← Chapters

ချီတိမျိုးနွယ်စုထံရောက်ရှိပြီ

Vol. 10 Ch. 112

ချီတိမျိုးနွယ်စုထံရောက်ရှိပြီ

Vol. 10 Ch. 112

တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်ကို မကျင့်ကြံမီကပင် မော့ဖေးက ဦးချိုပါဝံနက်များကို တစ်ကိုယ်တည်း အမဲလိုက်နိုင်စွမ်းရှိသူဖြစ်သည်။

ယခုဆိုလျှင်တော့ ပြောနေစရာ မလိုတော့ပေ။

ဦးချိုပါဝံနက်ကြီးကို အလွယ်တကူရှင်းလင်းပြီးနောက် မော့ဖေးက ရှန်ရှင်းယွင်ကို စိန်ခေါ်သလို တစ်ချက်လှမ်းကြည့်လိုက်သည်။

သို့သော် ရှန်ရှင်းယွင်က သူ့ကိုအရေးမစိုက်ဘဲ ခုန်မင်ကိုသာ အာရုံစိုက်နေလေသည်။

ရှန်ရှင်းယွင်အတွက်တော့ ဦးချိုပါဝံနက်ကဲ့သို့ အဆင့်(၂) မှော်ဝင်သားရဲများက လမ်း‌ဘေးတွင်သွားလာနေသည့် ခွေးများ ကြောင်များအဆင့်သာ ရှိသည်။

မော့ဖေးက မည်သို့တိုက်ခိုက်သည်ဆိုခြင်းက သူ့အတွက် စိတ်ဝင်စားစရာ တစ်စက်ပင် မရှိပေ။

ယနေ့ သူ့ကို အမှန်တကယ် အံ့အားသင့်စေခဲ့သူက ခုန်မင်ပင် ဖြစ်သည်။

ခုန်မင်၏ အသက်အရွယ်နှင့် နောက်ခံကို ကြည့်မည်ဆိုလျှင် တောရိုင်းဒေသစွန့်စားခန်းများနှင့်ပတ်သက်ပြီး အတွေ့အကြုံရှိသူမဟုတ်ပေ။

သို့သော် တောအုပ်ထဲတွင် ပိုးကောင်းများအော်သံ တိတ်ဆိတ်သွားသည်ကို သတိပြုမိရုံဖြင့် အနီးအနားတွင် မှော်ဝင်သားရဲတစ်ကောင်ရှိနေကြောင်း မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။

ဤသည်က အတွေ့အကြုံရှိသော မုဆိုးတစ်ယောက်ပမာ ဖြစ်၏။

ခုန်မင်၏အရည်အချင်းကို ရှန်ရှင်းယွင် ပိုပြီးလျှော့မတွက်ရဲတော့ပေ။ အသက်(၁၄)နှစ်မျှနှင့် ဖီးနစ်တောင်ကြားသို့ဝင်ရဲသည့်သတ္တိကို သူ သဘောပေါက်လာပြီ ဖြစ်သည်။

ရှန်ရှင်းယွင် ပခုံးတစ်ချက်တွန့်လိုက်သည်။

ဘာပဲဖြစ်ဖြစ် အရည်အချင်းရှိသည့် တွဲဖက်တစ်ယောက်ရထားတော့လည်း သူ့အတွက် ဖီးနစ်တောင်ကြားသို့သွားရမည့်ခရီးလမ်း ပိုပြီးချောမွေ့နိုင်သည် မဟုတ်လား။

မသိမသာဖြင့်ပင် ရှန်ရှင်းယွင်က ခုန်မင်ကို ဗဟိုပြုသည့်အတွေးများ တွေးလာခဲ့ပြီ ဖြစ်သည်။

ဤပြောင်းလဲမှုကို သူကိုယ်တိုင်ပင် သတိမထားခဲ့မိပေ။

ဝက်ဝံကြီး၏ ပုံဆောင်ခဲအမြုတေကို ထုတ်ယူပြီးနောက် အလောင်းကြီးကို တောအုပ်ထဲမှာပင် စွန့်ပစ်ထားခဲ့ကြသည်။

သူတို့ထွက်ခွာသွားသည်နှင့် မြေပြင်ထက်ရှိ သစ်ရွက်အလွှာများလှုပ်ရှားလာပြီး အတွင်းမှ အင်းစက်ပိုးမွှားများ ၊ ပိုးကောင်များ ၊ ကြွက်များ ၊ တွားသွားသတ္တဝါများ မရေမတွက်နိုင်အောင်ထွက်ပေါ်လာကာ ဦးချိုပါဝံနက်၏အလောင်းကြီးအား ပွဲတော်ကြီးပမာ ဝိုင်းဖွဲ့စားသောက်ကြတော့သည်။

ဤသည်မှာ သဘာဝ၏ အစာစက်ဝန်းပင် ဖြစ်ပေ၏။

အဆုံးသတ်မှာတော့ အလောင်းကောင်ကြီး ပုပ်သိုးပျက်ဆီးသွားပြီး မြေမှုန့်ဘဝသို့သာ ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။

***

ခုန်မင်တို့အုပ်စု ရှေ့ဆက်လျှောက်လာရင်း မသိမသာပင် တောအုပ်ကြီးက တဖြည်းဖြည်းလင်းလက်လာသည်။

ထူထပ်သော သစ်ပင်သစ်ရွက်များကြားမှ ကောင်းကင်ပြထက်လောင်ကျွမ်းနေသော နေမင်းကြီးကို တွေ့မြင်လာရသည်။

အဖွဲ့သားများထဲတွင် ခန္ဓာကိုယ်အားအနည်းဆုံးက မော့ယွဲ့ ဖြစ်လေသည်။

သို့သော် တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်ကို ကျင့်ကြံပြီးနောက် သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အတော်လေး တိုးတက်လာခဲ့သည်။

ယခုဆိုလျှင် သူမက ကနဦးအဆင့် ကိုယ်ဟန်အနေအထား(၉)မျိုးကို ပေါင်းစပ်ကျင့်ကြံနိုင်လုနီးပါးအဆင့်သို့ပင် ရောက်ရှိနေခဲ့ပေပြီ။

ကိုယ်ဟန်အနေအထား(၉)မျိုး ပေါင်းစပ်နိုင်ပြီဆိုပါက ပထမအဆင့်အောင်မြင်ပြီဟု ဆိုနိုင်သည်။

ထို့ပြင် သူမက မွေးရပ်မြေသို့ပြန်လာရသဖြင့် အလွန်စိတ်လှုပ်ရှားပျော်ရွှင်နေလေရာ တောအုပ်ထဲတွင် အချိန်ကြာမြင့်စွာ ခရီးနှင်ရသည့်တိုင် တစ်ချက်ပင် ညည်းညူခြင်း မရှိခဲ့ပေ။

ထိုအချိန် ခုန်မင်က ခြေလှမ်းများကို နှေးလိုက်သည်။

သူက ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ရင်း...

“ဒီနေရာမှာ လူသားတွေလှုပ်ရှားသွားလာတဲ့ အရိပ်အယောင်တွေ တွေ့ရတယ် ၊ တောရိုင်းမျိုးနွယ်စုဝင်တစ်ခုရဲ့ နယ်မြေထဲကို ရောက်ပြီထင်တယ်”

ယခုတော့ ရှန်ရှင်းယွင်မှာ ခုန်မင်၏ အတွေ့အကြုံရှိသော ဟန်ပန်အမူအရာများဖြင့် အသားကျသွာပြီ ဖြစ်သည်။

သူက မော့ဖေးကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးမှ မဖြေချင်ဖြေချင်ပုံစံဖြင့် စကားဆိုလိုက်သည်။

“ဟုတ်တယ်... ချီတိမျိုးနွယ်စုတွေရဲ့နယ်မြေထဲကိုရောက်နေပြီ ၊ သူတို့ရဲ့ ပင်မနယ်မြေကိုရောက်ဖို့တော့ ဝေးသေးတယ် ၊ ဒီတော့ မလိုအပ်တဲ့ပြဿနာတွေ မဖြစ်ရအောင် သူတို့ထိန်းချုပ်ထားတဲ့နေရာတွေကိုရှောင်ပြီး တောအုပ်ထဲက ခရီးဆက်ကြရင် မကောင်းဘူးလား”

ရှန်ရှင်းယွင်၏ အကြံပြုချက်က အလွန်ပင် ကျိုးကြောင်းဆီလျော်ပေသည်။

သို့သော် ခုန်မင်က ပြုံးလိုက်ပြီး...

“ချီတိနယ်မြေထဲရောက်လာပြီဆိုတော့ မဖြစ်မနေ သူတို့ဆီသွားလည်ပတ်သင့်တာပေါ့ ၊ မဟုတ်ရင် ယဉ်ကျေးမှုမရှိသလို ဖြစ်သွားမယ်”

ရှန်ရှင်းယွင် “........”

ပြောပြီးသည်နှင့် ခုန်မင်က ရှေ့မှဦးဆောင်ကာ ဆက်လက်ထွက်ခွာသွားတော့သည်။

ခုန်မင်၏ ဆုံးဖြတ်ချက်ခိုင်မာသည့် အမူအရာကိုမြင်တော့ ရှန်ရှင်းယွင် ခေါင်းခါယမ်းလိုက်မိသည်။

ခုန်မင်က မော့ဖေးတို့လို နတ်သားရဲမျိုးနွယ်များကို ဦးဆောင်ပြီး ချီတိမျိုးနွယ်စုဆီသွားကာ အကြွေးဟောင်းပြန်တောင်းရန် ကြံစည်နေခြင်းများလား။

ချီတိမျိုးနွယ်စုက အလွန်အမင်း အားကောင်းလှသည်မဟုတ်သော်လည်း လူဦးရေ အလွန်များပြားလေသည်။

အုပ်စုလိုက်တိုက်ခိုက်မည်ဆိုပါက နုနုနယ်နယ် ပန်းလေးတစ်ပွင့်ပမာ ထင်မှတ်ရသည့် မိန်းကလေးငယ်တစ်ယောက်ပင် ပါဝင်နေသော သူတို့အုပ်စုက မည်သို့အနိုင်ရပါမည်နည်း။

အတွေးနှင့်အတူ မော့ယွဲ့ကို လှမ်းကြည့်လိုက်မိတော့ မိန်းကလေး၏ မကြည်ဖြူသောမျက်ဝန်းများဖြင့် အကြည့်ချင်းဆုံသွားသည်။

‌မော့ယွဲ့က ချက်ချင်းပင် မျက်စောင်းတစ်ချက်ထိုးကာ တစ်ဖက်သို့ လှည့်သွားလေသည်။

ရှန်ရှင်းယွင် “........”

“ဒီအုပ်စုက တကယ်ပဲ သူတို့သခင်လေးဘက်က အမာခံတွေပဲ” ဟု တွေးလိုက်မိသည်။

ဟုတ်ပေ၏။

ရှန်ရှင်းယွင်က အရည်အချင်းရှိပြီး သတ္တိလည်းရှိသူဖြစ်သည်။

ချီတိမျိုးနွယ်စုနှင့် ပဋိပက္ခဖြစ်ခဲ့လျှင်တောင် သူက သေချာပေါက် လွတ်မြောက်အောင် ထွက်ပြေးနိုင်စွမ်းရှိသည်။

သို့ပေသိ အကြောင်းမဲ့သက်သက် ချီတိမျိုးနွယ်စုထံ အဘယ့်ကြောင့် တကူးတကသွားရောက်ပြီး ရန်စရပါသနည်း။

ခုန်မင်က ဆရာကြီးပုံစံပေါက်နေလေရာ ရှန်ရှင်းယွင်မှာ ရင်ထဲမှမကျေနပ်ချက်များကို မျိုသိပ်ပြီး မည်သည်စကားမှမဆိုတော့ဘဲ အုပ်စုနောက်မှသာ လိုက်ပါလာရတော့သည်။

အနောက်ဘက်သို့ အမွှေးတိုင်တစ်တိုင်ခန့်စာ ဆက်သွားပြီးနောက် အရှေ့ဆီမှ စူးရှသည့် ခရာသံတစ်ချက် ထွက်ပေါ်လာသည်။

ထို့နောက် လှံရှည်ကိုယ်စီ မျက်နှာများထက် အနီရောင်ဆေးများခြယ်သထားကာ ကိုင်ဆောင်ထားသည့်လူရိုင်းနှစ်ယောက် သစ်ပင်တစ်ပင်၏အနောက်ဘက်မှ ထွက်ပေါ်လာကာ ခုန်မင်တို့အုပ်စုကို သတိကြီးစွာဖြင့် အကဲခတ်လိုက်သည်။

လူရိုင်းတစ်ယောက်က ကြမ်းတမ်းအက်ရှသည့်အသံဖြင့် ဒေါသတကြီး မေးမြန်းလိုက်သည်။

"မင်းတို့ ဘယ်သူတွေလဲ... ရှေ့မှာ ငါတို့ ချီတိမျိုးနွယ်စုရဲ့ နယ်မြေရှိတယ် ၊ အပြင်လူတွေ ကျူးကျော်ဝင်ရောက်ခွင့် မရှိဘူး"

စကားပြောရင်း သူက မော့ဖေးတို့အုပ်စုကိုလည်း ရန်လိုစွာ လှမ်းကြည့်လိုက်သည်။

သူတို့၏အကဲခတ်နိုင်စွမ်းက ဝါရင့်အဘိုးအို’လျဲ့နန်’ ကိုမမီသဖြင့် မော့ဖေးတို့ကို နတ်သားရဲမျိုးနွယ်များဖြစ်ကြောင်း မသိရှိကြပေ။

သို့သော် ချီတိမျိုးနွယ်စုနှင့် နတ်သားရဲမျိုးနွယ်စုတို့က ကာလရှည်ကြာ ရန်ဘက်ဟောင်းများ ဖြစ်ကြလေရာ တွေ့မြင်သည်နှင့် အလိုအလျောက် ရန်လိုစိတ် ဖြစ်မိသည်ပင်။

မော့ဖေးတို့အုပ်စုကလည်း ချီတိမျိုးနွယ်စုကို မကျေနပ်သည့်အရင်းခံရှိသဖြင့် အားမနာတမ်းပင် ပြန်လည်စူးစိုက်ကြည့်လိုက်ကြရာ လေထုက ချက်ချင်းပင် တင်းမာသွားတော့သည်။

သို့သော် ခုန်မင်က တည်ငြိမ်စွာပြုံးလိုက်ပြီး...

“ငါတို့က မိတ်ဆွေတွေဆီ လာရောက်လည်ပတ်တာပါ ၊ ခုန်အော့ ရောက်လာပါတယ်လို့ မင်းတို့မျိုးနွယ်စုက ဆရာ’စုချီ’ ကို အကြောင်းကြားပေးစေချင်ပါတယ်”

စုချီက ကနဦးအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်‌ယောက်ဖြစ်ပြီး ချီတိမျိုးနွယ်စုတွင် “သခင်” တစ်ပါးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။

ထို့ပြင် သူက မျိုးနွယ်စု၏ ပြင်ပကုန်သွယ်ရေးလုပ်ငန်းများကို တာဝန်ယူထားရသည်ဖြစ်ရာ မျိုးနွယ်စုဝင်များကြား အတော်လေးပင် လေးစားခံရ၏။

ယခု အစောင့်လူရိုင်းနှစ်ယောက်က “စုချီ” ဆိုသောအမည်ကိုကြားသည်နှင့် မျက်လုံးထဲ သံသယအရိပ်အယောင်များ ဖြတ်ပြေးသွားပြီး မေးခွန်းထုတ်လိုက်ကြသည်။

“မင်းတို့က တကယ်ပဲ သခင်’စုချီ’ နဲ့ ပတ်သက်နေတာလား”

ခုန်မင်က ခပ်ဖွဖွ ပြုံးလိုက်ရင်း...

“မင်းတို့ ကြည့်လိုက်လေ၊ ငါတို့အုပ်စုက လူနည်းနည်းလေးပဲပါတယ် ၊ မင်းတို့တွေကို တိုက်ခိုက်နိုင်မှာတဲ့လား ၊ သတင်းသာသွားပို့လိုက်ပါ ၊ ငါပြောတာ မှန်လား မှားလား မင်းတို့သိရမှာပါ”

ခုန်မင်၏ တည်ငြိမ်လွန်းသောအမူအရာကြောင့် ချီတိမျိုးနွယ်စုဝင်(၂)ယောက်မှာ အလိုလို ခေါင်းညိတ်မိလျှက်သား ဖြစ်သွားသည်။

ထို့နောက် သူတို့ထဲမှတစ်ယောက်က ခရာကိုထုတ်ကာ စူးရှပြတ်တောက်သည့်ခရာသံကို ဆက်တိုက်မှုတ်လိုက်လေသည်။

ခရာသံများက အတိုအရှည်မညီညာသည်ဖြစ်ရာ မျိုးနွယ်စုဝင်အချင်းချင်းသာ နားလည်နိုင်သည့် အဓိပ္ပါယ်များ ဖြစ်ပုံရသည်။

ခုန်မင်တို့နောက်မှလိုက်လာသည့် ရှန်ရှင်းယွင်ကတော့ အတော်လေး အံ့အားသင့်သွားမိသည်။ ခုန်မင်က ချီတိမျိုးနွယ်စုနှင့် အမှန်တကယ် ပတ်သက်မှုရှိနေမည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။

ထူးဆန်းလွန်းပေသည်။

အဘယ်ကြောင့်ဆိုသော် ခုန်မင်က နတ်သားရဲမျိုးနွယ်များကို ကိုယ်ရံတော်များအဖြစ် အသုံးပြုနေပြီး ၊ ထိုမျိုနွယ်စုနှင့်လည်း ရင်းနှီးသော ဆက်ဆံရေးရှိသည်။

သို့သော် ချီတိမျိုးနွယ်စုနှင့် နတ်သားရဲမျိုးနွယ်စုက ကမ္ဘာမကြေ ရန်ဘက်များ ဖြစ်ကြသည်။

ခုန်မင်ဆိုသည့်ကောင်လေးက နှစ်ဖက်လုံးနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိအောင် မည်သို့စွမ်းဆောင်းထားပါသနည်း။

အမှန်တော့ ရှန်ရှင်းယွင်က “ငွေကြေး” ၏ အစွမ်းသတ္တိကို အပြည့်အဝ နားမလည်သေးခြင်းသာ ဖြစ်၏။

ခုန်မင်က ချီတိမျိုးနွယ်စုအတွက် ကြီးမားသော အကျိုးအမြတ်များကို ယူဆောင်ပေးသည့်အခါ မျိုးနွယ်စုဝင်များက သူ့ကို အထူးဧည့်သည်တော်အဖြစ် သတ်မှတ်ကြပေလိမ့်မည်။

ခုန်မင်က နတ်သားရဲမျိုးနွယ်များကို ကိုယ်ရံတော်ခန့်အပ်ထားခြင်းမှာလည်း ချီတိမျိုးနွယ်စုနှင့် မည်သို့မှ မသက်ဆိုင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် ချီတိမျိုးနွယ်စုက နတ်သားရဲမျိုးနွယ်များကို ခုန်အိမ်တော်သို့ ကျွန်များအဖြစ် ရောင်းချခဲ့ပြီးသောကြောင့်ပင်။

ခုန်အိမ်တော်က သူတို့ဝယ်ယူထားသည့်ကျွန်များကို မည်သို့အသုံးပြုမည်ဆိုသည်က ချီတိမျိုးနွယ်စုနှင့် ဘာမှမဆိုင်သည့် ကိစ္စတစ်ခုသာ ဖြစ်သည်။

ချီတိအစောင့်များ၏ ခရာသံအဆုံးတွင် အဝေးတစ်နေရာမှ နောက်ထပ် ခရာသံတစ်သံ ထပ်မံထွက်ပေါ်လာသည်။ ထို့နောက်မှာတော့ အချက်ပြ ခရာသံများ ဆင့်ကဲဆင့်ကဲ ပျံ့နှံ့သွားလေသည်။

ချီတိအစောင့်များက ခုန်မင်ကို မသင်္ကာသလို ကြည့်နေကြဆဲ ဖြစ်ပြီး ခုန်မင်ကတော့ အရေးစိုက်ဟန် မရှိပေ။

သူက မော့ဖေးတို့အုပ်စုကို အေးဆေးစွာနေရန် လက်ဟန်ပြလိုက်ပြီး နေရာမှာပင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

အတန်ကြာပြီးနောက် တောအုပ်ထဲမှ အပြေးအလွှားထွက်လာသည့် ခြေသံများကို ကြားလိုက်ရသည်။

မကြာမီ လူ(၁၀)ယောက်ကျော်ပါသော အဖွဲ့တစ်ဖွဲ့ တောအုပ်ထဲမှ ထွက်ပေါ်လာပြီး ခုန်မင်တို့အနားသို့ ရောက်ရှိလာသည်။

ထိုသူအုပ်စုကို ဦးဆောင်လာသူက ယခင်က ခုန်မင်နှင့် ဆုံခဲ့ဖူးသော ‘စုချီ’ ပင် ဖြစ်၏။

စုချီက အဝေးမှပင် ခုန်မင်ကို ပြုံးပြနေပြီး အော်ဟစ်ပြောဆိုလိုက်သည်။

“တကယ်ပဲ အထူးဧည့်သည်တော် ရောက်လာတာကိုး... အစောကြီးကတည်းက ထွက်မကြိုမိတာ တောင်းပန်ပါတယ် ၊ ခွင့်လွှတ်ပေးပါ ခွင့်လွှတ်ပေးပါ...”

စကားပြောရင်ဖြင့်ပင် သူက ရှေ့ဆက်လျှောက်လာပြီး သူက အလွန်နှိမ့်ချသောအမူအရာဖြင့် ခုန်မင်ကို ခါးကိုင်းကာ အရိုအသေပြုလိုက်သည်။

သူနှင့်အတူလိုက်ပါလာသော ချီတိမျိုးနွယ်စုဝင် (၁၀)ယောက်ကျော်မှာလည်း ခုန်မင်ကို ဦးညွှတ်ဂါရဝပြုလိုက်ကြပြီး သူတို့၏မျက်နှာများက ပြုံးရွှင်လျှက် ခုန်မင်ကိုမြှောက်ပင့်ဆက်ဆံလိုသည့် အရိပ်အယောင်များ စွန်းထင်းနေတော့သည်။

All Chapters