← Chapters

အခန်း (၆၇၁-၆၇၂)

Vol. 43 Ch. 671-672

အခန်း (၆၇၁-၆၇၂)

Vol. 43 Ch. 671-672

အပိုင်း (၆၇၁)

ကျုံးအီက အကြီးအကျယ် ထိတ်လန့်သွား၏။ ကျူးဟုန်ပင်း ဟုတ်လား။ မြို့တော်၏ နံပါတ်တစ် ဉာဏ်ကြီးရှင် ဆိုသည်က ထူးချွန်သည်မှာ အမှန်ပင်။ သို့ပေမည့် ကျုံးရှစ်ရှစ်နှင့် လက်ထပ်ပါက အသေရိုက်သတ်ခံရမည်ကို မကြောက်ပေဘူးလား။

ထို့ပြင် ကျူးမိသားစုက ကျူးရှစ်ရှစ်ကို တော်ဝင်ရန်အင်ပါယာ၏ တော်ဝင်မိသားစုနှင့် လက်ထပ်ပေးဖို့ အစီအစဉ် ဆန္ဒရှိခဲ့၏။ ပြီးခဲ့သည့် တစ်ခေါက်ကဆိုလျှင် အင်ပါယာမှ ဝူမင်းသားနှင့် လက်ထပ်ပေးဖို့ နည်းလမ်းပေါင်းများစွာ သုံးကာ ကြိုးစားခဲ့၏။ ကျူးမိသားစုက လောကကြီးကို ပေါင်းစည်းမည့် အင်ပါယာ၏ ပြင်းပြသည့် ဆန္ဒကို ကြိုတင်ကာ မြင်ခဲ့ပြီးသားပင်။

ထို့ကြောင့်ပင်လျှင် မိုးမရွာခင် ထီးပြင်သည့်အနေဖြင့် အင်ပါယာနှင့် ဆက်ဆံရေးတည်ဆောက်ရန် နင်ယွမ်ရှန်းအမျက်ဒေါသထွက်စေမည့် ကိစ္စကို ပြုလုပ်ပြီး အရဲစွန့်ခဲ့သေး၏။ ယခု ကျူးဟုန်ကျူးက ကျူးရှစ်ရှစ် ကို ကျူးဟုန်ပင်းနှင့် လက်ဆက်စေချင်၏။ ဤအရာက တော်ဝင်ရန်အင်ပါယာဆီသို့ သွားမည့် ကျူးမိသားစု၏လမ်းကြောင်းကို ဖြတ်တောက်ဖို့ ကြိုးစားနေခြင်းလား။ ကျူးမိသားစုမှာ ဒုတိယမြောက် လှပကျော့ရှင်းသည့် သမီးပျိုဟူ၍ မရှိတော့ချေ။

ကျုံးအီက ခက်ခဲသည့် ဆုံးဖြတ်ချက် နှစ်ခုကြားတွင် ဗျာများသွားခဲ့၏။ ‘ကျူးဟုန်ကျူး... ဒီခွေးအိုကြီး လူတွေရဲ့ သည်းခံနိုင်စွမ်း အကန့်အသတ်ကို ဘယ်လို နင်းချေရမလဲ ဆိုတာ ကောင်းကောင်း သိနေတာပဲ။’

ကျူးဟုန်ကျူးက မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ “ကြည့်ရတာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျုံးအီက ဆုံးဖြတ်ချက် မချနိုင်ဘူးလို့ ထင်တယ်။ ဒါဆိုရင်လည်း ထားလိုက်တော့။”

သူက အပြင်သို့ တန်းတန်းမတ်မတ် လျှောက်သွား၏။ “ဒီနေ့ ဒီလူကြီး ဒီကိုလာခဲ့တယ်ဆိုတာ မေ့လိုက်ကြရအောင်။”

ယင်ယွမ်အဖွဲ့အစည်းမှ ရှုပိုတောက်က ကျုံးအီကို စူးစိုက်ကြည့်ရှုသည်။

“ကောင်းပြီ။”

ကျုံးအီက ပြောလိုက်၏။ “ဝန်ကြီးချုပ်ကျူး... ဒီကိစ္စကို အတည်ပြုလိုက်ပါပြီ။”

ကျူးဟုန်ကျူးက ပြန်လျှောက်လာပြီး ထိုင်ခုံတွင် ဝင်ထိုင်၏။ ပြီးနောက် ပြောသည်။ “ဒီနေ့ ကျုပ်တို့ ကလေး နှစ်ယောက်ရဲ့ မင်္ဂလာကိစ္စကို ဆွေးနွေးခဲ့တာ။ တခြား ဘာမှ မဆွေးနွေးခဲ့ဘူး။”

ကျုံးအီက ထောက်ခံ၏။ “ဟုတ်ပါတယ်။ မင်္ဂလာကိစ္စပဲ ဆွေးနွေးခဲ့တာပါ။ နိုင်ငံရေး မဟုတ်ပါဘူး။”

ကျူးဟုန်ကျူးက မေးသည်။ “ဒါဆိုရင် ဘာလို့ လက်ထပ်စာချုပ် မချုပ်ဆိုရသေးတာလဲ။”

ကျုံးအီက ဆို၏။ “ကောင်းပြီ။ ဝန်ကြီးချုပ် ပြောတဲ့အတိုင်း လုပ်ကြတာပေါ့။”

ပြီးနောက် ယင်ယွမ်အဖွဲ့အစည်းမှ ရှုပိုတောက်၏ ရှေ့မှောက်တွင် သက်သေပြုလျက် ကျူးဟုန်ကျူးနှင့် ကျုံးအီ တို့က လက်ထပ်စာချုပ် နှစ်ခုကို လက်မှတ်ရေးထိုး၏။ တတိယမင်းသား နင်ချီက ကျူးနင်အား တရားဝင် ဇနီးမယားအဖြစ် လက်ထပ်မည် ဖြစ်ပြီး ကျူးဟုန်ပင်းက ကျူးမိသားစုမှ သမီးပျို ကျုံးရှစ်ရှစ်ကို လက်ထပ်မည်။

ဤလက်ထပ်စာချုပ်နှစ်စောင်ကို ချုပ်ဆိုခြင်းအားဖြင့် ရွှဲ့ပြည်နယ်၏ အကြီးမားဆုံးသော နိုင်ငံရေး ကိုယ်စားလှယ် အုပ်စုကြီးနှစ်ခုက တရားဝင် မဟာမိတ်ဖွဲ့လိုက်ခြင်းအား ကိုယ်စားပြု၏။ တစ်ဖက်က နိုင်ငံရေး၊ တစ်ဖက်က စစ်ရေး။ ယှဉ်ပြိုင်ဘက်ကင်းသော အင်အားပင်။

ဤအချိန်မှာတော့ ကျူးမိသားစုက သူတို့၏ ရပ်တည်ချက်ကို တရားဝင်ပြောင်းလဲလိုက်ပြီး တတိယမင်းသား နင်ချီက ထောက်ခံလိုက်ခြင်း ဖြစ်၏။

......................

ကျူးဟုန်ကျူးက အိမ်သို့ ပြန်ရောက်လာသည်နှင့် ကျူးမိသားစု၏ စစ်သည်ပေါင်း ဒါဇင်ချီတို့က အပြင်ကို ဒုန်းစိုင်း ထွက်ခွာသွား၏။ တချို့က မြောက်ဘက်သို့၊ တချို့က တောင်ဘက်သို့ပင်။ သူတို့က မြောက်ဘက် တော်ဝင်ရန်မြို့တော်သို့ ဦးတည်သွားနေကြခြင်းဖြစ်ပြီး ဝူဘုရင်ကို ဖိအားပေးရန်အတွက် နန်းတွင်းအင်ပါယာအဖွဲ့ကို စည်းရုံးနိုင်သမျှ စည်းရုံးရန် တော်ဝင်ရန်မြို့တော်မှ ကျူးမိသားစုဆီ တင်ပြခြင်းပင်။

တောင်ဘက်သို့ သွားသူများကတော့ ကောင်းကင်ပင်လယ်နန်းဆောင်ကို စည်းရုံးရန်နှင့် ကျင်းမင်းသားနှင့် ညှိနှိုင်းမှု အသစ်ပြုလုပ်ရန် ပြင်ဆင်ထားဖို့ ကျူးကျွင်းအား အကြောင်းကြားရန် ဖြစ်သည်။

ပြီးခဲ့သည့် တွေ့ဆုံမှုတွင် ကျင်းမူကုန်းက မမေ့နိုင်သည့် ဒဏ်ရာတစ်ခုကို ထိခိုက် ခံစားခဲ့ရ၏။ သို့သော်ငြား ကျူးနင်အတွက်မူ ထိုအရာက ပျော်စရာ အတွေ့အကြုံ တစ်ခုမျှသာ ဖြစ်၏။ မည်ကဲ့သို့သော စိတ်လှုပ်ရှားမှုမှ မဖြစ်ပေါ်ခဲ့ချေ။ သူမက နေ့တိုင်း အိမ်ထဲတွင်နေပြီး စာအုပ်အမျိုးမျိုးကို ဖတ်ရှု လေ့လာနေတတ်၏။ ပညာ ဗဟုသုတ ပင်လယ်ပြင်တွင် မူးယစ်နစ်မွန်းလျက် ရှိနေပြီး ထိုထဲမှလည်း ရုန်းထွက်နိုင်ခြင်း မရှိချေ။

သူမက ရှမ့်လန်၏ အရောင်လေးမျိုး နည်းစနစ်ကို လေ့လာ ပြီးစီးခဲ့ပြီး ဖြစ်၏။ တကယ့်ကို အံ့အားသင့် မင်သက်ပြီး တုန်လှုပ်ခြောက်ခြားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် ထိုအရောင်လေးမျိုး နည်းစနစ်ကို ရှာဖွေတွေ့ရှိရခြင်းက ဉာဏ်ကြီးရှင်တစ်ဦး၏ ဉာဏ်ရည်ကို စမ်းသပ်ခြင်း မဟုတ်ဘဲ တွက်ချက်မှု ပင်လယ်ပြင်ကြီး တစ်ခု ဖြစ်နေသောကြောင့်ပင်။

ဤအရာက ကာယလုပ်သားတစ်ယောက် လုပ်ရသည့် အလုပ်ပမာပင်။ ဖြတ်လမ်းနည်း တစ်ချို့ ရှိသော်လည်း တစ်ကြိမ်တည်းနှင့် ပြီးစီးနိုင်သည့် အရာမျိုး မဟုတ်ချေ။ ဂဏန်းသင်္ချာပညာရှင် ရာပေါင်းများစွာတို့က မရေတွက်နိုင်သည့် တွက်ချက်မှုများကို တပြိုင်နက်တည်း ပြုလုပ်ရန် လိုအပ်၏။ ရှမ့်လန်က ဤမျှလောက် တိုတောင်းသည့် အချိန်အတောအတွင်း မည်ကဲ့သို့ ပြီးစီးအောင် လုပ်ခဲ့သနည်း။

သူမ တကယ်တော့ စဉ်းစား၍ မရနိုင်ခဲ့ချေ။ သို့သော်ငြား သူမက အသစ်ကို နှစ်သက်ပြီး အဟောင်းကို မုန်းတီးသူ ဖြစ်၏။ တစ်လခန့် လေ့လာပြီးသည့်နောက် သူမက အရောင်လေးမျိုး နည်းစနစ်အကြောင်းကို ဘေးဖယ်ထားလိုက်၏။

ကျင်းမင်းသားအကြောင်းကို စတင် လေ့လာပြန်၏။ သူမကဲ့သို့ အိမ်တွင်းအောင်း မိန်းကလေး တစ်ယောက်က ကျင်းမင်းသားအကြောင်းကို လေ့လာသင့်၏။ မကြာသေးခင်က အရှေ့ဘက်လောက တစ်ခုလုံးတွင် ရေပန်းအစားဆုံး ပုဂ္ဂိုလ်က ကျင်းမင်းသား ဖြစ်၏။ သို့နှင့် သူမက ကျင်းမင်းသား၏ ကြီးပွားတိုးတက်လာပုံကို စတင် လေ့လာသည်။

ပထမဦးဆုံး ရဲရင့်သည့် ယူဆချက် တစ်ခုကို ချမှတ်၏။ ပြီးနောက် အသေးစိတ် ခွဲခြမ်းစိတ်ဖြာ၏။ ကျင်းမင်းသားက လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ပင် သဲကန္တာရ လူရိုင်းမျိုးနွယ်ထဲသို့ တစ်ကိုယ်တည်း ဝင်ရောက်သွားခဲ့၏။ တိုတောင်းသည့် နှစ်နှစ်ဆိုသော အချိန်ကာလအတွင်းမှာပဲ မျိုးနွယ်စုကြီး တစ်ခုလုံးကို စည်းလုံးညီညွတ်အောင် စွမ်းဆောင် စုစည်းနိုင်ခဲ့၏။

မတော်တဆ ကံကောင်းမှုလား သို့မဟုတ် အံ့ဖွယ် အမှုကိစ္စကို ပြုလုပ်နိုင်ခဲ့သည်လား။ ထိုသို့ဆိုလျှင် အကြီးမားဆုံးသော ကံကောင်းမှု ဆိုသည်က ဘာဖြစ်သနည်း။ ရှေးဟောင်း အမွေအနှစ်များလား။ ပြီးနောက် ကျူးနင်က သဲကန္တာရလူရိုင်းမျိုးနွယ်များ၏ သမိုင်းနှင့် ပထဝီဝင်ကို စတင် လေ့လာ၏။ သူမက ဆက်စပ်မှု ရှိသည့် ရှေးဟောင်းစာအုပ် အများအပြားကို ငှားရမ်းသည်။

သို့သော်ငြား ထူးဆန်းသည်ကို သူမ တွေ့လိုက်ရ၏။ သဲကန္တာရလူရိုင်းမျိုးနွယ်များ၏ ပထဝီဝင်နှင့် ပတ်သက်သည့် စာအုပ်အများအပြားကို တခြားသောဘာသာစကားနှင့် ရေးသားထားခြင်းပင်။ ပါဠိ၊ သက္ကတ ဘာသာစကားမျိုးနှင့် ဆင်တူ၏။

ကျူးနင်က ရွေးချယ်စရာ မရှိဘဲ ထိုဘာသာစကားကို လေ့လာရ၏။ လက်တလောမှာတော့ သူမက နေ့စဉ် ရှေးဟောင်းစာအုပ်များကို လေ့လာ၏။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်၊ နှစ်ထောင်ခန့်က သဲကန္တာရ လူရိုင်းမျိုးနွယ်များ၏ သမိုင်းကြောင်းနှင့် ရှေးဟောင်းသမိုင်းများကိုပါ လေ့လာခဲ့၏။ သူမက အမှန်တကယ် အအိပ်မေ့၊ အစားမေ့ပင်။

“မြေးမလေး... တစ်ခုခုများ ရှာတွေ့တာလား။” ကျူးဟုန်ကျူးက မေးမြန်းလိုက်သည်။

ကျူးနင်က ပြော၏။ “သဲကန္တာရလူရိုင်းမျိုးနွယ်စုတွေ နေထိုင်တဲ့မြေနေရာမှာ ရှေးဟောင်းကမ္ဘာတုန်းက အရမ်းကို စည်ပင်ဝပြောခဲ့ပြီး အင်အားကြီးမားတဲ့ နိုင်ငံတစ်ခု ရှိခဲ့ဖူးတယ်။ သူတို့လူမျိုးတွေက အရပ်ရှည်ပြီးတော့ သန်မာတယ်။ လက်မောင်းတွေ၊ ခြေထောက်တွေက သန်မာတယ်။ သူတို့ရဲ့ မြို့တော်ကို သစ်ပင်ပေါ်မှာ တည်ဆောက်ထားခဲ့ပြီး လောကမှာ အံ့အားသင့်စရာအကောင်းဆုံး လေးသည်တော်တွေလည်း ရှိတယ်။ အဲဒီနိုင်ငံကို တာမင်အင်ပါယာလို့ ခေါ်တယ်။”

ကျူးဟုန်ကျူးက ကြောင်အသွား၏။ ဤကောင်မလေးက ဤမျှများပြားသည့် အကြောင်းအရာများကို တကယ်တမ်း လေ့လာနေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

ကျူးနင်က ဆက်ပြောသည်။ “တာမင် အင်ပါယာရဲ့ နယ်မြေက တစ်ချိန်တုန်းက အရမ်းကို ကျယ်ဝန်းခဲ့တယ်။ ရွှဲ့ပြည်နယ်ဆယ်ခုစာကျော်လောက် ရှိတယ်။”

ရွှဲ့ပြည်နယ် ဆယ်ခုစာလောက်ရှိသည့် အရွယ်အစား။ ထိုအရာက စတုရန်းကီလိုမီတာ ၇ သန်းလောက် ရှိ၏။ တကယ့်ကို နိုင်ငံကြီး တစ်ခုပင်။

ကျူးဟုန်ကျူးက မေး၏။ “ဒါဆိုရင် ရွှဲ့ပြည်နယ်ရဲ့နယ်မြေက ရှေးခေတ်တုန်းက တာမင် အင်ပါယာ ပိုင်နက် မဟုတ်ခဲ့ဘူးလား။”

ကျူးနင်က ဖြေသည်။ “မဟုတ်ဘူး။ တာမင် အင်ပါယာရဲ့ နယ်မြေက တောင်ဘက်မှာ ရှိတာ။ အဲဒါက ပင်လယ်ထဲကို နစ်မြုပ်သွားခဲ့ပြီ။ ရှေးကပ်ဘေးဆိုးကြီးကြောင့် လောကကြီးက ပြောင်းလဲသွားခဲ့တယ်။ တိုက်ကြီးပေါင်းများစွာက ပင်လယ်ထဲကို နစ်မြုပ်သွားခဲ့တယ်။ အဲတာကို ရှေးဟောင်းစာအုပ် အများအပြားမှာ မှတ်တမ်းတင် ထားခဲ့တယ်။ ပင်လယ်ကြမ်းပြင်မှာ တွေ့ရတဲ့ ရှေးဟောင်းအပျက်အစီး အများအပြားကလည်း အဲဒီအချက်ကို သက်သေပြနေတယ်။”

ကျူးဟုန်ကျူးက သူ၏စီးပွားရေး ကိစ္စများကို ခေတ္တ မေ့ဖျောက်ထားပြီး မြေးမလေးအတွက် လက်ဖက်ရည် ငှဲ့ပေးရန် ဝင်ထိုင်၏။

ကျူးနင်က ပြောသည်။ “အဘိုး... စေတီတောင်နဲ့ ကောင်းကင်ပင်လယ်နန်းဆောင်တို့က မကြာသေးခင်က တောင်ဘက်ပင်လယ်မှာ ရှေးဟောင်းအမွေအနှစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။ သမီးထင်တာ မမှားဘူးဆိုရင် အဲဒါက တာမင်အင်ပါယာပဲ ဖြစ်လိမ့်မယ်။”

ဤကောက်ချက်ချမှုက တကယ့်ကို ယုတ္တိရှိ၏။ ကျူးနင်က ဆက်ပြော၏။ “အဘိုး... ရှေးဟောင်းအပျက်အစီး ဆိုတာ ဘာလဲသိလား”

ကျူးဟုန်ကျူးက ဖြေသည်။ “ရှေးဟောင်းယဉ်ကျေးမှုတွေ ပျက်သုဉ်းသွားပြီး နိုင်ငံတွေအားလုံး အပျက်အစီးပုံ ဘဝကို ရောက်ရှိသွားတာမျိုးပေါ့။ ဒါပေမဲ့ တချို့နေရာတွေကတော့ အကြောင်းရင်းတစ်စုံတစ်ရာကြောင့် ဒါမှမဟုတ် ကံကောင်းလို့ အကောင်းအတိုင်း ကျန်ခဲ့တာမျိုး ရှိနိုင်တယ်။”

ကျူးနင်က ဆို၏။ “သမီးရဲ့ကောက်ချက်ချချက်အရဆိုရင် တာမင်အင်ပါယာက အရမ်းကို အင်အား ကြီးမားခဲ့တော့ သေချာပေါက် ရှေးဟောင်းအပျက်အစီး တစ်ခုထက်မက ကျန်ရစ်ခဲ့ပါမယ်။ ဒါကြောင့် သဲကန္တာရလူရိုင်းတွေရဲ့ နယ်မြေမှာ နောက်ထပ်တစ်ခုရှိနေတယ်လို့ သမီး သံသယရှိနေတယ်။ အဲဒါက ကျင်းမင်းသား ကြီးပွားလာခြင်းရဲ့ နောက်ကွယ်က အမှန်တရားလည်း ဖြစ်နိုင်တယ်။”

သူမက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းမော့လိုက်သည်။ ကျူးဟုန်ကျူးနှင့် စကားဆက်ပြောရန် ပြင်ဆင်လိုက်သည်။ သို့ပေမည့် သူမအဘိုးဖြစ်သူ၏ မျက်နှာက တည်ကြည်လေးနက်သည်ကို တွေ့လိုက်ရသည်။

“ဘာဖြစ်လို့လဲ အဘိုး”

ကျူးဟုန်ကျူးက မေးလိုက်၏။ “နင်အာ... ကျင်းမုကုန်းနဲ့ တွေ့ဆုံရတုန်းက ဘယ်လို ခံစားရလဲ။”

ကျူးနင်က ပြန်ဖြေလိုက်သည်။ “ဘာမှ ထွေထွေထူးထူးတော့ မရှိပါဘူး။ အဘိုးသာ ထုတ်မပြောရင် သမီး မေ့တောင် မေ့နေပြီ။”

ကျူးဟုန်ကျူးက ပြောလိုက်၏။ “အဘိုးက သမီးကို နင်ချီနဲ့ လက်ထပ်စေချင်တယ်။”

ကျူးနင်က ကျောခိုင်းသွား၏။ သူမက ခဏမျှ တိတ်ဆိတ်သွား၏။ မျက်ဝန်းတွင် မျက်ရည်များနှင့် စွတ်စိုလာခဲ့သည်။ “အဲဒီလို ဖြစ်ကိုဖြစ်ရမှာလား။”

ကျူးဟုန်ကျူးက ခေါင်းညိတ်လိုက်၏။

ကျူးနင်က ပြောလိုက်သည်။ “ကောင်းပါပြီ။ သမီး သဘောတူပါတယ်။”

ကျူးဟုန်ကျူးက သူမ၏ပခုံးကို အသာပုတ်ကာ ဆို၏။ “မိသားစု အင်အားတောင့်တင်းလာတဲ့ အချိန်မှာ သမီး လွတ်လပ်စွာနဲ့ ပျံသန်းနိုင်တယ်။ ဒါပေမဲ့ မိသားစု အန္တရာယ်ကြုံလာတဲ့အခါမျိုးမှာတော့ လူတိုင်းက ဦးတည်ချက် တစ်ခုတည်းကိုပဲ ပျံသန်းကြရတယ် သမီး။”

“သမီး နားလည်ပါတယ် အဘိုး” ကျူးနင်က ပြန်ပြောလိုက်သည်။

ကျူးဟုန်ကျူးက မြေးမလေး၏ ခေါင်းကိုပွတ်သပ်၏။ “သမီး ပင်ပန်းလိုက်တာ”

ပြီးနောက် ထွက်ခွာသွားသည်။

ကျူးနင် တစ်ယောက်တည်း ကျန်ရစ်ခဲ့၏။ ကျူးနင်၏ မျက်နှာပေါ်မှာတော့ ခါးသက်သည့် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။ “ဘာ တွေ့ဆုံမှုလဲ။ ဘာ မေးခွန်းသုံးခုလဲ။ အားလုံးက အတုယောင်တွေ၊ အားလုံးက အတုယောင်တွေပဲ။”

ကျင်းမုကုန်းက မေးခွန်းသုံးခုကို မှန်ကန်အောင် ဖြေဆိုနိုင်ခဲ့သော်လည်း သူမ၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။ တတိယမင်းသားနင်ချီ ဆိုလျှင် သူမကို လာတောင် မတွေ့ခဲ့ချေ။ သို့ပေမည့် သူတို့ကြားရှိ လက်ထပ်ပွဲက အတည်ဖြစ်သွားခဲ့၏။ ဤလောကကြီးက တကယ်ကို လက်တွေ့ဆန် လွန်းနေ၏။ မမျှတချေ။

ကျူးနင်က စာအုပ်များပြည့်နှက်နေသည့် စာအုပ်စင်ကြီးကို လှမ်းကြည့်၏။ ဤအရာက သူမ၏ နောက်ဆုံး ပျော်ရွှင်ရသည့် အချိန်မျိုး ဖြစ်ကောင်းဖြစ်နိုင်၏။ နောက်ဆိုရင် သူမက မိဖုရားတစ်ပါးဖြစ်ဖို့ ပြင်ဆင်ရပေ တော့မည်။ သို့ပေမည့် သူမ ကျူးနင် ဆိုသည့် မိန်းကလေးက သာမန်မိန်းကလေး တစ်ယောက်ပါပဲလား။

ကျင်းမုကုန်းက ပိုပိန်ပြီး ပိုခန့်ညားချင်၍ နေ့တိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်နေသည်ဟု သူမ ကြား၏။

‘အသုံးမကျတဲ့ကျင်းမူကုန်း... ရှင် အားကုန်ခံပြီး အချိန်ဖြုန်းမနေနဲ့တော့။ ဒီလောကကြီးက အရမ်းကို လက်တွေ့ဆန်လွန်းနေတယ်။’

...................

နန်အိုတိုင်းပြည်မှာတော့ ကမ်းမှတက်လာပြီးနောက် မူလန်က နိဗ္ဗာနတပ်တော် စစ်သည်သုံးထောင်ကို ဦးဆောင်ပြီး တောအုပ်ထဲသို့ ဝင်ရောက်ခဲ့၏။ ထိုခဏမှာပဲ သူမက ပြောမပြတတ်လောက်အောင် လွတ်လပ် ပေါ့ပါးမှုကို ခံစားရ၏။ သူမက ပင်လယ်ထဲမှ ငါးတစ်ကောင်၊ တောအုပ်ထဲမှာ ငှက်တစ်ကောင်ကဲ့သို့ပင်။ အတိုင်းအဆမဲ့ ကျယ်ပြောသည့် ဤရှေးဟောင်းသစ်တောကြီးက သူမကို အနှောင်အဖွဲ့ကင်းမဲ့သည့် လွတ်လပ်မှုအား ခံစားရစေသည်။

သဘာဝကို အာရုံခံနိုင်သော သူမ၏ စွမ်းဆောင်ရည်က ဤနေရာတွင် များစွာ တိုးတက်လာ၏။ ရေတွက် မရနိုင်သည့် သစ်ပင်များ၊ အသက်ရှူသံများကိုပင် သူမက ကြားရ၏။ လှုပ်ရှားရန် ပြင်ဆင်နေပြီး ငြိမ်သက်စွာ စောင့်နေသည့် သားရဲများကိုလည်း သူမက အာရုံခံမိ၏။ သူမ၏နှလုံးသားက ပျော်ရွှင်မှုများနှင့် ပြည့်နှက်လာသည်။ သူမက အိမ်ပြန်ရောက်လာသကဲ့သို့ပင် ခံစားရ၏။

“သွားကြစို့။” သူမက အမိန့်ပေးလိုက်သည်။

စစ်သည်ပေါင်း သုံးထောင်တို့က တောအုပ်ကို ဖြတ်သန်းပြီး စတင်ကာ ခရီးနှင်၏။ နိဗ္ဗာနတပ်သား တစ်ဦးစီက အလေးချိန် ပေါင် ၄၀၀ ခန့် ရှိသည့် မြားတံ ၅၀၀ နှင့် ရိက္ခာခြောက်၊ ဆေးဝါး၊ အရာပေါင်းများစွာကို သယ်ဆောင်ထားခဲ့ကြ၏။ သို့သော်လည်း လူတိုင်းက လေထဲတွင်ပျံသန်းနေသကဲ့သို့ပင် ပေါ့ပေါ့ပါးပါးနှင့် လျှောက်လှမ်းနေ၏။

နန်အိုတိုင်းပြည်၏ တောအုပ်က ထူထပ်ပြီး မြေမျက်နှာသွင်ပြင်ကလည်း တကယ့်ကို ရှုပ်ထွေးပြီး လိမ်ကောက်၏။ သို့သော်ငြား ဘာမှမဟုတ်ချေ။ အကယ်၍ တခြားသောတပ်သားများသာ ဆိုပါက ဤတောအုပ်ထဲသို့ ဝင်ရောက်သည်နှင့် ပျက်စီးလုနီးပါး ဖြစ်ပေလိမ့်မည်။ သူတို့ ပြန်ထွက်နိုင်မည် မဟုတ်သလို၊ ရှေ့သို့ဆက်ကာ တိုးနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်ငြား ဒုတိယနိဗ္ဗာနတပ်တော်၏ ချီတက်မှုလေ့ကျင့်ခန်းများက ယခုထက် ပိုမိုကာ ရှုပ်ထွေး ကြမ်းတမ်း၏။ ယခုတောအုပ်ထဲ၌ အန္တရာယ်အရှိဆုံးသောအရာက အဆိပ်ပြင်းပိုးမွှားများနှင့် သားရဲတိရစ္ဆာန် အကောင်များ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာများက တောအုပ်၏သခင်များ ဖြစ်သောကြောင့်ပင်။

သဲကန္တာရလူရိုင်းစစ်သည်များကသာ ထိုအရာများကို မည်သို့ ရှောင်ရှားရမည်ဖြစ်ကြောင်း သိကြ၏။ ထို့အပြင် ရေတွက်၍မရနိုင်သည့် အဆိပ်အခိုးအငွေ့များလည်း ရှိသေး၏။ အဆိပ်အခိုးအငွေ့ ဆိုသည်က ဘာဖြစ်သနည်း။ ရှေးဟောင်းသစ်တောကြီးများတွင် ပုပ်သိုးနေသည့် တိရစ္ဆာန် အသေကာင်များ ရှိတတ်ပြီး ရာသီဥတုက ပူအိုက်စိုစွတ်ခြင်းများ ရှိသောကြောင့် အချဉ်ပေါက်ကာ အဆိပ်ငွေ့များ ထုတ်လွှတ်ခြင်း ဖြစ်၏။ သို့သော်ငြား မူလန်က ထိုအနံ့ဆိုးများကို အဝေးမှာပင် ရ၏။ သူ၏ တပ်သားများကို ဦးဆောင်ကာ ရှောင်ကွင်း သွားခဲ့၏။

ပိုမို၍ အံ့အားသင့်စရာကောင်းသည်က လုံးဝ ကာကွယ်ရန်မဖြစ်နိုင်သော အဆိပ်ပြင်း ပိုးမွှားများနှင့် သားရဲများပင်။ သဲကန္တာရလူရိုင်းများက ထိုအရာများကို မောင်းထုတ်ရန် ဆေးဘက်ဝင် အနံ့မျိုးစုံကိုသာ အားကိုးရ၏။ တစ်ခါတစ်ရံတွင် သဲကန္တာရလူရိုင်းများပင်လျှင် အဆိပ်ပြင်း ပိုးမွှားများနှင့် သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိတတ်သည်။

သို့သော်ငြား ထိုအဆိပ်ပြင်း ပိုးမွှားများနှင့် သားရဲများက ဒုတိယနိဗ္ဗာနတပ်တော်နှင့် တွေ့ပြီးနောက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် ပြင်ဆင်ခဲ့၏။ သို့သော် မူလန်၏ အရှိန်အဝါကို အာရုံခံမိချိန်မှာတော့ သူတို့က ပုန်းအောင်းပြီး အနောက်သို့ ဆုတ်ခွာသွားရန်သာ ရွေးချယ်လိုက်ကြတော့၏။ သူမက ဤတောအုပ်၏ သခင်မ တစ်ယောက်ကဲ့သို့ပင်။ သူမက အစာကွင်းဆက် ထိပ်ဆုံးတွင် ရှိနေ၏။ ‘ဖယ် ဖယ်.. နတ်သမီးလေး မူလန်က မင်းတို့ကို စားမှာ မဟုတ်ဘူး။’

အပိုင်း (၆၇၂)

တောအုပ်ထဲတွင် ချီတက်ခြင်းက ထင်မှတ်ထားသည်ထက် ပိုမိုကာ ချောမွေ့၏။ အတားအဆီး မရှိသလောက် ဖြစ်ပြီး သူတို့၏အမြန်နှုန်းကလည်း လျှပ်စီးလက်သကဲ့သို့ လျင်မြန်၏။ တစ်နာရီလျှင် ကိုးမိုင်နှုန်းအထိ ခရီးရောက်နိုင်ခဲ့၏။

လမ်းတလျှောက်တွင် သဲကန္တာရ လူရိုင်းစစ်သည် ဒါဇင်ပေါင်းများစွာနှင့် တွေ့ဆုံခဲ့၏။ သို့သော်ငြား သူတို့ ပြန်လည် သတင်းမပို့နိုင်ခင်မှာဘဲ မူလန်က သူတို့၏လည်ပင်းများကို မြားနှင့် ပစ်ခတ်ခဲ့၏။ မူလန်က သူတို့ကို အဝေးမှပင် အာရုံခံနိုင်ပြီး မီတာ ၂၀၀၊ ၃၀၀ အကွာမှ ပစ်ခတ်ကာ ချက်ချင်း အဆုံးစီရင်ခဲ့သည်။

ဤကဲ့သို့သော အာရုံခံနိုင်စွမ်းက တကယ့်ကို သဘာဝလွန်စွမ်းရည်ပင်။ သူမ ကမ်းပေါ်သို့ တက်ခဲ့သည့် နေရာက မြို့တော်နှင့် မိုင်လေးရာခန့် ကွာဝေး၏။ နိဗ္ဗာနစစ်သည် သုံးထောင်က အိပ်စက်ခြင်း ၊ အနားယူခြင်း မရှိသလို နှစ်ညနှင့် နှစ်ညတိုင်တိုင် မိုင်လေးရာခရီးကို ခရီးနှင်လျက် ရှိနေ၏။ ယခုအချိန်မှာတော့ သူတို့က နန်အိုမြို့တော်နှင့် မိုင်လေးဆယ်သာ ကွာဝေးတော့၏။

မူလန်က နိဗ္ဗာနစစ်သည် သုံးထောင်ကို ဦးဆောင်ပြီး ရှေးဟောင်းသစ်တောထဲတွင် စခန်းချ၏။ သူမက ပွင့်ပွင့်လင်းလင်း စခန်းချခြင်းမပြုသလို မီးလည်းမမွှေးချေ။ ဖြတ်သန်းသွားလာသည့် သဲကန္တာရ လူရိုင်းစစ်သည် အားလုံးက အသတ်ခံရ၏။ မည်သည့်ဆူညံသံမှ မထွက်ပေါ်ချေ။

သို့သော်ငြား မူလန်က လူပြတ်သောနေရာသို့ လျှောက်သွားပြီး သူမ၏ ခန္ဓာကိုယ်၊ အထူးသဖြင့် အလှအပဆုံး အစိတ်အပိုင်းများကို အာရုံခံကြည့်၏။ မည်သည့်အနံ့မှမရှိ၊ မွှေးကြိုင်လို့ နေသည်။ ထိုနေရာတွင် သူမ၏ ခင်ပွန်းသာ ရှိနေပါက ဘာကိုမှ ဂရုမစိုက်ဘဲ သူမကို နမ်းရှိုက်ပေလိမ့်မည်။

လူဆိုသည်က ခန္ဓာကိုယ်၏ ကမ္မဇီဝဖြစ်စဉ်ကြောင့် ချွေးနှင့်အတူ အနံ့ဆိုးများ စွန့်ထုတ်လေ့ ရှိသည်။ ၂ ရက် ၃ ရက်ခန့် ရေမချိုးဘဲ နေပါက အနံ့ထွက်လာတတ်၏။ အထူးသဖြင့် စိုစွတ်ပြီး လေလုံသည့် နေရာမျိုးတွင် ပိုဆိုး၏။

ထို့ကြောင့် ရှစ်ချင်းချင်း၏ငါးပုတ်နံ့က သူမဘဝ၏ အမဲစက် ဖြစ်လာခဲ့ခြင်းပင်။ ရှမ့်လန်က သူမကို ပြင်းပြင်းထန်ထန်ပင် စကားလုံးများဖြင့် ထိုးနှက်ခဲ့သည် ဖြစ်သောကြောင့် ယခုဆိုလျှင် သူမ တနေ့လျှင် ၃ ကြိမ်လောက် မဖြစ်မနေရေချိုးသည်။

သွေးမျိုးဆက် ပြောင်းလဲခဲ့ပြီးနောက် မူလန်က ဇီဝကမ္မ ဖြစ်စဉ်တွေ ပြောင်းလဲခဲ့ပုံပုံရ၏။ ၂ ရက်၊ ၃ ရက် ရေမချိုးဘဲနေလျှင်တောင်မှ သူမ၏ခန္ဓာကိုယ်က ကျောက်စိမ်းကဲ့သို့ မွှေးကြိုင်ချောမွေ့နေဆဲပင်။ ခံ့ညားထည်ဝါလွန်းသည့် သံချပ်ကာများကို ပြန်လည်ဝတ်ဆင်ပြီးနောက် မူလန်က တပ်ဖွဲ့ထဲသို့ ပြန်လာ၏။ နိဗ္ဗာန စစ်သည် ၃၀၀၀ တို့က ၂ နာရီခန့် အနားယူပြီး မိုးလင်းသည်နှင့် နန်အိုမြို့တော်ဆီသို့ အစွမ်းကုန် ချီတက်ကြတော့၏။

..................

ကျင်းမင်းသား ထွက်ခွာသွားပြီးနောက် နန်အိုမြို့တော်၏ အဓိကခေါင်းဆောင်က သူ၏မိန်းမ ရှားမန် ဖြစ်လာ၏။ သူမက ကျင်းမင်းသားနှင့် အတူရှိစဉ်က နတ်ဆိုးမလေး တစ်ကောင်ကဲ့သို့ပင်။ သို့သော်လည်း သူမက ကျင်းမင်းသားအနားမှ ခွာလိုက်သည်နှင့် တပြိုင်နက် အေးစက်ခက်ထန်လွန်းသည့် အမျိုးသမီး ခေါင်းဆောင်တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

သဲကန္တာရ လူရိုင်းမျိုးနွယ် တစ်ခုလုံးက သူမအား ကျင်းမင်းသားထက် ပိုမိုကာ ကြောက်ရွံ့၏။ အဘယ်ကြောင့် ဆိုသော် ကျင်းမင်းသားက စိတ်ဓာတ်မြင့်မြတ်သူ ဖြစ်သောကြောင့် သူတို့၏ စကားရိုင်းရိုင်းများကို ဂရုစိုက်လေ့ မရှိချေ။ သို့သော်ငြား သူတို့၏ ဘုရင်မရှားမန်သာ ကြားသွားပါက သူတို့ပြီးပြီ ဖြစ်၏။ သူမက မီးရှို့ပစ်နိုင်၏။ သဲကန္တာရလူရိုင်းမျိုးနွယ်ထဲမှ လူ ၁၀၀၀ ကျော်လောက်ကို သူမက မီးရှို့သတ်ခဲ့ဖူး၏။ လူ ၁၀၀၀ ကျော်ကို မြွေတွင်းထဲသို့ပင် ပစ်ချခဲ့ဖူး၏။

မင်းသားကျင်း သဲကန္တာရလူရိုင်းမျိုးနွယ် တစ်ခုလုံးကို စည်းရုံးခဲ့စဉ်က ချောမွေ့လွယ်ကူခဲ့ခြင်း မရှိခဲ့ချေ။ မည်မျှများပြားသည့် တိုက်ခိုက်များနှင့် ကြုံတွေ့ရကြောင်းကို ဘုရားသခင်သာ သိပေလိမ့်မည်။ ထိုအတိုက်အခံ အားလုံးနီးပါးက သေဆုံးသွားခဲ့ကြပြီး မြွေများ၏ဝမ်းထဲတွင် မြှုပ်နှံခြင်းကို ခံခဲ့ရ၏။ ထိုအရာအားလုံး က ဘုရင်မ ရှားမန်၏ လက်ချက်ပင်ဖြစ်သည်။

“အစ်မ... သူ အစ်မပေါ် ကောင်းရဲ့လား။” မင်းသမီးနင်လော့ က မေး၏။

“ကောင်းပါတယ်။”

မင်းသမီးနင်လော့ က ဆက်လက်ကာ ပြောလိုက်သည်။ “သူ အရင်တုန်းက ကျွန်မပေါ် အရမ်းကောင်းခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မက အပျော်ဆုံး မိန်းကလေး တစ်ယောက်လို့ ထင်ခဲ့မိတယ်။ တစ်နေ့မှာတော့ ကျွန်မက အကြောင်းရင်းမရှိဘဲ အဆိပ်မိခဲ့တယ်။ သူက ခဲသတ္တုတွေနဲ့ ကျွန်မကို အဆိပ်ခတ်ခဲ့တယ်။ သူက ကျွန်မကို လုပ်ကြံခဲ့တယ်။”

“ဟုတ်ပါတယ်။”

မင်းသမီးနင်လော့က ဆက်လက်ကာ ပြောလိုက်၏။ “အစ်မ... မင်းသားကျင်းက အခုအစ်မအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံနေတာပဲ။ ကျွန်မကို ယုံပါ။ တနေ့မှာ သူ ကျွန်မကို လုပ်ခဲ့သလိုပဲ အစ်မကို လုပ်လိမ့်မယ်။ အစ်မက အခုချိန်ထိ အသုံးဝင်နေသေးလို့ပဲ။ ဒါပေမဲ့ မကြာခင်မှာ အစ်မက သူ့အတွက် အတားအဆီးတစ်ခု ဖြစ်လာလိမ့်မယ်။ သဲကန္တာရလူရိုင်းမျိုးနွယ်တွေနဲ့ သူ့ရဲ့ကြား မျှခြေဖြစ်အောင် သူက စုနန်နဲ့ နန်းကုန်းအိုတို့ကို အကြီးအကဲ ရာထူးနေရာတွေမှာ ထားခဲ့တာ အစ်မ မြင်လား။”

“ဟုတ်ပါတယ်”

ဘုရင်မ ရှားမန်က ပြောလိုက်သည်။ “လက်ဖက်ရည် သောက်ပါအုံး”

နင်လော့ က လက်ဖက်ရည်ကို ယူပြီး ခဏမျှ တွေဝေသွားခဲ့၏။ ရှားမန်က လက်ဖက်ရည်ကို တစ်ဝက်ခန့် သောက်ပြလိုက်သည်။ သူမ၏မျက်လုံးများတွင် သရော်လှောင်ပြောင်သည့်အရိပ်များ ပေါ်လာခဲ့၏။ ‘ရွှဲ့ပြည်နယ်ရဲ့ လူတွေက တကယ်ကို စဉ်းလဲပြီး သံသယ ကြီးလွန်းကြတာပဲ’

နင်လော့က သူမ၏ရှေ့မှ လှပသည့်မျက်နှာကို ကြည့်ရင်း အနည်းငယ်မနာလိုစိတ် ဝင်မိ၏။ ဤမိန်းကလေးက သူမထက် ငယ်ရွယ်ပြီး သူမထက် ပိုမိုကာ လှပ၏။ လက်ဖက်ရည် သောက်ပြီးနောက် မင်းသမီးနင်လော့ က ပြော၏။ “အစ်မ.. ကျွန်မ ဒီစကားကို ပြောရတာ တခြားရည်ရွယ်ချက် မရှိပါဘူး။ အစ်မကို သတိရှိစေချင်လို့ပါ။ ပျော်ရွှင်မှုကို ခံစားနေရတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လည်း သတိထားသင့်.. အား အား..”

ပြီးနောက် မင်းသမီးနင်လော့က အော်ဟစ်ရင်းမှ နာကျင်မှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွား၏။ သူမ၏ နူးညံ့သိမ်မွေ့သည့် ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် လူးလိမ့်နေ၏။ ပြီးနောက် သူမ၏မျက်နှာ အရေပြားပေါ်တွင် မြွေဆိုးပေါင်းများစွာ သွားလာနေသကဲ့သို့ပင် ရှုံ့တွသွားလာသည်။

မူလက လှပနုနယ်သည့် သူမ၏မျက်နှာက ထိတ်လန့်ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေမျိုးသို့ ပြောင်းလဲသွားခဲ့၏။ ပုံပျက်ပန်းပျက်ပင်။ ဤကဲ့သို့သောနာကျင်မှုမျိုးက ငရဲဘုံသို့ ရောက်ရှိနေသကဲ့သို့ပင် ခံစားရပြီး မခံမရပ်နိုင်အောင် ဆိုးရွားလှ၏။

ဘုရင်မ ရှားမန်က မှန်တစ်ချပ်ကို ယူ၏။ ပြီးနောက် မင်းသမီးနင်လော့၏ ရှေ့တွင် ထားလိုက်သည်။ “ပထမ တစ်ချက် ငါ့ယောက်ျားအကြောင်း အတင်းမပြောရဘူး။ ငါက သူ့ကို အရမ်းချစ်တယ်။ သူ ငါ့ကို သေစေချင်တယ် ဆိုရင် သူ ဒီအတိုင်း ပြောလိုက်ရုံပဲ။ ငါ သေပေးလိုက်မှာ။ ကောက်ကျစ်စဉ်းလဲပြီး ဒုက္ခပေးနေစရာ မလိုဘူး။

ဒုတိယအချက် ငါ့ယောက်ျားကို သွေးဆောင်ဖျားယောင်းဖို့ မကြိုးစားနဲ့။ သူ မသွားခင်တုန်းက ငါ့ရဲ့ယောက်ျားက မင်းနဲ့ အိပ်ချင်တဲ့ ဆန္ဒရှိခဲ့တယ်လို့ ပြောတယ်။ အဲဒါကို လုံးဝ ခွင့်မပြုနိုင်ဘူး။ ဒီမှာ .. ရှင် ဒီလောက် ရုပ်ဆိုးအကျည်းတန်သွား*င် သူ အဲလို စိတ်ဆန္ဒတွေ ရှိတော့မှာ မဟုတ်ဘူး။”

မင်းသမီးနင်လော့က မှန်ထက်တွင် သူမ၏ အရုပ်ဆိုး အကျည်းတန်လွန်းသည့် မျက်နှာကို မြင်ရချိန်မှာတော့ ချက်ချင်းပင် အော်ဟစ်ငိုယိုနေမိ၏။

......................

မင်းသားကျင်း စစ်သည်ပေါင်း ရှစ်ထောင်ကို ခေါ်ဆောင်သွားခဲ့ပြီးနောက် နန်အိုမြို့တော်တွင် သဲကန္တာရ စစ်သည်သုံးထောင်အောက်သာ ကျန်တော့၏။ သူတို့အားလုံးက ဘုရင်မ၏ လက်အောက်ခံများ ဖြစ်၏။ ထုံးစံအတိုင်း တာ့နန်ဘုရင်မ ရှားမန်က မြို့ရိုးထိပ်သို့ တက်ရောက်ပြီး သစ်တောကို အပေါ်စီးမှ ငုံ့ကြည့်၏။ သူမက မြို့ကို တကယ်တမ်း မကြိုက်ပေ။ သူမက သစ်တောကိုသာလျှင် ကြိုက်၏။ ထိုနေရာတွင် သူမက လွတ်လပ်စွာ ပြေးလွှားနိုင်ပြီး လွတ်လပ်စွာ အသက်ရှူနိုင်သောကြောင့်ပင်။

ထို့အတူ အိမ်တော်အတွင်းရှိ ဘုရင်အစောင့်တပ်တပ်ဖွဲ့ဝင်များနှင့် နေထိုင်ရသည်ကိုလည်း သူမက မကြိုက်ပေ။ သူမက သစ်တောထဲ သို့မဟုတ် သစ်ပင်တွေပေါ်မှာသာ နေချင်၏။ သူမက အာဏာကို မနှစ်သက်ဘဲ မည်သည့် ရည်မှန်းချက်မှလည်း မရှိပေ။ သို့သော်ငြား သူမ၏ ယောက်ျားတွင် ကြီးမားသည့် ရည်မှန်းချက်များ ရှိနေ၏။ ထို့ကြောင့် သူမက သူမ၏ လွတ်လပ်မှုအားလုံးကို စွန့်လွှတ်ရပေတော့မည်။

ရုတ်တရက် သူမက အန္တရာယ်ကို အာရုံခံမိ၏။ ပြီးနောက် တောအုပ်ထဲမှ လူတစ်စု ပြေးထွက်လာ၏။ သူတို့က အလွန်လျင်မြန်၏။

“ရန်သူ တိုက်ခိုက်ပြီ။ ရန်သူ တိုက်ခိုက်ပြီ။”

ဘုရင်မ ရှားမန်က အော်ဟစ်လိုက်သည်။ “တိုက်ပွဲအတွက် ပြင်ဆင်ကြ။”

ပြီးနောက် နန်အိုမြို့တော်တွင် စည်သံများ ထွက်ပေါ်လာခဲ့၏။ သူမ၏ လက်အောက်ခံ သဲကန္တာရ လူရိုင်းစစ်သည် သုံးထောင်တို့က လျင်မြန်စွာ ပြေးထွက်လာ၏။ နန်အိုနိုင်ငံမှ အစေခံစစ်သည် လေးထောင်ကမူ အလွန် နှေးကွေးကြ၏။

ဤကြီးမားသည့် မြို့တော်က တာ့နန်၏ ယာယီမြို့တော်ဖြစ်ပြီး၊ စစ်သည်ခုနစ်ထောင်သာ ကာကွယ် စောင့်ရှောက်ရန် ကျန်ရှိ၏။ ဤစစ်သည် ခုနစ်ထောင်တို့က လျင်မြန်စွာဖြင့် ကာကွယ်ရေး တည်နေရာများ ဆီသို့ ရောက်ရှိလာကြ၏။ သို့သော်ငြား သူတို့က တကယ်ကို သတိအပြည့်နှင့် တည်ရှိကြသည်။

ဘုရင်မရှားမန်က ခဏမျှ စောင့်ကြည့်၏။ ရန်သူဦးရေက နည်းပါးကြောင်း တွေ့လိုက်ရ၏။ “လူနည်းနည်းလေး ပဲလား။ ၂ ထောင်လား၊ ၃ ထောင်လား။”

ရူးသွပ်နေကြသည်လား။ ဤမျှ နည်းပါးသည့် စစ်သည်အရေအတွက်နှင့် နန်အိုမြို့တော်ကို လာရောက် တိုက်ခိုက်နေသည်လား။ ရွှဲ့ပြည်နယ်စစ်တပ်ကြီးတောင် သူတို့ကို မတိုက်ခိုက်ရဲကြချေ။

ဘုရင်မရှားမန်က ပြောသည်။ “အင်း ယောက်ျား.. ဒီစစ်တပ်ကို ရှင် ကိုင်တွယ်စရာ မလိုဘူး။ ရှင့်ရဲ့ တွက်ချက်မှုတွေ မှားယွင်းတဲ့အချိန်လည်း ရှိပုံပေါ်တယ်။ အသင့်ပြင်ကြ။”

ဘုရင်မ ရှားမန်က လက်ကို မြောက်၏။

မူလန်က ဒုတိယမြောက် နိဗ္ဗာန စစ်သည် သုံးထောင်ကို ဦးဆောင်ကာ နီးကပ်လာခဲ့၏။ သူတို့က မြို့ရိုးမှ မီတာ ၂၀၀၀၊ ၁၀၀၀၊ ၅၀၀၊ ၃၀၀၊ ၂၀၀ အကွာအဝေးဆီသို့ တဖြည်းဖြည်း ရောက်ရှိလာသည်။

“ရပ်”

ရုတ်တရက် နိဗ္ဗာန တပ်တော်မှ စစ်သည် သုံးထောင်တို့က သူတို့၏ စစ်ချီတက်မှုကို ရပ်တန့်ပြီး တန်းစီလိုက်ကြ၏။ သူတို့၏ လှုပ်ရှားမှုများက တကယ်ပင် စည်းစနစ်တကျ ရှိ၏။

“မြားတောင်းတွေ ချကြ” စစ်သည်ပေါင်း သုံးထောင်တို့က သူတို့၏ မြားအိမ်များကို ရှေ့တွင် သပ်ရပ်စွာ ချ၏။ သူတို့၏ ရှေ့တွင် မြားအိမ် ၉ ခု ရှိ၏။ နောက်ကျောတွင် တစ်ခု ရှိ၏။ မြားအိမ်တစ်ခုစီတွင် မြား ၅၀ ပါရှိသည်။

သူတို့က လေးကြိုးကို အသာဆွဲကာ စမ်းသပ်ကြည့်၏။ ပြဿနာ မရှိချေ။

“ပစ်ခတ်ရန် အသင့်ပြင်”

ဒုတိယနိဗ္ဗာနတပ်တော်မှ စစ်သည် သုံးထောင်တို့က မြို့ရိုးပေါ်ရှိ ရန်သူများကို ပစ်မှတ်ထား၏။ မူလန်က မြို့ရိုးပေါ်ရှိ အမျိုးသမီးကို ကြည့်လိုက်၏။ သူမက မင်းသားကျင်း၏ မိန်းမများလား။ သူမက အဘယ်ကြောင့် ဤမျှ လှနေရသနည်း။ သူမ၏ ယောက်ျားနှာဘူးကောင် မြင်သွားမှာ စိုးရ၏။ မဟုတ်လျှင် ထပ်ပြီး ဖောက်ပြန်နေဦးမည်။

ရှားမန်က မူလန်ကို မြင်သည့်အချိန်မှာတော့ အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။ “မိန်းမတစ်ယောက်က ဘယ်လိုလုပ် ရောက်လာတာလဲ။ ဒီမိန်းမက ဘယ်သူလဲ။ ဟိုနှာဘူးကောင် ရှမ့်လန်ရဲ့ မိန်းမ ကျင်းမူလန်လား။ ဘာလို့ ဒီလောက်လှရတာလဲ။ ကိုယ်လုံးကိုယ်ပေါက်က ဘာလို့ ဒီလောက်လှရတာလဲ။ ဘာလို့ နှာဘူးကောင်တွေရဲ့ မိန်းမတွေက အားလုံး လှပနေရတာလဲ။

ဒါပေမဲ့ ဒီမိန်းမက ရူးနေတာလား။ စစ်သည်ပေါင်းသုံးထောင်လောက်နဲ့ နန်အိုမြို့ကို လာပြီး တိုက်ခိုက် ရဲတယ်ပေါ့။ ပြီးတော့ ဒီစစ်တပ်က တကယ်ကို အံ့အားသင့်စရာ ကောင်းတဲ့ပုံပဲ။”

နန်အိုတစ်နေရာလုံးတွင် သစ်တောများ၊ အဆိပ်ရှိသည့် ပိုးမွှားများ၊ ရက်စက်သည့် သားရဲများနှင့် ပြည့်နှက်နေ၏။ သဲကန္တာရလူရိုင်းစစ်သည်များမှလွဲ၍ မည်သူမှ ဖြတ်သန်းနိုင်ခြင်း မရှိကြချေ။ သို့ပေမည့် ကျင်းမူလန်၏ စစ်တပ်ကတော့ လုပ်နိုင်ခဲ့၏။

ပြီးနောက် သူမက မူလန်၏ နောက်ကွယ်ရှိ စစ်တပ်က လေးများကို ဆွဲကာ ပစ်ခတ်ရန် ပြင်ဆင်နေသည်ကို မြင်ရသည်။ ထိုနေရာကနေ မြားများကို ပစ်မည်ပေါ့။ အောက်ကနေ လှမ်းကာ ပစ်မည်ပေါ့။

သို့ပေမည့် ဘုရင်မ ရှားမန်က ပေါ့ဆရဲခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူမက နန်းကုန်းအို၏ လျှို့ဝှက်စာကို ဖတ်ရှုပြီး ဖြစ်၏။ ကျင်းမူလန်၏လက်အောက်ရှိ လေးသည်တော်များက အထူးတလည် အစွမ်းထက်လွန်းကြောင်း သိထားသောကြောင့်ပင်။ သူတို့က ခြေလှမ်း ၃၀၀ အကွာအဝေးမှ ပစ်ခတ်နိုင်စွမ်း ရှိ၏။

“ဒိုင်းကာတွေ မြောက်ကြ” အမိန့်နှင့် အတူပဲ မြို့ရိုးပေါ်ရှိ အစောင့်တပ်သားများက သူတို့၏ ဒိုင်းကာများကို မြောက်လိုက်သည်။

“ပစ်ကြ” အမိန့်ပေးလိုက်၏။

ဒုတိယနိဗ္ဗာနတပ်တော် သုံးထောင်တို့မှ ပထမဦးဆုံး မြားလှိုင်းများ ထွက်ပေါ်လာခဲ့၏။ မြားပေါင်း သုံးထောင်တို့က မီတာ ၂၀၀ ခြားလျက် လေထဲတွင် ကွေးညွတ်ကာဖြင့် မြို့ရိုးထိပ်ဆီသို့ ပြင်းထန်စွာ ကျဆင်းသည်။

“ဘုတ် ... ဘုတ်”

သွေးများ ပန်းထွက်ကုန်ကြ၏။ သဲကန္တာရ လူရိုင်းစစ်သည်ဒါဇင်ပေါင်းများစွာတို့ ပြုတ်ကျ သေဆုံး၏။ ကျန်ရှိသည့် မြားအများစုက ပစ်မှတ် လွဲချော်သွားသည် သို့မဟုတ် ဒိုင်းကာများနှင့် တားဆီးခြင်း ခံရ၏။ သဲကန္တာရလူရိုင်းစစ်သည်များ၏ ဒိုင်းကာများက ကြိမ်များဖြင့်ပြုလုပ်ထားသော်လည်း သစ်သားဒိုင်းကာ များထက် မလျော့သော ခိုင်မာမှုမျိုး ရှိ၏။ မီတာ ၂၀၀ အကွာအဝေးမှ ထိုးဖောက်၍ မဖြစ်နိုင်ချေ။

သွေးမျိုးဆက် ပြောင်းလဲပြီးနောက် မူလန်၏ အမြင်အာရုံကလည်း များစွာ တိုးတက်လာခဲ့၏။ ဝေးကွာလျက် ရှိနေသည် ဆိုလျှင်တောင် သူမက ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ ရုတ်တရက် သူမက မျက်မှောင်ကို ကြုတ်လိုက်၏။ သူမက ဤရလဒ်ကို မကြိုက်ပေ။

“ပထမအဖွဲ့... ခြေလှမ်းငါးဆယ် ရှေ့တိုး”

လူတစ်ထောင်က စနစ်တကျဖြင့် အရှေ့သို့ ချီတက်၏။ နောက်ကွယ်ရှိ လူနှစ်ထောင်တို့က မြားအိမ်များကို ကောက်ယူပြီး ခြေလှမ်းငါးဆယ် လိုက်ပါ၏။ ဤအချိန်မှာတော့ သူတို့က မြို့ရိုးမှ မီတာ ၁၆၀ ခန့်သာ ဝေးတော့၏။ သူတို့က သဲကန္တာရ လူရိုင်းစစ်သည်များ၏ ပစ်ခတ်နိုင်သည့် အကွာအဝေးသို့ ဝင်ရောက်ခဲ့ပြီ ဖြစ်၏။

“အသင့်ပြင်၊ ပစ်ကြတော့။” သဲကန္တာရ လူရိုင်းစစ်သည် ထောင်ပေါင်းများစွာတို့က လေးများကို တင်၏။ မြားထောင်ပေါင်းများစွာတို့က ဒုတိယ နိဗ္ဗာန တပ်တော်ဆီသို့ ဦးတည်သွား၏။ ပစ်ခတ်မှုက တကယ်ပင် တိကျ၏။ မြားများ၏ထက်ဝက်က စစ်ကြောင်းဖွဲ့စည်းမှုထဲသို့ ကျရောက်၏။ ၅ ပုံ ၂ပုံခန့်က ပစ်မှတ်ကို ထိမှန်ခြင်းပင်။

သို့သော်ငြား သဲကန္တာရလူရိုင်းစစ်သည်များ၏ လေးများက အခြေခံအားဖြင့် ခဲလေးများဖြစ်၏။ မီတာ ၁၆၀ အကွာအဝေးတွင် သေစေနိုင်စွမ်း တကယ်ကို နိမ့်ကျ၏။ ဒုတိယ နိဗ္ဗာနတပ်တော်က ကိုယ်လုံးပြည့် သံချပ်ကာများကို ဝတ်ဆင်ထားခဲ့သောကြောင့် မည်သို့မှ ထိခိုက်ခြင်း မရှိကြချေ။ သတ္တုမြည်သံ တဒန်ဒန်သာ ထွက်ပေါ်၏။ တချို့ မီးပွားများ ထွက်ပေါ်သည်။

“ပစ်”

မူလန်၏ အမိန့်အရ ဒုတိယနိဗ္ဗာနတပ်တော်က ထပ်မံ ပစ်ခတ်၏။ ဤအချိန်မှာတော့ လူဒါဇင်ပေါင်းများစွာ လဲကျသွားခဲ့ပြီး ထိခိုက်သေဆုံးမှုက ပထမ မြားလှိုင်းထက် ၃၀ ရာခိုင်နှုန်း ပိုမို များပြား၏။

ဘုရင်မရှားမန်က တုန်လှုပ်သွား၏။ ရှမ့်လန်၏ လေးသည်တော်စစ်တပ်က တကယ်ပင် အစွမ်းထက် လွန်း၏။ ဤမျှဝေးကွာသည့် အကွာအဝေးတွင်တောင် မြို့ရိုးပေါ်မှလူများကို အောက်မှလှမ်းကာ ထိမှန်အောင် ပစ်နိုင်သည်။

သို့သော်ငြား မူလန်က ကျေနပ်ခြင်း မရှိသေးချေ။

“ခြေလှမ်း ၅၀ ထပ်တိုး”

သူမက မျှခြေမှတ်ကို ရှာဖွေနေခြင်း ဖြစ်၏။ ဤအကွာအဝေး၌ ဒုတိယ နိဗ္ဗာနတပ်တော်က ရန်သူကို အများဆုံး ထိခိုက်စေနိုင်သော်လည်း သူတို့၏သံချပ်ကာများကို အားကိုး၍ သဲကန္တာရ လူရိုင်းစစ်သည်များ၏ မြားများကိုလည်း တားဆီးရပေလိမ့်မည်။

နိဗ္ဗာနတပ်တော်မှ စစ်သည် ၃၀၀၀ တို့က နောက်ထပ် ခြေလှမ်း ၅၀ တိုး၏။ သူတို့က နန်အိုမြို့တော်မှ မီတာ ၁၂၀ ခန့်သာ ဝေးတော့၏။

“ပစ် ပစ်” မြို့ရိုးပေါ်ရှိ လူများက မြားဖြင့်လှမ်းကာ ပစ်လွှတ်သည်။

“နေရာဖြန့်ထား” မူလန်၏အမိန့်အတိုင်း နိဗ္ဗာန စစ်သည် ၃၀၀၀ တို့က နေရာဖြန့်လိုက်ကြ၏။ သူတို့က ယပ်တောင်ပုံစံ ဖွဲ့စည်းလိုက်၏။

All Chapters