ကျူးကျော်လာသည့်ရန်သူများ
Vol. 10 Ch. 115
ခုန်မင်ကဲ့သို့ပင် အခြားသူများသည်လည်း ထိုတုန်ခါမှုကို ခံစားမိကြသည်ပင်။
ယခုဆိုလျှင် စုချီတို့အုပ်စုမှလွဲပြီး အခြားသော ချီတိမျိုးနွယ်စုဝင်များ မျက်နှာပျက်ယွင်းသွားကြသည်။
သခင်ကြီး’တာလာ’ က ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး အလျှင်အမြန် တစ်နေရာသို့ထွက်သွားရန် ဟန်ပြင်လိုက်၏။
ထိုအချိန် မျိုးနွယ်စုခေါင်းဆောင်’ဘာတု’ က တည်ငြိမ်သည့်မျက်နှာထားဖြင့် လက်တစ်ဖက်ကို အောက်သို့ဖိနှိပ်ပြရင်း အချက်ပြလိုက်သည်။
မျိုးနွယ်စုဝင်များကို စိတ်မပူဘဲ ငြိမ်သက်ကြရန် အချက်ပြလိုက်ခြင်းပင်။
ချီတိမျိုးနွယ်စုဝင်များ ငြိမ်သက်သွားကြပြီး ခွက်ချင်းတိုက်ကာ သေရည်ဆက်သောက်ကြသည်။ သို့သော် စောစောကလောက် ပျော်ရွှင်သည့်ဟန်ပန် မရှိတော့ပေ။
သခင်ကြီး’တာလာ’ ၏ မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး မအီမလည်ပုံစံဖြင့် ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်၏။
သို့သော် တာလာ၏စိတ်အာရုံမှာ မီးပုံပွဲတွင် လုံးဝမရှိတော့ကြောင်း ခုန်မင်က ရိပ်မိလိုက်သည်။
အခြေအနေတည်ငြိမ်သွားသည်နှင့် ဘာတုက ရယ်မောလိုက်ပြီး ခုန်မင်ထံသို့ သေရည်ခွက်ကိုမြှောက်လိုက်ရင်း...
“ဒုတိယသခင်လေး... ကျုပ်တို့မျိုးနွယ်စုရဲ့ သေရည်အရသာ ဘယ်လိုနေပါသလဲ...”
ခုန်မင်က ခပ်ဖွဖွ တစ်ချက်ပြုံးရင်း သေရည်ခွက်ကိုကိုင်မြှောက်လိုက်သည်။
“ခေါင်းဆောင်ကြီး’ဘာတု’ ... ပွင့်ပွင့်လင်းလင်းပဲ မေးပါရစေ... ခင်ဗျားတို့ ချီတိမျိုးနွယ်စုမှာ တခြားအရေးကြီးကိစ္စတစ်ခု ရှိနေတယ် မဟုတ်လား ၊ ကျုပ်ကိုဧည့်ဝတ်ကျေချင်တာနဲ့ အရေးကြီးကိစ္စကို အချိန်ဆွဲထားရင်... ကျုပ်ဘက်ကပဲ အားနာစရာဖြစ်ရလိမ့်မယ်”
ထိုမေးခွန်းကြားတော့ ဘာတု အံ့အားသင့်သွားလေသည်။
သူက စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ခုန်မင်ကို မည်သို့ရှင်းပြရမည်မသိဘဲ ခဏမျှတိတ်ဆိတ်သွားကာ မျက်နှာထက် မချိပြုံးတစ်ချက်သာ ပေါ်လာသည်။
အနားတွင်ရှိနေသည့် လူရည်လည်သော စုချီက ကြားဝင်ပြီး အခြေအနေကိုထိန်းလိုက်သည်။
“သခင်လေး... စိတ်ချပါ ၊ ကျုပ်တို့ ချီတိမျိုးနွယ်စုက သခင်လေးကို ဧည့်ဝတ်ကျေဖို့ကလွဲရင် တခြားအရေးကြီးကိစ္စ မရှိပါဘူး”
သို့သော် စုချီ၏စကားဆုံးသွားသည်နှင့် မြေပြင်ကြီးက နောက်တစ်ကြိမ် တုန်ခါလာပြန်သည်။ ယခုတစ်ခေါက်က အရင်တစ်ခေါက်ထက် ပိုမိုပြင်းထန်၏။
တစ်ချိန်တည်းမှာပင် သားရဲဟိန်းသံ ခပ်တိုးတိုးတစ်ချက်လည်း ထွက်ပေါ်လာပြန်သည်။ သားရဲဟိန်းသံနှင့်အတူ မှော်ဝင်သားရဲများ၏အော်ဟစ်သံပမာ ဟိန်းဟောက်အော်မြည်သံများလည်း ထွက်ပေါ်လာသည်။
စုချီမှာ ဆိုးဆိုးရွားရွားမျက်နှာပျက်သွားပြီး မည်သို့ဆက်ရှင်းပြရမှန်း မသိတော့ပေ။
ခုန်မင်က ခေါင်းခါယမ်းရင်း အေးဆေးသည့်လေသံဖြင့်...
“ချီတိမျိုးနွယ်စုအနေနဲ့ ခုန်အော့ကို တကယ်ပဲ မိတ်ဆွေအဖြစ်သတ်မှတ်တယ်ဆိုရင် ဒီကိစ္စကို ဖုံးဖိမထားသင့်ပါဘူး ၊ မဟုတ်ရင် ခင်ဗျားတို့ ဧည့်ဝတ်ကျေတယ်ဆိုတာ ဟန်ဆောင်မှုသက်သက်ဖြစ်သွားမှာပေါ့”
ထိုစကားကြားတော့ ဘာတုနှင့် တာလာတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
နောက်ဆုံး ဘာတုက သက်ပြင်းချရင်း မတ်တတ်ထရပ်လိုက်သည်။
“သခင်လေးက ဒီလိုဂရုစိုက်ပေးတယ်ဆိုတော့လည်း... ကျုပ် တည့်တည့်ပဲ ပြောပါတော့မယ် ၊ သခင်လေးကို ကြိုဆိုဖို့ မီးပုံပွဲအတွက် ပြင်ဆင်နေတုန်း အရင်က ရန်ငြိုးဟောင်းရှိခဲ့တဲ့ တောရိုင်းမျိုးနွယ်စုတစ်ခုက တပ်ဖွဲ့ကြီးတွေနဲ့ ကျူးကျော်လာပါတယ်”
သူက ဆက်ရှင်းပြလိုက်သည်။
သခင်လေးကို စိတ်ပူအောင်မလုပ်ချင်လို့ တခြားသခင်ကြီးနှစ်ယောက်က ရန်သူကို သွားပြီးတိုက်ခိုက်ခဲ့ပါတယ် ၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ အဆင်ပြေအောင် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတယ် ၊ ဒါပေမဲ့... အခုတော့ ကြည့်ရတာ ရန်သူတွေက အတော်အင်အားကြီးပုံရတယ် ၊ လွယ်လွယ်နဲ့ နှင်မထုတ်နိုင်တော့ဘူးထင်တယ်”
တောရိုင်းမျိုးနွယ်စုတစ်ရာတွင် စစ်ပွဲများ မကြာခဏဖြစ်ပွားတတ်သည်ပင်။
ချီတိမျိုးနွယ်စုတွင်လည်း နတ်သားရဲမျိုးနွယ်သာမက အခြားသော ရန်သူမျိးနွယ်စုများ ရှိနေသည်ဖြစ်ရာ မကြာခဏ စစ်ပွဲများဖြစ်ပွားတတ်သည်။
ယခု ချီတိမျိုးနွယ်စုက ခုန်မင်ကို ဧည့်ဝတ်ကျေချင်သည့်အတွက် စစ်ပွဲကိစ္စ ပြောမပြသည့်တိုင် အဘယ့်ကြောင့် ဤမျှအထိ ဖုံးကွယ်ထားရပါသနည်း။
ဤနောက်ကွယ်တွင် အခြားအကြောင်းရင်းတစ်ခု ရှိနေမည်လား။
ခုန်မင်က ခေါင်းညိတ်လိုက်ရင်း...
“ကျုပ်တို့ ခုန်အိမ်တော်က ချီတိမျိုးနွယ်စုနဲ့ မဟာမိတ်တွေလို့ ယူဆလို့ရပါတယ် ၊ အခု ခုန်အော့လည်း ဒီမှာရှိနေတယ်ဆိုတော့ တိုက်ပွဲအခြေအနေကို အတူတူသွားကြည့်ရအောင်လေ ၊ တကယ်လို့ ကျုပ် ကူညီပေးနိုင်တာရှိရင်လည်း ကူညီပေးတာပေါ့”
ခုန်မင်၏စကားကိုကြားတော့ ဘာတုနှင့် တာလာက စိုးရိမ်တကြီးဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
စုချီက ကြိုးစားပြီးပြုံးလိုက်ရင်း...
“သခင်လေးက ချီတိမျိုနွယ်စုရဲ့ အထူးဧည့်သည်ပါ ၊ ဘယ်လိုလုပ်ပြီး သခင်လေးရဲ့ အကူအညီကိုယူရမှာလဲ ၊ ကျူးကျော်လာတဲ့သူတွေကို ကျုပ်တို့ကိုယ်တိုင်ပဲ ရှင်းလိုက်ပါ့မယ်”
ခုန်မင်က သက်ပြင်းချရင်း...
“ဆရာ’စုချီ’ ... ကြည့်ရတာ... ခင်ဗျားက ကျုပ်ကို တကယ့်မိတ်ဆွေလို့ မမြင်သေးဘူးပဲ”
ထိုစကားကြားတော့ ဘာတိုနှင့် တာလာတို့ ပိုပြီးမျက်နှာပျက်သွားကြသည်။
နောက်ဆုံးမှာတော့ ဘာတုက စကားဆိုလာသည်။
“ရန်သူတွေလည်း တံခါးဝရောက်နေပြီဆိုတော့... ငါတို့ ချီတိမျိုးနွယ်စုတွေ ဘယ်လိုတိုက်ခိုက်ကြသလဲဆိုတာ သခင်လေးကို ကြည့်ခွင့်ပေးလိုက်ပါတော့...”
ထို့နောက် သူက ခုန်မင်ဘက်သို့လှည့်ကြည့်ရင်း...
“တကယ်လို့ ကျုပ်တို့ တောင့်မခံနိုင်တော့ရင်... သခင်လေးဆီက အကူအညီတောင်းပါ့မယ်”
ဘာတု၏စကားဆုံးသွားသည်နှင့် တာလာက စိတ်အေးသွားဟန်ရှိသည်။
သူက လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း...
“ဒါဖြင့် ကျုပ် တိုက်ပွဲဝင်တော့မယ် ၊ ခေါင်းဆောင်ကြီးနဲ့ သခင်လေး နောက်ကလိုက်ခဲ့ကြပါ”
စကားဆုံးသည်နှင့် တာလာက အလျှင်အမြန်ပင် လေထဲသို့ခုန်တက်ကာ မီတာ(၃၀)ခန့်အကွာသို့ ရောက်ရှိသွားတော့သည်။
အပြင်ပန်း အေးစက်ဟန်ရှိသော သခင်ကြီး’တာလာ’ မှာ စိတ်မြန်လက်မြန်ရှိသူတစ်ယောက်သာပင်။ ပြီးတော့ သူက ရန်သူများနှင့်ပတ်သက်ပြီး စိတ်ပူပန်နေဟန်လည်း ရှိသည်။
ခုန်မင်တို့အုပ်စုကတော့ ဘာတုနှင့်အတူ “သစ်ပင်တံတိုင်းမြို့တော်” ၏ အခြားသော အစွန်းဘက်သို့ ထွက်ခွာလာကြသည်။
မီးပုံပွဲအလယ်ဗဟိုမှ မီးတောက်မီးလျှံကြီးမှာလည်း ဘာတု၏ ထိန်းချုပ်မှုမရှိတော့သဖြင့် ချက်ချင်းပင်ငြိမ်းသတ်သွားပြီး ချီတိမျိုးနွယ်စုဝင်အချို့က နေရာကိုသန့်ရှင်းရေးလုပ်ရန် ကျန်ရစ်ခဲ့ကြသည်။
မီးပုံပွဲအတွက် မီးတောက်မီးလျှံကြီးဖန်တီးခဲ့သော အပေါက်ကြီးမှာလည်း သစ်ကိုင်းသစ်ရွက်များ အလိုလျောက်ရစ်ပတ်လာပြီး မူလနေရာအတိုင်းပြန်လည်သိပ်သည်းသွားတော့၏။
ဤ “သစ်ပင်တံတိုင်းမြို့တော်” က လျှို့ဝှက်ဆန်းကြယ်လှသည်အမှန်ပင်။
“သစ်ပင်တံတိုင်းမြို့တော်” ၏ အစွန်းနှစ်ဖက်က မီတာ(၂၀၀၀)ကျော်မျှသာ ရှည်လျားသည်ဖြစ်ရာ မကြာမီ ခုန်မင်တို့အုပ်စု အခြားတစ်ဖက်စွန်းသို့ ရောက်ရှိသွားကြသည်။
ဤအစွန်းဘက်ခြမ်းက ခုန်မင်တို့တက်လာသည့်အစွန်းဘက်ခြမ်းထက်ဆာလျှင် တောနက်အတွင်းပိုင်းနှင့်ပိုမိုနီးကပ်သည်။
သူတို့အုပ်စုရောက်လာသည်နှင့် ဤဘက်ခြမ်းရှိ “သစ်ပင်တံတိုင်း” ထိပ်ဖျားတွင် ချီတိစစ်သည်တော် တစ်ထောင်ကျော်ခန့် စုဝေးနေသည်ကို တွေ့ရသည်။
သူတို့က စစ်ရေးဖွဲ့စည်းပုံပြင်ဆင်ထားပြီး တိုက်ပွဲဝင်ရန် အသင့်ပြင်ထားကြ၏။
ချီတိမျိုးနွယ်စု လူဦးရေကိုထောက်ရှုကြည့်လျှင် စစ်သည်တော်တစ်ထောင်ဆိုသည်မှာ သူတို့၏အင်အားအကုန် ဖြစ်နိုင်သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ကျူးကျော်လာသူက အလွန်အင်အားကြီးမားပြီး ရဲတင်းသည်မှာ ထင်ရှားသည်။
“သစ်ပင်တံတိုင်း” ၏ သဘာဝအလျောက် ခိုင်မာသည့်ကာကွယ်မှုသာ မရှိခဲ့လျှင် ဘာတုအနေဖြင့် ခုန်မင်တို့အုပ်စုကို ဧည့်ခံနေချိန်ပင် ရမည်မဟုတ်ပေ။
ဤတစ်ဖက်စွန်းရှိ “သစ်ပင်တံတိုင်း” သို့ ရောက်ရှိသည်နှင့် တိုက်ပွဲအော်ဟစ်သံများ ၊ မှော်ဝင်သားရဲများ၏ ဟိန်းဟောက်သံများကို ပိုမိုကျယ်လောင်စွာကြားလာရသည်။
ခုန်မင်တို့၏ခြေဖဝါးအောက်မှ တုန်ခါမှုသည်လည်း တစ်ချက်ထက်တစ်ချက် ပို၍ပြင်းထန်လာလေရာ တိုက်ပွဲပြင်းထန်နေသည်မှာ သိသာလှ၏။
အသင့်အနေအထား မတ်တတ်ရပ်နေကြသည့် ချီတိစစ်သည်များက မျိုးနွယ်စုခေါင်းဆောင် ရောက်ရှိလာသည်နှင့် ချက်ချင်းဘေးနှစ်ဖက်သို့လူစုခွဲလိုက်ပြီး လမ်းကြောင်းတစ်ခု ဖွင့်လှစ်ပေးလိုက်သည်။
ချီတိမျိုးနွယ်စုခေါင်းဆောင်ဖြစ်သလို ကျင့်ကြံခြင်းအဆင့်မြင့်မားသူလည်းဖြစ်သော ဘာတုက တိုက်ပွဲတိုင်းတွင် ရှေ့တန်းမှ ဦးဆောင်တိုက်ခိုက်တတ်သူ ဖြစ်သည်။
ထို့ကြောင့် သူကိုယ်တိုင်စစ်မြေပြင်သို့ရောက်လာသည့်အခါ တိုက်ပွဲဦးဆောင်သူက သူ့လက်ထဲ ပြန်လည်ရောက်ရှိသွားသည်။
ခုန်မင်တို့အုပ်စုကလည်း ဘာတုနောက်မှ လိုက်ပါသွားသည်။
ထိုအချိန် စုချီက စိုးရိမ်ပူပန်ဟန်ဖြင့်...
“သခင်လေး... တိုက်ပွဲရှေ့တန်းကို အရမ်းမသွားပါနဲ့ ၊ မတော်လို့များ အန္တရယ်တစ်ခုခုရှိလာရင်...”
ခုန်မင်က တည်ငြိမ်စွာဖြင့်...
“ဆရာ’စုချီ’ စိတ်မပူပါနဲ့”
စုချီက စကားဆက်ပြောရန် ဟန်ပြင်လိုက်သော်လည်း ခုန်မင်၏ခြေလှမ်းများက ဆုံးဖြတ်ချက်ခိုင်မာလှသဖြင့် ဆက်ပြီးမတားဆီးတော့ပေ။
တကယ်တော့ ကျူးကဲခုန်မင်ဆိုသည်က သုံးပြည်ထောင်ခေတ်တွင် တစ်ဘဝလုံးနီးပါး စစ်ရေးစစ်ရာများဖြင့် အချိန်ကုန်ခဲ့ရသူ ဖြစ်သည်။
စစ်မြေပြင်တွင် ခြေချမိသည်နှင့် အခြေအနေတစ်ခုလုံးကို မျက်ဝါးထင်ထင် တွေ့မြင်ရခြင်းမရှိပါက တစ်ခုခုလိုအပ်နေသလို ခံစားရတတ်သူပင်။
ထို့ပြင် ခုန်မင် ထျန်းယွမ်ကုန်းမြေတွင် ပြန်လည်မွေးဖွားလာပြီးနောက် ဤကမ္ဘာကြီးတွင် ကြီးကြီးမားမားစစ်ပွဲဆို၍ တစ်ခါမှ မကြုံတွေ့ရသေးပေ။
ယခု တောရိုင်းဒေသသို့ရောက်မှ တကယ့်စစ်မြေပြင်တစ်ခုကို တွေ့မြင်ရမည်ဖြစ်လေရာ စစ်ရေးဗျူဟာရှင်’ခုန်မင်’ က မည်သို့လက်လွှတ်ခံနိုင်ပါမည်နည်း။
ယနေ့တိုက်ပွဲက လူပေါင်းထောင်ချီမျှသာပါဝင်သဖြင့် တိုက်ပွဲကြီးတစ်ခုဟု မဆိုသာပေ။
သို့သော် ထျန်းယွမ်ကုန်းမြေရှိလူများ မည်သို့စစ်တိုက်ကြသည် ၊ မည်သို့သောစစ်ရေးဗျူဟာများအသုံးပြုသည်ကို ခုန်မင် သိရှိချင်မိသည်။
ထို့ပြင် ကျင့်ကြံသူများသည်လည်း တိုက်ပွဲတစ်ခုတွင် မည်သို့သောအခန်းကဏ္ဍမှပါဝင်မည်ကို ကြည့်ရှုရပေမည်။
တောရိုင်းဒေသသို့ ခရီးထွက်ရန်ဆုံးဖြတ်လိုက်ခြင်းမှာ မှန်ကန်သည့်ခြေလှမ်းဖြစ်သည်ဟု ခုန်မင် တွေးလိုက်မိ၏။
ခုန်မင်က “သစ်ပင်တံတိုင်း” အစွန်းတွင် မတ်တတ်ရပ်ရင်း အောက်ဖက်ရှိ စစ်မြေပြင်ကို ငုံ့ကြည့်လိုက်သည်။
“သစ်ပင်တံတိုင်း” ကဲ့သို့ အခိုင်အမာခံတပ်တစ်ခုကို ရဲရဲဝံ့ဝံ့ ဝင်ရောက်တိုက်ခိုက်ရဲသော တောရိုင်းမျိုးနွယ်စု၏အင်အားက သာမန်မဟုတ်နိုင်ပေ။
ထို့ပြင် သစ်ပင်တံတိုင်းမြို့တော်ကြီးကိုပင် တုန်ခါသွားစေနိုင်သည့်အင်အားက လုံးဝ လျှော့တွက်မရနိုင်သည့် အင်အားဖြစ်သည်။
သို့သော် တကယ်တမ်းတိုက်ပွဲကိုတွေ့မြင်လိုက်သည်နှင့် ခုန်မင် အံ့အားသင့်သွားရသည်။
အဘယ်ကြောင့်ဆိုသော သစ်ပင်တံတိုင်းကို တိုက်ခိုက်နေသည့်ရန်သူများက တောရိုင်းလူမျိုးများမဟုတ်ဘဲ မှော်ဝင်သားရဲအုပ်စုကြီး ဖြစ်နေသောကြောင့်ပင်။
“သစ်ပင်တံတိုင်း” အောက်ဘက်တွင် ရာနှင့်ချီသည့် ဦးချိုပါဝံနက်ကြီးများက စစ်သည်များကဲ့သို့ စည်းကမ်းတကျ အတန်း(၃)တန်း တန်းစီကာ မတ်တတ်ရပ်နေကြသည်။
ထို့နောက်...
ရှေ့ဆုံးအတန်းရှိ ဝံနက်ကြီးများက ကြီးမားထူထဲသော လက်သည်းများကို တညီတညွတ်တည်းဝှေ့ယမ်းကာ “သစ်ပင်တံတိုင်း” ကို အားပြင်းစွာ ရိုက်ချလိုက်ကြလေသည်။