← Chapters

(တာအိုသားတော်ချီက အမြဲတမ်း ဒီလို အကြောက်အလန့်မရှိဘူးလား)

Vol. 11 Ch. 110

(တာအိုသားတော်ချီက အမြဲတမ်း ဒီလို အကြောက်အလန့်မရှိဘူးလား)

Vol. 11 Ch. 110

လင်လုံသန့်စင်နယ်မြေ၏ ကျောက်စိမ်းနှင်းပွင့်နန်းတော်တွင်..

ထိုအချိန်တွင် နန်းတော်ထဲ၌ ဂုဏ်သရေရှိပါရမီရှင် အသီးသီးရှိနေခဲ့ပြီး ခမ်းနားသော တေးသီးလုံးသံကို ကြားနိုင်၏။ ခန်းမ၏ အလည်တည့်တည့်တွင် ကောင်းမွန်စွာ ပြင်ဆင်ထားသော စားပွဲဝိုင်းတစ်ခုရှိနေပြီး စားပွဲထက်တွင် မျိုးစုံသော စိတ်ဝိညာဉ််သစ်သီးများ၊ စားကောင်းသောက်ဖွယ်များနှင့် အရက်ကောင်းများ ချထားသည်။

ဆယ့်နှစ်ယောက်ကျော်သော လှပစွာဝတ်ဆင်ထားသည့် အစေခံမလေးများသည် လင်ဗန်းအသီးသီးအား ကိုင်ဆောင်ရင်း ကျောက်စိမ်းအိုးများဖြင့် ဧည့်သည်တော်များကို ခစားနေကြသည်။

စားပွဲထိပ်ဆုံးတွင် ထူးချွန်သော သူတော်စင်မကြီး ရှောင်ယွဲ့နင်က သူမ၏ရှေ့ရှိ ဝိညာဉ်ကျောက်စိမ်းခွက်အတွင်းထဲသို့ သေရည်လောင်းထည့်လိုက်သည်။ ထို့နောက်တွင် သူမက ခွက်ကိုမြှောက်လိုက်ပြီး တတ်ရောက်နေသော ဧည့်သည်တော်အားလုံးကို ပြုံးပြရင်းပြောလာ၏။

“ ဒီနေရာကိုရောက်ဖို့အတွက် မိုင်ပေါင်းသိန်းချီပြီး ခရီးနှင်လာခဲ့ရတာကို ကျွန်မတို့ လင်လုံသန့်စင်နယ်မြေဘက်က တစ်ကယ်ကိုကျေးဇူးတင်ပြီး လေးစားရပါတယ်။ ယွဲ့နင် အရင်ဦးဆုံး ကျေးဇူးတင်တဲ့အနေနဲ့ သောက်ပါမယ်။ ”

ထို့နောက်တွင် သူမက ကျက်သရေရှိသော ဟန်ပန်ဖြင့် အရက်ခွက်အား တစ်ထိုင်တည်းမော့ချလိုက်၏။ သူမ၏ ဖြူအိကာ နူးညံ့သောပါးပြင်သည် အနည်းငယ်နီရဲသွားကာ ပိုမိုဆွဲဆောင်မှုရှိလာပြီး လှပနေတော့သည်။

“ နတ်သမီးရှောင် အရမ်းကြင်နာလွန်းနေပါပြီ။ ကျွန်တော်တို့ အိမ်တော်နှစ်ခုက အချင်းချင်းကူညီဖေးမလာကြတာ ဒီလောက်တောင်ကြာနေပြီပဲ။ အခု လင်လုံသန့်စင်နယ်မြေဘက်က ဒီလိုမျိုး ပျော်ပွဲရွှင်ပွဲ ပွဲတော်တစ်ခု ဆင်နွှဲနေချိန်မှာ ဘာလို့မတတ်ရောက်ရမှာလဲ”

“ ကျွန်တော်တို့ရဲ့ အရိုးမဲ့သန့်စင်နယ်မြေအတွက် ဖိတ်ကြားခြင်းခံရတာကိုက ကြီးမားတဲ့ဂုဏ်ယူစရာတစ်ခုပါ။ လင်လုံသန့်စင်နယ်မြေမှာ မဟာယနနယ်ပယ် မဟာအကြီးအကဲတစ်ယောက် နောက်ထပ်ပေါ်ပေါက်လာတဲ့အတွက် ဂုဏ်ပြုပါတယ်။ ”

“ တစ်ကယ်ကို ဒီလိုရှားပါးတဲ့ အခွင့်အခါကြုံမှပဲ သန့်စင်နယ်မြေကြီး ၇ခုက တပည့်တွေ စုဝေးရတော့တယ်နော်။ အချင်းချင်း ချီးမြှောက်ကြရအောင် ”

ဤစားပွဲခုံတွင် ထိုင်ခွင့်ရှိသော အရည်အချင်းပြည့်မှီသူများအားလုံးသည် သန့်စင်နယ်မြေကြီး ၇ခု၏ လက်ရွေးစင် မျိုးဆက်သစ်များဖြစ်လေရာ အခြေအနေကို ကောင်းမွန်စွာကိုင်တွယ်တတ်ကြသည်။ ထို့ကြောင့် လိုက်လျောစွာဖြင့် ခွက်အသီးသီးအား မြှောက်လိုက်လေ၏။

အနည်းငယ်စိတ်လွတ်နေဟန်ရှိသော ချင်လင်ရှူးပင် သူမ၏ ကျောက်စိမ်းခွက်အား မယူရင်း တစ်ငုံသောက်လိုက်သည်။ သူမ၏အကြည့်က ဘေးတွင်ထိုင်နေသော ချီယောင်ထံသို့ သတိထားမိ‌သော်လည်းကောင်း သတိမထားမိပဲသော်လည်းကောင်း ကျရောက်နေလေ၏။

ချီးကျူးမှုများစွာ ပြီးသည့်နောက်တွင် ခန်းမအတွင်းရှိ လေထုသည် ထပ်မံအသက်ဝင်လာခဲ့သည်။

ဖန်ကဲစွေ့က စိတ်ဝိညာဉ်သစ်သီးတစ်လုံးအား တစ်ငုံကိုက်ယူရင်း ဘေးတွင်ရှိနေသော ချီယွမ်အား တိတ်တဆိတ်ကပ်ပြောလာ၏။

“ ကြည့်လိုက်။ လီယွမ်သန့်စင်နယ်မြေရဲ့ ညီမလေးက အရမ်းလှတယ်မလား။ သူမရဲ့ပုံစံက တော်တော်လေး ကပ်ရခက်နေလို့သာ။ သူမက လူတွေကိုအထင်သေးတတ်တဲ့ ရှောင်ယွဲ့နင်ထက်တောင် ပိုမောက်မာမယ့်ပုံပဲ။ ကျင့်ကြံ‌ရေးလောကရဲ့ အလှလေးတွေအားလုံးက ဒီလိုမျိုးအေးစက်ပြီး တစ်ယောက်တည်းနေတတ်ကြတာလား”

ချီယွမ်သည် ဖန်ကဲစွေ့အား ရွံရှာစွာလှမ်းကြည့်ရင်း ချက်ချင်းပင် တုံ့ပြန်လိုက်၏။

“ သူများကို ရေခဲတုံးလို့မပြောခင် ကိုယ့်ကိုယ်ကို အရင်ကြည့်လိုက်ပါအုံး။ အကိုက အပျော်အိမ်တော်တွေ ဒီလောက်လည်ပတ်ခဲ့တဲ့ သူတစ်ယောက်ပဲ။ အကို့လိုလူကို အဲ့ဒီမိန်းကလေးတွေက မျက်လုံးထဲထည့်မယ်လို့ထင်နေလား။ အကို့ကို မြင်တာနဲ့ သေချာပေါက် ရေခဲတုံးအဖြစ် ပြောင်းသွားကြမှာပဲ”

ဖန်ကဲစွေ့က ချက်ချင်းပင် စိတ်ပျက်စွာတုန့်ပြန်လိုက်၏။

“ ညီလေးချီ မင်းအဲ့လိုပြောတာတော့ အကိုသိပ်မကြိုက်ဘူးနော်။ အပျော်အိမ်တော်သွားတာက ဘာဖြစ်နေလို့လဲ”

“ အပျော်အိမ်တော်ရဲ့ အပျော်မယ်တစ်ယောက်ချင်းစီက နာကျင်စရာ အတိတ်ကာလတွေရှိခဲ့တယ်။ လောင်းကစားစွဲနေတဲ့အဖေ၊ ပြင်းထန်စွာ နာမကျန်းဖြစ်နေတဲ့အမေ၊ စာမလေ့လာနိုင်တဲ့ ငယ်ရွယ်တဲ့မောင်လေး ဒါမှမဟုတ်ရင် သစ္စာမရှိတဲ့ယောက်ျား ပြောရမယ်ဆိုရင် အဲ့ဒီက မိန်းကလေးတွေအားလုံးက စိတ်ပျက်မှုကို ခံစားနကြရတဲ့လူတွေပဲ။ ဒီလိုမျိုး သနားစရာလူတွေကို ကူညီနေတဲ့အကိုက ဘယ်လိုလုပ် ရွံစရာလူတစ်ယောက်ဖြစ်ရမှာလဲ”

ကိုယ့်ဘက်ကိုယ်ယပ်လှသော ဖြေကြားပုံကြောင့် ချီယွမ် စိတ်ပျက်စွာ မျက်လုံးလှည့်လိုက်ရင်း ထိုသူအား ထပ်မံဂရုစိုက်ဖို့ပင် ပျင်းရိသွားလေရဲ့။

ထိုအချိန်မှာပဲ ခရမ်းနယ်မြေသန့်စင်နယ်မြေရဲ့ တာအိုသားတော် ကျိထျန်ဖန်သည် အရက်ခွက်အား ဖြည်းညင်းစွာချလိုက်ရင်း စားပွဲဝိုင်းရှိ ချီယွမ်ကို တည်ငြိမ်စွာကြည့်လာကာ နက်ရှိုင်းသောလေသံဖြင့် ပြောလိုက်သည်။

“ ကျွန်တော်က ခရမ်းနေမင်း သန့်စင်နယ်မြေရဲ့ တာအိုသားတော် ရာထူးကို ရလာကတည်းက ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်နဲ့ လက်ရည်ချင်းယှဉ်ပြိုင်ဖို့ အမြဲတမ်းမျှော်လင့်ခဲ့တယ်။ ကံဆိုးစွာနဲ့ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်နေရာက အချိန်အကြာကြီး လှစ်လပ်နေခဲ့တယ်။ အခုတော့ ကျွန်တော့်အတွက် ယှဉ်ပြိုင်စရာလူတစ်ယောက် ရှာတွေ့လာပြီပဲ။ အခုညီလေးချီအပေါ်မှာ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်ဆိုတဲ့ ဂုဏ်ပုဒ်ရလာတဲ့အတွက် တာဝန်ကမင်းအပေါ်ကို ကျရောက်လာပြီ။ ဒီနေ့တွေ့ဆုံဖို့ ရေစက်ပါလာတယ်ဆိုမှာတော့ လင်လုံသန့်စင်နယ်မြေမှာ တစ်ပွဲတစ်လမ်းစမ်းကြည့်ရမယ်ဆိုရင် ညီလေးဘယ်လိုသဘောရသလဲ”

ထိုစကားကြောင့် ခန်းမအတွင်းရှိ လေထုသည် ချက်ချင်းပင် အေးခဲအမှတ်သို့ ကျရောက်သွားလေရဲ့။

ဤနေရာတွင်ရှိနေသော ပါရမီရှင်အသီးသီးသည် ထိုက်ရွှမ်းသန့်စင်နယ်မြေနှင့် ခရမ်းနေမင်း သန့်စင်နယ်မြေကြားက အမုန်းတရားများအား သိရှိထားကြသည်။

ထို့ကြောင့် ကျိထျန်ဖန်၏ စိန်ခေါ်မှုအား ဘယ်သူကမှ မအံ့ဩခဲ့ဘဲ ထိုအစား တိတ်တဆိတ်မျှော်လင့်နေကြသည်လို့တောင် ပြော၍ရပါသည်။

သူတို့အတွက် ကြည့်ရှုဖို့ထိုက်တန်သော တစ်ခုတည်းသော အကြောင်းအရာသည် ချီယွမ်ရင်ဆိုင်ရဲလား ဆိုတာကိုပင်။

ချီယွမ်၏ ကျင့်ကြံမှုသည် ဝိညာဉ်အခြေတည်အလယ် အဆင့်သာရှိသေးပြီး ကျိထျန်ဖန်က နတ်အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူတို့နှစ်ဦးကြားတွင် ကြီးမားသောကွားဟချက်ကြီး ရှိနေပါ၏။ ဤမမျှတသော တိုက်ပွဲအားရင်ဆိုင်ရသည့်အတွက် ငြင်းဆိုလျှင်တောင်မှ ရှက်ရွံ့ဖွယ်ကိစ္စတစ်ခုတော့ မဟုတ်ပါချေ။

ချီယွမ် ငြင်းဆိုလာမည်ကို စိုးသောကြောင့် ကျိထျန်ဖန်သည် ခပ်ဖွဖွပြုံးလိုက်ရင်း ဆက်ပြောလာ၏။

“ ကျင့်ကြံမှုနယ်ပယ်ကို အားကိုးပြီး အနိုင်ကျင့်တယ်ဆိုတဲ့ စကားသံတွေကနေ ရှောင်ရှားဖို့အတွက် ကျွန်တော့်ရဲ့ကျင့်ကြံမှုကို ညီလေးချီနဲ့ တူအောင်ပြောင်းပေးပါ့မယ်။ ”

ကျိထျန်ဖန်သည် ပြောပြီးသည်နှင့် စားပွဲဝိုင်းထိပ်တွင် ထိုင်နေသော ရှောင်ယွဲ့နင်အား လှမ်းကြည့်လိုက်သည်။

“ နတ်သမီး‌ရှောင် လင်လုံသန့်စင်နယ်မြေမှာ အထူးတိုက်ပွဲအတွက် နေရာတစ်ခုရှိတယ်လို့ ကျွန်တော်ကြားသိရတယ်။ အဲ့ဒီနေရာမှာ အထူးအစီအရင်တစ်ခုရှိတယ်တဲ့။ အစီအရင်ကို အသက်သွင်းလိုက်တာနဲ့ နှစ်ဖက်စလုံးရဲ့ ကျင့်ကြံမှုကို တူညီတဲ့နယ်ပယ်အဖြစ် ထိန်းသိမ်းပေးနိုင်တယ်။ ဒါဆိုရင် အနိုင်အရှုံးက ယှဉ်ပြိုင်သူတွေရဲ့ ထူးချွန်တဲ့စွမ်းဆောင်ရည်နဲ့ လုပ်နိုင်စွမ်းပေါ်ပဲ မူတည်သွားပြီ။ ဒါ့ကြောင့် ကျွန်တော်ကျိထျန်ဖန်က လင်လုံသန့်စင်နယ်မြေရဲ့ တိုက်ပွဲနေရာကို ငှားယူချင်ပါတယ်။ နတ်သမီးရှောင် ကျွန်တော်ရဲ့ တောင်းဆိုမှုကို လိုက်လျောပေးလို့ရမလား ”

ရှောင်ယွဲ့နင် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ရှင်းပြလာ၏။

“ ကျွန်မတို့ဆီမှာ ဒီလိုနေရာတစ်ကယ်ရှိတာ မှန်ပေမဲ့ အဲ့ဒီနေရာကို တပည့်တွေရဲ့ ထူးခြားမှုကို စမ်းသပ်တဲ့အချိန်မှာပဲ အသုံးပြုတယ်။ အဲ့ဒီအစီအရင်ကို ပုံမှန်အားဖြင့် အသက်သွင်းတာရှားပါးတယ်။ ဒါကြောင့် ချို့ယွင်းချက်တွေ ရှိနေမလား မရှိနေဘူးလားဆိုတဲ့ အာမခံချက်ကိုတော့ အပြည့်အဝမပေးနိုင်ဘူးနော် ”

ထို့နောက်တွင် သူမသည် ချီယွမ်အား စိတ်ပူသောမျက်နှာထားဖြင့် လှည့်ကြည့်ကာ ဆွဲဆောင်မှုရှိစွာဖြင့် ပြောလာလေရဲ့။

“အကုန်လုံးက လူငယ်မျိုးဆက်တွေကြားမှာ အရည်အချင်းအရှိဆုံးသူတွေပဲ။ ဂိုဏ်းတွေကြားက ကိစ္စရပ်တွေကြောင့် လူငယ်တွေကြားက ဟန်ချက်ကိုဘာကြောင့် ပျက်ဆီးစေရမှာလဲ။ ဒါမှမဟုတ်... ”

သူမ၏စကားသံ မဆုံးခင်မှာပဲ ချင်လင်ရှူးက သူမ၏ ထိုင်ခုံမှထလိုက်တာ အေးစက်စွာဖြင့် ပြောလိုက်သည်။

“ ဒီတစ်ခေါက် ချီယွမ်အစား ကျွန်မတိုက်ပေးမယ်။ ကျိထျန်ဖန် ရှင်စိန်‌ခေါ်မှုကို လက်ခံရဲသလား ”

ကျိထျန်ဖန်၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားကာ ချီယွမ်ထံသို့ ခံစားချက်မဲ့စွာဖြင့် ပြောလိုက်သည်။

“ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်ချီ၊ မင်းကဒီမိန်းကလေးနှစ်ယောက်ရဲ့ ဂါဝန်နောက်မှာပုန်းနေပြီး ထွက်မလာတော့ဘူးလား “

ချီယွမ်သည် အရင်ဦးဆုံး အရက်အား သေသပ်စွာသောက်လိုက်ပြီးမှ သက်‌သောင့်သက်သာဖြစ်လှသော လေသံဖြင့်ပြောလိုက်သည်။

“ ဒီလိုမျိုးနေ့ကောင်းတစ်ခုမှာ လှပတဲ့မိန်းကလေးနှစ်ယောက်ရဲ့ ကာကွယ်မှုလည်း ရှိနေတယ်။ ဘာလို့ အပြင်ထွက်ပြီး အလုပ်ရှုပ်ခံနေရမှာလဲ။ အကုန်လုံးရဲ့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖျက်ဆီးရင်းနဲ့ ဒီသတ်ဖြတ်လိုတဲ့ကိစ္စကို နှိုးဆွစရာလား”

“ကျွန်တော်ကတော့ တာအိုသားတော်ကျိလို လူမျိုးကိုမကြိုက်ဘူး။ မောက်မောက်မာမာနဲ့ တစ်ခြားသူကို အရင် စိန်‌ခေါ်ပြီးမှ ရှုံးတဲ့အချိန်ကျရင် သေတော့မတတ် ညည်းညူပြမဲ့ အဲ့လိုရွံစရာမြင်ကွင်းကို မကြည့်ချင်ဘူးနော်”

( ဘာ )

ချီယွမ်၏စကားကြောင့် ခန်းမအတွင်းရှိ လူများအားလုံး မှင်သက်သွားခဲ့သည်။ ထိုတုန့်ပြန်မှုကို ဘယ်သူကမှ မမျှော်လင့်ထားခဲ့ချေ။ ဤအရာသည် တိုက်ပွဲမစမှီ ခြိမ်းခြောက်ခြင်းမဟုတ်ဘဲ သေချာကိုရန်စလိုက်ခြင်းသာဖြစ်သည်။

သေးငယ်သော တိုက်ပွဲသည် ထိုရန်စ စကားများကြောင့် အသေအကြေတိုက်ပွဲ အဖြစ်ပြောင်းလဲ သွားခဲ့သည်။ တစ်ဖက်လူအား သေဆုံးသည်အထိ တိုက်ခိုက်ဖို့မလိုအပ်လျှင်တောင်မှ အနည်းဆုံးရှုံးနိမ့်သူသည် မြေပြင်ပေါ်မှ ပြန်မထနိုင်သော အခြေအနေသို့ ရောက်ရှိရမည်ဖြစ်သည်။

ထို့ကြောင့် အကုန်လုံး၏ အကြည့်သည် ပြောင်းလဲလာတော့၏။

(သူက အမြဲတမ်း ဒီလိုမျိုးရဲရင့်တာပဲလား)

ကျိထျန်ဖန်သည် ပိုမိုဒေါသထွက်သွားခဲ့ပြီး သူ၏မျက်နှာတစ်ခုလုံး အေးစက်လာကာ

“ အဓိပ္ပာယ်မရှိတာတွေ တော်လိုက်တော့။ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ၊ အရည်အချင်းနဲ့ပဲ ဆုံးဖြတ်မယ်”

ပြောပြီးသည်နှင့် ကျိထျန်ဖန်သည် ခန်းမအတွင်းမှ ထွက်သွားကာ ကျောက်စိမ်းနှင်းပွင့်နန်းတော် အပြင်ဘက်တွင် ရပ်လိုက်သည်။

ပတ်ဝန်းကျင်၏ ထူးဆန်းသောအကြည့်များအား လျစ်လျူရှုရင်း ချီယွမ်သည်လည်း တည်ငြိမ်စွာဖြင့် ထရပ်လိုက်ကာ ရှောင်ယွဲ့နင်အား ပြောလိုက်သည်။

“ နတ်သမီးရှောင် မင်းပြောထားတဲ့ တိုက်ပွဲနေရာကို ခေါ်သွားပြလို့ရမလား။ အော် ပြီးတော့ စားပွဲပေါ်က ဟင်းပွဲတွေကို မဖယ်သေးနဲ့ဦးနော်။ ကျွန်တော်ဗိုက်မဝသေးဘူးရယ် ”

ချီယွမ်၏စကားကြောင့် ရှောင်ယွဲ့နင် ချက်ချင်းပင် သတိဝင်လာခဲ့ပြီး ပြုံးလိုက်ကာ

“ ကောင်းပါပြီ ဒါဆို ကျွန်မနဲ့လိုက်ခဲ့ပေးပါရှင် ”

ထိုနှစ်ယောက်ထွက်သွားသည်နှင့် စားပွဲဝိုင်းက လူများအားလုံး အချင်းချင်း အကြည့်ဖလှယ်လိုက်ကာ အကုန်လုံး လျင်မြန်စွာဖြင့် လိုက်သွားကြလေ၏။

All Chapters