ကယောက်ကယက် ခေတ်တွင် ရွှေဈေးတက်ခြင်း
Vol. 81 Ch. 1189
ရက်အနည်းငယ်ကြာပြီးနောက် ဖုန်းယွီသည် ပေကျင်းသို့ ပြန်ရောက်လာခဲ့သည်။ ထိုကိစ္စသာ မရှိခဲ့လျှင် သူ စောစောစီးစီး ပြန်ရောက်ချင်နေခဲ့ပြီ ဖြစ်သည်။
သူနှင့် လီနတို့သည် ကလေး အမြန်မွေးရန် မိသားစု၏ အမိန့်ပေးခြင်းကို ခံထားရသည်။ ဤကိစ္စကို ဖုန်းယွီ မကန့်ကွက်သလို သူလည်း ကလေး ချစ်တတ်သူ ဖြစ်သည်။ ဟုတ်တယ်၊ ကလေးရအောင် လုပ်ယူရသည့် လုပ်ငန်းစဉ်ကို သူ ပိုနှစ်သက်သည်။
"ရှင် စီးပွားရေး ကိစ္စတွေ မလုပ်ရဘူးလား"
"စီးပွားရေးက အရေးမကြီးပါဘူး။ သူတို့ကို လစာတွေ အများကြီး ပေးထားပြီး ရှယ်ယာတွေတောင် ပေးထားသေးတာ၊ ကိစ္စတိုင်း ကိုယ် လိုက်ပူပန်နေရရင် အဲဒီပိုက်ဆံတွေ ပေးရတာ အလကား ဖြစ်ကုန်မှာပေါ့" ဖုန်းယွီက လီနကို ဖက်ထားရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လီနက ဖုန်းယွီကို မျက်စောင်းထိုးလိုက်သည်။ ပျင်းတာကို ပျင်းတယ်လို့ မပြောဘဲ ဆင်ခြေတွေ ပေးနေသည်။
"ဒါနဲ့ အောက်တိုဘာ ၁ ရက်နေ့ကျရင် ကိုယ်နဲ့ ဟောင်ကောင် လိုက်ခဲ့နော်။ တောင်ပိုင်း ပင်လယ်ဘက်ကိုပါ သွားလည်ကြမယ်"
လီန အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်လိုက်သည်။
ဤတစ်ကြိမ်တွင် သူတို့သည် ဖုန်းယွီ၏ ကိုယ်ပိုင်လေယာဉ်ဖြင့် ရှန်ကျန်းသို့ ပျံသန်းခဲ့ကြသည်။ ကိုယ်ပိုင်လေယာဉ် ပြည်ပထွက်ခွာခွင့် လုပ်ရတာ မလွယ်ကူသဖြင့် ဤနေရာထိသာ စီးနင်းခဲ့ပြီး သင်္ဘောဖြင့် ဟောင်ကောင်သို့ ကူးခဲ့ကြသည်။
လီန ပါလာသဖြင့် ဖူကွမ်းကျန့်တို့ လာတွေ့သည့်အခါ သူတို့ စကားပြောနေစဉ် လီန ပျင်းနေမည်စိုး၍ အမျိုးသမီး အဖော်များ ခေါ်လာခဲ့ကြသည်။
ဖူကွမ်းကျန့်သည် လျန်ယင်ကို ခေါ်လာသည်။ သူတို့နှစ်ဦး ဆက်ဆံရေး အတည်တကျ ဖြစ်နေပြီ ဖြစ်သော်လည်း မင်္ဂလာဆောင်မည့်ရက်ကို နောက်နှစ်မှ သတ်မှတ်ထားသည်။ လီဒုတိယသခင်လေး ခေါ်လာသော အမျိုးသမီး အဖော်မှာမူ လူသစ်တစ်ယောက် ဖြစ်နေပြန်သည်။
ဖူကွမ်းဝေသည် ပြည်မကြီးတွင် ထိုက်ဟွာ စူပါမားကတ် လုပ်ငန်းများကို စစ်ဆေးနေသဖြင့် ဟောင်ကောင်တွင် မရှိပေ။ အခြားသူများမှာမူ ဖုန်းယွီနှင့် သူငယ်ချင်း အဆင့် မဟုတ်ကြသဖြင့် ဖုန်းယွီက အသိပေးခြင်း မရှိခဲ့ပေ။
"ညီလေးဖုန်း၊ ဒီတစ်ခါ မင်းစကား နားမထောင်မိတာ တကယ် နောင်တရမိတယ်။ မဟုတ်ရင် ပိုက်ဆံ အများကြီး ထပ်ရှာနိုင်ဦးမှာ" ဖူကွမ်းကျန့်က ညည်းတွားလိုက်သည်။
လီဒုတိယသခင်လေးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ဘာ ငွေရှာပေါက် ကောင်းကောင်း ရှိလို့လဲ"
သူနှင့် ဖုန်းယွီ၏ ဆက်ဆံရေးသည် ဖူကွမ်းကျန့်လောက် မရင်းနှီးသေးဟု ထင်ရသည်။ ဤကဲ့သို့ ငွေရှာပေါက် ကောင်းကောင်းကို ဖုန်းယွီက သူ့ကို မပြောပြခဲ့ပေ။
"ညီလေးဖုန်းက လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက အမေရိကန် Nasdaq ညွှန်းကိန်းကို Short လုပ်ခဲ့တာ၊ ငါက မလိုက်ရဲခဲ့ဘူး။ အဲဒီကိစ္စ ဖြစ်လာမယ်မှန်း ဘယ်သူက သိမှာလဲ။ အမေရိကန် စတော့ဈေးကွက် ထိုးကျသွားပြီး ကမ္ဘာ့ အဓိက ငွေကြေးဈေးကွက် ရှယ်ယာတွေပါ လိုက်ကျကုန်တယ်။ တကယ်လို့များ လောင်းကြေးထပ်ပြီး Leverage မြင့်မြင့်နဲ့ Short လုပ်ခဲ့ရင် ဘယ်လောက်တောင် အမြတ်ရလိုက်မလဲ"
"လောင်းကြေးထပ်မယ် ဟုတ်လား။ ငါတောင် မလောင်းရဲဘူး။ ဒီကိစ္စ ဖြစ်လာမယ်ဆိုတာ ဘယ်သူက သိမှာလဲ။ ငါက အမေရိကန် စီးပွားရေး အခြေအနေ မကောင်းလို့ စတော့ဈေး ကျမယ်လို့ ထင်ခဲ့ရုံပါပဲ။ ခင်ဗျားသာ အဲဒီလို လောင်းရဲရင် ခင်ဗျား ဦးလေး မပြောနဲ့၊ ခင်ဗျားအဖေပါ ခင်ဗျားကို ရိုက်သတ်လိမ့်မယ်" ဖုန်းယွီက ရယ်မော ပြောလိုက်သည်။
ဖုန်းယွီ၏ ရှင်းပြချက်သည် ယုတ္တိရှိသည်။ အဓိကအားဖြင့် ဖူကွမ်းကျန့် ကိုယ်တိုင်ကလည်း ဖုန်းယွီသည် ဤသတင်းကို ကြိုသိနေသည်ဟု မယုံကြည်သောကြောင့် ဖြစ်သည်။
လီဒုတိယသခင်လေး စဉ်းစားကြည့်လိုက်ရာ ဖုန်းယွီ ပြောသကဲ့သို့ပင် ဖြစ်သည်။ ဖုန်းယွီသာ သူ့ကို ပြောပြခဲ့လျှင်လည်း သူ၏ ရွေးချယ်မှုသည် ဖူကွမ်းကျန့်နှင့် တူညီနေမည်သာ ဖြစ်သည်။ ငွေကြေး ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင် သူတို့ မိသားစုသည် ဖူမိသားစုလောက် မကျွမ်းကျင်ပေ။
အင်တာနက် ပူဖောင်း ပေါက်ကွဲပြီးနောက် စတော့ဈေးကွက် ထိခိုက်မှု များပြားခဲ့ပြီး သူတို့ ကုမ္ပဏီ ရှယ်ယာများလည်း ကျဆင်းခဲ့သည်။ အထူးသဖြင့် သူ၏ PCCW ကုမ္ပဏီသည် နည်းပညာနှင့် အိမ်ခြံမြေ ပေါင်းစပ်မှုဖြင့် အင်တာနက် ခေတ်ရေစီးကြောင်းကို အသုံးချကာ ရန်ပုံငွေ အများအပြား ရှာဖွေနိုင်ခဲ့ပြီး ရှယ်ယာဈေး ထိုးတက်ခဲ့ခြင်း ဖြစ်သည်။
ရှယ်ယာဈေး ပြန်ကျသွားသော်လည်း သူ အရှုံးမပေါ်ခဲ့ပေ။ ရန်ပုံငွေများ ရရှိထားပြီး ဖြစ်သဖြင့် နည်းပညာ ဆိပ်ကမ်း စီမံကိန်းကို လုပ်ဆောင်ရန် လုံလောက်သည်။
ဤတစ်ကြိမ်တွင် အမေရိကန်၌ ထိုကိစ္စ ဖြစ်ပွားခဲ့ပြီး ဟောင်ကောင် စတော့ဈေးကွက်ကိုပါ ပြင်းထန်စွာ ကျဆင်းစေခဲ့သည်။ သူဌေး အများစု၏ ပိုင်ဆိုင်မှုများ လျော့ကျသွားခဲ့ပြီး ဟောင်ကောင် အချမ်းသာဆုံး လီသူဌေးကြီး၏ ပိုင်ဆိုင်မှုများလည်း မနည်း အငွေ့ပျံသွားခဲ့သည်။
သို့သော် ဖုန်းယွီနှင့် ဖူကွမ်းကျန့်တို့၏ စကားကို နားထောင်ရသည်မှာ သူတို့တွင် ငွေရှာမည့် အခွင့်အလမ်းကောင်း ရှိနေပုံရသည်။
"ညီလေးဖုန်း၊ ကွမ်းကျန့်၊ မင်းတို့ဆီမှာ ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိသေးလား။ မကြာသေးခင်က ငါတို့ PCCW ရှယ်ယာဈေးတွေ တော်တော် ကျသွားတယ်။ မင်းတို့ ငွေရှာရင် ငါ့ကိုလည်း ခေါ်ပါဦး" လီဇီခိုင်က မျက်လုံး ကစားလိုက်ရင်း ပြောလိုက်သည်။
ဖူကွမ်းကျန့်သည် မိသားစု လွှမ်းမိုးမှုအောက်မှ ရုန်းထွက်နိုင်သည်ကို သူ တွေ့မြင်နေရသည်။ ဖူကွမ်းကျန့် လုပ်နိုင်လျှင် သူ ဘာလို့ မလုပ်နိုင်ရမည်နည်း။ ဖူကွမ်းကျန့် ကံကောင်းသည်မှာ ဖုန်းယွီကဲ့သို့ သူငယ်ချင်းကို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ယခု ဖုန်းယွီသည် သူ့ သူငယ်ချင်းလည်း ဖြစ်နေပြီ။
အနာဂတ်တွင် သူသည်လည်း ဖူကွမ်းကျန့်ကဲ့သို့ မိသားစုကို မှီခိုစရာ မလိုဘဲ သီးခြား ရပ်တည်နိုင်သည့် ထိပ်တန်း သူဌေးတစ်ဦး ဖြစ်လာနိုင်သည်။ တစ်နေ့ကျလျှင် လူများက သူ့ဖခင်အား "ခင်ဗျားက လီဇီခိုင်ရဲ့ ဖခင်လား" ဟု မေးမြန်းလာစေရမည်။
ပြောရမည်ဆိုလျှင် လီဒုတိယသခင်လေး၏ အရှုံးမပေးလိုသော စိတ်ဓာတ်သည် လီသူဌေးကြီးနှင့် အလွန်တူညီသည်။ သူသာ ပေါ့ပျက်ပျက် မနေဘဲ အပျော်အပါး မမက်ခဲ့လျှင် လီသူဌေးကြီး၏ ဆက်ခံသူမှာ မည်သူ ဖြစ်လာမည်ကို ပြောရခက်ပေသည်။
သို့သော် လီဇီခိုင် ဤကဲ့သို့ နေထိုင်ခြင်းသည် တမင်သက်သက် လုပ်ဆောင်ခြင်း မဟုတ်ဟု မည်သူ ပြောနိုင်မည်နည်း။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် သူသည် အစ်ကိုကြီးနှင့် အမွေဆက်ခံခွင့် မလုကြောင်း သဘောထား ပြသရာ ရောက်သည်။ ထိုအခါ အစ်ကိုကြီးကလည်း သူ့ကို ကျေးဇူးတင်မည်ဖြစ်ပြီး အနာဂတ်တွင် အခက်အခဲ ရှိလာလျှင် ကူညီပေလိမ့်မည်။
သူတို့ ညီအစ်ကိုကြား ဆက်ဆံရေးသည် အလွန်ကောင်းမွန်သည်။ ငယ်စဉ်ကတည်းက လီသခင်လေးသည် လီဒုတိယသခင်လေးကို အလျှော့ပေးလေ့ ရှိသည်။ ပြောရလျှင် သူတို့သည် ရှေးခေတ် နန်းမွေဆက်ခံသူများနှင့် တူညီသည်။
ညီအစ်ကို မသင့်မြတ်လျှင် အိမ်တွင်းရေး ပူပန်ရရုံသာမက ပြင်ပလူများ ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေး ပေးသလို ဖြစ်သွားမည်။ ယခု လီသခင်လေးကို ဆက်ခံသူအဖြစ် ရှင်းလင်းစွာ သတ်မှတ်လိုက်သဖြင့် လီမိသားစု၏ ကုမ္ပဏီ အာဏာများသည် လီမိသားစု လက်ထဲတွင် ဆက်လက် ရှိနေမည် ဖြစ်သည်။
လီဒုတိယသခင်လေးသည် လွတ်လပ်သော ဘုရင်ခံ တစ်ပါးကဲ့သို့ နေထိုင်လိုကြောင်း ပြသနေသည်။ ဖခင်ဖြစ်သူက အပေါ်ယံတွင် မကျေနပ်သလို ရှိသော်လည်း ရင်ထဲတွင်မူ အမွေခွဲဝေရေး ပြဿနာ ကြီးကြီးမားမား တစ်ခု ရှင်းသွားသဖြင့် စိတ်သက်သာရာ ရနေပေလိမ့်မည်။
အမွေ အနည်းအများ ရရှိခြင်းကို လီဒုတိယသခင်လေး ဂရုမစိုက်ပေ။ နည်းသည်ဆိုလျှင်တောင် ဒေါ်လာ တစ်ဘီလီယံအောက် လျော့နည်းမည် မဟုတ်ပေ။ လီသူဌေးကြီး၏ ပိုင်ဆိုင်မှုသည် ယခု ကျဆင်းသွားသည် ဆိုလျှင်တောင် ဒေါ်လာ ဘီလီယံ ၁၀၀ ခန့် ရှိနေသေးသည်။
ထို့အပြင် လီဒုတိယသခင်လေး၏ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများလည်း ကောင်းမွန်စွာ လည်ပတ်နေသဖြင့် ဖခင်၏ လမ်းဟောင်းကို လိုက်စရာ မလိုပေ။ ဤသို့ နေထိုင်ခြင်းက သူ၏ ပလေးဘွိုင်း စရိုက်နှင့်လည်း ပိုကိုက်ညီသည်။ သူသည် အစ်ကိုကြီးကဲ့သို့ စောစောစီးစီး အိမ်ထောင်ပြုပြီး ကလေးယူမည် မဟုတ်ပေ။ ထိုသို့ လုပ်လိုက်လျှင် ဘဝ၏ ပျော်ရွှင်မှုများ လျော့နည်းသွားမည် ဖြစ်သည်။
ဖုန်းယွီနှင့် ဖူကွမ်းကျန့်တို့သည် ယင်းခေါ် ကုမ္ပဏီတွင် ရှယ်ယာ ပါဝင်ထားကြသည်။ ထို့အပြင် ထိုက်ဟွာ စူပါမားကတ် အုပ်စုနှင့်လည်း ပတ်သက်မှု ရှိနေသည်။ အကျိုးစီးပွား လုံးဝ ပူးပေါင်းထားသည်ဟု မဆိုနိုင်သော်လည်း ဆက်နွယ်မှု ရှိနေသည်။ သူ မေးလိုက်လျှင် ဖုန်းယွီတို့က အနည်းဆုံး ဝေစုတစ်ခုတော့ ခွဲပေးမည်ဟု ယုံကြည်သည်။
ဖုန်းယွီ ပြုံးလိုက်ပြီး လီဒုတိယသခင်လေးကို ပြောလိုက်သည်။
"အစ်ကိုကိုင်၊ ပိုနေတဲ့ငွေ ရှိရင် ရွှေ ဝယ်ထားလိုက်ပါ။ ရွှေဈေးက ဒီကာလအတွင်း သေချာပေါက် ဆက်တိုက် တက်နေဦးမှာပါ"
"စတော့ဈေးကွက်က ငွေတွေကို ထုတ်ယူလိုက်ကြလို့ ရွှေဈေးကွက်ထဲ ဝင်လာကြတာလား။ ဒါဆို ဘာလို့ ရေနံတို့ တခြားဟာတို့ မဟုတ်ရတာလဲ" လီဒုတိယသခင်လေးက နှိမ့်ချစွာ မေးမြန်းလိုက်သည်။
ကြိုရောင်းကြိုဝယ် ကိစ္စများကို သူ သိပ်နားမလည်ပေ။
"အမေရိကန်လို အင်အားကြီး နိုင်ငံက ဒီလို အလုပ်ခံလိုက်ရတာ၊ လက်တုံ့ပြန်ဖို့ မစဉ်းစားဘဲ နေမလား။ ပြီးတော့ ဂျော့ချ် ဒဗလျူ ဘုရှ် အစိုးရက အခု အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်၊ စီးပွားရေး ကျဆင်းနေတယ်၊ ထောက်ခံမှု ကျဆင်းနေတယ်။ သူက ထောက်ခံသူတွေ ရရှိဖို့အတွက်၊ ပြည်တွင်း ပဋိပက္ခတွေကို ပြည်ပကို လွှဲပြောင်းဖို့အတွက် ကိစ္စကြီး တစ်ခုခု လုပ်ဖို့ လိုအပ်နေတယ်"
လီဒုတိယသခင်လေး မျက်လုံးပြူးသွားသည်။
"ညီလေးဖုန်း၊ မင်း ဆိုလိုတာက... အမေရိကန်က စစ်တိုက်တော့မယ် ဟုတ်လား"
"သေချာပေါက် တိုက်မှာပေါ့။ ပင်လယ်ကွေ့ စစ်ပွဲတုန်းကလိုပဲ သူတို့က မဟာမိတ်တချို့နဲ့ ပေါင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ခေါင်းစဉ်တပ်ကာ အာဖဂန်နစ္စတန်ကို စစ်တိုက်လိမ့်မယ်။ ရှေးစကားပုံ တစ်ခု ရှိတယ်လေ၊ ကယောက်ကယက် ခေတ်မှာ ရွှေဈေးတက်တယ် တဲ့။ ဒါကြောင့် ရွှေဈေးက မဖြစ်မနေ တက်လာလိမ့်မယ်" ဖုန်းယွီက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
******