ဂိုဏ်းတူအကိုလင် ဦးထုတ်စောင်းလိုက်ရင် ကျွန်တော် မမှတ်မိတော့ဘူး ထင်နေလား)
Vol. 11 Ch. 103
နောက်တစ်နေ့မနက်တွင်..
တံခါးပိတ် ကျင့်ကြံနေသော ပိုင်ရှီရို့အတွက် ချီယွမ်သည် စာတစ်စောင်ချန်ထားပြီးသည်နှင့် ပြင်ပခန်းမသို့ မနက်အစောပိုင်းမှာ ထွက်သွားလိုက်သည်။ ထို့နောက်တွင် လင်လုံသန့်စင်နယ်မြေထံသို့ ထွက်သွားဖို့ ပြင်ဆင်လိုက်သည်။
ပွဲတော်သည် လဝက်အတွင်းမှာ ကျင်းပမည်ဆိုသော်ငြား ထိုက်ရွှမ်းသန့်စင်နယ်မြေနှင့် မိုင်ပေါင်းသိန်းချီ ဝေးကွာသော နေရာဖြစ်သည်။ အကောင်းမွန်ဆုံးသော လေသင်္ဘောဖြင့် ခရီးသွားလျှင်တောင်မှ ထိုနေရာသို့ ရောက်ရှိဖို့ ဆယ်ရက်မျှ ကြာမြင့်လိမ့်မည်။
ဂိုဏ်းကိုယ်စားပြုအဖြစ် သွားရောက်ရမည့် အရေးပေါ်ကိစ္စကြောင့် ကြိုတင်ရောက်ထားမှသာ သင့်တော်မည်ဖြစ်သည်။ နောက်ကျသည်ထက် စော၍ရောက်ခြင်းက ပိုမိုကောင်းမွန်ပါ၏။
ထိုအချိန်တွင် ချီယွမ်သည် အဖြူရောင် ပိုးဝတ်ရုံရှည်တွင် ရွှေချည်များဖြင့် အလှဆင်ထားသော ကောင်းမွန်ခမ်းနားသည့် ဝတ်ရုံအား ဝတ်ဆင်ထားပြီး နှဖူးထက်တွင် ရတနာကိုးပါးပါဝင်သည့် တာအိုသားတော် နှဖူးစီးအား စည်းထားသည်။ တိမ်သဏ္ဍာန်ပုံဖော်ထားသော ဖိနပ်နှင့် ကျောက်စိမ်းခါးပတ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ကျော့ရှင်းနေပြီး ထူးခြားကောင်းမွန်သော အရှိန်အဝါကို ဖော်ထုတ်နိုင်သည်။
ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော် အသစ်တစ်ယောက်အနေနှင့် ချီယွမ်သည် လင်လုံသန့်စင်နယ်မြေအား သံတမန်အဖြစ် သွားရောက်ရသည်။ သူ့၏လုပ်ရပ်နှင့် စကားတိုင်းက ထိုက်ရွှမ်းသန့်စင်နယ်မြေအား ကိုယ်စားပြုသည့်အတွက် အနည်းငယ်သော်မျှ နှိမ့်ကျလို့မဖြစ်ချေ။
ကံကောင်းသည်မှာ သူ့၏ရုပ်ရည်သည်လည်း အတော်အသင့် ကောင်းမွန်သည် ဖြစ်ပြီး တာအိုသားတော်၏ ပိုင်ဆိုင်ခွင့်ရှိသော ရတနာလေးမျိုးကြောင့် အရှိန်အဝါသည် တစ်ဟုန်ထိုး မြင့်တက်နေကာ အမျိုးသမီးတပည့်များထံမှ အကြည့်များကို မကြာမကြာ လက်ခံရရှိနေသည်။
ပြင်ပခန်းမသို့ ချီယွမ်ရောက်သည်နှင့် ဝဖိုင့်သော ခန္ဓာကိုယ်နှင့် လုံးဝန်းသောမျက်နှာရှိသည့် အဖိုးအိုတစ်ယောက်က ပြုံးရွှင်နေသော အပြုံးများဖြင့် နှုတ်ဆက်လာခဲ့သည်။
"တာအိုသားတော်ကို တင်ပြပါတယ်။ ထိုက်ရွှမ်းရတနာသင်္ဘောနဲ့ ပွဲတော်မှာပေးရမယ့် အဆင်တန်ဆာတွေအားလုံးကို အသင့်ပြင်ပြီးပါပြီ။ လိုက်ပါမယ့် တပည့်တွေလည်း အသင့်စောင့်နေပါတယ်။ တာအိုသားတော်ရဲ့ အမိန့်ရတာနဲ့ ထွက်ခွာဖို့ အချိန်မရွေးပါပဲ။"
ပြောဆိုသူသည် ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ ပြင်ပခန်းမအား တာဝန်ယူရသော ခန်းမသခင် စုန့်ချန်းပင်။ ပုံစံကြည့်လျှင် ကြင်နာကာ ဖော်ရွေတတ်ပုံပေါက်ပေမယ့် ထိုသူသည် ပြင်ပခန်းမ၏ တာဝန်အသီးသီးအား တာဝန်ယူရသော ဗလာသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးဖြစ်သည်။
ဂိုဏ်းခေါင်းဆောင် ဟန့်ကျန်း၏ ခိုင်းစေမှုဖြင့် ချီယွမ်သည် ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ ကိုယ်စားပြု တစ်ယောက်အဖြစ် ပွဲတက်ရမည်ဖြစ်သည်။ သို့သော် တာအိုသားတော်ဖြစ်သော သူ့အား တစ်ယောက်တည်းသွားဖို့ ဆိုလိုခြင်းမဟုတ်ပါချေ။ ထိုအစား သွားရောက်မည့် အုပ်စုတစ်ခုလုံးအား ဦးဆောင်ရမည် ဖြစ်သည်။
တာအိုသားတော်တစ်ယောက်ထဲအား စေလွှတ်ပြီး လက်ဆောင််များ ဆက်သခိုင်းပါက ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ ဂုဏ်သတင်းကိုပါ ကျစေလိမ့်မည်။
"ခန်းမသခင်စုန့်၊ အလုပ်ကြိုးစားပေးလို့ ကျေးဇူးပါ။"
ချီယွမ် အပြုံးတစ်ခုဖြင့် နွေးထွေးစွာ ပြောလိုက်သည်။
"ကျွန်တော်လည်း တစ်ခြားဘာကိစ္စမှ မရှိဘူးဆိုတော့ သွားကြမယ်လေ။"
သန့်စင်နယ်မြေ၏ စီစဉ်မှုအရ ပြင်ပခန်းမ၏ ခန်းမသခင် စုန့်ချန်းသည်လည်း ထွက်ခွာရမည့် အုပ်စုတွင် ပါဝင်ရသည်။
စုန့်ချန်း၏ ကျင့်ကြံမှုသည် ဗလာသန့်စင်ခြင်းနယ်ပယ် ထိပ်ပိုင်းရှိပြီး ချီယွမ်ထက်များစွာ မြင့်မားသည် ဆိုသော်ငြား သူသည် လက်ထောက်တစ်ယောက်အနေဖြင့် ကိစ္စများအား ကိုင်တွယ်ရန်သာ တာဝန်ရှိသည်။ တာအိုသားတော်ဖြစ်သော ချီယွမ်သည် ကိစ္စများအားလုံးအား ကြီးသည် ဖြစ်စေ ငယ်သည်ဖြစ်စေ ဆုံးဖြတ်ရမည့် တစ်ဦးတည်းသောလူ ဖြစ်ပြီး စကားတစ်ခွန်းတည်းနှင့် ဆုံးဖြတ်နိုင်စွမ်းရရှိလိမ့်မည်။
"ဟုတ်ကဲ့။"
ချီယွမ်၏ အမိန့်ကြားသည်နှင့် စုန့်ချန်းက လျင်မြန်စွာဖြင့် လေးစားစွာ ဖြေကြားလာသည်။
"ခဏစောင့်ပါအုန်း၊ တာအိုသားတော် ကျွန်တော် တစ်ခြားလူတွေအားလုံးကို လှေပေါ်တက်ဖို့ စီစဉ်လိုက်အုန်းမယ်။"
ပြောပြီးသည်နှင့် စုန့်ချန်းသည် လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးခဲ့ပြီး ရပ်စောင့်နေသော ပြင်ပခန်းမ၏ တပည့်များအနားသို့ သွားရောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"တာအိုသားတော်က အားလုံးကို လှေပေါ်တက်ပြီး ထွက်ခွာဖို့ အမိန့်ပေးထားတယ်။"
ထိုသို့ဖြင့် ခပ်ဖြည်းဖြည်းပေါ်လာခဲ့သော ကြီးမားသည့် ရွှေရောင်သင်္ဘောအား မြင်လိုက်ရ၏။
ထိုရတနာသင်္ဘောသည် ပေပေါင်းများစွာ ကြီးမားပြီး ခန့်ညားကာ အထူးကောင်းမွန်သည့် အလင်းများ ဖြာထွက်နေသည်။ မျက်နှာပြင်တစ်ခုလုံးကို ကောင်းမွန်သော စိတ်ဝိညာဉ်ပုံစံခွက်များဖြင့် ရေးဆွဲ ခြယ်သထားပြီး ကြောက်မက်ဖွယ် စိတ်ဝိညာဉ်အရှိန်အဝါကို ခပ်ဖြည်းဖြည်း ဖော်ထုတ်နေစေသည်။
ထိုသင်္ဘောသည် ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ အထွတ်အမြတ်ထားရသော ထိုက်ရွှမ်းရတနာသင်္ဘောဖြစ်ပြီး သန့်ရှင်းမြေ၏ပန်းပဲဆရာများ ပူးပေါင်းဖန်တီးထားသော ခုခံမှု၊ တိုက်ခိုက်မှု၊ အကာအကွယ်နှင့် ချိုးဖျက်မှုများအတွက် အစီအရင်များဖြင့် အထူးဖန်တီးထားပြီး တခြားသောလုပ်ဆောင်ချက်များလည်း ရှိသည်။ ဤရတနာသင်္ဘော၏ ကုန်ကျစရိတ်နှင့်တင် သာမန်အလယ်အဆင့်ဂိုဏ်းများကို မွဲပြာကျစေနိုင်သည်။
အဖော်လိုက်ပါမည့် တပည့်များအားလုံး ရတနာသင်္ဘောပေါ်သို့ တစ်ဦးချင်း တက်ရောက်သွားသည်ကို ကြည့်နေရင်း ချီယွမ်သည် ရင်းနှီးသောပုံရိပ်ကို ချက်ချင်းပင် ဖမ်းမိလိုက်သည်။
"ဘယ်လိုလုပ် ခိုးဝင်လာခဲ့တာလဲ။"
ချီယွမ် အနည်းငယ်ထူးဆန်းသွားသော မျက်နှာထားဖြင့် ခပ်တိုးတိုးရေရွတ်ပြီးသည်နှင့် အရှေ့တိုးလိုက်ကာ တည်ငြိမ်စွာ သတိပေးလိုက်သည်။
"ဂိုဏ်းတူအကိုရေ၊ ဘာလဲ ဦးထုတ် တလုံးဆောင်းထားလိုက်ရင် ကျွန်တော်မမှတ်မိတော့ဘူး ထင်နေတာလား။"
လက်ပူးလက်ကြပ်မိသွားသောကြောင့် လုချန်ဖန်းတစ်ယောက် အနေခက်စွာဖြင့် နှာခေါင်းကိုပွတ်သတ်လိုက်ရင်း မချင့်မရဲဖြေကြားလာ၏။
"ဂိုဏ်းတူညီလေး၊ ဒီနေရာမှာ တွေ့မယ်လို့ မထင်ထားဘူးနော်။ မျက်လုံးကောင်းတာပဲ။ ဟဲဟဲ။"
ချီယွမ်သည် လုချန်ဖန်းအား အပေါ်အောက် စုန်ဆန်ကြည့်လိုက်ရင်း အနည်းငယ် စွံ့အသွား၏။ လုချန်ဖန်းသည် လွယ်ကူသော အဝတ် တစ်ထည်အား ကောက်ဝတ်ဆင်ထားဟန်ရှိသည်။ ထိုဝတ်ရုံသည် ပြင်ပခန်းမ တပည့်များသာ ဝတ်ဆင်ရသော ဝတ်စုံဖြစ်ပြီး လုချန်ဖန်းနှင့် ယှဉ်လိုက်လျှင် တော်တော်လေးသေးနေသောကြောင့် မတော်သည့် ကလေးဝတ်စုံအား ဝတ်ထားသည်နှင့် ဆင်တူသည်။
ထိုဝတ်စုံအား ဝတ်ဆင်၍ရနိုင်ခြင်း၏ တစ်ခုတည်းသောအကြောင်းအရင်းမှာ ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မြင့်မားသော တုန့်ပြန်စွမ်းရည်ကြောင့်ပင်။
ပိုမိုအံ့ဩဖို့ကောင်းသည်မှာ ထိုသူသည် သူ့၏ရုပ်အသွင်အား ဖုံးကွယ်ဖို့ပင်မကြိုးစားခဲ့ဘဲ အရောင်တူသော အစိမ်းရောင်ဦးထုပ်တစ်ခုအား ဆွဲယူရင်း မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားလေသည်။
သိုသော်ငြား ထိုပြင်ဆင်မှုကပဲ ဦးထုပ်မဝတ်ထားသော တပည့်များကြားတွင် ပိုမိုထင်ရှားစေခဲ့မှန်း သိခဲ့လေစ။
(ကိုယ့်ကိုကိုယ် သရုပ်ဖျက်မယ်ဆိုရင်လည်း အနည်းဆုံးတော့ ယုတ္တိရှိအောင်လုပ်ပါအုံးလား။ ဒီဘဲ ငါ့ကိုအကန်းများထင်နေသလားပဲ)
ပြင်ပခန်းမ၏ ခန်းမသခင်စုန့်ချန်းအနေနှင့် လုချန်ဖန်းအား ချက်ချင်းမဖော်ထုတ်ခဲ့ရသည့် အကြောင်းအရင်းမှာ ဂိုဏ်းခေါင်းဆောင်၏ အကြီးဆုံးတပည့်ဖြစ်သော ထူးခြားသည့်နောက်ခံကြောင့်သာ ဖြစ်မည်မှန်း ချီယွမ်ရိပ်စားမိလိုက်သည်။ ထို့ကြောင့် ချီယွမ်တစ်ယောက် ဆက်လက်စကားပြောဖို့ပင် ရှက်ရွံ့သွားလေရဲ့။
ချီယွမ်ကူကယ်ရာမဲ့စွာ ခေါင်းရမ်းလိုက်ရင်း
"ဆရာသခင်က ကျွန်တော်နဲ့အတူ လင်လုံသန့်စင်နယ်မြေကို သွားဖို့အတွက် လုံးဝခွင့်မပြုထားဘူးလို့ သေချာပြောထားမယ်ထင်ပါတယ်။ တပည့်တစ်ယောက်ဖြစ်ပြီး ဆရာသခင်ရဲ့အမိန့်ကို အကိုဘာကြောင့် မနာခံရတာလဲ။"
"အဟမ်း"
လုချန်ဖန်းသည် ခြောက်ကပ်စွာ ချောင်းဟန့်လိုက်ရင်း မျက်လုံးတစ်ဖက် မှိတ်ပြလာကာ
"ဂိုဏ်းတူညီလေး၊ စိတ်မဆိုးပါနဲ့။"
"ကြည့်လေ၊ ငါ့ရဲ့သရုပ်မှန်ကို ဖုံးထားတယ်။ ငါကလင်လုံသန့်စင်နယ်မြေကို တာအိုသားတော်ရဲ့ အကိုဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သွားမှာမဟုတ်ဘူး။ တစ်ခြားလိုက်ပို့တဲ့ တပည့်တွေနဲ့အတူ သရုပ်ဖျက်ထားတာလေ။ ညီလေးရာ၊ ဘာလို့များ မျက်စိမှိတ်ပြီးတော့ ဒီအကိုကို နည်းနည်းလောက် မကူညီရမှာလဲ။"
ချီယွမ်စိတ်ပျက်စွာ မျက်လုံးလှိမ့်လိုက်ပြီး
"မဖြစ်နိုင်တာဗျာ။ ဆရာသခင်ရဲ့ဒေါသကို ကျွန်တော့်ထက် အကိုပိုသိပါတယ်။ ကျွန်တော်သာ လွှတ်ပေးလိုက်ရင် ကျွန်တော်လည်းပဲ နောက်ကျရင် အပြစ်ပေးခံရမှာပေါ့။"
ထိုစကားကြောင့် လုချန်ဖန်း ချက်ချင်းပင် ကြောက်ရွံ့သွားခဲ့ပြီး ချီယွမ်၏ အင်္ကျီစကို အသည်းအသန်ဆွဲလေတော့၏။
"အို ဂိုဏ်းတူညီလေးချီ ဒီတစ်ကြိမ်လေးပဲ ကျေးဇူးပြုပြီးကူညီပေးပါကွာ။ နတ်သမီးရှောင်က အကို့ကို စကားမပြောတာအရမ်းကြာပြီ။ စာပို့တာကိုလည်း ပြန်မဖြေဘူး။"
ပြောနေရင်းဖြင့် လုချန်းဖန်း၏ မျက်လုံးများသည် အနည်းငယ်နီရဲလာကာ
"ဂိုဏ်းတူညီလေးချီရယ်၊ အကို သူမကိုအဝေးက တွေ့ရရင်ကို ကျေနပ်ပါပြီ။ သူမအဆင်ပြေနေမှန်း တွေ့တာနဲ့ အကိုကျေနပ်မှာပါ။ ကျေးဇူးပြုပြီး..."
ချီယွမ်တစ်ယောက် ကျောရိုးများပင် ချမ်းစိမ့်လာအောင် ကြက်သီးထသွားလေရဲ့။
(သေစမ်း။ ဒီလူရဲ့ သရုပ်ဆောင်စွမ်းရည်က တော်တော်လေး သနားဖို့ ကောင်းတာပဲ)
(သန့်စင်ဂိုဏ်းတွေကြားမှာ နံပါတ်တစ်အလှအဖြစ် သတ်မှတ်ခံထားရတဲ့ ရှောင်ယွဲ့နင်က ပတ်ပတ်လည်ဝိုင်းနေတဲ့ အမျိုးသား ကျင့်ကြံသူတွေကြားက လှပတဲ့ အလှလေးပဲ။ သူမအနေနဲ့ အကုန်လုံးကို မြင်တွေ့ဖူးခဲ့ပြီ။ အကို့လိုမျိုးအမှိုက်တစ်ကောင်က သူမရဲ့ ဖိနပ်ကိုခြေထောက်နဲ့ လာလျက်နေရင်တောင်မှ ဂရုစိုက်မှာမဟုတ်ဘူး)
ချီယွမ် သက်ပြင်းချလိုက်ကာ လုချန်ဖန်း၏ ပုခုံးအား ပုပ်လိုက်ရင်း အဓိပ္ပာယ်တစ်ချို့ဖြင့် ပြောလိုက်၏။
"ဂိုဏ်းတူအကို၊ ကျွန်တော်က ပို့ဆောင်ရမယ့် လူအုပ်ရဲ့ ကိစ္စကို ဖြေရှင်းဖို့ပဲ တာဝန်ရှိတာပါ။ တစ်ခြားဘာကိုမှ စိတ်ပူဖို့မလိုအပ်ဘူး။ ဂိုဏ်းခေါင်းဆောင်ရဲ့ တိုက်ရိုက်တပည့်အနေနဲ့ အကိုက တစ်နေရာရာကို ခရီးသွားချင်တယ်ဆိုရင် ထိုက်ရွှမ်းရဲ့ ရတနာသင်္ဘောပေါ်မှာ လိုက်ပါစီးနင်းဖို့ တောင်းဆိုလိုက်ရုံပဲ လိုအပ်တာပါ။ ကျွန်တော်ပြောတာကို နားလည်တယ်မလား။"
"ဟမ်"
လုချန်ဖန်းခဏမျှ အံ့ဩသွားခဲ့ပြီးနောက်တွင် ချက်ချင်း သဘောပေါက်သွားကာ အလွန်ပျော်ရွှင်နေသော မျက်နှာထားဖြင့်
"ဟုတ်တယ်။ အကိုမှတ်မိပြီ။ အကို့မှာ ပြီးအောင်လုပ်ရမယ့် ဂိုဏ်းတာဝန်တစ်ခု ရှိနေသေးတယ်။ အဲ့တာက အရမ်းကိုအရေးကြီးတယ်။ အဲ့ဒီ့တာဝန်က လင်လုံသန့်စင်နယ်မြေအနီးက တိဟွာမြို့မှာပဲ။ လမ်းတူနေတယ်ဆိုမှတော့ အကို့ကို မျက်နှာသာပေးပြီးတော့ လိုက်ခွင့်ပေးနိုင်မလား။"
ချီယွမ်သည် ခံစားချက်မဲ့စွာဖြင့် လက်တစ်ဖက်ယမ်းပြလိုက်ပြီး
"ဒီလို သေးငယ်တဲ့ကိစ္စကတော့ ခန်းမသခင်စုန့်ကိုပဲ သွားပြီးတော့ တင်ပြလိုက်ပါ။ ကျွန်တော့်လို တာအိုသားတော်ကို မနှောင့်ယှက်နဲ့။"
လုချန်ဖန်း ရယ်မောလိုက်ကာ
"ဂိုဏ်းတူညီလေးချီရဲ့ လမ်းပြမှုကို ကျေးဇူးတင်ပါတယ်။ လုံးဝကို ကျေးဇူးတင်တယ်သိလား။ ဒီကိစ္စကို အနာဂတ်ကျရင် အကို အကြီးကြီး ပြန်ပေးဆပ်မယ်။"
ပြောပြီးသည်နင့် လုချန်ဖန်းသည် မစောင့်နိုင်စွာဖြင့် စုန့်ချန်းရှိရာသို့ ချက်ချင်းပင်ပြေးသွားလေတော့၏။
ပျော်ရွှင်စွာထွက်ခွာသွားသောပုံရိပ်ကို ကြည့်နေရင်း ချီယွမ် မနေနိုင်စွာဖြင့် အနည်းငယ် ရှုံ့မဲ့လိုက်မိပြီး မသိမသာ ပြုံးလိုက်သည်။
(ဘုရားရေ။ ဒီလို နောက်ကတစ်ကောက်ကောက် လိုက်ရတာကို ပျော်နေရတဲ့ ဖီလင်မျိုး ငါဘယ်တော့မှ နားလည်မယ် မထင်ဘူး။)
ထိုသိုဖြင့် မကြာမီမှာပဲ...
ဟူး
တောင်တစ်တောင်လိုမျိုး ကြီးမားသော ထိုက်ရွှမ်းရတနာသင်္ဘောသည် လေဟာနယ်အား ဖြိုခွင်းရင်း အလင်းရောင်အဖြစ်ပြောင်းလဲကာ လျင်မြန်စွာ ပြေးလွှားရင်း ကျယ်ပြောသော တိမ်စိုင်များအကြား ပျောက်ကွယ်သွားခဲ့သည်။
ခမ်းနားစွာပြင်ဆင်ထားသော ကြီးမားသည့် တစ်ယောက်ခန်းထဲတွင် ချီယွမ်သက်သာစွာဖြင့် ထိုင်ချလိုက်ပြီး စနစ်၏တာဝန် ဧရိယာအား တိတ်တဆိတ် အသက်သွင်းလိုက်သည်။
"တာဝန်အသစ်...ခက်ခဲပြီးကြမ်းတမ်းတဲ့ တိုက်ပွဲအတွင်းမှာ ဂိုဏ်းတူအမပိုင်ရှီရို့ရဲ့ အကူအညီနဲ့ပိုင်ရှင်က ဝမ်အိမ်တော်ခေါင်းဆောင် ဝမ်ထျန်းသဲကို သတ်နိုင်ခဲ့တယ်။ ဒါပေမယ့် အခုဆိုရင် တိမ်ကြွေဂိုဏ်းက ဂိုဏ်းခေါင်းဆောင်ကြောင့် အန္တရာယ်များလာပြီး ပိုင်ရှင် ဆက်နေလို့မရတော့ဘူး။ ဖူကျိုးမြို့က ထွက်သွားပြီးတဲ့နောက်မှာ ဂိုဏ်းတူအမပိုင်ရှီရို့က အပြင်ကိုထွက်ပြီးတော့ တာအိုလမ်းစဥ်ကိုရှာဖွေချင်ခဲ့တယ်။ ပိုင်ရှင်ကလည်း ကျင့်ကြံမှုမှာ တိုးတက်လာတဲ့အတွက် ပိုင်ရှင့်ရဲ့အဖေဆီကို လက်စားချေဖို့ သွားရောက်ခဲ့တယ်။ အဲ့ဒီ့နေရာမှာပဲ ဂိုဏ်းတူအစ်မပိုင်ရှီရို့နဲ့ လမ်းခွဲခဲ့ရတယ်”
“ နောက်ပိုင်းကျတော့ ပိုင်ရှင်က ပိုင်ရှင့်ရဲ့ညီမလေးချီယောင်ကို လွမ်းဆွတ်လာတဲ့အတွက် လင်လုံသန့်စင်နယ်မြေကို သွားရောက်ဖို့ ပြင်ဆင်ခဲ့တယ်။ ကံဆိုးစွာနဲ့ လမ်းတစ်ဝက်မှာပဲ ပိုင်ရှင့်ရဲ့ မိသားစုတစ်ခုလုံးကို နတ်ဆိုးကျင့်ကြံသူတွေက သတ်ဖြတ်သွားမှန်း သတင်းကြားလိုက်ရတယ်”
“တာဝန်အကြောင်းအရာ...ချီမိသားစုသတ်ခံရတဲ့နောက်ကွယ်က အမှန်တရားကို နှစ်လအတွင်းမှာ စုံစမ်းပြီး လက်စားချေပါ”
"တာဝန်၏ ခက်ခဲမှု... ကြယ်ငါးပွင့် (အထူးခက်ခဲသည်)"
"တာဝန်၏ ဆုလာဒ်...အမှတ်၁၅၀၀၊ ထိပ်သီးအဆင့်ခုခံခြင်း မှော်လက်နက်ဖြစ်တဲ့ရွှေရောင်ခေါင်းလောင်း၊ ပြီးတော့တာအို နှလုံးသားသန့်စင်ခြင်းဆိုတဲ့ စွမ်းအင်အသစ်ကိုရရှိမယ်။ အဲ့ဒီ့စွမ်းအင်ကို အသက်သွင်းလိုက်တာနဲ့ ပိုင်ရှင့်ရဲ့ တာအိုနှလုံးသားကို များစွာသန်မာစေမယ်။ မြင့်မားတဲ့နားလည်နိုင်စွမ်းကြောင့် အတွင်းနတ်ဆိုးနှောင့်ယှက်မှုကို လွယ်ကူစွာကျော်ဖြတ်နိုင်မယ်။"
"မှတ်ချက်...ဒီတာဝန်ကိုစွန့်ပစ်လို့ရပြီး အဲ့ဒီ့အတွက် ဘယ်လိုပြစ်ဒဏ်မှပေးအပ်မည် မဟုတ်ပါ”
(ချီအိမ်တော်က အသတ်ခံလိုက်ရတယ်လား။)
ရုတ်တရက်ပေါ်လာသော စာကြောင်းများကြောင့် ချီယွမ်တစ်ယောက် မျက်လုံးများပြူးကျယ်သွားခဲ့ပြီး မျက်နှာတစ်ခုလုံးအံ့ဩမှုများ ပြည့်နှက်သွားတော့သည်။
……