← Chapters

ခရီးထွက်ပြီ

Vol. 10 Ch. 110

ခရီးထွက်ပြီ

Vol. 10 Ch. 110

မနေ့က ချိန်းဆိုထားသည့်အတိုင်း ရှန်ရှင်းယွင်က ကတိမပျက်ခဲ့ပေ။ သတ်မှတ်ထားသည့်အချိန်တွင် အရောက်လာခဲ့သည်ပင်။

မော့ဖေးက ရှန်ရှင်းယွင်ကို နဂိုကတည်းကအမြင်မကြည်သဖြင့် အေးစက်စွာပင် တုံ့ပြန်လိုက်သည်။

“ငါတို့ နတ်သားရဲမျိုးနွယ်တွေက ဒီတောရိုင်းဒေသမှာ နှစ်ပေါင်းသောင်းနဲ့ချီပြီး နေလာခဲ့တာ ၊ ဒီတောအုပ်ထဲမှာ ဘယ်လိုရှင်သန်ရမလဲဆို ကောင်းကောင်းသိတယ် ၊ ဒီကလူကြီးမင်း စိုးရိမ်ပေးစရာမလိုဘူး”

ရှန်ရှင်းယွင်က ခပ်တိုးတိုး ရယ်မောလိုက်ရင်း...

“အခုဆိုရင် တောရိုင်းဒေသမျိုးနွယ်စုတစ်ရာထဲမှာ ‘နတ်သားရဲမျိုးနွယ်’ ဆိုတာ ရှိသေးလို့လား ၊ ငါက စိုးရိမ်ပေးချင်ရင်တောင် ဘယ်နေရာကစပြီး စိုးရိမ်ရမလဲ မသိဘူးဖြစ်နေတယ်”

ရှန်ရှင်းယွင်၏စကားက မော့ဖေးတို့အုပ်စုအား အကြီးအကျယ် ရန်စလိုက်သလို ဖြစ်သွားသည်။

မော့ဖေးက ရှန်ရှင်းယွင်ကို စူးစိုက်ကြည့်လိုက်သည်။

သူ၏ ကြေးနီနှင့် သံမဏိသဖွယ် သန်မာလှသောကြွက်သားများက တစ်ခုချင်း ထောင်ထွက်လာတော့သည်။ ရှန်ရှင်းယွင်သာ နောက်ထပ် ရိုင်းပျသည့်စကားမျိုး ထပ်ပြောလာပါက မော့ဖေး တိုက်ခိုက်တော့မည်ပင်။

နတ်သားရဲမျိုးနွယ်တို့၏ မွေးရာပါခွန်အားကြီးမှုနှင့်ပြည့်စုံသော မော့ဖေးက ဆရာသခင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ကောင်းကောင်းယှဉ်နိုင်သည်။

ယခု တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်ကို ကျင့်ကြံထားပြီဖြစ်ရာ သူ၏ခွန်အားက ပိုမိုကြီးမားလာနေပြီဖြစ်သည်။

မော့ဖေး၏တိုးတက်မှုက မော့ယွဲ့ကိုမမီသော်လည်း ကိုယ်ဟန်အနေအထား(၉)ခုတွင် (၆)ခုကို ကျွမ်းကျင်ပိုင်နိုင်နေပြီဖြစ်ရာ ဒြပ်စင်စွမ်အားဆရာသခင် ကနဦးအဆင့်နှင့် တူညီနေပေပြီ။

သူ့အနေဖြင့် ရှန်ရှင်းယွင်ကဲ့သို့ အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ကို သူသေကိုယ်သေတိုက်ခိုက်ရန် ဝန်လေးမည် မဟုတ်ပေ။

ထို့ပြင် ခုန်မင်၏ခွင့်ပြုချက်ဖြင့် မော့ဖေးက စိတ်ချရယုံကြည်ရသည့် နတ်သားရဲမျိုးနွယ် ကိုယ်ရံတော်များကို “တိမ်လွှာလေးပြင်းရုပ်ခန္ဓာကျင့်စဉ်” အခြေခံကို သင်ကြားပေးထားသည်။

ယခု တောရိုင်းဒေသသို့လိုက်လာသည့် ကိုယ်ရံတော်(၅)ယောက်လုံးက ထိုကျင့်စဉ်ကို ကျင့်ကြံထားကြသည်ပင်။ ထို့ကြောင့် ကိုယ်ရံတော်(၅)ယောက်၏ စွမ်းအားက မော့ဖေးကိုမမီသည့်တိုင် အားနည်းသည်ဟု မဆိုသာပေ။

နောက်တစ်ချက်မှာ တောရိုင်းဒေသသို့ ခရီးမထွက်ခင် ခုန်မင်က မော့ဖေးတို့(၆)ယောက်အား ပူးပေါင်းတိုက်ခိုက်ရေးစနစ်တစ်ခုဖြစ်သော “ပန်းခြောက်လွှာ စစ်သည်ဗျူဟာ” ကိုလည်း အထူးတလည် သင်ကြားပေးထားသေးသည်။

ဤ 'ပန်းခြောက်လွှာ စစ်သည်ဗျူဟာ' ဆိုသည်မှာ “အဋ္ဌဂံဝင်္ကပါဗျူဟာ” ကို အခြေခံထားသည့် ရိုးရှင်းသော တိုက်ပွဲဗျူဟာတစ်ခု ဖြစ်သည်။

မော့ဖေးတို့အုပ်စု ဤဗျူဟာကို အသုံးပြုတိုက်ခိုက်မည်ဆိုပါက သူတို့၏စုပေါင်းအင်အားမှာ ငါးဆ ခြောက်ဆ အထိ မြင့်တက်လာပေမည်။

ထို့ကြောင့် ရှန်ရှင်းယွင်က ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့် အထွက်ထိပ်သို့ ရောက်နေပါစေ ၊ မော့ဖေးတို့အုပ်စုက ရဲရဲဝံ့ဝံ့ ယှဉ်ပြိုင်တိုက်ခိုက်ရဲပေသည်။

သို့သော် မော့ဖေးတို့အုပ်စုက ရှန်ရှင်းယွင်၏ ရိုင်းပျမှုကို မကျေနပ်ကြသည့်တိုင် ခုန်မင်ထံမှ အမိန့်မရသရွေ့ စိတ်လိုက်မာန်ပါ စတင်တိုက်ခိုက်မည် မဟုတ်ပေ။

ထိုအချိန်ခုန်မင်က ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး တည်ကြည်သည့်မျက်နှာထားဖြင့် ရှန်ရှင်းယွင်ကို ကြည့်လိုက်သည်။

“အခု ငါတို့က အတူပူးပေါင်းမယ်ဆိုပေမယ့်... မင်းအနေနဲ့ ငါ့ရဲ့ညီနောင်တွေအပေါ် ဆက်ပြီးရိုင်းပျနေမယ်ဆိုရင် ပူးပေါင်းရာကနေ တိုက်ခိုက်တဲ့အဆင့်ရောက်သွားလိမ့်မယ်”

ခုန်မင်၏မျက်နှာအမူအရာက တည်ငြိမ်နေပြီး ထွက်ပေါ်လာသည့်စကားသံကလည်း ခန့်ညားထည်ဝါသည့်ရောင်ဝါတစ်ခု ထင်ဟပ်နေသည်။

ဘယ်သူ့မှမကြောက်သည့် တစ်ကိုယ်တော်ကြေးစား ရှန်ရှင်းယွင်သည်ပင် ကျောရိုးထဲစိမ့်သွားပြီး မသိမသာ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

ရှန်ရှင်းယွင်က ကြောက်စိတ်ကို ချက်ချင်းပြန်လည်ထိန်းချုပ်လိုက်‌သော်လည်း ရင်ထဲ အတော်လေး တုန်လှုပ်သွားမိသည်။

“ခုန်အော့” ဆိုသည့် ဤလူငယ်လေးက ကောလဟလများထက်ပင် ပိုမိုထူးခြားသည့် ပါရမီရှင်တစ်ယောက် ဖြစ်နေသည် မဟုတ်လား။

နန်မန်မြို့က တောရိုင်းဒေသနှင့်နီးကပ်ပြီး သတင်းအချက်အလက်များစုစုံရာနေရာ တစ်ခုဖြစ်သည်။ သို့ဖြစ်ရာ ခွန်းကာမြို့မှ နာမည်ကျော် ‘ခုန်ဒုတိယသခင်လေး’ အကြောင်းကိုလည်း သိရှိထားကြသည်ပင်။

မနေ့က ခုန်မင်က မိမိကိုယ်ကို ‘ခုန်အော့’ ဟု မိတ်ဆက်ပေးကတည်းက ဤလူငယ် မည်သူမည်ဝါဖြစ်ကြောင်းလျဲ့နန်ရော ရှန်ရှင်းယွင်ပါ ရိပ်မိခဲ့သည်ပင်။

သူတို့အနေဖြင့် ဤမျှလောက်မသိလျှင်လည်း ကြေးစားလောကတွင် ကြာရှည်စွာ ရပ်တည်နိုင်မည် မဟုတ်ပေ။

ဟုတ်ပေ၏။

ခုန်အိမ်တော်မှ ဒုတိယသခင်လေး၏ဂုဏ်သတင်းက ကြီးကျယ်သည်မှန်သော်လည်း ရှန်ရှင်းယွင်လို နန်မန်မြို့မှ အင်အားကြီးပုဂ္ဂိုလ်တစ်ယောက်ကို အကြောက်တရားဖြင့် လွှမ်းမိုးရန်တော့ မလုံလောက်သေးပေ။

အထူးသဖြင့် ရှန်ရှင်းယွင်က ခုန်မင်၏ ပါရမီရှင်ဆို‌သော ကျော်ကြားမှုကို လုံးဝလက်ခံနိုင်ခြင်း မရှိပေ။

ဤလူငယ်လေး မည်မျှပါရမီရှိပါစေ ကျယ်ပြောလှသောလောကကြီးတွင် ပါရမီရှင်ဆို၍ သူတစ်ယောက်တည်းရှိသည်မဟုတ်ပေ။

သို့သော် ယခု ခုန်မင်က အရှိန်အဝါအနည်းငယ် ထုတ်ဖော်ပြလိုက်ရုံဖြင့် ရှန်ရှင်းယွင်စိတ်ထဲ ကြောက်စိတ် အပိုင်းအစလေး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဤသည်က အလွန်ထူးဆန်းသည်ပင်။

ရှန်ရှင်းယွင်အနေဖြင့် ခုန်မင်ကို မကျေမနပ်ဖြစ်မိသည့်တိုင် အနည်းငယ်ပင် လျှော့တွက်ရဲခြင်း မရှိတော့ပေ။

ခုန်မင်၏ အတိတ်ဘဝကိုပြန်ကြည့်မည်ဆိုလျှင် သူက ရှူဟန့်တိုင်းပြည်၏ အမတ်ချုပ်ကြီးအဖြစ် စစ်ရေးနှင့် နိုင်ငံရေး အာဏာများကို တစ်ယောက်တည်း ချုပ်ကိုင်ခဲ့သူ ဖြစ်၏။

သူ၏ ငှက်မွှေးယပ်တောင် ညွှန်ပြလိုက်သည်နှင့် သိန်းနှင့်ချီသည့် စစ်သည်တော်များ ချီတက်တိုက်ခိုက်ကြပြီး မည်သူတစ်ဦးတစ်ယောက်မှ အမိန့်မနာခံဝံ့သူ မရှိကြ‌ပေ။

သို့ဖြစ်ရာ အထက်တန်းကျသည့် အုပ်ချုပ်သူတစ်ယောက်၏ သဘာဝအလျှောက်ရှိနေသော အရှိန်အဝါကို ရှန်ရှင်းယွင်အနေဖြင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။

ရှန်ရှင်းယွင် စိတ်ခံစားချက်များကို ဖိနှိပ်လိုက်သည်။ သူက ခုန်မင်ရှေ့မှောက်တွင် သိက္ခာမကျချင်ပေ။

ရှန်ရှင်းယွင် ချက်ချင်းပင် ရယ်မောလိုက်ပြီး...

"ခုန်သူဌေးလေး... ကျုပ်တို့ တောရိုင်းဒေသကိုလာတာ ပစ်မှတ်က ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့နယ်မြေပဲ မဟုတ်လား ၊ ဒီတော့ အနောက်တောင်ဘက်ကို ဦးတည်တာ အကောင်းဆုံးဖြစ်လိမ့်မယ် ၊ အဲဒီဘက်မှာနေထိုင်တဲ့ မျိုးနွယ်စုတွေက ပြင်ပလောကနဲ့ အဆက်အသွယ်ရှိကြတယ် ၊ အပြင်လူတွေကို သိပ်ပြီး ရန်မမူတတ်ကြတော့ အတားအဆီးနည်းနည်း သက်သာနိုင်တယ်”

ခုန်မင်က ခေါင်းညိတ်ခြင်းမပြုဘဲ ရှန်ရှင်းယွင်ကို စူးစိုက်ကြည့်ရင်း...

"အနောက်တောင်ဘက်လား... မနေ့က ဆရာကြီး’လျဲ့’ ပြောတာတော့ လူချောလေးတစ်ယောက်လည်း အဲဒီဘက်ကိုထွက်သွားတယ်တဲ့ ၊ ပြီးတော့ ကျွမ်းကျင်တဲ့ လမ်းပြတွေလည်း ပါတယ်လို့ပြောတယ် ၊ ငါက ဒီခရီးစဉ်ကို အေးအေးဆေးဆေးပဲ ဖြစ်စေချင်တယ် ၊ မဆိုင်တဲ့သူတွေနဲ့ မဆုံချင်ဘူး”

ရှန်ရှင်းယွင်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ရင်း...

“အဲဒီ လမ်းပြဆိုတဲ့လူတွေက တောရိုင်းဒေသအကြောင်း သိတာချင်းယှဉ်ရင် ငါ့ကို ဘယ်လိုလုပ်မီမှာလဲ ၊ တောရိုင်းဒေသက အနောက်တောင်ဒေသတစ်ခုတည်းတင် မိုင်ပေါင်းထောင်ချီ ကျယ်တာဗျ ၊ အဲဒီလမ်းပြတွေက လူအသွားများတဲ့ လမ်းဟောင်းတွေပဲသိတာ ၊ ငါက သာမန်လမ်းပြတွေမသိနိုင်တဲ့ လျှို့ဝှက်လမ်းက သွားမှာလေ”

ခုန်မင် စကားပြန်မပြောခင် မော့ဖေးက အေးစက်သည့်လေသံဖြင့် ကြားဖြတ်ပြောလိုက်သည်။

“ငါတို့ နတ်သားရဲမျိုးနွယ်တွေက တောရိုင်းဒေသမှာ နှစ်ပေါင်းသောင်းချီပြီး နေထိုင်လာတာ ၊ အနောက်တောင်ဘက်မှ မဟုတ်ဘူး ၊ တစ်တောလုံး ငါတို့မသိတဲ့နေရာ မရှိဘူး ၊ ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ အခြေစိုက်စခန်းကို သွားချင်ရင် အနောက်ဘက်ကသွားတာ ပိုတောင်နီးသေးတယ်"

ပုံမှန်ဆိုလျှင် မော့ဖေးက စကားနည်းသူဖြစ်သော်လည်း ယခု ရှန်ရှင်းယွင်ကို စိန်ခေါ်လိုသဖြင့် ဝင်‌ပြောလိုက်ခြင်း ဖြစ်၏။

သို့သော် ရှန်ရှင်းယွင်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး...

“အနောက်ဘက်ကသွားရင် ချီတိမျိုးနွယ်စုတွေရဲ့နယ်မြေကို ဖြတ်သွားရမှာလေ ၊ မင်းတို့အတွက် အဆင်ပြေမှာလား”

နတ်သားရဲမျိုးနွယ်များကို ချီတိမျိုးနွယ်စုက ချေမှုန်းလိုက်သည်ဆိုသောသတင်းကို နန်မန်မြို့မှ ကြေးစားတိုင်း သိရှိကြသည်ပင်။

ယခုလို ချီတိမျိုးနွယ်စုအကြောင်း ထည့်ပြောလိုက်ခြင်းက မော့ဖေးတို့အုပ်စုကို လှောင်ပြောင်လိုသည့်ရည်ရွယ်ချက်ဖြင့် ထိုးနှက်လိုက်ခြင်းသာ ဖြစ်သည်။

ရှန်ရှင်းယွင်၏စကားကြောင့် မော့ဖေး ဒေါသထွက်သွားသလို စိတ်မကောင်းလည်း ဖြစ်သွားရသည်။

သို့သော် နတ်သားရဲမျိုးနွယ်စုကို ချီတိမျိုးနွယ်စုက အနိုင်ယူဖျက်ဆီးခဲ့သည်ဆိုသောအချက်က အမှန်တရားဖြစ်လေရာ ရင်ထဲတွင် ဒေါသမီးလောင်ကျွမ်းနေပါသော်လည်း ပြန်လည်ချေပစရာစကား ထွက်မလာခဲ့ပေ။

မည်သို့ပင်ဖြစ်စေ အဖွဲ့ခေါင်းဆောင်က ခုန်မင်ပင်ဖြစ်သည်။

သူက ပေါ့ပါးသည့်လေသံဖြင့်...

“ဒါဖြင့် အနောက်ဘက်ကပဲ သွားကြမယ်”

စကားဆုံးသည်နှင့် ခုန်မင်က ရှေ့ဆုံးမှပင် ခြေလှမ်းကျယ်ကျယ်ဖြင့် တောအုပ်ထဲ တန်းတန်းမတ်မတ် ဝင်ရောက်သွားလေသည်။

သူ၏လုပ်ရပ်က အဖွဲ့ခေါင်းဆောင် မည်သူဖြစ်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။

သူဆုံးဖြတ်ပြီးလျှင် ကျန်လူများက လိုက်နာရန်သာ လိုအပ်သည်။

ခုန်မင်က မော့ဖေးအကြံပေးသည့်အတိုင်း အနောက်ဘက်သို့ ထွက်ခွာသွားသည်ဖြစ်ရာ မော့ဖေးတို့အုပ်စုက ဝမ်းပန်းတသာပင် ဒုတိယသခင်လေးနောက်သို့ လိုက်ပါသွားကြလေသည်။

ရှန်ရှင်းယွင်က တစ်ကိုယ်တည်း လှုပ်ရှားတတ်သူ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ဦးစားပေးတတ်သူ ဖြစ်သည်။

ခုန်မင်က သူ့အကြံကိုဆန့်ကျင်ပြီး အနောက်ဘက်သို့ ထွက်ခွာသွားမည်ဟု ထင်မထားခဲ့ပေ။

ခဏမျှအံ့အားသင့်ကာ တိတ်ဆိတ်သွားပြီးနောက် ရှန်ရှင်းယွင် ခေါင်းတစ်ချက်ခါလိုက်ပြီး ခုန်မင်နှင် မော့ဖေးတို့နောက်သို့ အမီလိုက်ရတော့သည်။

ခုန်မင်က စိတ်ခံစားချက်အတိုင်း ဆုံးဖြတ်နေသည်ဟု သူက တွေးလိုက်သည်။

မော့ဖေးတို့အုပ်စုကို ဘက်လိုက်ချင်ရုံသက်သက်ဖြင့် ခေါင်းမာစွာဖြင့် အနောက်ဘက်သို့ ထွက်ခွာသွားသည်ဟု သူက ထင်မိသည်။

အနောက်ဘက်လမ်းက ပိုနီးသည်မှန်သော်လည်း လမ်းတစ်လျှောက်ရင်ဆိုင်ရမည့် မျိုးနွယ်စုများက လွယ်ကူသည် မဟုတ်ပေ။

အထူးသဖြင့် နတ်သားရဲမျိုးနွယ်များနှင့် ရန်ဘက်ဖြစ်သော ချီတိမျိုးနွယ်စု ဖြစ်၏။

သို့ဖြစ်ရာ အနောက်ဘက်သို့ဦးတည်ခြင်းက ကိုယ့်ဒုက္ခကိုယ်ရှာခြင်းပင် မဟုတ်ပါလား။

ရှန်ရှင်းယွင်က ခုန်မင်တို့အုပ်စုနှင့် မနီးမဝေး နောက်မှလိုက်သွားရင်း သက်ပြင်းချလိုက်သည်။

အများနှင့်ပူးပေါင်းလုပ်ဆောင်ရသည်က တကယ့်ဒုက္ခကြီးပင်။ သူ့အတွက် တစ်ကိုယ်တည်းစွန့်စားသွားလာရခြင်းကသာ လွတ်လွတ်လပ်လပ်ရှိသလို စိတ်သက်သာရာလည်းရသည်။

ဖီးနစ်တောင်ကြားက ဘေးကင်းကင်းနှင့် ပြန်ထွက်လာနိုင်ပါက ဟိုအဘိုးကြီးအား ဆူပူကြိမ်းမောင်းရပေမည်။

နောက်ဆို သူ့ဘာသာ အရက်ရောင်းနေသည်က အကောင်းဆုံးပင်။ သူ့ကိစ္စများကို ဝင်မစွက်ဖို့ ပြောရမည်။

သူ့အတွက် တစ်ကိုယ်တည်းလှုပ်ရှားခြင်းကသာ ပိုအဆင်ပြေသည် မဟုတ်လား။

ထိုသို့သောအတွေးများက ရှန်ရှင်းယွင်စိတ်ထဲ လှည့်ပတ်နေတော့သည်။

ခုန်မင်က မော့ဖေးတို့အုပ်စုဘက် မျက်နှာလိုက်သည်ဟုတွေးမိသည့်အခါ နဂိုက ခုန်မင်အပေါ် ချီးကျူးလေးစားမိသည်များက မှေးမှိန်သွားတော့၏။

သို့‌သော် ရှန်ရှင်းယွင် မသိရှိသော ကိစ္စတစ်ခုမှာ ခုန်အိမ်တော်နှင့် ချီတိမျိုးနွယ်စုကြားမှ ကုန်သွယ်ရေးဆက်ဆံမှုများပင် ဖြစ်၏။

ခုန်မင်က အနောက်ဘက်သို့ဦးတည်ရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်းမှန်က ဤအချက်ပင်ဖြစ်သည်။

တကယ်တမ်းတွင် သူက မော့ဖေးတို့အုပ်စုအား မျက်နှာလိုက်ခဲ့ခြင်း မဟုတ်ပါပေ။

All Chapters