ရှုံးတဲ့လူ သေမယ်
Vol. 14 Ch. 209
*ခင်ဗျားကို ပိုးပန်းဖို့နဲ့ ဟွာရှနိုင်ငံက သိုင်းပညာရှင်တိုင်းကို ထိထိ ရောက်ရောက် ဖြိုခွင်းချင်လို့ပဲ*
ထိုစကားကြောင့် သူတို့အဖွဲ့ ထိတ်လန့်မှုများနှင့် ပြည့်နှက်လို့သွားသည်။
မောက်မာလွန်းတယ်။ ရဲတင်းလွန်းတယ်။
ကိုရီးယားလူမျိုး သိုင်းပညာရှင်က သည်လောက် ရိုင်းစိုင်းစွာ ပြုမူရဲလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားမိပါ။
*သူက ဟွာရှနိုင်ငံက သိုင်းပညာရှင်တိုင်းကို ထိထိရောက်ရောက် ဖြိုခွင်း ချင်တယ်ပေါ့လေ*
သူတို့ လေးယောက်အဖွဲ့သာမက ဘေးနားမှ ဟွာရှ သိုင်းပညာရှင်များလည်း ကြားသွားကြသည်။
ချက်ချင်းဆိုသလိုပင် သူတို့အားလုံးတွင် ဖြောင့်မတ်၍ မခံမရပ်နိုင်သော စိတ်များဖြင့် ပြည့်နှက်လာကြသည်။
သို့သော် ဖျောင်ကျိုးယိုက သူတို့၏ အပြုအမူများကို လျစ်လျူရှူထားသည်။ ထိုအစား သူက ပိုင်ယီ၏ မျက်ဝန်းအား ရူးမတတ် စိုက်ကြည့်ကာ ပြောနေသည်။
"မမလေး ပိုင်ယီ ကျုပ် ရိုင်းတယ်လို့ ခင်ဗျား ထင်ကောင်း ထင်နိုင်တယ်၊ ဒါပေမယ့် ဒါ အမှန်တရားပဲ"
"အင်အားကြီးတဲ့သူတွေက အားနည်းတဲ့သူတွေအပေါ် ယဉ်ကျေးနေစရာ မလိုဘူးလေ"
"ကျုပ် တစ်ခဏအတွင်း ဒါကို ကျုပ် လက်သီးချက်နဲ့ ခင်ဗျားကို သက်သေထူပြမယ်"
"ကျုပ်လို ကိုရီးယား လူမျိုးတွေကသာ ခင်ဗျားအတွက် အသင့်တော်ဆုံး ရွေးချယ်ရမယ့် သူပဲ"
ထိုသို့ပြောပြီး ဖျောင်ကျိုးယိုက ပိုင်ယီအား တစ်ချက် စိုက်ကြည့်ပြီး ကွမ်ဖေးနှင့်အတူ စင်မြင့်ဘက်သို့ ထွက်သွားသည်။
"ခွေးမသား"
ရွှယ်ထောင်က အလွန် မုန်းတီးစိတ်ဖြင့် ဆဲရေး တိုင်းထွာလိုက်မိသည်။
ကျိုးဖျောင်ယိုသာ ဆရာသခင်အဆင့် မဟုတ်ပါက ရွှယ်ထောင် သူနဲ့ တိုက်ခိုက်မိမည် ဖြစ်သည်။ မာစတာရွှယ်တောင်မှ ဒေါသထွက်နေ၏။
"သူက ပုရွက်ဆိတ်သာသာပါပဲ၊ စိတ်လျော့လိုက်ကြ"
ဟု ယဲ့ဖန်က ခပ်ဖွဖွ ပြုံး၍ ပြောလိုက်သည်။
ကျိုးဖျောင်လုက အသက်ငယ်ငယ်နှင့် ဆရာသခင်အဆင့်သို့ ရောက်ရှိရန် ဆေးဝါး များစွာကို မှီဝဲခဲ့မှန်း ယဲ့ဖန် သိနေသည်။
သူ ယခု အင်အားကြီးကောင်း ကြီးနိုင်သော်လည်း သူ၏ အတည် စွမ်းအင်အား လျော့နည်းသွားပြီ ဖြစ်သည်။ ပြီးနောက် သူ့ လက်ကျန်ဘဝ တစ်လျှောက်လုံး ပို၍ မြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်တော့ပေ။
ယဲ့ဖန်၏ စကားကို ကြားပြီးမှ မာစတာရွှယ်၊ ရွှယ်ထောင်နှင့် ပိုင်ယီတို့ စိတ်သက်သာရာ ရသွားကြသည်။
ထိုစဉ် ကွမ်ဖေးက ခန်းမအလယ်ထဲမှ စင်မြင့်ပေါ်မှ နေ၍ စကားစ ပြောလေသည်။
"တိတ်တိတ်နေကြပါ"
ကွမ်ဖေး၏ စကားအဆုံးတွင် ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ကျသွားသည်။
ထို့နောက် ကွမ်ဖေးက ကျေနပ်သွားသလို ခေါင်းညိတ်လိုက်ပြီး လက်ခုပ်တီးလိုက်သည်။
ဖြောင်း! ဖြောင်း!
ချက်ချင်းဆိုသလိုပင် ဝန်ထမ်းနှစ်ယောက်က မှန်ဗီရိုတစ်ခုကို ခန်းမထဲသို့ သယ်မလာသည်။
မှန်ဗီရိုထဲတွင် အနက်ရောင် ဆေးဖက်ဝင် အပင်တစ်ပင် ရှိသည်။
ထိုဗီရိုထဲတွင် စုစုပေါင်း ဆေးပင် ခုနစ်ပင် ပါဝင်သည်၊ တစ်ပင်ချင်းစီက အနည်းငယ် မနှစ်မြို့ဖွယ် ကောင်းသော ချီများဖြင့် ဖုံးလွှမ်းနေသည်။
*စိတ်ဝိညာဉ်အားဖြည့် ဆေးပင်*
လူအုပ်ကြီးက ဆေးပင်ကို မြင်သည်နှင့် ဂနာမငြိမ် ဖြစ်လာကြသည်။ သူတို့မျက်နှာများက စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာသည်။
စိတ်ဝိညာဉ်အားဖြည့် ဆေးပင်က သူတို့အတွက် သက်စောင့်ဆေးပင် ဖြစ်သည်။
သူတို့၏ တုံ့ပြန်မှုကြောင့် ကွမ်ဖေး အလွန် ကျေနပ်သွားသည်။ ထို့နောက် သူက နှုတ်ခမ်းတွန့်ရုံ ပြုံး၍ လူအုပ်ကြီးကို အော်ပြောလိုက်သည်။
"သည်လောက် ဝေးတဲ့ ခရီးကနေ ရှန့်ကျန်းမြို့ကို ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်"
ထို့နောက် ကွမ်ဖေးက လူအုပ်ကြီးထံသို့ လက်ဝှေ့ယမ်း၍ နှုတ်ဆက်လိုက်သဖြင့် ထက်သန်သော လက်ခုပ်ဩဘာသံများ ချက်ချင်း ထွက်ပေါ်လာသည်။
"ကဲ…ဒီညရဲ့ အဓိက လိုရင်းအကြောင်း ပြောကြတာပေါ့"
ကွမ်ဖေးက ဖျောင်ကျိုးယုအား ညွှန်ပြ၍ ပြောလိုက်သည်။
"ဒါကတော့ မစ္စတာ ဖျောင်ကျိုးယုပါ၊ ဒီပြပွဲကို စီစဉ်တဲ့သူပေါ့။ ခင်ဗျားတို့ သူ့နာမည်ကို သတိထားမိလောက်မှာပါ။ ဒါပေမယ့် ခင်ဗျားတို့ ဒီတစ်ခုကိုတော့ ကြားကို ကြားဖူးမှာပါ"
*အမ်*
သူ့စကားကြောင့် ပွဲသို့ လာကြသူများ တစ်ခဏမျှ မှင်တက်သွားကြသည်။
"လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ဆရာသခင် ဖြစ်ခါနီးအဆင့်မှာ ရှိနေတဲ့ ယွီပါ့ကို စိန်ခေါ်ဖို့ ကိုရီးယား ဆယ်ကျော်သက်လေး တစ်ယောက် ရှန့်ကျန်းမြို့ကို လာခဲ့ဖူးပါတယ်"
*ဘာ*
သူ့စကားအဆုံးတွင် ခန်းမတစ်ခုလုံး တစ်ခဏမျှ အံ့ဩတွေဝေ သွားကြသည်။ ရုတ်တရက် လူအုပ်ထဲမှ ဆရာသခင်အဆင့် ပညာရှင်တစ်ယောက်က သူ့ဘေးမှ လူတွေကို ရှင်းပြလေတော့သည်။
"သခင်လေးကွမ်၊ ခင်ဗျား…ခင်ဗျား လွန်ခဲ့တဲ့ ဆယ်နှစ်က ရှန့်ကျန်းမြို့ကို ထိတ်လန့်စေခဲ့တယ် ပါရမီရှင် ဆယ်ကျော်သက် ဓားသမားလေးကို ပြောချင်တာလား"
ဆရာသခင် တစ်ပိုင်းအဆင့် ပညာရှင်တစ်ယောက်က ကွမ်ဖေးအား ထိတ်လန့်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။
"ကျုပ် အဲ့ကိစ္စကို မှတ်မိတယ်။ အဲ့အချိန်တုန်းက ယွီပါ့နဲ့ လီကျိုးယောင်တို့က ရှန့်ကျန်းမြို့ရဲ့ သူရဲကောင်း နှစ်ယောက်လို့ ကျော်ကြားခဲ့ပြီးတော့ သူတို့ တစ်ယောက်ချင်းစီက အတော်လေး ဂုဏ်သတင်း ကြီးမားခဲ့တာ။ ဒါပေမယ့် ထူးဆန်းတဲ့ ဆယ်ကျော်သက် ကိုရီးယားလူငယ်လေး တစ်ယောက်က သစ်သားဓားလေး တစ်လက်နဲ့ ယွီကလန် တစ်ခုလုံးကို စိန်ခေါ်ခဲ့တာ"
"သူက ကြယ်သုံးလုံးအဆင့် သိုင်းပညာရှင်တွေနဲ့ ဆရာသခင် တစ်ပိုင်းအဆင့် သိုင်းပညာရှင် အကုန်လုံးကို အနိုင်ယူခဲ့တယ်၊ နောက်ဆုံးတော့ ဆရာသခင် ဖြစ်ခါနီး အဆင့် ဖြစ်တဲ့ ယွီပါ့က သူနဲ့ တိုက်ခိုက်ခဲ့ရတယ်"
"ရလဒ်ကတော့ ယွီပါ့ သုံးကွက်ထဲနဲ့ ရှုံးနိမ့်သွားရတာပဲ"
….
ဧည့်သည်တစ်ယောက် ပြန်ပြောင်း ပြောပြတာကို ကြားပြီး ခန်းမတစ်ခုလုံး ဆူညံသွားလေတော့သည်။
ဆယ်ကျော်သက်လေး တစ်ယောက်က ဂုဏ်သတင်းကြီးမားသော ဆရာသခင် ဖြစ်ခါနီးအဆင့် ပညာရှင်တစ်ယောက်အား သုံးကွက်တည်းနှင့် အနိုင်ယူ လိုက်သည်။ ဒါ အလွန် အံ့ဩဖွယ် ကောင်းလှသည်။
ခန်းမထဲမှ ဆရာသခင် တစ်ပိုင်းအဆင့် ပညာရှင်များ အားလုံး အလွန် အံ့အားသင့်သွားကြသည်။
ထို့နောက် ကွမ်ဖေးက ဆက်ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ အဲ့ဆယ်ကျော်သက်လေးက ဒီက မစ္စတာ ဖျောင်ကျိုးယိုပါပဲ"
ကွမ်ဖေး၏ စကားအဆုံးတွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်လို့သွား၏။
လူတိုင်းက ကျိုးဖျောင်ယုအား အလွန် ထိတ်လန့်စွာ ကြည့်နေမိကြသည်။
*ဆယ်ကျော်သက်လေး တစ်ယောက်က ဆရာသခင် ဖြစ်ခါနီးအဆင့်က လူကို သုံးကွက်အတွင်း အနိုင်ယူလိုက်တယ်*
*သူက သူ့အသက်နှစ်ဆယ် စွန်းခါစ အရွယ်မှာပဲ ဆရာသခင်အဆင့်ကို အဆင့်တက်သွားတယ်*
*သူ…သူက တကယ့်ကို ထိပ်တန်း ပါရမီရှင်*
သို့သော် ဤသည်က အစသာ ရှိသေးသည်။ တစ်ခဏမျှ ကြာသော် ကွမ်ဖေး ထပ်ပြောလိုက်သည့် စကားကြောင့် ပြပွဲသို့ လာသည့်သူများကြား ချက်ချင်း ပွက်လောရိုက်သွားရသည်။
"အခု မစ္စတာ ဖျောင်ကျိုးယိုက ဟွာရှနိုင်ငံက သိုင်းသမားတိုင်းကို စိန်ခေါ်ချင်နေပါတယ်"
"ခင်ဗျားတို့ထဲက ဘယ်သူမဆို စိန်ခေါ်တာကို သူ လက်ခံပါတယ်တဲ့၊ ရှုံးတဲ့သူကတော့ သေရမှာပါတဲ့"
"မစ္စတာကျိုးကို အနိုင်ယူနိုင်တဲ့ မည်သူမဆို စိတ်ဝိညာဉ်အားဖြည့် ဆေးပင်ကို အလကားယူသွားနိုင်ပါတယ်"
*ဘာရယ်*
သူ့စကားကြောင့် ပွဲသို့လာသည့်သူများ အားလုံး အံ့အားသင့်သွားကြသည်။
*ဟွာရှနိုင်ငံက သိုင်းသမားတိုင်းကို စိန်ခေါ်မယ်*
*ရှုံးတဲ့သူက သေရမယ်*
……
ခန်းမထဲမှ ဆရာသခင်အဆင့် ပညာရှင်များ အားလုံး ယမ်းပုံ မီးကျသလို ဖြစ်သွားကြသည်။
ထိုအခါမှသာ ကျိုးဖျောင်ယိုက စိတ်ဝိညာဉ်အားဖြည့် ဆေးပင်ကို ခင်းကျင်းပြသသည်ထက် ဟွာရှ သိုင်းသမား အားလုံးကို တကယ် စိန်ခေါ်ချင်နေမှန်း သတိပြုမိတော့သည်။
ထို့နောက် ဖျောင်ကျိုးယိုက ရှေ့သို ခြေတစ်လှမ်းတိုးကာ ဟွာရှ သိုင်းပညာရှင်များ အားလုံးကို တစ်ချက် ဝေ့ကြည့်ကာ အထင်သေးဟန်ဖြင့် ပြုံး၍ ပြောလာသည်။
"ကျုပ်အဖိုးက ဟွာရှနိုင်ငံက များစွာသော အင်အားကြီး သိုင်းပညာရှင်တွေနဲ့ ပြည့်နှက်နေတယ်လို့ ကျုပ်ကို ပြောပြဖူးတယ်။ ဒီနေ့တော့ ကျုပ်အဖိုး ပြောခဲ့တဲ့ စကားတွေက မှားနေတယ်ဆိုတာကို ကျုပ် အလုပ်နဲ့ သက်သေ ပြတော့မယ်"
"ကျုပ်ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ သန်မာတဲ့ အင်အားကို သုံးပြီး ဟွာရှ သိုင်းပညာရှင် အားလုံးကို ကျုပ် ဖြိုခွင်းပြမယ်"
"ကျုပ်က ကျုပ်အဖိုးနဲ့ ဟွာရှ နိုင်ငံသားတိုင်းကို ပြောချင်တာကတော့ ကိုရီးယားပြည်သူ့သမ္မတနိုင်ငံက အသန်မာဆုံး နိုင်ငံ ဆိုတာပဲ"
….
သူ့စကားကြောင့် ပြပွဲခန်းမတစ်ခုလုံး ချက်ချင်း ပွက်လောရိုက်သွားသည်။
ဟွာရှ သိုင်းပညာရှင်များ ဒေါသူပုန်ထကာ မျက်လုံးများက မီးဝင်းဝင်း တောက်လာသည်။
ရဲတင်းလွန်းတယ်။ မာနကြီးလွန်းတယ်။
ယဲ့ဖန်တောင်မှ သူ့မျက်လုံးထဲတွင် ဖျောင်ကျိုးယိုအား သေလူဟု ထင်မြင်လာကာ သူ့မျက်နှာက သုန်မှုန်လာသည်။
သို့သော် ယဲ့ဖန်က အရင် စမတိုက်ပါ။ ရန်သူ၏ စိန်ခေါ်သံက သူ ပြောသလို မရိုးရှင်းမှန်း သူ သိနေသည်။
*ဖျောင်ကျိုးယိုနောက်မှာ ပိုအင်အားကြီးတဲ့ တစ်စုံတစ်ယောက် ရှိကိုရှိရမယ်*
ထို့နောက် ယဲ့ဖန်က စင်မြင့်နောက်သို့ အလွန်တရာ အေးစက်သော မျက်စိတဆုံးဖြင့် ကြည့်လိုက်သည်။
"ဟားဟား…ဘာလဲ၊ ခင်ဗျားတို့ ဒေါသထွက်နေတာလား"
ကျိုးဖျောင်ယိုက မကျေမနပ် ဖြစ်နေသော အကြည့်များကို လိုချင်နေတာ ဖြစ်သည်။ ထို့နောက် သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သဖြင့် ဂျိုးဂျိုးဂျွတ်ဂျွတ်အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
ထို့နောက် သူက ရှိနေသည့် ဟွာရှ သိုင်းပညာရှင်တစ်ယောက်အား လက်ညှိုးထိုး၍ ပြောလိုက်သည်။
"လာခဲ့စမ်းပါ၊ ခင်ဗျားတို့ ကျုပ်နဲ့ တစ်ယောက်ချင်း တိုက်ရဲရင် ခင်ဗျားတို့လည်း တစ်ယောက်ပြီး တစ်ယောက် သေရမယ်၊ တကယ်လို့ ခင်ဗျားတို့ ကျုပ်ကို ဝိုင်းတိုက်မယ်ဆိုလည်း ခင်ဗျားတို့အားလုံး တစ်ပြိုင်တည်း သေရုံပဲ"
….
မည်မျှ မောက်မာလိုက်သည့် လူငယ်ပါလိမ့်။
စင်အောက်မှ ကြည့်နေသူများ ထပ်မံ၍ ပွက်လောရိုက်လာသည်။ ထိုစဉ် ဆရာသခင်အဆင့် ပညာရှင် တစ်ယောက်က စင်ပေါ်သို့ လွှားခနဲ တက်လာသည်။
သူကား ကုန်းတွင်းပိုင်းဒေသ တုန်းရှန့်စီရင်စုက နံပါတ်တစ် သိုင်းပညာရှင် ပိုင်ဟူ ဖြစ်လေသည်။
ဒေါသကြောင့် နီမြန်းနေသော မျက်နှာနှင့် ပိုင်ဟူသည် အလွန် စိတ်ဆတ်သောသူ ဖြစ်သည်။
ဟွာရှနိုင်ငံ၏ နယ်မြေထဲ လာပြီး မောက်မာနေသော ကျိုးဖျောင်ယို၏ စကားတွေကို သူ ဘယ်လိုလုပ် သည်းခံနိုင်ပါမည်နည်း။
"ဘယ်လောက် မောက်မာလိုက်တဲ့ ကောင်စုတ်လေးလဲ။ လာစမ်း၊ ဒီဘိုးဘိုးကြီး ကျားကြီးက မင်းကို ငရဲ အရောက်ပို့ပေးမယ်"
ပိုင်ဟူက ပြင်းထန်သော ချီဓာတ်များဖြင့် ကြုံးဝါးလိုက်သည်။ ထိုစဉ် စင်အောက်မှ အော်သံတစ်သံကို သူ ကြားလိုက်ရသည်။
"ပိုင်ဟူ သတိထား"
*ဟမ်*
ထိုသူ၏ သတိပေးစကားကို ကြားလိုက်ပြီးနောက် ပိုင်ဟူ တစ်ခဏမျှ အံ့ဩသွားသည်။ သို့သော် သူ သတိလက်လွတ် ဖြစ်နေစဉ်တွင် သူ့ခန္ဓာကိုယ်အား အေးစက်စက် အလင်းတန်းတစ်ခုက ရိုက်ခတ်လာသည်။