မှော်ဝင်သားရဲတို့၏တိုက်ခိုက်မှု
Vol. 10 Ch. 116
ရှေ့ဆုံးတန်းရှိ ဦးချိုပါဝံနက်များက တစ်ချက်တိုက်ခိုက်ပြီးသည်နှင့် ချက်ချင်းနောက်ပြန်ဆုတ်သွားကြပြီး ဒုတိယတန်းမှ ဝံနက်ကြီးများက ရှေ့တက်လာကြသည်။
ဒုတိယအတန်းက တိုက်ခိုက်ပြီးသည်နှင့် တတိယအတန်းက ရှေ့တက်ကာ ဆက်လက်တိုက်ခိုက်လိုက်ကြသည်။
ဤသို့ အတန်း(၃)တန်း တစ်လှည့်စီတိုက်ခိုက်နေမှုကြောင့် တစ်ချက်တိုက်ပြီးတိုင်း အသက်ရှူခွင့်ရကြကာ နောက်တစ်ချက်ကို အားအပြည့်ဖြင့် ထပ်မံတိုက်ခိုက်နိုင်ကြသည်။
ဦးချိုပါဝံနက် တစ်ကောင်တည်းဆိုလျှင် အရေးမကြီးလှပေ။
သို့သော် ရာနှင့်ချီပြီးစုဝေးလာသည်ဖြစ်ရာ မြင်ရသူတိုင်းအတွ် ကြောက်မက်ဖွယ်ရာ ဖြစ်နေတော့၏။
“သစ်ပင်တံတိုင်း” က ထူထဲခိုင်မာလွန်းသည့်တိုင် ဝက်ဝံနက်ကြီးများ၏ ကြီးမားသောလက်သည်းများဖြင့် တစ်ချက်ရိုက်ခတ်ခံရတိုင်း သစ်သားအပိုင်းအစများလွင့်စင်ထွက်သွားကာ တံတိုင်းပေါ်တွင် ဖရဲသီးအရွယ်ခန့် အပေါက်ကြီးများ ရာနှင့်ချီပြီး ဖြစ်ပေါ်သွားသည်။
သစ်ပင်တံတိုင်းမြို့တော်ကြီး ဆက်တိုက်တုန်ခါနေသည်မှာ ဤဝက်ဝံကြီးများ၏ မဆုတ်မနစ် ရိုက်ခတ်တိုက်ခိုက်နေမှုကြောင့် ဖြစ်ပေသည်။
ဦးချိုပါဝံနက်များ ဤအတိုင်းသာ ဆက်တိုက် တိုက်ခိုက်နေမည်ဆိုပါက သစ်ပင်တံတိုင်းကြီး မည်မျှထူထဲအားကောင်းပါစေ အဆုံးသတ်တွင် ပျက်ဆီးခြင်းနှင့် ကြုံရပေမည်။
သို့ပေသိ သစ်ပင်တံတိုင်းကြီးကလည်း အမှန်တကယ်ပင် လျှို့ဝှက်ဆန်းကြယ်လွန်းသည်။
ဝက်ဝံကြီးများ ရိုက်ခတ်မှုကြောင့် တံတိုင်းထက်တွင် အပေါက်ကြီးများဖြစ်လာသည်နှင့် သစ်ကိုင်း ၊ သစ်ရွက်နှင့် နွယ်ပင်များ အလိုအလျောက်ထွက်ပေါ်လာကာ ပျက်ဆီးမှုကို ပြုပြင်ပေးလိုက်လေသည်။
ထို့ကြောင့် ဝက်ဝံကြီးများ မည်မျှကြိုးစားပမ်းစားတိုက်ခိုက်ပါစေ သစ်ပင်တံတိုင်းအခြေခံအုတ်မြစ်က ချက်ချင်းပျက်ဆီးသွားခြင်း မရှိပေ။
ထို့ပြင် သစ်ပင်တံတိုင်းထက်မှ ချီတိစစ်သည်တော်များကလည်း ဤအတိုင်း ထိုင်ကြည့်နေကြသည် မဟုတ်ပေ။
သစ်ပင်တံတိုင်းအစွန်းမှ ကြီးမားလှသော ဝန်ချီလှည်းဘီးကြီးများထက်တွင် အလွန်ကြီးမားသော ဒူးလေးလက်နက်ကြီးများ တင်ထားကြသည်။
လေးကြိုးများထက်တွင် ကလေးတစ်ယောက်၏ လက်မောင်းလုံးအရွယ်ခန့်ထူထဲပြီး အရှည်(၃)မီတာရှိသော မြားကြီးများတင်ထားကာ တံတိုင်းအောက်ဘက်ရှိ ရန်သူများဆီသို့ အဆက်မပြတ် ပစ်လွှတ်နေသည်။
လှည်းဘီးကြီးများ၏အင်အားကို အသုံးချထားသဖြင့် ဤမြားတံများက အဖျက်စွမ်းအားမြင့်မားလွန်းသည်။
မြားတံများက လေကိုထိုးခွင်းသွားတိုင်း မိုးခြိမ်းသံပမာ ကျယ်လောင်သည့်အသံများထွက်ပေါ်လာကာ အရေခွံထူလှသော ဦးချိုပါဝံနက်ကြီးများ၏ခန္ဓာကိုယ်အား ဖောက်ထွင်းဝင်ရောက်သွားသည်။
သစ်ပင်တံတိုင်းအောက်တွင် မြားချက်ဖြင့် အသက်ထွက်နေသော ဦးချိုပါဝံနက်အလောင်းများကို ဒါဇင်နှင့်ချီပြီးတွေ့ရသည်။
အားနည်းချက်မှာ မြားတံကြီးများ၏ပစ်ခတ်နှုန်းက အလွန်နှေးကွေးသဖြင့် အချိန်တိုအတွင်း ဝက်ဝံကြီးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။
ထို့ပြင် တိုက်လိုက်လာသူများက ဝံနက်ကြီးများသာ မဟုတ်ပေ။
ဦးချိုပါဝံနက်ကြီးများနောက်တွင် မျောက်နှင့်ဆင်တူသည့် မှော်ဝင်သားရဲအုပ်စုကြီး ရှိနေပြန်သည်။
မျောက်သားရဲများက အမြီးများကို အလံတိုင်ပမာ တည့်တည့်မတ်မတ်ထောင်မတ်ထားပြီး သူတို့ပါးစပ်ထဲမှ ရှည်လျားကြီးမားသော အစွယ်နှစ်ချောင်းလည်း ထွက်ပေါ်နေသည်။
ဤမျောက်သားရဲများက ခန္ဓာကိုယ်အရွယ်အစား ကြီးမားခြင်းမရှိပေ။ သို့သော် အရေအတွက်က ဝက်ဝံများထက် အဆပေါင်းများစွာပိုမိုများပြားပြီး အင်အားတစ်ထောင်ကျော်ခန့် ရှိနိုင်သည်။
ဝက်ဝံကြီးများ သစ်ပင်တံတိုင်းကိုတိုက်ခိုက်ချိန် ဤမျောက်သားရဲများက ရှေ့သို့ပြေးထွက်လာပြီး သစ်ပင်တံတိုင်းပေါ်သို့ ဖက်တက်လိုက်ကြ၏။
မျောက်တို့၏ မွေးရာပါစွမ်းရည်အတိုင်း သစ်ပင်တက်ကျွမ်းကျင်သည်ဖြစ်ရာ သစ်ပင်တံတိုင်းပေါ်သို့ လျှင်မြန်စွာပင် တက်နိုင်ကြသည်။
ထို့ပြင် ဉာဏ်ရည်ကလည်း ကောက်ကျစ်လှသည်။
သူတို့က တံတိုင်းထိပ်ဖျားအထိတက်ပြီး လူများကို တိုက်ခိုက်ခြင်း မပြုပေ။
တံတိုင်းအလယ်ပိုင်းရောက်သည်နှင့် သူတို့က ဆက်မတက်တော့ဘဲ ပါးစပ်ကိုဟကာ အစွယ်ဖြူများဖြင့် သစ်ပင်တံတိုင်းအားရစ်ပတ်ထားသော နွယ်ပင်များနှင့် သစ်ရွက်များကို ကိုက်ဖြတ်ပစ်လိုက်ကြသည်။
သစ်ပင်တံတိုင်းက မရေမတွက်နိုင်သည့် သစ်ပင်မြင့်ကြီးများဖြင် တည်ဆောက်ထားသော်လည်း ၊ ထိုသစ်ပင်ကြီးများတွင် အကြားအလပ်မရှိစေရန် နွယ်တန်းများ ၊ သစ်ရွက်များဖြင့် ရစ်ပတ်ထားခြင်း ဖြစ်၏။
ဤနွယ်ပင်တန်းများနှင့် သစ်ရွက်များ ပျက်ဆီးသွားပါက သစ်ပင်တံတိုင်းတွင် ဟာကွက်များ ဖြစ်ပေါ်လာမည်သာပင်။
သစ်ပင်တံတိုင်းက အလိုအလျောက်ပြန်လည်ပြုပြင်နိုင်စွမ်းရှိနေသဖြင့် ကံကောင်းသည်ဟု ဆိုနိုင်သည်။
ပျက်ဆီးသွားသည့်နေရာများတွင် နွယ်ပင်တန်းများနှင့် သစ်ရွက်အသစ်များ အစားထိုးထွက်ပေါ်လာကာ တံတိုင်းတစ်ခုလုံးကို ပြန်လည်ခိုင်မာသွားစေသည်။
ချီတိလေးသည်တော်များက တံတိုင်းအစွန်းတွင် ခန္ဓာကိုယ်တစ်ဝက်ငုံ့ကိုင်းလျှက် လေးနှင့်မြားကိုကိုင်ဆောင်ကာ မျောက်သားရဲများကို အောက်သို့ပစ်ချနေကြသည်။
မျောက်သားရဲများက လျှင်မြန်ဖြတ်လတ်သော်လည်း မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း အားနည်းသည်။
မြားချက်ထိမှန်သည်နှင့် တံ့တိုင်းထက်မှပြုတ်ကျသွားပြီး မြေပြင်နှင့်ရိုက်ခတ်မိ၍ဖြစ်စေ ၊ ဦးချိုပါဝံနက်များ နင်းမိ၍ဖြစ်စေ အသက်ထွက်သွားကြတော့၏။
အချို့သောချီတိစစ်သည်များက ဖရဲသီးအရွယ်ရှိသော မီးလောင်ဗုံးများကိုသယ်ဆောင်ပြီး အောက်ဘက်သို့ ပစ်ချကြသည်။ သစ်ပင်တံတိုင်းနှင့်ရိုက်မိပြီး မီးလောင်ဗုံးများပေါက်ကွဲသွားကာ မီးလျှံများပျံ့နှံ့ထွက်ပေါ်လာသည်။
မီးလျှံများနှင့်ထိတွေ့မိသော မျောက်သားရဲများမှာ ချက်ချင်းမီးလောင်သွားကြပြီး အောက်သို့ပြုတ်ကျ သေဆုံးကြပြန်သည်။
မျောက်သားရဲများကိုတိုက်ခိုက်ရာတွင် မီးလောင်ဗုံးများက မြားများထက် အဆပေါင်းများစွာ ပိုမိုထိရောက်သည်။
ချီတိမျိုးနွယ်စုများက မှော်ဝင်သားရဲများ၏တိုက်ခိုက်မှုကိုကိုင်တွယ်ရာတွင် အတွေ့အကြုံအလွန်ရှိပုံရပြီး အထူးပြုလုပ်ထားသည့်လက်နက်များကိုပင် တီထွင်ထားကြသည်။
သို့ပေသိ ဦးချိုပါဝံနက်များနှင့် မျောက်သားရဲများ၏နောက်တွင် မှော်ဝင်သားရဲတစ်မျိုး ထပ်ရှိနေပြန်သည်။ သူတို့က အရေအတွက်သိပ်မများသော်လည်း အလွန်တရာ အင်အားကြီးမားဟန်ရှိသည်။
ထိုသားရဲများက မျက်လုံးတစ်လုံးတည်းပါသော ကြီးမားသည့်မျောက်ဝံကြီးများ ဖြစ်ကြ၏။ မျောက်ဝံကြီးများ၏တစ်ကိုယ်လုံး ရွှေရောင်အမွှေးရှည်များဖြင့် ဖုံးလွှမ်းနေပြီး အရပ်အမြင့်(၄)မီတာကျော် ရှိလေသည်။
ထိုရွှေရောင်မျောက်ဝံကြီးများ၏လက်နှစ်ဖက်က အလွန်ရှည်လျားသည်။ မြေပြင်ထက်တွင် မတ်တတ်ရပ်လျှက်ဖြင့်ပင် သူတို့၏လက်ကြီးများက မြေကြီးကိုအလွယ်တကူ ထိကိုင်နိုင်ကြ၏။
ထိုရွှေရောင်မျောက်ဝံကြီးများက တိုက်ပွဲကို ဤအတိုင်း ထိုင်ကြည့်နေကြသည် မဟုတ်ပေ။
သူတို့က ကျယ်လောင်သော ကြုံးဝါးသံကြီးများပြုရင်း ကျောတွင်လွယ်ထားသည့် ကြီးမားသော ခြင်းတောင်းကြီးအတွင်းမှ မည်းနက်သည့် ကြိတ်ဆုံကျောက်တုံးကြီးများကိုဆွဲထုတ်ကာ သစ်ပင်တံတိုင်းထိပ်ဖျားသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ပစ်ပေါက်နေကြသည်။
မျက်လုံးတစ်လုံးတည်းပါသော ရွှေရောင်အမွှေးရှည် မျောက်ဝံကြီးများ၏ခွန်အားက မယုံနိုင်စရာ ကြီးမားလွန်းလှသည်။
သူတို့က သစ်ပင်တံတိုင်းနှင့် မီတာ(၁၀၀)ကျော်အဝေးတွင်ရှိနေပြီး တံတိုင်းကြီးကလည်း မီတာ(၁၀၀)ကျော် မြင့်မားလေသည်။
သို့သော် မျောက်ဝံကြီးများက ကြိတ်ဆုံကျောက်တုံးကြီးများကို တံတိုင်းထက်သို့ရောက်အောင် လှမ်းပစ်နိုင်စွမ်းရှိသည်မှာ အမှန်တကယ် အံ့သြစရာကောင်းလှသည်။
ထို့ပြင် အနက်ရောင် ကြိတ်ဆုံကျောက်တုံးကြီးများက သာမန်ကျောက်တုံးများ မဟုတ်ပေ။
ထိုကျောက်တုံးများက သစ်ပင်တံတိုင်းထိပ်သို့ရောက်သည်နှင့် ယမ်းဘီလူးကဲ့သို့ ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော အပိုင်းအစလေးများအဖြစ် အရပ်မျက်နှာအသီသီးသို့ လွင့်စင်ထွက်သွားသည်။
ထို ကျောက်တုံးအပိုင်းအစများနှင့် ထိမှန်ခံရသည်နှင့် ကျင့်ကြံသူမဟုတ်သော သာမန်ချီတိစစ်သည်များ ဒဏ်ရာရကုန်ကြသည်။
ကျောက်တုံးတစ်တုံး တစ်ကြိမ်ပေါက်ကွဲတိုင်း ချီတိစစ်သည် (၁၀)ယောက်ထက်မနည်း ဒဏ်ရာရသွားလေ့ရှိ၏။
ထိုထိုရွှေရောင်အမွှေးရည် မျောက်ဝံကြီးများမှာ (၁)ဒါဇင်ခန့်သာရှိ၍ တော်တော့သည်။ အရေအတွက်များစွာရှိလျှင်တော့ ဒုက္ခအကြီးအကျယ် ရောက်ရပေမည်။
သို့ပေသိ မျောက်ဝံကြီးများက ကျောက်တုံးများကို တံတိုင်းပေါ်သို့လှမ်းပစ်လိုက်တိုင်း ချီတိမျိုးနွယ်စုမှ ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် ကျင့်ကြံသူများက လေထဲသို့ခုန်တက်ကာ ဒြပ်စင်စွမ်းအားများကိုထုတ်လွှတ်ပြီး ထိုကျောက်တုံးများ လေထဲမှာပင် ပေါက်ကွဲသွားအောင် ဖျက်ဆီးပစ်ကြသည်။
ထို့ကြောင့် ပေါက်ကွဲစေတတ်သောကျောက်တုံးများက လူအုပ်ထဲသို့ တိုက်ရိုက်ကျရောက်ပေါက်ကွဲခြင်းမရှိတော့သဖြင့် ဒဏ်ရာရသူဦးရေလည်း များစွာလျော့နည်းသွားသည်။
ထို့ကြောင့် ချီတိစစ်သည်များ အတော်လေး သက်သာရာရကြလေသည်။
ကျောက်တုံးများကိုဖျက်ဆီးပစ်ရန် လေထဲသို့ခုန်တက်သွားသည့် ချီတိမျိုးနွယ်စု၏ ဒြပ်စင်စွမ်းအားဆရာသခင်များထဲတွင် သခင်ကြီး’တာလာ’ ကို တွေ့ရလေသည်။
သခင်ကြီး’တာလာ’ စစ်မြေပြင်သို့ အလောတကြီးပြေးထွက်သွားခြင်းမှာ မထူးဆန်းတော့ပေ။
သူက ရန်သူ၏ ထူးခြားသောတိုက်ခိုက်မှုပုံစံကို သိရှိထားပြီး ဖြစ်သည်။ ရွှေရောင်မျောက်ဝံကြီးများ၏ တိုက်ခိုက်မှုကို မျိုးနွယ်စု၏ ထိပ်တန်းကျင့်ကြံသူများကသာ တားဆီးနိုင်ပေမည်။
ချီတိမျိုးနွယ်စုတွင်လည်း ထိုရွှေရောင်အမွှေးရှည်မျောက်ဝံကြီးများကို တန်ပြန်တိုက်ခိုက်ရန် နည်းလမ်းမရှိသည်တော့ မဟုတ်ပေ။
သစ်ပင်တံတိုင်းထိပ်မှ အလွန်ကြီးမားသော ဝန်ချီလှည်းဘီးများအား လောက်လွှဲပစ်စက်ပမာ အသုံးပြုနိုင်သည်။
လှည်းဘီးများတွင် စက်သီးတစ်ခုတပ်ဆင်လိုက်ပြီး လူတင်ရန်အတွက်အသုံးပြုသော တွဲလောင်းဆွဲခြင်းတောင်းကြီးများကို ဘေးတိုက်စောင်းကာ ဝန်ချီလှည်းဘီးနှင့် ခြင်းတောင်းကြားတွင် မောင်းတံတစ်ခု ထည့်သွင်းလိုက်သည်။
ထို့နောက် ခြင်းတောင်းများထဲသို့ မီးဘောလုံးများထည့်လိုက်ပြီး မောင်းတံကို လွှတ်လိုက်သည့်အခါ မီးလျှံဘောလုံးများက မျောက်ဝံကြီးများဆီသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားတော့သည်။
သို့သော် မျောက်ဝံကြီးများက ငြိမ်ခံနေရလောက်အောင် အသိဉာဏ်မဲ့သူများ မဟုတ်ပေ။ မီးလျှံဘောလုံးများလွင့်လာသည်နှင့် သူတို့က ဘေးကင်းရာသို့ အမြန်ဆုတ်ခွာသွားကြသည်။
မျောက်ဝံကြီးများ ပြန်လှည့်ပြေးကြသဖြင့် ကြိတ်ဆုံကျောက်တုံးများပစ်ခတ်ခြင်းက ခဏမျှ ရပ်တန့်သွားလေသည်။
ထိုသို့ဖြင့် ချီတိမျိုးနွယ်စုနှင့် မှော်ဝင်သားရဲများကြား တိုက်ပွဲက အပြန်အလှန်ထိန်းချုပ်ထားပြီး မည်သူကမှ အသာစီးမရနိုင် ဖြစ်နေကြ၏။
ခုန်မင်က စစ်မြေပြင်ကို စိတ်ဝင်စားစွာ ကြည့်ရှုနေလေသည်။
ဤကဲ့သို့ ထူးခြားသည့် စစ်ဆင်ရေးပုံစံမျိုးကို သုံးပြည်ထောင်ခေတ်တွင် သူ တစ်ခါမှ မတွေ့ကြုံခဲ့ဖူးပေ။
မှော်ဝင်သားရဲများကို စနစ်တကျ စုစည်းလိုက်မည်ဆိုလျှင် ဤသို့ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်ရေးစွမ်းရည် ထွက်ပေါ်လာမည်ဟု တွေးမထားခဲ့မိပေ။
ချီတိမျိုးနွယ်စုအနေဖြင့် အားထားဖွယ်ရာ သစ်ပင်တံတိုင်းကြီးသာမရှိပါက ဤသားရဲများကို ယှဉ်ပြိုင်တိုက်ခိုက်ရန် လုံးဝ မဖြစ်နိုင်ပေ။
မော့ဖေးက ခုန်မင်၏နောက်တွင် မတ်တတ်ရပ်ရင်း တိုက်ပွဲကိုကြည့်နေလေသည်။
ခုန်မင်က စစ်မြေပြင်ကို စိတ်ဝင်တစားကြည့်နေသည်ကိုမြင်တော့ သူက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး ခုန်မင်အနားသို့ ကပ်ပြောလိုက်သည်။
“သခင်လေး... အခု ချီတိမျိုးနွယ်စုနဲ့ တိုက်ခိုက်နေတာက သားရဲထိန်းမျိုးနွယ်စုပဲ ၊ ဒီမျိုးနွယ်စုက တောရိုင်းဒေသမှာ အတော်လေးထူးခြားတယ် ၊ သူတို့ဆီမှာ မှော်ဝင်သားရဲတွေကို ထိန်းချုပ်နိုင်တဲ့ ထူးဆန်းတဲ့အတတ်ပညာ ရှိတယ်လေ ၊ သူတို့က အဲဒီပညာအသုံးပြုပြီး မှော်ဝင်သားရဲတွေကို သူတို့အတွက် တိုက်ပွဲဝင်ခိုင်တာပေါ့ ၊ ဒါပေမဲ့... သားရဲထိန်းမျိုးနွယ်စုက လူအင်အားအရမ်းနည်းတယ် ၊ ပြီးတော့ သူတို့ရဲ့ သားရဲထိန်းအတတ်ကလည်း ကနဦးအဆင့် မှော်ဝင်သားရဲတွေပေါ်မှာပဲ အလုပ်ဖြစ်တယ်”
သူက ဆက်ရှင်းပြလိုက်သည်။
“မဟုတ်လို့ကတော့... မျိုးနွယ်စုတစ်ရာထဲမှာ သားရဲထိန်းမျိုးနွယ်စုက အလယ်အလတ် ဒါမှမဟုတ် ထိပ်တန်းအဆင့်ရောက်နေမှာ သေချာတယ် ၊ အခုလည်း ကြည့်လေ... သူတို့က လူဦးရေအရမ်းနည်းတော့ တိုက်ပွဲကို အရင်စတိုက်တာတောင်မှ ဒြပ်စင်စွမ်းအားအရှင်သခင် တစ်ယောက်တောင်မရှိတဲ့ ချီတိမျိုးနွယ်စုကို မနိုင်ဘူဖြစ်နေတာပေါ့”
ထိုစကားကြားတော့ ခုန်မင်က ခေါင်းညိတ်လိုက်သည်။
“မှော်ဝင်သားရဲတွေကို ယဉ်ပါးအောင်လုပ်ပြီး တိုက်ပွဲမှာအသုံးချတာလား... ဒီလိုတိုက်ခိုက်တဲ့ပုံစံက အတော်လေးထူးခြားတာပဲ”
သုံးပြည်ထောင်ခေတ်တွင် ခုန်မင်က တောင်ပိုင်းလူရိုင်းများ(နန်မန်လူမျိုးများ) ထံသို့ စစ်ချီပြီး တောင်ပိုင်းလူရိုင်းဘုရင်’မုန့်ဟော်’ နှင့် တိုက်ခိုက်ခဲ့ဖူးသည်။
ထိုအချိန်က မုန့်ဟော်၏လက်အောက်ခံဖြစ်သော နယ်စား’မုလု’ ဆိုသူက သားရဲများကိုမောင်းနှင်ပြီးတိုက်ခိုက်သည့်နည်းလမ်းကို အသုံးပြုခဲ့ဖူးသည်။
သို့သော် မုလု၏သားရဲတပ်က အလွန်သေးငယ်ပြီး ကျား ၊ ကျားသစ် ၊ ဝက်ဝံနှင့် ဝံပုလွေကဲ့သို့ သာမန်တောရိုင်းတိရိစ္ဆန်များကိုသာ အဓိကအသုံးပြုခဲ့ခြင်း ဖြစ်၏။
ယခုတွေ့မြင်ရသည့် နတ်သားရဲမျိားနှင့်ဆိုလျှင် နှိုင်းယှဉ်စရာပင် မရှိချေ။
ထိုစဉ် မော့ဖေးက ဆက်ရှင်းပြပြန်သည်။
“သခင်လေး... သားရဲထိန်းမျိုးနွယ်စုက ထိန်းချုပ်ထားတဲ့ မှော်ဝင်သားရဲတွေကို ကြည့်လိုက် ၊ ဦးချိုပါဝံနက်ကတော့ သခင်လေး သိပြီးသားပဲ ၊ ဟိုမှာမြင်နေရတဲ့ သစ်ပင်တက်ကျွမ်းကျင်တဲ့ မျောက်ပုံစံသားရဲတွေက အစွယ်ပါမျောက်လို့ခေါ်တယ် ၊ သူတို့က အဆင့်(၁) မှော်ဝင်သားရဲတွေ ဆိုပေမယ့် အုပ်စုဖွဲ့ပြီးနေလေ့ရှိကြတယ် ၊ အစာရှာတာပဲဖြစ်ဖြစ် ၊ ရွှေ့ပြောင်းနေထိုင်တာပဲဖြစ်ဖြစ် အုပ်စုလိုက်ကြီး တောအုပ်ထဲမှာ လှည့်လည်သွားလာကြတာ ၊ သူတို့ကိုသွားပြီးရန်စမိလို့ကတော့ မလွယ်လှဘူး...”
မော့ဖေးက ရွှေရောင်မျောက်ဝံကြီးများဆီသို့ လက်ညှိုးညွှန်ပြလိုက်ပြီး...
“ဟိုးနောက်ဆုံးက မျက်လုံးတစ်လုံးတည်းပါတဲ့ ရွှေရောင်မျောက်ဝံကြီးတွေကတော့ ရွှေရောင်မိစ္ဆာမျောက်ဝံလို့ခေါ်တယ် ၊ သူတို့က အဆင့်(၃) မှော်ဝင်သားရဲတွေထဲမှာတောင် အတော်လေး နာမည်ကြီးတယ် ၊ ဒီမျောက်ဝံတွေက အရမ်းခွန်အားကြီးတယ် ၊ အဝေးကနေ ကျောက်တုံးကြီးတွေလှမ်းပစ်ပြီး ရန်သူကို တိုက်ခိုက်တဲ့နေရာမှာ အရမ်းကျွမ်းကျင်တယ် ၊ သူတို့က သားရဲထိန်းမျိုးနွယ်စုရဲ့ အားအကိုးရဆုံး လက်နက်တစ်ခုပဲပေါ့”