အခန်း (၆၇၉-၆၈၀)
Vol. 43 Ch. 679-680
အပိုင်း (၆၇၉)
တည်နေရာက လေးဘက်လေးလံရှိ ဆန့်ထွက်နေသည့် မြေအောက်လှိုဏ်ဂူ တစ်ခု ဖြစ်၏။ ရှေးဟောင်းအပျက်အစီးများ၏ အရိပ်အယောင်ဟူ၍ မရှိချေ။ တစ်ချိန်မှာတော့ ရှမ့်လန်က တောက်ပ ကြည်လင်နေသည့် လှိုဏ်ဂူတစ်ခုကို ရှာဖွေ၏။ သူက တစ်စုံတစ်ခု ရှာဖွေတွေ့ရှိပြီဟု ထင်ခဲ့သည်။
အထဲသို့ဝင်ရောက်ချိန်မှာတော့ မြွေနှစ်ကောင်က ရစ်ပတ်လျက် ရှိပြီး တစ်ခုခု လုပ်နေပုံ ပေါ်၏။ ထို့အပြင် သူတို့က လမ်းပိတ်နေ၏။ အတွင်း၌ ဘာမှလည်း မရှိချေ။ မြွေများ တစ်ခုခု လုပ်နေချိန်၌ အကြမ်းတမ်းဆုံး ဖြစ်၏။
ရှမ့်လန် ဝင်လာချိန်မှာတော့ မြွေနှစ်ကောင်က ချက်ချင်း ရူးသွပ်သွား၏။ ပြီးနောက် ထိုနှစ်ကောင်က ထွက်ပြေးသွား၏။ သူတို့က သူ့ကို မတိုက်ခိုက်ဘဲ အလွန်လေးစားသည့် အကွာအဝေးတစ်ခုဆီ၌ ထိန်းသိမ်းထား ၏။ ရှမ့်လန်က သာမန်မြွေများသည်ပင်လျှင် ဉာဏ်ရည်ရှိပြီး သူ့ကို ကြောက်ရွံ့ကြကြောင်း သိရှိလိုက်သည်။ သူက သံသယ ဝင်လာခဲ့မိ၏။ အဘယ့်ကြောင့်နည်း။ သူ၏ သွေးကြောင့်လား။
မြွေဘုရင်က ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသား တစ်ခုခု ချန်ထားခဲ့သောကြောင့် ဖြစ်မည်ဟု ဓားဘုရင်လီချင်းချိုးက ပြော၏။ မြွေအားလုံးက မြွေဘုရင်၏ အငွေ့အသက်ကို ခံစားမိပြီး သူ့ကို ရှောင်ရှား နေကြခြင်း ဖြစ်ပေမည်။ နာရီ ၂၀ ကြာပြီးနောက် ရှမ့်လန်က ဗလာနတ္တိ ပြန်လာ၏။ လှိုဏ်ဂူကြီး၏ အလယ်ဗဟိုသို့ ပြန်ရောက်လာသည်။
ဘာတွေ ဖြစ်နေသနည်း။ သူ ခန့်မှန်းတာ မှားသွားခဲ့သည်လား။ ဤနေရာတွင် ရှေးဟောင်းအပျက်အစီး တည်ရှိရာ နေရာ မရှိပါလား။ မင်းသားကျင်းက မြွေတစ်သောင်းလှိုဏ်ဂူ၌ အသက်ရှင်ရုံသာ ဖြစ်ပြီး တခြား ထူးခြားသည့် ကြုံကြိုက်မှုမျိုး မတွေ့ခဲ့ရဘူးလား။ ဤအရာကတော့ မဖြစ်သင့်ချေ။
သဲကန္တာရလူရိုင်းမျိုးနွယ်တည်နေရာ၌ ရှေးဟောင်းအပျက်အစီး အမွေအနှစ် နေရာရှိခဲ့မည် ဆိုပါက ဤနေရာက ဖြစ်နိုင်ခြေ အများဆုံးပင်။ မဟုတ်လျှင် အဘယ်ကြောင့် မရေတွက်နိုင်သည့် မြွေဆိုးများက ဤနေရာတွင် လာရောက် ခိုအောင်းနေကြမည်နည်း။ ထို့ပြင် ရှေးဟောင်းအပျက်အစီး တည်ရှိရာ နေရာများ၏ ဝင်ပေါက်များက များသောအားဖြင့် ထူးခြားသည့် လက္ခဏာများ ရှိ၏။
ဥပမာ ပြီးခဲ့သည့်နှစ်က ရေအောက်ငလျင်ကြောင့် ကျောက်မဲကျွန်းပေါ်၌ ရှေးဟောင်းအပျက်အစီး တည်ရှိရာ ဝင်ပေါက်ပေါ်လာခဲ့၏။ ကျောက်တုံးဘီလူးကြီး တစ်ကောင်က မြေပုံအမျိုးမျိုး ပါဝင်သည့် ဂြိုဟ်တစ်ခုကို ကိုင်ဆောင်ထား၏။ ကြည့်လိုက်သည်နှင့် ရှေးဟောင်းအပျက်အစီး တည်ရှိရာနေရာ ဖြစ်ကြောင်း မည်သူမဆို ပြောနိုင်၏။
ထိုသို့ ဆိုလျှင် ဤလှိုဏ်ဂူ၌ မည်သည့်အရာက ထူးခြားဆုံး ဖြစ်မည်နည်း။ တောက်ပကြည်လင်သည့် လှိုဏ်ဂူငယ်က မြွေနှစ်ကောင် သူတို့အလုပ် သူတို့ လုပ်နေသည့်နေရာ ဖြစ်၏။ ထိုကြောင့် ရှမ့်လန်က လှိုဏ်ဂူငယ်ထဲသို့ လျှောက်သွားသည်။
သူက ဤနေရာ၌ လက်မတိုင်းကို ဂရုစိုက် စစ်ဆေးသည်။ ဘာမှ မရှိချေ။ ပြီးနောက် ထိုနေရာကို သူက ၁၀ ကြိမ်မက စစ်ဆေးပြီး ဖြစ်၏။ X-Ray အကြည့်ဖြင့် ကြည့်ရှုသော်လည်း ဘာတစ်ခုမှ မတွေ့ချေ။ တောက်ပကြည်လင်နေခြင်းက ကျောက်စိမ်းကြောင့် မဟုတ်ဘဲ ကျောက်သား အများပြားတွင် ထိုကဲ့သို့သော လက္ခဏာများ ရှိနေသောကြောင့်ပင်။ လှိုဏ်ဂူတစ်ခုလုံးတွင် ထိုလှိုဏ်ဂူငယ်လေးက အထူးခြားဆုံး ဖြစ်၏။
“ဖြစ်နိုင်တယ်။ ငါတို့ ဒီမှာစောင့်ရမယ်။”
လီချင်းချိုးက ပြောသည်။ “ရှမ့်… မင်းမှာ အခုလို အစွမ်းက စိတ်ရှည်မှုပဲ။”
ရှမ့်လန်က အံ့အားသင့်သွား၏။ ပြီးနောက် ခေါင်းကို ညိတ်လိုက်၏။ ပြီးနောက် သူတို့က ထိုနေရာတွင် ထိုင်ရင်း စောင့်ဆိုင်းနေ၏။ သူတို့ မည်မျှ စောင့်ဆိုင်းနေသည်၊ ဘာကို စောင့်ဆိုင်းနေသည်၊ အဘယ်ကြောင့် စောင့်ဆိုင်းနေသည် ဆိုသည်ကိုတော့ သေသေချာချာ မသိချေ။
ရုတ်တရက် အလင်းတန်းတစ်ခု ဝင်ရောက်လာ၏။ ထိုအရာက လရောင်ကဲ့သို့ ထင်ရ၏။ အလွန်ပင် ထူးဆန်း၏။ ဤနေရာက မြေအောက် လှိုဏ်ဂူ ဖြစ်၏။ လရောင် အဘယ်ကြောင့် ထိုးဖောက် ဝင်ရောက်လာရသနည်း။
မကြာခင်မှာပဲ ရှမ့်လန်က နားလည်သွား၏။ ဤ တည်နေရာရှိ လှိုဏ်ဂူနံရံများက မှန်ကဲ့သို့ ချောမွတ် နေသောကြောင့် အလင်းကို ရောင်ပြန်ဟပ်နိုင်၏။ ရောင်ပြန်ဟပ်မှု အနည်းငယ် အကြာမှာတော့ အလင်းက ဤလှိုဏ်ဂူငယ်လေးဆီသို့ ထိုးကျ၏။
“ဒီပေါ်မှာ စာတွေ ရှိတာပဲ။” လီချင်းချိုးက ပြောသည်။
မူလက ချောမွတ်နေသော လှိုဏ်ဂူနံရံပေါ်တွင် စာများ ပေါ်လာ၏။ ထို့ပြင် စာများက မီးရောင်ကဲ့သို့ တောက်ပနေ၏။ ထိုအရာက ဇယားတစ်ခု ဖြစ်၏။ ပထမစာကြောင်းတွင် နံပါတ်တစ်ခု (၂)၊ ဒုတိယ စာကြောင်းတွင် နံပါတ်တစ်ခု (၇) တတိယ စာကြောင်းတွင် နံပါတ် (၂၂၇)၊ စတုတ္ထ စာကြောင်းတွင်တော့ ဗလာဖြစ်ပြီး ပဉ္စမ စာကြောင်းတွင် မေးခွန်း (?) အမှတ်အသား တစ်ခု။ ထင်ရှားသည်က ထိုအရာက နောက်ထပ် သင်္ချာပုစ္ဆာ တစ်ခု ဖြစ်ပေမည်။
ထင်မှတ်ထားသည့်အတိုင်းပင် ဤသည်က ရှေးဟောင်းအမွေအနှစ် တစ်ခု ဖြစ်၏။ ရှေးဟောင်းအမွေအနှစ်သို့ ဝင်ရောက်ရန် ဝင်ပေါက်ကို ပဉ္စမစာကြောင်းပေါ်တွင် အဖြေရှာရပေမည်။ ရှမ့်လန်က မေး၏။ “ဓားဘုရင်.. ခင်ဗျား ဒါကို ဖြေရှင်းနိုင်လား။”
လီချင်းချိုးက ပြန်ဖြေ၏။ “ငါ နားတောင် မလည်ဘူး။”
တကယ်တော့ ဤလောကကြီးထဲရှိ လူအများစုက ဤပုစ္ဆာကို နားလည်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် နံရံပေါ်ရှိ နံပါတ်များက အာရေဗီဂဏန်း ပုံစံများ ဖြစ်၏။ ကမ္ဘာမြေပေါ်ရှိ ထိုအရာကို ရှေးဟောင်း အိန္ဒိယ လူမျိုးများက ခရစ်တော် မပေါ်မီ နှစ်ပေါင်းရာချီက တီထွင်ခဲ့ခြင်း ဖြစ်သည်။
ရှမ့်လန်ကတော့ မယုံနိုင်ချေ။ ဤပုစ္ဆာက ဤလောက် ခက်ခဲနေသည်ကို မင်းသားကျင်း အဘယ်ကြောင့် ဖြေရှင်းနိုင်ခဲ့သနည်း။ ဤအရာကို ရှေးဟောင်းပုစ္ဆာ တစ်ခုအဖြစ် သတ်မှတ်နိုင်၏။ မင်းသားကျင်းက ဤမျှ ထူးချွန်သည့် ဉာဏ်ကြီးရှင် တစ်ယောက်လား။ ဤလောကတွင် ရှိနေသည့် လူအများစုက ပုစ္ဆာ၏ အဓိပ္ပာယ်ကိုပင် နားလည်နိုင်မှာ မဟုတ်ပေ။
သို့သော်ငြား ရှမ့်လန်ကတော့ တစ်ချက် ကြည့်ရုံဖြင့် နားလည်၏။ ကျောက်မဲကျွန်းပေါ်ရှိ ရှေးဟောင်းအမွေအနှစ် ဆီသို့ ဝင်ပေါက်က အရောင်လေးရောင် သီအိုရီကို အသုံးပြုထား၏။ ဤပုစ္ဆာကတော့ သင်္ချာပညာ၏ အလွန်နက်နဲသော ဝေါဟာရ တစ်ခု ဖြစ်သည်။ မူလကိန်းကို အသုံးပြုရန် လိုအပ်၏။ မူလကိန်းက ၁ ထက် ကြီးပြီး ၁ နှင့် ကိန်းပြည့် ကိုယ်တိုင်မှလွှဲလျှင် အခြားမည်သည့် သဘာဝ ကိန်းနှင့်မျှ မစားနိုင်သော သဘာဝကိန်းပင်။
နံရံပေါ်ရှိ ပထမစာကြောင်းက (၂) ကို ပြသထား၏။ ထိုအရာက ပထမ မူလကိန်း ဖြစ်၏။ ဒုတိယ စာကြောင်းမှာ နံပါတ် (၇) ကလည်း မူလကိန်း ဖြစ်၏။ ထိုအရာကတော့ စတုတ္ထ မူလကိန်း ဖြစ်၏။ တတိယ စာကြောင်းက (၂၂၇) ကို ပြသထားပြီး ထိုအရာက ၄၉ ခုမြောက် မူလကိန်း ဖြစ်၏။ ဤစည်းမျဉ်းက တော်တော်လေး ရိုးရှင်း၏။ နောက်တစ်တန်းက ယခင်မူလကိန်းများ၏ ၂ ထပ်ကိန်း ဖြစ်ပေမည်။
တစ်နည်းအားဖြင့် စတုတ္ထ စာကြောင်းက ၂၄၀၁ ခုမြောက် မူလကိန်း ၄၉ ၏ ၂ ထပ်ကိန်း ဖြစ်ပေမည်။ ထို့ကြောင့် စတုတ္ထ စာကြောင်းက ဗလာ ဖြစ်သော်လည်း ဆက်လက် ရှာဖွေရပေမည်။ ဤနေရာမှ အဖြေက ၂၁၄၆၇ ဖြစ်သင့်၏။
သို့သော်ငြား ရှေးဟောင်းအမွေအနှစ် ဝင်ပေါက်၏ အဖြေ မဟုတ်သေးချေ။ ပဉ္စမ စာကြောင်းပေါ်တွင် အဖြေမှန်ကို ရေးရန် လိုအပ်၏။ တစ်နည်းအားဖြင့် ပဉ္စမ စာကြောင်းက ၁၆၀၈၃၂၀၈၉ ခုမြောက် မူလကိန်း ၂၁၃၆၇ ၏ ၂ ထပ်ကိန်း ဖြစ်သင့်သည်။
ဤကိန်းဂဏန်းများကို မြင်သည့် သာမန်လူတစ်ယောက် ဆိုပါက ခေါင်းမူးသွားပေလိမ့်မည်။ ဟုတ်ပေ၏။ သန်း ၄၆၀ ကျော် အဆင့်ရှိသည့် မူလကိန်းက ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာ ပုစ္ဆာပင်။ လူကို ရူးသွပ်သွားစေလိမ့်မည်။ လူအင်အားနှင့် ရေတွက်မည် ဆိုပါက အချိန်အကြာကြီး ယူရမှာ ဖြစ်၏။ အမိုက်မဲဆုံးသော နည်းလမ်းကို အသုံးပြုမည် ဆိုလျှင်တောင် နှစ်ပေါင်းများစွာ ကြာမြင့်သွားနိုင်၏။ ထို့ပြင် စက္ကူ သန်းပေါင်းများစွာလည်း လိုအပ်၏။
မင်းသားကျင်း ဤပုစ္ဆာကို ဖြေရှင်းနိုင်ခဲ့သည်လား။ ရှမ့်လန်က မယုံကြည်နိုင်ပေ။ ရွှဲ့ပြည်နယ်မှာတုန်းက သူက ဉာဏ်ကြီးရှင် ဖြစ်ခဲ့သည်မှန်သော်လည်း ဤအဆင့်ထိတော့ မဟုတ်ခဲ့ချေ။ ကောင်းကင်ပင်လယ် နန်းဆောင်မှ ပညာရှင် အားလုံး စုပေါင်းလျှင်ပင် ဤပုစ္ဆာကို ဖြေရှင်းဖို့ နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။ ဤပုစ္ဆာက ကျောက်မဲကျွန်းပေါ်ရှိ ၄ ရောင် သီအိုရီထက်ပင် ပိုမိုကာ ခက်ခဲ၏။ သို့မဟုတ် တန်းတူရှိ၏။ ထို့ပြင် ခက်ခဲသည့် သင်္ချာပုစ္ဆာတစ်ခုလည်း ဖြစ်သည်။
ရှမ့်လန်က ဤပုစ္ဆာကို ဖြေရှင်းရန် အချိန်မည်မျှ ကြာမည်နည်း။ ၁ စက္ကန့်။ မဟုတ်ပေ ၁ စက္ကန့်ပင် မကြာချေ။ သူ၏ AI ဦးနှောက်က ချက်ချင်းပင် အဖြေကို ရ၏။ ထို့နောက် ရှမ့်လန်က နံရံပေါ်ရှိ ပဉ္စမစာကြောင်းပေါ်တွင် အဖြေကို ရေးရန် လိုအပ်၏။ သို့သော်ငြား စုတ်တံ မရှိဘဲ သူမည်သို့ ရေးရမည်နည်း။ သူ၏ လက်ကို ကိုက်ပြီး သွေးနှင့် စာရေးရမည်လား။
မဟုတ်သေးပေ။ ဤကျိန်စာသင့် နံပါတ်က အရမ်းကို ရှည်၏။ သူ့သွေး တစ်ဝက်လောက် ကုန်လိမ့်မည်။ ခဏလောက် တွေးပြီးနောက် ရှမ့်လန်က သူ၏အိတ်ကပ်ထဲရှိ ဘောပင်တစ်ချောင်းကို ထုတ်ယူ၏။ ထိုအရာက ကျောက်မဲကျွန်းပေါ်ရှိ ရှေးဟောင်းအမွေအနှစ် ဝင်ပေါက်မှ ဘောပင်နှင့် အတိအကျ တူညီ၏။
ဟုတ်ပေ၏။ ဤဘောပင်တော့ မဟုတ်ချေ။ ထိုအရာကို စေတီတောင်က သိမ်းယူသွားခဲ့ပြီး ဖြစ်၏။ သူက ပစ္စည်းဖွဲ့စည်းမှုကို စကန်ဖတ်ပြီးနောက် ကိုယ်တိုင် ပြန်လည် ပြုလုပ်ထားခဲ့ခြင်းပင်။ ရှင်းရှင်းလင်းလင်း ပြောရမည်ဆိုလျှင် ဤအရာက ကျောက်မဲကျွန်းပေါ်ရှိ အထူးကျောက်တစ်မျိုးကနေ ပြုလုပ်ထားခြင်း ဖြစ်ပြီး အထူးသံလိုက်စွမ်းအင်နှင့် ဓာတ်ရောင်ခြည် အနည်းငယ် ရှိသည်။
ရှမ့်လန်က ရှေ့ကိုတိုးပြီး အဖြေကို ရေးသည်။ ထိုအရာက ဂဏန်း ၁၀ လုံးကျော် ရှည်လျားသည့် နံပါတ်တန်း ဖြစ်၏။
ရေးပြီးနောက် ရှမ့်လန်က နောက်သို့ ဆုတ်ခွာလိုက်၏။ မည်သည့် တုံ့ပြန်မှုမှ မရှိချေ။ ရှေးဟောင်းအမွေအနှစ် ဝင်ပေါက်ကလည်း လုံးဝ ပေါ်မလာသေးပေ။ ဘာတွေ မှားယွင်းနေသနည်း။ သူ မှားယွင်းစွာ တွက်ချက်မိ သည်လား။ မဖြစ်နိုင်ပေ။ AI က မည်ကဲ့သို့ မှားယွင်းနိုင်မည်နည်း။
လီချင်းချိုးက ပြောသည်။ “ရှမ့်… စိတ်ရှည်ပါအုံး။”
ရှမ့်လန်က ပြော၏။ “ဓားဘုရင်.. ခင်ဗျား နားလည်လား။ ကျုပ် မှန်တယ်လို့ ထင်လား။”
“ငါ နားမလည်ဘူးလေ။”
လီချင်းချိုးက ပြောသည်။ “ဒါပေမယ့် မင်းက အရမ်းကို ထူးချွန်တော့ ဖြေရှင်းနိုင်မှာ သေချာတယ်။ မင်းမှာ လိုအပ်နေတာ စိတ်ရှည်မှုပဲ။”
ဟုတ်ပေ၏။ ရှမ့်လန်က ထိုင်ချပြီး စောင့်စားနေ၏။ ပြီးနောက် မျှော်လင့်ထားသည့်အတိုင်းပင် အစအန တချို့ကို ရှာဖွေတွေ့ရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ယံတွင် ရှိနေသည့် လက ရွေ့လျားသွားသောကြောင့်ပင်။ အခန်းထဲရှိ ရောင်ပြန်ဟပ်နေသည့် အလင်းက တဖြည်းဖြည်း မှေးမှိန်လာ၏။ နောက်ဆုံးမှာတော့ လုံးဝ ပျောက်ကွယ်သွား၏။ အလင်းရောင် ရှိနေဆဲ တစ်ခုတည်းသော အရာက သူ ရေးချထားသည့် အဖြေ ဖြစ်၏။
ပြီးနောက် “ဝှီ ဝှီ” ရှမ့်လန်က အောက်သို့ နိမ့်ကျ ပြုတ်ကျသွားခဲ့သကဲ့သို့ပင် ခံစားနေရ၏။ လှိုဏ်ဂူကြီး တစ်ခုလုံးက အောက်သို့ ပြုတ်ကျနေခြင်းပင်။ အရှိန်က အလွန် မြန်ဆန်သောကြောင့် နားစည်ကို ဖိထားသည် ဆိုလျှင်တောင်မှ နားများက တဝီဝီ မြည်လာ၏။ ၁၀ စက္ကန့်လောက် ကြာမြင့်ပြီးနောက် ပြုတ်ကျခြင်းက ရပ်တန့်သွား၏။ ဤနေရာက မြေအောက် ပိုနက်သည့် နေရာ ဖြစ်ပေမည်။
ရှမ့်လန် လှည့်ကြည့်လိုက်ချိန်မှာတော့ လမ်းတစ်လမ်းကို မြင်ရ၏။ ရှေ့တွင် တံတားတစ်စင်းလည်း ရှိ၏။ ထိုတံတား၏ အောက်တွင်တော့ လှိုင်းများထန်လျက် ရှိနေသည့် မြစ်တစ်စင်း ရှိ၏။ တံတားပေါ်တွင် ပန်းပုအရုပ် အမျိုးမျိုး ရှိ၏။ ယောက်ျားလေးနှင့် မိန်းကလေးတို့ပင်။
ထိုအရာများက ရှေးဟောင်းလူသားများ ဖြစ်သည်လား။ အရပ်မြင့်မားပြီး ခြေချောင်း၊ လက်ချောင်းများက သွယ်လျသည်။ ထိုသူတို့က မူလန်နှင့်ပင် အနည်းငယ် ဆင်တူ၏။ တံတား၏ ဘယ်ဘက်နှင့် ညာဘက်ခြမ်းတွင် မတူညီသည့် အမူအရာများနှင့် ပန်းပု ရာပေါင်းများစွာ ရှိ၏။ ထိုပန်းပုများ၏ မျက်လုံးများက အထူး ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသကဲ့သို့ပင်။ ကျောက်တံတားကို မြင်သာအောင် အလင်း ထုတ်လွှင့်ထား၏။
ကျောက်တံတား၏အဆုံးတွင် တံခါးချပ်တစ်ခု ရှိ၏။ ဤသည်က ရှေးဟောင်းအမွေအနှစ်သို့ ဝင်ပေါက် ဖြစ်၏။ ရှမ့်လန်နှင့် ဓားဘုရင် လီချင်းချိုးတို့က တံတားကို ဂရုတစိုက်ဖြင့် ဖြတ်လျှောက်သည်။
ထူးခြားသည်က တံတား၏ဘေးနှစ်ဖက်ရှိ ပန်းပုများ၏ မျက်လုံးများက သူတို့ကို အချိန်တိုင်း စိုက်ကြည့်နေ သကဲ့သို့ပင်။ သူတို့က တံတားအဆုံးထိ လျှောက်သွားကြသည်။ ကျောက်တံခါး၏ရှေ့သို့ ရောက်၏။ ဤနေရာတွင် တံခါးကို ဖွင့်ရန် အသုံးပြုရမည့် အပေါက်တစ်ခု ရှိနေ၏။
တံခါး၏ရှေ့တွင် ပန်းပုနှစ်ခု ရှိပြန်သည်။ တစ်ခုက အမျိုးသား ဖြစ်ပြီး ကျန်တစ်ခုက အမျိုးသမီး ဖြစ်၏။ နှစ်ယောက်လုံးက လက်ထဲတွင် ပန်းကန်ပြားတစ်ခုကို ကိုင်ထား၏။ သော့က ထိုပန်းကန်ပြားပေါ်တွင် ရှိ၏။ ထိုပန်းပု၏ လက်ထဲတွင် တစ်စုံတစ်ခု ရှိသေးသည်။
ဓားဘုရင် လီချင်းချိုးက ပေါ့ပါးစွာဖြင့် လှမ်းကာ ခုန်ပြီး ပန်းပု၏ လက်ထဲမှ အရာဝတ္ထုကို ယူ၏။ ထိုအရာက သစ်သားဓားတစ်လက် ဖြစ်၏။ ထိုအရာပေါ်တွင် စာသားအနည်းငယ် ထွင်းထုထားသည်။
“ညီတော် ရှမ့်လန်အတွက်”
သူ့နာမည်ကို မြင်ချိန်မှာတော့ ရှမ့်လန်၏ နှလုံးသားများက တုန်ယင်သွားခဲ့၏။ သူက ရှေးဟောင်း အမွေအနှစ်၏ တံခါးဝတွင် သူ့နာမည်ကို အမှန်တကယ် မြင်လိုက်ရ၏။ ဘေးတစ်ဖက်တွင် စာတစ်စောင် ရှိသည်။ ရှမ့်လန်က စာရွက်ကိုဖွင့်၏။ လက်ရေးက အလွန်ပင် ကောင်း၏။ အနည်းဆုံး ရှမ့်လန်နှင့် နင်ယွမ်ရှန်းတို့ထက်တော့ အများကြီး ပို၍ လှ၏။
“ညီလေး ရှမ့်လန်.. သစ်သားဓားကို ရယူနိုင်မယ်ဆိုရင် မင်းက အပြင်က ပုစ္ဆာကို ဖြေရှင်းပြီး ငါ့ရဲ့ အားနည်းချက်ကို ရှာတွေ့ပြီလို့ ဆိုနိုင်တယ်။ လက်ခံပါတယ်။ ညီလေး.. မင်းက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ။ ငါ လက်ခံပါတယ်။ ငါ အံ့ဩချီးကျူးပါတယ်။ ငါ အရှုံးပေးပါတယ်။ ညီလေးရှမ့်လန်.. အဲဒီ သစ်သားဓားကို ငါ့ဆီ အမြန်ဆုံး ယူလာပေးပါ။ ငါတို့ ကောင်းကောင်း စကားပြောကြတာပေါ့။ ငါ အရှုံးပေးတယ်။ ရှားကျွင်း”
ဤအရာက မင်းသားကျင်း ချန်ထားခဲ့သည်လား။ ရှမ့်လန်က ထိတ်လန့်သွား၏။ ထို့အပြင် အံ့ချီးနပန်းလည်း ဖြစ်မိ၏။
ဓားဘုရင်လီချင်းချိုးက သူ၏ဘဝကိုပင် သံသယ ဝင်လာမိ၏။ သူက ဉာဏ်ရည် ချို့တဲ့သလိုပင် ခံစားလိုက်မိ၏။ ရှမ့်လန်နှင့် မင်းသားကျင်းတို့ကဲ့သို့ ဉာဏ်ရည်မြင့်မားသူများကို မျက်ဝါးထင်ထင် မြင်ရချိန်မှာတော့ သူ၏ ဉာဏ်ရည်က အရူးကြီးနှင့် မည်သို့မှ မကွာခြားသလိုပင်။
ခဏကြာမှာတော့ လီချင်းချိုးက မေး၏။ “ရှမ့်… မင်းသားကျင်းက မင်း ဒီနေရာကို ရှာတွေ့လိမ့်မယ်လို့ ခန့်မှန်းခဲ့တာလား။”
“သူ ခန့်မှန်းခဲ့တယ်လို့တော့ မပြောနိုင်ဘူး။ ဒါက သူ့ရဲ့ အဆိုးဝါးဆုံး အရံအစီအစဉ်တစ်ခုပဲ။”
ရှမ့်လန်က ပြောသည်။ “ဖြစ်မလာဖို့ အလွန်အမင်း မျှော်လင့်ထားရတဲ့ အစီအစဉ်လည်းဖြစ်တယ်။”
တကယ်တော့ ရှမ့်လန်ကလည်း စိတ်ပန်းဆိုင်ရာအရ ပင်ပန်းနွမ်းနယ်၏။ မင်းသားကျင်းနှင့် တိုက်ခိုက် ရသည်က မလွယ်ကူပေ။ သူ မည်မျှ ပြင်ဆင်ခဲ့ရသနည်း။ ဒုတိယ နိဗ္ဗာန တပ်တော်၊ ပထမ နိဗ္ဗာန တပ်တော်၊ ထို့ပြင် ရွှေနဂါးသွေး။ သူက ပထမဦးဆုံး နန်အိုမြို့တော်ကို တိုက်ခိုက်ရန် အစီအစဉ် ရေးဆွဲခဲ့သော်လည်း အောင်မြင်မည် မဟုတ်ဟု ခံစားရသောကြောင့် လက်လျှော့ခဲ့၏။ ပြီးနောက် သူက ပိုမိုကု အရူးထသည့် အစီအစဉ်တစ်ခုကို ရွေးချယ်ကာဖြင့် တာ့နန်မြို့တော်ကို တိုက်ခိုက်ရန် ပြင်ဆင်ခဲ့၏။ သူ ရှုံးနိမ့်ခဲ့၏။
နောက်ဆုံးမှာတော့ သူက ရှေးဟောင်းအမွေအနှစ်၏ဖြစ်နိုင်ခြေကို ရှာဖွေရန် သူ့စိတ်ကူးဉာဏ်ကို အလွန်အမင်း အသုံးပြုခဲ့ရပြီး မြွေတွင်းတစ်သောင်းကို ဖြတ်ကျော်ကာ ဝင်ပေါက်ကို ရှာဖွေတွေ့ရှိခဲ့၏။ နောက်ဆုံးရှေးပုစ္ဆာကိုပင် ဖြေရှင်းခဲ့ရ၏။ နောက်ဆုံးတွင် အောင်မြင်ခဲ့သည်။
ဤတစ်ကြိမ် သူ အနိုင်ရခဲ့သည်လား။ ဟုတ်ပေ၏။ သူက မင်းသားကျင်းကို အနည်းငယ်လေးတော့ အနိုင်ရခဲ့၏။ ထို့အပြင် ဤသည်က မင်းသားကျင်း၏ တွက်ချက်မှုထဲတွင်လည်း ပါဝင်နေပြန်၏။ သို့သော်ငြား ရှေးဟောင်းအမွေအနှစ်က မင်းသားကျင်း၏ အားနည်းချက်ဖြစ်သည်။ ရှမ့်လန် ထိုအရာကို ထိသည်နှင့် အနိုင်ရသည်ဟု သတ်မှတ်နိုင်၏။
“သွားကြစို့။” ရှမ့်လန်က ပြောသည်။
လီချင်းချိုးက အံ့အားသင့်သွား၏။ “ငါတို့ ဒီတိုင်းပဲ ထွက်သွားတော့မှာလား။ အတွင်းကို မဝင်ဘူးလား။”
ရှမ့်လန်က ပြောသည်။ “ကျုပ်တို့ ဝင်လို့မရဘူး။ သော့က မင်းသားကျင်းရဲ့ လက်ထဲမှာ ရှိနေတယ်။”
လီချင်းချိုးက မေးလိုက်၏။ “ဒါဆိုရင် ငါတို့ နိုင်သွားပြီလား။”
ရှမ့်လန်က ဖြေသည်။ “အင်း… နိုင်သွားပြီ။”
လီချင်းချိုးက ထကာ အော်ဟစ်လိုက်မိ၏။ “မင်းတို့နှစ်ယောက်က တကယ့်ကို အံ့ချီးနပမ်းကောင်တွေပဲ။"
ရှမ့်လန်က အမှန်တကယ် အနိုင်ရရှိ၏။ ဘယ်ကြောင့်ဆိုသော် သူက ရှေးဟောင်းအမွေအနှစ်ထဲသို့ ဝင်ရန် မလိုအပ်သလို ဖျက်ဆီးရန်လည်း မလိုအပ်သောကြောင့်ပင်။
သူ လုပ်ဖို့ လိုသည်မှာ ဤရှေးဟောင်း အမွေအနှစ်ကို လူသိရှင်ကြား ထုတ်ဖော်ရန်နှင့် အဖြေကို လူအများသို့ ထုတ်ဖော်ပြရန်သာ ဖြစ်၏။ ဤအချိန်တွင် ကောင်းကင်ပင်လယ်နန်းဆောင်၊ စေတီတောင်၊ တော်ဝင်ရန်အင်ပါယာကပင်လျှင် အုံကြွ လာပေလိမ့်မည်။ ထိုအရာက မင်းသားကျင်းအတွက် ဘေးအန္တရာယ်ကြီးတစ်ခု ဖြစ်ပေလိမ့်မည်။ ဤရှေးဟောင်းအမွေအနှစ်က သူ၏ အသက်သွေးကြော ဖြစ်၏။ သူ၏ နိုင်ငံကို အားကောင်းစေမည့် တစ်ခုတည်းသော မျှော်လင့်ချက်ပင်။ ထို့ကြောင့် အထဲသို့ ဝင်ပြစရာမလိုဘဲ မင်းသားကျင်းကို အနိုင်ရခဲ့ခြင်းပင်။
သူတို့က တောက်ပသည့် လှိုဏ်ဂူငယ်လေးဆီသို့ ပြန်လည်ရောက်ရှိလာ၏။ သို့သော်ငြား အပေါ်သို့ မတက်သေးချေ။ မတက်လျှင် ရှမ့်လန်က မြေပြင်ပေါ်သို့ ပြန်နိုင်မည် မဟုတ်ချေ။
လီချင်းချိုးက မေး၏။ “ငါတို့ ယန္တရား တစ်ခုခုကို ဖွင့်ဖို့ လိုအပ်သေးလား။”
ရှမ့်လန်က ပြန်ဖြေသည်။ “အင်း… ဦးရီးတော် စိတ်မပူပါနဲ့။ ဒါက ရေရဲ့ စွမ်းအားပေါ် မူတည်တယ်။ အစောပိုင်းတုန်းက ကျုပ်တို့မြင်ခဲ့ရတာက မြေအောက်မြစ်ပဲ။ ကျုပ်တို့က လက်ရှိ ရေစွမ်းအားကို စုဆောင်းနေတာပဲ။ လုံလောက်တဲ့ရေကို စုဆောင်းမိတာနဲ့ ဒီအရာက အလိုအလျောက် အသက်ဝင်ပြီး လှိုဏ်ဂူငယ်လေးက အပေါ်ကို ပြန်တက်သွားလိမ့်မယ်။”
အပိုင်း (၆၈၀)
အမှန်ပင် ၁၅ မိနစ်ခန့် ကြာပြီးနောက် လှိုဏ်ဂူငယ်လေးက အပေါ်သို့ တက်လာ၏။ ၁၀ စက္ကန့် ကြာပြီးနောက် သူတို့က မူလနေရာဖြစ်သည့် မြွေတွင်းတစ်သောင်းသို့ ပြန်လည်ရောက်ရှိ၏။ ဝင်္ကပါကဲ့သို့သော လှိုဏ်ဂူကို ဖြတ်သန်းပြီးနောက် သူတို့က လှိုဏ်ဂူကြီးဆီသို့ ပြန်လည်ရောက်ရှိပြန်၏။ ဤနေရာတွင် မြွေဆိုး ထောင်ပေါင်းများစွာတို့ ကွန်းခိုနေ၏။
သို့သော်ငြား ရှမ့်လန်နှင့် လီချင်းချိုးတို့ လျှောက်သွားချိန်မှာတော့ မြွေဆိုးများက လမ်းဖယ်ပေးကြ၏။ ထိုအကောင်များက ကိုယ့်ကိစ္စကိုယ် လုပ်နေကြ၏။ ရှမ့်လန်နှင့် လီချင်းချိုးတို့က ကြိုးများဖြင့် မိမိ၏ ကိုယ်ကို ချည်နှောင်ပြီး အရူးကြီးကို ဆွဲတင်စေ၏။ ပြီးနောက် နှစ်ယောက်လုံးက တိမ်စီးသကဲ့သို့ အပေါ်သို့ တက်သွားကြသည်။
အရူးကြီးက တကယ်ပင် အစွမ်းထက်၏။ သူ၏ခွန်အားက ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုလျှင် အလွန်ပင် ကြီးမား၏။ ရှမ့်လန်နှင့် လီချင်းချိုးတို့က စုစုပေါင်း အလေးချိန် ကီလိုဂရမ် ၁၅၀ နီးပါး ရှိသော်လည်း အရူးကြီးက ဘာမှ အားမသုံးရသကဲ့သို့ပင် ဆွဲတင်လျက် ရှိ၏။
………..
မြေပြင်ပေါ်သို့ ပြန်ရောက်ပြီးနောက် ရှမ့်လန်က နိဗ္ဗာနစခန်းဆီသို့ ပြန်လာ၏။ မမျှော်လင့်ထားသည့်အရာ ဘာတစ်ခုမှ မဖြစ်ပွားခဲ့ချေ။
ရှမ့်လန်က ပြော၏။ “အရူးကြီး… ဒီစာကို တာ့နန်နိုင်ငံမြို့တော်က အဘိုးကြီး အကြံပေးရှားရင်ဆီကို ပို့လိုက်။”
“ကောင်းပြီ။” အရူးကြီးက စာကို လှမ်းယူပြီး အလျှင်အမြန် ပြေးထွက်သွား၏။ မျက်စိတစ်မှိတ်အတွင်း သူက ပျောက်ကွယ်သွားခဲ့၏။ အရှိန်က မြင်းထက်ပင် ပို၍ မြန်သည်။
အရူးကြီးက သဲကန္တာရ လူရိုင်းမျိုးနွယ််၏ တာ့နန်နိုင်ငံ တံခါးဝသို့ တဖန် ရောက်လာ၏။
“အရူးကြီး… ရှင် ဝင်လာမလို့လား။” သဲကန္တာရ လူရိုင်းမျိုးနွယ် အမျိုးသမီးတစ်ဦးက မြို့ရိုးပေါ်မှ လှမ်းအော်သည်။
“ဟုတ်တယ်။” အရူးကြီးက ထကာ အော်၏။
ခဏအတွင်းမှာပဲ မြို့တံခါးများ ပွင့်သွား၏။ ပြီးနောက် သဲကန္တာရလူရိုင်းမျိုးနွယ် အမျိုးသမီးက ပြောသည်။ “အရူးကြီး… ရှင် ဒီမှာ နေမလို့လား။ အစ်မကြီးက ရှင့်ရဲ့ မိန်းမ လုပ်ပေးပြီး ကလေးလည်းမွေးပေးမယ်။”
အရူးကြီး၏မျက်နှာက နီရဲသွား၏။ သူက ခေါင်းကို ခါယမ်းလိုက်၏။ “မနေပါဘူး။ ကျုပ်မှာ မိန်းမနဲ့ ကလေးတွေ ရှိပြီးသားပဲ။”
ပြီးနောက် သူက မြို့ထဲသို့ အသာပင် ပြေးဝင်သွားခဲ့သည်။ “အဘိုးအို ဘယ်မှာလဲ။”
အကြံပေး ရှားရင်၏ နာမည်ကို သူ မမှတ်မိချေ။
ခဏကြာမှတော့ အဘိုးအိုက ပေါ်လာ၏။ “အရူးကြီး… ရှမ့်က မင်းကို မှာလိုက်တဲ့စကား ရှိလို့လား။”
အကြံပေး ရှားရင်က အရူးကြီးကို ကြင်နာသည့် အကြည့်ဖြင့် ကြည့်သည်။
“အင်း… ဒီမှာ။” အရူးကြီးက စာကို ကမ်းပေး၏။
ရှားရင်က ဖွင့်ဖတ်၏။ သူ၏ ခန္ဓာကိုယ်က မယုံကြည်နိုင်လောက်အောင် တုန်ယင်သွားခဲ့၏။ ဤသည်က ရှေးဟောင်းအမွေအနှစ်များ၏ ပြင်ပတွင် မင်းသားကျင်း ရှမ့်လန်အတွက် ချန်ထားခဲ့သည့် စာဖြစ်၏။ အကြံပေးရှားရင်က ထိုအရာကို အကြိမ်ကြိမ် ဖတ်၏။ ဟုတ်ပေ၏။ ဤစာက အတုပြုလုပ်ထားသည်ဟု သူ သံသယ မဝင်ချေ။ အလွန်ထိတ်လန့်လွန်းသောကြောင့် အချိန်ယူကာ ထပ်တလဲလဲ ဖတ်မိနေခြင်းပင်။
ဤရှမ့်လန်က တကယ်ပင် အစွမ်းထက်သည်လား။ လက်ရှိအချိန်တွင် သူတို့ဘုရင်၏ အားနည်းချက်ကိုပင် ရှာတွေ့ခဲ့သေး၏။ တကယ့်ကို အစွမ်းထက်လွန်းလှချေ၏။ ရှမ့်လန်၏ ဉာဏ်ရည်က ကြောက်ခမန်းလိလိပင်။
ပြီးနောက် ရှားရင်က အံ့ဩချီးကျူးစွာဖြင့် သက်ပြင်းချလိုက်၏။ ရှမ့်လန် နှင့် သူ၏ ဘုရင်မင်းမြတ် ... ထိုနှစ်ဦးတို့က အမှန်တကယ်ပင် ထိပ်တန်း ပြိုင်ဘက်များ ဖြစ်ပေ၏။
“ကောင်းပြီ။ ကျေးဇူးပြုပြီး ပြန်သွားပြီး ရှမ့်ကို ပြောပါအုံး။ ဒီစာကို ဘုရင့်ဆီကို အမြန်ဆုံး ပို့ပေးပါ့မယ်လို့။”
ဆရာကြီး ရှားရင်က ပြောလိုက်သည်။ ပြီးတော့ “ကျေးဇူးပြုပြီး သူ့ကို ကျုပ် ကျေးဇူးအများကြီး တင်ပါတယ်လို့ ပြောပေးပါ။”
အရူးကြီးက စကားကို အလွတ်ကျက်မှတ်၏။ “ခင်ဗျား တစ်ခါ ပြန်ပြောအုံး။ အရမ်းရှည်တယ်။ မမှတ်မိနိုင်ဘူး။”
ရှားရင်က ထပ်မံကာ ပြောသည်။
“ကောင်းပြီ ကျုပ် မှတ်မိပြီ။” အရူးကြီးက လှည့်ကာ ပြေးထွက်သွား၏။
မြို့တံခါးမှ ပြေးထွက်သွားချိန်မှာတော့ သဲကန္တာရ အမျိုးသမီး စစ်သည်တော်က လှမ်းကာ အော်သည်။ “အရူးကြီး… ခဏလောက် မနေချင်ဘူးလား။ ငါ့အတွက် ကလေးတစ်ယောက်လောက် ချန်ထားပါလား။”
အရူးကြီးက တစ်ဖက်သား စကားပြောခြင်းကို လျစ်လျူရှုခြင်းက ရိုင်းသည်ဟု ခံစားရ၏။ သို့သော်ငြား တစ်ဖက်လူ ဘာဆိုလိုသည်ကို သူ နားမလည်ချေ။ “ခင်ဗျား ဘာကို ဆိုလိုတာလဲ။”
သဲကန္တာရအမျိုးသမီး စစ်သည်တော်က လှမ်းကာ ပြော၏။ “ရှင် ကျွန်မနဲ့ အိပ်မလားမေးတာ။"
“မဖြစ်ဘူး။ မဖြစ်ဘူး။ ကျုပ် သွားရမယ်။”
အရူးကြီးက ထွက်ပြေးသွား၏။ ပြီးနောက် သူက တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိ၏။ “မဟုတ်သေးပါဘူး။ ခုဏတုန်းက ကျက်ထားတဲ့ စကားတွေ မေ့သွားပြီ။”
သို့သော်ငြား သူ မြို့ထဲသို့ ထပ်ဝင်ရန် သတ္တိမရှိတော့ချေ။ ဤအမျိုးသမီးက ကြောက်စရာကောင်း၏။ အရူးကြီးက ရှမ့်လန်ဆီသို့ ပြေးသွားပြီး လျင်မြန်စွာ ပြောသည်။ “အဘိုးကြီးက ကိစ္စမရှိဘူးလို့ ပြောတယ်။ ဒီစာကို သူ့ဘုရင်ဆီ အမြန်ဆုံး ပို့ပေးမယ်တဲ့။ ပြီးတော့ မင်းကို အရမ်းကျေးဇူးတင်တယ်တဲ့။”
ရှမ့်လန်က ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ။ သိပြီ။ သွားကြရအောင်။” ရှမ့်လန်က အမိန့်ပေးလိုက်၏။ နိဗ္ဗာန စစ်သည် ၂၀၀၀ က မြောက်ဘက်သို့ ဦးတည်၏။ သူတို့က ချင်နိုင်ငံဆီသို့ ပြန်လာကြ၏။
…………..
နှစ်ရက်ကြာမြင့်ပြီးနောက် နန်အိုနိုင်ငံ၏မြို့တော်မှာတော့ ဘုရင်ခံကျူးကျွင်းက ကျူးဟုန်ကျူးထံမှ လျှို့ဝှက်စာ တစ်စောင်ကို ရရှိ၏။ ကျူးနင်ကို တတိယမင်းသားနင်ချီနှင့် လက်ထပ်ထိမ်းမြားပေးခဲ့ပြီး ကျုံးရှစ်ရှစ်ကို ကျူးဟုန်ပင်းနှင့်လက်ထပ်ထိမ်းမြားမည်။
စာကိုဖတ်ပြီးနောက် ကျူးကျွင်းက တကယ်ပင် တုန်လှုပ်သွားခဲ့၏။ သူက အံ့အားသင့်သွားသော်လည်း အလွန်အမင်း အံ့အားသင့်ခြင်းတော့ မဟုတ်ချေ။ ယနေ့ ရောက်ရှိလာခဲ့ပြီ။ ဆိုလိုသည်က ကျူးမျိုးနွယ်က နင်ယီကို လုံးဝစွန့်လွှတ်ပြီး နင်ချီကို ထောက်ခံရန် ပြောင်းလဲခဲ့ပြီ။ စာထဲတွင် လျှို့ဝှက်ကုဒ် တစ်ခုလည်း ပါရှိ၏။ ကျူးကျွင်းသည်သာလျှင် ထိုလျှို့ဝှက်စာကို ဖော်နိုင်၏။
အကြောင်းရင်းက ရိုးရှင်းသော်လည်း ပိုမို၍ ထိတ်လန့်စရာ ကောင်း၏။ သူတို့က အာဏာသိမ်းရန် ပြင်ဆင်နေကြပြီး နင်ယွမ်ရှန်းကို ဖယ်ရှားမှာဖြစ်သည်။ ထျန်းနန်ပြည်နယ်တစ်ခုလုံးကို စွန့်လွှတ်ရန် အဆင်သင့်ရှိကြောင်း မင်းသားကျင်းအား တင်ပြပြီး ညှိနှိုင်း ဆွေးနွေးရန် အခွင့်အာဏာ အပြည့်အဝရှိကြောင်း ကျူးကျွင်းအား တာဝန်ပေးအပ်ခဲ့သည်။။
“ဦးရီးတော်…. အဘိုးရဲ့ နောက်ဆုံး ညွှန်ကြားချက်က ဘာလဲ။” နင်ယီက ပြေးဝင်လာခဲ့၏။ ဘာပဲပြောပြော ဤအရာက နန်အိုနိုင်ငံ ဖြစ်၏။ တစ်စုံတစ်ဦး ကျူးကျွင်းကို ရှာနေသည်အား လျှို့ဝှက်ထားဖို့ ခက်၏။
နင်ယီ၏ မျက်လုံးထဲတွင် မလုံမလဲ ဖြစ်လို့နေ၏။ အဘယ့်ကြောင့်ဆိုသော် မင်းသားကျင်းက ဤကိစ္စကို ထောက်ပြခဲ့ပြီး ကျူးမျိုးနွယ်စုက သူတို့၏ ရပ်တည်ချက်ကို ပြောင်းလဲကာ နင်ချီကို ထောက်ခံနိုင်ကြောင်း ပြောခဲ့သောကြောင့်ပင်။ နင်ယီက မယုံကြည်သော်လည်း ယုံကြည်ရမည့် အခြေအနေမျိုး ဖြစ်၏။ တစ်ဖက်လူများကလည်း အပြစ်ကင်းသူ မဟုတ်ချေ။
ကျူးကျွင်းက ပြုံးကာ ပြောသည်။ “အဖေက တော်ဝင်ရန်အင်ပါယာအပေါ် သစ္စာရှိဖို့ တောင်းဆိုနေတာပဲ။ ကျုပ်ကို မင်းသားကျင်းနဲ့ စစ်ပြေငြိမ်းဖို့ ထပ်မံ ဆွေးနွေးဖို့ ပြောခဲ့တယ်။”
“တကယ်လား။ အဲဒါဆိုရင် ကောင်းတာပေါ့။” နင်ယီက ပျော်ရွှင်သွား၏။
……….
မင်းသားကျင်း၏ မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်တော့ စိုးရိမ်ပူပန်နေ၏။ တာ့နန်နိုင်ငံ ဆီမှ ဘာသတင်းမှ မကြားရပေ။ သတင်းမကြားရခြင်းကလည်း သတင်းကောင်း ဖြစ်၏။ သတင်းမကြားရဖို့လည်း သူ မျှော်လင့်၏။ ၅ ရက် သို့မဟုတ် ၆ ရက်အတွင်း သတင်းဆိုးမရှိပါက အခြေအနေ တည်ငြိမ်သွားအေမည်။
သူက ဆရာကြီး ရှားရင်ကို ယုံကြည်၏။ ထိုသူက ထိပ်တန်းပညာရှင်ဖြစ်ပြီး အရာအားလုံးကို ကိုင်တွယ် ဖြေရှင်းနိုင်၏။ သူက မြေပုံပေါ်တွင် ရပ်ပြီး တာ့နန်နိုင်ငံ၏ ဦးတည်ရာကို ကြည့်၏။ ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြော၏။ “ရှမ့်လန်… အဲဒီအကြောင်းကို မစဉ်းစားမိပါစေနဲ့။”
သူ၏မိန်းမ ရှားမန်က ရှေ့သို့တက်လာပြီး မင်းသားကျင်း၏ ခါးကို ဖက်သည်။
“ယောက်ျား.. စိတ်မပူနဲ့။ ရှင်က ကောင်းကင်က ရွေးချယ်ထားတဲ့ လူပဲ။ ရှမ့်လန်က ရှင့်ကို ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ဘူး။ တာ့နန်နိုင်ငံမှာ အံ့ဖွယ်ကိစ္စရပ်တွေ ဖြစ်လာမှာ မဟုတ်ပါဘူး။”
ပြီးနောက် သူမက ပြော၏။ “စုနန်က လျှို့ဝှက်စာ တစ်စောင် ပို့လိုက်တယ်။ ရန်ကော့မြို့ရဲ့ မြို့စောင့် တပ်သားတွေက ရွှေနဂါးသွေးအာနိသင်တွေ စတင် မှေးမှိန်နေပြီတဲ့။ ရှမ့်လန်က ပထမ နိဗ္ဗာန တပ်တော်ကို အသေးစား သွေးတိုးစမ်း တိုက်ခိုက်မှုတွေကို ဖြေရှင်းဖို့ အမိန့်ပေးထားကြောင်း သူ သိသွားပြီ။ နောက်ထပ် ၃ ရက် သို့မဟုတ် ၄ ရက်အတွင်း ရွှေနဂါးသွေးရဲ့ အာနိသင်က လုံးဝ မှေးမှိန်သွားမယ်။ အဲဒီအချိန်ကျရင် သူက မြို့ကို ထပ်ပြီး တိုက်လိမ့်မယ်။
အဲအချိန်ရောက်ရင် ရန်ကော့မြို့ကို အလွယ်တကူ ထိုးဖောက်နိုင်လိမ့်မယ်။ ပြီးရင် စစ်သည်တွေကို မြောက်ဘက်ဆီ ဦးဆောင်ပြီး ရွှဲ့ပြည်နယ်ရဲ့နန်းမြို့တော်ကို တိုက်ခိုက်မယ်တဲ့။ ရွှမ်ဝူနယ်စားကြီးရဲ့ စံအိမ်လည်း ရှိတယ်။ ကျင်းမူလန်က သူတို့ရဲ့ မြားပစ်သမားသုံးထောင်နဲ့အတူ ထွက်ခွာသွားခဲ့တာမို့ ရဲတိုက်ကလည်း ဗလာဟင်းလင်း ဖြစ်နေတယ်။ အဖေနဲ့ နန်းကုန်းအိုတို့ရဲ့ ပူပေါင်းတပ်ဖွဲ့က ရွှမ်ဝူနယ်စားကြီး စံအိမ်ကို သိမ်းပိုက်နိုင်လိမ့်မယ်။ ရွဲ့ပြည်နယ် ပျက်စီးမဲ့ကံကြမ္မာက ရှောင်လွှဲလို့ မရတော့ဘူး။
နင်ယွမ်ရှန်းက နန်းတော်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မယ်။ ယောက်ျား.. ရှင် လက်စားချေနိုင်ပြီ။ ယောက်ျား ရှင်က .. ချောင်ဘုရင်နဲ့ ဝူဘုရင်တို့ မလုပ်နိုင်ခဲ့တဲ့ အရာကို လုပ်နိုင်ခဲ့ပြီ။ တောင်ပိုင်း အင်အားကြီးနိုင်ငံ ရွဲ့ကို လုံးဝဖျက်ဆီးနိုင်ခဲ့ပြီ။”
ဘုရင်မရှားမန်က စကားပြောရင်း သွေးများပင် ဆူပွက်လာခဲ့၏။
ထိုအချိန်မှာပဲ အပြင်ဘက်မှ ယုံကြည်ရသည့် လက်အောက်ခံတစ်ဦး၏ အသံက ထွက်ပေါ်လာခဲ့သည်။ “အရှင်မင်းကြီး.. ကျူးကျွင်းက တွေ့ချင်နေပါတယ်။”
မင်းသားကျင်းက လက်ကို ဝှေ့ယမ်းလိုက်၏။ သူက တွေ့ချင်စိတ် မရှိချေ။ သို့သော်ငြား မတွေ့၍ မဖြစ်ပေ။ ထို့ကြောင့် သူက တွေ့ဆုံရန် ဆုံးဖြတ်လိုက်၏။
………….
“မင်းသားကျင်း… ကျုပ် နောက်ပြောမယ့် စကားက ရွှဲ့ပြည်နယ် အစိုးရသစ်ရဲ့ ဆန္ဒကို ကိုယ်စားပြုတယ်။ ဒါက တော်ဝင်ရန် အင်ပါယာ မီးတောက်မြို့က ကျူးမျိုးနွယ်စုရဲ့ ဆန္ဒကိုလည်း ကိုယ်စားပြုတယ်။ ကျုပ်တို့ ထျန်းနန်စီရင်စုတစ်ခုလုံးကို ခင်ဗျားဆီ ပေးအပ်ဖို့ ဆန္ဒရှိတယ်။ ကျေးဇူးပြုပြီး စစ်ပွဲကို ရပ်တန့်ပေးပါ။” ကျူးကျွင်းက ပြောသည်။
မင်းသားကျင်းက ပြော၏။ “ကျူးမျိုးနွယ်စုက နင်ယီကို လုံးဝစွန့်လွှတ်ပြီး နင်ချီကို ထောက်ခံဖို့ ပြောင်းလဲ သွားခဲ့ပြီလား။ ဒါဆိုရင် ရွှယ်မိသားစုရဲ့ ရေတပ်က နုရှောင့်မြို့ကို သွားပြီး တိုက်ခိုက်တော့မှာလား။”
ကျူးကျွင်းက သက်ပြင်းချလိုက်၏။ ဉာဏ်ရည်ထက်မြက်သူနှင့် ညှိနှိုင်းဆွေးနွေးခြင်းက တကယ့်ကို လွယ်ကူပြီး သူ့ကို ပင်ပန်းရ သက်သာစေသည်။ မင်းသားကျင်းက သူ၏ သဘောထားအသစ်မှ အခြေအနေ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် တွက်ချက်နိုင်သည်။
ဘုရင်မ ရှားမန်က ပြော၏။ “အချိန်မဖြုန်းနဲ့တော့။ တာ့နန်နိုင်ငံရဲ့ စစ်တပ်က ရွှမ်ဝူနယ်စားကြီးရဲ့ စံအိမ်ကို မကြာခင် အနိုင်ယူပြီး ရန်ကော့မြို့ကို သိမ်းပိုက်နိုင်လိမ့်မယ်။ ပြီးရင် စစ်တပ်နှစ်ခုပေါင်းပြီး ရွှဲ့ပြည်နယ်ရဲ့ ထျန်းရွဲ့မြို့တော်ကို တိုက်ရိုက် တိုက်ခိုက်လိမ့်မယ်။ ရှင်တို့ရဲ့ ရွဲ့ပြည်နယ်က ပျက်စီးသွားတော့မှာ။”
ကျူးကျွင်းက ပြောသည်။ “ဘာလို့လဲ။ မင်းသားကျင်း… ခင်ဗျား ကျုပ်တို့ ရွှဲ့ပြည်နယ်ကို မဖျက်ဆီးချင်ဘူးလို့ မပြောခဲ့ဘူးလား။ ခင်ဗျား အရင်က အရမ်းကို ရက်ရောတဲ့ အခြေအနေ တစ်ခုကို အဆိုပြုခဲ့တာပဲ။”
မင်းသားကျင်းက ဘာတစ်ခုမှ မဆိုချေ။ ဘုရင်မ ရှားမန်က ပြော၏။ “ရွဲ့ဘုရင်နင်ယွမ်ရှန်းက ကျွန်မရဲ့ ယောက္ခမကို ပရိယာယ်နဲ့ လုပ်ကြံခဲ့တုန်းက ဒီနေ့လိုနေ့မျိုးအကြောင်း ဘာလို့ မစဉ်းစားခဲ့တာလဲ။ ကျွန်မရဲ့ယောက်ျား ရွဲ့ပြည်နယ်ကို ဖျက်ဆီးပစ်တာလည်း သူ့ရဲ့ ထူးချွန်တဲ့အောင်မြင်မှုကို ဖော်ပြပြီး လောကကို တုန်လှုပ်စေချင်လို့ပဲ”
မင်းသားကျင်းက ဘာမှ မပြောချေ။ ဘုရင်မ ရှားမန်က ပြောသည်။ “လာကြ။ အုပ်ချုပ်ရေးမှူး ကျူးကျွင်းကို မောင်းထုတ်လိုက်တော့။ ငါတို့ ဆွေးနွေးနေမှာ မဟုတ်ဘူး။”
အုပ်ချုပ်ရေးမှူး ကျူးကျွင်းကို မောင်းထုတ်လိုက်ကြသည်။
ကျူးကျွင်း ထွက်ခွာသွားပြီးနောက် ဘုရင်မ ရှားမန်က ပြော၏။ “ယောက်ျား… ဘာလို့လဲ။ အရင်က ရှင် စီရင်စုငါးခုကိုပဲ တောင်းဆိုခဲ့တာ။ ရွဲ့ပြည်နယ်ကို ဖျက်ဆီးဖို့ အစီအစဉ် မရှိခဲ့ဘူး။”
မင်းသားကျင်းကပြော၏။ “နင်ယွမ်ရှန်းက ငါ့ရဲ့ရက်ရောမှုကို ပယ်ချခဲ့တယ်။ ဒါကြောင့် ငါ ... ငါ့ရဲ့ အစွမ်းကို ပြရတော့မယ်။ ပြီးတော့ အခြေအနေက မကောင်းတဲ့ဘက်ကို ဦးတည်နေတယ်။ ဝူဘုရင်က ဖိအားအောက်မှာ စစ်တပ်ကို စေလွှတ်မှာ မဟုတ်ဘူး။ ရွှဲ့ပြည်နယ်က သူ့ရဲ့နယ်မြေအများစုကို ထိန်းသိမ်းထားခဲ့တယ်။ ဒါက ငါတို့ရဲ့ အကျိုးစီးပွားနဲ့ မကိုက်ညီဘူး။
ငါတို့ ရွှဲ့ပြည်နယ်ရဲ့ နန်းမြို့တော်ကို ရောက်တာနဲ့ နင်ချီရဲ့အာဏာသိမ်းမှုက ပျက်ပြားသွားလိမ့်မယ်။ ဝူဘုရင်ကလည်း ညှိနှိုင်းဖို့ လမ်းမရှိတော့ဘူး။ သူက စစ်သည်တွေကို ချက်ချင်း စေလွှတ်ဖို့ ရွေးချယ်လိမ့်မယ်။ မဟုတ်ရင် သူက ဒီအသားကို စားရမှာ မဟုတ်ဘူး။”
“နင်ချီက အာဏာသိမ်းချင်တာလား။”
“ဟုတ်တယ်။ ဒါပေမယ့် ငါ ရွှဲ့ပြည်နယ်ရဲ့ မြို့တော်ကို ဖျက်ဆီးပြီးမှ ဆွေးနွေးမယ်။ အခု မဆွေးနွေးသေးဘူး။ ချက်ချင်း စုနန်ဆီကို စာပို့လိုက်။ စာရတာနဲ့ ရန်ကော့မြို့ကို ချက်ချင်း တိုက်ခိုက်ဖို့ ပြောလိုက်။ ရွှဲ့ပြည်နယ် မြို့စောင့်တပ်သားတွေရဲ့ ရွှေနဂါးသွေး လုံးဝပျောက်ကွယ်သွားအောင် မစောင့်တော့ဘူး။ ပြီးတော့ ထျန်းရွှဲ့မြို့တော်ကို ချက်ချင်း တိုက်ခိုက်ကြ။
ဒီအချိန်မှာ နန်းမြို့တော်က ဗလာဟင်းလင်းကြီး ဖြစ်နေပြီ။ ငါတို့ မြန်မြန် လုပ်ရမယ်။ နင်ချီရဲ့ အာဏာသိမ်းမှု အောင်မြင်သွားရင် … ဝူဘုရင် အလျှော့ပေးလိုက်ရင် အခြေအနေတွေ အကုန်လုံး နောက်ကျသွားလိမ့်မယ်။”
“ကောင်းပြီ။” ဘုရင်မ ရှားမန်က လျှို့ဝှက်စာကို ကိုယ်တိုင် ရေး၏။ ထိုအချိန်မှာပဲ ကျီးကန်း သုံးကောင်က အနောက်ဘက်မှ ရောက်ရှိလာ၏။ သူတို့က ပြတင်းပေါက်မှ တိုက်ရိုက် ပျံသန်း ဝင်ရောက်လာပြီး ဘုရင်မ ရှားမန်၏ လက်မောင်းပေါ်တွင် နား၏။
မင်းသားကျင်း၏ နှလုံးသားများက တုန်ယင်သွားသည်။ အနောက်ဘက်ကျီးကန်းထံမှစာ။ သတင်းဆိုး မဖြစ်ပါစေနှင့်။
ဘုရင်မရှားမန်က ကျီးကန်း၏ ခြေထောက်ပေါ်မှ လျှို့ဝှက်စာကို ယူပြီး မင်းသားကျင်းကို ပေးသည်။
မင်းသားကျင်းက ဖွင့်ဖတ်လိုက်၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားပြီး ထိုနေရာမှာပဲ အေးခဲလုနီးပါး ဖြစ်သွား၏။ မည်မျှ ရင်းနှီးလိုက်သည့်စာနည်း။ သူ ကိုယ်တိုင် ရေးသားခဲ့ပြီး ရှေးဟောင်း အပျက်အစီးများ တည်ရှိရာ နေရာ၏ ပြင်ပတွင် ရှမ့်လန်အတွက် ချန်ခဲ့သည့်စာ ဖြစ်နေ၏။
“မန်မန်…. ငါတို့ ရှုံးပြီ။ ရှမ့်လန် နိုင်သွားပြီ။ ငါတို့ ဒီကစားပွဲက ထွက်ခွာရတော့မယ် ထင်တယ်။ အသင့်ပြင်ကြ။ ငါ ရှမ့်လန်နဲ့ သွားပြီး ဆွေးနွေးရတော့မယ်”
...........