သစ်ပင်တံတိုင်းမြို့တော်
Vol. 10 Ch. 113
အစောင့်နှစ်ယောက်သည်ပင် စုချီတို့၏အမူအရာကိုကြည့်ပြီး မှင်တက်သွားကြရသည်။
အဘယ်ကြောင့်ဆိုသော ခုန်မင်ကို ထွက်ကြိုကြသည့် ချီတိမျိုးနွယ်စုဝင်များမှာ မျိုးနွယ်စုအတွင်း အဆင့်အတန်းမြင့်မားသူများ၊ လူကုံထံများနှင့် အာဏာရှိသူများ ဖြစ်နေသောကြောင့်ပင်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ခုန်မင်က အလွန်တရာ အရေးပါသော အထူးဧည့်သည်ဖြစ်ကြောင်း ထင်ရှားစွာ သိနိုင်သည်။
အစောင့်နှစ်ယောက်က ဤနေရာတွင် သူတို့ဆက်နေရန် မလိုတော့ကြောင်း သဘောပေါက်သွားပြီး ကင်းစောင့်တာဝန် ပြန်လည်ထမ်းဆောင်ရန် တိတ်တဆိတ် ထွက်ခွာသွားကြတော့၏။
ရှန်ရှင်းယွင်မှာလည်း များစွာ အံ့အားသင့်နေမိသည်။
ခုန်မင်က ချီတိမျိုးနွယ်စုကြားတွင် ဤမျှအထိ သြဇာညောင်းမည်ဟု မထင်ထားခဲ့ပေ။
မျိုးနွယ်စု၏ အဆင့်မြင့်ပုဂ္ဂိုလ်များကိုယ်တိုင် ထွက်ကြိုရသည်အထိ ခုန်အိမ်တော်၏ ဒုတိယသခင်လေးက တကယ်ပဲ အရှိန်အဝါ ကြီးမားလေသလား။
ဟုတ်ပေ၏။
ချီတိမျိုးနွယ်စု၏အမြင်မှာတော့ ခုန်အိမ်တော်မှ ဒုတိယသခင်လေးက အမှန်ပင် အရှိန်အဝါ ကြီးမားလွန်းလှသည်။
ယခင်က ခွန်းကာမြို့တွင် ပြုလုပ်ခဲ့သော ကုန်သွယ်မှုများကြောင့် ခုန်အိမ်တော်က ချီတိမျိုးနွယ်စု၏ အကြီးဆုံး ဖောက်သည်ဖြစ်လာခဲ့ရာ ၊ သူတို့အနေဖြင့် ခုန်အိမ်တော်မှ မည်သူ့ကိုမဆို စိတ်အနှောက်အယှက် မဖြစ်စေလိုကြပေ။
ထို့ပြင် ခုန်အိမ်တော်က သူတို့ကိုယ်ပိုင် လျှို့ဝှက်ကုန်သွယ်ရေးလမ်းကြောင်းများ စတင်ဖွင့်လှစ်သည့်အခါ ယခင်ကထက်ပိုပြီး ချီတိမျိုးနွယ်စုနှင့် နက်ရှိုင်းစွာ ပတ်သက်လာခဲ့သည်။
တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာတွင် တစ်စုအပါအဝင်ဖြစ်သော သူတို့၏အဆင့်အတန်းကို အသုံးချကာ ချီတိမျိုးနွယ်စုက အခြားသော မျိုးနွယ်စုများနှင့် တိုက်ရိက်ကုန်သွယ်ပြီး ကုန်ပစ္စည်း အမြောက်အမြားကို စုဆောင်းနိုင်ခဲ့သည်။
ထိုကုန်ပစ္စည်းများကို ခုန်အိမ်တော်၏ကုန်သွယ်ရေးလမ်းကြောင်းများ အသုံးပြုကာ ပြင်ပသို့ တင်ပို့ရောင်းချသည်။
ဤနည်းဖြင့် ချီတိမျိုးနွယ်စုမှာ ခုန်အိမ်တော်အတွက် အဓိကပွဲစားကြီးဖြစ်လာပြီး ခါတိုင်းကဲ့သို့ လမ်းဘေးတွင် အချိန်ကုန်ခံကာ ကုန်ပစ္စည်းများကို အားစိုက်ရောင်းချစရာမလိုဘဲ အကျိုးအမြတ်ကြီးမားစွာ ရရှိခဲ့လေသည်။
အမှန်တော့ ချီတိမျိုးနွယ်စု၏ မူလအင်အားဖြင့်ဆိုလျှင် အခြားမျိုးနွယ်စုများထံမှ ကုန်ပစ္စည်းများကို အလုံးအရင်းနှင့် ဝယ်ယူနိုင်စွမ်းမရှိသလို ယခုကဲ့သို့ ကြားခံပွဲစားလုပ်ရန်လည်း အရည်အချင်း မရှိပေ။
ယခုတော့ သူတို့၏အခြေအနေက ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
ခုန်အိမ်တော်၏ လျှို့ဝှက်ကုန်သွယ်ရေးလမ်းကြောင်းများ ရှိနေသဖြင့် ချီတိမျိုးနွယ်စုသည် သူတို့၏ ကုန်ပစ္စည်းများအတွက် ဝယ်လက်ပျောက်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ထို့ကြောင့် သူတို့က ရဲတင်းစွာပင် ကုန်စည်းအမြောက်အမြားဝယ်ယူနိုင်ပြီး ကြားခံပွဲစားအဖြစ် အမြတ်အစွန်းများ ရရှိလေသည်။
ပြင်ပသို့ တင်ပို့ရောင်းချသည့် လမ်းကြောင်းများကို ခုန်အိမ်တော်က ချုပ်ကိုင်ထားသရွေ့ သူတို့အနေဖြင့် ခုန်အိမ်တော်ကို အလိုလိုက်အကြိုက်ဆောင်ရမည်ဖြစ်ကြောင်း ချီတိမျိုးနွယ်စုက ကောင်းကောင်းနားလည်ထားသည်။
သို့ဖြစ်ရာ ခုန်အိမ်တော်မှ ဒုတိယသခင်လေးက ချီတိမျိုးနွယ်စုအမြင်တွင် အထူးဧည့်သည်တော် ဖြစ်လာတော့သည်။
ထို့ပြင် ခုန်မင်၏ အံ့မခန်းဂုဏ်သတင်းက ခွန်းကာမြို့တစ်ခုလုံးတွင် ပျံ့နှံ့နေခဲ့သည်။
ခုန်အိမ်တော်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် ချီတိမျိုးနွယ်စုအနေဖြင့် ဤသတင်းကို အဘယ်မှာ မသိဘဲနေပါမည်နည်း။
ခုန်မင်၏အဆင့်အတန်းကို ဘေးဖယ်ထားမည်ဆိုလျှင်တောင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အချင်းတစ်ခုတည်းဖြင့်ပင် ချီတိမျိုးနွယ်စု၏ လေးစားမှုကိုရရှိရန် လုံလောက်နေပြီ ဖြစ်၏။
ခုန်မင်က တည်ငြိမ်စွာပင် ပြုံးလိုက်ရင်း...
“ဆရာ’စုချီ’က ယဉ်ကျေးလွန်းနေပါပြီ ၊ ခုန်အော့ တောရိုင်းဒေသကိုလာရောက်တာက မျိုးနွယ်စုအတွက် စိတ်အနှောက်အယှက်မဖြစ်စေဖို့ပဲ မျှော်လင့်မိပါတယ်”
စုချီက ရယ်မောလိုက်ရင်း...
“သခင်လေး... ဒါက ဘယ်လိုစကားမျိုးလဲ ၊ သခင်လေးအတွက်ဆိုရင် ကျုပ်တို့က ဘာမှစိတ်အနှောက်အယှက်ဖြစ်စရာ မရှိပါဘူး ၊ လိုအပ်တာအားလုံး ကူညီပေးမှာပါ”
သူက ဆက်ပြောလိုက်သည်။
“ကဲ... သခင်လေး ကြွပါ...”
ထို့နောက် စုချီက စိတ်အားထက်သန်စွာလမ်းပြသွားပြီး ခုန်မင်တို့အုပ်စုအား ကြိုဆိုခေါ်ဆောင်သွားတော့သည်။
စုချီတို့အုပ်စုက အတိတ်က ရန်ငြိုးဟောင်းရှိခဲ့သော မော့ဖေးတို့အုပ်စုကိုပင် ခုန်မင်၏မျက်နှာထောက်ပြီး ယဉ်ကျေးစွာဆက်ဆံလေသည်။
ရှန်ရှင်းယွင်ကတော့ မြင်ကွင်းကိုသာ အံ့အားသင့်စွာ ကြည့်ရှုနေမိသည်။ ခုန်မင်ကို ချီတိမျိုးနွယ်စုက ဤမျှလေးစားလိမ့်မည်ဟု ထင်မထားမိပေ။
ယခုဆိုလျှင် ချီတိမျိုးနွယ်စုဝင်များ၏ပုံစံက တောရိုင်းဒေသ မျိုးနွယ်စုဝင်များဖြင့်ပင် မတူဘဲ အခွင့်အရေးရမည်ဆိုလျှင် မည်သူ့ကိုမဆို မြှောက်ပင့်ဖားယားတတ်သည့် မြို့နေလူတန်းစားနှင့် ဆင်တူနေတော့သည်။
တောရိုင်းလူမျိုးများ ဘယ်တုန်းက ဤသို့လုပ်တတ်လာပါသနည်း။
တောရိုင်းဒေသလူမျိုးများ၏ ပွင့်လင်းရိုးသားခြင်းကို နှစ်သက်တတ်လေ့ရှိသူ ရှန်ရှင်းယွင်မှာ စိတ်ထဲ နှမျောမိသလိုပင် ခံစားလိုက်မိသည်။
ရှန်ရှင်းယွင် မသိခဲ့သည်မှာ စုချီနှင့်အတူ ခုန်မင်ကို ကြိုဆိုရန် လိုက်ပါလာကြသူများမှာ ချီတိမျိုးနွယ်စုအတွင်း ပြင်ပလောကနှင့်ကုန်သွယ်ရေးအတွက် တာဝန်ယူထားရသူများ ဖြစ်နေသည်ဆိုခြင်းပင်။
သူတို့က ပြင်ပမှကုန်သည်များနှင့် မကြာခဏဆက်ဆံရသဖြင့် မြို့နေလူတန်းစား၏ အလေ့အထများ မလွှဲမရှောင်သာ ကူးစက်သွားကြခြင်းဖြစ်သည်။
ခုန်အိမ်တော်က ချီတိမျိုးနွယ်စုအတွက် အဖိုးတန်သော အဓိကစီးပွားဖက်ဖြစ်သဖြင့် သူတို့က ခုန်မင်ကို အတားအဆီးမရှိ မျက်နှာလုပ်နေကြခြင်းသာပင်။
အုပ်စုလိုက် စကားတပြောပြောဖြင့် အချိန်အတန်ကြာ ခရီးနှင်ပြီးနောက်...
ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။
အကြောင်းမှာ အရှေ့ဘက်တွင် မီတာ(၁၀၀)ကျော်မြင့်သော “သစ်ပင်တံတိုင်းကြီး” တစ်ခု ထွက်ပေါ်လာသောကြောင့်ပင်။
တံတိုင်းအကျယ်က အနည်းဆုံး (၄) (၅)မိုင်ခန့် ဆန့်တန်းထားလေသည်။
ဤ “သစ်ပင်တံတိုင်း” က ထူးဆန်းလှသော ရှုခင်းတစ်ခုပင် ဖြစ်သည်။
လူပေါင်းဆယ်နှင့်ချီပြီး ဝိုင်းပတ်ထားနိုင်လောက်အောင် လုံးပတ်ကြီးမားသည့် သစ်ပင်ကြီးများဖြင့်ဖွဲ့စည်းထားပြီး တစ်ပင်ချင်းစီတိုင်းက အမြင့်မီတာ(၁၀၀)ကျော်ရှိကာ တစ်ပင်နှင့်တစ်ပင်ကပ်လျှက် ထူထပ်စွာ တည်ရှိနေသည်။
သစ်ကိုင်းများ နွယ်ပင်တန်းများဖြင့် ထူထပ်စွာရစ်ပတ်ဆက်နွယ်ထားသဖြင့် အကြားအလပ်ဆို၍ တစ်ခုမှ မတွေ့ရှိရပေ။
မြင့်မားလွန်းသော “သစ်ပင်တံတိုင်း” က ကောင်းကင်ယံကို ဖုံးအုပ်ထားသလို ဖြစ်နေသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် မှောင်မိုက်လာသည့်ပမာ ထင်မှတ်ရခြင်း ဖြစ်၏။
စုချီက ပြုံးလျှက်ပင် ခုန်မင်အားလှည့်ကြည့်လိုက်ပြီး...
“သခင်လေး... ဒီသစ်ပင်တံတိုင်းကနေတက်သွားရင် ကျုပ်တို့ ချီတိမျိုးနွယ်စုတွေနေထိုင်တဲ့ သစ်ပင်တံတိုင်းမြို့တော်ကို တွေ့မြင်ရမှာပါ ၊ မျိုးနွယ်စုခေါင်းဆောင်ကြီးနဲ့ သခင်ကြီးတွေက သခင်လေးကြွရောက်လာတဲ့အတွက် မီးပုံပွဲကျင်းပပြီး ခမ်းခမ်းနားနားကြိုဆိုဖို့ ပြင်ဆင်ထားကြပါတယ်”
ခုန်မင်က ပြုံးလိုက်ရင်း...
“မျိုးနွယ်စုခေါင်းဆောင်ကြီးကို အနှောက်အယှက်ပေးရာရောက်နေပြီ ၊ ကျုပ်အတွက် ဒီလောက်မလုပ်ကြပါနဲ့ ၊ အားနာစရာကောင်းလှပါတယ်”
စုချီက ရယ်မောလိုက်ရင်း...
“သခင်လေး ကိုယ်တိုင်လာတယ်ဆိုတာ ရှားရှားပါးပါးကိစ္စပဲလေ ၊ ကျုပ်တို့ ချီတိမျိုးနွယ်စုက ဧည့်ဝတ်ကျေပွန်ရမှာပေါ့”
ရယ်သံများနှင့် စကားသံများကြားမှာပင် “သစ်ပင်တံတိုင်း” ထိပ်ဖျားမှ ကြီးမားသော တွဲလောင်းဆွဲခြင်းတောင်းကြီးများ ဖြည်းညင်းစွာ ကျရောက်လာသည်။
ခြင်းတောင်းတစ်လုံးက လူ(၁၀)ယောက်ကျော် အဆင်ပြေစွာဝင်ရောက်နိုင်သည်အထိ ကျယ်ဝန်းလေရာ အဖွဲ့လိုက် “တံတိုင်း” တစ်လျှောက် အထက်သို့ လွယ်လင့်တကူ ဆွဲတင်သွားနိုင်သည်။
ဤတွဲလောင်းဆွဲခြင်းတောင်းကြီးများကို နှစ်ပေါင်းရာချီပြီဖြစ်သော နှစ်ချို့နွယ်ပင်ကြီးများဖြင့် ယက်လုပ်ထားလေရာ သံမဏိထက်ပင် ပိုမိုခိုင်ခန့်ပြီး လိုက်လျောညီထွေလည်း ရှိလှသည်။
ခြင်းတောင်းထဲတွင် မတ်တတ်ရပ်နေရခြင်းက အနည်းငယ် ယိမ်းထိုးလှုပ်ရှားသလို ခံစားရသည်မှလွဲပြီး အခြားထိတ်လန့်စရာ မရှိလှပေ။
တွဲလောင်းဆွဲခြင်းတောင်းများဖြင့် ဆွဲတင်သွားပြီးနောက် မကြာမီပင် အဖွဲ့လိုက် “သစ်ပင်တံတိုင်း” ထိပ်ရှိ “သစ်ပင်တံတိုင်းမြို့တော်” သို့ ရောက်ရှိသွားကြသည်။
ခုန်မင်က ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့ “တံတိုင်း” ၏အစွန်းတစ်လျှောက် စီတန်းထားသည့် လူတစ်ရပ်ကျော်မြင့်သော ဝန်ချီလှည်းဘီးကြီးများကို တွေ့လိုက်ရသည်။
တစ်ချက်ကြည့်ရုံဖြင့် အရေအတွက် မသိနိုင်လောက်အောင် များပြားလွန်းသည်။
ချီတိမျိုးနွယ်စုဝင်များက သစ်ပင်တံတိုင်းမြို့တော်သို့ ဝင်ထွက်သွားလာရာတွင် ဤလှည်းဘီးကြီးများဖြင့် တွဲလောင်းဆွဲခြင်းတောင်းကြီးများကိုဆွဲတင်ခြင်း ဖြစ်၏။
“သစ်ပင်တံတိုင်း” က မီတာ(၁၀၀)ကျော်မြင့်မားသည်ဖြစ်ရာ အခိုင်မာဆုံး ခံတပ်တစ်ခုဟုဆိုနိုင်သည်။
တောရိုင်းသစ်တောကြီးအတွင်း ဤမျှထူးခြားသော အနေအထားကောင်းတစ်ခုကို ရယူထားနိုင်ခြင်းကြောင့် ချီတိမျိုးနွယ်စုမှာ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အရေး ပြည့်စုံလှသည်ပင်။
ချီတုမျိုးနွယ်စုက မကြာမီ တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာတွင် အလယ်အလတ်အဆင့် အင်အားရှိသူများအဖြစ် ပြောင်းလဲလာတော့မည် ဖြစ်ပေသည်။
“သစ်ပင်တံတိုင်း” ထိပ်ဖျားရောက်လျှင် ကြီးမားလှသော သစ်ပင်ကြီးများ၏ သစ်ကိုင်းထူထပ်သော ထိပ်ပိုင်းများကိုသာ တွေ့ရမည်ဟု မျှော်လင့်ကြမည်ပင်။
တကယ်က ထိုသို့မဟုတ်ပေ။
သစ်ပင်တံတိုင်းထိပ်ဖျားတွင် ချီတိမျိုးနွယ်စုက မည်သို့သောနည်းပညာ အသုံးပြုထားသည်မသိ။ ညီညာချောမွေ့စွာရှိနေသော စိမ်းလန်းသည့် လွင်ပြင်ကြီးတစ်ခုကိုသာ တွေ့မြင်ရသည်။
ထိုစိမ်းလန်းသော လွင်ပြင်ကြီးထက်တွင် ပုံမှန်ရွာငယ်လေးတစ်ခုပမာ သစ်သားအိမ်များကို ဖြန့်ကျက်တည်ဆောက်ထားသည်။
ထို့ပြင် သစ်ပင်တံတိုင်းမြို့က သစ်ပင်ကြီးများ၏ထိပ်ဖျားတွင် တည်ဆောက်ထားသည်ဖြစ်ရာ ပတ်ဝန်းကျင်အုံ့ဆိုင်းမှုမရှိဘဲ ပတ်ဝန်းကျင်တစ်ခုလုံး နေရောင်ခြည်များ လင်းလက်လျှက် ရှိသည်။
သစ်ပင်များထပ်ထပ်အုံ့ဆိုင်းနေသည့် တောကြီးမြက်မဲထဲတွင် ဤသို့သောနေရာတစ်ခုရှိလိမ့်မည်ဟု စိတ်ကူး၍ပင်မရနိုင်ပေ။
ခုန်မင်ကဲ့သို့ပင် မော့ဖေးတို့သည်လည်း “သစ်ပင်တံတိုင်းမြို့တော်” ၏ ထူးခြားလှသော ရှုခင်းများကို ကြည့်ရှုရင်း သူတို့မျက်လုံးများထဲ မနာလိုဝမ်းနည်းမှုများဖြင့် ပြည့်နက်လာကြသည်။
နတ်သားရဲမျိုးနွယ်စုနှင့် ချီတိမျိုးနွယ်စုမှာ နှစ်ပေါင်းများစွာ ရန်ငြိုးရှိခဲ့ကြသော်လည်း သူတို့အနေဖြင့် သစ်ပင်တံတိုင်းကို တစ်ခါမှမချိုးဖောက်နိုင်သဖြင့် ချီတိမျိုးနွယ်စု၏ နေထိုင်ရာနေရာမှာ ဤမျှလှပသော နေရာတစ်ခုဖြစ်သည်ကို လုံးဝ မသိရှိခဲ့ကြပေ။
ချီတိမျိုးနွယ်စုလက်ချက်ဖြင့် နတ်သားရဲမျိုးနွယ်များ ပျက်ဆီးသွားရခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
ချီတိမျိုးနွယ်စုက ဤသို့မချိုးဖောက်နိုင်သည့် ခိုင်မာသော အခြေစိုက်စခန်းကြီး ရှိနေသည်ဖြစ်ရာ ရွှေ့ပြောင်းနေထိုင်လေ့ရှိကြသော နတ်သားရဲမျိုးနွယ်စုက သူတို့ကို မည်သိုယှဉ်ပြိုင်နိုင်ပါမည်နည်း။
ခုန်မင်တို့ရပ်နေသည့်နေရာနှင့် မနီးမဝေးတွင် မြို့တံခါးတစ်ခု ရှိနေလေသည်။
ထိုနေရာတွင် ချီတိမျိုးနွယ်စုဝင်များ ထူထပ်စွာစုဝေးနေကြပြီး သူတို့ကိုကြိုဆိုရန် အသင့်စောင့်နေကြသည်။
စုချီက ရှေ့ဆုံးမှဦးဆောင်ပြီး ခုန်မင်တို့အုပ်စုကို ခေါ်ဆောင်သွားသည်။
မြို့တံခါးသို့ ရောက်သည်နှင့် အရပ်မြင့်မြင့် ၊ လူကောင်ထွားထွား ၊ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးထူထူရှိသော အမျိုးသားတစ်ဦး ရှေ့ထွက်လာပြီး လက်နှစ်ဖက်ဆုပ်ဂါရဝပြုလျှက် ကျယ်လောင်သောအသံဖြင့် နှုတ်ဆက်လိုက်သည်။
“ခုန်ဒုတိသခင်လေး ကြွရောက်လာတာ... ကျုပ်တို့ ချီတိမျိုးနွယ်စုတစ်ခုလုံးအတွက် ဂုဏ်ယူစရာပါပဲ ၊ အထူးဧည့်သည်တော်ကိုကြိုဆိုဖို့ ခမ်းနားတဲ့ မီးပုံပွဲတော် ပြင်ဆင်ထားပါတယ် ၊ သခင်လေး... ဒီဘက်ကြွပါ”