ဦးလည်း ဖြစ်သည်။
စုနန် သူမကို လက်ထပ်ခဲ့ခြင်းက သူမ၏ အလွန်မြင့်မားသည့် သွေးမျိုးဆက်ပါရမီနှင့် အလွန် အားကောင်းသည့် သိုင်းပညာတို့ကြောင့်ဖြစ်၏။ ထိုသို့ဆိုလျှင် သူတို့၏ သားသမီးများကလည်း အလွန်ပင် သန်မာကြပေမည်။ ယခု နှစ်နှစ် မပြည့်မီ အတောအတွင်း သူမက စုနန်အတွက် သားတစ်ယောက်နှင့် သမီးတစ်ယောက်ကို မွေးဖွားပေးခဲ့ပြီး ဖြစ်၏။ သူမက အလွန်လည်း စွမ်းဆောင်ရည်ကောင်းပြီး ကလေးမွေးဖွားပြီး သုံးလအကြာတွင် ထပ်မံကာ ကိုယ်ဝန်ရခဲ့၏။
စုနန်က ဤဇနီးသည်ကို အလွန်သဘောကျ၏။ ယခင်က အိမ်ထောင် ရှိခဲ့ဖူးသည်ကိုပင် ဂရုမစိုက်ချေ။ ဤအမျိုးသမီးကလည်း စုနန်ကို အလွန်သဘောကျ၏။ အသက် ၆၀ ကျော်ပြီ ဖြစ်သော်လည်း အသန်မာဆုံး အမျိုးသား တစ်ဦး ဖြစ်နေဆဲပင်။
“ဘာတွေ စဉ်းစားနေတာလဲ။” မိန်းမဖြစ်သူက မေးသည်။
စုနန်က ပြောလိုက်၏။ “နိုင်အောင် တိုက်ရမလား ဒါမှမဟုတ် အင်အားကို ထိန်းသိမ်းထားရမလား စဉ်းစားနေတာ။”
မိန်းမဖြစ်သူက ပြောသည်။ “ယောက်ျား ကျွန်မရဲ့ အမြင်ကို နားထောင်ချင်လား။”
“ဒါပေါ့။”
စုနန်က ပြောလိုက်၏။ “မင်းရဲ့အမြင်က ငါ့အတွက် အရမ်းကို အရေးကြီးတယ်။”
မိန်းမက ပြောလိုက်သည်။ “ကျွန်မကတော့ နိုင်ချင်တယ်။”
စုနန်က ပြော၏။ “ဒါကို ငါ နားလည်ပါတယ်။”
သူက အင်အားကို ထိန်းသိမ်းရန် ရွေးချယ်လိုက်၏။ သူက သူ၏မိန်းမကို အလွန် ချစ်မြတ်နိုးသော်လည်း အခြေခံအားဖြင့် သူမ တွေးသည်နှင့် ဆန့်ကျင်ဘက် လုပ်ဆောင်ခြင်းက မှန်ကန်ပေလိမ့်မည်။ အကယ်၍ စုနန်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက မြို့စောင့်တပ်သား တစ်သောင်း ဤမျှ သန်မာလာခြင်းက ရွှေနဂါးသွေးနှင့် တိုက်ရိုက် သက်ဆိုင်နေပေလိမ့်မည်။
မင်းသားကျင်းက ရှမ့်လန်နှင့် ပတ်သက်၍ အလွန်အသေးစိတ်ကျသည့် အစီရင်ခံစာ တစ်ခုကို ပြုလုပ်ထား၏။ နန်းကုန်းအိုနှင့် အိမ်ရှေ့စံမင်းသား နင်ယီတို့ကလည်း သတင်းအချက်အလက်များကို အသေးစိတ် ရောင်းစား ထားကြသေး၏။
ထို့ကြောင့် ရှမ့်လန်က ရွှေနဂါးသွေးကို ရောင်းချပြီး ရွှေဒင်္ဂါးငါးသန်း လိမ်လည်ရယူထားခဲ့ကြောင်း မင်းသားကျင်းနှင့် စုနန်တို့က သိထားကြ၏။ သို့သော်ငြား ရွှေနဂါးသွေး အကုန်ရောင်းထွက်သွားပြီ ဖြစ်ကြောင်း အိမ်ရှေ့စံက ကျိန်ဆိုပြောကြားခဲ့၏။ မဟုတ်ပါက ရှမ့်လန်က ငွေရရန် ထပ်မံကာ လိမ်လည်နေဦးမှာ ဖြစ်သည်။
လက်တွေ့မှာတော့ ရှမ့်လန်က အကုန်ရောင်းချခဲ့ခြင်း မရှိချေ။
အကယ်၍ ရွှေနဂါးသွေးကြောင့်သာ ဆိုပါက ထိုအာနိသင်က တစ်လသာ ခံပေလိမ့်မည်။ အမှန်စစ်စစ် ရန်ကော့မြို့၏ မြို့စောင့်တပ်သားများက တစ်လပင် မကြာဘဲ သာမန်လူ အဆင့်သို့ ပြန်ရောက်သွားနိုင်၏။ သို့မဟုတ် ယခင်ကထက် ပိုမို အားနည်းသွားနိုင်၏။ ထို့ကြောင့် မှန်ကန်သည့် ရွေးချယ်မှုက တစ်လ စောင့်ဆိုင်းခြင်းပင်။ ဝိုင်းရုံသာ ဝိုင်းထားပြီး မတိုက်ခိုက်ဘဲ နေရမည်။
သို့သော်ငြား ဤနေရာတွင် အဓိက ပြဿနာတစ်ခု ရှိနေ၏။ ရှမ့်လန်ဆီ၌ ရွှေနဂါးသွေး ကျန်ရှိနေ သေးသည်လား။ ဤတစ်ကြိမ်တွင် တကယ်ပဲ အကုန်သုံးပစ်လိုက်သည်လား။ ထိုအရာကို သူ မသိချေ။ ထို့ပြင် လူတစ်ယောက်က ရွှေနဂါးသွေးကို တစ်ကြိမ်သာ အသုံးပြုနိုင်ကြောင်း သူ အကြမ်းဖျင်း သိ၏။ ဒုတိယ အကြိမ် အသုံးပြုမည် ဆိုလျှင်တော့ အသုံးဝင်နိုင်သော်လည်း သိပ်ပြီး ထိရောက်မှု ရှိလိမ့်မည် မဟုတ်ချေ။
သို့သော်ငြား အဓိကအချက်အားဖြင့် ရှမ့်လန်ဆီ၌ ရွှေနဂါးသွေး လက်ကျန် ကျန်ရှိနေသေးပြီး မြို့တော်ရှိ မြို့စောင့်တပ်သား တစ်သောင်းပေါ် အသုံးပြုလိုက်လျှင် မည်သို့လုပ်မည်နည်း။ ထို့ပြင် ဤတစ်လအတွင်း ရွှမ်ဝူနယ်စားအိမ်တော်မှ စစ်တပ်များ ရောက်ရှိလာခဲ့လျှင်ရော။
စုနန်က စဉ်းစားရင်း ခေါင်းပင် ကိုက်လာ၏။ သို့သော်ငြား နောက်ဆုံးမှာတော့ သူက ဆုံးဖြတ်ချက် ချလိုက်၏။ ဝိုင်းရုံသာ ဝိုင်းထားပြီး မတိုက်ခိုက်ဘဲ မိမိတို့၏ အင်အားကို ထိန်းသိမ်းရမည်။ ထို့ပြင် ရွှမ်ဝူအိမ်တော်ဆီသို့ ကင်းထောက်များ စေလွှတ်ပြီး နန်းကုန်းအို၏ တပ်နှင့် အဆက်မပြတ် ဆက်သွယ်ရပေလိမ့်မည်။
စုနန်က အတွေ့အကြုံ ရင့်ကျက်သည့် စစ်ခေါင်းဆောင် တစ်ဦး ဖြစ်သည်ဟု ဆိုရမည်။ မရေရာသော အခြေအနေများကို ကြုံတွေ့နေရသော်လည်း သူက မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်နိုင်ခဲ့၏။ ရန်ကော့မြို့၏ တိုက်ပွဲက ယာယီငြိမ်သက်သွား၏။ စုနန်က သတိကြီးစွာထား၍ ဝိုင်းရုံသာ ဝိုင်းထားခဲ့ပြီး မတိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။
ပထမအကြိမ် တိုက်ပွဲတွင် ရှမ့်လန်၏ မြို့စောင့်တပ်သားများ ထိခိုက်သေဆုံးမှု မည်မျှရှိသနည်း။ အလွန့် အလွန်ကို မြင့်မား၏။ ခြောက်ထောင်ကျော် ဒဏ်ရာ ရရှိခဲ့သည်။ သို့သော်ငြား သေဆုံးသူ အရေအတွက်က ၁၃၀၀ ထက် နည်းပါး၏။ ဤမြို့စောင့်တပ်သားများက တကယ်ပင် ရဲရင့်လွန်းကြပြီး ကာကွယ်ခြင်း လုံးဝမရှိဘဲ တိုက်ခိုက်ခဲ့ကြ၏။
သဲကန္တာရ လူရိုင်းစစ်သည်များ၏ တိုက်ခိုက်ရေး အဆင့်အတန်းက အမှန်ပင် မြင့်မား၏။ မြို့စောင့် တပ်သား များ၏ ခွန်အား၊ လျင်မြန်မှုနှင့် စိတ်ဓာတ် ထိုအရာများက မြင့်မားလာခဲ့သော်လည်း ဓားသိုင်းပညာနှင့် တိုက်ခိုက်ရေး အရည်အသွေး၌မူ သဲကန္တာရ လူရိုင်းများနှင့် နှိုင်းယှဉ်သည် ဆိုပါက နိမ့်ပါးနေဆဲပင်။ ထို့ကြောင့် အနီးကပ် တိုက်ပွဲ ဆင်နွှဲသည်နှင့် တပြိုင်နက် လူတိုင်းက ဒဏ်ရာရရှိကြ၏။
သို့သော်ငြား ရှမ့်လန်၏သံချပ်ကာများက အလွန်ကောင်းမွန်သောကြောင့် အများစုက ဒဏ်ရာ အနည်းငယ်သာ ရရှိကြသည်။ သေဆုံးသွားခဲ့သည့် လူ ၁၃၀၀ မှာ အဓိက အသက်သွေးကြောနေရာများကို ထိမှန်သွားခဲ့ခြင်း ဖြစ်၏။ အများစုက လည်ပင်းရှိ သွေးလွှတ်ကြောမကြီးကို ထိမှန်ခြင်းပင်။
လူရိုင်းစစ်သည်များ၏ ဓားသိုင်းပညာက အလွန်ပင် လှည့်စားတတ်ပြီး ကြောက်မက်ဖွယ်ရာ ကောင်း၏။ ကျန်ရှိနေသည့် မြို့စောင့်တပ်သား ၈၀၀၀ တို့က အကောင်းဆုံး ကုသမှုကို ခံယူနေကြ၏။ သို့သော်ငြား ထပ်တိုက်ရန်ဆိုသည်က မဖြစ်နိုင်တော့ချေ။
....................
နာကျည်းမှုက ပြောလိုက်၏။ “သခင်လေးရှမ့်.... ဒီတိုင်းဆက်သွားမယ်ဆိုရင် အခြေအနေ မကောင်းဘူး။ စုနန်က ဝိုင်းရုံပဲဝိုင်းထားပြီး မတိုက်ဘူး။ နောက်ထပ် ၁၀ ရက်လောက် စောင့်လိုက်ရင် မြို့စောင့်တပ်သား တွေမှာ ရှိနေတဲ့ ရွှေနဂါးသွေးရဲ့ အာနိသင်က ပျက်ပြယ်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် သူတို့ အားနည်းသွားလိမ့်မယ်။”
နာကျည်းမှု ပြောသည်က မှန်၏။ ဆယ်ရက်လောက် စောင့်လိုက်ရုံနှင့် စုနန်က အစမ်းသဘော တိုက်ခိုက်မှုမျိုးကို စတင်ပြုလုပ်မှာဖြစ်ပြီး မြို့စောင့်တပ်သားများ၏ တိုက်ခိုက်နိုင်စွမ်း အကြီးအကျယ် ကျဆင်းသွားသည်ကို တွေ့ရှိသည်နှင့် သူက သဲကန္တာရ လူရိုင်းစစ်သည် ၅၀၀၀ လောက်ကို စေလွှတ်ပြီး ဤရန်ကော့မြို့ကို ကျိန်းသေပေါက် လွယ်လွယ်ကူကူနှင့် သိမ်းပိုက်သွားပေလိမ့်မည်။
ရန်ကော့မြို့ ကျဆုံးသွားသည်နှင့် တပြိုင်နက် တခြားစကားများကို ပြောနေစရာပင် မလိုအပ်တော့ချေ။ ရှမ့်လန်က ခြေရာဖျောက်ကာ ထွက်ပြေးရပေတော့မည်။
စုနန်၏စစ်တပ်က မြောက်ဘက်သို့ ချီတက်ပြီး ရွှဲ့ပြည်နယ်၏ မြို့တော်ကို တိုက်ခိုက်ပေလိမ့်မည်။ ပြီးနောက် ရွှဲ့ပြည်နယ်က ပျက်သုဉ်းသွားပေလိမ့်မည်။
နင်ကျန်းက မေးလိုက်၏။ “ကျုပ်တို့ လူ ၈၀၀၀ နဲ့ ဦးအောင်တိုက်လို့ မဖြစ်နိုင်ဘူးလား။”
နာကျည်းမှုက ခေါင်းခါယမ်းလိုက်သည်။ “မဖြစ်ဘူး။ ဒီတိုက်ပွဲ ပြီးတဲ့နောက်မှာ ဒီလူ ၈၀၀၀ က အင်အားတွေ အများကြီး ကုန်ခန်းသွားခဲ့ပြီ။ ပြီးတော့ သူတို့ အားလုံးနီးပါးက ဒဏ်ရာ ရနေတယ်။”
ဤအခြေအနေက အလွန်ပင် ဆိုးရွားပြီး အန္တရာယ်ကြီး၏။
“ကိစ္စမရှိဘူး ကျုပ် မျှော်လင့်ထားတဲ့ အခြေအနေ အတိုင်းပါပဲ။”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်လိုချင်တာ ဒီ ၁၀ ရက်တာ အချိန်ကာလပဲ။”
နာကျည်းမှုက မေးလိုက်သည်။ “ရွှမ်ဝူအိမ်တော်က ဒုတိယနိဗ္ဗာနတပ်တော်က နန်းကုန်းအိုရဲ့တပ်ကို အနိုင် တိုက်ပြီးတော့ ရန်ကော့မြို့ကို လာရောက်ပူးပေါင်းပြီး စုနန်ရဲ့ ပင်မတပ်ကို ဆက်ပြီး ဖြိုခွင်းနိုင်မှာလား။”
ရှမ့်လန်က ခေါင်းခါယမ်းလိုက်၏။ “မဖြစ်နိုင်ဘူး။ အဲဒီဖြစ်နိုင်ချေကို မစဉ်းစားနဲ့။”
ပြီးနောက် သူက မြေပုံဆီသို့ သွားသည်။ “အရှင်မင်းသား... ဒီတိုက်ပွဲရဲ့ ပထမပိုင်းက ပြီးသွားပြီ။”
ရှမ့်လန်အတွက်မူ တိုက်ပွဲ၏ ပထမပိုင်းက ပြီးဆုံးသွားပြီဖြစ်၏။
“ဒုတိယပိုင်းမှာတော့ ကျုပ်က မင်းသားကျင်းနဲ့ ကိုယ်တိုင်ကိုယ်ကျ ယှဉ်ပြိုင် တိုက်ခိုက်ရလိမ့်မယ်။ ကျုပ်နိုင်ရင် ရွှဲ့ပြည်နယ် နိုင်မယ်။ ကျုပ်ရှုံးရင်တော့ ရွှဲ့ပြည်နယ် ရှုံးလိမ့်မယ်။”
ပြီးနောက် ရှမ့်လန်က နင်ကျန်းနှင့် နာကျည်းမှုတို့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ကျုပ်သွားတော့မယ်။ ဒီစစ်မြေပြင်ကို ခင်ဗျားတို့ နှစ်ယောက်လက်ထဲကို အပ်ခဲ့မယ်။”
ထိုစကားကိုကြားချိန်မှာတော့ နာကျည်းမှုက ထိတ်လန့်သွား၏။ သခင်လေးရှမ့်က သွားမည် ဟုတ်လား။ မည်သည့်နေရာကို သွားမည်နည်း။
“ကျုပ် ရွှဲ့ပြည်နယ်ရဲ့ကံကြမ္မာအတွက် မင်းသားကျင်းနဲ့ တိုက်ခိုက်တော့မယ်။ ကျုပ် နိုင်ပါစေလို့ ဆုတောင်းပေးကြပါ။” ရှမ့်လန်က ပြော၏။
နာကျည်းမှုက မေးလိုက်သည်။ “အကယ်၍ စုနန် တိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ။”
ရှမ့်လန်က ပြောလိုက်၏။ “လဝက်အတွင်း စုနန်က အကြီးစား တိုက်ခိုက်မှုကို လုပ်မှာ မဟုတ်ဘူး။ လဝက်လောက်ကြာပြီးမှ သူက ကျုပ်တို့ တပ်ဖွဲ့ တိုက်ခိုက်နိုင်စွမ်း ရှိ၊ မရှိကို စမ်းသပ်ဖို့ အသေးစား တိုက်ခိုက်မှု လုပ်လိမ့်မယ်။ အဲဒီအချိန်ကျရင် ပထမ နိဗ္ဗာန တပ်တော်က စစ်သည် ၃၀၀ ကို လွှတ်ပေးလိုက်”
ဤတစ်ကြိမ်မှာတော့ ရှမ့်လန်က မြို့စောင့်တပ်သား တစ်သောင်းအပြင် ပထမနိဗ္ဗာနတပ်တော် စစ်သည် ၃၀၀ ကို ခေါ်ဆောင်လာခဲ့၏။ သူတို့က မူလက သူ့ကို ကာကွယ်ရန် ဖြစ်သော်လည်း ယခုအချိန်တွင် ထိုသူတို့ကို ထုတ်သုံးရပေတော့မည်။
“စုနန်က သံသယ များတဲ့လူပဲ။ အကြီးဆုံး တိုက်ခိုက်မှု မလုပ်ခင်မှာ သူက အကြိမ်ကြိမ် စမ်းသပ်လိမ့်မယ်။ အဲဒီ ပထမ နိဗ္ဗာန စစ်သည် ၃၀၀ က သူ့ရဲ့ စမ်းသပ်မှုကို ဖြေရှင်းဖို့ လုံလောက်တယ်။”
ရှမ့်လန်က ဆက်ပြောသည်။ “ရက် ၂၀ လောက် ကြာပြီးတဲ့နောက်မှာ သူ ရိပ်မိသွားလိမ့်မယ်။ အဲကျရင် သူ အကြီးစား တိုက်ခိုက်မှုကို လုပ်ဆောင်ကောင်း လုပ်ဆောင်လိမ့်မယ်”
ရက် ၂၀ ကြာပြီးသည့်နောက် စုနန်က အကြီးစား တိုက်ခိုက်မှုကို ထပ်မံလုပ်ဆောင်လာပါက နတ်ဘုရားများပင် ရန်ကော့မြို့ကို ကယ်တင်နိုင်မည် မဟုတ်ချေ။ မြို့က သေချာပေါက် ကျရှုံး သွားပေလိမ့်မည်။
“ရက် ၂၀ အတွင်းမှာ အခြေအနေတွေက အကြီးအကျယ် ပြောင်းလဲသွားလိမ့်မယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ဒါကြောင့် ဒီတိုက်ပွဲမှာ အဓိက သော့ချက်အားဖြင့် ရန်ကော့မြို့ မဟုတ်သလို ရွှမ်ဝူအိမ်တော်လည်း မဟုတ်ဘူး။ ကျုပ်နဲ့ မင်းသားကျင်းတို့ကြားက တိုက်ပွဲပဲ။”
“ကျုပ် အရှင်မင်းကြီးကို လျှောက်တင်ထားခဲ့ပြီးသား။ ကျုပ်မှာ ယုံကြည်ချက် ၆၀၊ ၇၀ ရာခိုင်နှုန်းလောက် ရှိတယ်။ အကယ်၍ စုနန်က အကြီးစား တိုက်ခိုက်မှုမလုပ်ခင် အခြေအနေ ပြောင်းလဲသွားပြီ ဆိုရင်တော့ ကျုပ် ရှုံးပြီလို့ မှတ်လိုက်။ မင်းသားနင်ကျန်းကို ခေါ်ပြီး ချက်ချင်း ထွက်ပြေးကြ။ ပင်လယ်ကို ဖြတ်ကျော်ပြီးတော့ နုရှောင့်မြို့ဆီ တန်းပြေးကြတော့။”
နာကျည်းမှုက မေး၏။ “ဒါဆိုရင် အရှင်မင်းကြီးကရော။”
ရှမ့်လန်က ပြောသည်။ “အရှင်မင်းကြီးကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားဖို့ များတယ်။ ဒီလို အခြေအနေမျိုး ဖြစ်မလာဖို့ပဲ မျှော်လင့်ရမယ်”
ပြီးနောက် သူက နင်ကျန်းနှင့် နာကျည်းမှု တို့ကို လက်သီးဆုပ်ပြီး နှုတ်ဆက်ကာ ပြောလိုက်၏။ “နှုတ်ဆက်ပါတယ်။ ဂရုစိုက်ကြပါ။”