← Chapters

ဒဏ္ဍာရီများစတင်သည့်နေ့

Vol. 10 Ch. 109

ဒဏ္ဍာရီများစတင်သည့်နေ့

Vol. 10 Ch. 109

ခုန်မင်က မျက်လုံးတစ်ဖက်လပ်အဘိုးကြီး၏စကားကိုနားထောင်ရင်း ခပ်ဖွဖွပြုံးလိုက်သည်။

“ဒီခရီးမှာ ရှန်တာ့ကို ကျွန်တော်နဲ့မိတ်ဆက်ပေးတာ ဆရာကြီး ကိုယ်တိုင်ပဲလေ ၊ ကျွန်တော်က ဆရာကြီးကို မိတ်ဆွေလို့သတ်မှတ်ထားမှတော့... ဘာများ စိုးရိမ်စရာအကြောင်းရှိမှာလဲ...”

သူက ဆက်ပြောလိုက်သည်။

“တကယ်တော့ ဟန်ဆောင်ပန်ဆောင်အပြုံးတွေထက်ဆာရင်... အခုလို ပွင့်လင်းရိုးသားတဲ့စရိုက်ကမှ အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်တာပါ ၊ ဖီးနစ်ကျဆုံးတောင်ကြား ခရီးစဉ်မှာ ကျွန်တော်တို့တွေ အချင်းချင်း ရိုးရိုးသားသားနဲ့သာ လက်တွဲသွားကြမယ်ဆိုရင် ဘာပြဿနာမှ မရှိနိုင်ပါဘူး ၊ ကျွန်တော်တို့ အောင်အောင်မြင်မြင်နဲ့ ပြန်လာမှာကိုသာ ဆရာကြီး စောင့်ကြိုနေလိုက်ပါ”

မျက်လုံးတစ်ဖက်လပ်အဘိုးအိုက ခေါင်းညိတ်လိုက်ပြီး...

“ငါ့သက်တမ်းတစ်လျှောက် လူပေါင်းစုံနဲ့ ကြုံခဲ့ဖူးတယ် ၊ ဒါပေမဲ့... ခုန်ညီလေးကို စတွေ့ကတည်းက သာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာ အလိုလိုသိနေခဲ့တယ် ၊ ‘ရှင်းယွင်’ လို အရက်သမားတစ်ယောက် မင်းလက်အောက်မှာ အလုပ်လုပ်ခွင့်ရရင် ငါ့ရင်ထဲ အပူတစ်ခု ငြိမ်းသွားမှာပဲ ၊ တစ်နေ့မှာ သူသာ အောင်မြင်ခဲ့မယ်ဆိုရင် ငါလည်း တမလွန်ရောက်ရင် ငါ့ညီလေးရှေ့ မျက်နှာပြနိုင်ပြီပေါ့”

အဘိုးအို၏စကားအရ ‘ရှန်တာ့’ ၏ အမည်ရင်းမှာ ‘ရှန်ရှင်းယွင်’ ဖြစ်ကြောင်း သိလိုက်ရသည်။

ပြီးတော့ ရှန်ရှင်းယွင်၏ဖခင်ကလည်း အဘိုးအို၏ညီဖြစ်နိုင်သည်။ ထို့ကြောင့်လည်း အဘိုးအိုက ရှန်ရှင်းယွင်အပေါ် ဤမျှဂရုစိုက်ပေးနေခြင်း ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ မျက်လုံးတစ်ဖက်လပ်အဘိုးအိုရော ရှန်ရှင်းယွင်ပါ နန်မန်မြို့တွင် သြဇာလွှမ်းမိုးနိုင်သူများ ဖြစ်ပုံရသဖြင့် ခုန်မင်အတွက် သူတို့နှင့်မိတ်ဖွဲ့ထားခြင်းက အကျိုးယုတ်မည် မထင်ပေ။

ထို့နောက်မှာတော့ အဘိုးအိုက ခုန်မင်တို့အုပ်စုအား အရက်ဖြင့် ထပ်မံဧည့်ခံလေသည်။ သို့သော် ခုန်မင်က ငြင်းပယ်ပြီး နှုတ်ဆက်ထွက်ခွာခဲ့လိုက်သည်။

မနက်ဖန် တောရိုင်းဒေသသို့ ခရီးထွက်မည်ဖြစ်ရာ ခရီးမထွက်ခင်တစ်ညအလိုမှာ မူးရူးနေ၍ မဖြစ်သေးပေ။

ခုန်မင်က ငြင်းဆန်တော့ အဘိုးအိုကလည်း အတင်းမတိုက်တွန်းပေ။ သို့သော် ခုန်မင်က အရက်ဖိုးပေးသည်ကိုတော့ သူက အပြင်းအထန် ငြင်းဆန်ခဲ့သည်။

ထို့ပြင် အဘိုးအို ခုန်မင်တို့အုပ်စုကို တလေးတစားဖြင့် “ခွန်အားကြီး” အရက်ဘား အပြင်ဘက်အထိ လိုက်ပါပို့ဆောင်ပေးခဲ့သည်။

အဘိုးအိုက မော့ဖေးတို့အုပ်စုအားလည်း ညီရင်းအစ်ကိုများလိုသဘောထားပြီး ခင်ခင်မင်မင်ဆက်ဆံသဖြင့် ၊ မော့ဖေးတို့ရင်ထဲမှ ရှန်ရှင်းယွင်နှင့်ပတ်သက်သည့် မကျေနပ်ချက်များလည်း လျော့ပါးသွားခဲ့ရသည်။

မျက်လုံးတစ်ဖက်လပ်အဘိုးအိုကို ခင်မင်လေးစားသည့်စိတ်ကြောင့် ရှန်ရှင်းယွင်ကိုပင် အရင်လောက် မျက်စိစပါးမွှေးမစူးတော့ပေ။

အဘိုးအို ဘားထဲသို့ပြန်ဝင်သွားချိန်မှာတော့ မော့ဖေးက ခုန်မင်နားနားကပ်ပြီး စကားဆိုလိုက်သည်။

“သခင်လေး... ဒီအဘိုးကြီးကြည့်ရတာ အရင်က ကြေးစားသက်တော်စောင့်တစ်ယောက် ဖြစ်နိုင်တယ်နော်... ၊ ကြည့်ရတာ ကြေးစားလောကကအနားယူပြီး အရက်ဘားဖွင့်ထားတာ ဖြစ်ရမယ်”

ခုန်မင်က ခေါင်းညိတ်လိုက်ပြီး...

“အင်း... ငါလည်း အဲဒီလိုထင်မိပါတယ် ၊ ဒါပေမဲ့ ရှန်ရှင်းယွင်က စမ်းသပ်ပွဲလက်မှတ်ကို ကိုယ်တိုင်အရယူနိုင်ခဲ့တယ်ဆိုကတည်းက သာမန်မဟုတ်တာ သေချာတယ် ၊ သူ့ကို ကောင်းကောင်းအသုံးချနိုင်ရင် ငါတို့အတွက် အားကိုးရတဲ့လက်ရုံးတစ်ဆူ ဖြစ်လာလိမ့်မယ်”

မော့ဖေးက ခေါင်းညိတ်လိုက်ပြီး...

“သခင်လေးကိုယ်တိုင် အခြေအနေကိုနားလည်တယ်ဆိုတော့ ကျုပ်စိတ်အေးရပါပြီ ၊ သူတို့ဘက် သခင်လေးအပေါ် သစ္စာရှိမယ်ဆိုရင် အကောင်းဆုံးပါပဲ ၊ တကယ်လို့ သူတို့မှာ မရိုးသားတဲ့အကြံအစည်ရှိတယ်ဆိုရင်တော့... ကျုပ်လက်က ပြေးမလွတ်နိုင်ပါဘူး”

ခုန်မင်က ပြုံးရင်း မော့ဖေး၏ပခုံးကိုပုတ်လိုက်သည်။

“အဲဒီလောက်ကြီးလည်း မဖြစ်ပါနဲ့ ၊ သူတို့တွေ ငါတို့ကို ဒုက္ခပေးနိုင်လောက်တဲ့အထိ မစွမ်းပါဘူးကွာ”

မော့ဖေးက ခေါင်းညိတ်လိုက်ပြီး...

“ဘာပဲဖြစ်ဖြစ် သခင်လေးကို အသက်စွန့်ကာကွယ်ပေးဖို့က ကျုပ်တို့ညီနောင်တွေရဲ့ တာဝန်ပါပဲ”

မော့ဖေးစကားဆုံးသည်နှင့် ကျန်ရှိသော သက်တော်စောင့်(၅)ကလည်း သစ္စာစောင့်သိမှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

စကားတပြောပြောဖြင့် သူတို့အုပ်စု တည်းခိုဆောင်သို့ ပြန်လည်ရောက်ရှိလာလေသည်။

ခုန်မင်တို့ပြန်ရောက်လာသည်နှင့် လိုအပ်သည့်ပြင်ဆင်မှုများအားလုံး ပြုလုပ်ပြီးစီးကြောင်းနှင့် အချိန်မရွေးခရီးထွက်နိုင်ပြီဖြစ်ကြောင်း ခုန်အားဖူက လာရောက်အစီရင်ခံသည်။

ခုန်မင်က ခုန်အားဖူစီစဉ်ပေးသည့် ရိက္ခာနှင့် လိုအပ်သောပစ္စည်းများအားလုံးကို တိုရီယာလက်စွပ်ထဲ ထည့်သွင်းသိမ်းဆည်းလိုက်၏။

ထို့နောက် “ခွန်အားကြီး” အရက်ဘားနှင့် မျက်လုံးတစ်ဖက်လပ်အဘိုးအိုအကြောင်း ခုန်အားဖူအား အသေးစိတ်မေးမြန်းလိုက်သည်။

မော့‌ဖေး ခန့်မှန်းသည့်အတိုင်းပင် ဖြစ်သည်။

မျက်လုံတစ်ဖက်လပ်အဘိုးကြီးက တစ်ချိန်က “ခွန်အားကြီး ကြေးစားတပ်ဖွဲ့” ၏ တပ်မှူးဟောင်းဖြစ်ပြီး “ကြေးစားစစ်သည်ဘုရင်” ဟု နာမည်ကြီးခဲ့ဖူးသည်။

သူ၏အမည်ရင်းက ‘လျဲ့နန်’ ဖြစ်၏။

သို့သော် အသက်အရွယ်ရလာပြီးနောက် လျဲ့နန်က ကြေးစားလောကမှ အနားယူခဲ့ပြီး နန်မန်မြို့၏ အကြီးဆုံးအရက်ဘားတစ်ခုကို ဝယ်ယူကာ “ခွန်အားကြီး” အရက်ဘားအဖြစ် အမည်ပြောင်းလဲ ဖွင့်လှစ်ခဲ့သည်။

ထိုနေရာက မြို့ထဲမှ ကြေးစားစစ်သည်များ ၊ သတင်းသမားများနှင့် စွန့်စားသွားလာသူများ အများဆုံးစုဝေးရာနေရာ ဖြစ်လာခဲ့သည်။

လျဲ့နန်က အနားယူသွားပြီဆိုသော်လည်း နန်မန်မြို့တစ်ခွင် သူ၏သြဇာလွှမ်းမိုးမှုက ကျန်ရှိနေဆဲ ဖြစ်၏။

“အရက်သမား” ဟု လူသိများသည့် “ရှန်ရှင်းယွင်” သည်လည်း နန်မန်မြို့မှ နာမည်ကြီးတစ်ယောက် ဖြစ်သည်။

သူက ဤမြို့တွင် အထီးကျန်အဆန်ဆုံးနှင့် တစ်ကိုယ်တည်းအရပ်တည်ဆုံး ကြေးစားစစ်သည်အဖြစ် ကျော်ကြားသည်။

ရှန်ရှင်းယွင်က အလုပ်လုပ်သည့်အခါ မည်သူနှင့်မှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပေ။ သို့သော် အခက်ခဲဆုံး ကြေးစားအလုပ်များကိုပင် တစ်ကိုယ်တော်လုပ်ဆောင်ခဲ့ပြီး ကျရှုံးသည်ဟူ၍ တစ်ခါမှမရှိခဲ့ပေ။

ရှန်ရှင်းယွင်သာ လူများနှင့်ဝေးကွာသည့်နေရာတွင် ကင်းကင်းရှင်းရှင်းနေလိုသော ထူးဆန်းသည့်စရိုက်မရှိလျှင် လျဲ့နန်၏ “ကြေးစားစစ်သည်ဘုရင်” ဆိုသောဘွဲ့က သူ့ထံသို့ရောက်ရှိလာမည်မှာ အသေအချာပင်။

ယခုကဲ့သို့ ခုန်မင်တို့အုပ်စုနှင့် ခရီးအတူသွားရန် သဘောတူလိုက်ခြင်းမှာ သူ့ဘဝတွင် တစ်ခါမှမကြုံစဖူး ပထမဆုံးအကြိမ် ဖြစ်သည်။

ရှန်ရှင်းယွင် အုပ်စုတစ်စုနှင့် ပူး‌ပေါင်းလှုပ်ရှားမည်ဆိုသော သတင်းသာ ပျံ့နှံ့သွားပါက ကြေးစားလောကတစ်ခုလုံး အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြပေမည်။

ခုန်အားဖူသည်လည်း သခင်လေးနှင့်စကားပြောရင်း အံ့အားသင့်လျှက်ရှိသည်။

ဒုတိယသခင်လေးက အပြင်သို့ခဏတဖြုတ်ထွက်သွားရုံဖြင့် နန်မန်မြို့ ကြေးစားလောက၏ သြဇာအကြီးဆုံးပုဂ္ဂိုလ်နှစ်ယောက်နှင့် အဆက်အသွယ် ရလာခဲ့သည်။

“ဘယ်နေရာမှာမဆို တော်တဲ့လူက တော်တာပါပဲလေ”

ဟု ခုန်အားဖူ စိတ်ထဲမှ တွေးလိုက်မိ၏။

ကြည့်ရသည်မှာ လူတော်များက အချင်းချင်း မသိမသာ ဆွဲဆောင်နိုင်စွမ်း ရှိကြဟန်တူသည်။

ဟုတ်ပေ၏။

လျဲ့နန်က ခုန်မင်ကို စတွေ့တွေ့ချင်းမှာပင် ရင်းနှီးသလို ခံစားခဲ့ရသည်။

တစ်သက်လုံး ဓားသွားထက်လမ်းလျှောက်ပြီး သေဘေးနှင့်ရင်ဆိုင်လာခဲ့ရသော လျဲ့နန်အတွက် သဘာဝလွန် အာရုံခံစားမှုရှိနေသည်မှာ မဆန်းလှပေ။

သူ၏ပင်ကိုယ်သိစိတ်က ခုန်မင်ကို သဘောကျနေသဖြင့် မိတ်ဆွေတစ်ယောက်လိုသဘောထားပြီး ဆက်ဆံခဲ့ခြင်း ဖြစ်လေသည်။

***

ညက တဖြည်းဖြည်းရွေ့လျားနေပြီး နံနက်ခင်းဆီသို့ ဦးတည်နေလေသည်။

ရှန်ရှင်းယွင်တစ်ယောက် သေရည်အိုးတစ်အိုးနှင့်အတူ “ခွန်အားကြီး” အရက်ဘား ခေါင်မိုးထက်တွင် တစ်ယောက်တည်း ထိုင်လျှက်ရှိသည်။

သူက ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်ရင်း သေရည်တကျိုက်မော့သောက်လိုက်ပြီး လက်ထဲတွင်ရှိနေသည့် စမ်းသပ်ပွဲလက်မှတ်ကို တစ်ချက်ပွတ်သပ်လိုက်သည်။

သူက ခုန်မင်ကို ထူးခြားသူတစ်ယောက်ဟု မြင်မိသည်။ ထို့ကြောင့်သာ သူတို့အုပ်စုနှင့်လိုက်သွားရန် သဘောတူခဲ့ခြင်းပင်။

သူသာ စိတ်မပါလျှင် လျဲ့နန် ကြားဝင်ပြောပေးသည်ကိုအသာထား ၊ မိုးနတ်မင်းဆင်းလာပြီး ပြောလျှင်တောင် တစ်ကိုယ်တော်ကြေးစား “အရက်သမား” က ခုန်မင်တို့အုပ်စုနှင့် ပူးပေါင်းမည် မဟုတ်ပေ။

ပြီးတော့ ခုန်မင်နှင့် မတွေ့ဆုံခဲ့လျှင် ရှန်ရှင်းယွင်က ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲကို အသက်နှင့်ရင်းပြီး ဝင်ရောက်ရန် အတော်စဉ်းစားရမည်ဖြစ်သည်။

ဟုတ်ပေ၏။

သူက ရည်မှန်းချက်နည်းသူ မဟုတ်ပေ။ ထို့ကြောင့်လည်း စမ်းသပ်ပွဲလက်မှတ်ကို ရအောင်ယူထားခြင်း ဖြစ်သည်။ သို့ပေသိ ခုန်မင်တို့အုပ်စုနှင့် မတွေ့ခင်အထိ ဆုံးဖြတ်ချက်ချရန် ချီတုံချတုံ ဖြစ်နေခဲ့သည်ပင်။

ခုန်မင်ရောက်လာခြင်းက သူ့အတွက် ထူးခြားသည့်ခံစားချက်တစ်ခု ပေးသောကြောင့်သာ ထိုလူငယ်နှင့်အတူ လိုက်ပါသွားရန် ဆုံးဖြတ်လိုက်ခြင်းပင်။

ရှန်ရှင်းယွင်က ခုန်မင်ရှေ့တွင် တမင်တကာ ရိုင်းစိုင်းကြမ်းတမ်းသလို ဟန်ဆောင်ခဲ့ခြင်းကလည်း သူ့နည်းသူ့ဟန်ဖြင့် စမ်းသပ်ကြည့်ခဲ့ခြင်းသာ ဖြစ်၏။

အသေးအဖွဲကိစ္စလေးများကိုပင် ခုန်မင်က သဘောထားမကြီးနိုင်ပါက သူ့အတွက် ဤတောရိုင်းဒေသခရီးစဉ်က မသွားတာကမှ အေးပေဦးမည်။

ရှန်ရှင်းယွင် သက်ပြင်းချရင်း နောက်ထပ်သေရည်တစ်ကျိုက် မော့သောက်လိုက်ပြန်သည်။

ဤသည်က မမြင်ရသော ကံကြမ္မာလက်တစ်စုံ၏ နောက်ကွယ်မှ ဖန်တီးမှုလည်း ဖြစ်နိုင်သည် မဟုတ်ပါလား။

***

ညတာက တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့လေသည်။

နောက်တစ်နေ့ နံနက်စောစောမှာတော့ ခုန်မင်က မော့မျိုးနွယ်မောင်နှမ ၊ အခြားသော နတ်သားရဲမျိုးနွယ်များနှင့်အတူ တောရိုင်းဒေသသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

ခုန်မင်တို့အုပ်စုနှင့်အတူ ခရီးထွက်လာသည့် ကုန်သည်အအုပ်စုကတော့ နန်မန်မြို့တွင်ပင် ပုံမှန်စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် ကျန်ရစ်ခဲ့ကြပြီ ဖြစ်သည်။

နန်မန်မြို့မှ တောင်ဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ရာ မကြာမီ တောရိုင်းဒေသ အဝင်ဝသို့ ရောက်ရှိလာလေသည်။

နံနက်ခင်း မြူခိုးများက ကျဆင်းနေဆဲ ဖြစ်လေသည်။

မြူခိုးများအလယ်တွင် သူတို့ရှေ့မှ တောရိုင်းဒေသ တောအုပ်ကြီးက ဝေးဝါးလှုပ်ခတ်နေသယောင် ထင်မှတ်ရသည်။

မော့ဖေးက အသက်ဝဝ ရှူသွင်းလိုက်ပြီး ခုန်မင်ကိုလှမ်းကြည့်လိုက်သည်။

“အား... သခင်လေးရာ... တောအုပ်ရဲ့ သဘာဝရနံ့ကို ရှူရှိုက်လိုက်၇တာ တကယ့်ကို စိတ်လက်ကြည်လင်ပြီး အားအင်တွေတိုးလာသလိုပဲ”

ထိုအချိန် ပျင်းရိပျင်းတွဲ အသံတစ်သံ ထွက်ပေါ်လာလေသည်။

“တောအုပ်ထဲက ကြောက်စရာသားရဲတွေ လိုက်သတ်တာခံရရင်လည်း အခုလိုစကားမျိုးပြောနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ကွာ”

စကားသံဆုံးသွားသည်နှင့် တောအုပ်အဝင်ဝရှိ သစ်ပင်ကြီးတစ်ပင်ထက်မှ အနက်ရောင်ဝတ်လူတစ်ယောက် ရိပ်ခနဲ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။

ထိုသူက ရှန်ရှင်းယွင်ပင် ဖြစ်လေသည်။

All Chapters