ဘယ်က သတို့သမီးလောင်းလဲ..)
Vol. 11 Ch. 108
အချိန်တစ်ချို့ကြာပြီးနောက်တွင် လင်လုံ သန့်စင်နယ်မြေအတွင်း၌
“ကျင့်ကြံသူမိတ်ဆွေတို့ အဝေးကြီးကနေ လာခဲ့ရတဲ့အတွက် မောပန်းနေကြမှာပဲ”
ထိုက်ရွှမ်း ရတနာသင်္ဘောကြီး သက်တံ့တံတား၏ အဆုံးနားသို့ရောက်သည်နှင့် သက်လတ်ပိုင်းအရွယ် နန်းတော်ဝတ်စုံအား ဝတ်ဆင်ထားသော အမျိုးသမီးကျင့်ကြံသူ တစ်ဦးသည် ချက်ချင်းပင် ချဉ်းကပ်လာကာ သင်္ဘောပေါ်ရှိ ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ ဂိုဏ်းသားများကို အရိုအသေပေးလိုက်သည်။ ထို့နောက်တွင် သူမက လက်ဟန်ပြုလာရင်း
“ကျွန်မတို့ဖက်က ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ပြီးတဲ့အတွက် ကျေးဇူးပြုပြီး အနောက်ကနေ လိုက်ခဲ့ပေးကြပါ ဧည့်သည်တော်တို့”
“ဒါဆိုရင် ဒုက္ခပေးရပါပြီ”
ချီယွမ်သည် ထိုသက်လတ်ပိုင်းအရွယ် အမျိုးသမီးကျင့်ကြံသူအား အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တပည့်များကိဦးဆောင်ရင်း ပြင်ဆင်ထားသော ခြံဝန်းအတွင်းသို့ သွားလိုက်သည်။
“ဒီနေရာက ချီရှားခြံဝင်းလို့ ခေါ်ပါတယ်။ သခင်ကြီးတို့အတွက် လင်လုံ သန့်စင်နယ်မြေက အနားယူနိုင်ဖို့ အထူး ပြင်ဆင်ပေးထားတဲ့ နေရာပါ။ ဒီနေရာမှာ စိတ်ချလက်ချ အနားယူရင်း ကျေးဇူးပြုပြီး စောင့်ဆိုင်းပေးပါဦး”
ပြောနေရင်းဖြင့် ထိုသက်လတ်ပိုင်းအရွယ် အမျိုးသမီး ကျင့်ကြံသူသည် ချီယွမ်နှင့်ကျန်သူများအား ကြီးမားကျယ်ဝန်းသော ခြံတစ်ခုအတွင်းသို့ ခေါ်သွားခဲ့သည်။
ထိုခြံဝန်းသည် အလွန်အမင်း လှပကာ ကောင်းမွန်သည့် အခန်းများဖြင့်ဖန်တီးထားပြီး အလယ်တွင် ကျယ်ပြန့်သော ကြာကန်တစ်ခုတောင် ရှိနေသေးသည်။ ရေများစိုစွတ်နေသော လှပသည့် ကြာပွင့်များအား ကြည့်လိုက်လျှင် အလွန်ကောင်းမွန်သော မြင်ကွင်းမျိုးကိုခံစားရစေပြီး သေချာထိန်းသိမ်းထားမှန်း သိသာပါ၏။
ခြံဝင်းအတွင်းသို့ ဝင်ပြီးသည်နှင့်အမျိုးသမီး ကျင့်ကြံသူသည် ချီယွမ်အား ခေါင်းညိတ်ပြရင်း နွေးထွေးစွာပြောလိုက်သည်။
“တာအိုသားတော် လိုအပ်တာရှိခဲ့ရင် ကျေးဇူးပြုပြီး ခြံဝင်းအပြင်ဖက်က အစေခံတွေကို ညွှန်ကြားလို့ရပါတယ်။ ကျွန်မတို့ရဲ့ လင်လုံ သန့်စင်နယ်မြေ တစ်ခုလုံးကမိန်းကလေးတွေပဲ ရှိတာဆိုတော့ အမျိုးသားနဲ့ အမျိုးသမီးကြားမှာ မသင့်တော်တာတစ်ချို့ ရှိနေပါတယ်။ ဒါကြောင့် မလိုအပ်ပဲနဲ့ သန့်စင်နယ်မြေအတွင်း လျှောက်မသွားဖို့ မေတ္တာရပ်ခံလိုပါတယ်။ တစ်ကယ်လို့ တာအိုသားတော်ဘက်က လှည့်ပတ် ကြည့်ရှုချင်တယ်ဆိုရင် သန့်စင်နယ်မြေထဲက တပည့်တစ်ယောက်ကို အဖော်အဖြစ် လိုက်ပါ ခေါ်ဆောင်ခွင့်ပြုမယ်ဆိုရင် အထင်လွဲမှုကနေ ရှောင်ရှားနိုင်မှာပါ”
သူမ၏စကားလုံးများသည် ယဉ်ကျေးသော်ငြား နောက်ကွယ်က အဓိပ္ပါယ်က ရှင်းလင်းပါ၏။
( မလိုအပ်ပဲ လျှောက်မသွားနဲ့။ မဟုတ်ရင် အကျိုးဆက်ကို ရင်ဆိုင်ရမယ် )
“သတိပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော် မှတ်သားထားလိုက်မယ်”
ချီယွမ် ပြုံးပြရင်း လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်ပြီး ဂရုစိုက်ဟန်ပြလိုက်သည်။
“ဒါဆိုရင် ကျွန်မသွားပါတော့မယ်”
တာဝန်ရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသမီး ကျင့်ကြံသူသည် ကျေနပ်စွာ ပြုံးလိုက်ပြီး ချီရှားခြံဝန်းအတွင်းရှိ အစေခံများအား ကောင်းမွန်စွာ ဧည့်ခံဖို့ညွှန်ကြားပြီးသည်နှင့် ကျက်သရေရှိစွာဖြင့် ထွက်ခွာသွား၏။
ထို့နောက်တွင် ချီယွမ်သည် ပြင်ပခန်းမအတွက် တာဝန်ရှိသော အကြီးအကဲစုန့်ချန်းအား အဖော်တပည့်များအတွက် နေထိုင်ရာစီစဉ်ပေးရန် ညွှန်ကြားလိုက်ပြီး သူကိုယ်တိုင်ကတော့ ခြံဝင်းအလယ်တည့်တည့်၏ ပင်မအဆောက်အဦးကို ယူလိုက်သည်။
“အားလုံး သွားလို့ရပြီ။ ဒီနေရာမှာ ဘာဝန်ဆောင်မှုမှ မလိုအပ်ဘူး”
အခန်းအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် ချီယွမ်သည် ရှိနေသောအစေခံများအား မောင်းထုတ်လိုက်သည်။ အဆောက်အဦးအတွင်းတွင် စောင့်ကြည့်နေသော သူတစ်ဦးမှ မရှိမှန်း သေချာစွာ အတည်ပြုပြီးသည်နှင့် စိတ်သက်သာစွာ သက်ပြင်းတစ်ချက် ချလိုက်ပြီး အကာအကွယ် အစီအရင်တစ်ခုအား အရင်ဦးဆုံး ချမှတ်လိုက်သည်။
ထို့နောက်မှသာ သိုလှောင်ဧရိယာအတွင်းမှ ဆက်သွယ်ရေး မန္တာန်စာရွက်တစ်ခုအား ထုတ်ယူရင်း အသက်သွင်းလိုက်၏။
အသက်ခဏရှူစာမျှ အချိန်ကုန်ပြီးနောက်တွင် ကျိချန်အာ၏ အနည်းငယ် စိတ်ဆိုးနေသောအသံအား တစ်ဖက်မှ ကြားလိုက်ရသည်။
“နင်ဘာလုပ်နေတာလဲ။ ဘာလို့ အခုမှ စာပြန်ရတာလဲ”
ချီယွမ် မျက်ခုံးတစ်ဖက် ပင့်သွားပြီး နက်ရှိုင်းသောအသံဖြင့် ပြောလိုက်၏။
“အခုကျုပ်မှာ မင်းနဲ့စကားပြောဖို့ အချိန်ရှိမနေဘူး။ ပြောမယ့်ကိစ္စကိုပြောလိုက် ကျုပ် အလုပ်များနေတယ်”
သူသည် အစောပိုင်း၌ ထိုက်ရွှမ်း ရတနာသင်္ဘောပေါ်တွင် ရှိနေဆဲဖြစ်ပြီး များစွာသော စောင့်ကြည့်သူများကြောင့် ကျိချန်အာကို ဖြေကြားလိုက်လျှင် ဤနတ်ဆိုးမနှင့် ပူးပေါင်းနေသော ကြံရာပါအဖြစ် ချက်ချင်းပင် စွပ်စွဲခံရမည် ဖြစ်သည်။ ပြဿနာကို လက်ယပ် မခေါ်လိုပါချေ။
တစ်ဖက်မှ ကျိချန်အာက အေးစက်စွာမဲ့ရွဲ့လိုက်ရင်း
“ငါကတော့ နင့်အတွက်နဲ့ ကြိုးစားပမ်းစား စွန့်စားပေးခဲ့ရတာ။ ဒီနှလုံးသားမရှိတဲ့ အကောင်က ကျေးဇူးတောင် မတင်ဘူးပဲ။ငါ့ရဲ့ ကြိုးစားမှုတွေအားလုံး အရာမထင်ဘူးနဲ့ တူပါတယ်”
“ဘာလဲ။ ချီမိသားစု အသတ်ခံရတဲ့ကိစ္စကို ဖြေရှင်းလို့ ပြီးသွားပြီလား”
ချီယွမ်တစ်ယောက် ချက်ချင်းပင် ခေါင်းမတ်သွားရင်း လျင်မြန်စွာမေးလိုက်၏။
“လူသတ်သမားက ဘယ်သူလဲ”
မန္တာန်စာရွက်တစ်ဖက်ရှိ ကျိချန်အာသည် နူးညံစွာသက်ပြင်းချလိုက်ရင်း ရှုတ်ထွေးသောလေသံဖြင့် ပြောလာခဲ့သည်။
“လူသတ်သမားရဲ့ နည်းလမ်းက ရှင်းလင်းပြီး အကျိုးရှိတယ်ဆိုပေမယ့် သဲလွန်စတစ်ချို့တော့ ချန်သွားခဲ့တယ်။ သူတို့ကဒီပြစ်မှုကို နတ်ဆိုးကျင့်ကြံသူတွေအပေါ် ပုန်ချဖို့ကြံနေတာပဲ။ သူတို့ရဲ့ ရက်စက်တဲ့နည်းလမ်းက ကျန်တဲ့သူတွေကို အရူးလုပ်လို့ရပေမယ့် ငါ့ကိုတော့ အရူးလုပ်လို့မရဘူး။ သေချာပေါက်ပြောလို့ရတယ် ချီအိမ်တော်ကိုသတ်သွားတဲ့ သူတွေက နတ်ဆိုးကျင့်ကြံသူတွေ လုံးဝ မဟုတ်ဘူး။ သူတို့တွေက တာအိုကျင့်ကြံသူတွေ ဖြစ်ဖို့များတယ်”
“ဘာ”
ချီယွမ် အနည်းငယ် အံ့ဩသွားခဲ့သည်။ သူသည်အစက ချီအိမ်တော်သည် နတ်ဆိုးကျင့်ကြံသူများအား ရန်စမိခဲ့ပြီး တအိမ်တော်လုံး အသတ်ခံရသည်ဟု ထင်မှတ်ခဲ့သည်။ အခုတော့ ဇာတ်လမ်းတစ်ခုလုံးက လွဲမှားနေဟန်ပင်။
ကျိချန်အာ၏ ဝေဖန်မှုကို လုံးဝယုံကြည်သည် မဟုတ်သော်ငြား အနည်းငယ်တော့ လက်ခံပေးလို့ရသေး၏။
အနည်းဆုံးတော့ သူမသည်မျက်လုံးကောင်းသည့် ကျွမ်းကျင် နတ်ဆိုးကျင့်ကြံသူ တစ်ဦးပါပေ။
အရင်တစ်ခေါက်က သူတို့နှစ်ဦး ပုံရိပ်ယောင်တွင် ပိတ်မိနေစဉ်တွင် ကျိချန်အာသည် အရင်ဦးဆုံး ပြစ်ချက် များအား ရှာတွေ့ခဲ့ပြီး ပုံရိပ်ယောင်အတွင်းမှ လွှတ်မြောက်ကာ အသိစိတ် ပြန်ရလာသည့်အတွက် သာမန်သူတစ်ဦး မဖြစ်နိုင်ပါချေ။
( ချီအိမ်တော်တစ်ခုလုံး အသတ်ခံရလောက်အောင် သူတို့တွေ ဘယ်လိုပြဿနာ ရှာခဲ့တာများလဲ )
ချီယွမ် မျက်မှောင်ကြုတ်သွားပြီး အတွေးလွန်နေစဉ်မှာပဲ ကျိချန်အာက ဆက်ပြောလာခဲ့သည်။
“ချင်လင်ရှူးဆိုတဲ့ မိန်းကလေးကို နင်သိလား”
ကျိချန်အာ၏အသံသည် အလွန်အမင်း တည်ငြိမ်နေသော်ငြား ထိန်းချုပ်၍မရနိုင်သော ချဉ်တူးမှု တစ်ချို့အား ချီယွမ်တစ်ယောက် အကြောင်းအရင်းမရှိ ဝေဝါးစွာ ခံစားလိုက်ရ၏။
( ဘာဖြစ်နေတာလဲ )
ချီယွမ် ခဏမျှမှင်သက်သွားခဲ့ပြီး ချက်ချင်းပင် ခေါင်းယမ်းလိုက်ကာ ဖြေကြားလိုက်သည်။
“အဲ့ဒီနာမည်ကို တစ်ခါမှမကြားဖူးဘူး။.ဘာလို့လဲ။ ဒီကိစ္စနဲ့သူမနဲ့ ဆက်စပ်နေတာလား”
“ဟန်ဆောင်နေတာ တော်လိုက်တော့”
မထင်ထားစွာပင် ကျိချန်အာ၏ လေသံက ရုတ်တရက်အေးစက်သွားကာ ကျောချမ်းဖွယ်ကောင်းလာ၏။
“နင်တစ်ကယ်ပဲ ချီယွမ်ဆိုရင် ချီအိမ်တော်က မောင်းထုတ်ခံလိုက်ရတဲ့ တရားမဝင်သားက ငယ်ဘဝတုန်းက စေ့စပ်ထားတဲ့ ငယ်ချစ်ဦးကိုမေ့သွားစရာလား။ ချင်လင်ရှူးက နိမ့်ကျတဲ့မိသားစု တစ်ခုကပဲ။ သူမနဲ့နင်က ငယ်ကတည်းက သိခဲ့ကြတယ်။ ချီမိသားစုနဲ့ ချင်မိသားစုက လက်ထပ်ပေးဖို့ သဘောတူခဲ့ကြပြီး နင်တို့နှစ်ယောက် အရွယ်ရောက်တာနဲ့ လက်ထပ်ဖို့စီစဉ်ခဲ့ကြတယ်။ နောက်ပိုင်းကျတော့ ချင်လင်ရှူးက မိန်းမလှတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တယ်။ သူမရဲ့ကျက်သရေရှိပြီး လှပတဲ့ပုံရိပ်ကြောင့် လေးစားသူအများအပြားရှိပြီး ကောင်းမွန်တဲ့ ဝိညာဉ်သွေးကြော စွမ်းဆောင်ရည်ကြောင့် အသက်တစ်ဆယ့်လေးနှစ်မှာပဲ လီယွမ် သန့်စင်နယ်မြေရဲ့ မဟာယန နယ်ပယ် အမျိုးသမီးကျင့်ကြံသူဆီမှာ မျက်စိကျသွားပြီး တပည့်အဖြစ် ခေါ်ယူခြင်းခံလိုက်ရတယ်။ အခုဆိုရင်သူမက အရည်အချင်းရှိတဲ့ မျိုးဆက်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတယ်။ ဒါပေမယ့် နင်ကတော့ နိမ့်ကျတဲ့စွမ်းဆောင်ရည်ကြောင့် မိသားစုအထဲမှာလည်း အရှက်ကွဲခဲ့ရတယ်။ အိမ်တော်က မောင်းထုတ်ခံရပြီးနောက်မှာ လမ်းပေါ်မှာ လေလွင့်ခဲ့ရတယ်”
“ဒါဆို မင်းဆိုလိုချင်တာက....”
ချီယွမ် အနည်းငယ် အံ့အားသင့်သွား၏။ ဤငတုံးစနစ်၏ မူရင်းပိုင်ရှင်သည် ငယ်ကျွမ်းဆွေရှိခဲ့မှန်း လုံးဝကို မထင်ထားပါချေ။
“ချင်လင်ရှူးနဲ့ နင်နဲ့ကြားက စေ့စပ်မှုက အခုထိ မဖျက်သိမ်းရသေးဘူး။ ဒါကြောင့် ပြောရမယ်ဆိုရင် နင်ကသူ့ရဲ့ သူတို့သားလောင်းပဲ”
ချီယွမ်ဘက်က လိမ်ညာနေသည်ဟုပဲ ယူဆထားသည့်အတွက် ကျိချန်အာ၏လေသံသည် ပိုမို အေးစက်လာတော့သည်။
“သာမန်သူတစ်ယောက်က အပြစ်မရှိဘူး။ ဒါပေမယ့် ရတနာတစ်ခုကို ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ အဲ့ဒီသာမာန်သူက အပြစ်သားပဲ ဆိုရိုးစကားအတိုင်းပဲ ချင်လင်ရှူးက အခုဆိုရင် လီယွမ် သန့်စင်နယ်မြေမှာ တော်တော်လေးကို ဂုဏ်သတင်းကောင်းတယ်။ သူမကို ကျောက်စိမ်းသူတော်စင်မလို့ သိကြတယ်။ ပိုပြီး အရေးကြီးတဲ့အချက်က ချင်လင်ရှူးဘက်ကလည်း စေ့စပ်ပွဲကို တစ်ခါမှဖျက်သိမ်းဖို့ ဆန္ဒမရှိခဲ့ဘူး။ အဲ့ဒီအစား သူမက သူ့မှာစေ့စပ်ထားတဲ့ သတို့သားလောင်း ရှိပါတယ်ဆိုပြီး ပေါ်ပေါ်ထင်ထင် ပြောဆိုရင်း ချောမောတဲ့ကျင့်ကြံသူတွေ အများကြီးကိုတောင် ငြင်းဆိုခဲ့တယ်တဲ့။ အရမ်းကိုလှပတဲ့ အလှတရားရှိတဲ့ ကျောက်စိမ်းသူတော်စင်မက သေးငယ်တဲ့ချီအိမ်တော်မှာ အသုံးမကျတဲ့ သတိုးသားလောင်း ရှိနေတယ်ဆိုတဲ့ သတင်းကို အကျင့်မကောင်းတဲ့ကျင့်ကြံသူတစ်ဦးက ရှာတွေ့သွားတယ်။ အဲ့ဒါဆိုရင် ဘာဆက်ဖြစ်မယ်လို့ နင်ထင်သလဲ”
............
ချီယွမ်၏ မျက်နှာထားသည် ပိုမို ထူးဆန်းလာတော့သည်။
ကျိချန်အာ၏ စုံစမ်းအရ တော်တော်လေး ရှင်းလင်းနေပြီပင်။ ချီအိမ်တော်အား သတ်ဖြတ်သွားသော လူသတ်သမားများသည် အသုံးမကျသော မူရင်းပိုင်ရှင်အား ပစ်မှတ်ထားနေဟန်ပင်။ ချင်လင်ရှူး၏ သတိုးသားလောင်းအား ဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် အလှလေး၏ နှလုံးသားလေးကို ဖမ်းဆုပ်နိုင်ရန် ထိုသူတွေသည် ချီအိမ်တော်တစ်ခုလုံးအား သတ်ဖြတ်ခဲ့ခြင်းဖြစ်ရမည်။
သေချာပေါက် ဤအရာသည် အဓိကအချက် မဟုတ်ပါချေ။ ဤသဲလွန်စအား ခြေရာခံလိုက်လျှင် နောက်ကွယ်ကတရားခံကို ရှာတွေ့ဖို့လွယ်ကူလိမ့်မည်။
သို့သော် အဓိကအချက်က ဤငတုံးမူရင်းပိုင်ရှင်ထံမှာ သတို့သမီးလောင်း ရှိနေတာပဲ။
(အခုဆိုရင် ငါက မူရင်းပိုင်ရှင်ရဲ့ ကလဲ့စားချေတဲ့ ဇာတ်လမ်းထဲတောင် ဝင်ပါခဲ့ရပြီ။ ဒါဆို နောက်ကျရင် ချင်လင်ရှူးနဲ့ ပတ်သက်တဲ့တာဝန်တွေကိုလည်း လုပ်ရဦးမယ့်ပုံပဲ )
ထိုအချိန်မှာပဲ ချီယွမ်တစ်ယောက် နှလုံးသားထဲသို့ ဝင်ရောက်လာသော ကျောချမ်းမှုတစ်ခုကို ခံစားလိုက်ရသည်။
( မဖြစ်နိုင်တာ။ ငါရွေးချယ်စရာမရှိတော့ပဲ မကောင်းတဲ့လမ်းစဉ်ကို လျှောက်လှမ်းရတော့မှာများလား )
……..