← Chapters

ဘာကို မကောင်းတဲ့ အနက်ရောင် မြူခိုးလဲ.. သာမာန် ခရမ်းပုတ်ရောင် မြူခိုးတွေပါ

Vol. 11 Ch. 101

ဘာကို မကောင်းတဲ့ အနက်ရောင် မြူခိုးလဲ.. သာမာန် ခရမ်းပုတ်ရောင် မြူခိုးတွေပါ

Vol. 11 Ch. 101

စကားဝိုင်းကို နားထောင်နေသော ဖန်ကဲစွေ့သည် ရုတ်တရက် နားစွင့်လာကာ စပ်စပ်စုစု မေးလာ၏။

"မင်းတို့ပြောနေတဲ့ ညီလေးကျန်းက ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ အတွင်းတပည့်တစ်ယောက် မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်သွားရတာလဲ။ သူ ဘာဖြစ်ခဲ့တာလဲ"

"အကို အရင်တစ်ခေါက် မေးတုန်းက သူက မိန်းကလေးရဲ့ လက်မောင်းထဲကနေ မျက်လုံးကြီး ထွက်ကျမတတ် ငိုနေခဲ့တော့… အကိုက မသိပါဘူး။ အဲ့ဒီကောင် ကောင်မလေးကို အသားယူချင်လို့ ဝမ်းနည်းပမ်းနည်း ဟန်ဆောင်နေတယ် ထင်နေခဲ့တာ"

ဖန်ကဲစွေ့တစ်ယောက် စကားမဆုံးခင်မှာဘဲ ချီယွမ်၏ စိမ်းသက်သော အကြည့်ကို လက်ခံလိုက်ရပြီး ထိတ်လန့်ကာ ချက်ချင်းပင် ပါးစပ်ပိတ်ရင်း နောက်ဆုတ်သွားလေ၏။

မနက်ခင်းပိုင်းက လက်ရည်စမ်းမှုကြောင့် ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တာအိုသားတော်ထံမှ အပြတ်အသတ် ရှုံးနိမ့်ထားသော ဖန်ကဲစွေ့တစ်ယောက် ကောင်းစွာ နားလည်ထားသည်။ ထိုလှပသော ကောင်လေးသည် ရုပ်သာလှပေမဲ့ တစ်ကယ့်တိုက်ပွဲမှာ စစ်နတ်ဘုရားလိုမျိုး သန်မာကာ ခုခံ၍ မရနိုင်မှန်း နားလည်ထား၏။

သူ၏ အတင်းတုတ်ရတာ နှစ်သက်သော သဘာဝအား သဘောပေါက်သော လီမင်ဝမ်သည် တိတ်တဆိတ် ကြည့်လာခဲ့ပြီး ခပ်တိုးတိုးဖြင့် ရှင်းပြလာသည်။

"တာအိုသားတော်ဖန် မသိပါဘူး။ အရင်တစ်ခေါက်တုန်းက အကိုကျန်းက..."

(ဘုရားရေ)

ထိုခပ်တိုးတိုးပြောသံ ဆုံးသည်နှင့် ဖန်ကဲစွေ့ အံ့သြစွာ ပင့်သက်ရှိုက်လိုက်ပြီး တစ်ချိန်ထဲမှာ ခါးပတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တော့သည်။

"အော်.. ညီလေးကျန်းက ဒီလောက်ထိ သနားဖို့ကောင်းတဲ့လူ ဖြစ်သွားမှန်း မသိခဲ့ဘူး။ အကိုသာ သိခဲ့လို့ကတော့ သူ့အစား ပိုက်ဆံရှင်းပေးခဲ့ပါတယ်"

"ရို့အာ၊ လာ သွားကြမယ်"

ချီယွမ်သည် ထိုနှစ်ယောက်ကို လျစ်လျူရှုထားလိုက်ပြီး တိကျသောနေရာကို ရှာတွေ့သည်နှင့် ပိုင်ရှီရို့နှင့်အတူ ဝမ်ထျန်းသဲ၏ မကောင်းသော နတ်ဆိုးသိုင်းပညာများအား ပုံမှန် လေ့ကျင့်လေ့ရှိသော လျှို့ဝှက်ဂူအတွင်းသို့ ဝင်ရောက်လိုက်သည်။

ထိုလိုဏ်ဂူအတွင်းတွင် မရေမတွက်နိုင်သော အလောင်းကောင်များ ရှိခဲ့ပြီး အကုန်လုံးအား ရှင်းလင်းထားသည်ဆိုသော်ငြား လေထုသည် ထိုအမုန်းတရားများ ကပ်ငြိနေဟန်ရှိသောကြောင့် နံဟောင်နေကာ အေးစက်ပြီး ငရဲဆန်သော အသူရာချောက်နက် တစ်ခုလိုမျိုး ခံစားချက်ကို ဖြစ်ပေါ်စေသည်။

ထိုနေရာသို့ ရောက်သည်နှင့် ချီယွမ်သည် ဝင်ပေါက်အား ကန့်သတ်ချက် အစီအရင်တစ်ခုချကာ ပိတ်လိုက်ပြီး သိုလှောင်လက်စွပ်အတွင်းမှ ဝမ်ထျန်းသဲ၏ ဦးခေါင်းကို ထုတ်လိုက်ကာ မြေပြင်ပေါ်တွင် ချလိုက်သည်။

နောက်တစ်စက္ကန့်တွင် မန္တာန်ချလိုက်ပြီး ရှုပ်ထွေးကာ နတ်ဆိုးဆန်သော အစီအရင်တစ်ခုအား မြေပြင်ပေါ်တွင် ဝိညာဉ်ကျောက်တုံး အမှုန်များဖြင့် ရေးဆွဲလိုက်သည်။

ဖြစ်စဥ်တစ်ခုလုံးသည် လျင်မြန်ကာ ကျွမ်းကျင်စွာဖြင့် ပြီးမြောက်သွားခဲ့ပြီး အကြိမ်ပေါင်းများစွာ ဆောင်ရွက်ထားသည့် သူတစ်ဦးလိုမျိုး ပြီးပြည့်စုံသည်။

မကြာမီမှာဘဲ ထိုအစီအရင် ပုံစံခွက်များထံမှ ယုတ်မာသော စွမ်းအင်လှိုင်းများ လျှံထွက်လာပြီး အနက်ရောင် မြူခိုးငွေ့များက လေထုတစ်ခုလုံးကို ပိတ်နှောင်လာကာ မြေပြင်ပေါ်ရှိ ဦးခေါင်းပြတ်ထံမှ ဖျော့တော့ကာ နိမိတ်မကောင်းသော မီးခိုးရောင် အပ်ချည်မျှင်များ ထွက်ပေါ်လာသည်။ ထိုအပ်ချည်မျှင်များက လေဟာနယ်၏ အဘက်ဘက်သို့ ပျံ့နှံ့သွားခဲ့သည်။

"မောင်လေးချီက စစ်မှန်ဂိုဏ်းရဲ့ တာအိုသားတော် တစ်ယောက်ဖြစ်တာတောင်မှ ဒီလိုမျိုး ဝိညာဉ်ခေါ်တဲ့ သိုင်းပညာကို တော်တော်လေး ကျွမ်းကျင်နေတယ်နော်"

ထူးဆန်းသော မြင်ကွင်းကြောင့် ပိုင်ရှီရို့တစ်ယောက် မနေနိုင်စွာ အံ့သြတကြီး ရေရွတ်မိသွား၏။

မကြာမီမှာဘဲ မည်းနက်ကာ အရိပ်သဏ္ဍာန် ပုံရိပ်တစ်ခုအား မီးခိုးရောင် အပ်ချည်များက အစီအရင်၏ ဗဟိုတည့်တည့်သို့ ခေါ်ဆောင်လာပြီး လေထဲမှာ ရပ်တန့်စေလိုက်၏။

ထိုပုံရိပ်သည် ဖြူဖွေးနေသော အဘိုးအိုမျက်နှာနှင့် စိတ်ပျက်ဖွယ်ကောင်းသော အသွင်အပြင်ရှိသည်။ ပါးရိုးများအား ထင်ရှားစွာ မြင်နိုင်ပြီး ပါးနှစ်ဖက်သည် အိတွဲကျနေကာ မြေပြင်ပေါ်ရှိ ဦးခေါင်းနှင့် တစ်ပုံစံတည်းပင်။ ထိုသူသည် ဝမ်အိမ်တော် ခေါင်းဆောင် ဝမ်ထျန်းသဲမှအပ မဖြစ်နိုင်ချေ။

ထိုအချိန်မှာပဲ ထိုပုံရိပ်က ပတ်ပတ်လည်အား ရှုပ်ထွေးစွာ ကြည့်လာ၏။ အသက်ရှင်နေသော လူများကို တွေ့သည်နှင့် ထိုဝိညာဉ်၏ မျက်လုံးအတွင်းမှ ကြောက်မက်ဖွယ် ကြေးနီရောင်အလင်းများ ထွက်ပေါ်လာကာ အော်ဟစ်တော့သည်။

"ငါ မသေချင်ဘူး... ငါ့ရဲ့ခန္ဓာကိုယ်ကို အမြန်ပြန်ပေး။ ငါ အသက်ရှင်ချင်တယ်။ ငါ့ရဲ့ခန္ဓာကိုယ်ကို ပြန်ပေး"

ထိုဝိညာဉ်က ပြောပြီးသည်နှင့် ရုန်းကန်ကာ ခုန်အုပ်ဖို့ ကြိုးစားလိုက်သည်။ သို့သော်ငြား ထိုမီးခိုးရောင် အပ်ချည်မျှင်များက ခိုင်မာစွာ ချုပ်နှောင်ထားသည့်အတွက် လှုပ်ရှား၍ပင် မရနိုင်ခဲ့ချေ။

အချိန်အများကြီး လှည့်ပတ်သွားလာခဲ့ရသည့်အတွက် ဝမ်ထျန်းသဲ၏ ဝိညာဉ်သည် မှတ်ဥာဏ်များ ဆုံးရှုံးကာ ပြန်လည်မွေးဖွားချင်သည့် အတွေးတစ်ခုသာ ကပ်ငြိနေတော့သည်။

"အမပိုင်၊ ဒီမကောင်းတဲ့ အဘိုးအိုက တိမ်ကြွေဂိုဏ်းရဲ့ လာရောက်စုံစမ်းတဲ့ တပည့်နှစ်ယောက်ကို သတ်ပစ်ခဲ့တယ်။ ဒါကြောင့် လက်စားချေတဲ့အနေနဲ့ အမက အရင် ဘာလို့သတ်မပစ်ရမှာလဲ"

ချီယွမ်သည် ထိုဝိညာဉ်ကို တစ်ချက်လေးတောင် လှည့်မကြည့်ဘဲ ထိုအစား ပိုင်ရှီရို့အား အကြံပြုလိုက်၏။

စနစ်၏ တာဝန်အရ ဝမ်ထျန်းသဲအား ပိုင်ရှီရို့၏ အကူအညီဖြင့် အနိုင်ယူရမည်ကို ချီယွမ် မှတ်မိနေပါသေး၏။

စနစ်၏သဘောအရ ဤတာဝန်အား ပြီးမြောက်ချင်လျှင် ပိုင်ရှီရို့၏ ပါဝင်မှုအား လိုအပ်လိမ့်မည်။ ထိုသို့မဟုတ်လျှင် ဤကြိုးစားထားမှုများအားလုံး သဲထဲရေသွန် ဖြစ်ရနိုင်၏။

ပိုင်ရှီရို့လည်း ချက်ချင်းပင် ထိုတပည့်နှစ်ယောက်အား ပြန်လည်မြင်ယောင်မိသွားသည်။ သူမ၏ မျက်လုံးက နီရဲလာကာ တုံ့ဆိုင်းမှု မရှိဘဲ ဓားရှည်အား ဆင့်ခေါ်ရင်း ဝမ်ထျန်းသဲထံသို့ ကြမ်းတမ်းစွာ ထိုးစိုက်လိုက်တော့သည်။

"မကောင်းတဲ့ကောင် သေပေတော့"

"အား"

စစ်မှန်သော စွမ်းအင်များ ပြည့်နှက်နေသည့် ဓားရှည်သည် လွယ်ကူစွာဖြင့် ဝိညာဉ်အား ထိုးဖောက်သွားသည်။ ထိုပုံရိပ်သည် ပုံရိပ်ယောင်အတွင်းမှာ တုန်ယင်နေခဲ့ပြီး ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေ၏။

"ငါ့ကို မသတ်ပါနဲ့။ ချမ်းသာပေးပါ။ ငါ အရှုံးခံပါ့မယ်။ ငါက သေမျိုးဘဝကို မလိုချင်ဘူး။ ငါ အသက်ရှင်ချင်တယ်"

ကျရောက်လာသော အန္တရာယ်ကြောင့် ဝမ်ထျန်းသဲ၏ ဝိညာဉ်သည် အလွန်အမင်း ကြောက်ရွံ့လာကာ အသနားခံဖို့ ကြိုးစားလေ၏။

ချီယွမ်သည် ထိုအရာကို လျစ်လျူရှုထားရင်း ပုံမှန်လိုမျိုး လက်ညှိုးတစ်ချက် ထိုးလိုက်သည်။ ရွှေရောင် အလင်းတစ်ချက် လင်းလက်သွားခဲ့ပြီး အစီအရင်အတွင်းတွင် ရှိနေသော ဝိညာဉ်အား အပြီးတိုင် ဖျက်ဆီးလိုက်ကာ စွမ်းအင်လှိုင်းများအဖြစ် အဘက်ဘက်သို့ ပျံ့နှံ့သွားစေသည်။

"တင် တာဝန်ပြီးမြောက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်..."

ခေါင်းထဲမှာ ကြားလိုက်ရသော စနစ်၏ အသိပေးသံ ရောက်ရှိလာမှသာ ချီယွမ်တစ်ယောက် စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။ ထို့နောက်တွင် မြေပြင်ပေါ်တွင် ရှိနေသော အစီအရင် ပုံစံခွက်အား လျင်မြန်စွာ ဖျက်လိုက်ရင်း တံခါးပေါက်တွင် ပိတ်ထားသော ကန့်သတ်ချက်ကိုလည်း ဖယ်ရှားလိုက်သည်။

သူတို့နှစ်ယောက် ပြန်ထွက်လာသည်နှင့် အပေါက်ဝတွင် စောင့်နေသော လီမင်ဝမ်သည် ချက်ချင်းဆိုသလို ချဥ်းကပ်လာကာ

"တာအိုသားတော်၊ ဘာလို့ တံခါးကို ပိတ်ထားတာလဲ။ ပိတ်ထားတော့ ကျွန်တော်တို့ လာကူညီလို့ မရတော့ဘူး။ တာအိုသားတော် အခု လုပ်စရာရှိတာ ပြီးသွားပါပြီလား"

"ပြီးသွားပြီ"

ချီယွမ် ပုံမှန်လိုမျိုး တုံ့ပြန်လိုက်၏။

"မင်းတို့ ကိုယ့်အလုပ်ကိုယ် ပြန်သွားလုပ်လို့ရပြီ။ ကျွန်တော် ထိုက်ရွှမ်း သန့်စင်နယ်မြေကို ပြန်သွားတော့မယ်"

တစ်ဖက်တွင်ရှိနေသော ဖန်ကဲစွေ့သည် ဂူအတွင်းသို့ သံသယတစ်ချို့ဖြင့် ချောင်းကြည့်လိုက်ကာ

"ညီလေးချီ၊ အကို့အထင် အကို အစောပိုင်းက အနက်ရောင် မြူခိုးတစ်ချို့ တွေ့ခဲ့သေးလားလို့လေ၊ အထဲမှာ မကောင်းတဲ့ နတ်ဆိုးသိုင်းပညာတွေ ရှိနေတာလား"

ချီယွမ် အနည်းငယ် ပြုံးလိုက်ပြီး ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

"အကိုဖန် မှားမြင်နေတာပါ။ ဘယ်လို အနက်ရောင်မြူခိုးမှ မရှိဘူး။ အဲ့ဒါက ခရမ်းပုတ်ရောင် မြူခိုးပဲ။ မကောင်းတဲ့ ဝိညာဉ်တွေကို ရှင်းလင်းဖို့အတွက် ပြီးပြည့်စုံတဲ့ ရှေးဟောင်း ခရမ်းရောင်မြူခိုး သိုင်းပညာပါ”

….

All Chapters