← Chapters

အဆင်ပြေပြေ ပူပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်

Vol. 10 Ch. 108

အဆင်ပြေပြေ ပူပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်

Vol. 10 Ch. 108

အရက်သမားလူငယ်ကတော့ မျက်လုံးတစ်ဖက်လပ်အဘိုးအို၏စကားများကြောင့် အနည်းငယ်ပင် စိတ်ဆိုးဟန် မရှိပေ။

သူက ရယ်မောလိုက်ပြီး ဝတ်ရုံထဲမှ လက်ဖဝါးအရွယ်ခန့် အနက်ရောင်တံဆိပ်ပြားကိုထုတ်ကာ ဘားကောင်တာပေါ်သို့ ပေါ့ပေါ့ပါးပါးပင် ပစ်တင်လိုက်သည်။

ထို့နောက် သူက ပေါ့ပါးသောလေသံဖြင့်...

“အဘိုးကြီး... ဒီအစုတ်အပြတ်တံဆိပ်ပြား ကျုပ်လက်ထဲရောက်နေတာကို မကျေနပ်လို့... ဒီလိုစကားတွေပြောနေတာ မဟုတ်လား”

သူက ကောင်တာပေါ် လက်ထောက်လိုက်ရင်း...

“ဒီမှာ... ကျုပ်ကို ဒီကထွက်သွားစေချင်ရင် လွယ်လွယ်လေးပဲ ၊ တင်နေသမျှ အရက်ကြွေးတွေအားလုံး လျှော်လိုက် ၊ ဒါဆို ခင်ဗျားဆန္ဒအတိုင်း စမ်းသပ်ပွဲကိုလိုက်သွားမယ်”

မျက်လုံးတစ်ဖက်လပ်အဖိုးအိုက...

“မင်း ဒီလောက်လွယ်လွယ်နဲ့ အကြွေးဆပ်လို့ရရိုးကွ ၊ အိပ်မက်မက်နေလိုက်...”

ထို့နောက် သူက ဆက်ပြောလိုက်သည်။

“ကောင်လေး... မင်းအဖေက မင်းကို ငါ့လက်ထဲအပ်သွားတာ ၊ ဒီတော့ မင်းဘဝတိုးတက်ဖို့ ငါက ကြည့်ရှုစောင့်ရှောက်ပေးရမှာပဲ ၊ ငါမျက်စိတ်မှိတ်ပြီး သေတွင်းထဲဝင်တဲ့နေ့ကျ မင်းကို စိတ်ချခဲ့ချင်တယ်”

“အဟက်...”

အရက်သမားက ရယ်ရုံသာရယ်နေပြီး မည်သည့်စကားမှ ထပ်မပြောတော့ဘဲ ကောင်တာထက်မှ သေရည်အိုးနှစ်လုံးကိုသာ စူးစိုက်ကြည့်နေလိုက်သည်။

မျက်လုံးတစ်ဖက်လပ်အဖိုးအိုနှင့် အရက်သမားလူငယ်တို့က အပြန်အလှန် ရိုင်းစိုင်းကြမ်းတမ်းစွာ အော်ဟစ်ပြောဆိုနေကြသော်လည်း သူတို့ကြားမှသံယောဇဉ်က နက်ရှိုင်းကြောင်း သိသာလှသည်။

သူတို့က မိသားစုချင်း ရင်းနှီးသူများဖြစ်ဟန်ရှိပြီး မျက်လုံတစ်ဖက်လပ်အဘိုးအိုက အရက်သမားလူငယ်အား တူရင်းသားရင်းပမာ သဘောထားဟန် ရှိသည်။

အရည်အချင်းရှိသူအများစုက မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲပြီး ထူးခြားဆန်းကြယ်သောစရိုက် ရှိတတ်ကြသည်။ ထို့ကြောင့် ခုန်မင်ကတော့ အရက်သမားလူငယ်အပေါ် အမြင်စောင်းခြင်း မရှိခဲ့ပေ။

ပြီးတော့ အရက်သမားလူငယ် ထုတ်ပြလိုက်သည့် တံဆိပ်ပြားက ဖီးနစ်နားခိုရာမျိုးနွယ်စု၏ စမ်းသပ်ပွဲတံဆိပ်ပြား ဖြစ်နေလေသည်။

အကယ်၍ ဤတံဆိပ်ပြားသာ တောရိုင်းဒေသတွင် ထွက်ပေါ်လာပါက မျိုးနွယ်စုများကြား သွေးချောင်းစီးတိုက်ပွဲပင် ဖြစ်လာနိုင်သည်။

သို့‌သော် အရက်သမားလူငယ်ကတော့ ထိုတံဆိပ်ပြားကို အသုံးမဝင်သည့်ပစ္စည်းတစ်ခုပမာ အရေးမစိုက်လှပေ။

ဟုတ်ပေ၏။

လူသားများ၏ဘဝက ရတာမလို လိုတာမရဖြင့် အိပ်မက်နောက်သို့လိုက်ရင်း စိတ်ပျက်စရာကောင်းစွာ အဆုံးသတ်ကြရသည်ပင်။

လူများစွာရှိနေသည့် အရက်ဘားထဲတွင် စမ်းသပ်ပွဲတံဆိပ်ပြားကို ထုတ်ပြလိုက်သည့် အရက်သမား၏ အပြုအမူက အမှန်ပင်ရဲတင်းလွန်းလှသည်။

အခြားသူများဆိုလျှင် တုန်လှုပ်သွားနိုင်သော်လည်း ခုန်မင်ကတော့ ပြုံးလျှက်သာပင်။

အဘိုးအိုက ခုန်မင်ကို လှမ်းကြည့်လိုက်ပြီးနောက် အရက်သမားဘက်သို့လှည့်လိုက်ပြီး...

“မင်း မသွားဘူးဆိုရင်... အဲဒီတံဆိပ်ပြားကို ဒီညီလေးကိုပဲ ပေးပစ်လိုက်တော့... ၊ ဒီညီလေးကတော့ မင်းလို ကလေကချေစိတ်ရှိပုံမရဘူး ၊ စမ်းသပ်ပွဲတံဆိပ်ပြားကို တန်ဖိုးထားမှာပဲ”

အဘိုးအိုစကားဆုံးသွားသည်နှင့် ခုန်မင်ကလည်း သူ့တွင်ရှိပြီးသားဖြစ်သော ဖီးနစ်နားခိုရာမျိုးနွယ်စု၏ စမ်းသပ်ပွဲတံဆိပ်ပြားကိုထုတ်ယူကာ ဘားကောင်တာပေါ်သို့ တင်လိုက်သည်။

ပြီးမှ တည်ငြိမ်အေးဆေးသောလေသံဖြင့်...

“ထျန်းယွမ်ကုန်းမြေက ကျယ်ပြောလွန်းတယ် ၊ ဒီလောက်ခမ်းနားတဲ့ လောကကြီးကို လှည့်လည်မကြည့်ရှုဘူးဆိုရင် လူဖြစ်ရတာ နှမျောစရာကောင်းမှာပဲ ၊ တစ်လောကလုံးကို ခြေဆန့်ပြီးမှ ဒီလောကကြီးကို ဘယ်နေရာက ငုံ့ကြည့်ရမလဲဆိုတာ သိနိုင်မယ်ထင်တယ် ၊ ဒီတောရိုင်းဒေသခရီးစဉ်က ကျွန်တော့်ရဲ့ ပထမဆုံးခြေလှမ်းပါပဲ”

ခုန်မင်၏စကားကိုကြားတော့ အဘိုးအိုက ရယ်မောလိုက်ပြီး...

“ကောင်လေး... မင်းကမှ တကယ်ရည်မှန်းချက်ကြီးတဲ့ ယောကျ်ားကောင်းပဲ ၊ ချီးကျူးတယ်ဟေ့...”

ထို့နောက် သူက ခုန်မင် ကောင်တာပေါ်တင်လိုက်သည့် စမ်းသပ်ပွဲတံဆိပ်ပြားနှင့်အတူ သေရည်တစ်အိုးကို ရှေ့သို့ တိုးပေးလိုက်ရင်း...

“ရော့... ဒီ 'တောင်ပိုင်းတောရိုင်းနွေဦး' အရက်က မင်းအတွက်ပဲ”

အရက်သမား “........”

ခုန်မင်လည်း အားမနာတော့ဘဲ သေရည်အိုးကိုချက်ချင်းယူလိုက်ပြီး အဖုံးဖွင့်ကာ မော့ဖေးတို့အုပ်စုဖြင့် တစ်လှည့်စီ မော့သောက်လိုက်ရာ တစ်ခဏအတွင်း အရက်များပြောင်စင်သွားတော့သည်။

ထိုမြင်ကွင်းကိုကြည့်နေသည့် အရက်သမားမှာ သွားရည်ကျလုမတတ်ဖြစ်သွားပြီး အဘိုးအိုကို မကျေမနပ်ဖြင့် လှမ်းကြည့်လိုက်သည်။

သူက ကောင်တာပေါ်သို့ ကိုယ်ကိုကိုင်းလိုက်ပြီး အဘိုးအို၏လက်ကိုဖယ်ကာ ကျန်ရှိသည့်သေရည်တစ်အိုးကို လုယူလိုက်သည်။

ပြီးမှ...

“အဘိုးကြီး... ကျုပ် တောရိုင်းဒေသကို သွားမယ်ဗျာ ၊ ဒီ 'တောင်ပိုင်းတောရိုင်းနွေဦး' တစ်အိုးကတော့ သေချာပေါက် ကျုပ်အတွက်ပဲ ၊ ဟိုကောင်တွေ သောက်သွားလို့ မဖြစ်ဘူး”

သူက ခုန်မင်ကို တစ်ချက်စောင်းကြည့်ရင်း...

“ဟွန်း... ကြွားလုံးထုတ် အပြောကောင်းရုံနဲ့ အရက်သောက်ရကြေးဆိုရင်... ကျုပ်လည်း အစောကြီးကတည်းက လျှာအရိုးမရှိတိုင်းလျှောက်ပြောပြီး ခင်ဗျားဂိုဒေါင်ထဲကအရက်တွေ အကုန်သောက်ပစ်ပါတယ်”

မျက်လုံးတစ်ဖက်လပ်အဖိုးအိုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ကောင်တာကို လက်ဖြင့်ပုတ်လိုက်ရာ အရက်သမားလူငယ်တင်ထားသည့် စမ်းသပ်ပွဲတံဆိပ်ပြားက လေထဲပျံဝဲသွားပြီး သေရည်အိုးအဖုံးထက်သို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။

အရက်သမားလူငယ်က တံဆိပ်ပြားကို ဝတ်ရုံထဲအသာပြန်ထည့်လိုက်ပြီး သေရည်အိုးအဖုံးကိုဖွင့်ကာ အငမ်းမရ မော့သောက်လိုက်တော့သည်။

တစ်ခဏအတွင်းမှာပင် အရက်တစ်အိုးလုံး ပြောင်စင်သွားလေသည်။

အချိန်တိုအတွင်း အရက်(၃)အိုး သောက်ထားသည့်တိုင် အရက်သမားက အရက်မူးဟန်မပြသေးပေ။

အရက်သောက်ပြီးမှ လူငယ်က ခုန်မင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး...

“မင်းတို့ ဘယ်တော့ခရီးထွက်မှာလဲ ၊ ငါ မင်းတို့ကို လာရှာလိုက်မယ်”

ခုန်မင်က တည်ငြိမ်စွာဖြင့်...

“မနက်ဖန်အရုဏ်တက် တောင်ဘက်သစ်တောအဝင်မှာ ဆုံမယ် ၊ မင်း နောက်ကျရင် ငါ စောင့်မနေဘူးနော်”

အရက်သမားလူငယ်က ဟက်ခနဲ တစ်ချက်ရယ်လိုက်ရင်း...

“စိတ်ချ... အချိန်မီစေရမယ် ၊ မင်းသာ စိတ်ပြောင်းမသွားစေနဲ့... ၊ ဒါနဲ့ မင်းကို ဘယ်လိုခေါ်ရမလဲ ငကြွားလေး... အဲလေ... သူဌေးလေး”

ခုန်မင်က ပြုံးလျှက်ပင်...

“ငါ့ကို ‘ခုန်အော့’ လို့ ခေါ်လို့ရတယ် ၊ မင်းကိုရော ဘယ်လိုခေါ်ရမလဲ... အရက်သမားလို့ပဲ ခေါ်ရမှာလား”

အရက်သမားလူငယ်က နှုတ်ခမ်းများတွန့်ကွေးသွားပြီး...

“တော်ပါ‌ဗျာ... ငါ့ကို ‘ရှန်တာ့’ လို့ ခေါ်လို့ရတယ် ၊ အဲဒါက နည်းနည်းပိုပြီး နားထောင်လို့အဆင်ပြေမယ်ထင်တယ်”

ခုန်မင်က ခေါင်းညိတ်လိုက်ပြီး ‘ရှန်တာ့’ ဘက်သို့ လက်ကမ်းပေးလိုက်ပြီး...

“ငါတို့ အဆင်ပြေပြေ ပူပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

ရှန်တာ့က အရေးမစိုက်ဟန် ဟက်ကနဲ တစ်ချက်ရယ်မောလိုက်သည်။

“အဲဒီကိစ္စကို တကယ့်အချိန်ရောက်မှာ ပြောကြတာပေါ့”

ပြောပြီးသည်နှင့် သူက ခုန်မင်၏လက်ကို ပြန်လည်ဆုပ်ကိုင်ခြင်းမပြုဘဲ စောစောက သူအိပ်နေခဲ့သော စားပွဲငယ်ရှိရာ လှည့်ထွက်သွားပြီး ဝတ်ရုံကိုခေါင်းမူးခြုံကာ တခေါခေါဖြင့် အိပ်မောကျသွားလေတော့သည်။

ရှန်တာ့၏အပြုအမူက “ရိုင်းစိုင်းသည်” ဟု ပြောနိုင်သည်။

ခုန်မင်ကတော့ သူ့အပြုအမူကြောင့် စိတ်နှောက်အယှက်ဖြစ်ဟန် မရှိခဲ့ပေ။ သို့သော် မော့ဖေးနှင့် အခြားသူများကတော့ ချက်ချင်းပင် ရှန်တာ့ကို ရန်လိုသောအကြည့်များဖြင့် စူးစိုက်ကြည့်လိုက်ကြသည်။

နတ်သားရဲမျိုးနွယ်များအတွက်တော့ ခုန်မင်က သူတို့၏အရှင်သခင်ဖြစ်သလို ကျေးဇူးရှင်လည်း ဖြစ်ပေသည်။

ဤ ‘ရှန်တာ့’ ဆိုသူက အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်မျှသာဖြစ်လေရာ ဒုတိယသခင်လေး၏ ရှေ့မှောက်တွင် မည်သို့သောအခွင့်အရေးဖြင့် ဤမျှမောက်မာနေရပါသနည်း။

သူက အရည်အချင်းရှိသည်ဆိုဦးတော့... ချောင်တတိယသခင်လေးထက် ပိုတော်နိုင်ပါမည်လား။ ဒုတိယသခင်လေးက ချောင်တတိယသခင်လေးကိုပင် အလဲထိုးခဲ့သူ ဖြစ်လေသည်။

ဤ ‘ရှန်တာ့’ ဆိုသူက ကောင်းကင်ဘယ်လောက်မြင့်သည် ၊ ကမ္ဘာမြေ ဘယ်လောက်ကျယ်သည်ကို မသိရှိသူပင်။

မော့ဖေးတို့အုပ်စုသာမက မော့ယွဲ့သည်လည်း မျက်မှောင်ကျုံ့လျှက် စူးရှသောအကြည့်များဖြင့် ‘ရှန်တာ့’ ကို စိုက်ကြည့်နေလေသည်။

အကယ်၍သာ ယူဂျီးန်သာ ဤနေရာတွင် ရှိနေပါက အ‌တော်လေး စိတ်သက်သာရာ ရသွားပေမည်။

အဘယ်ကြောင့်ဆိုသော် မော့ယွဲ့၏ ဒေါသတကြီး စိုက်ကြည့်ခြင်းကို ခံရသည့် ကံထူးသူမှာ သူတစ်ဦးတည်း မဟုတ်တော့သောကြောင့်ပင်။

ရှန်တာ့ကို ခုန်မင်တို့အုပ်စုနှင့် မိတ်ဆက်ပေးသူက မျက်လုံးတစ်ဖက်လပ်အဘိုးအိုဖြစ်သည်။

ခုန်မင်၏စိတ်ထဲ ရှန်တာ့ကို မည်သို့သဘောထားမည်မသိသော်လည်း မော့ဖေးတို့အုပ်စုကတော့ မကျေမနပ်ဖြစ်နေသည်မှာ သိသာလွန်းသည်။

ထို့ကြောင့် အဘိုးအိုက ပြေရာပြေကြောင်း ကြားဝင်စေ့စပ်ရတော့သည်။

အဘိုးအိုက ပြုံးလိုက်ပြီး...

“အားလုံးပဲ... သူ့ကို ခွင့်လွှတ်ပေးစေချင်ပါတယ် ၊ ဒီ အရက်သမားက ဒေါသကလည်းကြီး ၊ လူမှုရေးလည်း သိပ်နားမလည်ဘူး ၊ ဒါကြောင့် တစ်ခုခုမှားယွင်းစော်ကားမိတာရှိရင် စိတ်ထဲမထားကြပါနဲ့... ၊ ဒါပေမဲ့ တစ်ခုတော့ရှိတယ်... ဒီအရက်သမားက တောရိုင်းဒေသအကြောင်းကိုတော့ အူချေးအူခါးမကျန် နှံ့နှံ့စပ်စပ် အကုန်သိတာပါ ၊ မင်းတို့တွေ သူ့ကိုအတူခေါ်သွားလို့ စိတ်မပျက်စေရပါဘူး...”

ထို့နောက် သူက ခုန်မင်ကို အလေးအနက်ကြည့်လိုက်ပြီး...

“ကောင်လေး... မင်း စိတ်ချလို့ရပါတယ် ၊ အရက်သမားက တာဝန်ယူမှု တာဝန်ခံမှုရှိသလို စကားလည်းတည်ပါတယ် ၊ အခု မင်းနဲ့အတူခရီးထွက်မယ်လို့ သဘောတူလိုက်ပြီဆိုတော့ လုံးဝစိတ်ပြောင်းမှာ မဟုတ်ပါဘူး”

***

မှတ်ချက် -

ခုန်မင်က သူ့ကိုယ်သူ ခုန်အော့ (孔二) လို့ ပြောလိုက်တာက “ခုန်မိသားစုက ဒုတိယသား” ဆိုတဲ့အဓိပ္ပါယ်ပါ ၊ အရက်သမားက သူ့ကိုယ်သူ ရှန်တာ့ (沈大) လို့ပြောလိုက်တာက “ရှန်မိသားစုက သားအကြီးဆုံး” ဆိုတဲ့အဓိပ္ပါယ် __ ဘာသာပြန်သူ

All Chapters