← Chapters

ဆန်ကျိုက်ဖုန်း ဒီဇိုင်း

Vol. 81 Ch. 1193

ဆန်ကျိုက်ဖုန်း ဒီဇိုင်း

Vol. 81 Ch. 1193

လူတိုင်း ခဏတာ ဆွေးနွေးပြီးနောက် ရှုလိဟွာက ရုတ်တရက် အကြံတစ်ခု တင်ပြလိုက်သည်။

"မန်နေဂျာဖုန်း၊ ဒီ ကင်မရာပါတဲ့ ဖုန်းကို ခေါက်ဖုန်းပုံစံ လုပ်ထားတာ သိပ်မကောင်းဘူးလို့ ထင်တယ်။ ဆလိုက်ဖုန်း ဒါမှမဟုတ် ဘားတန်းဖုန်း ပုံစံက ပိုအဆင်ပြေမယ် ထင်တယ်"

(ဘားတန်းဖုန်း ဆိုတာကို အင်္ဂလိပ်လို Bar Phone ဒါမှမဟုတ် Candybar Phone" လို့ ခေါ်ဆိုပါတယ်။ ဖုန်းတစ်ခုလုံးက အပိုင်းတစ်ပိုင်းတည်း ဖြစ်ပါတယ်။ ခေါက်ဖုန်းလို ပိတ်လို့ ဖွင့်လို့ မရသလို၊ ဆလိုက်ဖုန်းလို အပေါ်အောက် လျှောတိုက်စရာလည်း မလိုပါဘူး။ မျက်နှာပြင်နဲ့ ခလုတ်တွေက ဖုန်းရဲ့မျက်နှာစာ တစ်ဖက်တည်းမှာ အမြဲတမ်း ပေါ်နေတဲ့ ပုံစံမျိုးပါ။ ဇာတ်လမ်းထဲမှာ ဖုန်းယွီ ပြောနေတာက ခလုတ်ပါတဲ့ ရှေးဟောင်း ဒီဇိုင်း Bar Phone ကို ဆိုလိုတာ ဖြစ်ပြီး၊ သူက အဲဒီပုံစံကိုမှ ဘက်ထရီအကြီးစား၊ မျက်နှာပြင်အကြီးစားတွေ ထည့်ပြီး "ဆန်ကျိုက်ဖုန်း" (Copy ဖုန်း၊ လုပ်ဆောင်ချက်စုံတဲ့ တရုတ်ဖုန်း) ပုံစံ ပြောင်းလဲ ဒီဇိုင်းဆွဲပေးလိုက်တာ ဖြစ်ပါတယ်။)

"လောင်ရှု၊ အဲဒါ မဖြစ်လောက်ဘူး။ ဘားတန်းဖုန်း ပုံစံ လုပ်လိုက်ရင် ဖုန်းမျက်နှာပြင်က နေရာတော်တော်ယူသွားမယ်၊ ဖုန်းအရွယ်အစားက ဘယ်လောက်တောင် ကြီးနေမလဲ။ မျက်နှာပြင် အကြီးကြီး လုပ်နိုင်ပါ့ဦးမလား" ကျန်းဝမ်မုန့်က ကန့်ကွက်လိုက်သည်။

"ဒါဆို ဆလိုက်ဖုန်း ပုံစံ လုပ်လို့ရတယ်လေ။ ကြည့်ရတာ ကင်မရာနဲ့ ပိုတူတယ်" ရှုလိဟွာက ချေပပြောဆိုလိုက်သည်။

"အဲဒါက ပိုထူသွားမှာပေါ့။ ဖုန်းက ကြည့်ရတာ ထူထူကြီး ဖြစ်မနေဘူးလား"

ဖုန်းယွီက လက်ကာပြလိုက်သည်။

"တော်ပါပြီ၊ ဒီကိစ္စအတွက် ငြင်းခုံနေစရာ မလိုပါဘူး။ ခေါက်ဖုန်း၊ ဆလိုက်ဖုန်း၊ ဘားတန်းဖုန်း ဘယ်ဟာမဆို သူ့အားသာချက်နဲ့သူ ရှိတာပဲ၊ ကြိုက်တဲ့လူလည်း ရှိကြတာပဲ။ ဒီလိုဆိုရင် ဘာလို့ ပုံစံသုံးမျိုးလုံး မထုတ်လုပ်ရမှာလဲ။ ပုံစံတစ်ခုချင်းစီကို နံပါတ်ကွဲပြားအောင် သတ်မှတ်ပြီး ရှေ့က နာမည်ကိုတော့ အတူတူထားလိုက်ရင် စီးရီးတစ်ခုတည်းဆိုတာ သိသာသွားမှာပေါ့"

"စီးရီး သုံးခု တစ်ပြိုင်တည်း သုတေသန လုပ်မယ် ဟုတ်လား။ ဒါဆို ဘယ်လို ဖြန့်ချိမလဲ။ ဘယ်စီးရီးကို အဓိကထားမလဲ" ကျုံးချင်းရှန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဘာလို့ အဓိကထားရမှာလဲ။ အားလုံးကို အစွမ်းကုန် ဖြန့်ချိလိုက်မယ်။ အဓိက၊ သာမည ခွဲခြားစရာ မလိုဘူး။ ဈေးကွက် တုံ့ပြန်မှုအပေါ် မူတည်ပြီးမှ ဖြန့်ချိမှု ဗျူဟာကို ပြန်လည် ပြုပြင်မယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ကမ္ဘာ့နံပါတ်တစ် ဖုန်းထုတ်လုပ်သူ ဖြစ်လာဖို့ပဲ။ Nokia ထုတ်ကုန်သစ်တွေ မိတ်ဆက်တဲ့ နှုန်းကို ကြည့်လိုက်လေ။ ပြီးတော့ စီးရီး တစ်ခုတည်း ဖြစ်နေရင် ကောင်းကျိုးတစ်ခု ရှိတယ်၊ အစိတ်အပိုင်း အများကြီးကို အတူတူ သုံးလို့ရတယ်၊ နောက်ဖုံး၊ ဘက်ထရီ စတာတွေတောင် အတူတူ သုံးလို့ ရတယ်၊ ဒါဆို လက်ကျန်ပစ္စည်း ဖြစ်ပေါ်မှုကို လျှော့ချနိုင်တယ်"

Nokia သည် ဤနည်းဗျူဟာကို အသုံးပြုပြီး ကုန်ကျစရိတ်ကို အကြီးအကျယ် လျှော့ချနိုင်ခဲ့သည်။ ထို့အပြင် ထုတ်ကုန်သစ်များကို အမြန်ဆုံး မိတ်ဆက်နိုင်ခဲ့သဖြင့် ဥရောပ ဈေးကွက်ကို သိမ်းပိုက်နိုင်ခဲ့ပြီး အာရှနှင့် အမေရိက ဈေးကွက်သို့ပါ ဝင်ရောက်နိုင်ခဲ့သည်။

Motorola သည် ထုတ်ကုန်သစ် မိတ်ဆက်မှု နှေးကွေးခဲ့သဖြင့် လုပ်ငန်းခွင် နံပါတ်တစ် နေရာမှ နံပါတ်နှစ် နေရာသို့ ကျဆင်းသွားခဲ့ရသည်။

"မန်နေဂျာဖုန်း၊ ဒီလိုလုပ်ရင် ဒီနှစ် ငွေကြေး ဖိအား အရမ်း များသွားလိမ့်မယ်"

"ဘဏ်ကနေ ချေးငွေ ယူလိုက်လေ။ Minsheng Bank ဆို မဆိုးဘူး။ ကျွန်တော်တို့ AIWA အီလက်ထရွန်းနစ်က ချေးငွေ လိုချင်တယ်ဆိုရင် ဘယ်ဘဏ်က မချေးဘဲ နေမှာလဲ" ဖုန်းယွီက ပြုံးစိစိဖြင့် ပြောလိုက်သည်။ ယခု သူ့ငွေများသည် ဖုန်းယွီ အတိုင်ပင်ခံ ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံထားသည်။

"မန်နေဂျာဖုန်း ဒီစကား ပြောလိုက်တော့ ကျွန်တော် စိတ်အေးသွားပြီ။ ဒီနှစ် ဖုန်းယွီ ဖုန်းနဲ့ AIWA ဖုန်းတွေ နောက်တစ်ဆင့် တက်လှမ်းနိုင်မယ်လို့ ကျွန်တော် အာမခံတယ်။ နှစ်နှစ်အတွင်း Motorola ကို ကျော်တက်မယ်၊ ငါးနှစ်အတွင်း Nokia ကို ကျော်တက်ပြီး လုပ်ငန်းခွင် နံပါတ်တစ် ဖြစ်လာစေရမယ်" ရှုလိဟွာက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

"ဟားဟားဟား လောင်ရှု… ခင်ဗျားမှာ ဒီအကြံအစည် ရှိနေတာ ကြာပြီ မဟုတ်လား။ အပြင်ပန်း ဒီဇိုင်းတွေတောင် ဆွဲပြီးပြီလား၊ ထုတ်ပြပါဦး၊ ကျွန်တော် ကြည့်ချင်တယ်"

ရှုလိဟွာက ဟီးဟီး ဟု ရယ်လိုက်ပြီး ကြိုတင် ပြင်ဆင်ထားသော အပြင်ပန်း ဒီဇိုင်းများကို ထုတ်ပြလိုက်သည်။ ဆလိုက်ဖုန်း ကင်မရာပါ ဖုန်းတစ်လုံးနှင့် ဘားတန်းဖုန်း ကင်မရာပါ ဖုန်းတစ်လုံး ဖြစ်သည်။

ဆလိုက်ဖုန်းက မဆိုးလှပေ။ အပေါ်အောက် လျှောတိုက်ရသော ပုံစံဖြစ်ပြီး ယခင် ဒီဇိုင်းကို အနည်းငယ် ပြုပြင်ထားခြင်း ဖြစ်သည်။ သို့သော် ဘားတန်းဖုန်းကို ဖုန်းယွီ သိပ်မကျေနပ်ပေ။ ထူးခြားမှု မရှိပေ။

ပြောင်စင်နေသော ဘားတန်းဖုန်း တစ်လုံး ဖြစ်ပြီး ကြည့်ရတာ မှတ်မိစရာ မရှိပေ။

ဖုန်းယွီသည် ဘောပင်ကို ယူပြီး ထိုဘားတန်းဖုန်း ပုံကြမ်းပေါ်တွင် ပြင်ဆင်လိုက်သည်။ အပြင်ဘက်တွင် ဘောင်ကွက်တစ်ခု ထပ်ဆွဲလိုက်ပြီး ဘေးနားတွင် ရှည်လျားသော အကွက်ငယ်လေးများ ထည့်ဆွဲလိုက်သည်။

"ဘားတန်းဖုန်းကို ဒီအတိုင်း လုပ်မယ်"

"ဒီလောက် ကြီးတာလား။ သူဌေး၊ ဒါ အရမ်း လေးလံမနေဘူးလား" ရှုလိဟွာက ကျန်းဝမ်မုန့် မေးသကဲ့သို့ မေးလိုက်သည်။

"လောင်ရှု၊ ကျွန်တော်တို့ လက်ဖဝါး အရွယ်အစားဖုန်း ထုတ်တုန်းက ပစ်မှတ်ထားတဲ့ လူအုပ်စုက အမျိုးသမီးတွေနဲ့ လက်သေးတဲ့ သူတွေ ဖြစ်တာ မှတ်မိလား။ ဒီဖုန်းကျတော့ လက်ကြီးတဲ့သူတွေ၊ အဓိကအားဖြင့် အမျိုးသားတွေကို ပစ်မှတ်ထားမှာ"

ရှုလိဟွာ မျက်နှာတွင် သံသယများ ဖြစ်ပေါ်နေသည်။ လက်ကြီးတဲ့သူတွေ ဟုတ်လား။ မန်နေဂျာဖုန်းရဲ့ ဈေးကွက် သတ်မှတ်ချက်က တကယ် ခန့်မှန်းရ ခက်တာပဲ။

"အရင်က လက်ဖဝါး အရွယ်အစား ဖုန်းအတွက် ကြော်ငြာမော်ဒယ် ရှာတုန်းက အမျိုးသမီးတွေကိုပဲ ရှာလို့ရတယ်။ ဒီဖုန်းအတွက်ကျတော့ အားကစားသမားတွေကို ရှာလို့ရတယ်။ အားကစားသမား အများစုရဲ့ လက်ဖဝါးတွေက ကြီးမားကြတယ်၊ ဒီဖုန်းနဲ့ဆိုရင် သူတို့အတွက် ကွက်တိပဲ။ လေးလံတာ ကိစ္စမရှိဘူး၊ ဒစ်ဂျစ်တယ် ကင်မရာရဲ့ ပိုကောင်းတဲ့ နည်းပညာတွေကိုပါ ထည့်သွင်းလို့ ရတာပေါ့"

"ပြီးတော့ မျက်နှာပြင်ကို ပိုကြီးအောင် လုပ်လို့ရမယ်၊ ဘက်ထရီ ပမာဏကို တိုးမြှင့်လို့ ရမယ်။ ကီးဘုတ် နောက်ခံမီး နည်းပညာလည်း အဆင်ပြေနေပြီ မဟုတ်လား၊ အဲဒါကိုပါ ထည့်သုံးလို့ ရတယ်။ အရင်တုန်းက လျှပ်စစ်စားတယ်လို့ ခင်ဗျားတို့ ပြောကြတယ် မဟုတ်လား၊ အခု ဘက်ထရီ အလုံးကြီးသွားပြီဆိုတော့ လျှပ်စစ်စားမှာ မကြောက်ရတော့ဘူး"

ဖုန်းကီးဘုတ် မည်းမှောင်နေလျှင် သုံးရတာ အဆင်မပြေပေ။ ကီးဘုတ် နောက်ခံမီးသည် အရိုးရှင်းဆုံး နည်းပညာ တစ်ခု ဖြစ်သည်။

ဤနည်းပညာကို ယမန်နှစ်က AIWA ဖုန်းများတွင် အသုံးပြုခဲ့သော်လည်း ဈေးကွက် တုံ့ပြန်မှု သာမန်မျှသာ ဖြစ်ခဲ့သည်။ အဓိက အကြောင်းရင်းမှာ လျှပ်စစ်စားလွန်းသောကြောင့် ဖြစ်သည်။ ဘက်ထရီ နည်းပညာ တိုးတက်မှု ကြီးကြီးမားမား မရှိသေးခင်မှာ ဘက်ထရီ ပမာဏ တိုးမြှင့်ဖို့ အလွယ်ဆုံးနဲ့ ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းကတော့ ဘက်ထရီ အရွယ်အစား ကြီးအောင် လုပ်ခြင်းသာ ဖြစ်သည်။

ဒီဘားတန်းဖုန်းကတော့ အဲဒီအတိုင်း လုပ်လို့ရတယ်။ ဘက်ထရီကို အနံချဲ့၊ အလျားရှည်လိုက်ရင် ဘက်ထရီ ပမာဏ နှစ်ဆလောက် တိုးလာနိုင်တယ်။ သီအိုရီအရ ၃၀၀၀ mAh အထိတောင် ရနိုင်တယ်။

လက်ရှိ သာမန် ဖုန်းဘက်ထရီတွေက ၈၀၀ ကနေ ၁၂၀၀ mAh ကြားပဲ ရှိတာ။ ဒီဖုန်းရဲ့ ဘက်ထရီ ပမာဏက ၂၀၀၀ mAh လောက် ရရင်တောင် အများကြီး သာလွန်နေပါပြီ။

"မန်နေဂျာဖုန်း၊ ဒီဘေးပတ်လည်က အကွက်ငယ်လေးတွေက ဘာဒီဇိုင်းလဲ။ အရောင်မတူတာတွေ သုံးပြီး မျက်စိဖမ်းအောင် လုပ်မလို့လား" ဟု ရှုလိဟွာက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ထူးခြားမှု မရှိသလို အရမ်း ရှုပ်ပွနေသလို ခံစားရသည်။

"မဟုတ်ဘူး၊ ဒါကို ရောင်စုံမီး လို့ ခေါ်တယ်"

"ရောင်စုံမီး ဟုတ်လား။ နီယွန်မီးလိုမျိုးလား။ အဲဒီမီးမျိုးက ကြော်ငြာဆိုင်းဘုတ်တွေမှာ သုံးတာ မဟုတ်လား" ဟု ကျန်းဝမ်မုန့်ကလည်း ကြောင်တောင်တောင် ဖြစ်နေသည်။ ဒီအရာကို ဖုန်းမှာ တပ်ဆင်မလို့လား။

"မှန်တယ်၊ တချို့နေရာတွေမှာ ဒါကို Running Light လို့ ခေါ်ကြတယ်။ ဒီဖုန်းရဲ့ အပြင်ဘက် ဘောင်တလျှောက်မှာ ဒီလို ရောင်စုံမီးတွေ တပ်ဆင်စေချင်တယ်။ ဖုန်းမက်ဆေ့ခ်ျ ဝင်လာရင် လက်ခနဲ လက်ခနဲ လင်းမယ်၊ ဖုန်းဝင်လာရင် လင်းမယ်၊ MP3 သီချင်းဖွင့်ရင် လင်းမယ်"

မှန်တယ်၊ ဖုန်းယွီ ပြောနေတာက ယခင်ဘဝက တရုတ် ဆန်ကျိုက်ဖုန်း (တရုတ်ပြည်တွင်းဖြစ် အတုဖုန်း သို့မဟုတ် တံဆိပ်မရှိ ဖုန်းများ) တွေမှာ တွင်ကျယ်စွာ အသုံးပြုခဲ့တဲ့ ရောင်စုံမီးတွေ အကြောင်းပါ။ ဒီဘားတန်းဖုန်းကလည်း ယခင်ဘဝက မှတ်ဉာဏ်ထဲက ၂၀၀၅ ခုနှစ် နောက်ပိုင်း ခေတ်စားလာမဲ့ ဆန်ကျိုက်ဖုန်း ဒီဇိုင်းအတိုင်း ဆွဲထားတာပါ။

တရုတ် ဆန်ကျိုက်ဖုန်းတွေကို အထင်မသေးပါနဲ့၊ အဲဒီတုန်းက ဖွံ့ဖြိုးတိုးတက်မှုနှုန်း အရမ်းမြန်ဆန်ခဲ့ပြီး အရှေ့တောင်အာရှ၊ ဥရောပနဲ့ အမေရိကန်ကိုတောင် တင်ပို့ခဲ့ရတာပါ။ ဆန်ကျိုက်ဖုန်းတွေရဲ့ အားသာချက်က ဘက်ထရီ ပမာဏ များတာ၊ အသံကျယ်တာ၊ လုပ်ဆောင်ချက် စုံလင်ပြီး ဒီဇိုင်း ဆန်းပြားတာတွေပါပဲ။

အစပိုင်း ဒီလို ဆန်ကျိုက်ဖုန်းတွေ ပေါ်လာတုန်းက တော်တော် ခေတ်စားခဲ့ပါတယ်။ အခု ဖုန်းယွီ ဖုန်းက စောစောစီးစီး ထုတ်လုပ်လိုက်ရင် လူတွေရဲ့အာရုံကို သေချာပေါက် ဖမ်းစားနိုင်မှာပါ။ လူတိုင်းက ဆန်းသစ်တဲ့ အရာတွေကို စိတ်ဝင်စားတတ်ကြတယ်လေ။

ပြီးတော့ ဒီ ရောင်စုံမီးက ကြွားဝါဖို့ အကောင်းဆုံးပဲ။

"ဒီနည်းပညာက သိပ်မခက်ခဲဘူးလို့ ယုံကြည်တယ်။ အမြန်ဆုံး ပြီးစီးအောင် လုပ်စေချင်တယ်။ နောက်တစ်ခုက ကင်မရာ ရိုက်တဲ့အခါ အလင်းရောင် လိုအပ်ချက် များတယ်။ အလင်းရောင် နည်းနည်း လျော့တာနဲ့ မည်းသွားပြီး မမြင်ရတော့ဘူး။ ဖလက်ရှ်မီး နည်းပညာကို ဘယ်တော့လောက် ထည့်သွင်းနိုင်မလဲ"

"အခုပဲ ထည့်သွင်းလို့ ရပါတယ်။ ဒါပေမဲ့ ဖုန်းက အရမ်း ကြီးပြီး လေးလံသွားလိမ့်မယ်... အဲ၊ ပြဿနာ မရှိတော့ဘူး" ရှုလိဟွာ တစ်ခုခု ပြောချင်နေသော်လည်း ဖုန်းယွီ "ဒီဇိုင်း" ဆွဲထားသော ဘားတန်းဖုန်းကို ကြည့်လိုက်သည့်အခါ အတွင်းဘက်တွင် ထိုပစ္စည်းများ တပ်ဆင်ရန် နေရာလွတ် အလုံအလောက် ရှိနေသည်ကို တွေ့လိုက်ရသည်။

မန်နေဂျာဖုန်းက လေးလံတာ ကိစ္စမရှိဘူး ပြောမှတော့ စမ်းကြည့်လိုက်ကြတာပေါ့။ လုပ်ဆောင်ချက် အသစ်တွေ အကုန်ထည့်ပြီး အစွမ်းထက်ဆုံး ဖုန်းတစ်လုံး ဖန်တီးလိုက်ကြစို့။

"နောက်တစ်ချက် သတိထားရမှာက လူတော်တော်များများက နေရာနှစ်ခုကို မကြာခဏ ခရီးသွားတတ်ကြတယ်။ ဒါပေမဲ့ ဖုန်း Roaming ဝန်ဆောင်ခက မနည်းဘူး။ ဒါကြောင့် သူတို့က ဖုန်းကတ် နှစ်ကတ် ဆောင်ထားတတ်ကြတယ်။ ဖုန်းတစ်လုံးတည်းမှာ ဖုန်းကတ် နှစ်ကတ် ထည့်လို့ရပြီး နှစ်ကတ်စလုံး အလုပ်လုပ်နိုင်အောင် ဘယ်လို လုပ်ရမလဲဆိုတာ စမ်းသပ်ကြည့်ပါဦး"

Sim Card နှစ်ကတ်ထိုး၊ နှစ်ကတ်စလုံး Standby ဆိုတာလည်း ဆန်ကျိုက်ဖုန်းတွေရဲ့ အစွမ်းထက်ဆုံး လုပ်ဆောင်ချက် တစ်ခုပါပဲ။

******

All Chapters