ပါရမီရှင်များအတွင် ညစာစားပွဲ
Vol. 11 Ch. 109
ဆက်သွယ်ရေးမန္တာန် စာရွက်အား ဘေးဖယ်ပြီးသည်နှင့် ချီယွမ်သည် ကန့်သတ်ချက်အား ဖယ်ရှားလိုက်ကာ အပြင်သို့ထွက်လိုက်ပြီး ဖြတ်သွားဖြတ်လာအစေခံတစ်ယောက်အား ပုံမှန်လိုမျိုး ဆွဲခေါ်ရင်း အပြုံးတစ်ခုဖြင့် မေးလိုက်သည်။
"ညီမလေး၊ ချီယောင်ဆိုတဲ့ တပည့်ကိုသိသလား။"
"သူမက ဂိုဏ်းကိုလွန်ခဲ့တဲ့ သုံးလလောက်က ဝင်လာခဲ့တာဖြစ်မယ်။"
ရန်စခြင်းမရှိဘဲ ယောင်္ကျားတစ်ယောက်ထံမှ ချဉ်းကပ်ခံလိုက်ရခြင်းကြောင့် ထိုအစေခံမလေးသည် အနည်းငယ် စိတ်လှုပ်ရှားသွားကာ ရှက်ရွံ့သော မျက်နှာဖြင့် ဖြေကြားလာ၏။
"ဂိုဏ်းတူအမချီကို မေးနေတာလား။ သူမက ကျွန်မတို့နဲ့အတူ ဂိုဏ်းကိုဝင်လာခဲ့ပေမယ့် အရမ်းကိုမြင့်မားတဲ့ အရည်အချင်းရှိနေတယ်။ ဒါ့ကြောင့်ဂိုဏ်းထဲကိုရောက်တာနဲ့ ဂိုဏ်းခေါင်းဆောင်ရဲ့ ရွေးချယ်မှုကို ခံလိုက်ရပြီး အခုဂိုဏ်းခေါင်းဆောင်ရဲ့ တိုက်ရိုက်တပည့် ဖြစ်လာခဲ့တယ်။"
ချီရှားခြံဝန်းအတွင်းရှိ အစေခံများသည် လင်လုံသန့်စင်နယ်မြေအတွင်းသို့ ဝင်ရောက်လာတာ သိပ်မကြာသေးသော တပည့်အသစ်များဖြစ်သည်။ ဂိုဏ်း၏ပွဲတော်ကြီး ကျင်းပရာအချိန် အတွင်းတွင် ဧည့်သည်တော်များအား ခစားရန် တာဝန်ပေးအပ်ခြင်းခံထားရ၏။
ပွဲတော်တက်ရောက်ဖို့ ဖိတ်ခေါ်ခြင်းခံထားရသော ဂိုဏ်းများ၏ ဧည့်သည်တော်အသီးသီးသည် ဂုဏ်သရေရှိ ဂိုဏ်းများမှဖြစ်ကြပြီး ကောင်းမွန်သော အပြုအမူများရှိကြသည်။ ထို့ကြောင့် လင်လုံသန့်စင်နယ်မြေ၏ နယ်မြေအတွင်းတွင် ရှိနေကာ ကောင်းမွန်သော ဧည့်သည်တော်များအား ခစားရသည့်အတွက် ထိုအမျိုးသမီးတပည့်များအားလုံးသည်လည်း အပြုအမူကို အလွန်အမင်းထိန်းသိမ်းကြသည်။ ထိုသို့မဟုတ်လျှင် သစ္စာဖောက်မှုဖြင့် အသတ်ခံရမည်ပင်။
"အော် သိပြီ။"
ချီယွမ်သည် မပြောင်းလဲသောမျက်နှာထားဖြင့် ဆင်လက်ပြောဆိုလိုက်၏။
"ကျွန်တော်က မင်းတို့ရဲ့ ဂိုဏ်းတူအမချီနဲ့ မိတ်ဆွေဟောင်းပါ။ သူမဘယ်နေရာမှာရှိနေလဲ ဆိုတာ ပြောပြပေးနိုင်မလား။ မိတ်ဆွေဟောင်းတစ်ယောက်အနေနဲ့ သူမနဲ့ သွားတွေ့ချင်တယ်။"
လင်လုံသန့်စင်နယ်မြေသည် ကျင့်ကြံသူတစ်ဦး စိတ်ကြိုက်ဝင်ထွက်သွားလာခွင့်ရှိသော နေရာတစ်ခုမဟုတ်ချေ။ အကယ်၍ ထိုကောင်းမွန်သော ချန်ဟွမ်းသားရဲသာ ဤလင်လုံသန့်စင်နယ်မြေအတွင်း အမှန်တစ်ကယ် ရှိနေပါက ပွဲတော်မရောက်ခင် ဤနှစ်ရက်ကို အခွင့်အရေးယူပြီး လှုပ်ရှားရမည်ဖြစ်သည်။
ဤနေရာသို့ ရောက်လာပြီးဖြစ်သည့်အတွက် ချီယွမ်သည် မကြိုးစားဘဲ လက်လျော့ဖို့ စိတ်ကူးမရှိပါချေ။ ထို့ကြောင့် ချီယောင်ထံသို့ သွားရောက်လည်ပတ်မည်ဟူသော ဆင်ခြေအားအသုံးပြုရင်း လင်လုံသန့်စင်နယ်မြေကို စုံစမ်းဖို့ ကြံစည်ထားသည်။ စုံစမ်းမှု အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ချီယောင်ထံသို့သာ သွားရောက်လည်ပတ်သည်ဖြစ်၍ လင်လုံသန့်စင်နယ်မြေဘက်မှ သံသယဝင်လာလိမ့်မည် မဟုတ်ချေ။
ဤအခွင့်အရေးသည် ထိုက်တန်သော အခွင့်အရေးတစ်ခု ဖြစ်လေရာ ပါဝင်လှုပ်ရှားခြင်းမပြုပါက ကြီးမားသော ဆုံးရှုံးမှု ဖြစ်လာမည်ပင်။
ထိုအစေခံမလေးသည် ခဏမျှတွန့်ဆုတ်သွားခဲ့ပြီး အနေခက်သော မျက်နှာထားဖြင့် ခေါင်းရမ်းပြလာသည်။
"ဂိုဏ်းတူအမချီက အခု ကျောက်စိမ်းနှင်းပွင့်နန်းတော်မှာ ကျင့်ကြံနေပါတယ်။ ကျောက်စိမ်းနှင်းပွင့်နန်းတော်ရဲ့ ဂိုဏ်းတူအမတစ်ယောက် မလာဘူးဆိုရင် တာအိုသားတော် ဝင်ရောက်လို့ရမှာမဟုတ်ဘူး။ ဂိုဏ်းတူအမချီယောင်ကို တွေ့ချင်တယ်ဆိုရင် အရင်ဦးဆုံး သူတော်စင်မကြီးကို အကြောင်းကြားရမယ်ထင်တယ်။ သူမသဘောတူမှ တွေ့လို့ရမှာပါ။"
"အို ကျွန်တော် နားလည်ပြီ။ ရှင်းပြပေးလို့ ကျေးဇူးနော် ညီမလေး။"
ချီယွမ် ခေါင်းညိမ့်ပြ လိုက်သည်။ လင်လုံသန့်စင်နယ်မြေ၏ သူတော်စင်မကြီးသည် သူ့ထံတွင် အကြွေးတစ်ခု တင်နေခဲ့ပြီး အခုတော့ထိုအကြွေးကို ပြန်တောင်းဖို့ အချိန်ကြပြီပင်။
ထိုအချိန်မှာပဲ အဝေးမှ ပျံသန်းလာသော ခံ့ညားသည့် အမျိုးသမီး ကျင့်ကြံသူတစ်ဦးကို တွေ့လိုက်ရသည်။ ခြံဝန်းအတွင်းရှိ ချီယွမ်ကိုတွေ့သည်နှင့် သူမသည် ရိုသေစွာ ခေါင်းညိမ့်ပြလာရင်း ပြောလာ၏။
"တာအိုသားတော်၊ သူတော်စင်မကြီးက ကျောက်စိမ်းနှင်းပွင့်နန်းတော်မှာ ဧည့်သည်တွေကို ကြိုဆိုဖို့ ပွဲတော်တစ်ခု စီစဉ်ထားပါတယ်။ တာအိုသားတော်ကို လာရောက်ဖို့ အထူးဖိတ်ခေါ်ခိုင်းလိုက်တာပါ။"
"အို ဟုတ်လား။"
ချီယွမ်အနည်းငယ် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ခဏမျှစဉ်းစားပြီးနောက်တွင် ပြောလိုက်သည်။
"ဒီလိုဆိုမှတော့ မိန်းကလေးလမ်းပြပေးပါ။"
ခဏအကြာတွင် ကျောက်စိမ်းနှင်းပွင့်နန်းတော်၌…
ခန့်ညားသောနန်းတော်အား အရောင်စုံသော မီးအိမ်များဖြင့် အလှဆင်ထားပြီး ထောင့်တိုင်းထောင့်တိုင်းတွင် လှပစွာ ပွင့်အာနေသောပန်းပွင့်များအား မြင်တွေ့ရမည်။ ကြမ်းပြင်ကို ကျောက်မျက်ရတနာများ စီခြယ်ထားကာ ကောင်းကင်ထက်မှ ရွှေပိန်းချထားသော ထောက်တိုင်များ တွဲလျောင်းကျနေပြီး ထိပ်သီးဂိုဏ်းတစ်ခု၏ ဟိတ်ဟန်ကြီးမားသော အရှိန်အဝါအား အပြည့်အဝ ဖော်ကျူးနေသည်။
ချီယွမ်သည် ကောင်းမွန်စွာ ဝတ်ဆင်ထားသော အမျိုးသမီးကျင့်ကြံသူနှင့်အတူ ကျောက်စိမ်းနှင်းပွင့်နန်းတော်၏ ဝင်ပေါက်ရှေ့တွင် ဆင်းသက်လိုက်သည်။ သူ့၏အလင်းတန်းပျောက်ကွယ်သွားသည်နှင့် မျက်စိကျိန်းလောက်အောင် လှပသော အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူတစ်ဦး ဝင်ပေါက်တွင်ရပ်နေသည်အား မြင်တွေ့လိုက်ရသည်။ သူမ၏ ရုပ်ရည်သည် အထူးကောင်မွန်ပြီး သိမ်မွေ့သော အလှတရားများနှင့် ထူးခြားသည့်ဟန်ပန်ကြောင့် သူမသည် သူတော်စင်မကြီး ရှောင်ယွဲ့နင်မှအပ မဖြစ်နိုင်ချေ။
သူမ၏ ဘေးတွင် အသက်ဆယ့်လေးနှစ်အရွယ်ခန့် အမျိုးသမီးတစ်ဦးရှိနေပြီး ထိုကောင်မလေးသည်လည်း ငယ်ရွယ်ကာ ဆွဲဆောင်မှုရှိသည်။ သူမကတော့ ချီယွမ်၏ မိတ်ဆွေဟောင်း မူရင်းပိုင်ရှင်၏ညီမဖြစ်သူ ချီယောင်ပင်။
"အကိုချီ"
ချီယွမ်ကို မြင်သည်နှင့် ချီယောင်၏ လှပသောမျက်လုံးများက ချက်ချင်းပင် ဝင်းလက်သွားကာ ပျော်ရွှင်စွာ နှုတ်ဆက်လာ၏။
"ဒါဆိုရင် ဂိုဏ်းတူအမရှောင်က ညီမကို လိမ်နေတာမဟုတ်ဘူးပေါ့။ အကိုတစ်ကယ်ရောက်လာတာပဲ။"
ချီယွမ်ကလည်း အပြုံးတစ်ခုဖြင့်
"ညီမလေးချီ အခုမင်းက ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ လက်ရွေးစင်တပည့်ဖြစ်လာပြီလို့ အကိုကြားတယ်။ ဂုဏ်ယူပါတယ်။"
ချီယောင်၏ မျက်လုံးသည် တောက်ပသွားကာ ချိုသာစွာဖြင့် ဖြေကြားလာ၏။
"အကိုချီကြောင့် မဟုတ်ရင် အဲ့ဒီ့လူဆိုးတွေဆီမှာ ညီမအနိုင်ကျင့်ခံနေရတာ ကြာပြီပေါ့။ ဘယ်လိုလုပ် လက်ရွေးစင်တပည့်တစ်ယောက် ဖြစ်လာနိုင်မှာလဲ။ ဒီလိုမျိုးအောင်မြင်မှု ရလာခဲ့တာက အကို့ရဲ့ကျေးဇူးကြောင့်မလို့ သေချာပေါက်ပြန်ပေးဆပ်သင့်တာပါ။"
ချီယောင်၏ တောက်ပသော အပြုံးကြောင့် သူမ၏အပြုံးများအား ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ချီအိမ်တော်၏ သတ်ဖြတ်ခံရမှုကို လူသတ်သမားကို ရှာမတွေ့မချင်း မပြောပြဖို့ ချီယွမ် ဆုံးဖြတ်လိုက်တော့သည်။
လက်ရှိအခြေအနေက ထိုသို့သောကိစ္စမျိုးကို ပြောပြဖို့ မသင့်တော်ပါချေ။
"တာအိုသားတော်၊ ဒီလောက်ရက်ပိုင်းအတွင်းမှာကို တာအိုသားတော်ရဲ့ ကျင့်ကြံမှုက အများကြီးတိုးတက်လာမယ်လို့ ထင်မထားဘူး။ တစ်ကယ်ကို ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ထိုက်တန်ပါပေတယ်။"
ရှောင်ယွဲ့နင်သည် ချီယွမ်အား ဖျော့တော့စွာ ပြုံးပြလာရင်း သွယ်တန်းသောလက်တစ်ဖက်အား မြှောက်ပင့်ကာ အထဲသို့ ဝင်ရောက်ဖို့ ဖိတ်ခေါ်လိုက်သည်။
"အချိန်ကိုက်ပဲ။ ဒီမှာရောက်နေပြီးသား တစ်ခြား ကျင့်ကြံသူတွေနဲ့ မိတ်ဆက်ပေးပါရစေ။"
ပြောပြီးသည်နှင့် သူမသည် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ရင်း ခန်းမအတွင်းသို့ ခေါ်ဆောင်သွားသည်။
ထိုအချိန်တွင် စားပွဲဝိုင်းထိပ်၌ ငယ်ရွယ်သော အမျိုးသားကျင့်ကြံသူ နှစ်ဦးနှင့် အမျိုးသမီးတစ်ယောက်သည် ထိုင်နေဆဲဖြစ်သည်။ ရှောင်ယွဲ့နင်နှင့် ချီယွမ်ဝင်ရောက်လာသည်အား မြင်တွေ့သည်နှင့် တစ်ဦးတည်းသော မိန်းကလေးမှလွဲ၍ ကျန်သောအမျိုးသားနှစ်ယောက်သည် ချီယွမ်ကို မျက်စိဒေါက်ထောက် ကြည့်လာကြသည်။
အလယ်တွင်ထိုင်နေသော ငယ်ရွယ်သည့် အမျိုးသားကျင့်ကြံသူသည် ပိန်ပါးသောမျက်နှာနှင့် ရိုးရှင်းသော အသွင်အပြင်ရှိပြီး ခန့်ညားသည်ဟု ပြောဆို၍ရပါသည်။ နက်ပြာရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားကာ ထိုင်နေရုံဖြင့် အန္တရာယ်မပြုနိုင်သော နှစ်သက်ခင်မင်ဖွယ်ကောင်းသည့် အရှိန်အဝါကို ဖော်ထုတ်ထားသည်။
ထိုသူ၏ညာဘက်ဘေးရှိ ကျန်ကျင့်ကြံသူသည် ဆံပင်ကို ခပ်မြင့်မြင့်စည်းထားပြီး ရွှေရောင်နှဖူးစည်းဖြင့် ချည်ထိုးထားသော ခါးပတ်နှင့်အတူ ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ကျောက်စိမ်းလိုမျိုးခန့်ညားသည့် ရုပ်အသွင်နှင့် အဆိပ်ကင်းသော မျက်လုံးတောက်တောက်များကြောင့် ကျင့်ကြံရေးလောက၏ ကောင်းမွန်သော အမျိုးကောင်းသားတစ်ယောက်နှင့် ဆင်တူသည်။
ထိုနှစ်ယောက်နှင့် အနည်းငယ်ဝေးကွာသော နေရာတွင် ထိုင်နေသော အမျိုးသမီးသည် နှင်းပွင့်လိုဖြူဖွေးသော အဖြူရောင် ဝတ်ရုံရှည်အား ဝတ်ဆင်ထားသည်။ သူမ၏ အသားအရည်က ကျောက်စိမ်းလိုမျိုး နူးညံ့ကာ အထူးလှပသည်။ ထိုနေရာမှာထိုင်နေရုံဖြင့် တစ်ခါမှ အရည်မပျော်ဖူးသော ရေခဲတုံးတစ်တုံးနှယ် သူစိမ်းများ အနီးမကပ်နိုင်အောင် အေးစက်သော အရှိန်အဝါများအား အဆက်မပြတ် ထုတ်လွှတ်နေလေရဲ့။
ထိုမိန်းကလေးသည် သူမ၏ သီးခြားကမ္ဘာထဲ နစ်မြုပ်နေပြီး ပတ်ဝန်းကျင်ရှိအရာအားလုံးက သူမနှင့် မသက်ဆိုင်သလိုမျိုး ပြုမူနေ၏။
ခန်းမအတွင်း ဝင်ရောက်ပြီးနောက်တွင် ရှောင်ယွဲ့နင်သည် ချီယွမ်အား လှမ်းကြည့်ရင်းနူးညံ့စွာ မိတ်ဆက်ပေးလိုက်သည်။
"ဧည့်သည်တော်တို့၊ ဒါကထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်အသစ် ချီယွမ်ပါ။ ကျွန်မတို့တွေက တူညီတဲ့လမ်းကြောင်းမှာ လျှောက်လှမ်းနေတဲ့လူတွေမလို့ အချင်းချင်း ကူညီပြီး ဒုက္ခမရောက်အောင် ဖေးမသင့်တယ်။ ဒီနေ့က အချင်းချင်းသိကျွမ်းနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုပဲ။"
ချီယွမ်၏ နာမည်ကိုကြားသည်နှင့် နှင်းပွင့်တစ်ခုလို အေးစက်နေသော ရေခဲတုံးမိန်းကလေးသည် အကြောင်းအရင်းမရှိ အနည်းငယ် တုန်ယင်သွားလေ၏။ သူမက ချီယွမ်အား တစ်ချက် ခိုးကြည့်လာခဲ့သော်ငြား လျင်မြန်စွာ အကြည့်ဖယ်လိုက်ရင်း သူမ၏မျက်လုံးအတွင်း၌လည်း ခန့်မှန်း၍ မရနိုင်သော ဝမ်းနည်းမှုတစ်ချို့ ဖြတ်ပြေးသွားသည်။
"ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်က တစ်ကယ်ကို ထူးချွန်ပြီး အရည်အချင်းရှိတာပဲ။ တွေ့ရတာဝမ်းသာပါတယ်။"
ပိုးဝတ်ရုံအား ဝတ်ဆင်ထားသော အမျိုးသားက အရင်ဦးဆုံး စကားပြောလာခဲ့ပြီး ချီယွမ်ကို အရိုအသေပေးလိုက်သည်။
"ကျွန်တော်က အရိုးမဲ့သန့်စင်နယ်မြေရဲ့ တာအိုသားတော် ကျွမ်းချင်ယွမ်ပါ။ တွေ့ရတာဝမ်းသာပါတယ်။ ကျေးဇူးပြုပြီး ညွှန်ပြပေးပါအုန်း"
ထို့နောက်တွင် ဘေးမှာထိုင်နေသော ခံ့ညားသည့် အမျိုးသားကျင့်ကြံသူကလည်း အနည်းငယ်ခေါင်းညိတ်လိုက်ပြီး ချီယွမ်ကို နှုတ်ဆက်လိုက်၏။
"ကျွန်တော်က ထာဝရရှင်သန်ခြင်းသန့်စင်နယ်မြေရဲ့ တာအိုသားတော် ထူရို့ရှုပဲ။"
(ပါရမီရှင်တွေ စုဝေးနေတဲ့ ညစာစားပွဲပါလား)
မိတ်ဆတ်စကားများကို နားထောင်ပြီးသည်နှင့် ချီယွမ်လည်း တည်ငြိမ်စွာ ပြန်နှုတ်ဆက်လိုက်သည်။
"ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော် ချီယွမ်က တာအိုသားတော်ထူနဲ့ တာအိုသားတော်ကျွမ်းကို နှုတ်ဆက်ပါတယ်။"
"ချင်လင်ရှူး"
ထိုအချိန်တွင် အလယ်တည့်တည့်၌ ရှိနေသော တိတ်ဆိတ်သောမိန်းကလေးသည် စကားလုံး သုံးလုံးအားခိုင်မာစွာ ပြောလာသည်။ သူမ၏အသံသည် ရှင်းလင်းကာ သံစဉ်တစ်ခုလိုမျိုး ချိုမြပြီး နားထောင်လိုက်သည်နှင့် တစ်ဖက်သူ၏ မျက်နှာအား ဖြတ်တိုက်သွားသော နှင်းဓားတစ်ခုလိုမျိုး ခြောက်ခြားကာ ဖောက်ထွင်းနိုင်သောအရှိန်အဝါကို ခံစားရစေသည်။
(ချင်လင်ရှူး ဟုတ်လား)
ချီယွမ်အံ့ဩသွား၏။ သူသည် အစောပိုင်းကမှ ထိုနာမည်ကိုကြားထားခဲ့ပြီး ထိုသူနှင့် ချက်ချင်း တွေ့ဆုံရမည်ဟု မထင်မှတ်ထားခဲ့ချေ။
ဤမူရင်းပိုင်ရှင်၏ ကျင့်ကြံသူ သတို့သမီးလောင်းသည် ဝိညာဉ်အခြေတည်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးသာဆိုပေမယ့် သူမထံမှ အန္တရာယ်အငွေ့အသက်ကို ခံစားရသည်။ ချီယွမ်တစ်ယောက်အနည်းငယ်မျက်မှောင်ကြုံ့သွားသည်။
ချီယွမ်၏ တိတ်ဆိတ်ပုံကြောင့် ရှောင်ယွဲ့နင်က ဒေါသထွက်သွားမှာစိုးပြီး ကြားဝင်ရှင်းပြလိုက်သည်။
"နတ်သမီးချင်က လီယွမ်သန့်စင်နယ်မြေရဲ့ နှင်းဓားသခင်မပဲ။ သူမရဲ့ပုံစံက တစ်သီးတစ်ခြားနေတတ်တယ်ဆိုပေမယ့် ဘယ်သူ့ကိုမှ ရန်ရှာနေတာမဟုတ်ပါဘူး။ နားလည်မှုမလွဲနဲ့နော်။"
(နှင်းဓားသခင်မ ဟုတ်လား)
ချီယွမ်ထပ်မံ အံ့ဩရပြန်ပြီ။
(သူမက ဒီစားပွဲမှာထိုင်နိုင်တာ မအံ့ဩတော့ပါဘူး။ နှင်းဓားက လီယွမ်သန့်စင်နယ်မြေရဲ့ လက်ဆင့်ကမ်းလာတဲ့ ထိပ်သီးအဆင့် ပျံသန်းနိုင်တဲ့ ဓားသုံးလက်ထဲက တစ်စင်းပဲ။ စစ်မှန်တဲ့ စိတ်ဝိညာဉ်ရတနာအဆင့် ပျံသန်းနိုင်တဲ့ ဓားတစ်ချောင်းဖြစ်တဲ့ အဲ့ဒီ့ဓားက ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို သခင်အဖြစ် သတ်မှတ်မယ်လို့ ထင်တောင်မထင်ထားဘူး။ )
စိတ်ဝိညာဉ်ရတနာများသည် မှော်လက်နက်များထက် များစွာမြင့်မား၏။ ဤနယ်ပယ်ရှိသော ဓားများသည် များသောအားဖြင့် ဓားဝိညာဉ်ရှိကြသည်။ ဓားဝိညာဉ်ဘက်မှ ပိုင်ဆိုင်သူကို သခင်အဖြစ် အသိအမှတ်မပြုလျှင် ထိုဓားဖြင့်ရန်သူကိုတိုက်ခိုက်ဖို့ တွေးနိုင်မည်တောင် မဟုတ်ချေ။
ထိုရှိန်လောက်စရာလက်နက်အား ပိုင်ဆိုင်ထားသည့် အတွက် ချင်လင်ရှူးသည် နိမ့်ကျသော ကျင့်ကြံမှုရှိနေသည် ဆိုသော်ငြား စစ်မှန်သည့် တိုက်ပွဲအတွင်းတွင် ဝိညာဉ်အခြေတည်နယ်ပယ် ထိပ်သီးအဆင့် ကျင့်ကြံသူကိုပင် ယှဉ်ပြိုင်နိုင်မည်ဟု ယူဆရသည်။
ထို့ကြောင့် ချီယွမ်၏ နှုတ်ခမ်းများသည် အပြုံးအဖြစ်ပြောင်းလဲသွား၏။
"ဒါဆိုရင် နှင်းဓားသခင်မပေါ့။ အစောပိုင်းက ရိုင်းပြသွားရင် ခွင့်လွှတ်ပေးပါအုန်း။"
ထိုအချိန်မှာပဲ ခန်းမ အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရပြီး လူနှစ်ဦး ထပ်မံရောက်ရှိလာခဲ့သည်။
ပထမကျင့်ကြံသူသည် ခန့်ညားသော ရုပ်အသွင်နှင့် ရှည်လျားသောဦးထုပ်၊ ကြီးမားသောခါးပတ်နှင့် ပြတ်သားသောဟန်ပန်ရှိပြီး အိမ်ရှင် ရှောင်ယွဲ့နင်အား ခေါင်းညိမ့်ကာ အသိအမှတ်ပြုပြီးသည်နှင့် တစ်ခြားသောနှုတ်ဆက်စကားများကို စောင့်ဆိုင်းခြင်းမရှိ ထိုင်ခုံတွင် သွားရောက်ကာ ပုံမှန်လိုမျိုး ဝင်ထိုင်လိုက်သည်။
"အရက်နဲ့ အစားအသောက်တွေ ယူခဲ့တော့လေ။ စားပွဲပြီးသွားရင် လုပ်စရာ အရေးကြီးကိစ္စတွေရှိသေးတယ်။"
ပြောပြီးသည်နှင့် ထိုသူသည် ချီယွမ်အား တိုက်ခိုက်လိုစိတ်များ ဝင်းလက်နေသော မျက်လုံးများဖြင့် လှည့်ကြည့်လာလေရဲ့။
(ဒီကောင်က ဘာလဲဟ)
ချီယွမ် အနည်းငယ် အံ့ဩသွားစဉ်မှာပဲ ဖန်ကဲစွေ့၏ စိတ်ထဲမှ ဆက်သွယ်သော စကားသံကို ကြားလိုက်ရသည်။
"ညီလေးချီ မင်းစားပြီးတာနဲ့ အမြန်ဆုံး ပြေးသင့်ပြီထင်တယ်နော်။ ကျိထျန်ဖန်က ဒီနေ့မင်းကြောင့်ရောက်လာခဲ့တာ။ မင်းကိုစိန်ခေါ်ရင်လက်မခံနဲ့။ ဒီကောင်ကရူးနေတဲ့ကောင်”
…….