အခန်း (၆၆၉-၆၇၀)
Vol. 43 Ch. 669-670
အပိုင်း (၆၆၉)
သန်းခေါင်ယံအချိန်၌ ရှမ့်လန်နှင့် ဓားဘုရင် လီချင်းချိုးတို့က မည်သူမျှ မသိလိုက်ဘဲ ရန်ကော့မြို့ဆီမှ ထွက်ခွာသွား၏။ လူရိုင်းစစ်သည်များက ရန်ကော့မြို့ကို ဝိုင်းရံထားခဲ့သည် မဟုတ်ပါလား။ သူတို့ အဘယ်သို့ ထွက်သွားနိုင်ရသနည်းဟု မေးနိုင်၏။ ဤမြို့က မည်မျှသေးငယ်ပါစေ ဆယ်မိုင်ကျော်ခန့် ပတ်ဝန်းကျင်ရှိသည့် မြို့ရိုးကြီး ရှိ၏။
စုနန်တွင် စစ်သည်ပေါင်း လေးသောင်းခုနစ်ထောင်သာရှိရာ ဝန်းရံထားမှုက အဘယ်သို့ လုံခြုံစိတ်ချရမည်နည်း။
..............
ရွှမ်ဝူနယ်စားအိမ်တော်
ဤနေရာမှ အခြေအနေက ပိုမိုကာ ဆိုးရွား၏။ ထို့ကြောင့် နန်းကုန်းအိုနှင့် ရှားယန်တို့၏ မဟာမိတ်တပ် အင်အား ငါးသောင်းကျော်တို့က ယခုအခါတွင် သုံးသောင်းကျော်သာ ကျန်ရှိတော့၏။ သူတို့တွင် သဲကန္တာရလူရိုင်းမျိုးနွယ် တစ်ထောင်ခန့်သာ ကျန်ရှိတော့၏။ ဤစစ်သည် သုံးသောင်းက ရွှမ်ဝူနယ်စား အိမ်တော်ကို တိုက်ခိုက်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွား၏။
ထို့ကြောင့် နန်းကုန်းအိုနှင့် ရှားယန်တို့၏ မဟာမိတ်တပ်က မီတာရာပေါင်းများစွာ အနောက်သို့ ဆုတ်ခွာသွားခဲ့ပြီး ထိုနေရာ၌ ခံတပ်နှင့် မြောင်းများကို တည်ဆောက်ကြ၏။ ဤအနေအထားက တကယ်ပင် ရိုးရှင်း၏။ သူတို့က အပြည့်အဝ ဝိုင်းရံထားသည် ဆိုသော်လည်း မတိုက်ခိုက်ဘဲ မင်းသားကျင်း၏ အမိန့်တော်ကို စောင့်ဆိုင်းနေကြခြင်းပင်။
အကယ်၍ ဆက်လက် တိုက်ခိုက်ပါက မင်းသားကျင်း၏ အတော်ဆုံး ထိပ်တန်း လေးသည်တော်များကို စေလွှတ် ရပေလိမ့်မည်။ မင်းသားကျင်း၏ လက်အောက်တွင် ယခုအချိန်ထိ လှုပ်ရှားမှု မရှိသေးသည့် လျှို့ဝှက် ဝှက်ဖဲ တစ်ချပ် ရှိနေ၏။ ဤစစ်တပ်၏ လေးသည်တော် အရေအတွက်က မများသော်လည်း သူတို့အားလုံးက တကယ့်ကို ထူးချွန်သည့် လေးသည်တော်များ ဖြစ်သည်ဟု နန်းကုန်းအို ကြားသိထားသည်။
မူလန်၊ ကျင်းကျိုးနှင့် မဟာပညာရှင် လန်တိုတို့က ဆွေးနွေးနေကြ၏။ “အခုချိန် ကျုပ်တို့ရှေ့မှာ ခက်ခဲတဲ့ ပြဿနာတစ်ခု ရှိနေတယ်။ ဒုတိယ နိဗ္ဗာနတပ်တော်က ဖောက်ထွက်ပြီး နန်းကုန်းအိုနဲ့ ရှားယန်တို့ရဲ့ မဟာမိတ်တပ်ကို ချေမှုန်းမယ်။ ပြီးရင် ရန်ကော့မြို့ကို သွားပြီး ကယ်တင်မလား။”
ကျင်းကျိုးက မေးသည်။ “မဟာပညာရှင် လန်တို... အကယ်၍ ဒုတိယ နိဗ္ဗာနတပ်တော်ကသာ အစွမ်းကုန်လှုပ်ရှား တိုက်ခိုက်မယ်ဆိုရင် နန်းကုန်းအိုနဲ့ ရှားယန်တို့ရဲ့ မဟာမိတ်တပ် သုံးသောင်းကို ချေမှုန်းနိုင်လား။”
မဟာပညာရှင် လန်တိုက ခဏမျှ စဉ်းစား၏။ ပြီးနောက် ပြောလိုက်၏။ “ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ထိုက်တန်မှု မရှိဘူး။ ထိခိုက်သေဆုံးမှုက များလိမ့်မယ်။”
လူသုံးထောင်ရှစ်ရာနှင့် လူသုံးသောင်းကို ရှင်ပြိုင် တိုက်ခိုက်ရမည်။ အကယ်၍ ခံတပ် ရှိနေပါက အားသာချက် ကြီးမားသော်လည်း နေရာယူ စစ်ပွဲ ဆင်နွှဲရမည်ဆိုပါက အန္တရာယ်က အလွန်ကြီးမား၏။ ရန်သူကလည်း များပြားလွန်း၏။ ဤလေးသည်တော် တပ်ဖွဲ့သာ ဝန်းရံခံလိုက်ရပါက ကြောက်မက်ဖွယ်ရာ ကောင်းသည့် အကျိုးဆက်မျိုး ဖြစ်ကုန်လိမ့်မည်။ ထို့ပြင် နန်းကုန်းအို၏ လက်အောက်တွင် မြင်းစီးတပ်သား နှစ်ထောင်လည်း ရှိသေးသည်။
ကျင်းမူလန်က စကားပြောလိုက်၏။ သူမက မျက်လုံးကို မှိတ်ထားလိုက်သည်။ သူမ၏ ခန္ဓာကိုယ်ဆီမှ အန္တရာယ်ရှိသည့် အငွေ့အသက်များ ထွက်ပေါ်လာသကဲ့သို့ပင်။ မျက်လုံးများကို ဖွင့်ပြီး မူလန်က ပြောလိုက်၏။
“နောက်ထပ် ရွေးချယ်စရာ ရှိသေးတယ်။ နိဗ္ဗာနတပ်တော် စစ်သည်သုံးထောင်ကို ကျွန်မ ဦးဆောင်ပြီးတော့ ရွှမ်ဝူနယ်စားအိမ်တော်ကနေ တိတ်တဆိတ် ထွက်ခွာသွားမယ်။ တောင်ဘက်ကို ရေကြောင်းနဲ့ သွားပြီး တောင်တွေကို ကျော်ဖြတ်မယ်။ နန်အိုမြို့တော်ကို ဝင်ပြီး တိုက်ခိုက်မယ်။ မင်းသားကျင်းရဲ့ ဌာနချုပ်ကို ဝင်တိုက်ခိုက်ပြီး ပြဿနာရဲ့ အရင်းအမြစ်ကို တိုက်ရိုက် ချေမှုန်းပစ်မယ်။”
ဤစကားကို ကြားချိန်မှာတော့ လန်တိုနှင့် ကျင်းကျိုးတို့က မှင်သက်သွားမိ၏။ ဤအရာက ရူးသွပ်လွန်းရာ ကျသည်။
မူလန်က ဆက်ပြော၏။ “အကယ်၍ နန်းကုန်းအို ရှုံးနိမ့်သွားမယ်ဆိုရင် သူက မင်းသားကျင်းဆီကို ချက်ချင်း သတင်းပို့လိမ့်မယ်။ ပြီးတော့ စုနန်ကလည်း ရန်ကော့မြို့မှာ ရှုံးနိမ့်နေလိမ့်မယ်။ အဲဒီ ရှုံးနိမ့်မှု သတင်းနှစ်ခုက မင်းသားကျင်းဆီကို ရောက်သွားတာနဲ့ သူက တပ်ဆုတ်ရင်ဆုတ်၊ မဟုတ်ရင် စစ်ကူတွေ လွှတ်လိမ့်မယ်။
လက်ရှိအခြေအနေအရ ဆိုရင်တော့ သူက သေချာပေါက် စစ်ကူ လွှတ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီတိုက်ပွဲမှာ မင်းသားကျင်းအနေနဲ့ မဖြစ်မနေ အနိုင်ယူရမယ့် တိုက်ပွဲ ဖြစ်နေလို့ပဲ။ သူ ရှုံးလို့ မဖြစ်ဘူး။ ဒါကြောင့် နန်အိုနယ်မြေတစ်ခုလုံးက လုံးဝ ဗလာဟင်းလင်း ဖြစ်ကျန်ခဲ့လိမ့်မယ်။
လောကမှာ ဘယ်စစ်တပ်ကမှ တောတောင်တွေကို ဖြတ်ကျော်ပြီး နန်အိုမြို့တော်ကို ဝင်တိုက်ခိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့ ဒုတိယနိဗ္ဗာနတပ်တော်တွေကတော့ လုပ်နိုင်တယ်။ ဘာလို့လဲ ဆိုတော့ ကျွန်မတို့က တောဘုရင်တွေ ဖြစ်နေလို့ပဲ”
မဟာပညာရှင် လန်တိုက တိတ်ဆိတ်ငြိမ်သက်သွား၏။ ဒုတိယ နိဗ္ဗာနတပ်တော် အမှန်တကယ်ပင် လုပ်နိုင်၏။ နိဗ္ဗာနကျွန်း၏ ပတ်ဝန်းကျင် အနေအထားက သဲကန္တာရ လူရိုင်းများ၏ နေရာထက်ပင် ပိုမိုကာ ဆိုးရွားပြီး ကြမ်းတမ်းသည်။
လွန်ခဲ့သည့် ခြောက်လအတွင်း သူတို့က တောရိုင်းများထဲတွင် ၊ မရေတွက်နိုင်သည့် အန္တရာယ်များကြားတွင် ရှင်သန်သွားလာခဲ့ရ၏။ သူတို့က ချောက်ကမ်းပါးများပေါ်တွင် တက်ရောက်၏။ နက်ရှိုင်းသည့် ချောက်များထဲသို့ ဖြတ်သန်းဝင်ရောက်၏။ လမ်းဟူ၍မရှိသည့် နေရာများတွင် လမ်းဖောက်ကာ လျှောက်လှမ်း၏။
ဒုတိယ နိဗ္ဗာနတပ်တော်က ရွှမ်ဝူနယ်စားအိမ်တော်မှ ထွက်ခွာပြီး နန်အိုမြို့တော်သို့ သွားရောက် တိုက်ခိုက် လိမ့်မည်ဟု မည်သူကမှ ထင်မှတ်လိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် မည်သည့်စစ်တပ်ကမှ ထိုသို့ပြုလုပ်နိုင်စွမ်း မရှိသောကြောင့်ပင်။ နန်အိုနိုင်ငံ၏ သစ်တောများထဲသို့ ဝင်ရောက်သွားလာရသည့် မည်သည့် စစ်တပ်မဆို လမ်းပျောက်သွားကြစမြဲပင်။
သို့သော်ငြား မူလန်အတွက်ကတော့ လမ်းပျောက်လိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူမက သွေးမျိုးဆက် ပြောင်းလဲသွားခဲ့ပြီးနောက် အလွန်အားကောင်းသည့် အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်လာသောကြောင့်ပင်။ သူမက လမ်းကြောင်းများကို အတိအကျ ဆုပ်ကိုင်ထားသော်လည်း ဤအရာက လျှို့ဝှက်ချက် ဖြစ်နေသဖြင့် မည်သူမှ မသိရှိကြပေ။
ထို့ကြောင့် ဤရွှေ့ကွက်က အန္တရာယ်များသော်လည်း တစ်ဖက်လူ လုံးဝ မျှော်လင့်မထားသည့် အကွက် ဖြစ်၏။ အရူးတစ်ယောက်ပင်လျှင် ရှမ့်လန်၏စစ်တပ်က မင်းသားကျင်း၏ ဌာနချုပ်ကို သွားရောက် တိုက်ခိုက်လိမ့်မည်ဟု တွေးမိကြမည် မဟုတ်ပေ။
ကျင်းကျိုးက မေး၏။ “ရှမ့်လန်က ဒီအစီအစဉ်ကို ပြောပြခဲ့တာလား။”
မူလန်က ခေါင်းကို ခါယမ်းလိုက်သည်။ “မပြောခဲ့ဘူး။ သူ မပြောပါဘူး။ သူ ဒီလိုလုပ်ဖို့ ဝန်လေးနေခဲ့တယ်။ ဒါပေမဲ့ သမီး သူ့ရဲ့ အတွေးကို အာရုံခံလို့ရတယ်။”
မဟာပညာရှင် လန်တိုက ပြော၏။ “မူလန်... သမီး သေချာစဉ်းစားအုံးနော်။ ပင်လယ်ပြင်ကို ဖြတ်ပြီး နန်အိုကို သွားဖို့က လွယ်တယ်။ နန်အိုကမ်းခြေကို ရောက်သွားပြီးတဲ့နောက်မှာ မြို့တော်ကို ရောက်ဖို့ မိုင် ၂၀၀၊ ၃၀၀ လောက် သွားရအုံးမှာ။ သယ်သွားနိုင်တဲ့ ရိက္ခာက အကန့်အသတ်ရှိတယ်။ သယ်သွားနိုင်တဲ့ မြားတွေကလည်း အကန့်အသတ်ရှိတယ်။ လူတစ်ယောက်ကို အများဆုံး မြား လေး၊ ငါးရာလောက်ပဲ သယ်သွားနိုင်မှာ။”
မြား ၄၀၀၊ ၅၀၀ ဆိုသည်က အလွန်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းနေပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာ၏ အလေးချိန် သက်သက်ကပင်လျှင် ကီလို ၃၀ နီးပါးခန့် ရှိ၏။ တခြားသော အလေးချိန်များကိုပါ ပေါင်းထည့်လိုက်မည် ဆိုပါက ကီလိုဂရမ် ၄၀၀ ထိ လွယ်ကူစွာ ရောက်ရှိသွားနိုင်ပေလိမ့်မည်။ သို့သော်ငြား ဤသည်က ဒုတိယ နိဗ္ဗာနတပ်တော်များ၏ ပုံမှန် လေ့ကျင့်ရေး ဝန်အလေးချိန်မျှသာ ဖြစ်သည်။
မူလန်က အံကိုကြိတ်ကာ ပြောလိုက်၏။ “ဆုံးဖြတ်လိုက်ပြီ။”
ကျင်းကျိုးက တစ်စုံတစ်ရာ ဝင်ရောက်ဟန့်တား ပြောချင်သော်လည်း ရပ်တန့်လိုက်သည်။
မူလန်က ဆက်ပြောသည်။ “ဒီလို အခြေအနေမျိုးမှာ မျှော်လင့်မထားတဲ့ တိုက်ခိုက်မှုမျိုးနဲ့မှ ကျွန်မတို့ အနိုင်ရနိုင်မှာ။ ယောက်ျားက ပြောထားတယ်။ သူ့အနေနဲ့ ဒီတိုက်ပွဲမှာ ယုံကြည်မှု ၆၀၊ ၇၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်တဲ့။ သမီးက သူ့ရဲ့အောင်မြင်မှု ချိန်ခွင်လျှာကို အလေးချိန်တစ်ခု ထပ်ပြီး ထည့်ပေးရမယ်။”
ကျင်းကျိုးက ပြောလိုက်၏။ “ဒါဆိုရင် သမီးအစား ဟန်ဆောင်မယ့် လူစားထိုး တစ်ယောက်ကို စီစဉ်ရလိမ့်မယ်။”
မူလန်က ပြောသည်။ “ဆရာမ လင်းရှန်ဆိုရင် အဆင်ပြေတယ်။ သူက အရပ်အမောင်း မြင့်မားတော့ သမီးရဲ့ သံချပ်ကာ ဝတ်စုံနဲ့ တော်လောက်တယ်။”
ကျင်းကျိုးက ပြော၏။ “သူ အဆင်ပြေပါ့မလား။ အဖေ စိုးရိမ်မိတယ်။”
...........
“ဆရာ”
လင်းရှန်က မျက်လုံးဖွင့်လိုက်သည်။ “ငါ့ကို ဒီလိုမခေါ်နဲ့။ ငါက မင်းရဲ့ဆရာဖြစ်ဖို့ ကံပါမလာဘူး။”
“ဆရာ” မူလန်က အသံကို ချိုသာဆုံး ဖြစ်အောင် ထပ်မံကာ ပြုလုပ်၍ ခေါ်လိုက်၏။
လင်းရှန်၏ မျက်နှာပေါ်ရှိ ကြွက်သားများက တုန်ခါသွားခဲ့သည်။ “အကြောင်းမဲ့ သက်သက်လာပြီး ကြင်နာပြနေတာ ယုတ်မာတဲ့ ရည်ရွယ်ချက် ရှိလို့ပဲတဲ့။ ဟုတ်တယ်မလား။”
မူလန်က ပြောလိုက်၏။ “ဆရာ... ကျွန်မ စစ်တပ်ကို ဦးဆောင်ပြီးတော့ နန်အိုမြို့တော်ကို သွားတိုက်ချင်လို့။”
လင်းရှန်က အံ့အားသင့်သွားသည်။ “ဟင်... ကောင်မလေး မင်း ရူးနေပြီလား။ ဒီကနေ နန်အိုမြို့တော်ထိ ဆိုတာ ဘယ်လောက်ဝေးလဲ မင်းသိလား။ အဲဒီနေရာက ဘယ်လောက် အန္တရာယ်များလဲ သိလား။ အဲဒီမှာ အဆိပ်ရှိတဲ့ ပိုးမွှားတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေကလည်း အများကြီးပဲ။ ပြီးတော့ နေရာတိုင်းမှာလည်း အဆိပ်ငွေ့တွေ ရှိတယ်။ နန်အိုနိုင်ငံရဲ့ သစ်တောထဲကို ဝင်သွားတဲ့ ဘယ်စစ်တပ်ကမဆို ..”
လင်းရှန်က စကားရပ်တန့်သွား၏။ “ထားလိုက်ပါတော့။ မင်းမှာ ခွေးနှာခေါင်းလို အာရုံခံနိုင်စွမ်း ရှိနေတာ ငါမေ့သွားတယ်။”
ပြီးနောက် နှင်းတောင်နတ်ဆိုးလင်းရှန်က ဆက်ပြောသည်။ “ဒါပေမဲ့ ဒါက အစီအစဉ်ကောင်း တစ်ခုပဲ။ မင်းက လူအင်အား ထောင်ဂဏန်းလောက်ကို ဦးဆောင်ပြီး မင်းသားကျင်းရဲ့ ဌာနချုပ်ကို သွားတိုက်ခိုက်လောက်အောင် ရူးသွပ်လိမ့်မယ်လို့ လောကမှာရှိတဲ့ ဘယ်သူကမှ ထင်ထားမှာ မဟုတ်ဘူး။ ပြီးတော့ နန်အိုနယ်မြေက ဟာလာဟင်းလင်း ဖြစ်နေတာကိုး။”
မူလန်က ပြောလိုက်၏။ “ဒါပေမဲ့ ကျွန်မ ရွှမ်ဝူနယ်စားအိမ်တော်က ထွက်သွားတယ် ဆိုတာ ဘယ်သူ့မှ မသိစေချင်ဘူး။ ဒါကြောင့် ကျွန်မအဖြစ် ဟန်ဆောင်ပေးမယ့် လူတစ်ယောက်ကို လိုနေတယ်။ နယ်စားအိမ်တော်တစ်ခုလုံးမှာ ဆရာ့ရဲ့ စိတ်နေစိတ်ထား၊ ဆရာ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က အမိုက်ဆုံး၊ ပြီးတော့ အရပ်ကလည်း အမြင့်ဆုံး ဆိုတော့ ...”
လင်းရှန်က သည်းမခံနိုင်တော့ချေ။ မဟာပညာရှင် အဆင့်သို့ မရောက်နိုင်ခြင်းက သူမ၏ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှကု သာမန်လူများထက် ပိုမိုကာ ကြီးမားသောကြောင့်ပင်။
“ငါ လင်းရှန်က ငါ့ရဲ့ ပုံစံအတိုင်းပဲ နေချင်တာ။ ငါက ငါပဲ။ တမူထူးခြားတဲ့ ငါပဲ။ ငါ့ကို တခြားသူ တစ်ယောက်ရဲ့ အစားထိုး အရိပ်ယောင် ဖြစ်စေချင်တာလား။ လုံးဝ မဖြစ်နိုင်ဘူး။ မဖြစ်ဘူး။ စဉ်းတောင် မစဉ်းစားနဲ့။” လင်းရှန်က ပြတ်ပြတ်သားသား ပြောလိုက်၏။
မူလန်က သူမ၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး ချိုသာသည့် အသံဖြင့် ခေါ်လိုက်သည်။ “ဆရာ”
သူမ၏ မျက်လုံးများက ကောင်းကင်ပေါ်မှာ ကြယ်ပွင့်များကဲ့သို့ပင် လင်းလက်နေ၏။
“ငါ့ကို လာပြီး မြှောက်စားမနေနဲ့။” လင်းရှန်က မျက်နှာလွှဲလိုက်သည်။
မူလန်က သူမ၏ ရှေ့သို့ ထပ်မံ ရောက်ရှိလာပြန်၏။ သူမ၏ အသံက တကယ့်ကို ချိုသာ၏။ မျက်လုံးများက ကလေးငယ် တစ်ဦးအလား ဝိုင်းစက်နေ၏။ “ဆရာ”
လင်းရှန်က ကြက်သီးများ ထသွားသည်။
“ဆရာ”
“ကောင်းပြီ။ ကောင်းပြီ။ ငါ လက်ခံတယ်။ ငါ ကူညီပေးမယ်။ အင်း... နှင်းတောင်မိစ္ဆာဆိုတဲ့ နာမည်က ဒီနေရာမှာ ပျက်စီးရတော့မှာပါလား။”
‘ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဆရာမ လင်းရှန် ... ခင်ဗျားမှာ ကောင်းမွန်တဲ့ ဂုဏ်သတင်းဆိုလို့ ရှိတာမှ မဟုတ်တာ။ ခင်ဗျားရဲ့ နာမည်ပြောင်က ဘယ်တော့မှမနိုင်တဲ့ မိစ္ဆာအိုကြီးလင်း မဟုတ်လား’
....................
ထိုညမှာတော့ မိမိ၏အခန်းမှ အပြင်မထွက်သည့် လင်းရှန်က မူလန်၏ သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်၏။ သူမက ရေမွှေးကိုဆွတ်ပြီး မူလန် လမ်းလျှောက်သကဲ့သို့ လိုက်လံကာ လေ့ကျင့်ကြည့်၏။ မူလန်၏ ကိုယ်လုံး ကိုယ်ပေါက်က အလွန် လှပသောကြောင့် လမ်းလျှောက်သည့်အခါ ဆွဲဆောင်မှု ရှိ၏။
တခြားတစ်ဖက်မှာတော့ လင်းရှန်က ပိန်သွယ်ပြီး ရင်ဘတ်က ပြားကပ်နေ၏။ မူလန်ကဲ့သို့ လမ်းလျှောက်တတ်စေရန် သူမက ဘဝတစ်သက်တာလုံး၏ ဂုဏ်သိက္ခာ တစ်ဝက်လောက်ကို ဖျက်ဆီးပစ်ခဲ့ရသည်။
“သောက်ကျိုးနည်း”
မူလန်၏ ချွဲ့နွဲ့သည့် အပြုအမူများကို မလွန်ဆန်နိုင်သောကြောင့် သူမက လက်ခံလိုက်မိ၏။ ထိုအရာကို သူမက ပြီးမှ နောင်တရလျက် ရှိနေ၏။
.............
သန်းခေါင်ယံ အချိန်မှာတော့ မူလန်က ဒုတိယ နိဗ္ဗာနတပ်တော်မှ စစ်သည်ပေါင်း သုံးထောင်ကို ခေါ်ဆောင်ပြီး ရွှမ်ဝူနယ်စားအိမ်တော်၏ နောက်ကျောဘက် တောင်ပေါ်သို့ တွယ်ဆင်းကာ ထွက်ခွာသွား၏။ ဟုတ်ပေ၏။ ထိုအရာက တောင်ကုန်း၏ နောက်ကျောဘက် ဖြစ်ပြီး အများစုက မတ်စောက်သည့် ချောက်ကမ်းပါးများ ဖြစ်၏။ နန်းကုန်းအို၏ တပ်များက ဤနေရာသို့ လာနိုင်လိမ့်မည် မဟုတ်ချေ။
တောင်ကို ကျော်ဖြတ်ပြီးနောက် စစ်သည်ပေါင်း သုံးထောင်က လမ်းလျှောက်မသွားကြချေ။ သူတို့က အရှေ့ဘက်ပင်လယ်ပြင်ဆီသို့ ဦးတည်၍ တောင်နှင့် သစ်တောများကို ဖြတ်သန်းသွားခဲ့ကြ၏။ ရှစ်နာရီခန့် ကြာပြီးနောက် သူတို့က ပင်လယ်ကမ်းစပ်သို့ ရောက်ရှိသည်။
နောက်ထပ် လေးနာရီခန့် ကြာမှတော့ မူလန်နှင့် ဒုတိယ နိဗ္ဗာနတပ်တော်မှ စစ်သည်ပေါင်း သုံးထောင်တို့က ကြီးမားသည့် သင်္ဘောကြီး ငါးစင်းပေါ်သို့ တက်ရောက်ပြီး တောင်ဘက်သို့ တိတ်တဆိတ် ဦးတည် ထွက်ခွာ သွားလေတော့၏။
သူတို့၏ ပန်းတိုင်က နန်အိုနိုင်ငံ၏ တောင်ဘက် ကမ်းရိုးတန်း ဖြစ်၏။ သူမက ဒုတိယ နိဗ္ဗာနတပ်တော်ကို ဦးဆောင်၍ ကြီးကျယ်ခမ်းနားသည့် စစ်ချီခရီးကို စတင်၏။ ပြဿနာ၏ အရင်းအမြစ်ဆီသို့ တည့်တည့်မတ်မတ် သွားခြင်းပင်။
...........
သုံးရက်ကြာမြင့်ပြီးနောက် .....
တာ့နန်နိုင်ငံ၏ ယာယီမြို့တော် ၊ နန်အိုနိုင်ငံ၏ မြို့တော်တွင် မင်းသားကျင်းက မြေပုံပေါ်တွင် ရပ်နေ၏။
သူ၏ဘေးတွင် လက်တစ်ဖက် ပြတ်လျက်ရှိသော အိမ်ရှေ့စံမင်းသား နင်ယီနှင့် ထျန်းနန်စီရင်စု၏ အုပ်ချုပ်ရေးမှူး ကျူးကျွင်းတို့ ရှိ၏။ သူတို့ နှစ်ဦးက လက်မလျှော့ကြသေးဘဲ မင်းသားကျင်းကို နားချရန် အစွမ်းကုန် ကြိုးစားနေ၏။
“မင်းသားကျင်း... အချိန်ကာလအရဆိုရင် စုနန်ရဲ့စစ်တပ်က ထျန်းနန်စီရင်စုတစ်ခုလုံးကို ရှင်းလင်းပြီး ရွှဲ့ပြည်နယ်ဆီကို ချီတက်နေလောက်ပါပြီ”
အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ပြောလိုက်သည်။ “အရှင်က ရွှဲ့ပြည်နယ်ကို တကယ်ပဲ ဖျက်ဆီး ပစ်ချင်တာလား။ အဲဒီလို လုပ်လိုက်ရင် အရှင်က လူထုရဲ့ ဝေဖန်ပြစ်တင်မှု ပစ်မှတ် ဖြစ်လာလိမ့်မယ်။ ဝူပြည်နယ်နဲ့ ချောင်ပြည်နယ်က ရွှဲ့ပြည်နယ်ရဲ့ မြို့တော်ကို သိမ်းပိုက်ခွင့် ပေးမှာ မဟုတ်ဘူး။ အရှင့်ကို တားကြလိမ့်မယ်။”
မင်းသားကျင်းက ဂရုမစိုက်ချေ။
အိမ်ရှေ့စံမင်းသား နင်ယီက ပြောလိုက်၏။ “မင်းသားကျင်း... အချိန်မနှောင်းသေးဘူး။ ကျုပ်ရဲ့ အစ်မ နင်ဟန်က စာပေးလိုက်တယ်။ သူမက ဒီသဘောတူညီချက်ကို လက်ခံလိုက်ပါပြီ။ ကျုပ်ကို လွှတ်ပေးလိုက်တာနဲ့ အရှင့်ကို တာ့နန်ဘုရင်အဖြစ် ဘွဲ့ထူးပေးအပ်ဖို့ တော်ဝင်ရန်အင်ပါယာမှာ အစွမ်းကုန် ကြိုးစားပေးပါလိမ့်မယ်။ မကြာခင် အရှင်က ချောင်ဘုရင်၊ ဝူဘုရင်တို့နဲ့ တန်းတူ ဖြစ်လာလိမ့်မယ်။ ဒါက အရှင့်ရဲ့ ဘိုးဘေးတွေတောင် မလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ပါပဲ။”
မင်းသားကျင်းက ပြုံးလိုက်သည်။ “နင်ယီ... ငါ တော်ဝင်ရန်အင်ပါယာရဲ့ ဘွဲ့ထူးပေးအပ်တာကို မလိုချင်သလို၊ တောင်းလည်း မတောင်းဆိုဘူး။ အဲဒီလို လုပ်မယ်လို့လည်း မင်းကို ငါ မပြောခဲ့ဖူးဘူး။ ငါ တစ်ခုခု လိုချင်ရင် ကိုယ့်ဘာသာကိုယ်ပဲ ယူမယ်။ သူများ ပေးကမ်းတဲ့အရာကို ဘယ်တော့မှ စိတ်ချလက်ချ ယူနေမှာ မဟုတ်ဘူး။ ဒီသင်ခန်းစာက မင်းအတွက်ကော မလုံလောက်သေးဘူးလား။”
နင်ယီ၏ မျက်နှာက နီရဲသွား၏။
အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ဝင်ကာ ပြောလိုက်၏။ “မင်းသားကျင်း... ရွှဲ့ပြည်နယ် ပျက်သုဉ်းသွားခဲ့တာ အရှင့်အတွက် တကယ်ကို အကျိုးယုတ်စေလိမ့်မယ်။ အားနည်းပေမဲ့ စည်ပင်ဝပြောတဲ့ ရွှဲ့ပြည်နယ်က အရှင့်ရဲ့ အကျိုးစီးပွားနဲ့ ပိုပြီးကိုက်ညီတယ်။ ဒါက အရှင့်အတွက် အရင်းအမြစ် အမျိုးမျိုးကို ထောက်ပံ့ပေးနိုင်ပါတယ်။ ကျုပ်တို့ရဲ့ နောက်မှာ ယင်ယွမ်အဖွဲ့အစည်း ရှိနေတယ်။ ကျုပ်တို့မှာ မရေတွက်နိုင်တဲ့ ငွေကြေးနဲ့ အရင်းအမြစ်တွေ ရှိတယ်။ အရှင့်ရဲ့ တာ့နန်နိုင်ငံကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့ လုံလောက်ပါတယ်”
အပိုင်း (၆၇၀)
မင်းသားကျင်းက မြေပုံကို ဆက်ကြည့်၏။ သူ၏ အကြည့်က ရန်ကော့မြို့နှင့် ရွှမ်ဝူနယ်စားအိမ်တော်ပေါ်သို့ ရောက်၏။ သူက အားလုံးကို လစ်လျူရှုသည့် အသံဖြင့် ပြောလိုက်၏။ “အမတ်ကြီး ကျူးကျွင်း... ခင်ဗျားက သစ္စာရှိတယ်လို့ ယူဆလို့ရတယ်။ အခုချိန်ထိ နင်ယီကို လက်မလျှော့ချင်သေးဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ မိသားစုကတော့ ဘက်ပြောင်းဖို့ ပြင်ဆင်နေလောက်ပြီ”
အိမ်ရှေ့စံမင်းသား နင်ယီ၏ မျက်နှာက ပြောင်းလဲသွားသည်။ “မင်းသားကျင်း... ဘာကို ဆိုလိုတာလဲ။”
မင်းသားကျင်းက ပြောလိုက်၏။ “မင်း ဒီပြဇာတ်ထဲမှာ လူနှစ်ယောက်ကို မေ့ထားတယ်။ တစ်ယောက်က ရှမ့်လန်၊ နောက်တစ်ယောက်က နင်ချီပဲ။”
နင်ယီက တုန်လှုပ်သွားသည်။ “ဆိုလိုတာက အဘိုးက နင်ချီကို ထောက်ခံမယ် ပြောချင်တာလား။ မဖြစ်နိုင်ဘူး ဒီကိစ္စ လုံးဝ မဖြစ်နိုင်ဘူး။”
သူပြောသည့် အဘိုးဆိုသည်မှာ ကျူးဟုန်ကျူးပင်။ မင်းသားကျင်းက ဘာမှဆက်မပြောတော့ချေ။ လက်ကိုသာ ဝှေ့ယမ်းပြ၏။
သဲကန္တာရလူရိုင်းမျိုးနွယ်မှ ကျွမ်းကျင်သူတချို့ ရောက်လာပြီး နင်ယီနှင့် ကျူးကျွင်းတို့ကို အပြင်ဘက်သို့ ဆွဲခေါ်ထုတ်သွားသည်။
မင်းသားကျင်း၏ မိန်းမအမည်က ရှားမန် ဖြစ်၏။ သူမက သဲကန္တာရလူရိုင်းအမျိုးသမီးနှင့် မတူချေ။ သူမက နူးညံ့သိမ်မွေ့၏၊ လှပ၏။ အသားအရေက ဖြူဝင်းပြီး ဉာဏ်ရည်ကလည်း ထက်မြက်သည်။ သူမက မင်းသားကျင်း၏ ကံကောင်းစေသည့် ကြယ်တစ်ပွင့်ပင်။ မင်းသားကျင်း၏ အောင်မြင်မှုများထဲတွင် သူမ၏ အခန်းကဏ္ဍက ကြီးမား၏။
ယခုအချိန်မှာတော့ မင်းသားကျင်းက သူမနှင့် အတူ ပန်းချီဆွဲလို့နေ၏။ ပန်းချီကား၏ အကြောင်းအရာက အလွန်ပင် ဆန်းကြယ်၏။ ဤကမ္ဘာမှအရာနှင့် မတူချေ။ ရှေးဟောင်းပန်းချီကား တစ်ချပ်နှင့်တူ၏။ ပန်းချီဆွဲပြီးနောက် နှစ်ယောက်သား ပွေ့ဖက် နမ်းရှိုက်သည်။
“ဒီအခိုက်အတန့်လေးကို ကျွန်မ လွမ်းမိတယ်။ ကျွန်မတို့ နှစ်ယောက် အမွေအနှစ်နေရာထဲ ပြုတ်ကျသွား တုန်းကလေ။ ပြီးတော့ ရှင် ကျွန်မနဲ့ အိပ်ခဲ့တယ်။” ရှားမန်က ပြော၏။
“ဟင့်အင်း... မင်းက ငါနဲ့ အိပ်ခဲ့တာပါ။” မင်းသားကျင်းက ပြောသည်။
“ရှင်က ကျွန်မနဲ့ အိပ်ခဲ့တာပါ။” ရှားမန်က ခွန်းတုံ့ပြန်၏။
“မန်မန်... ဒါက မူဝါဒဆိုင်ရာ ကိစ္စပဲ။ တို့တွေ ရှင်းရှင်းလင်းလင်း လုပ်ရမယ်။ မင်းက ငါ့ကို အရင် စနမ်းခဲ့တာ ငါ ကောင်းကောင်းမှတ်မိနေတယ်။”
ရှားမန်က ပြောလိုက်သည်။ “နှာဗူးကြီး... ကျေးဇူးပြုပြီး ရှင်းရှင်းလင်းလင်းပြော။ ဘာမပြော၊ ညာမပြောနဲ့ ကျွန်မ ဘောင်းဘီအောက်ထဲ လက်ထည့်ခဲ့တာ။ ရှင်ပဲ။”
မင်းသားကျင်းက ပြောလိုက်၏။ “ကောင်းပြီ။ ဒီကိစ္စကို သရေပဲ ထားလိုက်ပါတော့။ ဒါပေမဲ့ မင်းက အရင် စခဲ့တာနော်။ အဲဒါတော့ မမှားဘူး။”
ရှားမန်က ပြောလိုက်သည်။ “ရှင်သာ ကျွန်မရဲ့ အဝတ်တွေကို မချွတ်ခဲ့ရင် ကျွန်မက စပါ့မလား။”
အံ့အားသင့်စရာပင်။ ဤကဲ့သို့ ပါရမီပြည့်ဝပြီး ရဲရင့်ပြတ်သားသည့် မင်းသားကျင်း ပြောဆိုလျက်ရှိသည့် စကားလုံးများက ကလေးဆန်လွန်း၏။ နှစ်ယောက်သားက ငြင်းခုံနေ၏။ ပြီးနောက် သူတို့နှစ်ယောက် အိပ်စက်ကြ၏။ နောက်ဆုံးမှာတော့ တန်းတူရည်တူပင်။ မည်သူကမှ မည်သူ့ကို အနိုင်မယူကြချေ။
“ယောက်ျား.. ရှင် နင်လော့ကို ချစ်လား။” ရှားမန်က မေးလိုက်၏။
“ဒီကမ္ဘာပေါ်မှာ ငါချစ်တဲ့ မိန်းမဆိုလို့ တစ်ယောက်တည်း ရှိတယ်။”
ရှားမန်က ပြောလိုက်၏။ “သူ့ကို ပြန်တွေ့တော့ ရှင် သူနဲ့ အတူတူ မအိပ်ချင်ဘူးလား။ ကျွန်မ ထင်တာတော့ သူ ဂနာမငြိမ် ဖြစ်နေလောက်ပြီ။ သူ ရှင်နဲ့ အိပ်ဖို့ မစောင့်နိုင်လောက်အောင် ဖြစ်နေမှာပဲ။”
မင်းသားကျင်းက ပြောသည်။ “အိပ်ချင်တာပေါ့။ ဒါပေမဲ့ သူနဲ့ အိပ်လို့မဖြစ်ဘူး။ အိပ်လိုက်တာနဲ့ သဘော သဘာဝတွေ ပြောင်းလဲသွားလိမ့်မယ်။”
“ကောင်းပြီ။ ကျွန်မနဲ့ အတူ ရှိနေတာတောင် ရှင်က တခြားမိန်းမနဲ့ အိပ်ဖို့ စဉ်းစားနေတယ်ပေါ့။”
မင်းသားကျင်းက ပြောလိုက်၏။ “မန်မန်... ရှမ့်လန်ပြောထားတဲ့ စကားတစ်ခွန်း ရှိတယ်။ ခန္ဓာကိုယ်ကသာ ဖောက်ပြန်တာ။ စိတ်က ဖောက်ပြန်တာ မဟုတ်ဘူးတဲ့။”
.........
ညနေပိုင်းမှာတော့ မင်းသားကျင်းက လျှို့ဝှက်စာ တစ်စောင်ကို လက်ခံရရှိ၏။ နန်းကုန်းအိုကိုယ်တိုင် ရေးထားခဲ့သည့် စာဖြစ်၏။ ရွှမ်ဝူနယ်စားအိမ်တော်၏တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့၏။ ထက်ဝက်ကျော်လောက် သေဆုံးခဲ့၏။ ရှမ့်လန်ဆီ၌ အလွန်အစွမ်းထက်သည့် လေးသည်တော် တပ်ဖွဲ့ ရှိနေသည်။
လောလောဆယ် ရွှမ်ဝူနယ်စားအိမ်တော်ကို တိုက်ခိုက်ဖို့ မဖြစ်နိုင်ပေ။ ရှေ့ဆက်ပြီး ဘာလုပ်ရမည် ဆိုသည်ကို အရှင်မင်းကြီး ညွှန်ကြားပေးပါရန် တောင်းခံထားသည့် စာပင်။ နောက်ထပ် စာတစ်စောင်ကတော့ ရှားယန်ဆီမှ ဖြစ်ပြီး ပိုမိုကာ အသေးစိတ်ကျစွာ ရေးသားထား၏။
နောက်တစ်နေ့ မနက်ခင်းမှာပဲ မင်းသားကျင်းက နောက်ထပ် နောက်ထပ် လျှို့ဝှက်စာ တစ်စောင်ကို လက်ခံရရှိ၏။ ထိုစာကို လူဖြင့်ပေးပို့ခြင်း မဟုတ်ဘဲ စာပို့ကျီးကန်းဖြင့် ပေးပို့ခြင်း ဖြစ်၏။ ဤလောကကြီးတွင် စာပို့ခိုများ မရှိချေ။ စာပို့ကျီးကန်းများကို သဲကန္တာရလူရိုင်းများ၏ ထူးခြားသည့် စွမ်းဆောင်ရည်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
ရန်ကော့မြို့က အလွန်ဝေးကွာ၍ လူကို အားကိုးပြီး သတင်းပို့လျှင် အလွန်ပင် နှောင့်နှေးပေလိမ့်မည်။ စုနန်၏ လျှို့ဝှက်စာက ပိုမိုကာ တုန်လှုပ်ဖွယ်ရာ ကောင်း၏။ ရန်ကော့မြို့ တိုက်ပွဲ ရှုံးနိမ့်ခဲ့၏။ သဲကန္တာရ လူရိုင်း မျိုးနွယ် ပင်မတပ်ဖွဲ့မှ လူသောင်းသုံးထောင်ခန့် သေဆုံးခဲ့၏။ ရှမ့်လန်၏ မြို့စောင့်တပ်သား တစ်သောင်းတို့က မှော်ပညာတစ်မျိုးမျိုးဖြင့် ပြုစားခံထားရသကဲ့သို့ ဖြစ်ပြီး ထိုသူတို့က အလွန်ပင် သန်မာကာ ရဲရင့်၏။ ထိုအရာက ရွှေနဂါးသွေးနှင့် ပတ်သက်နေမည်ဟု စုနန်က ယူဆမိ၏။
လျှို့ဝှက်စာအားလုံးကို အထူးလျှို့ဝှက်ဘာသာစကားဖြင့် ရေးသားထားခြင်းဖြစ်ပြီး မင်းသားကျင်း တစ်ဦးတည်းသာ ဖတ်ရှု နားလည်နိုင်၏။ လျှို့ဝှက်စာ နှစ်စောင်ကို ဖတ်ရှုပြီးနောက် မင်းသားကျင်းက မျက်လုံးကို မှိတ်ထား၏။ အံ့အားသင့်စရာပင်။ တကယ်ကို သတင်းဆိုးပင် ဖြစ်သည်။
“ရှမ့်လန်... မင်း သိပ်တော်တယ်။ ဒီစစ်မြေပြင် နှစ်ခုလုံးမှာ ငါ အများကြီး နစ်နာခဲ့ရပြီ။ နောက်တစ်ဆင့် ကတော့ ငါတို့ နှစ်ယောက်ကြားမှာ ရှိတဲ့ တစ်ကိုယ်ရည်ပြိုင်ပွဲ ဖြစ်လာလိမ့်မယ်။ ငါ ဒါကို မျှော်လင့်နေခဲ့တာ ကြာပြီ။ လောကကြီးကို စစ်တုရင်ခုံတစ်ခုလို သဘောထားပြီး စစ်တုရင် ကစားကြတာပေါ့။ ဒါက ရွှဲ့ပြည်နယ်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးလိမ့်မယ်။”
နောက်တစ်နေ့မှာတော့ မင်းသားကျင်းက စစ်သည်ရှစ်ထောင်ကို ဦးဆောင်၍ စစ်မြေပြင်ကို ကူညီ ထောက်ပံ့ရန် နန်အိုမြို့တော်မှ မြောက်ဘက်သို့ ထွက်ခွာ၏။ ဤသည်က မင်းသားကျင်း၏ လက်ထဲတွင် ရှိနေသည့် ကျန်ရှိသော နောက်ဆုံး အင်အားကြီးတပ်ဖွဲ့ ဖြစ်လုနီးပါးပင်။ ဤစစ်ပွဲတွင် မင်းသားကျင်း လုံးဝ ထုတ်မသုံးခဲ့ဖူးသေးသည့် သဲကန္တာရလူရိုင်းမျိုးနွယ်မှ အတော်ဆုံးသော ဝှက်ဖဲတပ်ဖွဲ့ပါ၏။ သူတို့က တစ်ပိသာ၊ တစ်ပိသာခွဲ ကျောက်လေးများကို ကိုင်ဆောင်နိုင်စွမ်း ရှိကြ၏။
တစ်ချိန်တည်းမှာပဲ ကျင်းမူလန် ဦးဆောင်သည့် ဒုတိယနိဗ္ဗာနတပ်တော်မှ စစ်သည်သုံးထောင်တို့က လူသူကင်းမဲ့သည့် ကမ်းခြေတစ်ခုကို ကမ်းကပ်၏။ သူတို့က နန်အိုနယ်မြေပေါ်သို့ တရားဝင် ခြေချလိုက်ပြီ ဖြစ်၏။ သူတို့က နန်အို၏ နှလုံးသဲပွတ် တည်ရှိရာနေရာဆီသို့ နက်နက်နဲနဲ ဝင်ရောက်ကြပေတော့မည်။
...........
ရွှဲ့ပြည်နယ်၏ နန်းမြို့တော် လျှို့ဝှက်ခန်းတစ်ခုထဲတွင်တော့ ...
“ဝန်ကြီးချုပ်ကျူး ဂါရဝပြုပါတယ်”
“ဂါရဝပြုပါတယ် ကျုံးအီ”
ဤလျှို့ဝှက်ခန်းအတွင်းမှာတော့ လူသုံးယောက်တည်းသာ ရှိ၏။ သို့သော်ငြား အားလုံးက မိုးကို လေကိုပင် စစ်ခေါ်နိုင်စွမ်း ရှိသည့် အရာရာကို ခြယ်လှယ်နိုင်သည့် လူများပင်။ ရွှဲ့ပြည်နယ်၏ ဝန်ကြီးချုပ် ကျူးဟုန်ကျူး၊ ရွှဲ့ပြည်နယ်၏ စစ်ရေးဗျူရို ဒုတိယအကြီးအကဲ ကျုံးအီနှင့် ယင်ယွမ်အဖွဲ့အစည်း ထိပ်တန်း အကြီးအကဲ ရှုပိုတောက် တို့ ဖြစ်၏။
“ဒုဝန်ကြီးကျုံး... ခင်ဗျားနဲ့ ကျုပ်က တစ်ခါမှ သီးသန့် မတွေ့ဆုံဖူးဘူး။ ဒီနေ့ ဘာကိစ္စများ ရှိလို့ ဒီဆွေးနွေးပွဲကို စီစဉ်ရတာလဲ။”
ကျူးဟုန်ကျူးက မေးလိုက်သည်။ “ကျုပ်တို့က နိုင်ငံတာဝန်တွေနဲ့ အလုပ်ရှုပ်နေကြတာ ဆိုတော့ အချိန်အကြာကြီး ပေးဖို့ မကောင်းဘူး။”
ကျုံးအီက ဆို၏။ “ကျုပ်က သုံးရက်တစ်ခါ အိမ်ပြန်ပြီး ရေချိုးလေ့ ရှိပါတယ်။ ဝန်ကြီးချုပ်ကျူး၊ နင်ကန်၊ နင်ချီ၊ တခြားသူတွေလည်း ဒီလိုပဲလေ။ အခုချိန်က ကျုပ်တို့ အိမ်ပြန်ပြီး ရေချိုးတဲ့အချိန်ပဲ။ ဘယ်သူမှ သံသယ ဖြစ်မှာ မဟုတ်ပါဘူး။”
ကျူးဟုန်ကျူးက ပြောသည်။ “အင်း.. ကျုံးအီက တကယ့်ကို အကွက်မြင်တာပဲ။ အချိန်က တန်ဖိုးရှိတယ်။ ကဲ... ခင်ဗျား စိတ်ထဲမှာ ရှိတာကိုသာ ပြောတော့။”
ကျုံးအီက မေးလိုက်၏။ “ဝန်ကြီးချုပ်ကျူး... ခင်ဗျား နင်ယီအပေါ်မှာ မျှော်လင့်ချက် ထားနေတုန်းပဲလား။ သူက အခုဆိုရင် အသုံးမကျတဲ့သူ ဖြစ်နေပြီ။ ဒုတိယ အတော်ဆုံးလူ တစ်ယောက်နဲ့ ဘာလို့ မကျေနပ်ရတာလဲ။”
ကျူးဟုန်ကျူးက ပြန်ပြောသည်။ “တတိယမင်းသားက မဟာဗျူဟာအရ ထူးချွန်တဲ့သူ တစ်ဦးပါပဲ။ ကျူးမိသားစု အနေနဲ့ မျက်နှာလို မျက်နှာရ လုပ်ရဲတဲ့ အနေအထားမျိုးမှာ မရှိပါဘူး။”
ကျုံးအီက ဆက်ပြောလိုက်၏။ “အခု အခြေအနေ နှစ်ခုပဲ ရှိတော့တယ်။ ရွှဲ့ပြည်နယ် ပျက်သုဉ်းမလား ၊ မပျက်သုဉ်းဘူးလား ဆိုတာပါပဲ။ ဝန်ကြီးချုပ်ကျူး... ခင်ဗျား ရွှဲ့ပြည်နယ် ပျက်စီးသွားတာကို တကယ် မြင်ချင်လို့လား။”
ကျူးဟုန်ကျူးက ဆိုသည်။ “ရွှဲ့ပြည်နယ် ဆိုတာ ကျုပ်ရဲ့ သွေးသားအရင်းလိုပဲ။ ဘယ်လိုလုပ် ပျက်စီးသွားတာကို လိုလားရမှာလဲ။”
ကျုံးအီက ထောက်ပြ၏။ “ဟုတ်ပါပြီ။ ကျူးမိသားစုက အခြေခံခိုင်မာသလို ဩဇာနဲ့ အာဏာ လွှမ်းမိုးမှု ကလည်း အရမ်းကို ကြီးမားတယ်။ ဒါပေမဲ့ အဲဒါက တော်ဝင်ရန်မြို့တော်မှာ။ ဝန်ကြီးချုပ်ကျူးရဲ့ မိသားစုဝင်တွေကတော့ ရွှဲ့ပြည်နယ်ရဲ့ ဂုဏ်သိက္ခာနဲ့ အရှက်တရားကို ထပ်တူ ခံစားရမှာပါ။”
“အနာဂတ်မှာ တော်ဝင်ရန်အင်ပါယာက လောကကြီးကို ပေါင်းစည်းချင်လာပြီဆိုရင် ဝန်ကြီးချုပ်ကျူး အနေနဲ့ အဲဒီအရေးကိစ္စမှာ ပါဝင်ကူညီပြီး တော်ဝင်ရန်မြို့တော်ထိ ရာထူးတိုးချင်မှာပေါ့။ အရှေ့ဘက် လောကကြီးရဲ့ ဩဇာအာဏာ ကြီးမားတဲ့ အရာရှိ တစ်ယောက် ဖြစ်ချင်မှာပေါ့။”
ကျူးဟုန်ကျူးက မျက်မှောင်ကြုတ်လိုက်၏။ သူက ဤကဲ့သို့သော စကားမျိုးကို မနှစ်သက်ပေ။ ရိုင်းစိုင်းလွန်း၏။ ဘာ ရာထူးတိုးသနည်း။ ဘာကို ဩဇာအာဏာ ကြီးမားသည့် အရာရှိ ဖြစ်သနည်း။ ပညာရှိ သုခမိန်တို့ မည်သည်က ဩဇာအာဏာကို အလေးထားကြသော်လည်း ဩဇာအာဏာအကြောင်း ပြောဆိုရခြင်းအား စက်ဆုပ်ရွံရှာကြ၏။
ကျုံးအီက ဆက်ပြောသည်။ “အခုလိုပုံစံအတိုင်းဆိုရင် ရွှဲ့ပြည်နယ်က သေချာပေါက် ပျက်စီးရတော့မယ်။ ဘာကြောင့်လဲဆိုတော့ ကျုပ်တို့ဆီမှာ ရူးသွပ်ပြီးတော့ လောင်းကစား ဝါသနာပါတဲ့ ဘုရင်တစ်ပါး ရှိနေလို့ပဲ။”
ကျူးဟုန်ကျူးက တင်းမာခက်ထန်စွာ ပြောလိုက်၏။ “မင်းမှုထမ်းဆိုတာ ဘုရင်မင်းမြတ်ကို အပြစ်တင် စကားပြောဆိုဖို့ မသင့်ဘူး။”
ကျုံးအီက စိတ်ထဲတွင် အေးစက်စက် ရယ်မောလိုက်သည်။ ‘ကျူးဟုန်ကျူး.. ခင်ဗျား ဘုရင်မင်းမြတ်နဲ့ တေ့တေ့ဆိုင်ဆိုင် ပြဿနာတက်ခဲ့တာ တစ်ကြိမ်တောင် မကတော့ဘူး။ အခုမှ ဘာလို့ လာပြီး သစ္စာရှိချင်ယောင် ဆောင်နေတာလဲ။’
ကျုံးအီက ဆို၏။ “ကျုပ်ဆီမှာ အကြံတစ်ခု ရှိတယ်။ တစ်ချက်လောက် ကြည့်ပါအုံး။”
ကျူးဟုန်ကျူးက ပြောလိုက်သည်။ “ပြောပါ။”
ကျုံးအီက ရှင်းပြ၏။ “ရွှဲ့ပြည်နယ်မှာ အင်အားစု နှစ်ခုပဲ ကျန်တော့တယ်။ တတိယမင်းသားရဲ့ အုပ်စုနဲ့ ကျူးမိသားစု အုပ်စုပါပဲ။ ကျုပ်တို့သာ ဆက်ပြီး ကွဲကွာနေမယ်ဆိုရင် ရွှဲ့ပြည်နယ်ကို ဆက်ပြီး ထောက်ပံ့ ပေးထားနိုင်မှာ မဟုတ်တော့ဘူး။ ကျုပ်တို့ရဲ့ မိသားစုနှစ်ခုသာ ပေါင်းစည်းလိုက်မယ်ဆိုရင် ရွှဲ့ပြည်နယ်ကို ကယ်တင်နိုင်ပါသေးတယ်။”
မျက်လုံးမှိတ်ထားသော်လည်း ကျုံးအီ ဘာပြောနေသည်ကို ကျူးဟုန်ကျူး သိရှိ၏။ သို့သော်ငြား ဖွင့်ပေးရမည့် စကားလုံးအချို့က ရှိလို့နေသေးသည်။
ကျုံးအီက ဆက်ပြောလိုက်၏။ “လောလောဆယ် ကျုပ်တို့ကျင်းမင်းသားနဲ့ ပြန်လည် ညှိနှိုင်းရမယ်။ စစ်ပြေငြိမ်းဖို့အတွက် ထျန်းနန်စီရင်စုကို စွန့်လွှတ်လိုက်ရမယ်။ ဒုတိယအနေနဲ့ ဝူဘုရင်ရဲ့တပ်တော်တွေ တောင်ဘက် ချီတက်လာတာ ရပ်တန့်ဖို့ မြောက်ဘက်စီရင်စုက ခရိုင်ခြောက်ခု၊ နုရှောင့်မြို့နဲ့ လေ့ကျိုးကျွန်းစုကို ပေးအပ်လိုက်မယ်။
အဲဒီနည်းအားဖြင့် ကျန်ရှိနေသေးတဲ့ ရွှဲ့ပြည်နယ်ရဲ့ အင်အားက ချောင်ပြည်နယ်ကို တိုက်ခိုက်ဖို့ လုံလောက် သွားလိမ့်မယ်။ သူတို့ရဲ့အင်အား သုံးသိန်းရှိတဲ့ တပ်တော်ကြီးကို အပြီးတိုင်ချေမှုန်းဖို့ ခက်ခဲကောင်း ခက်ခဲနိုင်မှာ ဆိုပေမဲ့ အနောက်ဘက်စီရင်စု တစ်ခုလုံးကို ကာကွယ်ပြီး ချောင်ပြည်နယ်ကို လက်ဗလာနဲ့ ပြန်လှည့်သွားအောင် လုပ်ဖို့တော့ ဖြစ်နိုင်ပါသေးတယ်။”
ကျူးဟုန်ကျူးက ပြောသည်။ “တကယ့်ကို ကောင်းတဲ့ အကြံပဲ။ အဲဒီအတိုင်း လုပ်ကြတာပေါ့။”
ကျုံးအီက ဆက်ပြော၏။ “ဒါပေမဲ့ ကျူးမိသားစု မပါဝင်ရင် ဒီကိစ္စ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ နန်းတွင်း အဖွဲ့တွေနဲ့ ဘုရင်မင်းမြတ်ကိုနားချဖို့ ကျူးမိသားစုနဲ့ ယင်ယွမ်အဖွဲ့အစည်းက ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ပြီးတော့ တော်ဝင်ရန်အင်ပါယာက ဝူပြည်နယ်ကို ဖိအားပေးရပါလိမ့်မယ်။ အဲဒီနည်းလမ်းနဲ့မှ အဆင်ပြေမှာ။”
ရှုပိုတောက်က ဩဇာအာဏာ ကြီးမားသူဟု ယူဆနိုင်၏။ သူက နုရှောင့်မြို့ကို အသုံးချပြီး ယင်ယွမ်အဖွဲ့အစည်း ဌာနချုပ်ကို လှုပ်ရှားစေနိုင်၏။ သို့သော်ငြား နန်းတွင်းအဖွဲ့နဲ့ အင်ပါယာကို နားချရန်ကတော့ သူ၏ အင်အားတစ်ခုတည်းနှင့် မလုံလောက်ပေ။ ကျူးမိသားစု၏ အကူအညီ လိုအပ်သည်။
ကျုံးအီက ဆက်လက်ကာ ပြော၏။ “ကျင်းမင်းသားဘက်ကို ကြည့်မယ်ဆိုရင်လည်း သူက ချောင်ပြည်နယ်၊ ဝူပြည်နယ်တို့နဲ့ မဟာမိတ်ဖွဲ့ထားရင်တောင်မှ အများဆုံးရနိုင်တာ ထျန်းနန်စီရင်စု တစ်ခုပဲ။ ဒီတော့ ကျုပ်တို့က အဲဒီဒေသကို သူ့လက်ထဲ ထည့်ပေးလိုက်တာ ပိုကောင်းမယ်။ ဒါဆိုရင် သူလည်း ကျေနပ်သွားမှာ ဖြစ်ပြီး သူ့ရဲ့တပ်တော်တွေ မြောက်ဘက်ပိုင်းကို ဆက်ပြီး ချီတက်ဖို့ အကြောင်းပြချက်ရှိမှာ မဟုတ်ဘူး။”
ကျူးဟုန်ကျူးက ပြောလိုက်သည်။ “ဘုရင်မင်းမြတ်က သဘောတူပါ့မလားလို့ ကျုပ် စိုးရိမ်မိတယ်။”
ကျုံးအီက တုံ့ပြန်လိုက်၏။ “တိုင်းပြည်ရဲ့ အသက်ရှင်သန်ရေး၊ သေဆုံးရေးကိစ္စမှာ ဘုရင်တစ်ပါးထက် တိုင်းပြည်က ပိုပြီး အရေးကြီးတယ်လို့ ကျုပ် ခံယူထားတယ်။”
ဤစကားလုံးများက တရားမျှတသည်ဟု ထင်ရသော်လည်း နောက်ကွယ်မှ အဓိပ္ပာယ်ကတော့ တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်း၏။ ဤအရာက နင်ယွမ်ရှန်းကို တိုက်ရိုက် ဖယ်ရှားလိုက်ပြီး အာဏာသိမ်းခြင်းပင်။
ကျူးဟုန်ကျူးက ခါးကို နောက်သို့ မှီချလိုက်ပြီး နက်နဲသည့် အတွေးပင်လယ်ထဲသို့ မျောပါသွားခဲ့၏။ သူက စကားမပြောချေ။
ကျုံးအီက ဆို၏။ “ကျုပ်တို့သာ ပူးပေါင်းလိုက်မယ်ဆိုရင် ရွှဲ့ပြည်နယ်တစ်ခုလုံးမှာ ကျုပ်တို့ကို ခုခံနိုင်မယ့် အင်အားစုဆိုတာ ရှိမှာ မဟုတ်တော့ဘူး။
ကျူးဟုန်ကျူးက စကားမပြောသေးပေ။
ကျုံးအီက တိုက်တွန်းလိုက်သည်။ “ဝန်ကြီးချုပ်ကျူး... အချိန်က အရမ်းကိုအရေးကြီးနေပြီ။ ခင်ဗျား သဘောတူလိုက်တာနဲ့ ကျုပ်တို့ စစ်တပ်ကို အဆင်သင့် ပြင်ဆင်ထားလိုက်တော့မယ်။”
သူ ပြောသည့် စစ်တပ်ဆိုသည်က ရွှယ်ချီ၏ ရေတပ်ကို ဆိုလိုခြင်းပင်။ ယင်ယွမ်အဖွဲ့အစည်းအား ထိုစစ်တပ်ကြီး ငှားရမ်းမှာဖြစ်ပြီး နုရှောင့်မြို့ကို တိုက်ခိုက်ရာတွင် သူတို့က ဝူပြည်နယ်အလံကို ကိုင်ကာ တိုက်ခိုက်ပေလိမ့်မည်။
“နုရှောင့်မြို့က လက်ရှိအချိန်မှာ အရမ်းကို ဗလာဟင်းလင်း ဖြစ်နေတယ်။ ကောင်းကင်တာအို အဖွဲ့အစည်းက သူတို့ရဲ့ တပ်သားတွေကို အသည်းအသန် တိုးချဲ့နေတယ်ဆိုပေမဲ့ သူတို့ရဲ့ အင်အားက အကန့်အသတ် ဖြစ်ရှိနေတုန်းပဲ။ ဒါပေမဲ့ နေ့ရက်တိုင်း၊ နေ့ရက်တိုင်းက အရမ်းကို တန်ဖိုးကြီးတယ်။ ကျုပ်တို့ အချိန်ဆွဲနေလို့ မဖြစ်ဘူး။” ကျုံးအီက ဆက်ပြောလိုက်၏။
ကျူးဟုန်ကျူးက နှုတ်ဆိတ်နေဆဲပင်။
ကျုံးအီက ဆက်ပြောသည်။ “မင်းသားနင်ချီ နန်းတက်ပြီးသွားရင် ကျုံးမိသားစုက စစ်ရေးကိစ္စတွေကို ဆက်ပြီး အာရုံစိုက်မယ်။ ရွှယ်ချီက ထောက်လှမ်းရေးကို ဆက်ပြီးတော့ ကိုင်လိမ့်မယ်။ အတွင်းဝန်ရုံးနဲ့ အရပ်ဖက် အရာရှိတွေကတော့ ဝန်ကြီးချုပ်ကျူး လက်အောက်မှာပဲ ရှိနေမှာပါ။ ကျုပ်တို့က သူတို့ကို ထိမှာ မဟုတ်ဘူး။ ခင်ဗျားရဲ့မိသားစုကိုလည်း ရွှဲ့ပြည်နယ် အရပ်ဘက်ခေါင်းဆောင်အဖြစ် ဆက်ပြီး ထားရှိနေအုံးမှာပါ”
ကျူးဟုန်ကျူးက ဘာမှမပြောချေ။
ကျုံးအီက အချိန်တော်ကြာ တွန့်ဆုတ်ပြီးသည့်နောက် အံကိုကြိတ်ကာ ပြောလိုက်၏။ “တတိယမင်းသား နင်ချီက ကျူးမိသားစုရဲ့ သမီးပျိုကို လက်ထပ်ပါလိမ့်မယ်။ နန်းတက်ပြီးတဲ့အချိန်မှာ ကျုံးမိသားစုရဲ့သမီးနဲ့ ရှုမိသားစုရဲ့သမီးက ကိုယ်လုပ်တော်အဖြစ် နေဖို့ ဆန္ဒရှိပါတယ်။ ပြီးတော့ ကျူးမိသားစုရဲ့ သမီးက မိဖုရားခေါင်ကြီး ဖြစ်လာမှာပါ။”
ကျူးဟုန်ကျူးက ရုတ်တရက် ပြောလိုက်သည်။ “ကျုပ်ရဲ့မြေး ကျူးဟုန်ပင်းက တော်တော်လေး အလားအလာရှိတဲ့ သူပဲ။ အထူးစာမေးပွဲမှာလည်း ဒုတိယ ရခဲ့တယ်။ ခင်ဗျားတို့ မိသားစုက ကျုံးရှစ်ရှစ် ကလည်း အိမ်ထောင်မပြုရသေးဘူး ဆိုတော့ ကျုပ်ရဲ့မြေး ကျူးဟုန်ပင်းနဲ့ လက်ထပ်ပေးလိုက်ရင် ဘယ်လိုလဲ။”
ကျုံးအီ “.......”