မီးပုံပွဲဝယ်
Vol. 10 Ch. 114
မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးထူထူ အမျိုးသားကြီး၏ ယဉ်ကျေးသောစကားက နားထောင်ရသည်မှာ နှစ်လိုဖွယ်ရှိပါသော်လည်း နားထောင်ရသည်မှာ အတော်လေး ကြမ်းတမ်းလွန်းလှသည်။
စုချီတို့အုပ်စုကဲ့သို့ ချောချောမွေ့မွေ့နှင့် ပါးနပ်မှု မရှိလှပေ။
စကားများကို အလွတ်ကျက်ပြီး ပြောနေသည့်အလား မာထောင့်ထောင့်ကြီး ဖြစ်နေလေသည်။
သို့သော် ရှန်ရှင်းယွင်ကတော့ ဤစကားမျိုးကမှ တောရိုင်းဒေသမျိုးနွယ်စုဝင်ပီသသည်ဟုယူဆကာ အတော်လေး နားဝင်ချိုသွားလေသည်။
သူက နဂိုကပင် စုချီတို့အုပ်စုကို ကြည့်မရဖြစ်နေသည် မဟုတ်ပါလား။
ရှန်ရှင်းယွင် နားလည်ထားသလောက် တောရိုင်းဒေသမျိုးနွယ်စုဝင်များက ယဉ်ကျေးမှုကိုနားလည်သည်ဆိုဦးတော့ စုချီတို့ကဲ့သို့ မြို့နေလူတန်းစားအလေ့အထများနှင့် အကျွမ်းတဝင် မရှိသင့်ပေ။
ယခုကဲ့သို့ ခက်ထန်ရိုးရှင်းစွာ ပြောဆိုခြင်းကပင် တောရိုင်းဒေသ၏ ဟန်ပန်အမူအရာ အစစ်အမှန် ဖြစ်တော့၏။
ထိုအချိန် စုချီက ပြုံးရွှင်စွာဖြင့် မိတ်ဆက်ပေးလိုက်သည်။
“သခင်လေး... ဒါက ကျုပ်တို့ ချီတိမျိုးနွယ်စု ခေါင်းဆောင် သခင်ကြီး’ဘာတု’ ပါ ၊ နောက်မှာရှိနေတဲ့သူကတော့ မျိုးနွယ်စုရဲ့သခင်ကြီး’တာလာ’ ပါ ၊ သခင်လေးက မျိုးနွယ်စုရဲ့ အထူးဧည့်သည်တော်မို့လို့ ခေါင်းဆောင်ကြီး’ဘာတု’ နဲ့ သခင်ကြီး’တာလာ’ တို့က လေးစားသမှုနဲ့ ကိုယ်တိုင်ထွက်ပြီး ကြိုဆိုကြတာပါ”
မျိုးနွယ်စုခေါင်းဆောင် ‘ဘာတု’ နောက်တွင် အရပ်ရှည်ရှည် ပိန်ပိန် ၊ ဆံပင်ဖြူ မုတ်ဆိတ်ဖြူများဖြင့် အဘိုးကြီးတစ်ယောက် မတ်တတ်ရပ်နေသည်။
သူက အခြားသော ချီတိမျိုးနွယ်စုဝင်များထက် အရောင်အသွေးစုံလင်သည့် အဝတ်အစားကို ဝတ်ဆင်ထားသည်။
ထိုသူက သခင်ကြီး’တာလာ’ ပင် ဖြစ်၏။
စုချီမိတ်ဆက်ပေးသည်နှင့် တာလာက ခုန်မင်ကို အသိအမှတ်ပြုသည့်အနေဖြင့် လက်နှစ်ဆုပ်ဂါရဝပြုရင်း နှုတ်ဆက်လိုက်သည်။
သို့သော် သူ၏မျက်နှာအမူအရာက ဝမ်းနည်းခြင်း ဝမ်းသာခြင်း မည်သည့်ခံစားချက်မှမရှိဘဲ တည်ငြိမ်နေလေသည်။ စုချီတို့၏ စိတ်အားထက်သန်နေမှုများဖြင့်တော့ ဆန့်ကျင်ဘက်ပင် ဖြစ်၏။
ခုန်မင်မှာ ချီတိမျိုးနွယ်စုနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ နားလည်ထားပြီး ဖြစ်သည်။
မျိုးနွယ်စုတွင် အာဏာအကြီးဆုံးက မျိုးနွယ်စုခေါင်းဆောင်ဖြစ်၏။
သူ့လက်အောက်တွင် “သခင်ကြီးများ” များစွာရှိလေသည်။ သခင်ကြီးများက မျိုးနွယ်စု၏ အကြီးအကဲများ ဖြစ်ကြ၏။
သခင်ကြီးများအောက်တွင်မူ မျိုးနွယ်စုအတွင်း လွှမ်းမိုးနိုင်စွမ်းမြင့်မားသည့် “သခင်” များရှိလေသည်။
စုချီက ချီတိမျိုးနွယ်စု၏ “သခင်” တစ်ပါး ဖြစ်လေသည်။
ချီတိမျိုးနွယ်စုတွင် စုချီကဲ့သို့ ပြင်ပလောကနှင့် ဆက်ဆံရေးတွင် ကျွမ်းကျင်သူ အလွန်ရှားပါးသည်။ မျိုးနွယ်စုဝင်အများစုက ရိုးသားရှင်းလင်းစွာပင် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းတတ်ကြသည်။
သခင်ကြီး’ဘာတု’ မှာ မျိုးနွယ်စုခေါင်းဆောင်ပင်ဖြစ်ဦးတော့ ဤသို့ကြိုဆိုနှုတ်ဆက်စကားပြောဆိုရန် အတော်လေး ကြိုးစားခဲ့ရဟန် ရှိသည်။
ထို့ကြောင့် သူ၏လေသံက မာတောင့်တောင့်ဖြစ်နေသည်မှာ ပုံမှန်ပင်ဖြစ်သည်။
သခင်ကြီး’တာလာ’ မှာလည်း လူသားတို့၏ယဉ်ကျေးမှုများနှင့် ကျွမ်းဝင်သူ မဟုတ်ပေ။ ထို့ကြောင့် သူ့ပုံစံက ထိုအတိုင်းပင် အေးတိအေးစက် ဖြစ်နေခြင်း ဖြစ်၏။
ခုန်မင်က ချက်ချင်းပင် လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ပြီး “ဘာတု” နှင့် “တာလာ” ကို လေးစားစွာ နှုတ်ဆက်လိုက်သည်။
ထို့နောက် သူက နွေးထွေးစွာပင် ပြုံးလိုက်ရင်း...
"မျိုးနွယ်စုခေါင်းဆောင်ကြီး’ဘာတု’ နဲ့ သခင်ကြီး’တာလာ’ ရဲ့ ကျော်ကြားတဲ့ဂုဏ်သတင်းတွေကို ကြားဖူးနေတာ ကြာပါပြီ ၊ ဒီနေတော့ ကျုပ်ကိုကြိုဆိုဖို့ သခင်ကြီးတို့နှစ်ယောက် အလုပ်ရှုပ်သွားကြပြီ ၊ ခုန်အော့ တကယ်ပဲ အားနာမိပါတယ်”
မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် သခင်ကြီး’တာလာ’ တို့မှ ခုန်မင်၏စကားကို မည်သို့ ပြန်လည်ပြောဆိုရမည်ကို ကျွမ်းကျင်မှုမရှိကြောင်း သိရှိသဖြင့် စုချီကပင် ကြားထဲက ဝင်ပြောတော့သည်။
သူက ရယ်မောလိုက်ပြီး...
“သခင်လေး... ကျုပ်တို့ ချီတိမျိုးနွယ်စုနယ်မြေထဲကို ရောက်လာပြီဆိုမှတော့ အားနာတယ်ဆိုတဲ့စကား မပြောပါနဲ့တော့ ၊ ကြွပါ... ကြွကြပါ... ၊ ကျုပ်တို့မျိုးနွယ်စုရဲ့ ထူးခြားတဲ့ မီးပုံပွဲကို သခင်လေးတို့ မြည်းစမ်းကြည့်ကြပါဦး”
စုချီ၏ဦးဆောင်မှုဖြင် လူအုပ်ကြီးမှာ "သစ်ပင်တံတိုင်းမြို့တော်" အလယ်ဗဟိုရှိ ကွင်းပြင်ကျယ်ကြီးသို့ ရောက်ရှိလာကြသည်။
ထိုနေရာတွင် သစ်သားစားပွဲရှည်ကြီးများကို ဝိုင်းပတ်ပြီး လေဟာပြင် စားသောက်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည်။
စုချီက ခုန်မင်တို့အုပ်စုကို နေရာချထားပေးလိုက်လေသည်။
မျိုးနွယ်စုခေါင်းဆောင်ကြီး’ဘာတု’ နှင့် သခင်ကြီး’တာလာ’ တို့က အိမ်ရှင်များအဖြစ် ပင်မစားပွဲတွင် ထိုင်လိုက်ကြသည်။
ချီတိမျိုးနွယ်စု၏ ဓလေ့ထုံးတမ်းအတိုင်း လူတိုင်းက မြေပြင်ထက် တင်ပျဉ်ခွေထိုင်ရသည်ဖြစ်ရာ ခုန်မင်တို့လည်း အလိုက်သင့်ပင် လိုက်နာလိုက်ကြ၏။
တကယ်တော့ သူတို့ထိုင်နေသည့်နေရာက “သစ်ပင်တံတိုင်းမြို့တော်” ကို တည်ဆောက်ထားသည့် သစ်ပင်ကြီးများ၏ ထိပ်ဖျားပိုင်းပင် ဖြစ်သည်။
သို့သော် ချီတိမျိုးနွယ်စု အသုံးပြုထားသည့် ထူးခြားသည့်နည်းပညာကြောင့် သစ်ကိုင်းသစ်ရွက်များ တစ်ခုနှင့်တစ်ခု ချောမွေ့စွာရောယှက်နေသဖြင့် သစ်ပင်တံတိုင်း၏ ထိပ်ဖျားပိုင်းတစ်ခုလုံးမှာ လွင်ပြင်တစ်ခုပမာ ညီညာချောမွေ့နေတော့သည်။
ဤနေရာတွင် ထိုင်ရသည်မှာ နူးညံ့သော အစိမ်းရောင် သစ်ရွက်ကောဇောထက်တွင် အနားယူရသည့်ပမာ နူးညံ့ပြီး သက်သောင့်သက်သာ ရှိလှသည်။
လူတိုင်းနေရာယူပြီးသည်နှင့် မျိုးနွယ်စုခေါင်းဆောင်ကြီး’ဘာတု’ က မတ်တတ်ရပ်လိုက်ပြီး ကျယ်လောင်သောအသံဖြင့် စကားဆိုလိုက်သည်။
“ဒီနေ့မှာတော့ ကျုပ်တို့ဆီကို အထူးဧည့်သည်တော်တွေ ရောက်ရှိလာတာကြောင့် မီးပုံပွဲကျင်းပပြီး စားသောက်ပွဲနဲ့ ဧည့်ခံမှာဖြစ်ပါတယ် ၊ ဧည့်သည်တွေအနေနဲ့ အားမနာတမ်း စိတ်တိုင်းကျ သုံးဆောင်ကြပါ”
စကားဆုံးသည်နှင့် ဘာတုက လက်ခုပ်တစ်ချက်တီးလိုက်ရာ မီးဒြပ်စင်စွမ်းအားများက လှိုင်းလုံးတစ်ခုပမာ အရပ်မျက်နှာအသီးသီးသို့ ရိုက်ခတ်သွားသည်။
ထိုစွမ်းအားလှိုင်းလုံးများက ကွင်းပြင်အလယ်ဗဟိုတွင် စုဝေးသွားပြီး မြေပြင်က ရုတ်တရက် အောက်သို့နိမ့်ဆင်းသွားကာ အချင်း(၁၀)မီတာခန့်ရှိသော တွင်းကြီးတစ်ခု ပေါ်လာသည်။
ထိုတွင်းထဲမှ ဧရာမ မီးလျှံကြီးတစ်ခု အထက်သို့တက်လာပြီး ပတ်ဝန်းကျင်လေထုကို ချက်ချင်းပင် ပူနွေးသွားစေသည်။
ထူးဆန်းသည်မှာ ထိုမီးလျှံကြီးက ပြင်းထန်စွာ တောက်လောင်နေသော်လည်း တွင်းထဲရှိသစ်ကိုင်းသစ်ရွက်များနှင့် လွင်ပြင်ထက်ရှိသစ်ကိုင်းသစ်ရွက်များကို အပူကူးဆက်လောင်ကျွမ်းခြင်း မရှိပေ။
သစ်ကိုင်းသစ်ရွက်များက ပုံမှန်အတိုင်း စိမ်းလန်းစိုပြေနေဆဲ ဖြစ်၏။
ဤသည်ကိုကြည့်ခြင်းအားဖြင့် တဟုန်းဟုန်းတောက်လောင်နေသည့် မီးတောက်မီးလျှံကြီးက တစုံတရာထူးခြားကြောင်း သေချာလှသည်။
မဟုတ်ပါက "ဖျက်ဆီး၍မရနိုင်" ဟု ဆိုကြသော ဤ "သစ်ပင်တံတိုင်းမြို့တော်" မှာ တွင်းထဲမှမီးလျှံကြောင့်ပင် မီးလောင်ပြာကျသွားနိုင်သည်။
မီးတောက်မီးလျှံများ အထက်သို့မြင့်တက်လာသည်နှင့် ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းပြီး ကြွက်သားများအပြိုင်းပြိုင်းထနေသော ယောကျ်ားကြီးများက အသားကင်စင်ကြီးများကိုထမ်းပိုးကာ ရောက်ရှိလာကြသည်။
သူတို့က အသားကင်စင်ကြီးများကို မီးတောက်ကြီးနှင့် မီတာအနည်းငယ်အကွာတွင် ချထားလိုက်ကြသည်။
အသားကင်စင်များထက်တွင် သိုးကောင်လုံး ၊ အမဲကောင်လုံးအပြင် ခုန်မင်မသိသော တောတွင်းတိရိစ္ဆန် အသားများကို အစီအရီထိုးစိုက်ထားသည်။
ထို့နောက် မျိုးနွယ်စုခေါင်းဆောင်’ဘာတု’ က ပေါ့ပါးစွာပင် လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ မီးတောက်မီးလျှံကြီးအတွင်းမှ မီးလျှံအလင်းတန်းပေါင်းများစွာ ဖြာထွက်လာပြီး အသားကင်စင်များအား မီးကူးစက်လောင်ကျွမ်းသွားသည်။
ဘာတုက သူ၏မီးထိန်းချုပ်နိုင်သည့်စွမ်းရည်ကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ပြီး ၊ ခုန်မင်တို့အုပ်စုသည်ပင် သူ့ကို အထင်ကြီးလေးစားသွားကြသည်။
ခုန်မင်က ဘာတုက နှောင်းပိုင်း မီးဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ဖြစ်ကြောင်း သိရှိထားသော်လည်း သူ၏မီးထိန်းချုပ်မှုစွမ်းရည်က ဤမျှအထိ အဆင့်မြင့်မည်ဟု ထင်မထားခဲ့ပေ။
ကြည့်ရသည်မှာ မျိုးနွယ်စုခေါင်းဆောင်’ဘာတု’ က ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့် အထွတ်ထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည်ဟု ယူဆရမည်။
ဘာတုသာ ကျင့်ကြံခြင်းအဆင့်တက်သွားပါက ချီတိမျိုးနွယ်စုတွင် ဒြပ်စင်စွမ်းအား အရှင်သခင်တစ်ယောက် ထွက်ပေါ်လာမည်ဖြစ်သည်။
“သစ်ပင်တံတိုင်းမြို့တော်” ၏ အားသာချက်နှင့် ပေါင်းစပ်လိုက်ပါက ချီတိမျိုးနွယ်စုမှာ မျိုးနွယ်စုတစ်ရာကြားတွင် အလယ်အလတ်ဆင့် မျိုးနွယ်စုတစ်ခုအဖြစ် မလွဲမသွေ မြင့်တက်လာပေမည်။
ထို့ပြင် သခင်ကြီး’တာလာ’ သည်လည်း အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ဘောက် ဖြစ်၏။
ကနဦးအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်ဖြစ်သော စုချီတို့ကဲ့သို့ ကျွမ်းကျင်သူများနှင့်ပေါင်းစပ်လိုက်လျှက် ချီတိမျိုးနွယ်စုကို အင်အားနည်းသည်ဟု မဆိုနိုင်တော့ပေ။
ချီတိမျိုးနွယ်စုသာ အင်အားကြီးလာမည်ဆိုလျှင် ခုန်အိမ်တော်သည်လည်း တောရိုင်းဒေသမှရရှိသည့်အကျိုးအမြတ်များ ပိုမိုများပြားလာနိုင်ပေသည်။
မျိုးနွယ်စုခေါင်းဆောင် ‘ဘာတု’ ၏ စွမ်းရည်ကိုကြည့်ရင်း ခုန်မင်က လက်ခုပ်တီးလိုက်ပြီး...
“မျိုးနွယ်စုခေါင်းဆောင်ကြီးရဲ့ ကျင့်ကြံခြင်းက အတော်နက်ရှိုင်းလွန်းတာပဲ ၊ ခုန်အော့ တကယ်ပဲ လေးစားမိပါတယ် ၊ လာ... ကျုပ် မျိုးနွယ်စုခေါင်းဆောင်ကြီးကို တစ်ခွက်ဂုဏ်ပြုပါတယ်”
ပြောပြီးသည်နှင့် ခုန်မင်က သေရည်ခွက်ကိုကိုင်မြှောက်ကာ တစ်ကျိုက်တည်းမော့သောက်လိုက်သည်။
ချီတိမျိုးနွယ်စု တည်ခင်းဧည့်ခံသည့်သေရည်က တောနက်ထဲမှ လတ်ဆတ်သောသစ်သီးဝလံများဖြင့် ချက်လုပ်ထားသည့် သစ်သီးဝိုင်အမျိုးအစား ဖြစ်သည်။
ထို့ကြောင့် အရသာက ချိုမြမြနှင့်ဖြစ်ပြီး "တောင်ပိုင်းတောရိုင်းနွေဦး" အရက်၏ ပြင်းရှရှအရသာနှင့် လုံးဝ တူညီခြင်း မရှိပေ။
ဤသစ်သီးဝိုင်က အမူးဒဏ်သိပ်မပြင်းသော်လည်း တစ်ငုံသောက်သည်နှင့် ချိုမြမွှေးပျံ့မှုက လျှာဖျားတွင်စွဲကျန်ရစ်ခဲ့သည်။
ဘာတုက မြို့နေလူများ၏ ယဉ်ကျေးမှုများကို နားလည်သူမဟုတ်ပေ။
ခုန်မင်က သူ့ကို ပွင့်လင်းစွာပင် ချီးကျူးစကားဆိုပြီး သေရည်မော့သောက်လိုက်လေရာ ၊ သူက အလွန်အမင်း သဘောကျသွားပြီး သေရည်ခွက်ကိုမြှောက်လိုက်ရင်း ရိုးရှင်းစွာပင် ပြောလိုက်သည်။
“သခင်လေး... သောက်ရအောင်”
ထို့နောက် သူက လက်ထဲမှသေရည်ခွက်ကို တစ်စက်မကျန် မော့သောက်လိုက်၏။
အသားကင်ရနံ့များလည်း လေထဲတွင်သင်းပျံ့လာပြီဖြစ်ရာ အပေါ်ပိုင်းဗလာကျင်းနေသော ယောကျ်ားကြီးများက အသားများအပေါ် ဟင်းခတ်အမွှေးအကြိုင်များ ကျွမ်းကျင်စွာ ဖြူးလိုက်ကြသည်။
အသားများကျက်သည်နှင့် သူတို့ ခါးတွင်ချိတ်ထားသည့် လခြမ်းကွေးဓားများကိုဆွဲထုတ်ကာ အသားများကို ပါးပါးလှလှပ်လေးများဖြင့်အောင်လှီးဖြတ်လိုက်သည်။
ထို့နောက် ပန်းကန်များတွင်ထည့်လျှက် စားပွဲများထက်သို့ တည်ခင်းပေးလေသည်။
လူတိုင်း အပြန်အလှန် ဂုဏ်ပြုစကားများဆိုကြရင်း မီးပုံပွဲကြီးက အလွန်ပင် စည်ကားသိုက်မြိုက်နေခဲ့သည်။
နဂိုကပင် လူများနှင့်ဝေးဝေးနေချင်သော ရှန်ရှင်းယွင်တစ်ယောက်ကတော့ အသားကင်လည်းမစား ၊ မည်သူနှင့်မှလည်း စကားမပြောဘဲ သစ်သီးဝိုင်ကိုချည်း ဖိသောက်နေတော့သည်။
တောရိုင်းဒေသမျိုးနွယ်စုဝင်များချက်လုပ်သည့် သေရည်မျိုးမှာ စျေးကွက်တွင် တွေ့ရခဲသည်ဖြစ်ရာ နန်မန်မြို့တွင်နေထိုင်သည့် ရှန်ရှင်းယွင်သည်ပင် ဤသို့သောသေရည်မျိုးကို တစ်ခါမှသောက်ဖူးခြင်းမရှိပေ။
ထို့ကြောင့် အရက်ကြိုက်သော ရှန်ရှင်းယွင်က အခွင့်အရေးရတုန်း အဝသောက်နေခြင်းသာ ဖြစ်၏။
ခုန်မင်ကတော့ စားသောက်ပွဲတွင် သေရည်သောက်ရင်း ချီတိမျိုးနွယ်စုဝင်များကို တိတ်တဆိတ် အကဲခတ်ကြည့်နေသည်။
တောရိုင်းဒေသမျိုးနွယ်စုဝင်များက အတွင်းစိတ်ကောက်သူများ မဟုတ်ကြပေ။
ဟန်ဆောင်တတ်သူများမဟုတ်လေရာ စားရင်းသောက်ရင်းဖြင့်ပင် သူတို့စိတ်ရင်းမှန်က မျက်နှာတွင် အထင်းသားပေါ်လွင်နေကြသည်။
သူတို့ထဲမှအချို့က ပျော်ရွှင်နေဟန်ရှိသော်လည်း အချို့ကတော့ တစုံတခု စိုးရိမ်နေဟန်ရှိသည်။
အသိသာဆုံးကတော့ ဆရာကြီး’တာလာ’ ဖြစ်လေသည်။
သူ့ကိုကြည့်ရသည်မှာ အတော်လေး စိတ်အနှောက်အယှက်ဖြစ်နေသည့်အမူအရာရှိပြီး တခါတရံပြုံးလိုက်လျှင်တောင်မှ စိတ်မသက်မသာအပြုံးမျိုး ဖြစ်၏။
သခင်ကြီး’တာလာ’ ထိုသို့ဖြစ်နေသည်မှာ သူ့ကိုရည်ရွယ်ခြင်းမဟုတ်ကြောင်း ခုန်မင် နားလည်လိုက်သည်။ ကြည့်ရသည်မှာ သခင်ကြီး’တာလာ’ တွင် စိတ်အနှောက်အယှက်ဖြစ်စရာ အခြားအကြောင်းတစ်ခု ရှိနေနိုင်သည်။
ချီတိမျိုးနွယ်စုတွင် သခင်ကြီး’တာလာ’ တစ်ယောက်တည်းသာ ရှိသည်မဟုတ်ပေ။ အခြားသခင်ကြီးများလည်း ရှိသေးသည်။
သို့သော် အခြားသခင်ကြီးများက အဘယ့်ကြောင့် စားသောက်ပွဲ မတက်ရောက်ကြပါသနည်း။
စုချီ အစောပိုင်းကပြောသည်မှာ “မျိုးနွယ်စုခေါင်းဆောင်နှင့် သခင်ကြီးများ” က မီးပုံပွဲကျင်းပရန် စီစဉ်ထားသည်ဆိုသော်လည်း တကယ်တမ်း သခင်ကြီး’တာလာ’ တစ်ယောက်သာ ရောက်ရှိလာခဲ့သည်။
စုချီ ခုန်မင်တို့ကို လာရောက်ကြိုဆိုနေသည့် အချိန်တိုအတွင်းမှာပင် ချီတိမျိုးနွယ်စုမှ အခြားသခင်ကြီးများ သွားရောက်ဖြေရှင်းရမည့် အရေးပေါ်ကိစ္စတစ်ခုခုများ ရှိလာလေသည်လား။
ခုန်မင် စဉ်းစားနေစဉ်မှာပင် သူ့အောက်ခြေမှ မြေပြင်က အနည်းငယ်တုန်ခါသွားသလိုခံစားလိုက်ရပြီး အဝေးတစ်နေရာမှ သားရဲဟိန်းဟောက်သံတစ်သံ ခပ်တိုးတိုးထွက်ပေါ်လာသည်ကို ကြားလိုက်ရလေ၏။