ပညာရှင်များ စုဝေးခြင်း
Vol. 14 Ch. 208
ရှန့်ကျန်းမြို့၌…
မဟူရာ ကြက်ခြေခတ် အဖွဲ့နှင့် ပတ်သက်၍ ဖြေရှင်းပြီးနောက် ယဲ့ဖန်က ရှန့်ကျန်းမြို့မှ ထွက်ခွာရန် စီစဉ်ခဲ့ပြီးသား ဖြစ်သည်။
ထိုစဉ် မာစတာရွှယ်ထံမှ စိတ်ဝိညာဉ်အားဖြည့် ဆေးပင်အကြောင်း သတင်း ရရှိလိုက်သည်။
စိတ်ဝိညာဉ်အားဖြည့် ဆေးပင်သည် ဆရာသခင်အဆင့် ပညာရှင်များအား အလွန် ဆွဲဆောင်နိုင်သည်။
စိတ်ဝိညာဉ်အားဖြည့် ဆေးပင်မှ ဖော်စပ်လိုက်သော စိတ်ဝိညာဉ်အားဖြည့် ဆေးရည်သည် ဆရာသခင်အဆင့် ပညာရှင်တစ်ယောက်အား ပိုမို မြင့်မားသော အဆင့်သို့ ချိုးဖောက် တက်ရောက်နိုင်အောင် ကူညီပေးနိုင်လေသည်။
ဥပမာ ပြောရလျင် ဆရာသခင် အစောပိုင်းအဆင့် ရှိသော ပညာရှင်တစ်ဦးက စိတ်ဝိညာဉ်အားဖြည့် ဆေးရည်အား သောက်လိုက်မည်ဆိုပါက ဆရာသခင် အလယ်အလတ် အဆင့်သို့ ချက်ချင်း ရောက်ရှိသွားမည် ဖြစ်သည်။
သို့သော် စိတ်ဝိညာဉ်အားဖြည့် ဆေးပင်အား စိတ်ဝိညာဉ်အားဖြည့် ဆေးရည်အဖြစ်သို့ ပြောင်းလဲ ဖော်စပ်မည် ဆိုပါက အလွန် ဖြုန်းတီးရာ ကျကြောင်း ယဲ့ဖန် တစ်ယောက်တည်းသာ သိထားသည်။
အကယ်၍ စိတ်ဝိညာဉ်အားဖြည့် ဆေးပင်အား စိတ်ဝိညာဉ်အားဖြည့် ဆေးလုံးအဖြစ်သို့ ပြောင်းလဲ ဖော်စပ်မည်ဆိုပါက စိတ်ဝိညာဉ်အားဖြည့် ဆေးလုံးသည် လူတစ်ယောက်၏ ဝိညာဉ်ကိုပါ သိမ်းဆည်းပေးထားနိုင်သည်အထိ ပို၍ အစွမ်းထက်လေသည်။
အကယ်၍ လူတစ်ယောက် သေသွားခဲ့ပါက သူ၏ ဝိညာဉ်သာ အပြည့်အစုံ ကျန်ရှိနေပါက သူ ပြန်လည် အသက်ရှင်နိုင်စွမ်း ရှိနိုင်သေးသည်။
ထို့ပြင် သူ ရရှိခဲ့သော သတင်းအရ ကုန်းတွင်းပိုင်းဒေသမှ တစ်ကိုယ်ရေ တစ်ကာယ ဆရာသခင်အဆင့် ပညာရှင်များ ပါဝင်သော အဖွဲ့ကြီးတစ်ဖွဲ့ ရှန့်ကျန်းမြို့သို့ ဆင်းလာကြောင်း သတင်းရထားသည်။
အောင်းရှန့်ဒေသမှ တစ်ကိုယ်တည်း ကျင့်ကြံကြသည့် ဆရာသခင်အဆင့် ပညာရှင်များသည်လည်း ရှန့်ကျန်းမြို့၌ စုဝေးလျက် ရှိနေကြသည်။
ထို့ကြောင့် ရှန့်ကျန်းမြို့သည် ကျော်ကြားသော နေရာတစ်ခု ပြန်ဖြစ်လာပြန်သည်။
မဟူရာ ကြက်ခြေခတ်ဘားအား ညဘားဟု အမည်ပြောင်းလဲလိုက်သည်။
မာစတာရွှယ်က ယဲ့ဖန်ထံသို့ ဓာတ်ပုံတစ်ပုံ ပို့ကာ လေးစားစွာ ပြောဆိုလို်ကသည်။
"မစ္စတာယဲ့၊ ကျွန်တော် ခုနလေးတင် စိတ်ဝိညာဉ်အားဖြည့် ဆေးပင် ပြခန်းကနေ ဖိတ်စာရလိုက်တာပါ၊ အဲ့ဒါကြောင့် ကျွန်တော် ခင်ဗျားဆီ ချက်ချင်း ပို့လိုက်ပါတယ်။ ဒါလေးက ခင်ဗျားအတွက် အကူအညီ ဖြစ်ပါ့မလား ကျွန်တော် သိချင်မိပါတယ်"
မာစတာရွှယ်က ယဲ့ဖန်ထံသို့ ပိုင်ယီမှတစ်ဆင့် ဆက်သွယ်ခြင်း ဖြစ်သည်။ သူနှင့် ယဲ့ဖန်ကြားမှ ဆက်ဆံရေးအား သူ အလွန် ပြုပြင်ချင်နေ၏။
ထို့ပြင် ပိုင်ယီနှင့် ရွှယ်ထောင်တို့ နှစ်ယောက်လုံးက သူ့ဘက်တွင် ရှိနေသည်။
လက်မောင်းများကို ပတ်တီးများဖြင့် စည်းနှောင်ထားသော ရွှယ်ထောင်က သူ့ဘေးတွင် ရိုရိုကျိုးကျိုးနှင့် ထိုင်နေ၏။
ယခုအခါတွင် ရွှယ်ထောင်က ယဲ့ဖန်အား အလွန် ရိုသေ၊ကြောက်ရွံ့စိတ်ဖြင့် ကြည့်နေသည်။
သူ့စိတ်ထဲတွင် ယဲ့ဖန်က နတ်ဆိုးဆိုလည်း ဟုတ်သလို နတ်ဘုရားဆိုလည်း ဟုတ်နေသည်ဟု ထင်မြင်နေမိသည်။
တောက်! တောက်! တောက်!
ယဲ့ဖန်က စားပွဲကို လက်ဖြင့် တတောက်တောက်ခေါက်ရင်း ဓာတ်ပုံကို အသည်းအသန် စိုက်ကြည့်နေ၏။
"စိတ်ဝိညာဉ် အားဖြည့် ဆေးပင်…"
ယဲ့ဖန်က အသာအယာပြုံး၍ ထိုဆေးပင်ကို သူ့လက်ထဲ ရောက်လာရမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
"ဒီပြပွဲကို ကျင်းပတဲ့သူက ဘယ်သူလဲဆိုတာ ခင်ဗျား သိလား" ဟု ယဲ့ဖန်က မာစတာရွှယ်အား မေးလိုက်သည်။
ယဲ့ဖန်၏ အမေးကြောင့် မာစတာရွှယ်က မျက်မှောင်ကြုတ်လျက်သားဖြင့် ပြန်ဖြေလိုက်သည်။
"သူက ကိုရီးယားလူမျိုး ဖြစ်ဖို့များပါတယ်၊ ဒါပေမယ့် သူ့ရဲ့ နောက်ကြောင်းကို ကျွန်တော် အသေအချာ မသိပါဘူး"
"အခု သူက စိတ်ဝိညာဉ် အားဖြည့် ဆေးပင် ပြပွဲလုပ်တယ်ဆိုတော့ သူ့မှာ ရည်ရွယ်ချက် ကောင်းကောင်းကြီး ရှိပုံရတယ်"
ယဲ့ဖန်က ပြုံးရင်း ပြောလိုက်သလို သူ၏ မျက်လုံးများကလည်း တဖျတ်ဖျတ် လက်နေသည်။
"ဒီလိုဆိုမှတော့ သူ ဘာလုပ်ချင်နေတာလဲ ဆိုတာကို သွားကြည့်ပြီး အဖြေရှာ ကြည့်ရတာပေါ့"
ယဲ့ဖန်ရဲ့ စကားကို ကြားပြီး မာစတာရွှယ်နှင့် ရွှယ်ထောင်တို့ နှစ်ယောက်လုံး ပျော်ရွှင်သွားကြသည်။
သူတို့နှင့် ယဲ့ဖန်ကြားမှ ဆက်ဆံရေးအား ပြန်လည် ပြင်ဆင်နိုင်ရန် အခွင့်အရေးတစ်ခု ရလာပြီ ဖြစ်ကြောင်း သူတို့ သိလိုက်သည်။
……
ညနေခင်းတွင်။
ရှန့်ကျန်း တော်ဝင် ပြခန်း၌ လူအုပ်ကြီးနှင့် ပြည့်နှက်လို့နေ၏။
ရှန့်ကျန်းမြို့တစ်ခွင်မှ အချမ်းသာဆုံးနှင့် အင်အားအကြီးဆုံးသူများ ဖိတ်စာ ရပြီးသည်နှင့် ပွဲသို့ တက်ရောက်လာကြသည်။
ပညာရှင်များစွာတို့သည်လည်း ဝေးလံသော နေရာများမှ လာရောက်ကြသည်။
ထို့ပြင် သတင်းထောက်များကလည်း ရှန့်ကျန်းမြို့ သမိုင်း၏ အတောက်ပဆုံး အချိန်အား ဓာတ်ပုံ တဖျတ်ဖျတ် ရိုက်၍ မှတ်တမ်းတင်နေကြသည်။
"ကြည့်စမ်း အဲ့ဒါ ကျူးလီမလား။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ဟဲရှန့် စီရင်စုဒေသက နံပါတ်တစ် သိုင်းပညာရှင်လေ။ သူ သေတာ ကြာလှပြီလို့ ပြောနေကြတာ၊ အခု သူက အသက်ရှင်နေတုန်းပါပဲလား။ ပြီးတော့ အခု သူက ဆရာသခင်အဆင့်တောင် ရောက်နေပြီ"
"ဟိုကို ကြည့်လိုက်ဦး ၊ အောင်းရှန့် စီရင်စုဒေသက ဟုန်လက်ဝှေ့ခန်းမ ပိုင်ရှင် မဟာဆရာသခင်ကျန့်ပဲဟ။ သူ ပျောက်နေတာ နှစ်နဲ့ချီနေပြီ။ သူလည်း ဆရာသခင်အဆင့်ကို ရောက်နေပြီကိုးဟ"
"ပိုင်ဟူ၊ ကုန်းတွင်းပိုင်းဒေသ တုန်းရှန့်စီရင်စုက နံပါတ်တစ် သိုင်းပညာရှင်? သူ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက နိုင်ငံခြား ရောက်နေတာလို့ ပြောနေကြတာ။ သူလည်း ဒီကို ရောက်လာလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး"
သတင်းထောက်များကား အလွန် သတင်းအချက်အလက် ပေါကြွယ်ဝစွာ သိရှိကြသည်။
သို့သော် တစ်ကိုယ်တည်း သီးသန့် ကျင့်ကြံနေသော သိုင်းပညာရှင်များစွာ ရောက်လာသဖြင့် သူတို့လည်း ထိတ်လန့်သွားကြသည်။
ထိုအခါမှသာ ဟွာရှနိုင်ငံ၏ ကျယ်ပြောသော ဒေသအသီးသီးမှ တစ်ကိုယ်တည်း ကျင့်ကြံနေသော သိုင်းပညာရှင်များစွာ ရောက်ရှိ နေကြသည်ကို သူတို့ သတိပြုလိုက်မိကြသည်။
မာစတာရွှယ်ကို သတင်းထောက်များ မြင်လိုက်သည်နှင့် အလိုလို စိတ်ညစ်သွားကြသည်။
"ဟူး…ရှန့်ကျန်းရဲ့ သိုင်းပညာ အသိုင်းအဝိုင်းကတော့ သွားပါပြီကွာ၊ ငါတို့မှာ ကြယ်သုံးလုံးအဆင့် သိုင်းပညာရှင် မာစတာရွှယ်ပဲ ရှိတယ်ကွာ။ အာ… မာစတာရွှယ်နဲ့ သူ့သားဘေးက ခပ်ချောချော ကောင်လေးနဲ့ အဲ့မိန်းမလှလေးက ဘယ်သူပါလိမ့်"
"ဝိုး အဲ့ကောင်လေးက တော်တော် စမတ်ကျတာပဲကွ။ သူ့ပုံစံက အမှောင်ထုထဲက လာတဲ့ မင်းသားလေးလိုပဲ။ ဒါပေမယ့် ငါ ဘာလို့ သူ့ကို ရင်းနှီးနေတဲ့ ခံစားချက်ကြီး ရနေတာလဲ မသိဘူး"
"ငါလည်း တစ်ခုခု ထူးဆန်းနေသလို ခံစားနေရတယ်။ ဒါပေမယ့် ငါ သူ့ကို ဘယ်မှာ မြင်ခဲ့ဖူးသလဲ ဆိုတာကို စဉ်းစားလို့ကို မရဘူး"
……
သတင်းထောက်တိုင်းက ယဲ့ဖန်အား အာရုံစိုက်နေကြသည်။
ယဲ့ဖန်နှင့် လီကျိုးယောင်တို့ တိုက်ခိုက်သည့် ဗီဒီယိုက နာမည်ကြီးသော်လည်း ယဲ့ဖန်က ထိုအချိန်ကနှင့် ယှဉ်လျင် ရုပ်ရည်ရော ပင်ကိုစရိုက်ပါ အတော်လေး ပြောင်းလဲသွားပြီ ဖြစ်သည်။
ထို့ကြောင့် မည်သူမျှ သူ၏ နောက်ခံအစစ်အမှန်ကို သတိမပြုမိကြပါ။ သို့သော် ထိုသူက ရှန့်ကျန်းမြို့ သိုင်းပညာ အသိုင်းအဝိုင်းအား ကျဆင်းသွားအောင် လုပ်ခဲ့သည့် လက်သည် တရားခံ၊ ရှန့်ကျန်းမြို့၏ အိပ်မက်ဆိုး ယဲ့ဖန် ဆိုတာကို မည်သူမျှ ထင်မှတ်မထားမိကြချေ။
သတင်းထောက်များ၏ သို့လောသို့လော စကားများကို ကြားပြီး ရွှယ်ထောင် အောင့်သီးအောင့်သက် မျက်နှာထား ဖြစ်ပေါ်လာသည်။
ယခင်တုန်းကလည်း သူ ယဲ့ဖန်ကို မမှတ်မိခဲ့ပါ။ အကယ်၍ ယဲ့ဖန်ကို သူ စောစော မှတ်မိခဲ့ပါက သူ ယဲ့ဖန်အား ရန်စရဲခဲ့မည် မဟုတ်ပါ။
ဖိတ်စာကို ပြပြီးနောက် လေးယောက်သား အထဲဝင်လာခဲ့ကြသည်။ ပြခန်းထဲတွင် ရှန့်ကျန်း၏ ရာထူးကြီး ပုဂ္ဂိုလ်များ၊ အောင်းရှန့် စီရင်စုဒေသမှ အင်အားစုများနှင့် ကုန်းတွင်းပိုင်းဒေသမှ အင်အားစုများနှင့် ပြည့်နှက်လို့ နေ၏။
"ဟဟ…ပိုင်ယီ မင်းကို တွေ့ရတာ ဝမ်းသာတယ်ကွာ"
သူတို့အဖွဲ့ ပြပွဲခန်းမထဲသို့ ဝင်လာသည်ကို မြင်သည်နှင့် လူငယ်နှစ်ယောက် အနားသို့ လျင်မြန်စွာ ချဉ်းကပ်လာ၏။
သူတို့ထဲမှ မျက်နှာထား ခပ်တင်းတင်းနှင့် လူငယ်တစ်ယောက်ကို မြင်လိုက်ရသဖြင့် ပိုင်ယီနှင့် ရွှယ်ထောင်တို့ ချက်ချင်း သုန်မှုန်လာကြသည်။
ရွှယ်ထောင်က အနည်းငယ် နီရဲနေသော မျက်နှာထားနှင့် ယဲ့ဖန်အား ခပ်တိုးတိုး ပြောလိုက်သည်။
"မစ္စတာယဲ့ အဲ့ကောင်က ကွမ်ဖေးလေ၊ ရှန့်ကျန်းမြို့က ထိပ်တန်း သခင်လေးတစ်ယောက်ပဲ၊ ပြီးတော့ ပိုင်ယီရဲ့ အတန်းဖော်။ သူက ပိုင်ယီကို လိုက်နေတာလေ"
ရွှယ်ထောင်လည်း ပိုင်ယီအား ပိုးပန်းဖူးသည်။ သို့သော် ပိုင်ယီက ယဲ့ဖန် တစ်ယောက်တည်းကိုသာ ချစ်သည်ကို သိပြီးနောက် သူ ပိုးပန်းမည့် အတွေးတို့အား စွန့်လွှတ်လိုက်သည်။
သူ့စိတ်ထဲတွင် ယဲ့ဖန်လို လူထူးလူဆန်းမျိုးကသာ ပိုင်ယီနှင့် လိုက်ဖက်သည်ဟု ထင်မိသည်။
ထိုစဉ် ကွမ်ဖေးက ပိုင်ယီအား စကား စပြောလာသည်။
"ပိုင်ယီ ငါသာ မာစတာရွှယ်ဆီ ဖိတ်စာပို့လိုက်မယ်ဆို မင်းပါ သေချာပေါက် ပေါ်လာမယ်ဆိုတာ ငါ သိသားပဲ"
*ဟမ်*
သူ့စကားကြောင့် ပိုင်ယီနှင့် ရွှယ်ထောင်တို့ ချက်ချင်း မျက်မှောင်ကြုတ် သွားကြသည်။
"ကွမ်ဖေး နင် ဘာစကားပြောတာလဲ" ဟု ပိုင်ယီက သုန်မှုန်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။
သူမ စကားကြောင့် မျက်နှာထား တင်းတင်းနှင့် လူငယ်က ပြုံး၍ ရှင်းပြလာသည်။
"ဟဟ…ပိုင်ယီ၊ မင်း သတိမထားမိဘူးလား။ ဒီနေရာမှာ ရှန့်ကျန်းမြို့က ထိပ်တန်း လူပုဂ္ဂိုလ်တွေနဲ့ အခြားဒေသက ထိပ်သီး သိုင်းပညာရှင်တွေနဲ့ပဲ ပြည့်နှက်နေတာလေ။ မာစတာရွှယ်က ကြယ်သုံးလုံးအဆင့် သိုင်းပညာရှင်လေ၊ သူက ဒီနေရာကို လာဖို့ အရည်အချင်းမှ မမီတာ"
*ဘာ*
ကွမ်ဖေး၏ စကားကြောင့် သူတို့အဖွဲ့ မျက်နှာပျက်ကာ ထိတ်လန့် သွားကြသည်။
ထိုအခါမှသာ ရှန့်ကျန်းမြို့က သိုင်းပညာရှင်ဟူ၍ မာစတာရွှယ် တစ်ယောက်သာ ရှိသည်ကို သူတို့ သတိထားလိုက်မိသည်။
ကျန်သော ဧည့်သည်များသည် အခြားဒေသမှ ဆရာသခင် တစ်ပိုင်းအဆင့်နှင့် ဆရာသခင်အဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။
သူ၏ အဆင့်အတန်းအရ ထိုသူတို့ကြားတွင် မာစတာရွှယ်က အဆင့်အနိမ့်ဆုံး သိုင်းပညာရှင် ဖြစ်သည်။
ထို့ကြောင့် သူတို့အဖွဲ့၏ မျက်နှာက သုန်မှုန်လာသည်။ သို့သော် ကွမ်ဖေးက သူတို့၏ အမူအရာကို ဂရုမစိုက်ပေ။ သူက ပိုင်ယီကိုသာ ပြုံး၍ ဆက်ပြောနေသည်။
"ပိုင်ယီ၊ ငါတို့ရဲ့ ခံစားချက်တွေကို ထောက်ထားပြီး ငါက မာစတာရွှယ်နဲ့ ကျန်နှစ်ယောက်ကို မောင်းထုတ်မှာ မဟုတ်ပါဘူး။ လာလေ၊ ငါ မင်းကို ငါနဲ့သိတဲ့ ထိပ်တန်း ပုဂ္ဂိုလ်တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့၊ သူက ငါတို့ ကျောင်းအလှနတ်ဘုရားမလေး ပိုင်ယီကို ချစ်မြတ်နိုးနေတာ ကြာလှပြီ"
ထိုသို့ပြောပြီး ကွမ်ဖေးက သူ့ဘေးမှ အရပ်ရှည်ရှည်နှင့် ခပ်ချောချော လူငယ်လေးကို ညွှန်ပြ၍ သူမတို့ နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။
"ပိုင်ယီ ဒါက ဖျောင်ကျိုးယိုလေ၊ ကိုရီးယားက နံပါတ်တစ် ပါရမီရှင် သိုင်းသမားလေ, သူက အသက် နှစ်ဆယ့်လေးနှစ်ပဲ ရှိသေးတာ၊ ပြီးတော့ ကိုရီးယားနိုင်ငံက အသက်အငယ်ဆုံး ဆရာသခင်အဆင့် သိုင်းပညာရှင်လေ"
"ပြီးတော့ ဒီပြပွဲကို မစ္စတာ ဖျောင်ကျိုးယိုက ကျင်းပတာပဲ"
*ဘာ*
မာစတာရွှယ်နှင့် ကျန်သုံးယောက်တို့ သူ့စကားကြောင့် မှင်တက် သွားကြသည်။
ဒီပြပွဲကို ကျင်းပသည့်သူက သည်လောက် ငယ်ရွယ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားမိကြပါ။
ပို၍ ကြောက်မက်ဖွယ် ကောင်းသည်က သူက အသက် နှစ်ဆယ့်လေးနှစ်တည်းနှင့် ဆရာသခင်အဆင့်သို့ ရောက်နေသည့် အချက်ပင် ဖြစ်သည်။
မည်မျှ ထူးဆန်းလိုက်သည့် သူပါလိမ့်။
ကွမ်ဖေး၏ မိတ်ဆက်စကား အဆုံးတွင် ဖျောင်ကျိုးယိုက မာနကြီး၍ အလေးအနက် မထားတတ်သောဟန်ဖြင့် ပြုံးလိုက်သည်။
ထို့နောက် သူက ပိုင်ယီထံသို့ လက်ဆန့်ပေး၍ သူမအား ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်၊ မမလေး ပိုင်ယီ။ ကျုပ်က ဖျောင်ကျိုးယုပါ။ ကွမ်ဖေး ကျုပ်ကို ခင်ဗျား ဓာတ်ပုံပြကတည်းက ကျုပ် ခင်ဗျားကို ချစ်မိသွားတာပါ။
"စိတ်ဝိညာဉ်အားဖြည့် ဆေးပင်အတွက် ဒီပြပွဲ ကျင်းပရတာတဲ့ အကြောင်းရင်း နှစ်ချက် ကျုပ်မှာ ရှိတယ်၊ တစ်ချက်က ခင်ဗျားကို ပိုးပန်းဖို့နဲ့ နောက်တစ်ခုက ဟွာရှနိုင်ငံက သိုင်းပညာရှင်တိုင်းကို ထိထိရောက်ရောက် ဖြိုခွင်းချင်လို့ပဲ"