မဟာမိတ် အုပ်စုဖွဲ့ခြင်း
Vol. 81 Ch. 1196
“ဥက္ကဋ္ဌ အိုဂါ... Matsushitaက ဥက္ကဋ္ဌ နာကာမူရာ ရောက်နေပါတယ်။ အရေးကြီးကိစ္စ ဆွေးနွေးစရာရှိလို့ပါတဲ့” အိုဂါနိုရီအို၏ လက်ထောက်အသစ်က တင်ပြလာလေသည်။
Matsushitaက ဥက္ကဋ္ဌ နာကာမူရာ ကိုယ်တိုင် ရောက်လာသည်မှာ ရှားရှားပါးပါး ဧည့်သည်ပင်။ Sonyအနေဖြင့် Matsushitaနှင့် လက်တွဲလုပ်ကိုင်မှုများ ရှိသော်လည်း အချိန်အများစုတွင် ပြိုင်ဘက်အဖြစ်သာ ရှိနေခဲ့သည်။ ယခုအချိန်၌ Sonyနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးရှိသူမှာ Toshibaသာ ဖြစ်သည်။
“ဥက္ကဋ္ဌ နာကာမူရာပါလား... ဘယ်လိုလုပ်ပြီး ဒီဘက်ကို ခြေဦးလှည့်လာတာလဲ”
နာကာမူရာသည် မနှစ်ကမှ ဥက္ကဋ္ဌရာထူးတက်လာသူဖြစ်ပြီး အသက်အရွယ်အားဖြင့်လည်း ငယ်ရွယ်သူဖြစ်သည်။ ထို့ကြောင့် ဝါရင့်ဖြစ်သူ အိုဂါ နိုရီအို ၏ လေသံတွင် မာန်မာနတို့ အနည်းငယ် စွက်ဖက်နေမိသည်။
နာကာမူရာသည် အိုဂါ၏ မာန်ပါသောလေသံကို ကြားသော်လည်း မျက်နှာတစ်ချက်မပျက်ပေ။
“ဥက္ကဋ္ဌ အိုဂါ... ကျွန်တော်တို့ ကုမ္ပဏီနှစ်ခုရဲ့ ပူးပေါင်းဆောင်ရွက်မှု အပိုင်းနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးချင်လို့ပါ”
“ဟေ... ကျွန်တော်တို့ကြားမှာ ဘာများ ပူးပေါင်းစရာ ရှိလို့လဲ။ ကျွန်တော်တော့ မမြင်မိပါဘူး”
သီချင်းဖွင့်စက်လော... Matsushitaက Sonyကို မမီ။ ဒီဂျစ်တယ်ကင်မရာနှင့် ဖုန်းများတွင်မူ သိပ်မကွာလှ။ ဂိမ်းစက်တွင် Sonyက အပြတ်အသတ် သာသည်။ DVD တွင်လည်း Sonyကပင် နှာတစ်ဖျား အသာရနေ၏။ မုတ်ဆိတ်ရိတ်စက်ကဲ့သို့ အိမ်သုံးပစ္စည်းများတွင် Matsushitaက ရှေ့ရောက်နေသော်လည်း Sonyအနေဖြင့် မုတ်ဆိတ်ရိတ်စက် မော်ဒယ်အသစ် ထုတ်လုပ်ရန် သူတို့နှင့် ပူးပေါင်းစရာ အကြောင်းမရှိပေ။
“ဥက္ကဋ္ဌ အိုဂါ... စကားကို အဲဒီလောက်ကြီး ပြတ်ပြတ်သားသား မပြောပါနဲ့ဦး။ ကဏ္ဍတော်တော်များများမှာ Sonyက Matsushitaထက် သာတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒီနှစ် Matsushitaရဲ့ ရောင်းအားကလည်း မဆိုးပါဘူး။ လျှော့တွက်ရင်တောင် ဒီနှစ် ရောင်းအားက ဒေါ်လာ သန်းငါးသောင်းကျော်မှာပါ။ သန်းခြောက်သောင်းလောက်ထိတောင် မှန်းထားပါတယ်”
ထိုပမာဏသည် Sony၏ ရောင်းအားထက် ပိုများလေသည်။
“ဟွန့်... ခင်ဗျားက လာကြွားတာလား” အိုဂါက မကျေမနပ် ပြောလိုက်သည်။
“မဟုတ်ရပါဘူး... ကျွန်တော်က Sonyနဲ့ လက်တွဲဖို့ လာတာပါ။ တီဗီထုတ်လုပ်ရေးအပိုင်းမှာ ပူးပေါင်းဖို့ Sonyဘက်က စိတ်ဝင်စားမှု ရှိမရှိ သိချင်ပါတယ်” နာကာမူရာက ပြုံးဖြဲဖြဲဖြင့် မေးလိုက်၏။
တီဗီ... အိုဂါ အံ့သြသွားသည်။ တီဗီကဏ္ဍတွင် Matsushitaသည် ဂျပန်နိုင်ငံ၏ နံပါတ်တစ်ဖြစ်သလို ကမ္ဘာပေါ်တွင်လည်း ထိပ်တန်းစာရင်းဝင် ဖြစ်သည်။
Sonyတွင်လည်း တီဗီထုတ်ကုန် ရှိသော်လည်း Matsushitaလောက် ဩဇာမကြီးပေ။ သို့သော် ထူးဆန်းနေသည်။ ကိုယ့်ထက် အင်အားနည်းသည့် ကုမ္ပဏီကို ဘယ်သူက လာပြီး ပူးပေါင်းချင်ပါ့မလဲ။
နောက်ပြီး Matsushitaသည် Pioneer၊ Hitachiတို့နှင့် တီဗီမဟာမိတ် ဖွဲ့ထားသည် မဟုတ်ပါလော။ အစောပိုင်းက Sonyနှင့် Toshibaတို့ ထိုအဖွဲ့ထဲ ဝင်ချင်တုန်းက သူတို့ လက်မခံခဲ့ကြပေ။
အခုမှ ဘာစိတ်ကူးပေါက်ပြီး အိမ်တိုင်ရာရောက် လာကမ်းလှမ်းရသနည်း။
“ဘယ်လို ပူးပေါင်းချင်တာလဲ... ဥက္ကဋ္ဌ နာကာမူရာ ပြောကြည့်ပါဦး”
နာကာမူရာက အနည်းငယ် ပြုံးလိုက်သည်။ ဒီကမ်းလှမ်းချက်ကို Sony ငြင်းနိုင်မည်မဟုတ်မှန်း သူသိနေသည်။
“အခုခေတ်မှာ ရိုးရိုး CRT တီဗီတွေကို လူတွေ သိပ်မကြိုက်ကြတော့ဘူး။ ပြားကပ်ကပ်နဲ့ Flat Screen တီဗီတွေကို ပိုသဘောကျလာကြပြီ။ အနာဂတ်မှာ ခေါင်းကြီးကြီးနဲ့ CRT တီဗီတွေနေရာကို Flat TV တွေ ဝင်ယူသွားတော့မယ်။ ဒီအချက်ကို ခင်ဗျား လက်ခံတယ်မလား”
အိုဂါ ခေါင်းညိတ်လိုက်သည်။ နေရာလွတ် သက်သာသည့် ရှုထောင့်မှကြည့်လျှင် Flat TV များက ပိုအသာစီးရသည်။ တီဗီစင်ပေါ် တင်ထားနိုင်သလို နံရံတွင်လည်း ချိတ်ထားနိုင်သည်။
“လောလောဆယ်တော့ Plasma တီဗီက အမြင့်ဆုံး နည်းပညာပဲ။ ဒီအချက်ကိုတော့ လက်ခံတယ်မလား” အိုဂါ၏ ထောက်ခံမှုကို ရသည်နှင့် နာကာမူရာက ဆက်ပြောသည်။ “ခင်ဗျားတို့ ကုမ္ပဏီနဲ့ Toshibaတို့ ကျွန်တော်တို့ရဲ့ ပလာစမာတီဗီ မဟာမိတ်အဖွဲ့ထဲ ဝင်ချင်ခဲ့ဖူးတာ ကျွန်တော် မှတ်မိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တောင်းဆိုတဲ့ အချက်တွေကို ခင်ဗျားတို့ လက်မခံခဲ့ကြဘူး”
“ဟုတ်တယ်လေ... ခင်ဗျားတို့ တောင်းဆိုချက်တွေက လွန်လွန်းတာကိုး။ သုတေသနလုပ်လို့ ရလာသမျှ နည်းပညာမှန်သမျှ ခင်ဗျားတို့ချည်း ပိုင်ရမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ တောင်းတဲ့ ပိုက်ဆံကလည်း များလွန်းတယ်။ ခင်ဗျားတို့က အဲဒီကနေ အမြတ်ထွက်နေပြီပဲ... သုတေသနစရိတ် အကုန်လုံးကို ကျွန်တော်တို့က စိုက်ထုတ်ပေးရမယ်ဆိုတာ ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူး” အိုဂါက ထိုအကြောင်း ပြောလာတိုင်း မျက်နှာပျက်ရစမြဲ။
“ဥက္ကဋ္ဌ အိုဂါ... အဲဒါတွေက အတိတ်က ကိစ္စတွေပါ။ အခုတော့ ပလာစမာတီဗီ မဟာမိတ်အဖွဲ့ ကိုယ်စား Sonyကုမ္ပဏီကို ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်။ ပလာစမာတီဗီ နည်းပညာကို အတူတူ သုတေသန လုပ်ကြတာပေါ့”
သို့သော် အိုဂါက သိပ်ပြီး ဝမ်းသာမသွားပေ။ တည်ငြိမ်စွာဖြင့်ပင် ပြန်မေးလိုက်သည်။ “ဒါဆို ခင်ဗျားတို့ရဲ့ စည်းကမ်းချက်တွေကရော... ကျွန်တော် ကြိုပြောထားမယ်နော်။ အရင်က အချက်တွေအတိုင်းပဲ ဆိုရင်တော့ ဆွေးနွေးနေစရာ မလိုဘူး။ ကျွန်တော်တို့ Sonyနဲ့ Toshiba ပူးပေါင်းပြီး ခင်ဗျားတို့ကို ဖြည်းဖြည်းချင်း လိုက်မီအောင် ကြိုးစားပြီး ကျော်တက်ပြမယ်”
“ဟားဟားဟား... အရင်ကလို ကြပ်တည်းတဲ့ စည်းကမ်းချက်တွေ မဟုတ်တော့ပါဘူး။ ဘာပဲပြောပြော ခင်ဗျားတို့လည်း ဂျပန်ကုမ္ပဏီပဲလေ။ ပြင်ပလူတွေနဲ့ ယှဉ်ရင် ကျွန်တော်တို့က လူရင်းတွေပါ”
ဟင်... အိုဂါ မျက်ခုံးပင့်သွားသည်။ ပြင်ပလူတွေနဲ့ ယှဉ်ရင်ဆိုတာ ဘာသဘောလဲ။
“Thomsonကုမ္ပဏီက ပလာစမာတီဗီ သုတေသနအတွက် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မယ်လို့ ကြေညာထားတယ်။ တရုတ်က TCL ကုမ္ပဏီနဲ့လည်း ပူးပေါင်းလိုက်ပြီ။ တောင်ကိုရီးယားက Samsungနဲ့ LG ကလည်း ဒီနှစ်မှာ ပလာစမာတီဗီ သုတေသန လုပ်မယ်လို့ ကြေညာထားသလို ထိုင်ဝမ်က ကုမ္ပဏီတချို့လည်း ပါလာကြပြီ။ ဈေးကွက်က ဒီလောက်ပဲ ရှိတာ... ပြင်ပလူတွေ လက်ထဲ ပါသွားမယ့်အစား ကျွန်တော်တို့ ဂျပန်လူမျိုးအချင်းချင်း ခွဲဝေယူလိုက်တာ မကောင်းဘူးလား”
နားထောင်ကြည့်တော့ ဟုတ်သလိုလို ရှိသော်လည်း အိုဂါကမူ တစ်ခုခု လွဲနေသည်ဟု ခံစားမိသည်။
“ဖုန်းယွီ အီလက်ထရွန်နစ်တို့၊ Philipsတို့၊ ချန်ဟုန်တို့ကရော... သူတို့လည်း Flat Panel အပိုင်းမှာ မဆိုးဘူးလေ” အိုဂါက လိုရင်းအချက်ကို ထောက်ပြလိုက်သည်။
“ဥက္ကဋ္ဌ အိုဂါက တကယ်ကို တော်ပါပေတယ်။ ဒါကို သတိထားမိတယ်ပေါ့။ ဟုတ်ပါတယ်... အဲဒီကုမ္ပဏီတွေက LCD နည်းပညာဘက်မှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ပြီး LCD တီဗီ အကြီးစားတွေ ထုတ်လုပ်ဖို့ ပြင်ဆင်နေကြတယ်။ ဒါကြောင့် Flat TV ဈေးကွက်ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်လာတော့မှာ။ ကျွန်တော်တို့ မဟာမိတ်တွေ ပိုလိုအပ်လာပြီ” နာကာမူရာက ချီးကျူးလိုက်သည်။
အိုဂါ ကျေနပ်သွားသည်။ ငါ့ကို လာလိမ်ချင်နေသေးတယ်... ငါ့အတွေ့အကြုံက မင်းထက် အများကြီး ပိုပါတယ်။
“ဒီလိုဆိုတော့ ခင်ဗျားက ကျွန်တော်တို့ Sonyကို LCD တီဗီ လက်လွှတ်ပြီး ပလာစမာတီဗီဘက် ကူးပြောင်းစေချင်တာပေါ့”
“ဒါပေါ့... ပလာစမာတီဗီက အမြတ်ပိုများတယ်လေ။ LCD တီဗီရဲ့ အမြတ်က ပလာစမာကို ဘယ်လိုမှ မမီဘူး။ ရုပ်ထွက် ကြည်လင်ပြတ်သားမှု၊ လျှပ်စစ်စားသုံးမှု၊ မျက်နှာပြင် အကျယ်အဝန်း... အရာရာမှာ ပလာစမာက ပိုသာတယ်။ ပြီးတော့ Pioneerကုမ္ပဏီကလည်း Toshibaကို သွားဖိတ်ခေါ်နေပြီ”
ငါ လက်မခံရင် ဂျပန်မှာ Sony တစ်ကောင်တည်း ဖြစ်ကျန်ခဲ့မယ့်သဘောပဲဟု အိုဂါ တွေးလိုက်သည်။ ဒါ အတင်းအဓမ္မ လှေတစ်စင်းတည်း စီးခိုင်းနေခြင်းပင်။
Toshibaရော Sonyပါ လက်မခံဘဲ LCD ဘက် ကူးသွားရင်လည်း ပြဿနာမရှိ။
သို့သော် LCD ဘက်တွင် ဖုန်းယွီ၏ ကုမ္ပဏီရှိနေသည်က အိုဂါကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။ ပလာစမာတီဗီဖြင့် LCD ကို အနိုင်ယူပြီး ဖုန်းယွီကိုပါ အလဲထိုးနိုင်လိုက်လျှင် ပို၍ ကျေနပ်စရာ ကောင်းမည်မဟုတ်ပါလား။
“လောလောဆယ်တော့ အဖြေမပေးနိုင်သေးဘူး။ ဒါရိုက်တာအဖွဲ့နဲ့ တိုင်ပင်ရဦးမယ်။ ခင်ဗျားတို့ရဲ့ စည်းကမ်းချက်တွေကို ရှင်းရှင်းလင်းလင်း ပြောပြထားဦး။ နောင်မှ အထင်လွဲတာတွေ မဖြစ်ရအောင်လို့လေ” အိုဂါက လေသံအေးအေးဖြင့် ပြောလိုက်သည်။
“ရတာပေါ့... ဒီဖိုင်ထဲမှာ Sonyနဲ့ Toshibaတို့ ပလာစမာတီဗီ မဟာမိတ်အဖွဲ့ထဲ ဝင်ရောက်ရေး စည်းကမ်းချက်တွေ ပါပါတယ်။ အနာဂတ် ပလာစမာတီဗီ နည်းပညာစံနှုန်းတွေကို ကျွန်တော်တို့ ဂျပန်ကုမ္ပဏီတွေ လက်ထဲမှာပဲ လက်ဝါးကြီးအုပ်ထားရမယ်။ ဥက္ကဋ္ဌအိုဂါ ဖတ်ကြည့်ပြီးရင် သဘောတူလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”
နာကာမူရာသည် ဖိုင်တစ်ဖိုင် ချထားခဲ့ပြီးနောက် အိုဂါ၏ ရုံးခန်းထဲမှ ထွက်ခွာသွားသည်။ သူ့ပုံစံက ယုံကြည်မှု အပြည့်ရှိနေပြီး Sonyအနေဖြင့် ဤအချက်များကို ငြင်းပယ်နိုင်မည် မဟုတ်ဟု ယူဆထားပုံရသည်။
နာကာမူရာ ပြန်သွားမှ အိုဂါ ဖိုင်ကို ဖွင့်ဖတ်ကြည့်လိုက်သည်။ ထို့နောက် ဖိုင်ကိုချကာ Toshiba ဥက္ကဋ္ဌထံသို့ ဖုန်းဆက်လိုက်၏။ ဖုန်းချပြီးချိန်တွင် အိုဂါ၏ စိတ်ထဲ၌ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး ဖြစ်လေသည်။
******