(ငါသိထားတဲ့သတင်းအရ နတ်သမီးလေးတွေရဲ့ အသဲနှလုံးကို ကိုင်လှုပ်ဖို့ အချိန်ရောက်ပြီ)
Vol. 11 Ch. 107
“ထူးဆန်းတဲ့ကိစ္စ ဟုတ်လား”
ဖန်းကဲစွေ့သည် ငါသိပါသည်ဟူသော မျက်နှာထားဖြင့် မေးစေ့အား ပွတ်သပ်လိုက်ကာ လေသံနိမ့်ဖြင့်ပြောလာသည်။
“ဒါဆိုရင် ညီလေးချီမေးချင်တာ အဲ့ဒီကိစ္စပေါ့။ အကိုလည်းကြားထားပါတယ်။ ပေါင်းစည်းပျော်ရွှင်ဂိုဏ်းက ရောင်းချနေတဲ့ စာအုပ်တွဲတွေက လင်လုံသန့်စင်နယ်မြေအတွင်းမှာ ဒီရက်ပိုင်း တော်တော်လေး ရောင်းအားကောင်းနေတယ်တဲ့။ ကြည့်ရတာ မကြာခင် နွေဦးရောက်တော့မယ့်ပုံပဲ။ နတ်သမီးလေးတွေရဲ့ နှလုံးသားလည်း ခုန်လှုပ်ဖို့ အချိန်တန်ပြီ။ အကိုတို့ ပွဲတော်တက်တဲ့အချိန်ကျရင် မေ့မရနိုင်တဲ့ အချစ်ရေးကိစ္စမျိုးတွေ ကြုံတွေ့ကောင်း ကြုံတွေ့မှာပေါ့။”
ပြောနေရင်းဖြင့် ဖန်ကဲစွေ့တစ်ယောက် နေ့ခင်းကြီး အိပ်မက်မက်သွားသည့်နှယ် မျက်နှာထားတစ်ခုလုံး စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာခဲ့ပြီး လင်လုံသန့်စင်နယ်မြေအတွင်းရှိ လှပသော အမျိုးသမီးကျင့်ကြံသူများစွာသည် သူ၏ရင်ခွင်အတွင်းသို့ ပြေးဝင်လာနေသော ခန့်ညားသည့် မြင်ကွင်းအား ကြိုတင်မြင်ယောင်လိုက်သည်။
(နှာဘူးတွေနဲ့ ငါတော့ ရူးတော့မှာပဲ)
ချီယွမ်အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး စိတ်ထဲမှ တစ်စုံတစ်ယောက်အား ရိုက်နှက်ချင်စိတ်များကို အတင်းအကြပ် ဖိနှိပ်လိုက်ရသည်။
ဤနေရာသို့ရောက်မလာခင်တွင် ချီယွမ်သည် ဖန်ကဲစွေ့ထံမှ အသုံးဝင်သော သဲလွန်စတစ်ချို့ရရှိနိုင်မည်ဟု မျှော်လင့်ခဲ့ပါသေး၏။ သို့သော်ငြား ထိုသူ၏ အရည်မရမဖတ်မရ စကားများသာ နားထောင်ခဲ့ရပြီး အချိန်ကုန်ခဲ့ရသည်။
ချီယွမ် စိတ်ပျက်စွာ မဲ့ရွဲ့လိုက်ရင်း ထွက်သွားဖို့ပြင်လိုက်သည်။ ထိုအချိန်မှာပဲ ဖန်ကဲစွေ့၏ မျက်လုံးက ရုတ်တရက်လင်းလက်သွားကာ
“အာ နောက်ထပ်ထူးဆန်းတဲ့ ကိစ္စတစ်ခုရှိသေးတယ်။ အကို့ရဲ့ ဒေါ်လေးဆီကနေ ကြားထားတာအရ လင်လုံသန့်စင်နယ်မြေရဲ့ မဟာယနနယ်ပယ်ကို အဆင့်တက်သွားတဲ့ အကြီးအကဲကြီးက တာအို နတ်အတိဒုက္ခရဲ့ ပထမတစ်ချက်နဲ့တင် သက်တမ်းတစ်ခုလုံး တော်တော်လေး မောပန်းပြီး ကုန်ဆုံးသွားတယ်လို့ ကြားထားတယ်။ သူမရဲ့ လက်ရှိအနေအထားအရ နောက်ထပ်နတ်အတိဒုက္ခကို လုံးဝကျော်ဖြတ်နိုင်မှာမဟုတ်ဘူး။ အဲ့ဒီအချိန်ကျရင် မထင်ထားတဲ့ကိစ္စတွေ ဖြစ်လာနိုင်တာမလို့ လင်လုံသန့်စင်နယ်မြေဘက်ကတောင် သူမရဲ့ အသုဘပွဲအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သေးတယ်။ ဒါပေမယ့် အဲ့ဒီမဟာဘိုးဘေးက ထူးဆန်းစွာ ပြန်လည်ရှင်သန်လာခဲ့တယ်။ အဲ့တာတင် မကသေးဘူး တစ်ချက်တည်းနဲ့ အထက်ဘုံတက်လှမ်းခြင်းနယ်ပယ်ကို အဆင့်တက်သွားပြီး သန့်စင်နယ်မြေရဲ့ အဆင့်လေး မဟာယနနယ်ပယ် ကျွမ်းကျင်ကျင့်ကြံသူတစ်ဦးတောင် ဖြစ်လာသေးတယ်။”
လုချန်ဖန်းလည်း အံ့ဩတကြီး မေးခွန်းထုတ်လာ၏။
“ဒီလိုမျိုး တူညီတဲ့ ကိစ္စတစ်ခုလည်း အရင်တုန်းက ဖြစ်ဖူးတယ်။ အစက လင်လုံသန့်စင်နယ်မြေက သန့်စင်နယ်မြေကြီး၇ခုမှာ အောက်ဆုံးဂိုဏ်းပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်တစ်သောင်းက လိမ်ညာမှုတစ်ခုလုပ်လိုက်သလိုမျိုး သန့်စင်နယ်မြေရဲ့ အတိဒုက္ခကျော်ဖြတ်ခြင်းနယ်ပယ် မဟာအကြီးအကဲ သုံးယောက်က ဆက်တိုက်ဆိုသလို မဟာယနနယ်ပယ်ကို အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ပြီး တစ်ခြားသန့်စင်နယ်မြေတွေရဲ့ ရာခိုင်နှုန်းထက်တောင် ပိုမိုမြင့်မားခဲ့သေးတယ်။”
“အခုဆိုရင် လင်လုံသန့်စင်နယ်မြေမှာ မဟာယနနယ်ပယ် အကြီးအကဲ လေးယောက်တောင် ရှိနေပြီ။ နံပါတ်စဉ်အရ ရေတွက်ကြည့်လိုက်မယ်ဆိုရင် ထိုက်ရွှမ်းသန့်စင် နယ်မြေထက် နည်းနည်းလေးမှ မနိမ့်ကျဘူး။ ကြည့်ရတာ သန့်စင်နယ်မြေကြီး ၇ခုမှာ ထိပ်သီး၃နေရာအတွင်း ခိုင်မာစွာ နေရာယူနိုင်တော့မယ်နဲ့တူတယ်။”
ထို့ကြောင့် ချီယွမ် မျက်မှောင်ကျုံ့သွားခဲ့ပြီး စိတ်ထဲမှမှန်းဆလိုက်၏။
ချန်ဟွမ်း…
အကြီးအကဲချီ၏ ပြောကြားချက်အရ ထိုနတ်သားရဲ၏ နာမည်သည် ချန်ဟွမ်းဖြစ်သည်။
ကြည့်ရတာ သက်တမ်းကုန်ဆုံးလုနီးပါးဖြစ်နေသော လင်လုံသန့်စင်နယ်မြေ၏ မဟာအကြီးအကဲသည် ချန်ဟွမ်း၏ ကျေးဇူးကြောင့် မဟာယန နယ်ပယ်သို့ အောင်မြင်စွာ အဆင့်တက်နိုင်သွားခြင်းဖြစ်ရမည်။
ရှေးအချိန်အခါများက ချန်ဟွမ်းကို အလွန်ကောင်းမွန်သော လာဘ်ကောင်လေးများအဖြစ် သတ်မှတ်ကြသည်။ ချန်ဟွမ်း၏ ကိုယ်ပေါ်တွင် တစ်ကြိမ်တက်စီးဖူးပါက လူ့သက်တမ်း နှစ်ထောင် တိုးမြှင့်ပေးနိုင်သည်။
ဒဏ္ဍာရီက မှားသည် မှန်သည် ရှိတတ်သော်ငြား မီးမရှိပဲ မီးခိုးထွက်မလာတတ်ပါချေ။ ထို့ကြောင့် ချန်ဟွမ်း၏ စွမ်းရည်သည် လူ့သက်တမ်းနှင့် သက်ဆိုင်နေမည်ဟု ယူဆရသည်။
ထို့ကြောင့်ပင် ချီယွမ်သည်လည်း အကြီးအကဲရှီ၏ တောင်းဆိုချက်အား သဘောတူလိုက်ခြင်းဖြစ်သည်။ သက်တမ်းတိုးမြှင့်ခံရခြင်းကို မလိုအပ်သည့်သူ မရှိပါချေ။ တစ်ကြိမ်လိုက်ပါစီးနှင်းရုံဖြင့် သက်တမ်းနှစ်ထောင်မြှင့်တင်ခံရခြင်းသည် အလွန်အမင်းကောင်းမွန်သော ကိစ္စတစ်ခုမဟုတ်ပါလား။
နှစ်နှစ်ထောင်မဟုတ်ဘဲ နှစ်နှစ်ရာဆိုရင်တောင်မှ အဆင်ပြေပါသေးသည်။ အကြိမ်ရေ ပိုများများ လိုက်ပါစီးနှင်းလိုက်ရုံပေါ့။
နှစ်ရက်ကြာပြီးနောက်တွင် လင်လုံသန့်စင်နယ်မြေအတွင်း၌
ခန့်ညားသော တိမ်စိုင်များသည် ကောင်းကင်တစ်ခွင် ဖြန့်ကျက်ထားပြီး ကြယ်ပန်းပွင့်များ မိုးရွာချလာ၏။
တောင်ဝင်ပေါက်တွင် ခုနှစ်ရောင်ခြယ် သက်တံ့ တံတားအား မြင်တွေ့ရမည် ဖြစ်ပြီး ထိုအရာသည် ဧည့်သည်တော်များအား ကြိုဆိုဖို့ ထွက်ပေါ်လာကာ သန့်စင်နယ်မြေ၏ အနက်ပိုင်းနေရာသို့ တိုက်ရိုက်ဆက်သွယ်ထားသည်။
ထိုက်ရွှမ်းသန့်စင် နယ်မြေ၏ ကောင်းမွန်သော ရတနာ သင်္ဘောသည် သက်တံ့တံတားထက်တွင် ခန့်ညားစွာ ရပ်သွားခဲ့သည်။ လက်နှစ်ဖက် နောက်ပစ်ထားရင်း တံခါးပေါက်၌ရပ်နေသော ချီယွမ်သည် သန့်စင်နယ်မြေ၏ မြေကွက်များအား ပုံမှန်လိုမျိုး ရှုစားနေ၏။
သူ၏ မျက်စိရှေ့ရှိ ခန့်ညားသော တောင်ကြီးသည် နေလုံးကြားတွင် ဝင်ရောက်ပျောက်ကွယ်နေရင်း တိမ်စိုင်များအား ထိလုနီးပါးဖြစ်နေကာ မရေမတွက်နိုင်သည့် ကျောက်စိမ်းနန်းတော်များနှင့် ခြံဝန်းအသီးသီးကို တောင်ပေါ်တွင် မြင်တွေ့ရသည်။ အလွန်ကို ခန့်ညားသောမြင်ကွင်းပါပေ။
သက်တံ့တံတား၏ တစ်ဖက်တွင် များစွာသော လေသင်္ဘောများ၊ စိတ်ဝိဉာဉ်လှေများ၊ မှော်လက်နက်များနှင့် နတ်ဆိုးသားရဲများ အသီးသီးအား စီးနှင်ကာလိုက်ပါလာသော ဂိုဏ်းများစွာ၏ ကျင့်ကြံသူများသည် သူ့နေရာနှင့်သူ ဆင်းသက်လိုက်ကြသည်။
ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ ခန့်ညားသော ရတနာသင်္ဘောနှင့် နှိုင်းယှဉ်လိုက်ပါက တောင်တစ်တောင်အား နှိုင်းယှဉ်နေရသည့်နှယ် ကြီးမားသောကွာခြားချက်ကြောင့် ထိုသေးငယ်သော ပျံသန်းနိုင်သည့် ယာဉ်အသီးသီးသည် နာခံစွာ လမ်းဖယ်ပေးကြသည်။
“ဝိုး ထိုက်ရွှမ်းသန့်စင်နယ်မြေက တော်တော်လေး ကြွားဝါနိုင်တာပါလား။ ကျင့်ကြံရေးလောကရဲ့ ထိပ်သီးဂိုဏ်းတစ်ခုဖြစ်နေတာ မဆန်းတော့ပါဘူး။”
သေးငယ်သော လေသင်္ဘောထက်ရှိ ငယ်ရွယ်သော တပည့်တစ်ယောက်သည် ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ ရတနာ သင်္ဘောအား ကြည့်နေရင်း အံ့ဩတကြီးရေရွတ်လိုက်သည်။
“ကျွန်တော်တို့ရဲ့ လေမီးခံတပ်တစ်ခုလုံးကို ရောင်းလိုက်ရင်တောင်မှ ဒီလောက်ကောင်းမွန်တဲ့ လေသင်္ဘောကို ဝယ်ယူနိုင်မယ်မထင်ဘူး”
သူ၏ အဖော်တွေလည်းအံ့ဩစွာ ခေါင်းညိမ့်လိုက်ပြီး စပ်စုစွာဖြင့် မေးလာလေရဲ့။
“ထိုက်ရွှမ်းသန့်စင်နယ်မြေဘက်က ဘယ်လိုအင်အားကြီးတဲ့သူကို စေလွှတ်လိုက်တာလဲမသိဘူး။ ဒီလောက်တောင် ကောင်းမွန်တဲ့ အရာကြီး ထည့်ပေးလိုက်တယ်။”
ထိုစကားကြောင့် ဘေးမှာရပ်နေသော အကြီးအကဲသည် ရှည်လျားသောမှုတ်ဆိတ်မွှေးအား ဟန်ပါပါ ပွတ်လိုက်ရင်း တည်ငြိမ်စွာ ပြောလာ၏။
“ငါအရင်တုန်းကလည်း ပြောဖူးပါတယ်။ ကောင်းကင်ဘုံထက်မြင့်မားတဲ့ အထက်ကောင်းကင်ဘုံဆိုတာ ရှိတယ်။ လူတွေမှာလည်း ကိုယ့်ထက်သာတဲ့သူဆိုတာ အမြဲတမ်းရှိစမြဲပဲ။ ကိုယ်ကကျင့်ကြံမှု အနည်းငယ်တတ်တယ်ဆိုပြီး ကြွားဝါမှု မလုပ်ရဘူး။ ဒါ့ကြောင့် တစ်ခါတစ်လေ အပြင်ထွက်ပြီး ကိုယ့်ရဲ့အမြင်ကို ကျယ်အောင် လုပ်သင့်တယ်။ ဂိုဏ်းထဲမှာပဲ တစ်ချိန်လုံးနေနေရင် မြူခိုးထဲမှာ ပိတ်မိနေသလိုပဲ။ အပြင်ထွက်တဲ့အခါ လူရယ်ချင်စရာဖြစ်လိမ့်မယ်။”
နာခံစွာ ခေါင်းညိမ့်လိုက်သော တပည့်နှစ်ယောက်အားကြည့်လိုက်ရင်း ထိုအဖိုးအိုသည် စိတ်ကျေနပ်စွာ ခေါင်းညိမ့်လိုက်ပြီးနောက် ရှင်းပြလာသည်။
“အဲ့ဒီလှေပေါ်မှာ ရပ်နေတဲ့ အမျိုးသား ကျင့်ကြံသူက ဝတ်ရုံပေါ်မှာ အထူးရတနာကိုးပါးကို ဆင်မြန်းထားတယ်။ အဲ့ဒါရဲ့ဆိုလိုရင်းက ထိုက်ရွှမ်းသန့်စင်နယ်မြေမှာ သူက အရမ်းကိုမြင့်မားတဲ့ ရာထူးရှိတယ်ဆိုတာပဲ။ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော် ဖြစ်နိုင်ချေရှိတယ်။”
“တာအိုသားတော် ဟုတ်လား”
ထိုတပည့်နှစ်ယောက်သည် မျှော်လင့်ကြီးစွာဖြင့် ဖြေကြားလာ၏။
“စစ်မှန်တဲ့ ယောက်ျားတစ်ယောက်က ဒီလိုမျိုးနေသင့်တယ်။”
ထိုအချိန်မှာပဲ သားရဲဟိန်းသံတစ်ခုသည် ကောင်းကင်တစ်ခွင်လုံး ပျံ့နှံ့လာပြီး ကြီးမားသော သားရဲကိုးကောင်ဆွဲလာသည့် လှည်းကြီးတစ်ခုက အကုန်လုံးကို ဖြတ်ကျော်သွားခဲ့သည်။
ခရမ်းရောင်နှင့် ရွှေရောင်ဖြင့်သာ အလှဆင်ထားပြီး မရေမတွက်နိုင်အောင် အဖိုးတန်သော ကျောက်မျက်ရတနာများခြယ်လှယ်ထားကာ အလွန်ဈေးကြီးဟန်ရသော ထိုလှည်းသည် အားလုံး၏ အာရုံကိုဖမ်းစားသွားသည်။
လိုက်ကာစအား မတင်လိုက်သည်နှင့် အလည်တည့်တည့်တွင် ကြာပန်းပုံထိုင်ရင်း ခန့်ညားစွာ ရှိနေသော မြင့်မားသောသရဖူ၊ ကျောက်စိမ်းခါးပတ်ကြီးကြီးနှင့် ငယ်ရွယ်သည့် အမျိုးသားတစ်ယောက်အား မြင်လိုက်ရ၏။ ထိုသူ၏ မျက်လုံးများသည် တင်းကြပ်စွာပိတ်ထားကာ နိုးတစ်ဝက် အိပ်ပျော်တစ်ဝက် အနေအထားမှာ ရှိနေပြီး အလွန်အန္တရာယ်များသော အရှိန်အဝါအား ဖော်ထုတ်နေသည်။ အလွန်အမင်း ကြောက်ဖို့ကောင်းသော သားရဲတစ်ကောင်နှင့် ရင်ဆိုင်ရသလိုမျိုး ခံစားရစေ၏။
“ခရမ်းနေမင်း သန့်စင်နယ်မြေရဲ့ တာအိုသားတော် ကျိထျန်ဖန် ပါလား။ သူရောက်လာမယ်လို့ ထင်မထားဘူး။”
ထိုလှည်းအတွင်းတွင် ထိုင်နေသော ယောက်ျားအားမြင်သည်နှင့် အဖိုးအို၏ မျက်နှာသည် အနည်းငယ်ပြောင်းလဲသွားကာ အံ့ဩတကြီး ပြောလိုက်၏။
“အကြီးအကဲ၊ ကျွန်တော်တို့ ခုနကပဲ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်နဲ့ တွေ့ထားတာ မဟုတ်ဘူးလား။”
ထိုတပည့်က အနည်းငယ် ရှုပ်ထွေးစွာ မေးလာလေ၏။
“ဘာလို့ တာအိုသားတော် ကျိထန်ဖန်နဲ့ တွေ့တဲ့အချိန်ကျမှ ဒီလိုမျိုးထူးထူးဆန်းဆန်း တုံ့ပြန်ရတာလဲ။”
“ဟာ မင်းတို့နားမလည်ပါဘူးကွာ”
ထိုအဖိုးအိုက သက်ပြင်းချလိုက်ကာ မျက်နှာထားသည်လည်း ထူးဆန်းသွားလေ၏။
“တာအိုသားတော် နှစ်ယောက်ထဲက တစ်ယောက်ပေါ်ပေါက်လာရင် ပြဿနာမရှိသေးဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာ နှစ်ယောက်လုံးပေါ်လာရင်တော့ သူတို့နှစ်ယောက်ကြားမှာ ကြီးမားတဲ့ တိုက်ပွဲတစ်ခုဖြစ်နိုင်ချေ အရမ်းကိုများတယ်။”
“အဲ့ဒါ ဘာကိုဆိုလိုတာလဲ”
ထိုစကားကြောင့် လေသင်္ဘောပေါ်တွင် လိုက်ပါလာသော ကျင့်ကြံသူများအားလုံး စုဝေးလာကာ စိတ်ဝင်တစား နားစွင့်လိုက်ကြ၏။
“သန့်စင်နယ်မြေကြီး ၇ခုမှာ အသန်မာဆုံးက ထိုက်ရွှမ်းသန့်စင်နယ်မြေပဲ။ ကဗျာစပ်တဲ့သူတစ်ယောက်က တစ်ခါတုန်းကတောင် ပြောသွားသေးတယ်။”
“အသူရာ ချောက်နက်ထဲက ဓားတစ်ချောင်း ထွက်ပေါ်လာချိန်မှာ ထိုက်ရွှမ်းသန့်စင်နယ်မြေက တာအိုကို အစပြုလိမ့်မယ်..”
“အဲ့ဒီအချိန်တုန်းက ထိုက်ရွှမ်းသန့်စင် နယ်မြေက ကျင့်ကြံရေးလောက တစ်ခုလုံးကို လွှမ်းမိုးနိုင်ပြီး ဘယ်သူကမှ ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ဘူး။ ဒါပေမယ့် အဲဲ့ဒီ အောင်မြင်နေတဲ့သူတွေက တစ်ချိန်ထဲမှာ အရမ်းကို တုနှိုင်းမမှီတဲ့ ပါရမီရှင် ကျင့်ကြံသူနှစ်ယောက်ကို မွေးထုတ်လိုက်ချိန်မှာ အားလုံးစတင်ခဲ့တယ်”
“အဲ့ဒီနှစ်ယောက်က တာအိုလမ်းကြောင်းကို စပြီးဝင်ရောက်လာကတည်းက လက်ရည်တူကြတယ်။ ဘယ်သူကမှ မသာဘူး။ နောက်ပိုင်း ဂိုဏ်းခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ကြတဲ့အချိန်မှာ သူတို့နှစ်ယောက်က ခါးသက်စွာနဲ့ ရန်သူတွေဖြစ်လာရတယ်။ များစွာတဲ့ တိုက်ပွဲတွေကြားမှာ အဆုံးသတ်ကတော့ သရေဖြစ်နေဆဲပဲ။”
“နောက်ဆုံးမှာတော့ ကိစ္စတွေက ရှုပ်ထွေးလာတော့ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ ဘိုးဘေးတွေက သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို ဂိုဏ်းခေါင်းဆောင်အဖြစ် မဖြစ်မနေ ရွေးချယ်ရတော့တယ်။”
“အရွေးမခံရတဲ့ကျင့်ကြံသူက ဒေါသထွက်သွားခဲ့ပြီး ထိုက်ရွှမ်းသန့်စင်နယ်မြေကနေ ထွက်သွားဖို့ ရွေးချယ်ခဲ့တယ်။ ဒါပေမယ့် ထိုက်ရွှမ်းသန့်စင်နယ်မြေထဲမှာ ရှိတုန်းထဲက သူ့ရဲ့ဂုဏ်သတင်းက အရမ်းကိုမြင့်မားခဲ့တဲ့အတွက် ရန်သူတွေအများကြီးကိုလည်း အနိုင်ယူနိုင်ခဲ့ပြီး သူထွက်သွားတာနဲ့ သန့်စင်နယ်မြေရဲ့ တပည့်တော်တော်များများကလည်း သူ့နောက်လိုက်ဖို့ ဆန္ဒရှိခဲ့ကြတယ်။”
ထိုအချိန်မှာ အဖိုးအိုသည် ညင်သာစွာ ခေါင်းရမ်းလိုက်ရင်း မျက်နှာထက်တွင် နောင်တတစ်ချို့ဝင်ရောက်လာ၏။
“တပည့်တွေကြားက တိုက်ပွဲဖြစ်မှာ မလိုချင်တဲ့အတွက် ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ ဘိုးဘေးတွေက အဲ့ဒီလူရဲ့ ကိုယ်ပိုင်ဂိုဏ်းတည်ထောင်ချင်တဲ့ ဆန္ဒကို ရွေးချယ်စရာမရှိဘဲ သဘောတူလိုက်ရတယ်။ ဒါပေမယ့် အဲ့ဒီလူဆီကနေ ဘိုးဘေးတွေက အခွင့်အရေးတစ်ခုကိုတော့ တောင်းဆိုခဲ့တယ်။ ထိုက်ရွှမ်းသန့်စင်နယ်မြေကိုလည်း ကောင်းမွန်တဲ့ ဂိုဏ်းတစ်ခုအဖြစ် ဆက်လက်အသိအမှတ်ပြုရပြီး သူကိုယ်တိုင်က နတ်ဆိုးလမ်းစဉ်ကို မလျှောက်လှမ်းပါဘူးဆိုတဲ့ ကတိကိုပဲ”
“နောက်ပိုင်းတော့ အဲ့ဒီလူက ခရမ်းနေမင်းသန့်စင်နယ်မြေကို ထူထောင်ခဲ့တယ်။ အဲ့ဒီအချိန်ကနေ စပြီးတော့ ခရမ်းနေမင်းသန့်စင်နယ်မြေက ထိုက်ရွှမ်းသန့်စင်နယ်မြေကို မူရင်းဂိုဏ်းအဖြစ် အသိအမှတ်ပြုတယ်ဆိုပေမယ့် သူတို့ နှစ်ယောက်ကြားက ဆက်ဆံရေးက တော်တော်လေး အထိမခံဘူး။ အဲ့ဒီသန့်စင်နယ်မြေနှစ်ခုက တပည့်တွေ အချင်းချင်းတွေ့ကြမယ်ဆိုရင် အချင်းချင်းမသတ်ဖြတ်ဘူး ဆိုရင်တောင်မှ အနည်းဆုံးတော့ တိုက်ပွဲတစ်ခုဖြစ်တတ်ကြတယ်။”
“ဪ အဲ့လိုလား”
ထိုစကားကြောင့် အကုန်လုံးနားလည် သွားခဲ့သည်။ ဤအဖြစ်အပျက်သည် သန့်စင်နယ်မြေကြီး ၇ခု၏ အမုန်းတရားများမှ အစပြုခဲ့ခြင်းပင်။
ထိုအချိန်တွင် လူအုပ်အတွင်းရှိ ငယ်ရွယ်သော ကျင့်ကြံသူတစ်ဦးက စိတ်လှုပ်ရှားစွာ မေးခွန်းထုတ်လာ၏။
“အကြီးအကဲ၊ ဒီလိုဆိုမှတော့ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်နဲ့ ခရမ်းနေမင်း သန့်စင်နယ်မြေရဲ့ တာအိုသားတော် တိုက်ခိုက်ရင် ဘယ်သူနိုင်မယ်လို့ထင်လဲ။”
“သေချာပေါက် ခရမ်းနေမင်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်ပေါ့။”
ထိုအဖိုးအိုက တုံ့ဆိုင်းမှုမရှိ ဖြေကြားလာလေရဲ့။
“ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်က တာအိုသားတော်ဆိုတဲ့ ရာထူးကို လက်ခံရရှိထားတာမကြာသေးဘူး။ သူ့ရဲ့ကျင့်ကြံမှုကလည်း ဝိဉာဉ်အခြေတည် နယ်ပယ်ပဲ ရှိသေးတယ်။”
“ခရမ်းနေမင်းသန့်စင်နယ်မြေရဲ့ တာအိုသားတော် ကျိထျန်ဖန်က သန့်စင်နယ်မြေကြီး ၇ခုရဲ့ တာအိုသားတော်တွေထဲမှာ လက်ရှိအသန်မာဆုံးလူတစ်ယောက်ပဲ။ သူနတ်အသွင်ပြောင်းခြင်းနယ်ပယ်ကို အဆင့်တက်တုန်းကဆိုရင် ရာချီတဲ့ မိုးကြိုးတွေကို ဆင့်ခေါ်နိုင်ခဲ့ပြီး နှစ်တစ်ရာ နတ်အသွင်ပြောင်းခြင်းလို့ ခေါ်ဝေါ်စေတယ်။ ဒါကြောင့် သူ့ရဲ့သန်မာမှုက နယ်ပယ်တူ ကျင့်ကြံသူတွေထက် အရမ်းကို များပြားနေတာပေါ့။”
“သူ့ရဲ့ကျင့်ကြံမှုကို ဝိဉာဉ်အခြေတည် နယ်ပယ်အထိ လျော့ချထားတယ်ဆိုရင်တောင်မှ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်က တောင့်ခံနိုင်မှာ မဟုတ်ဘူး။”
ထိုရှင်းပြချက်ကြောင့် လေသင်္ဘောပေါ်ရှိ တပည့်များသည် သဘောတူစွာ ခေါင်းညိမ့်လိုက်ကြပြီး မျက်လုံးအတွင်းတွင် သနားရိပ်များ သန်းလာလေရဲ့။
“တစ်ကယ်ကို နှစ်တစ်ရာအသွင်ပြောင်းခြင်းကို ကြုံထားတဲ့ နတ်အသွင်ပြောင်းခြင်း နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲ။ ဒီတစ်ခေါက် ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်တော့ အရှက်ကွဲတော့မယ်နဲ့တူပါတယ်။”
…..