(အဲ့ဒါ ငါမဟုတ်ဘူး)
Vol. 11 Ch. 104
ချီယွမ်တစ်ယောက် အံ့ဩနေခဲ့ပြီး အကြာကြီးနေမှသာ သူ့၏နှလုံးသားအား ပြန်လည်တည်ငြိမ်အောင် ပြုလုပ်လိုက်နိုင်ခဲ့သည်။
သူသည် မူရင်းပိုင်ရှင်၏ မျိုးနွယ်စုနှင့် ဆက်စပ်ခြင်းမျိုး မရှိခဲ့ချေ။ သူတို့တွေအားလုံး ရုတ်တရက်ကြီး သေဆုံးခဲ့လျှင်တောင်မှ သူ့အနေနှင့် ဝမ်းနည်းမှုအား ခံစားပေးဖို့ မဖြစ်နိုင်ဘူး။
သူသည်စနစ်ထံမှ မူရင်းပိုင်ရှင်ပုံစံအား ဟန်ဆောင်ရင်း မိသားစုထံသို့ သွားရောက်ကာ တစ်မိသားစုလုံးကို ကလဲ့စားချေရင်းသတ်ဖြတ်လာဖို့ အမိန့်ပေးမည်ဟုပင် ထင်မှတ်ခဲ့သည်။ အခုတော့ ငတုံးစနစ် အမှန်တကယ်ပေးအပ်လာသော တာဝန်အား စဉ်းစားလိုက်ရုံဖြင့် ကြက်သီးထစေပါ၏။
ကိုယ့်ကိုစွန့်ပစ်ခဲ့သည့် မိသားစုတစ်စုလုံးအား သတ်ဖြတ်ကာ ကလဲ့စားချေရမည်ထင်ခဲ့သော အတွေးက မထင်ထားစွာပင် ငတုံးစနစ်၏ တာဝန်ပေးအပ်ခြင်းကြောင့် ထိုမိသားစုတစ်စုလုံးအား သူ့အစားသတ်ပေးသွားသော လူသတ်သမားအား လိုက်ရှာပြီး စုံစမ်းသတ်ဖြတ်ရမည့် မိသားစုဒရာမာဇာတ်ကြောင်းအဖြစ် ပြောင်းလဲသွားလေသည်။
( ဒီငတုံးစနစ်က တစ်ကယ်ကို သူ့နာမည်အတိုင်း တုံးအတာပဲ။ အဆင့်တိုင်းကို ခန့်မှန်းလို့ကို မရဘူး )
ခဏမျှ တွေးတောပြီးနောက်တွင် ချီယွမ်သည် ပထမဦးဆုံး စနစ်၏တာဝန်အား လက်ခံဖို့ ဆုံးဖြတ်လိုက်သည်။
အရာအားလုံး ဘေးဖယ်ထားလျှင်တောင်မှ စနစ်မှ ပေးအပ်လာသော တာအိုနှလုံးသားအား ရှင်းလင်းစေခြင်းဟူသည့် စွမ်းဆောင်ရည်အား လက်မလျော့နိုင်သေးချေ။
ကျင့်ကြံသူများသည် သဘာဝလွန်စွမ်းအင်များနှင့် ရှည်လျားသော သက်တမ်းများအား ပိုင်ဆိုင်သည်ဆိုသော်ငြား သာမန်လူများကဲ့သို့ခံစားချက်ခုနှစ်မျိုးနှင့် အလိုဆန္ဒ ခြောက်မျိုးရှိကြသေးသည်။ ထို့ကြောင့် ကျင့်ကြံနေစဉ် အတောအတွင်းတွင် မကောင်းသော ခံစားချက်များအား လွယ်ကူစွာ စုဆောင်းနိုင်၏။
ထိုမကောင်းသော ခံစားချက်များသည် ပုံမှန်အားဖြင့် တာအိုနှလုံးသားနှင့် ဖိနှိပ်မှသာ အကျိုးသက်ရောက်မှု နည်းပါးလာမည်ဖြစ်သည်။
သို့သော်ငြား ကျင့်ကြံသူတစ်ယောက်၏ တာအိုနှလုံးသားသည် လုံလောက်စွာ မသန်မာသေးပါက သေရေးရှင်ရေးနှင့် နီးကပ်သည့် အဆင့်တက်မှုအား ကြုံတွေ့လာလျှင် ထိုစုဝေးလာသော မကောင်းသည့် ခံစားချက်များသည် လွတ်မြောက်ဖို့ အခွင့်အရေးယူလာကာ အတွင်းနတ်ဆိုးအဖြစ်ပြောင်းလဲနိုင်ဖို့ ကြိုးစားကြသည်။
ထိုအတွင်းနတ်ဆိုးသည် ကျင့်ကြံသူတစ်ဦးချင်းစီ၏ နှလုံးသားအတွင်းမှ မတူညီသော ခံစားချက်များမှ နိုးထလာသည်ဖြစ်ပြီး သတ်ဖြတ်ဖို့အလွန်ခဲယဉ်းသည်။ အချိန်မှီ မရှင်းလင်းနိုင်ပါက စိတ်နေစိတ်ထားတစ်ချို့ အနည်းငယ်ပြောင်းလဲလာပြီး တာအိုအခြေခံ အားနည်းသွားလျှင် အကောင်းဆုံးဟုပင် သတ်မှတ်နိုင်သည်။ ပိုဆိုးသော အခြေအနေမျိုးတွင် ထိုကျင့်ကြံသူသည် အတွင်းနတ်ဆိုး၏ လွှမ်းမိုးမှုအား အပြီးတိုင် ခံစားလိုက်ရပြီး တာအိုလမ်းစဉ်မှ လွဲဖယ်သွားကာ အဆုံးတွင် သေဆုံးရမည်ဖြစ်သည်။
ထို့ကြောင့် အတွင်းနတ်ဆိုး ဒုက္ခကြုံရခြင်းသည် ကောင်းကင် နတ်အတိဒုက္ခမိုးကြိုအား ရင်ဆိုင်ရသည့်နှယ် ကျင့်ကြံသူတိုင်းကြောက်ရွံ့ရသော ကိစ္စတစ်ခုပင်။
ထို့ကြောင့် ချီယွမ်အတွက် စနစ်မှပေးအပ်လာသော တာအိုနှလုံးသား ရှင်းလင်းခြင်း စွမ်းအင်သည် အချိန်ကိုက် ချပေးလာသော ကောင်းချီးတစ်ခုဖြစ်သည်။ သူ၏ ကျင့်ကြံမှုသည် လတ်တလောတွင် အဆင့်များစွာ ခုန်တက်ခဲ့ပြီး ဖြစ်လေရာ လက်ရှိတွင် ချီယွမ် အကြောက်ဆုံးက တာအိုနှလုံးသား မတည်မငြိမ် ဖြစ်ခြင်းကိုပင်။
တစ်နည်းပြောရလျှင် လူတစ်ဦး၏ သန်မာမှုသည် လျင်မြန်စွာတိုးတက်လာပါက ထိုလူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေနှင့် စိတ်နေစိတ်ထားသည် ထိုတိုးတက်မှုနှင့် လိုက်လျောညီထွေဖြစ်အောင် မဆောင်ရွက်နိုင်ပဲ လွယ်ကူစွာ မောက်မာလာနိုင်သည်။
ထို့ကြောင့် ဤစွမ်းရည်အသစ်ကို ရရှိမည်ဆိုလျှင် အတွင်းနတ်ဆိုး၏ ဒုက္ခပေးလာမှုအား စိုးရိမ်ဖို့ မလိုအပ်တော့ချေ။
ထို့အပြင် ချီယွမ်သည် မူရင်းပိုင်ရှင်၏ ညီမဖြစ်သူ ချီယောင် ပြောစကားအရ ချီမိသားစုသည် တရှာတိုင်းပြည်နှင့် ဝေးကွာကာ သေးငယ်သော မြို့တစ်မြို့အတွင်းတွင် နေထိုင်သည်ဟု သိထားရသည်။ ထိုဝမ်ချူးမြို့သည် မထင်ရှားသော မြို့တစ်ခုပါပေ။ ချီမိသားစု၏ အကြီးအကဲများသည် စာအုပ်ကြီးသမားများ ဖြစ်ကြပြီး အခြေခံ တည်ထောင်ခြင်း အလယ်အဆင့် နယ်ပယ်သာရှိကြကာ အမြဲတမ်း သတိထားနေတတ်ကြပြီး ပြဿနာမရှာကြချေ။
ဤကျင့်ကြံရေးလောကတွင် ချီမိသားစုကဲ့သို့ သေးငယ်ပြီး မထင်ရှားသော ကျင့်ကြံရေး မိသားစုများစွာရှိသည်။ ထိုမိသားစုမျိုးက ဘာကြောင့်ရုတ်တရက်ကြီး နတ်ဆိုးကျင့်ကြံသူ တစ်ဦးအားရန်စမိရင်း မျိုးနွယ်စုတစ်ခုလုံး အသတ်ခံရသည်နည်း။
( ဖြစ်နိုင်တာ နတ်ဆိုးမကျိချန်အာ လုပ်တာများလား )
ချီယွမ် နှလုံးတစ်ချက် ဆောင့်ခုန်သွားပြီးမှ သေချာတွေးတော ကြည့်ပြီး ထိုကိစ္စအား မဖြစ်နိုင်မှန်း ယူဆလိုက်သည်။
ကျိချန်အာနှင့် သူသည်လက်ရှိတွင် ကောင်းမွန်သော ဆက်ဆံရေးရှိထားပြီး သူမသည်သူ့အား မျိုးနွယ်စုတစ်ခုလုံး ရှင်းလင်းခံလိုက်ရလျှင်တောင်မှ တစ်ချက်မှမတုန်လှုပ်မည့် မွေးရာပါနတ်ဆိုးဗီဇ ရှိသူဟု ယူဆထားသည်။ ထိုကြောင့်သူမအတွက် ချီအိမ်တော်အား သတ်ဖြတ်ဖို့ မလိုအပ်ချေ။
ခဏမျှ တွန့်ဆုတ်ပြီးနောက်တွင် ချီယွမ်သည် သိုလှောင်ဧရိယာအတွင်းမှ ဆက်သွယ်ရေး မန္တာန်စာရွက်တစ်ခုအား ထုတ်ယူလိုက်၏။
အသက်သွင်းလိုက်သည်နှင့် တစ်ဖက်မှ နူးညံ့ကာချိုမြသော အသံတစ်ခုကို ကြားလိုက်ရသည်။
“ချီယွမ် နင် ဘာလိုချင်တာလဲ”
သူမ၏အသံသည် ဂရုမစိုက်နေဟန် ရသော်ငြား အနည်းငယ် မြင့်တက်နေသော အသံနှုန်းထားအား ကြည့်လိုက်ပါက ဖုံးကွယ်ထားသည့် ပျော်ရွှင်မှုကို ခံစားလို့ရနိုင်သည်။
ချီယွမ်အနည်းငယ် မျက်မှောင်ကြုတ်သွားရင်း တည်ငြိမ်စွာဖြင့် မေးလိုက်၏။
“နတ်သမီးကျိ၊ မကြာခင်တုန်းက ဝမ်ချူးမြို့မှာရှိတဲ့ ချီအိမ်တော်တစ်ခုလုံး အသတ်ခံလိုက်ရတယ်။ မင်း သတိထားမိလား”
ထိုစကားကြောင့် ကျိချန်အာ ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီးမှ တိတ်တဆိတ် ဖြေကြားလာသည်။
“ငါလုပ်ခဲ့တာမဟုတ်ဘူး”
“အို”
ချီယွမ် နူးညံ့စွာ တုံ့ပြန်လိုက်ပြီးမှ မေးလိုက်၏။
“ဒါဆိုရင် ဘယ်နတ်ဆိုးဂိုဏ်းရဲ့ ကျင့်ကြံသူတွေက ဝမ်ချူးမြို့နယ်တစ်ခွင်မှာ ပေါ်ပေါက်ခဲ့လဲ မင်းစုံစမ်းဘူးလား”
ခဏမျှ တိတ်ဆိတ်ပြီးနောက်မှသာ ကျိချန်အာ ခိုင်မာစွာပြောလာ၏။
“ချီယွမ် ငါအဲ့ဒီကိစ္စကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းမယ်။ နောက်ပိုင်းကျရင် ဒီကိစ္စနဲ့ပတ်သက်ပြီး တိကျတဲ့အဖြေကို ငါသေချာပေါက်ပေးမယ်”
ချီယွမ် ခေါင်းညိတ်လိုက်ပြီးမှ နက်ရှိုင်းစွာပြောလိုက်သည်။
“မင်း ဆန္ဒရှိတယ်ဆိုရင် စုံစမ်းလို့ရတယ်။ ဒါပေမယ့် ကျုပ်ကိုတော့ သံသယရှိတဲ့သူကိုပဲ ပြောလို့ရတယ်။ အဲ့ဒီလူသတ်သမားရဲ့ အနောက်က ဂိုဏ်းကိုဖြစ်ဖြစ် ကျင့်ကြံမှု နယ်ပယ်ကိုဖြစ်ဖြစ် ပြောပြရင်ရပြီ။ မဆင်မခြင်မလှုပ်ရှာနဲ့။ ပြီးတော့ သူတို့ကို လုံးဝမတိုက်ခိုက်နဲ့”
“ဒီကိစ္စကို ကျုပ်ကိုယ်တိုင် ဖြေရှင်းမယ်နားလည်လား”
ဆက်သွယ်ရေး မန္တာန်တစ်ဖက်ရှိ ကျိချန်အာသည် အေးစက်စွာ မဲ့ရွဲ့လိုက်ရင်း
“နင်မှန်ပါတယ်။ ကျိချန်အာရဲ့ ယောင်္ကျားဖြစ်တဲ့သူက ဘယ်လိုလုပ် ကိုယ့်ရဲ့ရန်သူကိုတောင် ရင်မဆိုင်ရဲရမှာလဲ။ အဲ့ဒီလူသတ်သမားကို နင့်အတွက် ချန်ထားပေးမယ်။ နင် လက်စားချေနိုင်လား မချေနိုင်ဘူးလား ဆိုတာကတော့ နင့်ရဲ့ စွမ်းရည်ပေါ်မှာပဲ မူတည်တယ်”
ကျိချန်အာ၏ မောက်မာပြီး အမိန့်ပေးတတ်သော အပြုအမူအား ချီယွမ် အသားကျပြီး ဖြစ်သည်။ ထိုကြောင့် အနည်းငယ်ပြုံးလိုက်ရင်း ခံစားချက်မဲ့စွာ တုံ့ပြန်လိုက်သည်။
“ကောင်းပြီ။ ဒါဆိုရင် ကျုပ်သတင်းစောင့်နေမယ်”
မူလက ချီယွမ်သည် ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တပည့်များအား တာဝန်ပေးအပ်ကာ စုံစမ်းဖို့ တွေးထားခဲ့သည်။သို့သော်ငြား ကျိချန်အာဖက်မှ စိတ်လိုလက်ရ ကူညီလာမှုကြောင့် ပိုမို ကောင်းမွန်သွားခဲ့သည်။
ကျိချန်အာ ကိုယ်တိုင်သည်လည်း နတ်ဆိုးကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် ဤကိစ္စအားစုံစမ်းရာတွင် ပိုမို သင့်တော်လိမ့်မည်။
ထိုအပြင်စနစ်ဖက်မှ တာဝန်နှစ်လ ပေးထားသည့်အတွက် ကျိချန်အာ စုံစမ်း၍ မရခဲ့လျှင်တောင်မှ ချီယွမ်အတွက် တစ်ခြားနည်းလမ်းများ ဆောင်ရွက်ရန် အချိန်ရှိပါသေးသည်။
ထို့ကြောင့် ချီယွမ်တစ်ယောက် စိတ်အေးသက်သာစွာဖြင့် ဆက်သွယ်ရေး မန္တာန်စာရွက်အား ဘေးဖယ်လိုက်ကာ သိမ်းဆည်းလိုက်သည်။
ထိုသို့ဖြင့် ရက်များစွာ ကုန်ဆုံးသွားခဲ့သည်။
လင်လုံ သန့်စင်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် အလင်းများ ဖြာထွက်နေပြီး ကျက်သရေရှိသော အရှိန်အဝါက လေထုတစ်ခုလုံးအား ဖုံးလွှမ်းထား၏။
အလယ်တွင် ခမ်းနားစွာရှိနေသော ဧရာမအပင်ကြီး၏ အကိုင်းအခက်များက ကောင်းကင်တစ်ခွင် ဖြန့်ကြဲထားပြီး ကြီးမားသော ပင်စည်တိုင်ကြီးအား ကြည့်လိုက်ပါက ကောင်းကင်ကို ထောက်ပံ့နေသည့် ထောက်တိုင်တစ်ခုလိုမျိုး ခံစားရပေမည်။
ထိုသစ်ပင်ကြီး၏ အရှည်သည် အဆုံးမရှိအောင် ကျယ်ပြန့်ကာ အနီးကပ် ကြည့်ရှုလိုက်ပါက တိမ်ငယ်ကြားတွင် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသော ခံ့ညားသည့် ခြံဝင်းတစ်ခုကို အကိုင်းများပေါ်မှ မြင်တွေ့နိုင်မည်။ ထိုခြံဝင်းသည် ကောင်းကင်ထက်မှ ချိတ်ဆွဲထားသော ကြယ်နက္ခတ်များနှယ် အလွန်ဆန်းကြယ်ပြီး ကောင်းမွန်သည်။
အတွင်းရှိ ကတ္တီပါအခင်းပေါ်၌ အသက်ဆယ့်ငါးနှစ် အရွယ်ခန့်ရှိသော မိန်းကလေးတစ်ဦးသည် ကြာပန်းပုံ ထိုင်နေခဲ့ပြီး စိတ်ဝိညာဥ် စွမ်းအင်အား ဆုတ်ယူကာ ကျင့်ကြံနေသည်။ သူမသည် အိပ်မက်ဆန်သော ခုနှစ်ရောင်စပ် မြူခိုးကြားတွင် ပိတ်မိနေပြီး နက်နဲကာ ရှေးဆန်သော အရှိန်အဝါများ ဖုံးလွှမ်းထားသည်။
ထိုငယ်ရွယ်သော အမျိုးသမီးကျင့်ကြံသူသည် မဟာယနနယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။
အကြောင်းအရင်းမရှိ ထိုကျင့်ကြံမှုထဲတွင် နစ်မြုပ်နေသောမိန်းကလေးသည် ရုတ်တရက် အနည်းငယ် တုန်ယင်သွားကာ သိမ်မွေ့ကာလှပသည့်သူမ၏မျက်နှာထက်၌ ထူးဆန်းသော အလင်းရောင်တစ်ချို့ ဖြတ်ပြေးသွားခဲ့သည်။
နောက်တစ်စက္ကန့်မှာပဲ သူမသည် မျက်လုံးနှစ်ဖက်အား ရုတ်ခြည်းဖွင့်လိုက်သည်။ ထို့နောက်တွင် လေထဲသို့ ညင်သာစွာ လက်ညှိုးထိုးလိုက်ရင်း စိတ်ဝိညာဉ်အလင်းတန်းအား ထုတ်လွှတ်လိုက်သည်။
မကြာခင်မှာပဲ လေးစားသောအသံကို ခြံဝင်းအပြင်မှ ကြားလိုက်ရ၏။
“မဟာဘိုးဘေး၊ ဘာအမိန့် ပေးမလို့ပါလဲ”
ရေခဲတမျှ အေးစက်မှုများ ပါဝင်နေသော မိန်းကလေးငယ်၏အသံသည် အနည်းငယ်တင်းမာ နေဟန်ပင်။
“ငါ ခိုင်းစရာရှိတယ်”
ထိုစကားကြောင့် အပေါက်ဝတွင် စောင့်နေသော အစောင့်အစေခံသည် ချက်ချင်းပင် ဒူးထောက်ကျသွားကာ ခြံဝင်းရှိရာသို့ ဦးညွှတ်အရိုအသေ ပေးလိုက်သည်။
“ကျေးဇူးပြုပြီး ညွှန်ကြားပါ မဟာဘိုးဘေး”
ထိုမိန်းကလေးက အနည်းငယ်ခေါင်းညိတ်လိုက်ပြီး..
“ဂိုဏ်းခေါင်ဆောင်ကို သွားပြောလိုက် ဒီနေ့ကစပြီး ဂိုဏ်းရဲ့အထူးအစီအရင်ကို အစွမ်းကုန် အသုံးချရမယ်။ ပွဲတော်ကို လာတက်တဲ့ ဧည့်သည်တော်တွေက လွဲရင် ကျန်တဲ့ ကျင့်ကြံသူတွေကို လင်လုံ သန့်စင်နယ်မြေရဲ့ မိုင်တစ်ရာအတွင်း ဝင်ရောက်ခြင်း မရှိရအောင် ကန့်သတ်ထားလိုက်။ မဟာယနနယ်ပယ်ရှိတဲ့ မိတ်ဆွေဟောင်းတွေကို အထူးသတိထားရမယ်။ သံသယဝင်စရာလူ တွေ့တာနဲ့ အစွမ်းကုန် တိုက်ခိုက်ပြီး ဖြေရှင်းဖို့ကြိုးစား။ ကြားလား”
( ဟမ် )
မထင်မှတ်ထားသော အမိန့်သံကြောင့် ထိုအစေခံမလေးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သော်ငြား အမိန့်ကို ချက်ချင်းပင် လက်ခံလိုက်ပြီး ထွက်ခွာသွားခဲ့သည်။
ထိုအချိန်တွင် ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ ရတနာသင်္ဘောပေါ်၌..
ပြင်ပခန်းမ၏ တာဝန်ရှိသော ခန်းမသခင် စုန့်ချန်းသည် လေးစားစွာ အရိုအသေပေးလိုက်ရင်း ဦးတည်ရာတစ်ခုအား လက်ညှိုးထိုးကာ ပြောလိုက်သည်။
“တာအိုသားတော် ကျွန်တော်တို့အခု လင်လုံသန့်စင် နယ်မြေရဲ့ အကာအကွယ်စည်းနားကို ရောက်ပြီ။ မနက်ဖြန်လောက်ဆိုရင် သန့်စင်နယ်မြေရဲ့ တောင်အနားက တိဟွာမြို့ကိုတော့ ရောက်လောက်မယ်ထင်တယ်”
ထိုစကားကြောင့် ချီယွမ် ပုံမှန်လိုမျိုး လက်တစ်ဖက် ယမ်းပြလိုက်ပြီး
“ခရီးဆက်ကြတာပေါ့။ မနက်ဖြန်ညဖက်မတိုင်ခင် တိဟွာမြို့ကိုတော့ ရောက်အောင် ကြိုးစားကြရအောင်။ ဒါဆိုရင် အကုန်လုံး အေးဆေး နားလို့ရပြီ”
ထိုအချိန်မှာပဲ ချီယွမ်သည် လက်အတွင်းရှိ သံလိုက်အိမ်မြှောင်၏ လှုပ်ရှားမှုအား ခံစားလိုက်ရသည်ကို သတိထားမိလိုက်သည်။ သံလိုက်အိမ်မြှောင်၏ ဦးတည်ရာပြ သံချောင်းသည် အဆက်မပြတ် ရွေ့လျားနေခဲ့ပြီး ရုတ်တရက်ရပ်တန့်သွားကာ ခိုင်မာသော ဦးတည်ရာတစ်ခုအား ထိုးပြလာလေရဲ့။
ချီယွမ်၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး အိမ်မြှောင်အား လျင်မြန်စွာ ထုတ်ယူလိုက်သည်။
ထိုအိမ်မြှောင်ကို ကြည့်ပြီးသည်နှင့် ချက်ချင်းပင် အံ့ဩသွားလေရဲ့။
( ကြည့်ရတာ ဟိုသခင်ကြီးရဲ့ ပျောက်ဆုံးသွားတဲ့ နတ်သားရဲက လင်လုံ သန့်စင်နယ်မြေ အတွင်းမှာလား )
……