ဒါ အစပဲ ရှိသေးတယ်
Vol. 14 Ch. 207
အုန်း!
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဇိမ်ခံကား တစ်စီးလုံး ကျိုးပဲ့ ပျက်စီးကာ ပြာဖြစ်သွားလေတော့သည်။
ထိုစည် လူတစ်ယောက်က လေး၊ ငါးမီတာခန့် လွင့်ထွက်သွားပြီး လမ်းမပေါ် ပြန်ပြုတ်ကျလာသည်။
နိုင်လွန်ကတ္တရာ လမ်းမပေါ်၌ ထိုင်ချလိုက်ရင်း ကုန်းကျန့်ထျန်း သွေးအန်မိသည်။
"သေစမ်း၊ အဲ့ဒါ လျှို့ဝှက်ဗုံးပဲ"
ဒဏ္ဍာရီအဆင့် ပညာရှင်တစ်ယောက်အနေနှင့် သူ၏ ဆဋ္ဌမအာရုံက အလွန် အားပြင်းသဖြင့် သာမန် ဗုံးများ၏ တည်ရှိမှုကို အလွယ်တကူ အာရုံခံနိုင်သည်။
သို့သော် လျှို့ဝှက်ဗုံးကတော့ အလွန် အင်အားကြီးသော ပညာရှင်များအား ဟန့်တားနိုင်သော သေစေနိုင်သည့် လက်နက်တစ်ခုပင်။
ထို့ပြင် လျှို့ဝှက်ဗုံးသည် သာမန်ဗုံးများထက် ပို၍ အဆပေါင်းများစွာ အဖျက်အား ပြင်းလေသည်။
သို့မဟုတ်ပါက ဒဏ္ဍာရီအဆင့် ပညာရှင်တစ်ယောက်ကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။
"ခွေးမသား"
သူ့နံရိုး တော်တော်များများ ကျိုးသွားလေပြီ။ ကုန်းကျန့်ထျန်း အလွန် ပေါက်ကွဲလို့နေ၏။
လျှိုမြောင်ဝိညာဉ်သခင်၏ မျက်လုံးကို သူ တည့်တည့် စိုက်ကြည့်နေရင်း သူ အနှစ်သက်ဆုံး သူ့လက်ထောက်က သူ့အား သစ္စာဖောက်လိမ့်မည်ဟု မထင်ထားခဲ့မိသည်ကို တွေးတောနေမိသည်။
"လျှိုမြောင်ဝိညာဉ်သခင် ဘာလို့လဲ"
ကုန်းကျန့်ထျန်းအား အလွန် ပြင်းထန် ကြမ်းကြုတ်သော မျက်နှာထားဖြင့် မေးလိုက်သည်။
ထိုစည် အနက်ရောင် ဝတ်စုံနှင့် လူများစွာက အနက်ရောင်ကား အစီး နှစ်ဆယ်၊ သုံးဆယ်ထဲမှ ဆင်းလာကြသည်။
သူတို့အားလုံးသည် သူတို့နည်း သူတို့ဟန်ဖြင့် သန်မာလှပြီး သန်မာသော ချီဓာတ်များကို ထုတ်လွှင့်လျက် ရှိသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင်ဝတ်စုံနှင့် လူအယောက် တစ်ရာကျော် ပေါ်လာပြီး အားလုံးက ဆရာသခင်အဆင့် ပညာရှင်များ ဖြစ်ကြသည်။
"မိစ္ဆာ ဝိညာဉ်ရိုင်း"
ထိုအဖွဲ့ကို ဦးဆောင်သူအား ကုန်းကျန့်ထျန်း မြင်လိုက်ရသည်နှင့် နားဝေတိမ်တောင် ဖြစ်သွားရသည်။
သစ္စာအရှိဆုံး မိစ္ဆာ ဝိညာဉ်ရိုင်းက သူ့အား သစ္စာဖောက်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားမိပါ။
ဘေးဘီကို ဝေ့ကြည့်လိုက်ရင်း သူ တစ်ချက် တုန်လှုပ်သွားကာ မယုံနိုင်ဟန်များ ဖြစ်ပေါ်လာသည်။
"ရှန့်ကျန်းဂိုဏ်းခွဲ၊ မွန်ဂိုလီးယားဂိုဏ်းခွဲ၊ ဟန်ဂိုဏ်းခွဲ၊ ဂျပန်ဂိုဏ်းခွဲ"
"သေစမ်း…မင်းတို့…"
ကုန်းကျန့်ထျန်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေသည်။ သူတို့အားလုံး သူ့လက်အောက်ခံများ ဖြစ်ခဲ့ကြသည်။ သို့ပေမဲ့ အခု…
ထိုအချိန်တွင် မိစ္ဆာ ဝိညာဉ်ရိုင်း၊ လျှိုမြောင်ဝိညာဉ်သခင်နှင့် အခြား ဆရာသခင်အဆင့် ပညာရှင် အယောက် တစ်ရာကျော်တို့က ကုန်းကျန့်ထျန်းအား သေလူဟု သတ်မှတ်ပြီးဟန်ဖြင့် လှောင်ရယ်နေကြသည်။
"ငါတို့သခင်ကြီးရဲ့ အမိန့်အရ ငါတို့က မင်းရဲ့ နိမ့်ကျတဲ့ အသက်ကို နုတ်ယူဖို့ လာခဲ့တာ"
ထိုအသံကြောင့် ကုန်းကျန့်ထျန်း မှင်တက်သွားရသည်။
*သခင်ကြီး*
ကုန်းကျန့်ထျန်းက ထိတ်လန့်နေသော မျက်လုံးများဖြင့် ကြုံးဝါးလိုက်သည်။
"မဖြစ်နိုင်ဘူး၊ မင်းတို့ ဘယ်တုန်းက သခင်တစ်ယောက် ရသွားတာလဲ။ ဒါ လုံးဝ မဖြစ်နိုင်ဘူး"
ရက်အနည်းငယ်အတွင်း သည်လောက် ပြောင်းလဲသွားလိမ့်မည်ဟု သူ မယုံကြည်နိုင်ပါ။
အရှေ့အာရှမှ မဟူရာ ကြက်ခြေခတ် အဖွဲ့သားအားလုံး သစ္စာဖောက်ကာ လူတစ်ယောက်ကို သူတို့၏ သခင်အဖြစ် အသိအမှတ်ပြုလိုက်ကြသည်တဲ့လား။
ဤသည်ကား အင်မတန်မှ အံ့ဩစရာ ကောင်းလှသည်။
သို့သော် မိစ္ဆာ ဝိညာဉ်ရိုင်း ထပ်ပြောလိုက်သော စကားကြောင့် ကုန်းကျန့်ထျန်း အံ့ဩကာ ပါးစပ် အဟောင်းသား ဖြစ်သွားရသည်။
"ငါတို့သခင်ကြီးက မင်း သတ်ချင်နေတဲ့သူပဲ"
*ဘာ*
ကုန်းကျန့်ထျန်း လုံးဝ မှင်တက်သွားရသည်။
"ယဲ့…ယဲ့ဖန်လား"
"လုံးဝ မဖြစ်နိုင်ဘူး၊ သူက ပုရွက်ဆိတ်သာသာကောင်ပဲလေ၊ ဘယ်လိုလုပ် သူက မင်းတို့အားလုံးရဲ့ သခင်ဖြစ်လာရတာလဲ"
ဝိညာဉ်ရိုင်းနှင့် အခြားသူများ၏ ပင်ကိုစိတ် သဘောထားကို ကုန်းကျန့်ထျန်း သတိထားမိသည်။ ဆရာသခင်အဆင့် ပညာရှင်များ ဖြစ်သည့် အားလျော်စွာ သူတို့အားလုံးသည် မောက်မာသည်၊ ထိန်းသိမ်း၍ မရ၊ ပြီးတော့ စိတ်ဓာတ်လည်း ပြင်းထန်သည်။ တစ်စုံတစ်ယောက်ကို သူတို့၏ သခင်အဖြစ် ဘယ်သောအခါမှ လက်ခံနိုင်မည်မဟုတ်။
သို့သော် သူ့ရှေ့မှ အဖြစ်အပျက်များက အမှန်တရား ဖြစ်နေသည်။ မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် အခြားသူများက ကုန်းကျန့်ထျန်းနှင့် ထွေရာလေးပါး ပြောဖို့ စိတ်မဝင်စားချေ။
ဝိညာဉ်ရိုင်းနှင့် အခြား ရှန့်ကျန်း ဆရာသခင်အဆင့် ပညာရှင် အယောက် သုံးဆယ်က ထူးဆန်းသော ကျောက်တုံးများကို အသီးသီး ထုတ်ယူလိုက်ကြသည်။
ထိုထူးဆန်းသော ကျောက်တုံးများတွင် များစွာသော မှော်စာလုံးများနှင့် ပြည့်နှက်နေ၏။
"ီးပဲ၊ အဲ့ဒါ မှော်ဝင်္ကပါလား"
ထူးဆန်းသော ကျောက်တုံးများကို မြင်သည်နှင့် ကုန်းကျန့်ထျန်း အလွန် ကြောက်လန့်လာသည်၊ မှော်ဝင်္ကပါတစ်ခုက ဒဏ္ဍာရီအဆင့် ပညာရှင် တစ်ယောက်ကို သတ်နိုင်စွမ်း ရှိကြောင်း သူ သိထားသည်။
"သေပေတော့"
ကုန်းကျန့်ထျန်းက အလွန် ဒေါသူပုန်ထနေသည်။ မှော်ဝင်္ကပါ အစမပျိုးခင် သူ ဤဝန်းရံထားမှုမှ ထိုးဖောက် လွတ်မြောက်နိုင်ရန် သူ မျှော်လင့်ထားမိသည်။
သူက လျှပ်စီးထက် မြန်သော အလျင်နှင့် ရွေ့လျားလိုက်သော်လည်း ဝိညာဉ်ရိုင်းနှင့် အခြားသူများက သူ့ထက် ပိုမြန်နေသည်။
ဝှစ်! ဝှစ်! ဝှစ်!
သူတို့က ကျောက်တုံးများကို လမ်းမပေါ်၌ ချက်ချင်း နေရာချလိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လမ်းဆုံလမ်းခွ တစ်ခုလုံး အနီရောင် အလင်းတန်းများဖြင့် ဖြာထွက်နေသည်။
တစ်ချိန်တည်းမှာပင် များစွာသော ဓားပျံများက ကောင်းကင်မှ ကျဆင်းလာပြီး ကုန်းကျန့်ထျန်းအား စတင် တိုက်ခိုက်ကြလေတော့သည်။
ဤသည်ကား ကိုးဆင့် သွေးဝင်္ကပါအား ထပ်၍ အဆင့်မြှင့်ထားသော ဝင်္ကပါဖြစ်သည်။
ကိုးဆင့် သွေးဝင်္ကပါတွင် လျှို့ဝှက်ဆန်းကြယ်မှုများစွာ ပါဝင်နေသည်။
ယခင်က ကိုးဆင့်သွေးဝင်္ကပါသည် ယဲ့ဖန် အရည်အသွေးနိမ့်သော ကျောက်တုံးများဖြင့် စီရင်ထားတာတောင်မှ လီကျိုးယောင် ဦးဆောင်ခဲ့သော ရှန့်ကျန်းအင်အားစုအား အကြီးအကျယ် ဆုံးရှုံး၍ အနာတရ ဖြစ်အောင် လုပ်နိုင်ခဲ့သည်။
ယခုအခါတွင်တော့ ကျောက်တုံးများသည် အရည်အသွေး အကောင်းဆုံး ကျောက်တုံးများ ဖြစ်သည်။ ထို့ကြောင့် ကျောက်တုံးများ၏ အစွမ်းက ကုန်းကျန့်ထျန်းကဲ့သို့ ဒဏ္ဍာရီအဆင့် ပညာရှင်တစ်ယောက်ကို ကျိန်းသေပေါက် ခြိမ်းခြောက်နိုင်၏။
"ခွေးကောင်"
ကုန်းကျန့်ထျန်း၏ မျက်နှာတွင် ဒေါသနှင့် အကြောက်တရားတို့ဖြင့် ပြည့်နှက်နေ၏။ ဒါက ယဲ့ဖန်ရဲ့ ကိုးဆင့် သွေးဝင်္ကပါမှန်း သူ သေချာ သိနေ၏။
ယဲ့ဖန်က လီကျိုးယောင်အား ကိုးဆင့် သွေးဝင်္ကပါဖြင့် ပိတ်ဆို့ တားဆီးခဲ့သည်ကို သူ ဗီဒီယို ကြည့်ဖူးသည်။ တစ်ချိန်တည်းမှာပင် သူသည် ယဲ့ဖန်က ဆရာသခင်အဆင့် ပမွှားတစ်ယောက်ကို နိမ့်ကျသော ဝင်္ကပါဖြင့်သာ တိုက်ခိုက်နိုင်သည်ဟု သူ ထင်ခဲ့မိသည်။
ထင်မှတ်မထားဘဲ သည် ဝင်္ကပါက သူကဲ့သို့ ဒဏ္ဍာရီအဆင့် တစ်ယောက်ကို ခြိမ်းခြောက်နိုင်နေသည်။
"အဲ့ကောင်က ဘယ်လိုလူမျိုးလဲကွာ"
ကုန်းကျန့်ထျန်း မျက်ခုံးလှုပ်နေသည်။ ယဲ့ဖန်က သူ ထင်ထားသည်ထက် ပို၍ ဆန်းကြယ်နေသည် မဟုတ်ပါလား။
သို့သော် သူ တွေးနေဖို့ အချိန်မရ။ သွေးစွန်း ဓားပျံများက လျင်မြန်စွာ တိုက်ခိုက်လို့နေ၏။
ရုတ်တရက် သူ လက်ကောက်ဝတ်အား ဆတ်ခနဲ လှုပ်ရှားလိုက်သောအခါ မှော်ဝင်ပစ္စည်းဖြစ်သော ဆာမူရိုင်းဓားက သူ့လက်ထဲ ပေါ်လာ၏။ ကုန်းကျန့်ထျန်းက ချက်ချင်းဆိသလို ဓားချက်များအား အသည်းအသန် တားဆီးရလေတော့သည်။
ချွင်! ချွင်!
မီးပွားများ ထထတောက်လာပြီး ဓားပျံအား အဝေးသို့ လွင့်သွားကြသည်။ သို့သော် ကောင်းကင်ထက်မှ ပိုများသော ဓားပျံများ ကျဆင်းလို့လာသည်။
"မဖြစ်ဘူး၊ ငါ ဒီလိုပဲ ဆက်ခုခံနေမယ်ဆို ငါ သေချာပေါက် ချီဓာတ် ကုန်ခမ်းပြီး သေသွားလိမ့်မယ်"
ကုန်းကျန့်ထျန်း တွေးတောနေရင်း မျက်လုံးများက မီးဝင်းဝင်းတောက်နေသည်။
"ငါ ဒီဝင်္ကပါကို ဖောက်ထွက်မှ ဖြစ်မယ်"
ထို့နောက် သူက ဝင်္ကပါ၏ ထောင့်နားသို့ တင့်ကားကဲ့သို့ ပြေးဝင်သွားသည်။
ရွှစ်! ရွှစ်!
ဓားပျံနှစ်ခုက သူ့နောက်ကျောအား ထိုးခွဲလာ၏။ သို့သော် သူက နာကျင်မှုအား လျစ်လျူရှုထားလိုက်သည်။ ပြီးနောက် မှော်ဝင်္ကပါ၏ ထောင့်တစ်ခုကိုသာ ဆက်၍ သည်းကြီးမည်းကြီး တိုက်ခိုက်နေသည်။
ဘုန်း! ဘုန်း! ဘုန်း!
သူ၏ တိုက်ပွဲဝင် ချီဓာတ်များက ကြမ်းတမ်းလှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် မှော်ဝင်္ကပါ၏ ထောင့်တစ်နေရာ၌ အက်ရာ ထင်လာ၏။
သို့သော် တစ်ချိန်တည်းမှာပင် ပို၍ ပို၍ များပြားသော သွေးစွန်း ဓားပျံများက သူ့ခန္ဓာကိုယ်ကို ခုတ်ပိုင်းလာ၏။
ထိုထောင့်နေရာကိုသာ သူ ဆက်၍ အားနှင့် တိုက်ခိုက်နေလိုက်သည်။ ဂျွတ်ခနဲ အသံကျယ်ကြီးနှင့်တူ မှော်ဝင်္ကပါ၏ ထောင့်နေရာက ချက်ချင်း ကျိုးပေါက်သွားလေတော့သည်။
မှော်ဝင်္ကပါ၏ ပထမအဆင့် ပျက်စီးသွားလေပြီ။
"အား…အား…အား"
မှော်ဝင်္ကပါ၏ ပထမအဆင့်အား ဖျက်စီးလိုက်နိုင်သော်လည်း သူ ဒဏ်ရာ အပြင်းအထန် ရနေပြီဖြစ်သည်။
ကြမ်းတမ်းသော သားရဲတစ်ကောင်ကဲ့သို့ ဒုတိယအဆင့်အား သူ ဆက်၍ အပြင်းအထန် တိုက်ခိုက်နေလိုက်သည်။
ဘုန်း! ဘုန်း! ဘုန်း!
ဒုတိယအဆင့် ပျက်စီးသွားချိန်တွင် သူသည်လည်း နောက်ထပ် ဒဏ်ရာ ဆယ်ခု ထပ်ရနေပြီးပြီ ဖြစ်သည်။
သွေးမိုးထဲ၌ သူ ဆက်၍ တိုက်ခိုက်နေသလို သူ့ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများ ထပ်မံ၍ ရရှိလာသည်။
မှော်ဝင်္ကပါ၏ တတိယအဆင့်အား သူ ဖျက်စီးပြီးချိန်တွင် နောက်ထပ် ဒဏ်ရာဒဏ်ချက် ဆယ့်ခြောက်ခု ထပ်ရနေပြီးပြီ ဖြစ်သည်။
စတုတ္ထအဆင့်အား သူ ဖျက်စီးပြီးချိန်တွင် နောက်ထပ် ဒဏ်ရာဒဏ်ချက် နှစ်ဆယ့်ငါးခု ထပ်ရလာပြန်သည်။
….
နဝမအဆင့်သို့ ရောက်လာသောအခါ သွေးစွန်းဓားပျံများက ပို၍ အားပြင်းလာပြီး ဒဏ်ရာများ ထပ်မံ၍ ရရှိလာပြန်သည်။
နောက်ထပ် ဂျွတ်ခနဲ အသံနှင့်အတူ ကုန်းကျန့်ထျန်း ပြိုလဲလုနီးပါး ဖြစ်နေ၏။
"အား…အား…အား… လုပ်ထားစမ်းပါကွ"
သူ အလွန်မောနေပြီ ဖြစ်သည်။ မှော်ဝင်္ကပါ၏ ကိုးဆင့်မြောက် အလွှာ ပျက်စီးသွားသည်နှင့် နောက်ဆုံးသော သွေးစွန်းဓားပျံများက ကုန်းကျ့န်ထျန်းအား ခုတ်ပိုင်းလာသဖြင့် သူ ချက်ချင်း ပေါက်ကွဲသွားကာ ကောင်းကင်၌ သွေးမြူခိုးများ ဖွာခနဲ လွင့်စဉ်လာ၏။
*သူ သေသွားပြီပဲ*
နောက်ဆုံးအထိ စောင့်ကြည့်နေရင်း ဝိညာဉ်ရိုင်းနှင့် အခြားညအဖွဲ့သားများက အားပါးတရ ပြုံးကာ ယဲ့ဖန်၏ မှော်ဝင်္ကပါအကြောင်း အမွှမ်းတင် ပြောဆိုနေကြသည်။
"သွားကြစို့၊ အခုချိန်ကစပြီး အရှေ့အာရှမှာ မဟူရာ ကြက်ခြေခတ်အဖွဲ့ ထပ်ရှိမလာတော့ဘူး"
ဝိညာဉ်ရိုင်းက လှောင်ရယ်၍ ပြောလိုက်သည်။
သို့သော် သူတို့အားလုံး ထွက်ခါနေကြစဉ်တွင် သွေးများ ပေကျံနေသာ သူတစ်ယောက် သွေးမြူခိုးထဲမှ ထိုးဖောက်၍ မြေကြီးပေါ်သို့ ရုတ်ခနဲ ကျလာသည်ကို သူတို့ သတိမထားမိလိုက်ကြချေ။
ထိုသွေးများ ပေကျံနေသော သူက ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရင်း သူ့မျက်နှာက အလွန် ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
"ရှေးဟောင်း အမွေအနှစ်ထဲကနေ အစားထိုး မန္တန်တစ်ခု ရလာလို့ တော်သေးတယ်၊ မဟုတ်ရင် ငါ အဲ့မှာ သေသွားလောက်တယ်"
ထိုသွေးများ ပေနေသော သူသည် ကုန်းကျန့်ထျန်းပင် ဖြစ်သည်။
ဝိညာဉ်ရိုင်းနှင့် အခြား ညအဖွဲ့သားများ ထွက်ခွာသွားသည့် အရပ်ကို လှမ်းကြည့်ရင်း ကုန်းကျန့်ထျန်းက အလွန် မုန်းတီးသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။
"ယဲ့ဖန် မင်းက တော်တော်ကြမ်းသားပဲ။ ဒါပေမယ့် မင်းနဲ့ငါရဲ့ ကြားက တိုက်ပွဲက အခုမှ စမှာကွ"