အခန်း (၆၇၃-၆၇၄)
Vol. 43 Ch. 673-674
အပိုင်း (၆၇၃)
“အဓိက တပ်တွေ ပြင်ဆင်ကြ” ဘုရင်မ ရှားမန်က အမိန့်ပေးသည်။
နန်အိုနိုင်ငံ၏မြို့တော်တွင် ဒူးလေးဒါဇင်ပေါင်းများစွာ ရှိသော်လည်း ပြီးခဲ့သည့်စစ်ပွဲတွင် အားလုံး ဖျက်ဆီးခံရ၏။ သယ်ဆောင်ရလွယ်သည့် ဒူးလေးအနည်းငယ်သာ ကျန်ရှိ၏။ ထိုဒူးလေးများက မီတာ ၁၀၀ ခန့်သာ ပစ်ခတ်နိုင်ပြီး အရေအတွက် ၈ ခုသာ ကျန်ရှိတော့၏။
“ပစ်တော့”
“ရွှီး ..” ဒူးလေးများနှင့် ပစ်လွှတ်၏။ ထိုမြားဒါဇင်ပေါင်းများစွာတို့က လေထဲဝဲပျံကာဖြင့် ဒုတိယ နိဗ္ဗာနတပ်တော် ဆီသို့ ဦးတည်လာခဲ့၏။ တိကျမှုက အံ့အားသင့်စရာပင်။ သို့သော်ငြား သူတို့၏ စစ်ရေး အရှိန်အဝါက အံမခန်း ဖြစ်၏။ သူတို့က ရန်သူကို စိတ်ပိုင်းဆိုင်ရာအရ ခြိမ်းခြောက်နိုင်ပြီး စိတ်ဓာတ်ကို ပျက်စီးစေချင်ခြင်းပင်။
သို့သော်ငြား နိဗ္ဗာနတပ်တော် ၃၀၀၀ တို့က လှုပ်ရှားခြင်း မရှိကြချေ။ ပျံသန်းလာသည့် မြားများကို ကြည့်ပင် မကြည့်ကြချေ။
“ဒုန်း ဒုန်း” မြားတစ်ခုက ခြေဖဝါးအောက်သို့ ကျရောက်လာခဲ့၏။ နိဗ္ဗာနစစ်သည်၏ နှလုံးသားက အနည်းငယ် တုန်လှုပ်သွားသော်လည်း သူ၏ ခန္ဓာကိုယ်က တုန်လှုပ်ခြင်း မရှိချေ။ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်၏။ ပြီးနောက် သူက ပစ်မှတ်ကို ဆက်လက် ချိန်ရွယ်ကာ ပစ်ခတ်၏။
မီတာ ၁၂၀ အကွာအဝေးက ဒုတိယ နိဗ္ဗာနတပ်တော်အတွက် ပြီးပြည့်စုံလုနီးပါးပင်။ ဒုတိယ နိဗ္ဗာနတပ်တော်မှ စစ်သည်များက ယပ်တောင်ပုံစံ ဖွဲ့စည်းကာ မြားများကို ပစ်ခတ်၏။ မြားလှိုင်းများက တစ်လှိုင်းပြီးတစ်လှိုင်း မြို့ရိုးထိပ်ပေါ်သို့ ကျရောက်သည်။
နှစ်ပိသာကျောက်လေးများ၏ သေစေနိုင်စွမ်းက ကြီးမားပြီး အံ့အားသင့်ဖွယ် တိကျသည့် စွမ်းရည်ကလည်း ရှိသေး၏။ သဲကန္တာရ လူရိုင်းမျိုးနွယ်နှင့် နန်အိုစစ်တပ်တို့က ဒိုင်းကာများကို ကာထားသော်လည်း ထိခိုက် သေဆုံးမှု အရေအတွက်ကို လျော့ချနိုင်ရုံသာ ရှိ၏။ တစ်ဦးပြီးတစ်ဦး လဲကျနေ၏။ စစ်မြေပြင် တစ်ခုလုံးက ထူးဆန်းသည့် မြင်ကွင်းတစ်ခုထဲသို့ ကျရောက်နေသကဲ့သို့ပင်။
ဒုတိယ နိဗ္ဗာနတပ်တော် စစ်သည်များက ရဲရဲရင့်ရင့်နှင့် တိုက်ခိုက်လျက် ရှိနေ၏။ တစ်ဖက်သတ် သုတ်သင် ရှင်းလင်းခြင်းပင်။ နန်အိုစစ်တပ်မှ စစ်သည်များက မုန်တိုင်းထဲရောက်ရှိနေသည့် ဂျုံပင်များကဲ့သို့ပင်။ တစ်ယောက်ပြီး တစ်ယောက် လဲကျကုန်၏။ ဒုတိယနိဗ္ဗာနတပ်တော်ကတော့ ထိခိုက်သေဆုံးသူ လုံးဝ မရှိသေးချေ။ သွေးများက နေရာအနှံ့သို့ ပျံ့နှံ့နေ၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် သတ်ဖြတ်မှုက အသက်ရှူ မှားလောက်စရာပင်။
ဘုရင်မရှားမန်၏ ရင်ထဲတွင် တုန်လှုပ်သွားခဲ့၏။ သူမက အများဆုံး ၂ နာရီသာ ကြံ့ကြံ့ခံနိုင်ပေလိမ့်မည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက သူမ၏ စစ်တပ်ကြီးတစ်ခုလုံးက မကြာခင် သုတ်သင်ရှင်းလင်းခြင်းကို ခံရမှာ သေချာ၏။
ဘုရင်မရှားမန်အနေဖြင့် ကြီးမားသည့် ထိခိုက်နစ်နာမှုမျိုးကို ရှောင်ရှားလိုသည်ဆိုပါက ဘာလုပ်ရမည်နည်း။ စစ်တန်းလျား နောက်ကွယ်သို့ သွားရောက် ဝင်နေရမည်။ ထိုအရာက ထိခိုက်မှုကို လျှော့ချနိုင်ရုံသာ ဖြစ်ပြီး လုံးဝ ရှောင်ရှားနိုင်မည်တော့ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် မြားက တည့်တည့်သာ ပစ်၍ရသည့် အရာမျိုး မဟုတ်သောကြောင့်ပင်။
မည်သို့ပင်ဆိုစေကာမူ ထိခိုက်နာကျင်မှုကို လုံးဝရှောင်ရှားရန် တစ်ခုတည်းသော နည်းလမ်းက မြို့ရိုး နောက်ကွယ်၌ ပုန်းအောင်းနေခြင်း ဖြစ်၏။
တခြားသောစစ်တပ်များ ဆိုလျှင် ထိုအရာက ဖြစ်နိုင်သော်လည်း သဲကန္တာရလူရိုင်းစစ်သည်များ အတွက်တော့ လုံးဝ မဖြစ်နိုင်ချေ။ “ငါတို့က သေရင်တောင်မှ မတ်တပ်ရပ်ပြီး ပြန်ပစ်မယ်။ ဒီနေရာမှာ ဝပ်နေရတာ ရှက်စရာ ကောင်းတယ်။ နန်းမြို့ရိုးပေါ်ကနေ ဆင်းပြေးပြီး ပုန်းနေဖို့ဆိုရင် ပြောမနေနဲ့တော့။”
ထို့အပြင် အကွာအဝေးက မီတာ ၁၀၀ လောက်သာ ရှိတော့၍ အကယ်၍ မြို့ရိုးပေါ်မှ ဆင်းပြေးရဲလျှင် ဒုတိယ တပ်တော်ကလည်း တက်လာရဲပေလိမ့်မည်။ ဤသည်က သဲကန္တာရလူရိုင်းများ၏ စိတ်ဓာတ် ဖြစ်၏။ သူတို့က ဘယ်တော့မှ အရှုံးမပေးကြချေ။ ဝပ်လျက် အသတ်ရှင်နေရမည်အစား မတ်တပ်ရပ်ရင်း သေဆုံးသွားရမည်ကို ပိုမိုကာ လိုလား၏။
.................
အိမ်ရှေ့စံနင်ယီနှင့် ကျူးကျွင်းတို့က နန်အိုဘုရင်၏နန်းတော်တွင် အိမ်အကျယ်ချုပ်ဖြင့် ရှိနေသည်။ အပြင်ဘက်မှ တိုက်ပွဲသံများကို ကြားချိန်မှာတော့ နင်ယီက အံ့အားသင့်သွားသည်။
“တစ်ယောက်ယောက်က နန်အိုမြို့တော်ကို လာပြီး တိုက်ခိုက်နေတယ်။ ဘယ်သူလဲ။ ငါတို့ကို ကယ်ဖို့ တစ်ယောက်ယောက်များ ရောက်လာတာလား။”
ကျူးကျွင်းက နင်ယီကို လှမ်းကြည့်၏။ သူက ဖမ်းဆီးခံထားရသည် မဟုတ်ဘဲ သံတမန်တစ်ဦး ဖြစ်သောကြောင့် အချိန်မရွေး ထွက်ခွာနိုင်သူ ဖြစ်၏။ သို့သော်ငြား နင်ယီကို ကယ်တင်ရန် သူက ယခုအချိန်ထိ မထွက်ခွာခဲ့ခြင်း ဖြစ်၏။
“ကောင်းကင်ပင်လယ် နန်းဆောင်များလား။ နင်ဟန်လား။” နင်ယီက မေးသည်။
“မဖြစ်နိုင်ပါဘူး” ကျူးကျွင်းက ပြောလိုက်၏။
သူတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ကောင်းကင်ပင်လယ်နန်းဆောင်က ကိုယ်တိုင်ကိုယ်ကျ စစ်ရေးထဲ ပါဝင်လေ့ မရှိကြချေ။ အရှေ့ဘက်လောကတစ်ခုလုံးကို ထိခိုက်စေသည့် ပြဿနာရှိမှသာလျှင် သူတို့၏ သိုင်းပညာရှင်များကို စေလွှတ်လေ့ ရှိသည်။
“ဒါဆိုရင် ဘယ်သူ ဖြစ်မလဲ။” နင်ယီက မေးမြန်းလိုက်၏။
ကျူးကျွင်းက ဆိုလိုက်သည်။ “ရှမ့်လန် ဖြစ်မယ် ထင်တယ်။”
နင်ယီ၏ မျက်နှာထားက ပြောင်းလဲသွား၏။ “ရှမ့်လန် မဖြစ်ပါစေနဲ့။ သူ မဖြစ်ပါစေနဲ့။”
အကယ်၍ သူ ကျင်းမင်းသား၏ လက်ထဲသို့ ရောက်ရှိခဲ့ပါက အသက်ရှင်နိုင်သေးပြီး ဂုဏ်သိက္ခာလည်း ကျန်နေပေဦးမည်။ လက်တစ်ဖက် ဆုံးရှုံးရသည်ကလွဲရင် သူက ညှဉ်းပန်းနှိပ်စက်ခံရသည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ကျင်းမင်းသားက သဘောထားကြီးသူ တစ်ယောက် ဖြစ်သောကြောင့်ပင်။
သို့သော်ငြား ရှမ့်လန် ... ထိုခွေးတောင်ကတော့ မဟုတ်ချေ။ အပေါက်သေးလေးတစ်ပေါက် မရှိလောက်အောင်ပင် စိတ်ဓာတ်ကျဉ်းမြောင်းသူ တစ်ယောက် ဖြစ်၏။ ရှမ့်လန်၏ လက်ထဲသို့ ကျရောက်သွားပါက အသက်ရှင်မည် မဟုတ်တာ သေချာ၏။ ထို့အပြင် သူက သင်းကွပ်ပြီး နှိပ်စက်ခံရမည်မှာ သေချာ၏။
“ရှမ့်လန် မဖြစ်ဘူး။ ရှမ့်လန် မဖြစ်သင့်ဘူး။”
............
“ဘုရင်မ... ဒီတိုင်း ဆက်သွားလို့ မဖြစ်ဘူး။ ကျုပ်တို့အားလုံး သေကုန်လိမ့်မယ်။ ရန်သူရဲ့ လေးသည်တော်တွေက တကယ့်ကို အစွမ်းထက်လွန်းတယ်။” နန်းကုန်းရှဲ့က လှမ်းအော်ဟစ်လိုက်သည်။
ရှားမန်က ပြော၏။ “ဒါဆိုရင် ဘာလုပ်သင့်တယ် ထင်လဲ။ လူတိုင်း ဝပ်နေပြီး သူတို့မြို့ကို ဝင်တိုက်တဲ့အထိ ပြန်မတိုက်ဘဲ စောင့်နေရမှာလား။ ဒီလိုဆိုရင် ထိခိုက်သေဆုံးမှုနည်းမယ် ဆိုပေမဲ့ ကျွန်မတို့ သဲကန္တာရ စစ်သည်တွေရဲ့ သတ္တိကို သင်းကွပ်ခံလိုက်ရသလို ဖြစ်မယ်။ ဒီနေ့ကျွန်မတို့ ဝပ်နိုင်တယ်။ ဒါပေမဲ့ မနက်ဖြန်ကျရင် ဒူးထောက်သွားရလိမ့်မယ်။”
နန်းကုန်းရှဲ့က ဆွံ့အသွားခဲ့၏။ ဤသို့ လုပ်ဖို့ လိုအပ်နေသည်လား။ စစ်သည်တွေ မြားရှောင်ဖို့ ဝပ်နေခြင်းက ပုံမှန် မဟုတ်ပေဘူးလား။ အဘယ်သို့ သတ္တိနည်းသည်ဟု သတ်မှတ်ရသနည်း။
“ဒါပေမဲ့ သူတို့သံချပ်ကာတွေက အရမ်း အားကောင်းလွန်းတယ်။ ကျုပ်တို့ အဲဒီ သံချပ်ကာကို မဖောက်ထွင်းနိုင်ဘူး။” နန်းကုန်းရှဲ့က လှမ်းပြော၏။
ဘုရင်မရှားမန်က ပြောလိုက်၏။ “ဒါပေမဲ့ ပြန်တိုက်ခိုက်နိုင်စွမ်း မရှိတာထက်တော့ တော်သေးတယ်။”
ထို့နောက် ဤထူးဆန်းသည့် စစ်မြေပြင်က ဤအတိုင်း ဆက်လက် တည်ရှိနေ၏။ စစ်တပ်နှစ်ခုက မတ်တပ်ရပ်လျက် ရှိပြီး မလှုပ်မယက်ပင် တစ်ဦးနှင့် တစ်ဦး ပစ်ခတ်နေ၏။ မည်သူမှ ရှောင်တိမ်းခြင်း မရှိကြချေ။ နောက်ထပ် ဒူးလေးကြီးတစ်ခု၏ မြားတစ်စင်းက ဒုတိယ နိဗ္ဗာနတပ်တော်ဆီသို့ ထိမှန်သည်။
ဤတစ်ကြိမ်မှာတော့ တိုက်ခိုက်မှုက အလွန်ပင် ရက်စက် ကြမ်းကြုတ်၏။ နိဗ္ဗာန စစ်သည်လေးဦး လဲကျသွား၏။ ပြီးနောက် ချက်ချင်း သေဆုံးနေ၏။ သို့သော်ငြား စစ်သည်များ၏ ဖွဲ့စည်းပုံက မရှုပ်ထွေးပေ။ သူတို့၏ ဘေးမှ လူများကလည်း လှုပ်ရှားရှောင်တိမ်းခြင်း မရှိကြချေ။ ရပ်သည့် နေရာတွင် ဆက်လက်ရပ်၍ မရပ်မနား ပစ်ခတ်လျက် ရှိနေ၏။
မြို့တော်ရှိ မြို့စောင့်စစ်သည်များက ပိုမို၍ နည်းပါးလာခဲ့၏။ မြားမှန်ပြီး လဲကျသူများက ပိုမိုကာ များလာ၏။ မကြာခင်မှာပဲ ထပ်ဝက်ပင် မကျန်တော့ချေ။ ဘုရင်မ ရှားမန်၏ နှလုံးသားများက တုန်ယင်လာခဲ့သည်။ ‘ယောက်ျား... ရှင် အခုထိ မလာသေးဘူးလား။ ရှင်သာ မလာရင် ကျွန်မတို့ အားလုံး သေကုန်လိမ့်မယ်။’
ပြီးနောက် သူမက အကြီးဆုံးလေးတစ်ခုကို ဆွဲယူပြီး မူလန်ကို ချိန်၍ ပစ်ခတ်ရန် ပြင်၏။ သို့ပေမည့် အနည်းငယ် တွေဝေပြီးနောက် သူမက လေးကို ပြန်ချ၏။ ထိုအရာက နားလည်မှု တစ်ခုပင် ဖြစ်၏။ မူလန်က သူမကို ပစ်မချနိုင်သလို သူမကလည်း မူလန်ကို ပစ်မချနိုင်ပေ။
................
တိုက်ပွဲက အဆင်ပြေ ချောမွေ့စွာ ဆက်သွားနေ၏။ ရုတ်တရက် မူလန်က ကြီးမားသည့် အန္တရာယ်ကို အာရုံခံမိသည်၊၊
“ဝူး..”
ရုတ်တရက် နားကွဲလုမတတ် ဟိန်းသံကြီး တစ်ခုက သစ်တောထဲမှ ထွက်ပေါ်လာခဲ့သည်။ ငှက်များစွာ ရုတ်တရက် ကောင်းကင်ပေါ်သို့ ပျံတက်လာ၏။ ပြီးနောက် ဧရာမ သတ္တဝါကြီး တစ်ကောင်က သစ်တောထဲမှ ရုတ်တရက် ထွက်ပေါ်လာ၏။ ဆင်ကြီးတစ်ကောင်ပင်။ ထို့ပြင် အလွန်ကြီးမားသည့် ဆင်ကြီးတစ်ကောင် ဖြစ်သည်။ လောကရှိ အကြီးဆုံး ဆင်ထက်ပင် ပိုမိုကာ ကြီးမား၏။ ၁၀ မီတာကျော် ရှည်လျားပြီး ၅ မီတာခန့် မြင့်၏။ နှစ်ထပ်တိုက် အမြင့်နီးပါးခန့် ရှိ၏။
သဲကန္တာရလူရိုင်းမျိုးနွယ်များ၏ တည်နေရာတောင်ဘက်စွန်းတွင် ဆင်များကို စစ်တိုက်ရန် မွေးမြူသည့် မျိုးနွယ်စု တစ်ခုရှိ၏။ မူလန်ကလည်း ဤအရာကို ကောလာဟလအဖြစ် ကြားဖူး၏။ သို့သော်ငြား တိုက်ပွဲတွင် သူမက ဆင်စစ်သည်ကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ထို့ကြောင့် မင်းသားကျင်းတွင် ဆင်စစ်သည် မရှိဘူးဟု သူမက ထင်မှတ်ခဲ့၏။ သို့ပေမည့် ရှိလို့နေသည်။
ဆင်များက တစ်ကောင်ပြီး တစ်ကောင် သစ်တောထဲမှ ပြေးထွက်လာခဲ့၏။ သူတို့၏ ပုံပန်းသွင်ပြင်က အလွန်ပင် ကြီးမားသည် ဆိုသော်လည်း လျင်မြန်စွာ ရွေ့လျားနိုင်၏။ ဆင်တစ်ကောင်ချင်းစီ၏ မျက်လုံးနှင့် ဦးခေါင်းကို ထူထဲသည့် ကြိမ်ချပ်ကာများဖြင့် ဖုံးအုပ်ထား၏။
ဆင်တစ်ကောင်ချင်းစီ၏ ကျောပေါ်တွင် အိမ်ငယ်လေးများရှိပြီး ထိုအိမ်လေးထဲတွင် သဲကန္တာရ လူရိုင်းစစ်သည် လေး၊ငါးဦး ရှိ၏။ အချို့က လှံတံများကို ကိုင်မြှောက်ထားကြသည်။ ဆင်အကောင် ၂၀၀ ကျော်တို့က အနောက်ဘက် တောအုပ်ထဲမှ အပြေးအလွှား ထွက်ပေါ်လာသည်။
သို့သော်ငြား ဤသည်က ကြောက်စရာ အကောင်းဆုံး မဟုတ်ချေ။ ကြောက်စရာ အကောင်းဆုံးအရာက တောင်ဘက်တွင် ရှိ၏။ ခွေးအ သုံးထောင်ကျော်က ဒီရေလှိုင်းအလား ပြေးတက်လာခဲ့ခြင်းပင်။
ခွေးအများက တကယ်ကို ရက်စက်ကြမ်းကြုတ်သည့် သတ္တဝါများ ဖြစ်သည်။ သူတို့၏ ကိုက်အားက ၄၅၀ ကီလိုဂရမ်ကျော် ရှိပြီး ခြင်္သေ့ထက်ပင် ပိုမိုကာ ကိုက်အားပြင်း၏။ သူတို့၏ ပြေးနှုန်းကလည်း တစ်နာရီလျှင် ၄၅ ကီလိုမီတာထိ ရောက်နိုင်ပြီး လူသားများကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်၏။
ထို့ပြင် သူတို့က အဖွဲ့လိုက် တိုက်ခိုက်သည့် နေရာတွင် တကယ်ကို ကျွမ်းကျင်လွန်း၏။ ခြင်္သေ့နှင့် ကျားသစ်များ အပါအဝင် တိရစ္ဆာန်အားလုံးနီးပါးကို သတ်ဖြတ်ရဲကြ၏။ ကမ္ဘာမြေရှိကာတွန်းများထဲတွင် သူတို့က ရက်စက်ကြမ်းကြုတ်သော လူဆိုးများအဖြစ် ပုံဖော်ခံရလေ့ ရှိသည်။ ယခုအချိန်မှာတော့ ခွေးအ ထောင်ပေါင်းများစွာတို့က တောထဲမှ ပြေးထွက်လာခဲ့ပြီး မူလန်၏ ဒုတိယ နိဗ္ဗာနတပ်တော်ကို တိုက်ခိုက်ရန် ပြင်ဆင်နေသည်။
ပြီးနောက် နောက်ထပ် စစ်ဗုံသံတစ်ခု ထွက်ပေါ်လာ၏။ အရှေ့ဘက်မှ သဲကန္တာရ လူရိုင်းမျိုးနွယ် စစ်သည် တပ်ကြီးက ပြေးထွက်လာခဲ့၏။ မင်းသားကျင်း၏ စစ်သည်ပေါင်း ရှစ်ထောင်။ ထိုထဲတွင် လေးပစ် ကျွမ်းကျင်သူ ၅၀၀၀ ခန့် ပါဝင်၏။ စစ်တပ်သုံးခုက မူလန်၏ ဒုတိယ နိဗ္ဗာနတပ်တော်ကို အရှေ့၊ အနောက်၊ တောင်၊ မြောက်မှ ဝန်းရံထား၏။
နန်းမြို့တော် မြို့ရိုးထိပ်တွင် ရှိနေသည့် ဘုရင်မ ရှားမန်က သက်ပြင်းချလိုက်မိသည်။ “သောက်ကျိုးနည်း... နောက်ဆုံးတော့ ရောက်လာပြီကိုး။”
မင်းသားကျင်းက စုနန်နှင့် နန်းကုန်းအိုတို့ကို ကူညီရန် မြောက်ဘက်သို့ စစ်သည်များ ဦးဆောင်သွားသည် မဟုတ်ပါလား။ မဟုတ်ပေ။ သူ မသွားခဲ့ချေ။ အရာအားလုံးက သူ ဖန်တီးခဲ့သည့် ထောင်ချောက် သက်သက်သာလျှင် ဖြစ်၏။
ဤစစ်ပွဲ၏ အစတည်းက သူ၏စိတ်ထဲမှ အကြီးမားဆုံးသောရန်သူက နင်ယီ၊ ကျူးလင်း၊ နန်းကုန်းအိုတို့ မဟုတ်ဘဲ ရှမ့်လန်သာလျှင် ဖြစ်၏။ သူက ရှမ့်လန်ကို တကယ်ကို အလေးအမြတ်ထား၏။ ရှမ့်လန်၏ အကြောင်းကိုလည်း ကောင်းကောင်း နားလည်ထား၏။ ထို့ကြောင့် ရွှမ်ဝူအိမ်တော်၏ တိုက်ပွဲ ရှုံးနိမ့်မှုနှင့် ရန်ကော့မြို့ တိုက်ပွဲရှုံးနိမ့်မှု သတင်းကို ရရှိခဲ့ပြီးနောက် မင်းသားကျင်းက တုန်လှုပ်သော်လည်း အံ့အားသင့်ခြင်း မရှိခဲ့ချေ။ ဤအရာက ရှမ့်လန်ပင် မဟုတ်ပါလား။ ရှမ့်လန်တွင် နိဗ္ဗာနတပ်တော် ရှိသည်။
ရှမ့်လန်ကို ကိုင်တွယ်ဖြေရှင်းရန် မင်းသားကျင်းက အကြီးမားဆုံး ဝှက်ဖဲကွန်ရက်ကို ထိန်းသိမ်းထားခဲ့၏။ စစ်သည်မျိုးနွယ်နှင့် ခွေးအမျိုးနွယ်တို့ကို လှုပ်ရှားခိုင်းခဲ့ခြင်း မရှိချေ။ သူ၏ လက်အောက်ရှိ လေးပစ် ကျွမ်းကျင်သူ ငါးထောင်တို့ကိုလည်း လှုပ်ရှားစေခြင်း မရှိခဲ့ချေ။
သူက ကျူးလင်း၏တပ်နှင့် တိုက်ပွဲ အပြင်းထန်ဆုံး အချိန်တွင်ပင် ဤတပ်ကို မရွေ့ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် မလိုအပ်ကြောင်း သိရှိသောကြောင့်ပင်။
ကျူးလင်း၏စစ်သည်များက လူမည်မျှပင်များများ ညံ့ဖျင်းသည့်လူများသာ ဖြစ်၏။ ရှမ့်လန်၏ လက်အောက်ရှိ စစ်တပ်ကသာလျှင် ကြောက်စရာ အကောင်းဆုံးဖြစ်သည်။ ရန်ကော့မြို့နှင့် ရွှမ်ဝူအိမ်တော်၏ တိုက်ပွဲ ရှုံးနိမ့်မှု သတင်းများ ရောက်လာချိန်တွင် မင်းသားကျင်းက စဉ်းစား၏။
ရှမ့်လန် နောက်ထပ် ဘာလုပ်မည်နည်း။ ဤအချိန်တွင်တော့ အပြောင်မြောက်ဆုံးသော စိတ်ကူးဉာဏ်ကို အသုံးပြုရန် အချိန်ရောက်လာခဲ့၏။ နန်အို မြို့တော်ကို တိုက်ခိုက်မည့်အချိန်မျိုးပင်။ အကယ်၍ သူသာ ရှမ့်လန် ဖြစ်ပါက ထိုအတိုင်း လုပ်ဆောင်ရန် ရွေးချယ်ပေလိမ့်မည်။ ထို့ကြောင့် မင်းသားကျင်းက ပင်လယ်ပြင် တစ်ခုလုံးကို စောင့်ကြည့်ရန် သင်္ဘောများကို စေလွှတ်ထားခဲ့၏။ သို့ပေမည့် မည်သည့်အရာကိုမှ မတွေ့ရချေ။ ပင်လယ်က တကယ်ကို ကျယ်ဝန်း၏။ အကယ်၍ သူတို့က ပုံသေလမ်းကြောင်းအတိုင်း မလိုက်ဘဲ သွားပါက ရန်သူ၏ သင်္ဘောများကို ရှာဖွေရန် တကယ်ပင် ခက်ခဲပေလိမ့်မည်။
မူလန်၏ ဒုတိယနိဗ္ဗာနတပ်တော်က နန်အိုနယ်မြေထဲသို့ ဝင်ရောက်ပြီးသည့်နောက် လျင်မြန်စွာဖြင့် ရွေ့လျားလျက် ရှိနေ၏။ မင်းသားကျင်းက ကင်းထောက်ရာပေါင်းများစွာကို စေလွှတ်ခဲ့သော်လည်း ရှာဖွေ မတွေ့ရှိခဲ့ချေ။ သို့ပေမည့် ထိုကဲ့သို့ ရှာဖွေမတွေ့ရှိရခြင်းကလည်း အကြီးမားဆုံးသော ရှာဖွေတွေ့ရှိမှုဖြစ်၏။
သူ လွှတ်ခဲ့သည့် ကင်းထောက်အားလုံးက မြားဖြင့် ပစ်သတ်ခြင်းကို ခံရ၏။ ပြန်မလာတော့ပေ။ ဤအချိန်မှာတော့ မင်းသားကျင်း သိရှိလိုက်ရသည်က ရှမ့်လန်၏ စစ်တပ် ရောက်ရှိနေပြီ ဖြစ်ခြင်းပင်။ ထို့အပြင် သူထင်မှတ်ထားသည်ထက်ပင် ပိုမိုကာ အင်အားကြီးမားသည်။
သူက ဒုတိယ နိဗ္ဗာနတပ်တော် ရွေ့လျားသည်ကို ခန့်မှန်းနိုင်၏။ သူ စေလွှတ်ခဲ့သည့် ကင်းထောက်များကို နံပါတ်စဉ်များ တပ်ထားခဲ့ပြီး မည်သည့်ဧရိယာသို့ စေလွှတ်ခဲ့သည် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မှတ်သားထား၏။ မည်သည့်ကင်းထောက်များ ပြန်မလာသည်ကို သိရှိခြင်းက ရှမ့်လန်၏ ဝှက်ဖဲ မည်သည့်နေရာတွင် ရှိနေကြောင်းကို သက်သေပြခြင်းပင်။
သို့သော်ငြား မင်းသားကျင်းက အရာကိစ္စတစ်ခုကို လွဲချော်ခဲ့၏။ သူက နိဗ္ဗာန တပ်တော်၌ အံ့အားသင့်ဖွယ် လေးပစ်ကျွမ်းကျင်ကြောင်း သိရှိသော်လည်း သစ်တောထဲတွင် ဤမျှ လျင်မြန်စွာ ရွေ့လျားနိုင်လိမ့်မည်ဟု မထင်ခဲ့ချေ။ နိဗ္ဗာနတပ်တော်၏ အရှိန်ကို သူက လျော့တွက်ခဲ့၏။ ထို့ကြောင့် နန်အိုမြို့တော်က ဤမျှ များပြားသည့် ထိခိုက်သေဆုံးမှုကို ခံစားရခြင်းပင်။
သို့သော်ငြား နောက်ဆုံးမှာတော့ မြို့တော် ဖျက်ဆီးမခံရသေးခင် သူတို့က လုံးဝ ဝိုင်းပိတ်ထားနိုင်ခဲ့ပြီ ဖြစ်၏။ အရှေ့တွင် နန်အိုမြို့တော်၊ ကျန်အရပ်မျက်နှာများတွင် ခွေးအတပ်၊ ဆင်တပ်၊ မင်းသားကျင်း၏ စစ်သည် ရှစ်ထောင်တို့ရှိ၏။ သူတို့က အရပ်လေးမျက်နှာမှ ဝန်းရံထား၏။
မူလန်နှင့် ဒုတိယ နိဗ္ဗာနတပ်တော်မှ စစ်သည် သုံးထောင်ကျော်တို့က ဝန်းရံခြင်းကို ခံထားရသည်။
ဤမြင်ကွင်းကိုမြင်ချိန်မှာတော့ မူလန်၏ ခန္ဓာကိုယ်က အေးစက်သွား၏။ သူမက သိလိုက်၏။ သူမ၏ ယောက်ျားက နန်အိုမြို့တော်ကို တိုက်ခိုက်ရန် တစ်ခါမှ မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မင်းသားကျင်းက ဤအရာကိုတွေးမိပြီး ဤနေရာတွင် ထောင်ချောက်ဆင်ထားသည်ကို သိရှိထား သောကြောင့်ပင်။
သူမက စောစောတည်းက အန္တရာယ်ကို အာရုံခံနိုင်သင့်၏။ သို့သော်ငြား စစ်မြေပြင်တွင် သူမ၏ အာရုံခံစားမှုက မြို့ရိုးထိပ်ရှိ ရန်သူများပေါ်တွင်သာ အာရုံစိုက်နေ၏။ ပတ်ဝန်းကျင်၏ အန္တရာယ်ကို လျစ်လျူရှုခဲ့မိ၏။
“ယောက်ျား.... ကျွန်မ၊ ကျွန်မ ယောက်ျားလောက် မတော်သေးဘူး။ ပြီးတော့ မင်းသားကျင်း မဟုတ်ဘူး ရှားကျင်းလောက်လည်း မတော်သေးဘူး။”
သူမ ဘာဆက်လုပ်သင့်သနည်း။ ယောက်ျား၏ ဒုတိယ နိဗ္ဗာနတပ်တော်ကို သူမလက်ထဲတွင် ပျက်စီးစေလိမ့်မည် မဟုတ်ချေ။
အပိုင်း (၆၇၄)
မင်းသားကျင်းက လက်ကိုဝှေ့ယမ်းလိုက်၏။ ချက်ချင်းပဲ စစ်တပ် သုံးခုတို့က ရှေ့ဆက်တိုးခြင်းကို ရပ်တန့်၏။ မူလန်၏ ဒုတိယနိဗ္ဗာနတပ်တော်ကို ဝန်းရံထား၏။ ဤခွေးအ ထောင်ပေါင်းများစွာတို့က ကြမ်းတမ်းပြီး ရက်စက်၏။ ထိန်းချုပ်ရန် လုံးဝ မဖြစ်နိုင်သလောက်ပင်။
သို့သော်ငြား သူတို့အား သဲကန္တာရလူရိုင်း (ရှားမန်) ရာပေါင်းများစွာတို့က ထိန်းချုပ်ထားခြင်း ဖြစ်၏။ ဤရှားမန်များက ခွေးအများကို တချို့သောနည်းလမ်းများဖြင့် ထိန်းချုပ်ထားခြင်းဖြစ်၏။ သို့သော်ငြား ထိုအကာင်များ၏ ရက်စက်သောမျက်လုံးများထဲတွင် ဒုတိယနိဗ္ဗာနတပ်တော်ကို သတ်ဖြတ်လိုခြင်းအပြည့်ဖြင့် ကြည့်နေ၏။ ဤခွေးအများက အစားမစားရသည်မှာ ကြာပြီ ဖြစ်၏။ ထို့ကြောင့် အသားစားချင်စိတ် ပြင်းထန်နေ၏။
ဆန့်ကျင်ဘက်အားဖြင့် ဆင်များကတော့ အလွန်ပင် နာခံမှု ရှိ၏။ သူတို့က ဆင်စစ်သည်များ၏ ထိန်းချုပ်မှု အောက်တွင် အလွယ်တကူ ရှိနေသည်။
မင်းသားကျင်းက မူလန်ကို အံ့အားသင့် ချီးကျူးမှုဖြင့် ကြည့်လိုက်၏။ “ရှမ့်လန် မဟုတ်ဘူးလား။ ရှမ့်လန်ရဲ့ မိန်းမလား။”
သူ၏ခန့်မှန်းချက်အရ တိုက်ခိုက်သူက ရှမ့်လန် ဖြစ်သည်ဟု ထင်မှတ်ခဲ့၏။ ရှမ့်လန်ကဲ့သို့ ဉာဏ်ကြီးရှင် တစ်ဦးသာလျှင် စစ်ပွဲ၏ အခြေအနေ ပြောင်းလဲမှုကို စဉ်ဆက်မပြတ် ခြေရာခံနိုင်ပေလိမ့်မည်။
“ကျင်းမူလန်.. ညီမလေးလား။”
သူ မူလက မူလန်၏ နာမည်ကို ခေါ်ချင်သော်လည်း မသင့်တော်ဟု ထင်၍ ညီမလေးဟု ထည့်ခေါ်ကာ ခေါ်ဆိုခဲ့ခြင်း ဖြစ်၏။ သူနှင့် ရှမ့်လန်က တစ်ခါမှ မဆုံဖူးသော်လည်း စိတ်ချင်းမိတ်ဆွေများ ဖြစ်ခဲ့သည်မှာ ကြာပြီ ဖြစ်၏။
ကျင်းမူလန်က ပြောလိုက်သည်။ “တာ့နန်နိုင်ငံ ဘုရင်ကို ဂါရဝပြုပါတယ်။”
မင်းသားကျင်းက ဒုတိယနိဗ္ဗာနတပ်တော်ကို စိတ်အားထက်သန်သည့် အကြည့်ဖြင့် ကြည့်၏။ ဤစစ်တပ်က ရိုးရိုးရှင်းရှင်းပင် အလွန် အားကောင်း၏။ တကယ်ကို မနာလိုစရာပင်။ မင်းသားကျင်းက ပြောလိုက်၏။ “နန်အိုမြို့တော်ကို ဦးဆောင်ပြီး တိုက်ခိုက်တဲ့လူက ရှမ့်လန် ဖြစ်မယ်လို့ ထင်ခဲ့တာ။ ညီမလေး ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ ဒါက တကယ်ကို အံ့အားသင့်စရာပဲ။”
မူလန်က ခါးသီးစွာဖြင့် ပြန်ပြောလိုက်၏။ “ရှားဘုရင်က ပိုပြီးသာလွန်ပါတယ်။ မူလန်က အရှင့်ရဲ့ ထောင်ချောက်ထဲကို ရောက်သွားခဲ့ပါပြီ။”
မင်းသားကျင်းက ခေါင်းကို ခါယမ်းလိုက်၏။ ဤအရာက ကြီးမားသည့် ကိစ္စမဟုတ်ကြောင်း ဖော်ပြသည်။
“ညီမလေး.. မင်းရဲ့ဒီစစ်တပ်က ကမ္ဘာပေါ်မှာ ရှားပါးတဲ့ စစ်တပ်ပဲ။ သူတို့ထဲက တစ်ယောက်ကို ဆုံးရှုံးရရင်တောင်မှ နှမြောစရာပဲ။ လက်နက်ချ အညံ့ခံလိုက်ရင် ဘယ်လိုလဲ။”
မင်းသားကျင်းက ပြော၏။ “စိတ်မပူနဲ့။ ကျုပ် လုံးဝ လုယူမှာ မဟုတ်ဘူး။ ဒါက ဒုတိယ နိဗ္ဗာနတပ်တော်ပဲ ဖြစ်သင့်တယ်ဆိုတာ ကျုပ်သိတယ်။ ဘယ်သူမှ ယူသွားလို့ မရဘူး။ ရှမ့်လန်နဲ့ ကျုပ် ညှိနှိုင်းတဲ့အခါကျရင် ကျုပ် အားလုံးကို မပျက်မစီးဘဲ ပြန်ပေးမယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ မင်းတို့ လက်နက်ချပြီး ခုခံမှုကို ရပ်တန့်ထားရမယ်။ စိတ်မပူနဲ့ ညီမလေး။ ကျုပ် မင်းကိုရော ၊ ဒီစစ်တပ်ကိုရော လုံးဝ ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး။”
မင်းသားကျင်းက အမှန်တိုင်း ပြောနေခြင်း ဖြစ်၏။ သူက ရှမ့်လန်နှင့် တိုက်ရိုက် ပဋိပက္ခဟူ၍ မရှိချေ။ သူက ရှမ့်လန်ကို အနိုင်ယူပြီး စစ်ပွဲမှာ နှုတ်ထွက်သွားစေရန် ဖိအားပေးလိုခြင်းသာ ဖြစ်၏။ မူလန်နှင့် ဒုတိယ နိဗ္ဗာန တပ်တော် ဖမ်းဆီးခံလိုက်ရသည်နှင့်တပြိုင်နက် ကစားပွဲက ပြီးဆုံးသွားပြီ ဖြစ်၏။ ရှမ့်လန်နှင့် မင်းသားကျင်းတို့ကြားက စစ်ပွဲက လုံးဝ ပြီးဆုံးသွားပြီ ဖြစ်သည်။
မင်းသားကျင်းက ထပ်ပြော၏။ “ညီမလေး.. ဝမ်းနည်းမနေနဲ့။ မင်းရဲ့စစ်တပ်ကို ကိုင်တွယ်ဖြေရှင်းဖို့ ကျုပ် ဦးနှောက် တော်တော်လေး ခြောက်ခဲ့ရတယ်။ ကျုပ်အသုံးပြုခဲ့တဲ့ တပ်ဖွဲ့နဲ့ စွမ်းအင်က ကျူးလင်းနဲ့ တိုက်ခိုက်ဖို့ အသုံးပြုခဲ့တဲ့ စစ်သည် ၂ သိန်းထက်တောင် ပိုပြီးများခဲ့တယ်။ စစ်ပွဲမှာ အနိုင်အရှုံး ဆိုတာ သာမန်ပါပဲ။ အကယ်၍ ကျုပ်ကို လက်နက်ချဖို့ ရှက်တယ်ဆိုရင် ကျုပ်ရဲ့ မိန်းမကို လက်နက်ချလိုက်လို့ ရတယ်။ မင်းတို့ နှစ်ယောက်လုံးက မိန်းမတွေပဲ။”
ဘုရင်မ ရှားမန်က ပြောသည်။ “ညီမလေး မူလန်... မင်း ခုနက ငါတို့ကို ကောင်းကောင်း ဒုက္ခပေးသွားခဲ့တယ်။ ငါ့ရဲ့လူ ထောင်ပေါင်းများစွာကိုလည်း သတ်ပစ်ခဲ့တယ်။ ဒါပေမဲ့ ငါတို့ သဲကန္တာရလူရိုင်းမျိုးနွယ်က သူရဲကောင်းတွေကို အလေးစားဆုံးပဲ။ အိမ်မှာ မင်းအတွက် ဝိုင်နွေးနွေးလေး ပြင်ဆင်ထားပေးမယ်။ စိတ်မပူနဲ့ မင်းကို လုံးဝ အဆိပ်ခတ်မှာ မဟုတ်ဘူး။ ယောက်ျား ဒါနဲ့ စကားမစပ် ကျွန်မ မင်းသမီးနင်လော့ကို အဆိပ်ခတ်လိုက်ပြီ။ သူ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပြီ။ သေတာထက်ဆိုးတဲ့ ဘဝနဲ့ ရှင်သန်နေရပြီ။”
“အင်း” မင်းသားကျင်း၏ မျက်နှာက တုန်ယင်သွားခဲ့၏။ သူက စနိုးစနှောင့် ဖြစ်သွားမိ၏။ နင်လော့ကို ထွက်သွားဖို့ တောင်းဆိုခဲ့သော်လည်း သူမက ငြင်းပယ်ခဲ့၏။ သူ နန်အိုမြို့တော်မှ ထွက်ခွာလာစဉ်တည်းက သူမ၏မိန်းမ နင်လော့အား တစ်စုံတစ်ခု ပြုလုပ်မှာ စိုးရိမ်ခဲ့၏။ ထင်ထားသည့်အတိုင်း တကယ်ပဲ သူမက လုပ်ခဲ့၏။
မင်းသားကျင်းက မင်းသမီးနင်လော့အပေါ်တွင် ရှုပ်ထွေးသည့် ခံစားချက်များ ရှိ၏။ အချစ်လား။ အနည်းငယ်တော့ ရှိ၏။ သို့သော်ငြား သူက ရှားမန်ကို အချစ်ဆုံးအဖြစ် ရှိနေဆဲပင်။ သူက နင်လော့အပေါ် အပြစ်ရှိသလို ခံစားရ၏။ မဟုတ်ချေ။ အပြစ်ရှိခြင်း မဟုတ်ချေ။
သူ အင်အားကြီးလာသည့် အချိန်တွင် ကိုယ့်ကိုကိုယ် ကြီးမြတ်သည့် အုပ်စိုးသူ တစ်ယောက် ဖြစ်လာရန် အတင်းအကျပ် တွန်းအားပေးခဲ့၏။ ကြီးမြတ်သည့် အုပ်စိုးသူ တစ်ယောက် ဖြစ်လာရန် ပထမဦးဆုံး ကြီးကျယ်သည့် စိတ်ဓာတ် ရှိရပေလိမ့်မည်။ နှလုံးသားထဲမှ ကြင်နာသည့် စိတ်ထားအား လောကတစ်ခွင်လုံးအပေါ် ထားရှိရမည်။ အင်ပါယာကျန်းလီကဲ့သို့ ဖြစ်ရမည်။ သို့သော်ငြား သူ၏ မိန်းမက မင်းသမီးနင်လော့ကို အဆိပ်ခတ်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်စေခဲ့သော်လည်း သူက ဘာမှ မလုပ်နိုင်ခဲ့ချေ။
မင်းသားကျင်းက တကယ်ကို ကြီးကျယ်မြင့်မြတ်သည့် စိတ်ဓာတ်မွေးခဲ့သော်လည်း သူ့မိန်းမကတော့ ထိုသို့မဟုတ်ပေ။ သူနှင့် နင်လော့ကြားမှ ရန်ငြိုးက တကယ်ကို ကြီးမား၏။ သူတို့က ရန်သူအဖြစ်မှ ဇနီးမယား အဖြစ်သို့ ပြန်လည်ပြောင်းလဲရန် မည်သို့မှ မဖြစ်နိုင်ချေ။ ကွဲအက်သွားသည့် မှန်ကို ပြန်ဆက်ရန် ဆိုသည်မှာ ခက်ခဲသည် မဟုတ်ပါလား။
သူက ကျင်းမူလန်ကို ထပ်မံကာ ကြည့်လိုက်၏။ “ညီမလေး... အခု လက်နက်ချလိုက်ပါ။ လက်နက်ချပြီး နန်အိုမြို့တော်မှာ ရက်အနည်းငယ်လောက် နေပါ။”
သူက တကယ်ကို သည်းခံမှု ရှိ၏။ ငါး အထိရေတွက်ပြီးမှ မလုပ်လျှင် အားလုံးကို သတ်ပစ်မည်၊ ဘာညာ စသဖြင့် မပြောခဲ့ချေ။
မူလန်က ခက်ခဲသော ရွေးချယ်မှုတစ်ခုထဲသို့ ကျရောက်နေ၏။ သူမ အခု ဘာလုပ်သင့်သနည်း။
“ယောက်ျား.. ကျွန်မ ပြဿနာ ရှာခဲ့မိပြန်ပြီ။ ကျွန်မ အခု ဘာဆက်လုပ်သင့်လဲ။”
ဒုတိယ နိဗ္ဗာနတပ်တော်က တကယ်ကို တန်ဖိုးကြီး၏။ သူမ၏ လက်ထဲတွင် သေဆုံးစေ၍ မဖြစ်ချေ။ အကယ်၍ ယောက်ျား ဤနေရာတွင် ရှိနေလျှင် သူ ဘာလုပ်မည်နည်း။ ပြောနေစရာပင် မလိုချေ။ ရှမ့်လန်က သူမကို ဘုရင်မ ရှားမန်ဆီ လက်နက်ချခိုင်းမှာ သေချာ၏။ ရန်ကော့မြို့တုန်းကလည်း သူရှုံးလျှင် ထွက်ပြေးမည်ဟု ရှင်းရှင်းလင်းလင်း ပြောခဲ့၏။
ထို့ကြောင့် သူမ လက်နက်ချလိုက်ရင် ယောက်ျားက အပြစ်တင်မှာ မဟုတ်ချေ။ သို့သော်ငြား သူမက ဘာကို စဉ်းစားနေသနည်း။
“ငါ လက်နက်မချချင်ဘူး” ဤသည်က မူလန်၏ ဗီဇသွေးပင် ဖြစ်၏။ သူမ တစ်ဦးတည်း၏ ကိုယ်ပိုင်အတွေး ဖြစ်၏။ သူမ လက်နက်ချလိုက်ရင် တန်ဖိုးရှိတော့မည် မဟုတ်ဟု ခံစားရ၏။ သူမ၏ ဂုဏ်သိက္ခာနှင့် စိတ်ဓာတ်များက ပျက်စီးသွားပေလိမ့်မည်။
သူမယောက်ျား၏ မျက်လုံးထဲတွင် သူမက အပြီးပြည့်စုံဆုံး အမျိုးသမီး ဖြစ်ရပေလိမ့်မည်။ ချို့ယွင်းချက် တစ်ခုလေးတောင် မရှိစေရပေ။ ဘုရားသခင်က သူမကို ပြုပြင်ပြီး ချို့ယွင်းချက် ကင်းစေချင်၏။ ‘ယောက်ျား ငါ့ကို ချစ်နေတာ မရပ်တန့်အောင်လုပ်ချင်ရင် ငါ့ရဲ့ စိတ်ဓာတ်ကလည်း ချို့ယွင်းချက် ကင်းရမယ်။ ငါ အညံ့ခံလို့ မဖြစ်ဘူး။’
မကြာခင်မှာပဲ မူလန်က ဆုံးဖြတ်ချက်ချလိုက်သည်။ “စိတ်မကောင်းပါဘူး တာ့နန်ဘုရင်... ကျွန်မ မှားယွင်းတဲ့ အကွက်ကိုရွှေ့ခဲ့မိပြီး အရှင့်ရဲ့ ထောင်ချောက်ထဲကို ကျရောက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ လက်နက်ချမှာ မဟုတ်ဘူး။”
မင်းသားကျင်းက နာကျင်နေသည့် မျက်နှာထားဖြင့် မေး၏။ “ညီမလေး … မင်း လက်နက်မချဘူးလို့ ဆိုလိုတာက အဖမ်းမခံဘူးလို့ ဆိုလိုတာလား။”
“ဟုတ်ပါတယ်။” မူလန်က ဆိုသည်။
မင်းသားကျင်းက ပိုမိုကာ နာကျင်စွာဖြင့် ပြောသည်။ “ကျုပ် မင်းကို ထိခိုက်အောင် လုပ်ရင် ရှမ့်လန် ကျုပ်ကို အသေခံပြီး တိုက်ခိုက်လိမ့်မယ်။”
မူလန်က ပြော၏။ “ကျွန်မ လက်နက်မချဘူး။ အဖမ်းလည်း ခံမှာ မဟုတ်ဘူး။”
မင်းသားကျင်းက အသက်ကို ပြင်းပြင်းရှူသွင်းသည်။ “ဒါဆိုရင်လည်း နားလည်ပါပြီ။ မင်းရဲ့ ရွေးချယ်မှုကို လေးစားပါတယ်။ ကျုပ် ရှမ့်လန်နဲ့ ရန်သူဖြစ်ချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ဘုရားသခင်က ဒီလိုပဲ ဖြစ်စေချင်တယ် ဆိုရင်တော့ ဘာမှ မတတ်နိုင်တော့ဘူး။”
သူက ရှမ့်လန်နှင့် ရန်သူမဖြစ်ချင်သော်လည်း မကြောက်ချေ။ “ညီမလေး... ကျုပ် မင်းကို အလေးအမြတ်ဆုံးနဲ့ အဆုံးသတ်ပေးမယ်။”
မင်းသားကျင်းက ပြော၏။ ပြီးနောက် သူက ရုတ်တရက် အမိန့်ပေးလိုက်၏။ “တိုက်ခိုက်”
မင်းသားကျင်း၏အမိန့်အရ စစ်သည် ၃၀၀၀ က ရှေ့သို့ ဆက်လက်ကာ တိုးလာ၏။ မင်းသားကျင်း၏ စစ်သည် ၈၀၀၀ က အနှေးဆုံး ဖြစ်၏။ ခွေးအထောင်ပေါင်းများစွာတို့က အလျင်မြန်ဆုံးပင်။ သူတို့က လျှပ်စီးကဲ့သို့ပင် မြန်ဆန်၏။
မူလန်က ရုတ်တရက် အမိန့်ပေးလိုက်သည်။ “ဒုတိယ နိဗ္ဗာနတပ်တော်... နောက်ပြန်လှည့်ပြီး အရှိန်အပြည့်နဲ့ တောင်ဘက်ကနေ ဖောက်ထွက်ကြမယ်။”
ထိုအရာကိုကြားချိန်မှာတော့ မင်းသားကျင်းနှင့် ဘုရင်မရှားမန်တို့က အံ့အားသင့်သွား၏။ အဘယ်ကြောင့် တောင်ဘက်ကို ဖောက်ထွက်ရမည်နည်း။ ထိုနေရာတွင် အကြမ်းတမ်းဆုံးနှင့် အရက်စက်ဆုံး ခွေအတပ်ကြီး ရှိနေသည် မဟုတ်ပါလား။ သူတို့က လျင်မြန်ပြီး အရွယ်အစား သေးငယ်၏။
ဒုတိယ နိဗ္ဗာနတပ်တော်က သူတို့အားလုံးကို သတ်ရန် ခက်ခဲ၏။ တိုက်ခိုက်သည်နှင့် တပြိုင်နက် လည်ပင်းတွင် သံချပ်ကာများ ရှိသော်လည်း ခွေးအများက လိုက်လံ ကိုက်ခဲနေဦးမှာ ဖြစ်၏။ ကိုက်အားကလည်း တကယ်ကို ပြင်းထန်သည်။
မူလန်၏အမိန့်ကို အားလုံးက လိုက်နာကြ၏။ ဒုတိယ နိဗ္ဗာနတပ်တော်က မြားအိမ်တစ်လုံးစီကို သယ်ဆောင်လျက် တောင်ဘက်သို့ ပြေး၏။ ဤသို့ပြုလုပ်ရန် သတ္တိများစွာ လိုအပ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ရှေ့တွင် တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းသည့် ခွေးအပေါင်းများစွာ ရှိနေသောကြောင့်ပင်။ သူတို့ ပြေးဝင်သည်က သေတွင်းထဲသို့ ပြေးဝင်သည်နှင့် မခြားချေ။
သို့သော်ငြား ဤသည်က ဒုတိယ နိဗ္ဗာနတပ်တော် ဖြစ်၏။ သူတို့က မည်သည့်အမိန့်ကိုမဆို မကြောက်မရွံ့ လိုက်နာ၏။ အမိန့်ပေးလိုက်သည်နှင့် ဓားတောင်ကို ဖြတ်ကျော်ရမည် ဖြစ်စေ၊ မီးပင်လယ်ကို ကျော်ဖြတ် ရမည် ဖြစ်စေ သူတို့က ရှေ့သို့ ဆက်လက်ကာ တိုးမှာပင်။
“ဝူး ဝူး ဝူး”
ဒုတိယ နိဗ္ဗာနတပ်တော်နှင့် ခွေးအထောင်ပေါင်းများစွာတို့က ပိုမိုကာ နီးကပ်လာခဲ့၏။ ခွေးအများ၏ မျက်လုံးများက နီရဲကာ ကြမ်းတမ်း၏။ သူတို့၏ တံတွေးများက မြေပေါ်သို့ ကျဆင်းလျက် ရှိနေပြီး လွှနှင့် တူလွန်းသည့် သွားများက ထင်းခနဲပေါ်နေ၏။ တကယ်ကို အသည်းယားစရာပင်။ သူတို့က အသားစားရ ပေတော့မည်။ သူတို့ သတ်ဖြတ်ရပေတော့မည်။
ပိုပို၍ နီးကပ်လာ၏။ မီတာ ၁၀၀၊ မီတာ ၅၀၊ မီတာ ၃၀...
မင်းသားကျင်းက မျက်လုံးများ မှေးမှိတ်မိပြီး အရှေ့တွင်ပေါ်ပေါက်လာမည့် သွေးထွက်သံယို မြင်ကွင်းကို ကြည့်၏။ “ဝမ်းနည်းစရာ ကောင်းလိုက်တာ။ ရှမ့်လန်ရဲ့ ဒုတိယတပ်တော်က ဒီလောက် အထက်တန်း ကျပါရက်နဲ့ ဘယ်လို ဖြစ်ပြီး ခွေးအတွေရဲ့ သွားအောက်မှာ သေဆုံးရတာလဲ။”
မကြာခင်မှာပဲ နိဗ္ဗာနတပ်တော် စစ်သည် ၃၀၀၀ နီးပါးနှင့် ခွေးအပေါင်းများစွာတို့က ရုတ်တရက် ဝင်တိုက်မိ၏။ ထိုအချိန်မှာပဲ ကျင်းမူလန်က ရုတ်တရက် အသံကျယ်ကျယ် အော်ဟစ်လိုက်၏။ အလွန် ဆန်းကြယ်သည့် အသံနေ၊အသံထား တစ်ခုပင်။ ရှေးဟောင်းသံစဉ်တစ်ခုကို ရွတ်ဆိုလိုက် သကဲ့သို့ပင်။
ပြီးနောက် သူမ၏ မျက်လုံးများဆီမှ အနှိုင်းမဲ့ တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လာ၏။ အနှိုင်းမဲ့ ထူးဆန်းသည့် စွမ်းအင်တစ်ခုက သူမ၏ နူးညံ့သည့် ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာ၏။ ထိုအရာက စွမ်းအင် တမျိုးကဲ့သို့ပင်။ ရှေးဟောင်းလူသားများ၏ စွမ်းအင်က သူမ၏ နူးညံ့သည့် ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာ၏။ ထို့နောက် တည်နေရာ တော်တော်များများကို လွှမ်းခြုံသွား၏။
ချက်ချင်းပဲ ခွေးအ ထောင်ပေါင်းများစွာတို့က ရင်းနှီးနေသည့် စွမ်းအင်တစ်မျိုးကို ခံစားလိုက်ရသည်။ ထိုအကောင်များ၏ စိတ်ထဲ၌ ကြောက်ရွံ့မှုနှင့် ရိုသေမှုတို့ ဖြစ်တည်လာခဲ့၏။ သူတို့၏ မျိုးရိုးဗီဇထဲမှ အနက်ရှိုင်းဆုံးအရာတစ်ခုကို သွားရောက် ထိတွေ့လိုက်သကဲ့သို့ပင်။
သူတို့က ချက်ချင်းပဲ ဘေးနှစ်ဖက်ကို ပြေးသွားကြပြီး မူလန်၏စွမ်းအင်လွှမ်းမိုးမှုကို အသည်းအသန် ရှောင်ရှားကြ၏။ သူတို့က သူမ၏ နောက်ကွယ်ရှိ နိဗ္ဗာနစစ်သည်အားလုံးကိုလည်း တိမ်းရှောင်ကြသည်။ ဘေးနှစ်ဖက်ဆီသို့ ရူးသွပ်စွာ ထွက်ပြေးသွားကြခြင်ဖြစ်သည်။
သဲကန္တာရလူရိုင်းမျိုးနွယ်များက အချိန်မီအမိန့်ပေးပြီး ထိန်းချုပ်ရန် ကြိုးစားကြ၏။ သူတို့က သက်ဆိုင်ရာ ခွေးအဘုရင်များကို ကြာပွတ်နှင့် ရိုက်နှက်ကာ ခိုင်းစေ၏။
“အူး အူး” ခွေးအဘုရင်တစ်ကောင်က ရုတ်တရက် ဒေါသထွက်၏။ ကြိုးကို ဖျက်ဆီးကာ လွတ်မြောက်သွား၏။ သူက ချွန်ထက်သည့် သွားများကို ဖွင့်ပြီး ကိုက်ချ၏။ ချက်ချင်းပဲ သဲကန္တာရ လူရိုင်းမျိုးနွယ်၏ လည်ပင်းက ကိုက်ဖြတ်ခံလိုက်ရ၏။ ခွေးအဘုရင်က သူ၏ သခင်ကို သတ်ဖြတ်လိုက်သည်။
ရာစုနှစ်ပေါင်းများစွာ ဤမျိုးနွယ်စုက သဲကန္တာရလူရိုင်းမျိုးနွယ်လက်ထဲ အသက်ရှင်ခဲ့သည်။ သူတို့က အသန်မာဆုံး ခွေးပေါက်လေးများအဖြစ်မှသည် ယခုအခြေအနေဆီသို့ ရောက်ရှိလာခဲ့ခြင်းပင်။ အကောင်းဆုံးသော အသား၊ အကောင်းဆုံးသော ဆေးဖက်ဝင်အပင်များနှင့် အကောင်းဆုံးသော အရာများကို စားခဲ့ရ၏။ သူတို့က ယခု ဆက်လက်ကာ တိုက်ခိုက်ရပေတော့မည်။
ဤရှားမန်များက သူတို့ကို အပြစ်ပေးခြင်း၊ ရိုက်နှက်ခြင်း၊ မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ခြင်းတို့ကို ပြုလုပ် ထားခဲ့ကြ၏။ အနှစ်ချုပ် ပြောဆိုရမည်ဆိုလျှင် သူတို့က ငယ်ရွယ်စဉ်ကတည်းက ဤလူများ၏ ထိန်းကျောင်းမှုကို ခံခဲ့ရသည့် သူများပင်။
သို့ပေမည့် ယခု မူလန်၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအင်များကို ရှောင်ရှားရန်အတွက် သူတို့၏သခင်များကိုပင် ပြန်လည်ကာ သတ်ဖြတ်ကြ၏။
မူလန့်အပေါ် သူတို့၏ ကြောက်ရွံ့မှုက သူတို့၏သခင်ပေါ် ကြောက်ရွံ့မှုထက် များစွာသာလွန်နေသည်က ထင်ရှား၏။ ထိုနည်းလည်းကောင်းပင် ခွေးအ ထောင်ပေါင်းများစွာတို့က ထွက်ပြေးကြကုန်၏။ ကျောက်တုံးပေါ်သို့ လှိုင်းခတ်သည့် လှိုင်းလုံးများ သဖွယ်ပင်။ ရှဲခနဲ ပျံ့လွင့် ပျောက်ကွယ်သွားသည်။
“ရပ် ရပ်ကြစမ်း” မင်းသားကျင်းက အမိန့်ပေးလိုက်၏။ ရှေ့ဘက်ရှိ စစ်သည် ၈၀၀၀ က ရပ်တန့်သွား၏။ အနောက်ဘက်ရှိ ဆင်စစ်သည် ရာဂဏန်းကလည်း ရပ်တန့်သွား၏။ အဘယ်ကြောင့်ဆိုသော် သူတို့ ယခု ရပ်တန့်ရပေလိမ့်မည်။ ခွေးအများ ရူးသွပ်သွားပြီဖြစ်သည်။ အကယ်၍ ရှေဆက်တိုးပါက ခွေးအများနှင့် တိုက်မိပြီး တစ်ဦးနှင့် တစ်ဦး သတ်ဖြတ်မိပေလိမ့်မည်။
မျက်စိတစ်မှိတ်အတွင်း မူလန်က ဒုတိယ နိဗ္ဗာန စစ်သည် ၃၀၀၀ နီးပါးကို ဦးဆောင်ကာဖြင့် တောင်ဘက်ရှိ သစ်တောထဲသို့ ဝင်ရောက်သွား၏။ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့၏။ သူမက အလွန်ကို လျင်မြန်ပြီး တားဆီးနိုင်ခြင်း မရှိချေ။
မင်းသားကျင်းက မှင်သက်သွား၏။ ဘုရင်မ ရှားမန်ကလည်း မှင်သက်သွား၏။ အဘယ်သို့ ဖြစ်ရသနည်း။ ကျင်းမူလန်က အဘယ်ကြောင့် ဤမျှလောက် အစွမ်းထက်နေရသနည်း။ ခွေးအ ထောင်ပေါင်းများစွာကို မည်ကဲ့သို့ နောက်သို့ဆုတ်ခွာအောင် အဘယ်သို့ပြုလုပ်ခဲ့သနည်း။ သူမက လုံးဝ ဝိုင်းပတ် ပိတ်ဆို့ခြင်းကို ခံထားရ၏။ သို့ပေမည့် မျက်စိတစ်မှိတ်အတွင်း လွတ်မြောက်သွားခဲ့၏။
.......
နန်အိုမြို့တော် စံအိမ်တော်အတွင်းမှာတော့ ...
“ဘာလို့လဲ” မင်းသားကျင်းက မေး၏။
ခွေးအတွေကို လေ့ကျင့်ပေးသည့် သဲကန္တာရ လူရိုင်းမျိုးနွယ်က ပြောသည်။ “ဒီအခိုက်အတန့်မှာ ကျင်းမူလန်ရဲ့ ခန္ဓာကိုယ်ဆီက ရှေးဟောင်းလူသားတစ်ယောက်ရဲ့ စွမ်းအင်နဲ့တူတဲ့ အရာကို ထုတ်လွှတ်ခဲ့တာပဲ။”
မင်းသားကျင်းက မေးလိုက်၏။ “ကြားဖူးတာက စေတီတောင်က ဝူတူကျိမှာ အဆိပ်ရှိမြွေနဲ့ လိပ်ပြာတွေကို ထိန်းချုပ်နိုင်တဲ့ မှော်စွမ်းအင် ရှိတယ်တဲ့။ ကျင်းမူလန်ကလည်း အဲလို စွမ်းအင်မျိုးလား။”
“မဟုတ်ဘူး။”
ရှားမန်က ပြောသည်။ “ကျင်းမူလန်ရဲ့ ခန္ဓာကိုယ်ပေါ်က ဩဇာအာဏာက သူ့ရဲ့ သွေးမျိုးဆက် ထဲကနေ အပြည့်အဝ ထွက်ပေါ်လာတာ။ ကျွန်မ ရှေးဟောင်းစာပေတွေကို ဖတ်ဖူးတယ်။ ရှေးတုန်းက ဒီမြေပေါ်မှာ အရမ်းကို အစွမ်းထက်တဲ့လူတစ်စု နေထိုင်ခဲ့ဖူးတယ်။ သူတို့ရဲ့ အိမ်တွေကို သစ်ပင်ပေါ်မှာ ဆောက်ကြတယ်။
သူတို့မှာ ပိန်သွယ်တဲ့ လက်တွေ၊ ခြေထောက်တွေ ရှိတယ်။ သူတို့က သစ်တောတွေနဲ့ တောင်တန်းကြားမှာ လွင်ပြင်ပေါ် လမ်းလျှောက်သလို ပြေးလွှားနိုင်တယ်။ ပြီးတော့ သူတို့က မွေးရာပါ မြားပစ် ကျွမ်းကျင်သူတွေ ဖြစ်တယ်။ သစ်တောရဲ့ အကြွင်းမဲ့ ဘုရင်တွေပဲ။ သစ်တောထဲက အဆိပ်ရှိမြွေတွေနဲ့ ရက်စက်တဲ့သားရဲတွေ အားလုံးက သူတို့ကို မြင်တာနဲ့ နောက်ဆုတ်သွားခဲ့ကြတယ်။”