အခန်း (၆၈၁-၆၈၂)
Vol. 43 Ch. 681-682
အပိုင်း (၆၈၁)
ဘုရင်မရှားမန်က ထိုစကားကိုကြားချိန်မှာတော့ ချက်ချင်းပဲ မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။ “ဘာတွေ ဖြစ်ကုန်တာလဲ။ ရှမ့်လန်က တာ့နန်မြို့တော်ကို ချိုးဖောက်ဝင်ရောက်ခဲ့တာလား။ မြို့တစ်ခုလုံးကို ဓားစာခံအဖြစ် လုပ်ခဲ့တာလား။”
မင်းသားကျင်းက တခြားစာလိပ်တစ်ခုကို ထုတ်ယူလိုက်၏။ ထိုအပေါ်တွင်တော့ နိုင်ငံတော်၏ အကြံပေး ရှားရင် ရေးသားထားသည့် လျှို့ဝှက်စာ ပါရှိ၏။ တကယ့်ကို ရိုးရှင်းသည့် စာကြောင်းတစ်ကြောင်းသာ ပါသည်။
“ရှမ့်လန်က တာ့နန်မြို့တော်ကို ချိုးဖောက်ဝင်ရောက်ခဲ့တယ်ဆိုပေမဲ့ သီးခြားအခြေအနေမရှိ ပြန်လည် ဆုတ်ခွာသွားခဲ့တယ်။”
အကြောင်းရင်းက အလွန်ပင် ရိုးရှင်း၏။ မင်းသားကျင်းက တာ့နန်နိုင်ငံတွင် ဖြစ်ပျက်သည့် အရာများကို ကောင်းကောင်းခန့်မှန်းနိုင်၏။ ရှမ့်လန်က လူ့ကျင့်ဝတ်များနှင့် ပြည့်စုံသူ၊ ဖြောင့်မတ်သူနှင့် ဉာဏ်ရည် ထက်မြက်လွန်းသူ ဖြစ်၏။ အံ့မခန်းပင်။
ဖတ်ပြီးနောက် နိုင်ငံတော်အကြံပေး ရှားရင်၏ လျှို့ဝှက်စာကို သူ၏မိန်းမအား ပေးလိုက်၏။ ဘုရင်မ ရှားမန်က ခဏမျှ တုန်လှုပ်သွား၏။ ပြီးနောက် ပြော၏။ “ရှမ့်လန်က ကျင့်ဝတ်နဲ့ ပြည့်စုံတဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ သူက ကျွန်မတို့အပေါ်မှာ လူ့ကျင့်ဝတ်ရှိတဲ့ အရာတစ်ခု လုပ်ပေးခဲ့တယ်။ အပြန်အလှန်အားဖြင့် သူ့ရဲ့မိသားစုကို ပြန်ပြီးလွှတ်ပေးလိုက်ရုံပဲလေ။ ကျွန်မတို့ ဆုတ်ခွာဖို့ မလိုပါဘူး။
နိုင်ငံတွေကြားထဲမှာ လူ့ကျင့်ဝတ်ဆိုတာ ဘယ်လိုလုပ် ရှိမှာလဲ။ ဒီအခွင့်အရေးက အရမ်းကို ရှားပါးတဲ့ အခွင့်အရေးပဲလေ။ ယောက်ျား လက်စားချေဖို့၊ ပြီးတော့ ရွှဲ့ပြည်နယ်ကို ဖျက်ဆီးပစ်ပြီး ကျွန်မတို့ ဒီနေရာမှာ နှစ်ပေါင်းတစ်ရာလောက် စိုးမိုးရမယ်။”
မင်းသားကျင်းက နောက်ထပ် လျှို့ဝှက်စာစောင်ကို ထုတ်ကာပေး၏။ ဤသည်က မင်းသားကျင်း အရှုံးပေး ထားကြောင်း ဝန်ခံသည့်စာပင် ဖြစ်သည်။ ဤအချိန်မှာတော့ ဘုရင်မရှားမန်က လုံးဝ ထိတ်လန့်သွားခဲ့၏။ သူမက သူမ၏ မျက်လုံးကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေသည်။
“ရှမ့်လန်က ကျွန်မတို့ရဲ့ ရှေးဟောင်းအမွေအနှစ် တည်နေရာကို ရှာဖွေတွေ့ရှိခဲ့တာလား။”
မင်းသားကျင်းက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။”
“ဘယ်လိုဖြစ်နိုင်မှာလဲ။”
ဘုရင်မရှားမန်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ထကာ အော်မိသည်။ “ဒီမြွေတွင်းတစ်သောင်း လှိုဏ်ဂူထဲကို ရှင် တစ်ယောက်တည်း ဝင်နိုင်တာ မဟုတ်လား။ ကျွန်မတောင် မဝင်နိုင်ဘူး။ ကျွန်မ ဝင်ရင်လည်း မြွေတွေ ကိုက်သတ်တာ ခံရမှာပဲ။
လီချင်းချိုးကို ထည့်ပြောစရာမလိုဘူး။ မဟာပညာရှင်ဆယ်ယောက် ဝင်ရင်တောင် သေလိမ့်မယ်။ ရှမ့်လန်က မြွေတွင်းတစ်သောင်းကို ဘယ်လိုဖြတ်သန်းနိုင်ခဲ့တာလဲ။ မရေတွက်နိုင်တဲ့ မြွေဆိုးတွေက သူ့ကို ဘာလို့ မကိုက်တာလဲ။”
မင်းသားကျင်းက ပုခုံးတွန့်ပြ၏။
ဘုရင်မရှားမန်က ပြောသည်။ “ရှမ့်လန်က ရှေးဟောင်းအမွေအနှစ်ရဲ့ ဝင်ပေါက်ကို ရှာတွေ့ခဲ့တယ် ဆိုရင်တောင်မှ သူက အဲဒီ ရှေးဟောင်းသင်္ချာပုစ္ဆာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ လက်ရှိ ဒီလောကကြီးထဲမှာ ဒီအရာကို ဘယ်သူမှ မလုပ်နိုင်ဘူး။”
မင်းသားကျင်းက ပြော၏။ “တောင်ပင်လယ်ထဲက ကျောက်မဲကျွန်းပေါ်မှာရှိတဲ့ ရှေးဟောင်းအမွေအနှစ် ဝင်ပေါက်ကို ဖြေရှင်းပေးခဲ့တာ ရှမ့်လန်ပဲ။ လေးရောင်သီအိုရီကို ငါ မကြာသေးခင်က လေ့လာခဲ့တယ်။ သင်္ချာပညာရှင် ရာပေါင်းများစွာတို့က နှစ်နည်းငယ်ကြာမှ ပြီးစီးနိုင်မယ့် အရာမျိုးပဲ။”
ဘုရင်မရှားမန်က ပြောသည်။ “မြွေတွင်းတစ်သောင်းရဲ့ ဝင်ပေါက်ပုစ္ဆာက လေးရောင်သီအိုရီနဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ။”
မင်းသားကျင်းက ပြော၏။ “ရိုးရှင်းပုံရတယ်ဆိုပေမဲ့ တကယ်တော့ သင်္ချာပညာရှင် ရာပေါင်းများစွာတို့က နှစ်ပေါင်းများစွာကြာအောင် လုပ်ရင်တောင် မပြီးနိုင်ဘူး။ စက္ကူပေါင်း သန်းပေါင်းများစွာတောင် လိုလိမ့်မယ်။”
ဘုရင်မရှားမန်က ပြောသည်။ “ဆိုလိုတာ ဘယ်သူမှ ဖြေရှင်းလို့ မရနိုင်ဘူးပေါ့။ ဒါပေမဲ့ ရှမ့်လန်က ဖြေရှင်းခဲ့တာလား။”
မင်းသားကျင်းက ခေါင်းညိတ်၏။
ရှားမန်က ပြောသည်။ “သူက တကယ်ပဲ ဉာဏ်ကြီးရှင်ကိုး။”
မင်းသားကျင်းက သက်ပြင်းချကာ ပြောလိုက်၏။ “စုနန်နဲ့ နန်ကုန်းအိုတို့ဆီ လျှို့ဝှက်စာ အသစ်ရေးလိုက်။ တိုက်ခိုက်မှုအားလုံးကို ချက်ချင်းရပ်ပြီး အမိန့်ကို စောင့်နေဖို့။”
ဘုရင်မရှားမန်က ခေါင်းညိတ်၏။ သူမ ခုဏက ရေးခဲ့သည့် လျှို့ဝှက်စာကို မီးရှို့၏။ ပြီးနောက် လျှို့ဝှက်စာ အသစ်နှစ်စောင်ကို ရေး၏။ ပြီးနောက် ကျီးကန်း၏ ခြေထောက်တွင် ချည်ကာ လွှတ်ပေးလိုက်သည်။
“ကျီးကန်းက ဘယ်လိုပဲဖြစ်ဖြစ် မလုံခြုံဘူး။ ဆက်သားတွေကို စုနန်နဲ့ နန်ကုန်းအိုတို့ စစ်တပ်ဆီကို လွှတ်လိုက်။” မင်းသားကျင်းက ထပ်မံကာ ပြော၏။
“ကောင်းပြီ။” ဘုရင်မရှားမန်က အမိန့်သစ်တစ်ခုကို ထပ်မံကာ ရေးသည်။
ပြီးနောက် မင်းသားကျင်းက သူ၏ တံဆိပ်တုံးဖြင့် တံဆိပ်ခတ်ကာဖြင့် သဲကန္တာရ လူရိုင်းမျိုးနွယ် မြင်းစီးတပ်ဖွဲ့ နှစ်ခုအား ပေးအပ်လိုက်၏။ ပြီးနောက် မင်းသားကျင်းက သက်ပြင်းချကာ ပြောလိုက်၏။ “နောက်ဆုံးတော့ ဒီလူ့ကို ငါ တွေ့ရတော့မှာပဲ။”
ဘုရင်မရှားမန်က ပြောသည်။ “ယောက်ျား... ရှင် ဒီအတိုင်းပဲ အရှုံးပေးဖို့ ဆန္ဒရှိနေတာလား။”
မင်းသားကျင်းက ပြုံးကာ ပြောလိုက်၏။ “ရွှဲ့ပြည်နယ်ကို ဖျက်ဆီးရတာက ငါ့ရဲ့ ဂုဏ်သတင်းကို တည်ဆောက်ပြီး ငါ့ရဲ့ လက်စားချေခြင်းကို အထောက်အကူပြုလိမ့်မယ်။ ပြီးတော့ အသားစကြီး တစ်ခုကို စားရလိမ့်မယ်။ ဒါပေမဲ့ ငါတို့ ရှေးဟောင်းအမွေအနှစ်ကို ဆုံးရှုံးသွားပြီဆိုရင်တော့ အရာအားလုံးကို ဆုံးရှုံးသွားလိမ့်မယ်။”
ဘုရင်မရှားမန်က တိတ်ဆိတ်ငြိမ်သက်သွား၏။ မင်းသားကျင်း၏ တိုးတက်မှုနှင့် ကျော်ကြားမှုက လောကအနှံ့သို့ ပျံ့နှံ့သွားခဲ့၏။ သူက အံ့ဖွယ်ရာအမှုများကို တစ်ခုပြီးတစ်ခု ပြုလုပ်ခဲ့၏။ သူ မည်သည့်အရာကို အားကိုးခဲ့သနည်း။ ဉာဏ်ပညာ၊ စိတ်ထားမြင့်မြတ်မှု၊ ရဲရင့်မှု... သို့သော်ငြား အရေးကြီးဆုံးအရာမှာတော့ ရှေးဟောင်းအမွေအနှစ်ဆီမှ အသိပညာများသာ ဖြစ်သည်။
ဤနှစ်နှစ်အတွင်း သူက ရှေးဟောင်းသားရဲများကို ယဉ်ပါးစေသည့် အသိပညာကို သင်ကြားပေးခဲ့ကာ သဲကန္တာရလူရိုင်းမျိုးနွယ်များကို ပိုမိုကာ အစွမ်းထက်လာစေခဲ့၏။ ထို့အပြင် မြွေဆိုးများ ထိန်းချုပ်နိုင်စေရန် ကူညီပေးခဲ့၏။ ပြီးနောက် မြွေဆိပ်ကိုအသုံးပြုပြီး ဆေးဝါးများကို ဖန်တီးခဲ့၏။ လူအသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီး လူပေါင်းများစွာကို ပိုမိုကာ အစွမ်းထက်စေခဲ့၏။
သူက နတ်ဘုရား လေးမျိုးနွယ်စုနှင့် ဆင်မျိုးနွယ်စုတို့ကိုလည်း ကူညီခဲ့၏။ မျိုးနွယ်စုများကြား အငြင်းပွားမှုကို ဖြန့်ဖြေပေးခဲ့၏။ သူက မြေအောက်မြစ်တချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး သဲကန္တာရလူရိုင်း စစ်သည်တော်များကို ငါးဖမ်းတတ်ရန် ဦးဆောင်ခဲ့သည်။
သူက ရှေးဟောင်းအမွေအနှစ်မှ ကန်စွန်းဥနှင့် ဆေးဖက်ဝင် အပင်မျိုးစေ့များကို ထုတ်ယူခဲ့၏။ သဲကန္တာရ လူရိုင်းမျိုးနွယ်များ၏ ငတ်မွတ်ခေါင်းပါးမှုကို ဖြေရှင်းပေးခဲ့ပြီး သဲကန္တာရလူရိုင်းမျိုးနွယ်တို့၏ သက်တမ်းကို ရှည်ကြာစေခဲ့၏။
မင်းသားကျင်း သဲကန္တာရလူရိုင်းမျိုးနွယ်များကို စည်းလုံးစေခဲ့သည့် အကြောင်းရင်းက လူသတ်ခြင်းနှင့် အကြမ်းဖက်မှုများကြောင့် မဟုတ်ချေ။ မရေတွက်နိုင်သည့် သဲကန္တာရ လူရိုင်းမျိုးနွယ်တို့၏ နှလုံးသားထဲတွင် သူက စွမ်းဆောင်ရည်မျိုးစုံရှိသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
ဤအံ့ဖွယ်ရာကိစ္စရပ်များ၏ အများစုက ရှေးဟောင်းအမွေအနှစ်ဆီမှ အသိပညာများကို အားကိုးခဲ့ခြင်းဖြစ်၏။ ထိုအရာက အစသာ ရှိသေး၏။ အနာဂတ်တွင် တာ့နန်နိုင်ငံတော် ယဉ်ကျေးပြီး သာယာဝပြော လာစေရန်အတွက် ရှေးဟောင်းအမွေအနှစ်ကို ဆက်လက်ကာ လိုအပ်နေပေဦးမည်။
“အရင်အခြေအနေကို ပြန်သွားရမယ်ဆိုရင် ထျန်းနန်ပြည်နယ်ရဲ့ တောင်ဘက် စီရင်စုငါးခုကို ပေးအပ်လိုက် ရမလား။” ဘုရင်မရှားမန်က ပြော၏။
မင်းသားကျင်းက ပြုံး၏။ မည်သည့်စကားကိုမှ မဆိုချေ။
“သူတို့ကို ကြိုဆိုဖို့ ပြင်လိုက်။ လေးရက်၊ ဒါမှမဟုတ် ငါးရက်အတွင်း ရှမ့်လန် ရောက်လာလိမ့်မယ်။”
မင်းသားကျင်းက ပြောလိုက်သည်။ “ငါ တကယ့်ကို မျှော်လင့်နေမိတယ်။ အဲဒီလူက ရွှဲ့ပြည်နယ်ရဲ့ ဂုဏ်ကျက်သရေ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်တဲ့ လူပဲ။ သူက ဘယ်လောက် ထူးခြားတဲ့သူ ဖြစ်မလဲ။”
………..
ရွှမ်ဝူနယ်စားကြီး အိမ်တော်တွင်းမှာတော့ ကျင်းမူလန်က ဒုတိယနိဗ္ဗာန တပ်တော်သုံးထောင်ကို ဦးဆောင်ပြီး နန်အိုနိုင်ငံ၏ မြို့တော်သို့ ချီတက်ခဲ့၏။ ရဲတိုက်ကလည်း ရုတ်တရက် ဗလာဟင်းလင်း ဖြစ်သွားခဲ့၏။ တပ်မှူး နန်းကုန်းအိုက ဤအရာကို သတိပြုမိသည်က သေချာ၏။ သို့သော်ငြား သူက ရုတ်တရက် တိုက်ခိုက်ခြင်းကို မပြုဘဲ ကာကွယ်ရေးတွင် ပိုမိုကာ သတိထားလာခဲ့၏။
ဤအရာက ပူးပေါင်းကြံစည်မှုဖြစ်နိုင်သည်ဟု သူက ခံစားရ၏။ ထိုမျှသာမကသေးချေ၊ ရန်သူ လှည့်စား တိုက်ခိုက်မှုကို စိုးရိမ်သောကြောင့် စုံစမ်းထောက်လှမ်းရေးသမား ဒါဇင်ပေါင်းများစွာတို့ကို ပတ်ဝန်းကျင်တွင် စုံစမ်းထောက်လှမ်းရန် စေလွှတ်ထားသည်။
ရလဒ်အားဖြင့် နန်အိုနိုင်ငံ၏မြို့တော်မှ သတင်းများ လျင်မြန်စွာ ရောက်ရှိလာ၏။ ကျင်းမူလန်က အထူး ရွေးချယ်ထားသည့် စစ်သည်သုံးထောင်ကို ဦးဆောင်ပြီး နန်အိုနိုင်ငံ၏ မြို့တော်ကို တိုက်ခိုက်ခဲ့၏။ ရှုံးနိမ့်ခဲ့သော်လည်း ထိခိုက်မှုမရှိဘဲ ပြန်လည်ကာ ဆုတ်ခွာနိုင်ခဲ့၏။
ချက်ချင်းပဲ နန်းကုန်းအိုက ထိတ်လန့်သွား၏။ ရှမ့်လန် ရူးသွပ်နေမှန်း သူ သိသော်လည်း ကျင်းမူလန်က ဤမျှထိ ရူးသွပ်နေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ သူမက လူဦးရေ သုံးထောင်ကို ဦးဆောင်ပြီး နန်အိုမြို့တော်ကို တိုက်ခိုက်ခဲ့သည်လား။ ရွှမ်ဝူနယ်စားကြီး၏စံအိမ်က ဗလာဟင်းလင်း ဖြစ်နေမည် မဟုတ်ပါလား။
သူက တပ်မှူးရှားယင်နှင့် ချက်ချင်းဆွေးနွေးပြီး အခွင့်အရေးကို ယူကာ တိုက်ခိုက်သင့်၊ မတိုက်ခိုက်သင့် ဆုံးဖြတ်၏။ သူတို့၏ လက်ထဲတွင် စစ်သည် သုံးသောင်းနီးပါး ရှိနေသေး၏။ ထက်ဝက်က ရွှဲ့ပြည်နယ်၏ လက်နက်ချတပ်များဖြစ်ပြီး ကျန်တစ်ဝက်ကတော့ နန်အို၏ အစေခံများ ဖြစ်သည်။
ဆွေးနွေးမှုက သိပ်မကြာခဲ့ချေ။ တပ်မှူးရှားယင်၏ ထင်မြင်ချက်က တိုက်ရိုက် တိုက်ခိုက်ရန်ပင် ဖြစ်၏။ ပြီးနောက် နန်းကုန်းအိုက စစ်သည်ပေါင်း နှစ်ထောင်ကို ရွှမ်ဝူနယ်စားကြီး အိမ်တော်ကို တိုက်ခိုက်ရန် ထပ်မံ စေလွှတ်ခဲ့၏။ ရလဒ်ကတော့ တကယ်ပင် ကြေကွဲစရာ ကောင်း၏။
ရွှမ်ဝူနယ်စားကြီးအိမ်တော်၏ စံအိမ်တွင် ဒုတိယနိဗ္ဗာနတပ်တော် ရှစ်ရာသာ ရှိသော်လည်း ကျင်းမျိုးနွယ်စု၏ ကိုယ်ပိုင်စစ်သည် သုံးထောင်ကျော်ရှိ၏။ သူတို့က မှော်ဆန်သည့် ပစ်ခတ်မှု စွမ်းရည် မရှိကြသော်လည်း မှော်ဆန်သည့် ဒူးလေးကြီးများ ရှိ၏။ ထိုဒူးလေးများ၏ အစွမ်းက တကယ့်ကို ကြီးမား၏။ နှစ်ပိသာလေး ထက် မည်တို့မှ အားမနည်းချေ။
ကျင်းမိသားစု၏ ကိုယ်ပိုင်တပ်သားများက ထိုအရာကို လုံးဝ အသုံးပြုနိုင်ပေ။ သူတို့က အထူးကိရိယာများ၏ ထောက်ပံ့မှုနှင့် အသုံးပြုရ၏။ ပစ်ခတ်နှုန်းက နှေးကွေးသော်လည်း စွမ်းအားကတော့ အံ့မခန်းပင်။
နန်းကုန်းအို၏ မဟာမိတ်တပ်ကသာ မြို့ကို တိုက်ခိုက်သည့် ပထမလှိုင်းဖြစ်ပါက ရွှမ်ဝူအိမ်တော်က အန္တရာယ်ရှိနိုင်၏။ ထိုအချိန်တွင် တိုက်ခိုက်သည့် တပ်များက စိတ်ဓာတ် မြင့်မားနေပေလိမ့်မည်။
သို့ပေမည့် တိုက်ပွဲကြီးနှစ်ခုအပြီးမှာတော့ လက်အောက်ခံတပ်များ၏ စိတ်ဓာတ်က တကယ်ပင် နိမ့်ကျနေခဲ့၏။ စစ်သည်ပေါင်းနှစ်သောင်းကျော်တွင် သုံးထောင်ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပြီး စိတ်ဓာတ်များက ထပ်မံပြိုကျကာ နောက်ပြန်ပြေးခဲ့ရ၏။ နန်းကုန်းအိုက ရွှမ်ဝူနယ်စားကြီးအိမ်တော်ကို ထပ်မံတိုက်ခိုက်သည့် နေရာတွင် နောက်တစ်ကြိမ် အပြင်းအထန် ရှုံးနိမ့်ခဲ့ခြင်းပင်။
တပ်မှူးရှားယင်က ဆက်လက်တိုက်ခိုက်စေပြီး ရွှဲ့ပြည်နယ်၏ လက်နက်ချတပ်သားအားလုံး သေသွားလျှင် ကောင်းမည်ဟုပင် တွေးမိ၏။ သဲကန္တာရ လူရိုင်းမျိုးနွယ်များနှင့် နှိုင်းယှဉ်ပါက ဤလူစုက တကယ့်ကို အင်အားနည်းလွန်းလှ၏။ ထို့ပြင် စိတ်ဓာတ်ရေးရာအရာလည်း အလွန်ပင် သတ္တိကြောင်၏။ သို့နှင့် မြို့ထဲတွင် ဒုတိယနိဗ္ဗာနတပ်တော်၏ အဓိကအင်အားစုများ မရှိသော်လည်း နန်းကုန်းအိုက ရွှမ်ဝူနယ်စားကြီး စံအိမ်ကို တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။
…………
ရွှမ်ဝူနယ်စားကြီးစံအိမ်နှင့် နှိုင်းယှဉ်မည်ဆိုပါက ရန်ကော့မြို့က တကယ့်ကို အန္တရာယ်များ၏။ ဆယ်ရက်ခန့် ကြာပြီးနောက် မြို့စောင့်တပ်သားများ၏ ခန္ဓာကိုယ်မှ ရွှေနဂါးသွေးများ၏ အာနိသင်က မှေးမှိန်စ ပြုလာ၏။ ဟုတ်ပေ၏၊ ယခင်ကနှင့် နှိုင်းယှဉ်မည်ဆိုလျှင် သူတို့က အများကြီးတော့ ပိုမိုကာ အားကောင်းနေသေး၏။
သို့သော်ငြား ပထမဦးဆုံး ပျောက်ကွယ်သွားသည်က သူတို့၏ ရဲစွမ်းသတ္တိနှင့် တိုက်ပွဲဝင်စိတ်ဓာတ်ပင်။ သူတို့က စစ်မြေပြင်ပေါ်မှ ရဲစွမ်းသတ္တိကို ပြန်လည်တွေးမိချိန်မှာတော့ အိပ်မက်ဆိုး မက်ခဲ့သကဲ့သို့ပင် ခံစားရသည်။
“ဘုရားရေ... အဲဒီလို တိုက်ခိုက်ခဲ့တဲ့သူက ငါ လား။ ငါဘယ်တုန်းက သေမှာမကြောက်တဲ့ လူတစ်ယောက် ဖြစ်သွားတာလဲ။”
ဟုတ်ပေ၏၊ သူတို့က ယှဉ်ပြိုင်၍ မရအောင် ရဲရင့်ရာကနေ ကြွက်တစ်ကောင်ကဲ့သို့ ကြောက်တတ်သူများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်ဟု မဆိုလိုချေ။ သို့ပေမည့် သူတို့က သတ္တိတော့ နိမ့်ကျသွားခဲ့၏။ ထို့အပြင် စိတ်ဓာတ်လည်း ကျဆင်းလာခဲ့၏။ သူတို့က စိတ်ဓာတ်ကျနေပြီး မိမိကိုယ်ကို သံသယဝင်သည့် အခြေအနေဆိုး သို့ ရောက်ရှိလာ၏။
ယခင်က စိတ်လှုပ်ရှားမှုနှင့် စိတ်အားထက်သန်မှု အားလုံးတို့ကို အလွန်အကျွံ ထုတ်ယူသုံးစွဲလိုက်သကဲ့သို့ပင် ဖြစ်၏။ စစ်သည်များ၏ စိတ်ဓာတ်က တဖြည်းဖြည်း ကျဆင်းလာ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က သဲကန္တာရလူရိုင်းမျိုးနွယ်များ၏ အဓိကအင်အားစုများနှင့် တိုက်ခိုက်ပြီးဖြစ်သောကြောင့်ပင်။ တစ်ဖက်လူများ မည်မျှ အစွမ်းထက်ကြောင်း သူတို့သိရှိသည်။
ထိုအချိန်မှာတော့ စုနန်က အသေးစား စမ်းသပ်တိုက်ခိုက်မှု တစ်ခုကို စတင်၏။ ပထမဦးဆုံးအကြိမ် အနည်းငယ်ကို ပထမနိဗ္ဗာနတပ်တော်မှ တားဆီးခဲ့၏။ ဤလူသုံးရာကို ရပ်တန့်၍ မရနိုင်ခဲ့ချေ။ ထို့ပြင် ဤလူသုံးရာက မြို့စောင့်တပ်သားများနှင့် တူညီသည့် သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထား၏။
အစပိုင်းတွင် မြို့စောင့်တပ်သားများ၏ ရွှေနဂါးသွေး အာနိသင် လုံးဝမမှေးမှိန်သေးဟု တွေးမိသည်။ သို့ပေမည့် စမ်းသပ်တိုက်ခိုက်မှု သုံးကြိမ် အပြီးမာှတော့ စုနန်က တစ်စုံတစ်ခုကို သတိပြုမိသည်။ မြို့စောင့်တပ်သားများ၏ စိတ်ဓာတ်နှင့် တိုက်ခိုက်ရေးစွမ်းအားက လျင်မြန်စွာ ကျဆင်းနေကြောင်း သူက သတိပြုမိလိုက်သည်။
ထိုအချိန်မှာတော့ သူက စမ်းသပ်တိုက်ခိုက်မှုများကို ရပ်တန့်ပြီး ဆက်လက်ကာ ဝန်းရံထား၏။ သူက စောင့်နေ၏။ ရွှေနဂါးသွေး၏ အာနိသင် မှေးမှိန်သွားသည့်အချိန်မှ မြို့ကို တိုက်ခိုက်ရန် စဉ်းစားလိုက်၏။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာတော့ ....
စုနန်က သူ၏ မိတ်ဆွေဟောင်းကြီး ယင်ယွင်အဖွဲ့အစည်းဆီမှ ရှုတင်းယုကို ကြိုဆိုကာ ဧည့်ခံ၏။ ရှုတင်းယုက စုနန်အား တိုက်ခိုက်ခြင်းကို ရပ်တန့်ရန် တောင်းဆိုခဲ့ပြီး ရွှဲ့ပြည်နယ်တွင် မင်းသားကျင်းနှင့် ဆွေးနွေးညှိနှိုင်းမှု တစ်ခု ပြုလုပ်မည်ဟု ပြောသည်။
စုနန်က အံ့အားသင့်သွား၏။ ဆွေးနွေးညှိနှိုင်းမှု အသစ်လား။ မင်းသားကျင်းက အဘယ်သို့ သဘောတ ူနိုင်မည်နည်း။ ထိုအချိန်တုန်းက နင်ယွမ်ရှန်းက မင်းသားကျင်း၏ ကမ်းလှမ်းမှုကို အားရပါးရ ပယ်ချခဲ့၏။ ရှုတင်းယုက အခြေအနေ ပြောင်းလဲသွားခဲ့ပြီဟု ပြော၏။ သို့သော်ငြား အခြေအနေတွေက တကယ့်ကို ဝိုးတဝါးနှင့်ပင်။
စုနန် ယခုလုပ်သင့်သည့်အရာက စစ်တပ်ကို အသုံးပြုပြီး ရွှမ်ဝူနယ်စားကြီးအိမ်တော်ကို ဖျက်ဆီး လက်စားချေရန်ပင်။ ကျုးမိသားစုက နင်ချီကို ထောက်ခံရန် သဘောထား ပြောင်းလဲသွားခြင်းက လျှို့ဝှက်ချက် ဖြစ်ပြီး စုနန် သိစရာ အကြောင်းမရှိချေ။ သို့သော်ငြား သူက နိုင်ငံရေးတွင် ကျွမ်းကျင်သူပင်။ ရှုတင်းယု၏ စကားများထဲမှ ဖုံးကွယ်ထားသည့် အဓိပ္ပာယ်ကို ကောင်းကောင်းသိ၏။
ပြီးနောက် စုနန်က နောက်ထပ် လူတစ်ဦးကို ကြိုဆိုခဲ့ပြန်၏။ ဤတစ်ကြိမ်မှာတော့ တကယ့်ကို ရှင်းလင်း၏။ ထိုသူက ဝူအန်းမြို့စားအိမ်တော်ဆီမှ ရွှယ်ဖန်ပင်။ ကမ်းလှမ်းမှုများက တကယ့်ကို ဆွဲဆောင်မှု အပြည့်ပင်။
စုနန်အနေဖြင့် မြောက်ဘက်သို့ ဦးတည်ခြင်းကို ရပ်တန့်ပြီး နန်းကုန်းအိုကို ကူညီရန်၊ ထို့ပြင် စစ်သည်များ စေလွှတ်ပြီး ရွှမ်ဝူနယ်စားကြီးစံအိမ်ကို ဖျက်ဆီးသည် ဆိုပါက စုနန်၏ ယခင်ပိုင်ဆိုင်မှု နယ်မြေများဖြစ်သည့် ကျန်းယွမ်မြို့တစ်ခုလုံးက စုနန်အပိုင် ဖြစ်လာလိမ့်မည်။ တစ်နည်းအားဖြင့် စုနန်က သူ ဆုံးရှုံးခဲ့သမျှ အရာအားလုံးကို ပြန်လည်ကာ ရရှိနိုင်သည့်အပြင် ပို၍ပင် ရပေဦးမည်။ သူ၏ ယခင်က ပိုင်နက်နယ်မြေထက် နှစ်ဆခန့် ပိုကြီးလာမှာ ဖြစ်သည်။
စုနန်က လှောင်ပြုံးပြုံးလိုက်မိ၏။ “ကျုပ် မြောက်ဘက်ကို မသွားရင် ဝူဘုရင်ရဲ့ စစ်တပ်က တောင်ဘက်ကို လာလိမ့်မယ်။”
ရှုတင်းယုက ပြုံးလိုက်သည်။ “ဝူဘုရင် တောင်ဘက်ကို မလာနိုင်ဘူး။”
ဤစကားကို ပြောလိုက်သည်နှင့် ထက်မြက်သည့် စုနန်က သဲလွန်စအချို့ကို ချက်ချင်းပင် မြင်လိုက်၏။ သူက မည်မျှလိမ္မာပြီး ပါးနပ်သည့် လူတစ်ယောက် ဖြစ်သနည်း။ ရွှဲ့ပြည်နယ်၏ ညီလာခံထဲတွင် ဩဇာအာဏာ ကြီးမားသည့် လူတစ်ယောက် ဖြစ်ခဲ့ဖူးသူပင်။
သူက တတိယမင်းသား နင်ချီ ထီးနန်းကို သိမ်းပိုက်တော့မည်ဖြစ်ကြောင်း ချက်ချင်းသိ၏။ ယင်ယွမ်အဖွဲ့အစည်းက သူတို့၏ ရပ်တည်ချက်ကို ပြောင်းလဲခဲ့ပြီ။ ကျူးမိသားစုကိုပင် ရပ်တည်ချက် ပြောင်းလဲစေခဲ့၏။ ဤအရာကြီးနှစ်ခုက ဝူပြည်နယ်ကို ဖိအားပေးလိုက်သည်ဆိုပါက ဝူဘုရင်က စစ်မတိုက်ဘဲ နေရပေလိမ့်မည်။
တော်ဝင်ရန် အင်ပါယာ၏ ဖိအားအောက်မှာတော့ ဝူဘုရင်က ရွှဲ့ပြည်နယ်ကို တိုက်ခိုက်တော့မည် မဟုတ်ပေ။
ရှုတင်းယုက ရှင်းရှင်းလင်းလင်း မပြောသော်လည်း အဓိပ္ပာယ်ကတော့ ရိုးရှင်းနေ၏။ စုနန်အနေဖြင့် မြောက်ဘက်သို့ တိုက်ခိုက်ခြင်းကို ရပ်တန့်ပြီး ၊ ရန်ကော့မြို့ကို တိုက်ခိုက်ခြင်းကို ရပ်တန့်ပြီး ရွှမ်ဝူနယ်စားကြီး အိမ်တော်ကို တိုက်ခိုက်ဖျက်ဆီးပါက စုမျိုးနွယ်တစ်ခုလုံး အကျိုးကျေးဇူးရပေမည်။
သို့ပေမည့် သူထိုသို့လုပ်သည်ဆိုပါက မင်းသားကျင်းကို သစ္စာဖောက်သူ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ရှုတင်းယုက သူ့ကို မြူစွယ်ခြင်းအပြင် မင်းသားကျင်းနှင့် သူ၏ကြားထဲတွင် သပ်ရိုက် လူခွဲခြင်းကိုပါ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အပိုင်း (၆၈၂)
စုနန်က နှစ်နာရီကြာစဉ်းစားခဲ့၏။ အစီအစဉ်အရ သူက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကော့မြို့ကို တိုက်ခိုက်ရန် စီစဉ်ခဲ့၏။ သို့ပေမည့် ယခု သူအစီအစဉ်ကို ပြောင်းလဲရပေတော့မည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စစ်တပ်တစ်ခုလုံးနှင့် ရန်ကော့မြို့ကို သိမ်းပိုက်မည်။
ပြီးနောက် ချက်ချင်း မြောက်ဘက်သို့ ဦးတည်ကာဖြင့် ရွှဲ့ပြည်နယ်၏ မြို့တော်များကို တိုက်ခိုက်မည်။ ဝူဘုရင် နောင်တရဖို့ အခွင့်အရေး မပေးနိုင်သလို နင်ချီက အောင်မြင်ဖို့ အခွင့်အရေးလည်း မပေးနိုင်ပေ။
သူ၏ တွေးခေါ်မှုက မင်းသားကျင်းနှင့် အတူတူပင် ဖြစ်၏။ ရှင်ဘုရင်နှင့် မူးမတ်တို့က တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သည်ဟု ပြောနိုင်၏။
စုမျိုးနွယ် လွတ်မြောက်ခြင်းလား။ ဟုတ်ပေ၏၊ သူ ထိုအရာကို စိတ်ဝင်စား၏။ သို့ပေမည့် စုမျိုးနွယ်တွင် ယခု သူ တစ်ယောက်တည်းသာ ကျန်ရှိတော့၏။ မျိုးနွယ်စုမှ ဆင်းသက်လာသူများ မရှိဘဲ ။ တိုက်ရိုက်စစ်တပ် မရှိဘဲ ကြီးမားသည့် နယ်မြေပိုင်နက် ရှိနေလျှင် ဘာထူးမည်နည်း။
စုမျိုးနွယ် အင်အားကြီးမားချင်လျှင် ပထမဦးဆုံး ထွန်းကားအောင် ပြုလုပ်ရမည်။ သစ်ပင်ကြီး၏ အမြစ်များက မြေကြီးထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်လေ ပိုမိုကာ အမြစ်တွယ်လေပင်။ မဟုတ်ပါက အရာအားလုံးက လေထဲတွင် ဆောက်ထားသည့် ရဲတိုက်ကြီးကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ စုမျိုးနွယ် ပြန်လည်ထွန်းကားလာမှု၏ အခြေခံက တာ့နန်နိုင်ငံ၌ တည်ရှိနေသည်ဟု စုနန်က ခိုင်ခိုင်မာမာဖြင့် ယုံကြည်ထားသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊
စုနန်၏ စစ်သည် လေးသောင်းခုနှစ်ထောင်တို့က တဖန် ပြန်လည်ကာ စုဝေးလာကြ၏။ စစ်သည်ပေါင်း သုံးသောင်းတို့က အတန်းလိုက် နေရာယူ၏။ လောက်လွှဲပစ်စက် ဒါဇင်ပေါင်း များစွာနှင့် ကြီးမားလွန်းသည့် ဒူးလေးကြီးပေါင်းများစွာတို့နှင့် ပစ်ခတ်မှုကို စတင်၏။
ဤအချိန်မှာတော့ စုနန်က အနိုင်ယူဖို့ ဆုံးဖြတ်ထား၏။ သူက ရန်ကော့မြို့ကို အချိန်သိပ်မကြာခင်အတွင်း လုံးဝသိမ်းပိုက်နိုင်ရမည်။
ရန်ကော့မြို့၏ စစ်ပွဲက ယခုအချိန်တွင် တဖန်ပြန်လည် ဖြစ်ပွားလာခဲ့၏။
ရန်ကော့မြို့၏ အတွင်းထဲမှာတော့ နာကျည်းမှုက ထိတ်လန့်သွား၏။ ဘာဖြစ်သနည်း။ သူ၏ ထင်မြင် တွေးတောချက်အရဆိုလျှင် စုနန်က ဤအချိန်တွင် မြို့ကို မတိုက်ခိုက်သင့်ပေ။ ရွှေနဂါးသွေး၏ အာနိသင် လုံးဝမှေးမှိန်သွားရန် ရက်အနည်းငယ် စောင့်ဆိုင်းနေသင့်သည်။
“ဒုန်း... ဒုန်း... ဒုန်း”
ကျောက်လောက်လွှဲများမှ ကျောက်တုံးကြီးများက မြို့ရိုးကို ထိမှန်ပြီး ကျယ်လောင်သည့် အသံများ ဆက်တိုက် ထွက်ပေါ်နေ၏။ ရန်ကော့မြို့တစ်ခုလုံးက တဖန် တုန်ခါလျက်ရှိ၏။ ဤအချိန်မှာတော့ မြို့ထဲတွင် ရှိနေသည့် အခြေအနေက ကွဲပြားလျက် ရှိ၏။
လွန်ခဲ့သည့်လဝက်ခန့်က စုနန်ကျောက်လွဲများနှင့် မြို့ကို ပထမဦးဆုံး တိုက်ခိုက်သည့်အချိန်က မြို့စောင့်တပ်သားများသည် ကြောက်ရွံ့ခြင်း မဖြစ်ရုံသာမက ပိုမိုကာ စိတ်လှုပ်ရှားခဲ့၏။ ရှမ့်လန်၊ နာကျည်းမှုနှင့် တခြားသောသူများက သူတို့၏ စိတ်အားတက်ကြွမှုများကို ဖိနှိပ်ရန် အမှန်တကယ်ပင် ကြိုးစားခဲ့ရသေး၏။ မဟုတ်ပါက ဤကျောက်တုံးများ၏ ရှေ့သို့ပင် ပြေးဝင်ကာ အသေခံသွားမှာ စိုးသောကြောင့်ပင်။
ယခု ထိုကဲ့သို့သော ရဲရင့်မှုနှင့် သေခြင်းတရားကို မကြောက်လန့်မှု အားလုံးက မရှိတော့ချေ။ မြို့စောင့်တပ်သားများ၏ မျက်နှာများက ပျက်ယွင်းနေပြီး ဖြူဖျော့ကာဖြင့် တုန်ယင်နေခဲ့၏။ မည်သူမှ ထွက်မပြေးကြသော်လည်း အားလုံးသောသူတို့၏ စိတ်ဓာတ်များက ကျဆင်းနေ၏။
ယခင်က ရှမ့်လန်၏ဆေးက သူတို့၏ စိတ်ဓာတ သတ္တိများကို လုံးဝအလွန်အကျွံ ထုတ်ယူ သုံးစွဲလိုက်သကဲ့သို့ပင်။ သူတို့က အမိန့်ကို နာခံနေသေးသော်လည်း နှလုံးသား၏ အောက်ခြေ၌ တိုက်ခိုက်လိုသည့် ဆန္ဒဟူ၍ မရှိတော့ချေ။
နာကျည်းမှုက ရှမ့်လန် အရင်က ပြောခဲ့သည့် စကားကို သတိရသည်။
“အရှင်မင်းသား နင်ကျန်း... အခြေအနေက ပြိုလဲသွားခဲ့ပြီ။ နှစ်နာရီအတွင်း စုနန်ရဲ့ စစ်တပ်က မြို့ကို တရားဝင် တိုက်ခိုက်လာတော့မယ်။ ဒီတစ်ကြိမ်မှာတော့ ကျုပ်တို့ ဘယ်လိုမှ ကာကွယ်နိုင်တော့မှာ မဟုတ်ဘူး။ ရန်ကော့မြို့က မလွဲမသွေ ကျရှုံးလိမ့်မယ်။”
နာကျည်းမှုက ပြော၏။ “ရန်ကော့မြို့ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ စုနန်ရဲ့ စစ်တပ်က ရပ်တန့်သွားမှာ မဟုတ်တော့ဘူး။ ထျန်းရွှဲ့ကို ထပ်ပြီးတော့ တိုက်ခိုက်တော့မယ်။ ဒါကြောင့် သာမန်အဝတ်အစားကို လဲပြီး ရှမ့် ပြင်ပေးထားတဲ့ လျှို့ဝှက်မြေအောက်ခန်းထဲမှာ ပုန်းနေပါ။ စုနန်ရဲ့ စစ်တပ်ထွက်ခွာသွားပြီးတဲ့နောက်မှ ရွှမ်ဝူနယ်စားကြီး အိမ်တော်ကတဆင့် နုရှောင့်မြို့ကို သွားကြရအောင်။”
နင်ကျန်းက မေးသည်။ “ခင်ဗျားကော။”
နာကျည်းမှုက ဖြေ၏။ “ကျုပ်က စစ်မြေပြင်မှာ အမြင့်ဆုံး ရာထူးကြီး တပ်မှူးတစ်ယောက်ပဲ။ ဘယ်လိုလုပ် ထွက်ပြေးရမှာလဲ။ ညီအစ်ကိုတွေနဲ့အတူ အသက်ရှင်ပြီး ညီအစ်ကိုတွေနဲ့ အတူတူ သေဆုံးရမှာပေါ့။”
နင်ကျန်းက လျစ်လျှူရှုစွာဖြင့် ပြောသည်။ “ခင်ဗျားက ကျုပ်ရဲ့ ရွှဲ့ပြည်နယ်အတွက် စစ်မြေပြင်မှာ သေတာ။ နင်မျိုးနွယ်စုရဲ့ အင်ပါယာအတွက် သေတာ။ နင်မျိုးနွယ်ဝင်တစ်ယောက်အနေနဲ့ ကျုပ်က ဘယ်လိုလုပ် ထွက်ပြေးနိုင်မှာလဲ။”
နာကျည်းမှုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်မိ၏။ “အရှင်မင်းသား... ဒီစစ်ပွဲက မျှော်လင့်ချက်မဲ့နေပြီ။ ကျုပ်တို့ မလွဲမသွေ ရှုံးနိမ့်တော့မယ်။ ရန်ကော့မြို့ကလည်း ပျက်စီးသွားလိမ့်မယ်။ မြို့စောင့်တပ်သားတွေ အားလုံးကလည်း သုတ်သင်ခံရလိမ့်မယ်။
ကျုပ်က ရိုးသားတဲ့လူ၊ ဖြောင့်ဖြောင့်တန်းတန်းပဲ စဉ်းစားနိုင်တဲ့ လူ။ ကျုပ်က ဒီစစ်တပ်ကြီးရဲ့ တပ်မှူး၊ စစ်တပ်ကို စွန့်ပြီး ထွက်ပြေးဖို့ဆိုတာ ကျုပ် ဘယ်လိုမှ မလုပ်နိုင်ဘူး။ ဒါပေမဲ့ ခင်ဗျားကတော့ လုပ်နိုင်တယ်။ အသက်ရှိနေသရွေ့ ခင်ဗျားအတွက် မျှော်လင့်ချက် ရှိတယ်။”
“မဟုတ်ဘူး။ ကျုပ်ကလည်း ရိုးသားတဲ့လူ၊ ခေါင်းမာတဲ့လူပဲ။”
နင်ကျန်းက ပြောသည်။ “မမေ့နဲ့အုံး။ ကျုပ်က လက်ရှိ ဒီနေရာရဲ့ စစ်သူကြီးအသစ်ပဲ။ ခင်ဗျား ကျုပ်ကို စစ်တပ်ကို စွန့်ခွာပြီး ထွက်ပြေးဖို့ တောင်းဆိုရင် ကျုပ် လုပ်မှာ မဟုတ်ဘူး။”
နာကျည်းမှုက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “အရှင်မင်းသား... ဒါပေမဲ့ ခင်ဗျားရဲ့ စွန့်လွှတ်မှုက အဓိပ္ပာယ်မရှိဘူး။ ခင်ဗျား နုရှောင့်မြို့ကို သွားသင့်တယ်။ ခင်ဗျား ပြန်လာဖို့ အခွင့်အရေး ရှိနေသေးတယ်။”
နင်ကျန်းက ခေါင်းခါသည်။
နာကျည်းမှုက ပြောလိုက်၏။ “ခင်ဗျား အရင်ပုန်းနေပြီး မြို့တော်ကို သွား။ မြို့တော်ရဲ့ ကာကွယ်ရေးကို စီစဉ်ရင်ကော။”
“ကိုယ့်ကိုယ်ကိုယ် လိမ်ညာမနေနဲ့။”
နင်ကျန်းက ပြောသည်။ “ဘာမှ ပြောမနေနဲ့။ ကျုပ်တို့ သေရင် အတူတူ သေမယ်။ ကျုပ်ရဲ့ စစ်မြေပြင်က ရန်ကော့မြို့ပဲ။ ကျုပ် ထွက်ပြေးသွားရင် ဘယ်လိုလုပ် အရှက်သိက္ခာ ဆိုတာ ရှိတော့မှာလဲ။”
နင်ကျန်းက မြို့စောင့်တပ်သားများကို လက်ညှိုးထိုးပြ၏။
“သေရင် အကုန်လုံး အတူတူသေမယ်။” နင်ကျန်းက ရုတ်တရက် သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။
ထိုအချိန်မှာတော့ မူလက စိတ်ဓာတ်ကျနေသည့် မြို့စောင့်တပ်သားများက တဖန်ပြန်ကာ မီးတောက်လာ သကဲ့သို့ပင်။ ဤအချိန်မှာတော့ ရှမ့်လန်၏ဆေးကြောင့် မဟုတ်ဘဲ နင်ကျန်း၏ အတူတကွ ရှင်သန်လိုခြင်း၊ အတူတကွ သေဆုံးလိုခြင်း စိတ်ဓာတ်ကြောင့်ပင်။
“ပြီးခဲ့တဲ့ နှစ်တစ်ရာအတွင်း ကျုပ်တို့ နင်မျိုးနွယ်စုရဲ့ တော်ဝင်မိသားစုမှာ ဘယ်သူမှ စစ်မြေပြင်ထဲ မသေဆုံးခဲ့ကြဘူး။ လူတော်တော်များများက ကျုပ်တို့ နင်မျိုးနွယ်စုမှာ သတ္တိတရားတွေ ပျောက်ဆုံးနေပြီလို့ သံသယဝင်ကြတယ်။ အထူးသဖြင့် အိမ်ရှေ့စံမင်းသားနင်ယီ လက်နက်ချပြီးတဲ့နောက်မှာ ကျုပ်တို့ နင်မျိုးနွယ်ဝင်တွေက ကြောက်တတ်တဲ့လူတွေလို့ တစ်လောကလုံး ထင်နေကြတယ်။”
နင်ကျန်း၏ အသံက အနည်းငယ် အက်ကွဲနေ၏။ သို့ပေမည့် သူက စကားထစ်ခြင်း မရှိတော့ပေ။ “စစ်မဖြစ်ခင် တုန်းက အဖေ ကျုပ်ကို ပြောခဲ့တယ်။ ပျက်စီးသွားတဲ့နိုင်ငံရဲ့ အုပ်စိုးသူ တစ်ယောက်အနေနဲ့ အသက်ရှင်နေမှာ မဟုတ်ဘူးတဲ့။ ရန်သူက မြို့တော်ကိုချိုးဖောက်လာတဲ့အချိန်မှာ သူ သေဆုံးမယ့် အချိန်ကို ရောက်လာလိမ့်မယ်။”
မြို့စောင့်တပ်သား ရှစ်ထောင်ကျော်တို့က ခေါင်းမော့ကာဖြင့် နင်ကျန်းကို ကြည့်၏။
နင်ကျန်းက တဖြည်းဖြည်းချင်း ပြောသည်။ “ရှင်ဘုရင်က နိုင်ငံအတွက် သေတယ်။ ဒါဆိုရင် ကျုပ် ဘုရင့်ရဲ့သား ကရော။ စစ်မြေပြင်မှာသေတယ်ဆိုတာ အရမ်'ကောင်းတာပေါ့။ အရမ်းကို ကောင်းတယ်။ ရွှဲ့ပြည်နယ်ကျရှုံးသွားပြီ ဆိုရင်တောင် ကျုပ်တို့ နင်မျိုးနွယ်စု၊ တော်ဝင်မိသားစုက သတ္တိရှိတယ်ဆိုတာ တစ်လောကလုံးကို ပြသနိုင်တယ်။
လူတိုင်း ကျုပ်နောက်ကို လိုက်ကြ။ စစ်မြေပြင်မှာ သေကြရအောင်။ ဒီနေ့ ကျုပ် … နင်ကျန်းက ဒီနေရာမှာ သေရင်တောင် တန်တယ်။ စစ်မြေပြင်မှာပဲ သေမယ်။”
နင်ကျန်းက အော်ဟစ်လိုက်၏။ ကောင်းကင်ပူဇော်ပွဲမှ အံ့မခမ်း ရွေးချယ်ထားသူ တစ်ယောက် ပြန်လာသကဲ့သို့ပင်။
“စစ်မြေပြင်မှာ သေမယ်။”
နင်ကျန်း၏ အသံက ပိုမိုကျယ်လောင်လာ၏။ ပြီးနောက် အားလုံးသော သူတို့၏ မျက်စိများကို ထိုးဖောက်သွားခဲ့၏။ ကောင်းကင်နတ်ဆိုးအသံ နည်းစနစ် မပါဘဲနှင့်ပင် အံ့အားသင့်စရာ ကောင်းစွာ အသံက ပဲ့တင်ထပ်နေ၏။
“စစ်မြေပြင်မှာ သေမယ်။” ဝူလဲ့၊ ရှမ့်နုနှင့် တခြားသော အမျိုးသမီး စစ်သည်တော် နှစ်ရာတို့က သံပြိုင် အော်ဟစ်ကြသည်။
“စစ်မြေပြင်မှာ သေမယ်။” မြို့စောင့်တပ်သား ရှစ်ထောင်ကျော်တို့ကလည်း ကျယ်လောင်စွာ အော်ဟစ်လိုက် ကြ၏။ သူတို့၏ ခန္ဓာကိုယ်ရှိ သွေးများက ဆူပွက်လာခဲ့၏။
၁၅ မိနစ်ခန့် ကြာမြင့်ပြီးနောက် ...
စုနန်စစ်တပ်၏ လောက်လွှဲပစ်ခတ် တိုက်ခိုက်မှုက ပြီးဆုံးသွား၏။ သဲကန္တာရလူရိုင်းမျိုးနွယ်၏ အဓိက အင်အားစုက မြို့ကို တိုက်ခိုက်ပေတော့မည်။ နင်ကျန်းက အားလုံးကို ဦးဆောင်ပြီး မြို့ရိုးထိပ်ဆီသို့ တက်သွား၏။ နာကျည်းမှု၊ လန်ညီနောင် ဆယ်ယောက်၊ ဝူလဲ့၊ ရှမ့်နုနှင့် တခြားသော အမျိုးသမီး စစ်သည်တော် နှစ်ရာ၊ မြို့စောင့်တပ်သား ရှစ်ထောင်ကျော်တို့က မိမိကာကွယ်ရမည့် နေရာများဆီသို့ တက်သွားကြသည်။
“မြို့ကို တိုက်ကြ။” စုနန်က အမိန့်ပေး၏။
သဲကန္တာရ လူရိုင်းမျိုးနွယ် နှစ်သောင်းတို့က တဖန်ရူးသွပ်စွာ ပြန်လည် တိုက်ခိုက်ကြ၏။ လုံးဝ နှိုင်းယှဉ်၍ မရနိုင်သည့် မြို့သိမ်းတိုက်ပွဲကြီးက ပြန်လည်ကာ စတင်လာခဲ့၏။ ကောင်းကင်ယံ တစ်ခုလုံးက တုန်ခါနေ၏။ သွေးများက မြစ်ရေကဲ့သို့ပင် စီးဆင်းနေသည်။
………….
တစ်နာရီကြာမြင့်ပြီးနောက် နန်းမြို့ရိုး၏ အောက်တွင် အလောင်းများ မရေတွက်နိုင်အောင် ရှိနေ၏။ စုနန်က ထိတ်လန့်သွား၏။ ရွှေနဂါးသွေး၏ အာနိသင်က မှေးမှိန်မသွားပေဘူးလား။ မြို့စောင့်တပ်သားများ၏ စိတ်ဓာတ်က ယခုအချိန်တွင် အလွန်ကို နိမ့်ကျသွားသင့်၏။ အဘယ်ကြောင့် ဤမျှ ကြောက်ရွံ့ခြင်း ကင်းမဲ့နေကြသနည်း။ မြို့စောင့်တပ်သားများ၏ ရဲစွမ်းသတ္တိက ရူးသွပ်နေသူများကဲ့သို့ပင်။
ဤအချိန်မှာတော့ မြို့စောင့်တပ်သားများက သေရန်ဆုံးဖြတ်ချက် ချပြီးသား ဖြစ်၏။ ထို့ကြောင့် သူတို့က စိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ငြိမ်ပြီး ခိုင်မာ၏။ စုနန် စိတ်ကူးထားသည့် တစ်ဖက်သတ် သတ်ဖြတ်ခြင်းမျိုး မဖြစ်ပေါ်ခဲ့ချေ။ ဆန့်ကျင်ဘက်အားဖြင့် သဲကန္တာရလူရိုင်းမျိုးနွယ် စစ်သည်တော်များက အကျအဆုံး များခဲ့၏။
သို့သော်ငြား ရှင်းလင်းနေ၏။ ရွှဲ့ပြည်နယ်၏ မြို့စောင့်တပ်သားများ၏ တိုက်ခိုက်ရေးစွမ်းရည်က ကျဆင်းလာခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူတို့က အလွန်လေးလံသည့် ကျောက်တုံးကြီးများကို ကိုင်ကာ ပစ်မချနိုင်တော့ချေ။ ကြီးမားသည့် ဆီအိုးကြီးများကို သယ်ဆောင်ရန်လည်း လူနှစ်ဦး လိုအပ်လာသည်။
သို့သော်ငြား သူတို့၏ တိုက်ပွဲဝင် စိတ်ဓာတ်များကတော့ အားနည်းသွားသည့်ပုံမပေါ်ချေ။ မင်းသားတစ်ပါး အနေနှင့် နင်ကျန်းက ရှေ့တန်းတွင် တိုက်ခိုက်လျက်ရှိနေပြီး တကိုယ်လုံးလည်း သွေးများဖြင့် ပေပွနေ၏။
စုနန်က သက်ပြင်းကို ချလိုက်မိ၏။ ထိုအရာက တကယ့် စစ်သူကြီးတစ်ယောက်၏ သတ္တိအစစ် ဖြစ်၏။ သေရန် ဆုံးဖြတ်ထားသည့် စစ်တပ်တစ်ခုက တိုက်ခိုက်ရေးစွမ်းရည် ကျဆင်းသွားလျှင်ပင် အင်အားကြီးသည့် စစ်တပ်ကြီး တစ်ခုအဖြစ် ရှိနေဆဲပင်။
ဤတိုက်ပွဲက အကျအဆုံးများ၏။ သို့သော်ငြား သူ့၌ ထွက်ပေါက်ဟူ၍ မရှိချေ။
“မြို့ကို ဆက်ပြီး တိုက်ခိုက်ကြ။ ရှေ့ကို တိုးကြ။”
မြေပြင်တစ်ခုလုံးကို တုန်ခါစေခဲ့သည့် စစ်ဗုံသံများ ထွက်ပေါ်လာခဲ့၏။ ထို့အပြင် သဲကန္တာရ လူရိုင်းမျိုးနွယ် စစ်သည်တော်များက ဒီရေလှိုင်းများကဲ့သို့ပင် မြို့ကို ထပ်မံကာ တိုက်ခိုက်၏။
၁၅ မိနစ်ခန့် ကြာမြင့်ပြီးနောက် သဲကန္တာရ လူရိုင်းမျိုးနွယ် စစ်သည်တော်များက နောက်ဆုံးအချိန်တွင် နန်းမြို့ရိုးပေါ်သို့ တက်နိုင်ခဲ့၏။ လက်နက်များနှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်ကြတော့၏။ ရွှေနဂါးသွေး၏ အာနိသင် ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းခန့် မှေးမှိန်သွားခဲ့ပြီးနောက် မြို့စောင့်တပ်သားများ၏ ခွန်အားနှင့် အရှိန်က သိသိသာသာ လျော့ကျသွားသည်။
ဤအချိန်မှာတော့ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်က သဲကန္တာရ လူရိုင်းစစ်သည်တော်များထက် အလွန်ပင် နိမ့်ကျနေ၏။ သူတို့က လက်နက်ပစ္စည်းများကိုပင် မနိုင်မနင်းကိုင်ကာ တိုက်ခိုက်နေရ၏။ သို့သော်ငြား သူတို့၌ ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ပွဲဝင်စိတ်ဓာတ် ရှိသေး၏။
ထိုသို့ဆိုလျှင်တောင်မှ အားနည်းချက်များကတော့ ရှိလို့နေသေး၏။ သဲကန္တာရ လူရိုင်းမျိုးနွယ် စစ်သည်တော် များက ပိုမိုကာ များပြားလာခဲ့၏။ မြို့စောင့်တပ်သားများကလည်း အကျအဆုံး များလာခဲ့သည်။
စုနန်က သက်ပြင်းချလိုက်မိ၏။ ဤတိုက်ပွဲက သူ စိတ်ကူးထားသည်နှင့် ကွဲပြားလွန်းနေ၏။ သို့သော်ငြား သူက ဆက်လက်ကာ တိုက်ခိုက်ရမည်။ ပေးဆပ်ခဲ့သည့် တန်ဖိုးထက် ပိုမိုထိုက်တန်သည့်အရာကို သူက လိုချင်၏။
နင်ကျန်းကလည်း အံ့အားသင့်စရာ ကောင်း၏။ ဤအချိန်မှာတော့ နင်ကျန်းက ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်၏။ နာကျည်းမှုက သူ့ကို မကာကွယ်နိုင်ခဲ့တော့ချေ။ နင်းကျန်းကို ကာကွယ်ရန် နင်ယွမ်ရှန်းက ကျွမ်းကျင်ပညာရှင်များကို စေလွှတ်ထားသော်လည်း ထိုသူတို့ကလည်း အကြီးအကျယ် ဒဏ်ရာရရှိနေ၏။ နင်ကျန်းက အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ချေ။
သဲကန္တာရ လူရိုင်းမျိုးနွယ် စစ်သည်တော်များက ပိုမိုကာ များပြားလာပြီး နန်းမြို့ရိုးပေါ်သို့ တက်၏။ သူတို့က တစ်နာရီကျော်ခန့် အများဆုံး ဆက်လက်ကာ တိုက်ခိုက်ပါက အားလုံးကို သုတ်သင်နိုင်ပေတော့မည်။ ရန်ကော့မြို့က ကျရှုံးပေတော့မည်။
“အဖေ... ကျုပ် အဖေ့ကို စိတ်မပျက်စေခဲ့ဘူး။ နောက်ဆုံးအထိ အဖေ့အတွက် တိုက်ခိုက်ခဲ့တယ်။ နင်မျိုးနွယ် တော်ဝင်မိသားစုအတွက် နောက်ဆုံးဂုဏ်သိက္ခာအတွက် တိုက်ခိုက်ခဲ့တယ်။”
ပြီးနောက် နင်ကျန်းက အော်ဟစ်လိုက်၏။ “သတ်စမ်း။”
သူ၏ ဒဏ်ရာရနေသည့် ခန္ဓာကိုယ်ကို မနည်းထိန်းကျောင်းကာဖြင့် ပိုမိုရူးသွပ်စွာ ရှေ့ကို လှမ်းတက်သည်။
ထိုအချိန်မှာတော့ ကျီးကန်းအမဲတစ်ကောင်က စုနန်မိန်းမ၏ လက်မောင်းပေါ်သို့ တိုက်ရိုက် ဆင်းသက်လာ၏။ စုနန်၏မိန်းမက အသားတစ်ဖဲ့ကို ကျွေး၏။ ပြီးနောက် ခြေထောက်ရှိ စာလိပ်ငယ်ကို ဖြေကာ အတွင်းမှ လျှို့ဝှက်စာအား သူမ၏ ယောက်ျားကို ပေး၏။
စုနန်က ဖွင့်ဖတ်ကြည့်၏။ ဘုရင်မကိုယ်တိုင် ရေးသားထားပြီး မင်းသားကျင်း၏ တံဆိပ်တုံး ရိုက်နှိပ်ထား၏။ ထိုအရာက အထူးစာသားများဖြင့် ရေးသားထားခဲ့ခြင်း ဖြစ်၏။ စုနန်က အလွယ်တကူပင် ထိုစာကို ဖတ်နိုင်သည်။
“စုနန်... မြို့ကို တိုက်ခိုက်တာကို ရပ်ပြီး အမိန့်သစ်ကို စောင့်။ အခြေအနေ ပြောင်းလဲသွားပြီ။ ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်လာပြီ။”
ဤအရာက မင်းသားကျင်း၏ အမိန့်ပင်။
မင်းသားကျင်းက ဉာဏ်ကြီးရှင် ဖြစ်၏။ သူက စစ်သူကြီးတစ်ဦးချင်းစီတိုင်းကို မတူညီသည့် လျှို့ဝှက်ကုဒ်များဖြင့် လျှို့ဝှက်အမိန့်များကို ရေးသား၏။ သူ၊ ဘုရင်မရှားမန်နှင့် စစ်သူကြီးများမှလွဲ၍ မည်သူမျှ ထိုစာကို မဖတ်တတ်ပေ။ ဤအမိန့်ကို လိမ်လည်ပြုလုပ်၍ မရနိုင်ပေ။
စုနန်၏ နှလုံးသားတစ်ခုလုံးက တုန်ယင်သွား၏။ အများဆုံး နှစ်နာရီအတွင်း ရန်ကော့မြို့ကို သိမ်းပိုက်နိုင် တော့မည်။ နင်ကျန်းနှင့် သူ၏မြို့စောင့်တပ်သား အားလုံးကို သုတ်သင်နိုင်ပေတော့မည်။ ထိုအချိန်တွင်မှ မြို့ကို တိုက်ခိုက်ခြင်းအား ရပ်တန့်ရမည်လား။ သူ တကယ့်ကို စိတ်မပါပေ။
ရွှဲ့ပြည်နယ်ကို ဖျက်ဆီးရမည်။ နင်ယွမ်ရှန်း သူ၏ရှေ့တွင် သေဆုံးသွားသည်ကို သူက ခပ်မာမာနှင့် လက်ပိုက်ကာ ကြည့်ရှုမည်။ ထိုအရာက သူ၏ အိမ်မက်ပင်။ သို့ပေမည့် ယခု ထိုအိမ်မက်ကို လက်လျှော့ရတော့မည်လား။ အတိအကျ ဘာတွေ ဖြစ်ခဲ့သနည်း။
နင်ချီနှင့် ကျူးကျွင်းတို့က စစ်ပြေငြိမ်းရေး သဘောတူညီချက် အသစ်ကို ရရှိခဲ့သည်လား။ မဖြစ်နိုင်ပေ။ စုနန်က မင်းသားကျင်း၏ အကြောင်းကို ကောင်းကောင်းသိ၏။
နင်ချီနှင့် စစ်ပွဲကို ရပ်တန့်လိုလျှင်တောင် ထျန်းရွှဲ့မြို့ကိုတော့ အရင်ဆုံး ဖျက်ဆီးရပေလိမ့်မည်။ ရန်ကော့မြို့ကို သိမ်းပိုက်ခြင်းမပြုမီ စစ်ပွဲကို ရပ်တန့်ရန် မဖြစ်နိုင်ချေ။ ထိုအရာက တာ့နန်နိုင်ငံ အရည်အချင်း မရှိကြောင်း ပြသ,သလို ဖြစ်နေပေလိမ့်မည်။
ရှမ့်လန်ကြောင့်လား။ ဟုတ်ပေ၏။ ရှမ့်လန်ကြောင့်ပဲ ဖြစ်ရပေလိမ့်မည်။ “သခင်လေးရှမ့်… တကယ်လို့ မင်းသာ ဖြစ်ခဲ့တယ်ဆိုရင် မင်းက အရမ်း၊ အရမ်းကို ထူးခြားတဲ့ လူတစ်ယောက် ဖြစ်ခဲ့ပြီ။”
သူက အသက်ကို ပြင်းပြင်းရှူလိုက်၏။ မင်းသားကျင်း၏ အမိန့်ကို မနာခံဘဲ မနေနိုင်ချေ။ စုနန်က အော်ဟစ်လိုက်၏။ “ပြန်ဆုတ်ဖို့ စစ်မောင်းကို တီးလိုက်။”