ဦးချိုပါဝံနက်ကြီး
Vol. 10 Ch. 111
ထျန်းယွမ်ကုန်းမြေပေါ်တွင် ဤတောရိုင်းသစ်တောကြီး တည်ရှိနေသည်မှာ အချိန်ကာလများစွာ ရှည်ကြာခဲ့ပေပြီ။
လူသားမျိုးနွယ်တို့၏ သမိုင်းကြောင်းထက်ပင် အဆပေါင်းများစွာ ပိုမိုကြာမြင့်သေးသည်။
လွန်ခဲ့သော နှစ်ပေါင်း(၁၅၀၀၀)ခန့်က....
တောရိုင်းဒေသတွင်နေထိုင်သည့် မူလမျိုးနွယ်စုတစ်ခုဖြစ်သော နတ်သူငယ်မျိုးနွယ်များက ထျန်းယွမ်ကုန်းမြေထက်တွင် ကျယ်ပြောလှသော နတ်သူငယ်အင်ပါယာကိုတည်ထောင်ကာ မှော်ယဉ်ကျေးမှုကို ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ဤတောရိုင်းသစ်တောကြီး၏သက်တမ်းကို တွက်ဆကြည့်နိုင်မည်ပင်။
ခုန်မင်တို့ စတင်ဝင်ရောက်ခဲ့သည်မှာ တောရိုင်းဒေသ၏ အစွန်အဖျားမျှသာ ရှိသေးသည်။ သို့တိုင် အလွန်မြင့်မားသည့် သစ်ပင်ကြီးများ၏ အကိုင်းအခက်များက ထူထပ်စွာဖုံးအုပ်ထားသဖြင့် မိုးကောင်းကင်ကိုပင် တွေ့မြင်ရခြင်း မရှိတော့ပေ။
အချိန်ကလည်း နံနက်မိုးသောက်ဖြစ်လေရာ သစ်တောတစ်ခုလုံးက ညအချိန်နှင့်မခြား မှောင်မိုက်နေပေသည်။
သူတို့ခြေဖဝါးအောက်တွင် ပုပ်သိုးနေသည့် သစ်ရွက်များက ထူထပ်စွာဖုံးလွှမ်းထားသဖြင့် မြေမျက်နှာပြင်က အနည်းငယ်ပျော့ပြောင်းနေသည်ဟု ထင်မှတ်ရသည်။
သို့သော် ထိုသစ်ရွက်များကြားတွင် မြွေဆိုးမြွေဟောက်များ ၊ အဆိပ်ရှိအင်းဆက်ပိုးမွှားများနှင့် အခြားတွားသွားသတ္တဝါများ ပုန်းအောင်းနေကြပေသည်။
သာမန်လူတစ်ယောက်ဆိုလျှင် ထိုသို့တွေးမိသည်နှင့်ပင် ကျောချမ်းသွားစရာရှိသည်။
မော့ဖေး ၊ မော့ယွဲ့နှင့် အခြားသောနတ်သားရဲမျိုးနွယ်များကတော့ အလွန်ပင်စိတ်လှုပ်ရှားလျှက် ရှိကြသည်။
သူတို့မျိုးနွယ်စုအား ချီတိမျိုးနွယ်စုက ချေမှုန်းလိုက်သည့်နောက် တောရိုင်းဒေသသို့ ပြန်လည်ခြေချနိုင်ဦးမည်ဟု လုံးဝ မျှော်လင့်မထားခဲ့ကြပေ။
ယနေ့တော့ ဇာတိမြေသို့ ပြန်လည်ရောက်ရှိရသည့် ပီတိနှင့် ရင်းနှီးသောမြေသင်းနံ့တို့ကြောင့် ချက်ချင်းပင် အားအင်များပြည့်ဝလာကာ စိတ်ဓာတ်လည်း တက်ကြွလျှက် ရှိကြသည်။
ရှန်ရှင်းယွင်ကတော့ နောက်မှလိုက်ပါလာရင်း ခုန်မင် ၊ မော့ဖေးနှင့် အခြားသူများကို အကဲခတ်သည့်မျက်ဝန်းများဖြင့်သာ ကြည့်ရှုနေခဲ့သည်။
တောရိုင်းဒေသသို့ ပြန်ရောက်သည့်အတွက် မော့ဖေးတို့အုပ်စု ပျော်ရွှင်နေသည်မှာ သဘာဝကျလေသည်။ သို့သော် ရှန်ရှင်းယွင် အမှန်တကယ် မြင်တွေ့လိုသည်က ခုန်မင်၏တုံ့ပြန်မှုသာပင်။
ဤမျှကြမ်းတမ်းသော တောရိုင်းခရီးနှင်ရသည့်အခါ ထိုကောင်လေး မည်သို့ရှိမည်နည်း။ အစမှာပင် စိတ်ပျက်လက်လျှော့သွားမည်လား။
သို့ပေသိ ခုန်မင်ကတော့ အစမှအဆုံး လုံးဝတည်ငြိမ်နေခဲ့သည်။
သူ့စိတ်ထဲ ဘာတွေးနေသည်ကို ခန့်မှန်းမရနိုင်လောက်အောင် တည်ငြိမ်နေခြင်း ဖြစ်၏။
ထိုလူငယ်ကိုကြည့်ရှင်း ရှန်ရှင်းယွင် မကျေမနပ်ဖြင့်သာ နှုတ်ခမ်းများမဲ့လိုက်မိသည်။
အသက်(၁၄)နှစ်လောက်သာ ရှိသေးသည့်ကောင်လေးတစ်ယောက်က ဘယ်လိုလုပ် ဤမျှတည်ငြိမ်ရင့်ကျက်နေရသည်လဲ။
ပုံမှန်ဆိုလျှင် ခံစားချက်ကို ဤမျှဖုံးကွယ်နိုင်စွမ်းရှိခြင်းက အသက်ကြီးသော ဝါရင့် သမ္ဘာရင့် ပုဂ္ဂိုလ်ကြီးများသာ တတ်မြောက်သည့် အရည်အချင်းမျိုး မဟုတ်လား။
ရှန်ရှင်းယွင် သူ့အသက်(၁၃)နှစ် (၁၄)နှစ်အရွယ်ကို ပြန်လည်အမှတ်ရသွားမိသည်။
ထိုစဉ်က သူသည်လည်း 'ဒြပ်စင်စွမ်းအားပညာရှင်အဆင့်' သို့ ရောက်နေပြီဖြစ်သည့်တိုင် သစ်ပင်တက်ပြီး ငှက်သိုက်နှိုက်သည့် ကလေးကလား အပြုအမူများကို မစွန့်လွှတ်နိုင်ခဲ့ပေ။
ယခု ခုန်မင်နှင့် နှိုင်းယှဉ်ကြည့်လျှင် တည်ငြိမ်ရင့်ကျက်မှုက မိုးနှင့်မြေပမာ ကွာခြားလှသည်။
သို့သော် ရှန်ရှင်းယွင်၏စိတ်ထဲမှ ခုန်မင်ကို စိန်ခေါ်လိုသည့်ဆန္ဒကတော့ ပျောက်မသွားသေးပေ။
ခုန်မင်က ပါရမီရှင်ဆိုလျှင် သူသည်လည်း ပါရမီရှင်ဖြစ်သည်ဟု ရှန်ရှင်းယွင် ခံယူထားသည်။ သူ၏အရည်အချင်းသည်လည်း ခုန်မင်ထက် မနိမ့်ကျဟု ခံယူထားသည်။
အဘယ်ကြောင့်ဆိုသော် အသက်(၂၄)နှစ်အရွယ်ဖြင့် 'ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်' အထွက်ထိပ်သို့ ရောက်အောင် ကျင့်ကြံနိုင်သည့်အပြင် ဓားသိုင်းစွမ်းရည်လည်းမြင့်မားသည်ဖြစ်ရာ သူ့ကိုယ်သူ ပါရမီရှင်ဟုခေါ်ဆိုရန် ထိုက်တန်သည် မဟုတ်လား။
သို့သော် နန်မန်မြို့က သေးငယ်လွန်းသည့်အပြင် ရှန်ရှင်းယွင်ကိုယ်တိုင်ကလည်း လူအများနှင့် ပတ်သက်လိုခြင်းမရှိဘဲ တစ်ကိုယ်တော်လှုပ်ရှားတတ်သဖြင့် သူ၏ဂုဏ်သတင်းက ထင်သလောက်ကျော်ကြားခြင်း မရှိခဲ့ပေ။
သို့ပေသိ ရှန်ရှင်းယွင်က ယုံကြည်မှုအပြည့် ရှိသည်ပင်။
အခွင့်ကောင်းသာ ရမည်ဆိုပါက သူသည်လည်း ကြီးကျယ်သော အောင်မြင်မှုများကို ဆွတ်ခူးနိုင်ပေမည်။
ရှန်ရှင်းယွင်တွင် ဤသို့သောရည်မှန်းချက်မျိုးသာ မရှိလျှင် ထို စမ်းသပ်ပွဲလက်မှတ် တံဆိပ်ပြားကိုရရှိရန် ဤမျှအထိ ကြိုးစားခဲ့မည် မဟုတ်ပေ။
သူ တောရိုင်းဒေသတွင် (၃)လခန့် ခိုအောင်းနေခဲ့ရပြီး ၊ မတူကွဲပြားသော မျိုးနွယ်စုများမှ အရည်အချင်းရှိသော လူငယ်(၆)ယောက်ကို လုပ်ကြံသတ်ဖြတ်ပြီးမှသာ ဤတံဆိပ်ပြားကို လက်ဝယ်ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
တံဆိပ်ပြားရရှိပြီးနောက် ဖီးနစ်နားခိုရာမျိုးနွယ်စု၏ စမ်းသပ်ပွဲတွင် ပါဝင်သင့် ၊ မပါဝင်သင့်ကို အတော်လေး ချင့်ချိန်စဉ်းစားရပြန်သည်။
ဖီးနစ်ကျဆုံးတောင်ကြားသို့ သွားရမည့် ခရီးစဉ်က အန္တရာယ်များဖြင့် ပြည့်နက်နေသည်။
ထို့ပြင် တောရိုင်းဒေသ မျိုးနွယ်စုအများစုကလည်း အပြင်လူများအပေါ် ရန်လိုသော သဘောထားရှိကြသည်။
ရှန်ရှင်းယွင်တစ်ယောက်တည်းသာ စမ်းသပ်ပွဲသို့ ဝင်ရောက်မည်ဆိုပါက ဘေးကင်းကင်းနှင့် ပြန်ထွက်လာနိုင်မည်ဟု အာမခံချက် မရှိပေ။
ခုန်မင်ရောက်ရှိလာခြင်းက ရှန်ရှင်းယွင်အတွက် အခွင့်ကောင်းတစ်ခု ဖြစ်ခဲ့ပြီး နောက်ဆုံး ဖီးနစ်နားခိုရာမျိုးနွယ်စု၏ စမ်းသပ်ပွဲတွင်ပါဝင်ရန် ဆုံးဖြတ်ချက်ကျစေခဲ့သည်။
ခုန်မင်သည်လည်း ပါရမီရှင်တစ်ယောက်ဟု ကျော်ကြားသည်မှာ အလကားမဟုတ်ပေ။ သူ့တွင် စစ်မှန်သော အရည်အချင်းများ ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် ဖီးနစ်ကျဆုံးတောင်ကြားသို့ ခုန်မင်နှင့်အတူ သွားရောက်ခြင်းက နှစ်ဦးနှစ်ဖက် အန္တရယ်များကို လျှော့ချပေးနိုင်သည်။
ဖီးနစ်ကျဆုံးတောင်ကြားတွင် အခွင့်အရေးတစ်ခုခု သို့မဟုတ် အကျိုးအမြတ်တစ်ခုခုရရှိခဲ့မည်ဆိုပါက ရှန်ရှင်းယွင်က နန်မန်မြို့မှရုန်းထွက်ပြီး ပိုမိုမြင့်မားသောနေရာတစ်ခုသို့ တက်လှမ်းရန် ရည်ရွယ်ထားသည်။
ရှန်ရှင်းယွင်က နန်မန်မြို့တွင် နာမည်ကြီးတစ်ယောက်ဖြစ်သော်လည်း သူ့အပေါ် လျဲ့နန်၏ သြဇာလွှမ်းမိုးမှုများရှိနေသည်ဟု တွေးထင်ထားသည်။
အဘိုးကြီးက သူ့အပေါ် အလွန်အမင်း အကာအကွယ်ပေးလွန်းသည်။
သူက ကြေးစားလောကမှ အနားယူသွားသည့်တိုင် သူ၏သြဇာအာဏာကိုအသုံးပြုပြီး ရှန်ရှင်းယွင်အတွက် တတ်နိုင်သမျှ ပံ့ပိုးပေးနေသေးသည်။
မဟုတ်ပါက ရှန်ရှင်းယွင်သည်လည်း ကိုယ်ပိုင်စွမ်းအားတစ်ခုတည်းဖြင့် ကြေးစားတစ်ယောက်၏တာဝန်များကို ဤမျှလွယ်လွယ်ကူကူ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့မည် မဟုတ်ပေ။
သို့သော် သူက လျဲ့နန်၏လောင်းရိပ်အောက်မှရုန်းထွက်ပြီး ပိုမိုကြီးကျယ်သော အောင်မြင်မှုသမိုင်းမှတ်တိုင်များကို စိုက်ထူချင်သည်။
ထို့ကြောင့် လျဲ့နန်က သူ့ကို ဖခင်တစ်ဦးကဲ့သို့ အကာအကွယ်ပေးလေ ဂရုစိုက်လေ ၊ သူက လက်ခံရခက်လေ ဖြစ်နေတော့သည်။
သူ့အတွက် တစ်ခုတည်းသောထွက်ပေါက်က ဖီးနစ်ကျဆုံးတောင်ကြားသို့ သွားရောက်ခြင်းပင် ဖြစ်လေသည်။
အတွေးနှင့်အတူ ရှန်ရှင်းယွင် လက်သီးကိုခပ်ဖွဖွဆုပ်လိုက်သည်။
သူ ခုန်မင်နှင့်ယှဉ်ပြိုင်ပြီး ဤလူငယ်လေးကို ကျော်တက်သွားရမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
သူတို့အုပ်စု လျှင်မြန်စွာပင် ခြေလျှင်ခရီးနှင်ခဲ့ကြရာ ခဏအတွင်းမှာပင် တောအုပ်အတွင်း မိုင်မောင်းများစွာ ဖြတ်ကျော်ရောက်ရှိလာခဲ့သည်။
တောအုပ်အတွင်းပိုင်းရောက်လေ သစ်ပင်များက ပိုစိပ်ပြီး ပိုမြင့်မားလာလေ ဖြစ်၏။
လုံးပတ်ကြီးမားလှပြီး အမြင့် မီတာတစ်ရာကျော်ရှိသော သစ်ပင်ကြီးများကိုလည်း နေရာတိုင်းတွင် တွေ့မြင်လာရသည်။
ဤသည်က တောရိုင်းဒေသ အစွန်အဖျားမျှသာ ရှိသေးသည်။ တောနက်ပိုင်းတွင်မူ နှစ်တစ်သောင်းသက်တမ်းရှိသော ရှေးဟောင်းသစ်ပင်ကြီးများပင် တည်ရှိသည်ဟု ဆိုကြသည်။
ထိုအချိန်...
ခုန်မင်က ရုတ်တရက် ခြေလှမ်းအရှိန်ကိုလျှော့ချလိုက်ပြီး...
“ရှေ့မှာ မှော်ဝင်သားရဲတွေ ရှိနေပုံပဲ... ဒီနားပတ်ဝန်းကျင်ရောက်တာနဲ့ တောအုပ်က ချက်ချင်းတိတ်ဆိတ်သွားတယ် ၊ ပိုးကောင်အော်သံတစ်သံတောင် မကြားရတော့ဘူး”
ခုန်မင်၏စကားဆုံးသည်နှင့် ရှေ့ဘက်ဆီမှ ကြောက်မက်ဖွယ်ရာ သားရဲဟိန်းသံကြီးတစ်သံ ပဲ့တင်ထပ် ထွက်ပေါ်လာလေသည်။
ဟိန်းဟောက်သံကြီးက မည်မျှအားပြင်းသနည်းဆိုပါမူ သစ်ပင်ထိပ်ဖျားများနှင့် သစ်ကိုင်းသစ်ရွက်များသည်ပင် လေပြင်းတိုက်ခတ်ခံရသည့်ပမာ တုန်ခါလှုပ်ခတ်သွားရသည်။
ခဏအကြာမှာတော့ လူ(၁၀)ယောက်ခန့်ဝိုင်းပတ်နိုင်လောက်သည်အထိ လုံးပတ်ကြိးမားသော ဧရာမသစ်ပင်ကြီးတစ်ပင်နောက်မှ အရပ်(၃)မီတာခန့်မြင့်သော အနက်ရောင်ဝက်ဝံကြီးတစ်ကောင် ရုတ်ချည်း ထွက်ပေါ်လာလေသည်။
ထိုဝက်ဝံကြီး၏ ဦးခေါင်းထိပ်တွင် ဦးချိုတစ်ချောင်း ထင်ထင်ရှားရှား ရှိနေသည်။
ဝက်ဝံကြီးက လူတစ်ယောက်ပမာ မတ်တတ်ရပ်နေပြီး သွေးနီရောင်မျက်ဝန်းကြီးများက မီးတောက်မီးလျှံများပမာ တောက်ပနေပြီး ရိုင်းစိုင်းပြင်းထန်သည့်အရှိန်အဝါကို ထုတ်ဖော်ပြသလျှက် ရှိသည်။
ဤသို့ ဦးချိုပါရှိပြီး အနက်ရောင်ရှိသော ဝက်ဝံကြီးများအကြောင်း ခုန်မင် များစွာကြားဖူးသည်။
ခွန်အားကြီးမှုဖြင့် အလွန်ကျော်ကြားသော အဆင့်(၂) မြေဒြပ်စင် မှော်ဝင်သားရဲဖြစ်သည့် “ဦးချိုပါဝံနက်” သားရဲ ဖြစ်လေသည်။
ခုန်မင်က ကျန့်ယွမ်ဆေးလုံး ဖော်စပ်ရန်အတွက် ထိုမှော်ဝင်သားရဲ၏ ပုံဆောင်ခဲအမြုတေကို ကုန်ကြမ်းအဖြစ် အသုံးပြုလေ့ရှိသည်ပင်။
သို့သော် အသက်ရှင်နေသော ဦးချိုပါဝံနက်တစ်ကောင်ကိုတော့ ယခုမှ မျက်ဝါးထင်ထင် တွေ့မြင်ဖူးခြင်း ဖြစ်၏။
ခုန်မင်တို့အဖွဲ့၏အင်အားအရဆိုလျှင် အဆင့်(၃) အောက်ရှိသော မှော်ဝင်သားရဲများကို ကြောက်စရာမလိုပေ။
ဦးချိုပါဝံနက်တစ်ကောင် မည်မျှ ရိုင်းစိုင်းကြမ်းတမ်းပြီး ကြောက်စရာကောင်းပါစေ သူတို့အတွက်တော့ အသားစလေးတစ်မျှင်မျှသာ ဖြစ်သည်။
ထိုသားရဲကိုမြင်တော့ မော့ဖေးက ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး...
“သခင်လေး... ဒီကောင်ကြီးကို ကျုပ်ရှင်းလိုက်မယ်”
ခုန်မင် ခေါင်းညိတ်လိုက်သည်နှင့် မော့ဖေးက ချက်ချင်းပင် ရှေ့ထွက်ပြီး ဦးချိုပါဝံနက်ကြီးဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။
ဦးချိုပါဝံနက်က ခွန်အားကြီးမားသောလည်း မှော်ဝင်သားရဲများထဲတွင် ဉာဏ်ရည်အနိမ့်ဆုံး ဖြစ်၏။
မော့ဖေး၏စွမ်းအားကို နားမလည်ဘဲ သူ့ထံသို့ပြေးလာသည့် လူသေးသေးလေးကို အထင်မကြီးခဲ့ပေ။ ထို့ကြောင့် တစ်ချက်ဟိန်းဟောက်လိုက်ပြီး ဝံနက်ကြီးသည်လည်း မော့ဖေးထံသို့ တဟုန်ထိုး ပြေးဝင်လာသည်။
တစ်ခဏအတွင်း လူနှင့် ဝက်ဝံ ထိပ်တိုက်ရင်ဆိုင်မိကြတော့သည်။
အရွယ်အစားအရဆိုလျှင် မော့ဖေး၏အရပ်က ဝက်ဝံ၏ ဝမ်းဗိုက်ခန့်အထိသာရှိပြီး ခန္ဓာကိုယ်ကလည်း ဆယ်ဆကျော်ခန့် သေးငယ်သည်။
သို့သော် မော့ဖေးက နတ်သားရဲမျိုးနွယ်ဖြစ်သည့်အပြင် တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်ကို ကျင့်ကြံထားသည်ဖြစ်ရာ သာမန်လူထက် အဆပေါင်းများစွာ ခွန်အားကြီးမားသည်။
ဦးချိုပါဝံနက်ကြီးက လူသေးသေးလေးအား လက်သည်းဖြင့် တစ်ချက်ပုတ်လိုက်လျှင် လွင့်ထွက်သွားမည်ဟု ထင်မှတ်ထားသည်။
တကယ်တမ်းမှာတော့ ဝက်ဝံကြီးမှာ မိုးမြေ ပြောင်ပြန်လန်သလို ခံစားလိုက်ရပြီး ခြေထောက်များ မြေပြင်မှလွတ်ကာ ဦးခေါင်းက မြေကြီးဖြင့် ပြင်းပြင်းထန်ထန် ရိုက်မိသွားတော့သည်။
“ဘုန်း...”
ဦးချိုပါဝံနက်မှာ ဘာဖြစ်သွားမှန်းပင် မသိလိုက်ပေ။
တကယ်တော့ ဦးချိုပါဝံနက်နှင့် မော့ဖေးတို့ ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် မော့ဖေး၏ခန္ဓာကိုယ်မှ အနက်ရောင်မြူခိုးပါးပါးလေးများ ထွက်ပေါ်လာသည်။
ဤသည်က မော့ဖေး၏ မွေးရာပါ နတ်သားရဲစွမ်းအားကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်၏။
ထို့နောက် သူက ဝက်ဝံကြီး၏ ခါးနှင့် နံဘေးတဝိုက်ရှိ အဆီထူထဲသော အရေပြားအလွှာကိုဆုပ်ကိုင်ကာ ခန္ဓာကိုယ်ကြီးကို မြေပြင်ထက်သို့ ပြင်းထန်စွာပစ်လှဲချလိုက်ခြင်းသာ ဖြစ်သည်။
ဤသို့ပစ်လှဲခံလိုက်ရသည်မှာ မော့ဖေး၏ ခွန်အားတစ်ခုတည်းကြောင့် မဟုတ်ဘဲ ဝက်ဝံကိုယ်တိုင်၏ ကိုယ်အလေးချိန်ကြီးမားသောကြောင့်လည်း ဖြစ်သည်။
သေစေသည်အထိ မဟုတ်ခဲ့သော်လည်း မိုးမြေပြောင်းပြန်လန်သွားသည့် သားရဲကြီးမှာ အရှေ့အနောက်မခွဲနိုင်အောင် ခေါင်းများမူးဝေသွားလေသည်။
မော့ဖေးက လက်လျှော့ခြင်း မရှိပေ။
ဝက်ဝံကြီး၏ခန္ဓာကိုယ်အား ခြေဖြင့်နင်းလိုက်ပြီး ဆီအိုးအရွယ်ခန့်ရှိသော လက်သီးကြီးကိုဝှေ့ယမ်းကာ ဝက်ဝံကြီး၏ဦးခေါင်းထက်သို့ ရက်စက်စွာ ထိုးစိုက်ချလိုက်သည်။
နတ်သားရဲစွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ထားသဖြင့် မော့ဖေး၏လက်သီးချက်က တန်နှင့်ချီအောင် လေးလံကာ အားကြီးလွန်းသည်။
ဝက်ဝံကြီးမှာ ရှောင်လည်းမရှောင်နိုင် ၊ ထွက်လည်းမပြေးနိုင်သဖြင့် လက်သီးချက်အနည်းငယ်ထိမှန်သည်နှင့် မျက်လုံးများပေါက်ထွက်သွားပြီး ပါးစပ် ၊ နားရွက်နှင့် နှာခေါင်းတို့မှ သွေးများပန်းထွက်လာကာ သေဆုံးသွားတော့သည်။
ကြောက်မက်ဖွယ်ရာ ဦးချိုပါဝံနက်ကြီးမှာ မော့ဖေး၏ လက်ချက်ဖြင့် အသက်ပျောက်သွားပြီ ဖြစ်လေ၏။