စိတ်တူကိုယ်တူ သေရည်သောက်ခြင်း
Vol. 10 Ch. 107
သူတို့နှစ်ယောက်လုံးအား နန်မန်မြို့ကဲ့သို့နေရာမျိုးတွင် ထိပ်တန်းအဆင့် ကျွမ်းကျင်သူများဟု သတ်မှတ်နိုင်သည်။
တကယ်တော့ ထိုအဘိုးကြီးနှင့် အရက်သမားလူငယ်တို့၏ စွမ်းအားဖြင့်ဆိုလျှင် ခွန်းကာမြို့တွင်ပင် အခြေချနေထိုင်နိုင်ပြီး အင်အားစုများ၏ အလေးအမြတ်ထားခြင်းကိုပင် ခံရနိုင်သည်။
ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်ရှိ ကျင့်ကြံသူများသည် နာမည်ကျော်မြို့ကြီးများနှင့် စည်ကားသော ဆိပ်ကမ်းမြို့များတွင် သိပ်ပြီးထူးခြားမှုမရှိသော်လည်း ဝေးလံခေါင်သီသော ဒေသအများစုတွင်တော့ ဤအဆင့် ကျင့်ကြံသူများက အမြင့်မားဆုံးတောင်ထွတ်များပမာ ဖြစ်သည်။
စောစောက မျက်စိတစ်ဖက်လပ်အဘိုးအိုက အရက်သမားလူငယ်ကို ဖန်သေရည်အိုးဖြင့် ပစ်ပေါက်လိုက်စဉ် အလင်းတန်းတစ်ခု တောက်ပသွားခဲ့သည်။
ဘာဖြစ်သွားသည်ကို အခြားသူများ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရသော်လည်း ခုန်မင်ကတော့ တွေ့မြင်လိုက်သည်ပင်။
ဖန်သေရည်အိုးလေထဲတွင် ပျံသန်းလာသောအချိန်မှာပင် အရက်သမားလူငယ်က သူ့ခါးတွင်ပတ်ထားသည့် အလွန်ပါးလွှာပျော့ပြောင်းသောဓားရှည်ကို ဆွဲထုတ်လိုက်သည်။
ထို့နောက် ပျံသန်းလာသည့်သေရည်အိုး ဗဟိုချက်တည့်တည့်အား နှစ်ဖက်သွားဓားဖျားဖြင့် တိကျစွာ တားဆီးထားလိုက်သည်။
ဓားသွားနှင့် ဖန်သေရည်အိုး ထိတွေ့သွားခြင်းက အလွန်ပင် ဟန်ချက်ညီသည်ဖြစ်ရာ သေရည်အိုး၏ အရှိန်အဟုန်ပျက်ပြယ်သွားပြီး ဓားသွားထက်သို့ ငြိမ်သက်စွာကျရောက်သွားတော့သည်။
ဤသို့သောလှုပ်ရှားမှု အရက်သမားလူငယ်၏ ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့် ကျင့်ကြံခြင်းစွမ်းအားကိုသာမက အလွန်မြင့်မားသည့်ဓားသိုင်းပညာရပ်ကိုပါ ပြသလိုက်ခြင်း ဖြစ်၏။
ဤမျှခမ်းနားသော ဓားသိုင်းပညာဖြင့်ဆိုလျှင် သူနှင့်ကျင့်ကြံခြင်းအဆင့်တူသူများပင် သူ့အား ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ကျင်ကြံခြင်းလောကတွင် ဒြပ်စင်စွမ်းအားကိုမြှင့်တင်ရင်း တစ်ဖက်တွင်လည်း ဓားသိုင်းပညာ ဤမျှအဆင့်မြင့်အောင် လေ့ကျင့်ထားနိုင်ခြင်းမှာ ရှားပါးဖြစ်ရပ်တစ်ခုပင် ဖြစ်၏။
ထိုစဉ် မျက်လုံးတစ်ဖက်လပ်အဖိုးကြီးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး...
“မင်းကတော့လေ... အရက်ကြွေးတွေတင်နေလို့ ဘယ်လောက်ရှိမှန်းတောင် မမှတ်မိတော့ဘူး ၊ အကြွေးစာရင်းထဲထည့်လည်း ဘာထူးတော့မှာလဲ ၊ ဒီဘက်ကိုမြန်မြန်လာစမ်း ၊ မင်းနဲ့ ဝါသနာတူမယ့် ညီလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ် ၊ သူက မင်းကိုအရက်တိုက်မတဲ့ဟေ့...”
တစ်စုံတစ်ယောက်က အရက်တိုက်မည်ဟူသော စကားကိုကြားသည်နှင့် အရက်သမားလူငယ် ချက်ချင်းပင် ခေါင်းထောင်သွားသည်။
သူက ဖရိုဖရဲဖြစ်နေသည့်ဆံပင်များကို လက်နှစ်ဖက်ဖြင့် သပ်တင်လိုက်ပြီး စားပွဲထက်မှ ပါးလွှာသောဓားရှည်ကို ပေါ့ပါးစွာပင် ခါးတွင်ပြန်ပတ်လိုက်ပြီး ဘားကောင်တာသို့ အားတက်သရော ပြေးလာတော့သည်။
သူက ဝမ်းသာအားရဖြင့်...
“ဘယ်သူ ကျုပ်ကို အရက်တိုက်မှာလဲ ၊ အဘိုးကြီး... ဒကာခံမယ့်သူရှိမှာတော့ ခင်ဗျားမှာရှိတဲ့ အကောင်းဆုံးအရက်တွေ အကုန်ထုတ်စမ်းပါ ၊ လုံးဝ တွန့်တိုမနေနဲ့နော်”
အရက်သမားလူငယ်က အရက်သောက်ချင်လွန်း၍ သွားရည်များပင်ကျလုမတတ် ဖြစ်နေသော်လည်း အရက်တိုက်မည့် ခုန်မင်ကိုတော့ တစ်ချက်လေးပင်လှည့်မကြည့်ပေ။
ခုန်မင်က လူငယ်၏ မယဉ်ကျေးသည့်အပြုအမူအတွက် ဒေါသထွက်ခြင်းမရှိဘဲ အေးဆေးစွာပင် စကားဆိုလိုက်သည်။
“အရက်ကောင်းဆိုတာ... စိတ်တူကိုယ်တူ မိတ်ဆွေတွေနဲ့သောက်မှ အနံ့ကပိုမွှေးပြီး အရသာက ပိုလေးနက်တာ ၊ အဲဒီလိုမဟုတ်ဘဲ တစ်ယောက်တည်း အရက်ပုလင်းထဲခေါင်းစိုက်နေလို့ကတော့... အဲဒါ အရက်သောက်တာမဟုတ်ဘူး ၊ အရက်ကို ဖြုန်းတီးပစ်တာပဲ”
အရက်သမားလူငယ်က ခုန်မင်ကို တစ်ချက်စောင်းကြည့်လိုက်ပြီး...
“ကျုပ်ရှေ့ကလူက ကျုပ်နဲ့ စိတ်တူကိုယ်တူ ဟုတ် မဟုတ်ဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ ၊ ကျုပ်မျက်စိထဲတော့ လူအများစုက ရွံစရာလေးတွေချည်းပဲ”
ခုန်မင်က ပြုံးလိုက်ပြီး...
“လူကပဲ ရွံစရာကောင်းတာလေ... အရက်က ရွံစရာကောင်းတာမှ မဟုတ်တာ ၊ ဘာဆိုင်လို့လဲ...”
ထိုစကားကြားတော့ အရက်သမားက အော်ရယ်လိုက်ပြီး...
“မင်းက စိတ်ဝင်စားဖို့ကောင်းသားပဲ ၊ ကောင်းပြီ... မင်းနဲ့အတူ အရက်သောက်တာပေါ့”
ထို့နောက် သူက ကောင်တာမှ မျက်လုံးတစ်ဖက်လပ်အဖိုးကြီးကို လှည့်ကြည့်လိုက်ပြီး...
“အဘိုးကြီး... ခင်ဗျား မြေအောက်ခန်းထဲမှာသိမ်းထားတဲ့ “တောင်ပိုင်းတောရိုင်းနွေဦး” အရက်အိုးတွေ အမြန်ထုတ်ပေးစမ်း ၊ ဒီစိတ်ဝင်စားစရာကောင်လေးနဲ့ အတူသောက်ကြည့်မယ် ၊ သူပြောသလို အရက်အရသာက ပိုပြီးလေးနက်လာမလား စမ်းကြည့်ချင်လို့”
ခုန်မင်က ခေါင်းယမ်းရင်း...
“တစ်ယောက်တည်း မဟုတ်ဘူး ၊ တစ်အုပ်လုံးသောက်မှာ ၊ ဒီမှာ ငါနဲ့အတူ ငါ့ညီအစ်ကိုတွေလည်း ရှိသေးတယ်”
ပြောပြောဆိုဆိုဖြင့် ခုန်မင်က မော့ဖေးနှင့်အခြားသူများကို ညွှန်ပြလိုက်သည်။
မော့ဖေးတို့အုပ်စုမှာ ခုန်မင်၏စကားကြောင့် အလွန်စိတ်လှုပ်ရှားသွားကြသည်။
သူတို့က ခုန်မင် ဝယ်ယူထားသည့် အစေခံများဆိုသော်လည်း သခင်လေးက သူတို့အား ဘယ်သောအခါမှ အစေခံလို မဆက်ဆံခဲ့ပေ။
ညီရင်းအစ်ကို ၊ မိတ်ဆွေများအဖြစ် ဆက်ဆံခဲ့ပြီး စကားပြောတိုင်းလည်း “ညီအစ်ကိုများ” ဟုသာ ပြောဆိုခဲ့သည်။
မော့ဖေးတို့အုပ်စုမှာ သူတို့အပေါ် နားလည်ပေးသော ညီငယ်တစ်ယောက် တွေ့လိုက်ရသလိုခံစားလိုက်ရပြီး သခင်လေးအတွက် အသက်ပင်ပေးလိုစိတ်များ ထွက်ပေါ်လာသည်။
အမှန်တော့ ခုန်မင်၏ ဤသို့သော စိတ်ဓာတ်ကပင် မျက်လုံးတစ်ဖက်လပ်အဘိုးအိုကို ဖမ်းစားနိုင်ခဲ့ခြင်း ဖြစ်သည်။
အမှန်တော့ လူသားများက တောရိုင်းဒေသမျိုးနွယ်စုဝင်များကို သိပ်ပြီး လူရာသွင်းသူများ မဟုတ်ကြပေ။ သို့သော် အဘိုးအိုတော့ တောရိုင်းဒေသမျိုးနွယ်စုဝင်များကို ခင်မင်လေးစားသူ ဖြစ်သည်။
ယခု ခုန်မင်ကလည်း နတ်သားရဲမျိုးနွယ်များကို မရှက်မရွံ့ “ညီအစ်ကို” ဟု ထုတ်ဖော်ပြောကြားလေရာ အဘိုးအိုက လူငယ်လေးကို သဘောကျသွားတော့သည်။
အဘိုးအိုက အားပါးတရ ရယ်မောလိုက်ရင်း...
“တွေ့တယ်နော်... ဒီညီလေးက ငါနဲ့ တကယ့်ကို စိတ်တူကိုယ်တူပါဆို... ၊ မင်းလို အရက်သမားကတော့ လူကဲခတ်ညံ့တာ မဆန်းပါဘူး...”
အရက်သမားက အဘိုးကြီးအား မျက်စောင်းထိုးကြည့်လိုက်ရင်း...
“လျှောက်မပြောနဲ့ဗျ ၊ ကျုပ်က အရက်သောက်လေ အမြင်ကျယ်လေပဲ ၊ ခင်ဗျားလို မျက်လုံးတစ်ဖက်လပ်ထက်တော့ လူကဲခတ်မညံ့နိုင်ပါဘူး”
အရက်သမား၏စကားများက နားဝင်မချိုသော်လည်း အဘိုးကြီးက အရေးစိုက်ဟန် မရှိပေ။
သူက ကောင်တာအောက်မှ ဖန်သေရည်အိုးနှစ်လုံးကို ပေါ့ပါးစွာဆွဲထုတ်လိုက်ပြီး ကောင်တာပေါ်သို့ ဘုန်းခနဲချလိုက်သည်။
“မင်း လူကဲခတ် တော်မတော်ဆိုတာ... အရက်သောက်ပြီးမှ ပြောတာပေါ့ကွာ”
သေရည်နှစ်အိုးကိုမြင်လိုက်သည်နှင့် အရက်သမား၏မျက်လုံများ တောက်ပသွာသည်။
“တောင်ပိုင်းတောရိုင်းနွေဦးပဲ... ၊ သိပ်ကောင်းတယ်... ကျုပ် အရင်ဆုံးတစ်အိုးသောက်ပြီး ဂုဏ်ပြုလိုက်မယ်”
ပြောပြီးသည်နှင့် သူက တစ်စုံတစ်ယောက်က လုယူသွားမည်ကို စိုးရိမ်သည့်အလား ‘တောင်ပိုင်းတောရိုင်းနွေဦး’ အရက်အိုးတစ်လုံးကိုဆွဲယူလိုက်သည်။
ထို့နေက် သေရည်အိုးအဖုံးကိုဖွင့်လိုက်ပြီး ခေါင်းကိုမော့ကာ တဂွတ်ဂွတ်နှင့် အားပါးတရ မော့သောက်လိုက်တော့သည်။
အရက်သမားလူငယ်၏ ခန္ဓာကိုယ်က အလွန်ထွားကျိုင်းသန်မာခြင်းမရှိပေ။ ကျစ်ကျစ်လျစ်လျစ် ပိန်ပိန်ပါးပါး ဖြစ်သည်။ သို့သော် အရက်ကိုတော့ ကြွက်တွင်းပမာ ဝင်သလောက် သောက်နိုင်လေ၏။
ခဏအတွင်းမှာပင် ‘တောင်ပိုင်းတောရိုင်းနွေဦး’ တစ်အိုးလုံးကို တစ်စက်မကျန် ကုန်စင်သွားသည်။
ထူးဆန်းသည်မှာ အရက်သမားက အရက်သောက်လေ မျက်ဝန်းများ ပိုမိုတောက်ပလာလေ ဖြစ်နေခြင်းပင်။
အရက်တစ်ငုံသောက်လိုက်တိုင်း သူ၏ဦးနှောက်က ပိုမိုကြည်လင်လန်းဆန်းလာပုံရသည်။
အရက်တစ်အိုးလုံး ကုန်စင်အောင်သောက်ပြီးသည်နှင့် အရက်သမားက ပေါ့ပါးလန်းဆန်းသွားဟန်ဖြင့် ခါးကိုပင် မတ်မတ်ဆန့်၍ ထိုင်လိုက်သေး၏။
ထို့နောက် သူက ကောင်တာပေါ်တွင်ကျန်ရှိနေသည့် ‘တောင်ပိုင်းတောရိုင်းနွေဦး’ နောက်တစ်အိုးကို မျက်တောင်မခတ်ကြည့်လိုက်ပြီး ဆွဲယူရန်အသင့်ပြင်လိုက်သည်။
သို့သော် ခုန်မင်က ပြုံးလိုက်ပြီး သူ့ထက်အရင် သေရည်အိုးကို လှမ်းယူလိုက်သည်။
ထို့နောက် သေရည်အိုးအဖုံးဖွင့်ကာ တစ်ကျိုက်မော့သောက်ပြီးနောက် ၊ သေရည်အိုးကို မော့ဖေးထံသို့ ကမ်းပေးလိုက်ပြီး...
“ညီနောင်တို့... သောက်ကြစို့...”
မော့ဖေးက စကားတစ်ခွန်းမှမဆိုဘဲ ပါးစပ်ကျယ်ကျယ်ဟကာ အရက်များကို အားပါးတရ မော့သောက်လိုက်သည်။ ထို့နောက် သေရည်အိုးကို နတ်သားရဲမျိုးနွယ် ကိုယ်ရံတော်(၅)ယောက်ဆီသို့ လက်ဆင့်ကမ်းပေးလိုက်သည်။
ထိုသို့ဖြင့် ခုန်မင်တို့ (၇)ယောက်က သေရည်အိုးကို တစ်ယောက်တစ်လှည့်ပတ်သောက်ရင်း နောက်ဆုံး သေရည်များတစ်စက်မကျန် ကုန်စင်သွားလေသည်။
နတ်သားရဲမျိုးနွယ်များသည်လည်း အရက်သမားကဲ့သို့ပင် အရက်သောက်နိုင်သူများဖြစ်လေရာ သေရည်တစ်အိုးကို မျှဝေသောက်ရခြင်းက ဘာမှမဟုတ်သည့် ကိစ္စလေးသာ ဖြစ်သည်။
သို့သော် ယခုကဲ့သို့ သေရည်တစ်အိုးကို မျှဝေသောက်ရခြင်း အဓိပ္ပါယ်က စိတ်ကူကိုယ်တူ ညီအစ်ကိုများ အေးအတူပူအမျှဆိုသည့် အဓိပ္ပါယ်သက်ရောက်သည်။
မြင်ကွင်းကိုကြည့်ရင်း အရက်သမားလူငယ်၏မျက်ဝန်းများ သိသိသာသာ ပျော့ပြောင်းသွားသည်။
သူက အပြင်ပန်း ကြမ်းတမ်းသယောင်ရှိပြီး ဘာကိုမှ အရေးစိုက်သည့်ပုံပေါက်သော်လည်း အသေးစိတ်ကျကျ လေ့လာတတ်သူဖြစ်၏။
ယခုလည်း တစ်ချက်ကြည့်ရုံဖြင့်ပင် မော့ဖေးတို့အုပ်စုက ခုန်မင်၏ လက်အောက်ငယ်သားများဖြစ်ကြောင်း သိသာပေသည်။
သို့ပေသိ ခုန်မင်ကတော့ သူတို့ကို ညီအစ်ကိုသဖွယ်သဘောထားကာ မာန်မာနမရှိဘဲ သေရည်တစ်အိုးကို အတူမျှဝေသောက်ခဲ့သည်။
ဤအပြုအမူတစ်ခုတည်းဖြင့်ပင် ခုန်မင်က သာမန်လူမဟုတ်ကြောင်း အကဲခတ်မိပေပြီ။
ခုန်မင်ပြောခဲ့သလိုပင် စိတ်တူကိုယ်တူ မိတ်ဆွေများနှင့် အတူသောက်ရသည်က အရက်အရသာ ပို၍လေးနက်ပေ၏။
နောက်ဆုံးတော့ အရက်သမား၏အမြင်တွင် ခုန်မင်က သူ့ကို အရက်တိုက်ရန် ထိုက်တန်သူတစ်ယောက် ဖြစ်သွားခဲ့လေသည်။
အကောင်းစား သေရည်နှစ်အိုးမှာ အရက်သမားနှင့် ခုန်မင်တို့အုပ်စုလက်ချက်ဖြင့် တစ်ခဏအတွင်း ပြောင်သလင်းခါသွားတော့သည်။
မျက်လုံးတစ်ဖက်လပ်အဘိုးအိုက အရေးမစိုက်ဟန်ဖြင့် နောက်ထပ် ‘တောင်ပိုင်းတောရိုင်းနွေဦး’ နှစ်အိုးကို ဆွဲထုတ်ကာ ကောင်တာပေါ်သို့ တင်လိုက်ပြန်သည်။
အကောင်းစားသေရည်နှစ်အိုးကိုမြင်သည်နှင့် အရက်သမား၏မျက်ဝန်းများ မီးဝင်းဝင်းတောက်လာတော့သည်။
သူက သေရည်တစ်အိုး လှမ်းယူမည်အပြုတွင် အဘိုးကြီးက သေရည်အိုးများကို သူ၏လက်ဖဝါးကြီးဖြင့် ခိုင်မြဲစွာဖိထားလိုက်သည်။
မျက်လုံးတစ်ဖက်လပ်အဘိုးကြီးက ရယ်မောလိုက်ပြီး...
“အရက်သမား... မင်း နန်မန်မြို့မှာပဲနေပြီး အရက်ပင်လယ်ထဲနစ်နေတော့မှာလား ၊ ပြင်ပလောကထဲ ခြေဆန့်လက်ဆန့်သွားချင်စိတ် မရှိဘူးလား ၊ လောကကြီးက ကျယ်ပြောပါတယ်ကွာ... ၊ ခေတ်အဆက်ဆက်မှာ သူရဲကောင်းတွေ ပေါ်ထွန်းနေတာ ၊ မင်း အပြင်လောကကို မသွားဘူးဆိုရင် ရေတွင်းထဲကဖားတစ်ကောင်လို ကောင်းကင်ကိုမော့ကြည့်နေရတဲ့ဘဝက လွတ်မှာမဟုတ်ဘူး ၊ ငါ့ရဲ့ အကောင်းစားအရက်တွေက တကယ့်သူရဲကောင်းတွေ ၊ ယောကျ်ားကောင်းတွေအတွက် သီးသန့်ထားတာ ၊ မင်းက ကျားမဟုတ်ဘဲ ကြောင်လေးလုပ်နေမယ်ဆိုရင်တော့... ငါ့ဆီ အရက်လာမသောက်နဲ့ ၊ အိမ်ပြန်ပြီးသာ အိပ်နေလိုက်တော့”