← Chapters

ကြည့်ရတာ ငါက ငယ်ငယ်တုန်းက ပိုချစ်ဖို့ကောင်းလို့နေမယ်

Vol. 11 Ch. 106

ကြည့်ရတာ ငါက ငယ်ငယ်တုန်းက ပိုချစ်ဖို့ကောင်းလို့နေမယ်

Vol. 11 Ch. 106

"ကျွတ်... ခင်ဗျားဗျာ ပစ္စည်း လိုချင်တယ်ဆိုလည်း အစောကတည်းက ပြောရမှာပေါ့၊ ဘာလို့ ဝေ့လည်ကြောင်ပတ် လုပ်နေရတာလဲ၊ လန့်သွားတာပဲ"

ထိုစားပွဲထိုးသည် လုချန်ဖန်း၏ တုံ့ပြန်မှုကြောင့် မူလက အံ့သြသွားခဲ့ပြီးမှ နောက်ဆက်တွဲစကားကို ကြားလိုက်ရ၍ လျင်မြန်စွာ ပြောလိုက်သည်။ ထို့နောက်တွင် အင်္ကျီအတွင်းမှ ပုံရိပ်ဖမ်းမန္တာန်စာရွက်များစွာ ထည့်ထားသော အိတ်တစ်ခုကို ထုတ်ယူလိုက်၏။

"ဒါတွေက အသစ်ရထားတဲ့ ပစ္စည်းတွေပဲ၊ အရည်အသွေးလည်း ကောင်းတယ်၊ ကြည်လင်ပြတ်သားနေပြီး ဝါးထားတဲ့နေရာ တစ်ခုမှ မပါဘူး၊ ပိုပြီးအရေးကြီးတဲ့အချက်က ဒီပုံရိပ်ဖမ်းမန္တာန်စာရွက်တွေက အကြိမ်ကြိမ် ကြည့်လို့ရတယ်၊ ဒါကြောင့် တစ်ရွက်ကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်ရာကျမယ်၊ဘယ်လောက် လိုချင်တာလဲ"

"ငါကြည့်ရအောင်"

ထိုစားပွဲထိုး၏ စကားဆုံးသည်နှင့် လုချန်ဖန်းသည် စာရွက်တစ်ခုအား လှမ်းယူလိုက်ကာ ဝိညာဉ်အာရုံအား စိတ်အားထက်သန်စွာဖြင့် ပေါင်းထည့်လိုက်သည်။

နောက်တစ်စက္ကန့်မှာပဲ သူ၏ခန္ဓာကိုယ်က ရုတ်ချည်းပင် တောင့်တင်းသွားခဲ့ပြီး ပါးစပ်ကြီး ကျယ်လောင်စွာ ပွင့်ဟရင်း မျက်လုံးနှစ်လုံးကလည်း မျက်ဆံမှ ပြုတ်ထွက်တော့မတတ် ပြူးကျယ်လာလေရဲ့။

[ဒါက အစစ်အမှန် ဟုတ်ရဲ့လား]

ထိုမြင်ကွင်းကြောင့် ချီယွမ်ပင် သိချင်သွားခဲ့ပြီး စားပွဲထိုး၏ လက်ထဲမှ မန္တာန်စာရွက်တစ်ခုကို ယူကာ စစ်ဆေးလိုက်သည်။

ချက်ချင်းဆိုသလို မလုံ့တလုံ ဝတ်ဆင်ထားသော ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးကျင့်ကြံသူတစ်ဦးက ဆွဲဆောင်မှုရှိသော ပုံစံများစွာဖြင့် ပို့စ်ပေးနေခြင်းအား မြင်တွေ့လိုက်ရ၏။

ထိုမိန်းကလေး၏ ပုံပန်းသဏ္ဍာန်သည် လင်လုံသန့်စင်နယ်မြေ၏ သူတော်စင်မအစစ်နှင့် တူညီပါသော်ငြား ပြုမူသည့် အပြုအမူပုံစံကတော့ ကမ္ဘာခြားနေသလိုမျိုး ကွဲပြား၏။ လူတွေ၏အမြင်အား လှည့်ဖြားရန်အတွက် ပုံရိပ်ပြောင်းသိုင်းပညာတစ်ချို့အား အသုံးပြုထားမှန်း သိသာပါသည်။

အရည်အသွေးသည် နိမ့်ကျပြီး အပြုအမူပိုင်းကလည်း အတင်းအကျပ် ကြိုးစားနေဟန် ရသောကြောင့် လင်လုံသန့်စင်နယ်မြေ၏ သူတော်စင်မအား မြင်ဖူးနေကြ မဟုတ်သော ချီယွမ်ပင် ဤမိန်းကလေးသည် ဟန်ဆောင်နေသော အပြင်လူတစ်ယောက်ဟု ဖော်ထုတ်နိုင်ပါ၏။

ရောင်းချသူသည် ယောက်ျားများ၏ အလိုဆန္ဒအား အသုံးချရင်း မြင့်မြတ်သော သူတော်စင်မ၏ သရုပ်မှန်အား ခိုးယူကာ ဝယ်သူများအား ဆွဲဆောင်ခဲ့ဟန်ရှိသည်။

အကယ်၍ ဝယ်ယူသူများက ဤမန္တာန်စာရွက်သည် အတုပြုလုပ်ထားမှန်း သိရှိသွားလျှင်တောင်မှ ကျယ်လောင်စွာ ရန်ရှာရဲမည် မဟုတ်ချေ။ သန့်စင်နယ်မြေ၏ သူတော်စင်မကြီး၏ ဆွဲဆောင်မှုရှိသော ပုံရိပ်ဖမ်းမန္တာန်စာရွက်အား ဝယ်ယူထားသည်ဟု သန့်စင်နယ်မြေအား တိုင်ကြား၍မှ မရတာဘဲ။

"ဒါမဟုတ်သေးဘူး"

ချီယွမ်တစ်ယောက် သတိဝင်လာသည်နှင့် လိမ်ညာမှုအား ဖော်ထုတ်ဖို့ အသင့်ဖြစ်သွားသည်။ ထိုအချိန်မှာပဲ လုချန်ဖန်းက သိုလှောင်လက်စွပ်အတွင်းမှ ကြီးမားသော ဝိညာဉ်ကျောက်တုံးအိတ်ကြီးအား ထုတ်ယူကာ စားပွဲထိုးထံသို့ ယမ်းပြနေသည့်ပုံရိပ်ကို တွေ့လိုက်ရသည်။

"ကျုပ်အားလုံးယူမယ်၊ အရင်ဦးဆုံး မင်းနဲ့ ဆက်သွယ်လို့ရမဲ့ အချက်အလက် ပြောသွားခဲ့ပါ၊ တစ်ကယ်လို့ ပစ္စည်းအသစ်တွေ ရောက်လာပြီဆိုရင် ကျုပ်ကိုယ်တိုင် လာကြည့်မယ်"

"ပြဿနာ မရှိပါဘူး၊ ကျွန်တော် လိပ်စာပေးထားခဲ့မယ်၊ သခင်ကြီး အဲ့ဒီကိုသွားပြီး ဝယ်ယူလို့ရပါတယ်၊ ပုံမှန်ဖောက်သည်တွေအတွက်ဆိုရင် ကျွန်တော်တို့ဘက်က လျှော့စျေးလည်း ချပေးထားပါတယ်"

ဝိညာဉ်ကျောက်တုံးကို လက်ခံရပြီးသည်နှင့် ရောင်းချသူသည် ပျော်ရွှင်သွားကာ လုချန်ဖန်း၏ နားအနီးသို့ စကားလုံးတစ်ချို့ ကပ်ပြောပြီးသည်နှင့် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားခဲ့သည်။

ရောင်းချသူ ထွက်သွားသည်နှင့် ချီယွမ်သည် လုချန်ဖန်းအား ရှုပ်ထွေးမှုတစ်ချို့ဖြင့် ကြည့်လိုက်၏။

"ဒီပုံရိပ်ဖမ်းမန္တာန်စာရွက်တွေ အားလုံးက အတုမဟုတ်ဘူးလား၊ အကိုဘာလို့ အများကြီး ဝယ်လိုက်တာလဲ"

လုချန်ဖန်းသည် မျက်နှာကို မဲ့ရွဲ့လိုက်ကာ..

"ဒါတွေက အတုမှန်း အကိုလည်း သိတာပေါ့၊ ဒါပေမဲ့ နတ်သမီးရှောင်ရဲ့ ဂုဏ်သတင်းကို ထိပါးအောင် လုပ်နေတဲ့ ဒီကိစ္စကို ဘယ်လိုလုပ် ရပ်ကြည့်နေနိုင်မှာလဲ၊ ဒီတစ်ခေါက် သူတို့တွေ သတိလွတ်သွားအောင်လို့ အကိုက ဖောက်သည်ကြီးတစ်ယောက်လိုမျိုး ဟန်ဆောင်လိုက်တယ်၊ အခု သူတို့ရဲ့ ရောင်းချတဲ့နေရာကို သိခဲ့ရပြီ၊ နောက်ပိုင်း လင်လုံသန့်စင်နယ်မြေကို ရောက်တဲ့အချိန်ကျရင် အကြီးအကဲတစ်ယောက်ကို တင်ပြလိုက်မယ်၊ ဒါဆိုရင် အဲ့ဒီမကောင်းတဲ့သူတွေ အားလုံးကို တစ်ချက်တည်းနဲ့ ဖမ်းလို့ရပြီ"

ချီယွမ် နားထောင်နေရင်း ရုတ်တရက် သဘောပေါက်သွားကာ လက်ခံစွာဖြင့် ပြောလိုက်သည်။

"မဆိုးဘူး၊ အကို့ဆီကနေ ဒီလို အကြံအဉာဏ်မျိုး ထွက်လာမယ်လို့ ကျွန်တော်တောင် မထင်ထားဘူးရယ်"

ထို့နောက်တွင် ချီယွမ်သည် လုချန်ဖန်း၏ လက်ထဲရှိ များစွာသော ပုံရိပ်ဖမ်းမန္တာန်စာရွက်များအား လက်ညှိုးထိုးလိုက်လေကာ။

"ဒါတွေကိုရော အကို ဘာလုပ်မှာလဲ၊ အကို့အတွက် ကျွန်တော် ဖျက်ဆီးပေးရ.."

သို့သော်ငြား ချီယွမ်၏ စကားမဆုံးခင်မှာပင် လုချန်ဖန်းသည် ထိုစာရွက်များအား အိတ်ကပ်ထဲသို့ လျင်မြန်စွာ ထိုးထည့်လိုက်ရင်း တည်ငြိမ်စွာ ပြောလာလေရဲ့။

"ဒါတွေက သက်သေပစ္စည်းတွေပဲ၊။အကိုတောင် တစ်ခုချင်း စစ်မကြည့်ရသေးဘူး၊ သေချာပေါက် လုံခြုံအောင် သိမ်းထားရမှာပေါ့"

[မန္တာန်စာရွက်ထဲက ပုံတွေကို မြင်တာနဲ့ သွားရည်ကျနေတာကိုများ လာလိမ်နေသေးတယ်။ ဂိုဏ်းတူအကိုလို့ ခေါ်ရမှာတောင် ရှက်ဖို့ကောင်းလိုက်တာ]

ချီယွမ်တစ်ယောက် နှုတ်ခမ်းများ တင်းကျပ်သွားခဲ့ပြီး ထိုသူကို ဂရုစိုက်ဖို့ပင် ပျင်းရိသွား၏။ ထို့ကြောင့် အခါးရေတစ်ခွက် လောင်းထည့်ကာ ဖြည်းဖြည်းချင်း ဇိမ်ခံသောက်နေလိုက်သည်။

ခဏမျှ ကြာပြီးနောက်ပင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ရုပ်ဆိုးသည့် အမျိုးသားကျင့်ကြံသူတစ်ယောက်သည် လှေကားမှ အလောတကြီး ဆင်းလာခဲ့ပြီး ချီယွမ်တို့အရှေ့သို့ ရောက်လာလေ၏။ ထိုသူသည် ချီယွမ်တို့ စောင့်စားနေသော ထူးခြားကောင်းကင်သန့်စင်နယ်မြေ၏ တာအိုသားတော် ဖန်ကဲစွေ့ပင်။

ချီယွမ်တို့ကို မြင်သည်နှင့် ဖန်ကဲစွေ့၏ မျက်လုံးသည် ချက်ချင်းပင် လင်းလက်သွားကာ ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လာ၏။

"စောင့်ခိုင်းလိုက်ရတာ တောင်းပန်ပါတယ်၊ ကျွန်တော်က အခါးရေသောက်ရင်း ပေါင်းစည်းပျော်ရွှင်ခြင်းဂိုဏ်းရဲ့ နတ်သမီးမူရုံနဲ့ ဆွေးနွေးစရာရှိတာကို ဆွေးနွေးနေလို့ပါ၊ နည်းနည်းလေး စိတ်လှုပ်ရှားပြီး နောက်ကျသွားတယ် ဟဲဟဲ၊ စိတ်မရှိပါနဲ့နော်၊ ညီနောင်တို့"

ချီယွမ်သည် အပိုစကားလုံး မဖြုန်းတီးခဲ့ဘဲ ပုံမှန်လိုမျိုး ပတ်ဝန်းကျင်၏ ဆူညံမှုများအား ကာကွယ်ရန် အကာအကွယ်စည်းတစ်ခုကို သတ်သွင်းလိုက်သည်။ ထို့နောက်တွင် လိုရင်းအား တိုက်ရိုက်ပြောလိုက်၏။

"အကိုဖန်၊ အကိုက လင်လုံသန့်စင်နယ်မြေရဲ့ အတွင်းဘက်ပိုင်းနဲ့ တော်တော်လေး အဆက်အသွယ်ရှိတယ်လို့ ပြောခဲ့တယ်မလား၊ ကျွန်တော် မေးခွန်းတစ်ချို့ မေးချင်တယ်"

ချီယွမ်၏ အမေးကြောင့် ဖန်ကဲစွေ့ ချက်ချင်းပင် ဂုဏ်ယူသွားခဲ့ပြီး ရင်ဘတ်ကို မောက်မာစွာ ပုတ်ပြလိုက်ရင်း…

"ဟုတ်တယ်၊ ကျွန်တော်တို့ ဖန်အိမ်တော်ရဲ့ ဒေါ်လေးနဲ့ လင်လုံသန့်စင်နယ်မြေ ဂိုဏ်းခေါင်းဆောင်က လွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက ရင်းနှီးတဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေပဲ၊။သူတို့ရဲ့ ဆက်ဆံရေးက အရမ်းကို နီးကပ်တယ်၊ လင်လုံသန့်စင်နယ်မြေက ယောက်ျားကင်းမဲ့နေရာလို့ လူတိုင်း ပြောကြတယ်၊ အထဲကို ဝင်လာတဲ့ ပိုးမွှားတစ်ကောင်တောင်မှ သူတို့က အထီးအမလား ခွဲခြားခံရတယ်၊ ဒါပေမဲ့ အကို ငယ်ငယ်တုန်းကဆိုရင် လင်လုံသန့်စင်နယ်မြေကတော့ တံခါးမရှိဓားမရှိဘဲ၊ အကို့ကို မြင်တာနဲ့ အရမ်းလှတဲ့ မမတွေအားလုံးက ချော့မြူကြတာကွ"

လုချန်ဖန်းသည် အံ့သြမှုနှင့် မနာလိုမှုများ ပြည့်နှက်စွာဖြင့် ပြောလိုက်သည်။

"အကိုဖန်မှာ ဒီလောက်အထိ အဆက်အသွယ်ကောင်းတွေ ရှိလိမ့်မယ်လို့ ကျွန်တော် ထင်မထားဘူး၊ တစ်ကယ်ကို လေးစားရပါတယ်၊ ဒီတစ်ခေါက် နတ်သမီးရှောင်နဲ့ တွေ့ဖို့အတွက် လင်လုံသန့်စင်နယ်မြေအတွင်းကို ခေါ်သွားနိုင်မယ်ဆိုရင် အကို့ကို သေချာပေါက် ကျေးဇူးတင်မှာပါ"

"အာ၊ တစ်ကယ်တော့ အကိုက ငယ်ငယ်တုန်းက အကြောင်းကို ပြောနေတာပါ"

ဖန်ကဲစွေ့သည် အနေခက်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက်တွင် သူ၏ လေသံက စိတ်ပျက်သွားခဲ့ပြီး..

"အကိုလည်း ဘာလို့လဲမသိဘူး၊ အကို အသက်ကြီးလာပြီး‌နောက် အဲဒီအမျိုးသမီးတွေအားလုံးက ပြောင်းလဲသွားခဲ့တယ်၊။အကို့ကို နာမည်ဆိုးရှိတဲ့ ယောက်ျားတစ်ယောက် အဖြစ်တောင် စာရင်းသွင်းလိုက်ကြတယ်၊ အခုဆိုရင် ဝင်ခွင့်မပြုထားရင် အကိုက လင်လုံသန့်စင်နယ်မြေထဲ ခြေချခွင့်တောင် မရှိတော့ပါဘူး..”

ပြောနေရင်းဖြင့် ဖန်ကဲစွေ့သည် သက်ပြင်းချလိုက်သည်။

"ဟူး၊ ဖြစ်နိုင်တာ အကိုက ငယ်ငယ်တုန်းက တော်တော်လေး ချစ်ဖို့ကောင်းလို့နေမယ်"

ချီယွမ်တစ်ယောက် မနေနိုင်စွာ မျက်လုံးလှိမ့်လိုက်တော့သည်။

[ဘာလားဟ၊ ဒီကောင်က ကိုယ့်ကိုယ်ကို မှန်မကြည့်တတ်ဘူးလား၊ မိန်းကလေးတွေ အားလုံးက ရုပ်ရည်ကို ကြည့်ကြတယ်၊ ဒီလောက်ရုပ်ဆိုးပြီးတော့ မိန်းမရှုပ်နေတဲ့ကောင်ကို လင်လုံသန့်စင်နယ်မြေထဲ ဝင်ပြီး လျှောက်သွားခွင့်ပြုတာက သန့်စင်နယ်မြေကို သိက္ခာချနေတာပဲ မဟုတ်ဘူးလား၊ တစ်ချက်တည်း ရိုက်အသတ်မခံရတာကိုပဲ ကျေးဇူးတင်လိုက်]

နတ်သားရဲ၏ တည်နေရာအား ရှာဖွေဖို့လိုနေကြောင်း စဉ်းစားမိသွားသဖြင့် ချီယွမ်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ တည်ငြိမ်အောင် အရင်ကြိုးစားလိုက်သည်။

ထို့နောက်တွင်မှ။

"အကိုဖန်၊ လင်လုံသန့်စင်နယ်မြေအတွင်းမှာ အင်အားကြီးတဲ့ နတ်ဆိုးသားရဲတွေ ရှိလား"

"နတ်ဆိုးသားရဲ ဟုတ်လား"

ဖန်ကဲစွေ့ မျက်တောင်တဖျပ်ဖျပ် ခတ်သွားခဲ့ပြီး တစ်ခဏမျှ စဉ်းစားလိုက်ရင်း။

"အဲဒီအမျိုးသမီးကြီးတွေက နတ်ဆိုးသားရဲ မွေးမြူရတာကို တစ်ကယ်ပဲ ကြိုက်ကြတယ်၊ ဒါပေမယ့် သူတို့မွေးတဲ့ သားရဲတွေက လှပပြီး သေးငယ်တဲ့ ရွှေဝိညာဉ်ခွေး၊ ဆီးနှင်းပွင့် ကျောက်ကတိုးနဲ့ ခရမ်းကျောက်စိမ်းဖျံကောင်တို့လိုမျိုး အလှပြလို့ရတဲ့ အကောင်တွေပဲ။ အင်အားမကြီးကြဘူး"

ချီယွမ် မျက်မှောင်ကြုတ်သွားခဲ့ပြီး..

"ကျွန်တော် ပြောချင်တာက လင်လုံသန့်စင်နယ်မြေအတွင်းမှာ တခြားနတ်ဆိုးသားရဲတွေရော ရှိသေးလား၊ ပြောရရင် အဆင့်မြင့် နတ်ဆိုးသားရဲတွေ၊ မဟာယနနယ်ပယ် ကျင့်ကြံဆင့်ရှိတဲ့ သားရဲမျိုးတွေကို ပြောတာ"

"မဖြစ်နိုင်တာ"

ဖန်ကဲစွေ့သည် ခိုင်မာစွာဖြင့် ခေါင်းယမ်းလိုက်၏။

"လင်လုံသန့်စင်နယ်မြေက သားရဲထိန်းကျောင်းတဲ့နေရာမှာ နာမည်ကြီးတဲ့ နေရာတစ်ခု မဟုတ်ဘူး၊ မဟာယနနယ်ပယ် နတ်ဆိုးသားရဲတွေက အရမ်းကို အင်အားကြီးပြီး အရည်အချင်းရှိတဲ့ သားရဲတွေပဲ၊ အဲ့ဒီကောင်တွေကို ဖမ်းချင်တယ်ဆိုရင် အနည်းဆုံး မဟာယနနယ်ပယ်ရှိတဲ့ ကျင့်ကြံသူ သုံးလေးယောက်လောက် ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ရနိုင်လိမ့်မယ်"

"ပြီးတော့ မဟာယနနယ်ပယ်ရှိတဲ့ နတ်ဆိုးသားရဲက ကျင့်ကြံရေးလောကမှာ အရမ်းကို ရှားပါးတယ်၊။ သားရဲတစ်ကောင်ချင်းစီတိုင်းမှာ သီးခြားနာမည်ရှိပြီး ဂုဏ်သတင်းကို ပိုင်ဆိုင်ထားတယ်၊ ဒီလိုသားရဲမျိုးသာ လင်လုံသန့်စင်နယ်မြေမှာ ပေါ်လာခဲ့လို့ကတော့ သိုင်းလောကတစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားမှာပဲ၊တိတ်တဆိတ် ထိန်းသိမ်းထားဖို့ဆိုတာ ဖြစ်နိုင်တာ မဟုတ်ဘူး"

ချီယွမ်ပင် တိတ်ဆိတ်သွားခဲ့၏။ သံလိုက်အိမ်မြှောင်ဘက်မှ အသက်ဝင်လာသည့်တိုင်အောင် နတ်သားရဲအား ရှာဖွေခြင်းသည် မလွယ်ကူခဲ့ချေ။

ထို့အပြင် လင်လုံသန့်စင်နယ်မြေသည် အလွယ်တကူ ရန်စ၍ရသော နေရာတစ်ခု မဟုတ်ပါချေ။ ထို့ကြောင့် အထူးဂရုစိုက်ပြီး ပြဿနာမတက်စေရန်အတွက် စစ်ဆေးဖို့ လိုအပ်သည်။

ထို့ကြောင့် ချီယွမ်၏ တစ်ခုတည်းသော မျှော်လင့်ချက်သည် ထိုနတ်သားရဲအား လင်လုံသန့်စင်နယ်မြေအတွင်းတွင် တိတ်တဆိတ် တည်ရှိနေပြီး ဘယ်သူမှ ရှာမတွေ့သွားဖို့သာ ဖြစ်ပါ၏။ မဟုတ်လျှင် သခင်ကြီး ပေးထားသော အမိန့်ပေးမန္တာန်စည်းဖြင့် ထိုသားရဲအား အနိုင်ယူဖို့ပင် လွယ်ကူလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ချီယွမ်သည် အတွေးများအား စုစည်းလိုက်ရင်း ပုံမှန်လိုမျိုး မေးလိုက်သည်။

"အကိုဖန်၊ ဒီနှစ်ထဲမှာ လင်လုံသန့်စင်နယ်မြေထဲ ထူးဆန်းတဲ့ ကိစ္စတွေရော ဖြစ်ခဲ့သေးလား”

……

All Chapters