ဒါ သတင်းကောင်းပဲ
Vol. 81 Ch. 1197
“မန်နေဂျာဖုန်း... ပြဿနာတက်ပြီ။ Sonyနဲ့ Toshibaတို့ ပလာစမာတီဗီ မဟာမိတ်အဖွဲ့ထဲ ဝင်သွားကြပြီ” ကျန်းဝမ်မုန့်က ဖုန်းဆက်လာပြီး ထိတ်ထိတ်ပျာပျာဖြင့် ပြောလာသည်။
“လောင်ကျန်းရာ... စိတ်အေးအေးထားစမ်းပါ။ ဖြည်းဖြည်းပြော... ဘာဖြစ်တာလဲ” ဖုန်းယွီ၏ လေသံက ဘာမှမဖြစ်သလို အေးဆေးသက်သာပင် ရှိလှ၏။
ကျန်းဝမ်မုန့်က သတင်းအကြောင်းစုံကို ဖုန်းယွီအား ရှင်းပြသည်။ Sonyနှင့် Toshibaတို့သည် Matsushita ဦးဆောင်သော ပလာစမာ တီဗီမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ကာ ပလာစမာတီဗီများကို ပူးပေါင်းထုတ်လုပ် ဈေးကွက်ဖြန့်ချိကြမည်ဟု ယနေ့တွင် ရုတ်တရက် ကြေညာလိုက်ခြင်း ဖြစ်သည်။
သူတို့က ပလာစမာတီဗီသည် အနာဂတ် မိသားစုများအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်ပြီး အဆင့်အမြင့်ဆုံး၊ အရည်အသွေးအကောင်းဆုံး ဖြစ်သည်ဟု ကြွေးကြော်ထားကြသည်။ LCD တီဗီများနှင့် CRT တီဗီများသည် နောက်ငါးနှစ်အတွင်း ခေတ်ကုန်သွားမည့် ပစ္စည်းများဟုပင် ဆိုထားကြသေး၏။
“ဟ... ဒါဆို တောင်ကိုရီးယားက Samsungတို့ ဘာတို့ကရော... ဘာသံကြားသေးလဲ” ဖုန်းယွီက မေးလိုက်သည်။
“ဘာသံမှ မကြားရပါဘူး”
“ကဲ... ဒါဆို စိတ်ပူစရာ မလိုတော့ဘူး။ ဆိုလိုတာက Samsungတို့ ပါမသွားဘူး။ အခုချိန်ထိ ပလာစမာတီဗီ နည်းပညာစံနှုန်းတွေက ဂျပန်ကုမ္ပဏီတွေ လက်ထဲမှာပဲ ရှိနေသေးတယ်ဆိုတဲ့ သဘောပေါ့”
“မန်နေဂျာဖုန်း... အဲဒီအချက်ကြောင့်ပဲ ကျွန်တော်တို့ စိတ်ပူနေရတာလေ”
“မပူနဲ့... အဲဒီအချက်ကြောင့်ကိုပဲ စိတ်ပူစရာမလိုတော့တာ။ ကျွန်တော်တောင် ဝမ်းသာအားရ ထအော်ချင်နေတာ... ဒါ သိပ်ကောင်းတဲ့ကိစ္စပဲလို့လေ”
ကျန်းဝမ်မုန့် နားဝေတိမ်တောင် ဖြစ်သွားသည်။ မန်နေဂျာဖုန်းက ပြောင်းပြန်တွေ ပြောနေတာလား။ သူများတွေက စံနှုန်းတွေ၊ နည်းပညာတွေကို ထိန်းချုပ်လိုက်တာကိုများ ကောင်းတယ်လို့ ပြောနေရသလား။ စံနှုန်းသတ်မှတ်ချက်ဆိုတာ ကုန်ပစ္စည်းတစ်ခုရဲ့ အသက်သွေးကြောဆိုပြီး သူပဲ ပြောဖူးတာ မဟုတ်လား။
“ခင်ဗျား သဘောမပေါက်သေးဘူးလား။ စဉ်းစားကြည့်... ကျွန်တော်တို့တုန်းက DVD စံနှုန်း သတ်မှတ်တုန်းက ဥရောပတို့ အမေရိကတို့က ကုမ္ပဏီတွေကို ဘာလို့ ဆွဲထည့်ခဲ့တာလဲ။ တောင်ကိုရီးယားနဲ့ ဂျပန်ကုမ္ပဏီတချို့ကိုတောင် ပါဝင်ခွင့် ပေးခဲ့သေးတယ်။ ဘာလို့လဲဆိုတော့ ကုမ္ပဏီများများက ဒီစံနှုန်းကို လိုက်နာမှ ဒီစံနှုန်းက တွင်ကျယ်မှာမို့လို့လေ။ စံနှုန်းကို ကျွန်တော်တို့က သတ်မှတ်တာဖြစ်တဲ့အတွက် အဆင့်မြှင့်တင်တဲ့နေရာမှာ ကျွန်တော်တို့က အသာစီးရပြီးသားပဲ။ စံနှုန်းကို အသုံးချပြီး ပြိုင်ဘက်တွေကို ဖယ်ထုတ်တာက ကျွန်တော်တို့ပဲ လုပ်နိုင်တာ”
“အခု သူတို့ ပလာစမာတီဗီ စံနှုန်းကို သတ်မှတ်လိုက်ပေမဲ့ တွင်ကျယ်လာအောင် လုပ်ဖို့ အရမ်းခက်သွားလိမ့်မယ်။ ဆိုလိုတာက ဒီစံနှုန်းကို သုံးမယ့်သူက အဲဒီဂျပန်ကုမ္ပဏီကြီးတွေပဲ ရှိတော့မှာ။ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဥရောပ ကုမ္ပဏီတွေကို ဖယ်ထုတ်လိုက်တော့ သူတို့ရဲ့ စံနှုန်းဆိုတာက ပြိုင်ဘက်တွေကို ဖယ်ထုတ်တဲ့ နည်းလမ်းသက်သက်ပဲ ဖြစ်သွားပြီး ကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်မှာ မဟုတ်တော့ဘူး”
“လုပ်ငန်းနယ်ပယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှ အကျိုးအမြတ် အများကြီး ရနိုင်မှာဗျ။ ဥပမာ ကားဘီးတွေလိုပေါ့။ ကားအမျိုးအစား မတူရင် ဘီးအရွယ်အစား မတူကြဘူး။ ဒါပေမဲ့ မော်ဒယ်စံနှုန်း တစ်ခုကိုတော့ လိုက်နာကြရတာပဲ။ အဲဒီစံနှုန်းက သူများတွေကို ဝင်မလာနိုင်အောင် တားဆီးတဲ့ အရာဖြစ်သွားရင် အဲဒီတာယာကို အဲဒီကားအမျိုးအစားတွေမှာပဲ သုံးလို့ရတော့မှာ။ တခြားသူတွေက တခြားတာယာတွေ သုံးကုန်ကြလိမ့်မယ်။ အဲဒီကျရင် ဘာဖြစ်လာမလဲ စဉ်းစားကြည့်”
ကျန်းဝမ်မုန့်က တွေးတွေးဆဆဖြင့် ပြန်ပြောသည်။ “အဲဒီတာယာကို သုံးတဲ့ကားက နည်းနည်းလေးဆိုရင် ပြင်ဆင်စရိတ် ကြီးသွားမယ်။ လူတွေက အဲဒီအချက်ကြောင့် ကားဝယ်ချင်မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ အဲဒီကားတွေက တကယ်ကောင်းရင်တော့ ဈေးကွက်ကို လွှမ်းမိုးသွားနိုင်တာပဲလေ”
“ဟုတ်တယ်... ခင်ဗျား သုံးသပ်တာ မှန်တယ်။ အခု Matsushitaတို့၊ Sonyတို့ လုပ်နေတာ အဲဒါပဲ။ ပလာစမာတီဗီ ဈေးကွက်ကို လက်ဝါးကြီးအုပ်ပြီး တခြားကုမ္ပဏီတွေကို ဖယ်ထုတ်ချင်နေတာ။ တခြားကုမ္ပဏီတွေကရော ဒီတိုင်း ငြိမ်ခံနေပါ့မလား။ Flat TV ဆိုတာ ပလာစမာ တစ်မျိုးတည်း ရှိတာမှ မဟုတ်တာ။ ကျွန်တော်တို့ရဲ့ LCD တီဗီတွေကလည်း ရောင်းအား ကောင်းနေတာပဲလေ”
“ဒါပေမဲ့ ပလာစမာက ပိုကြည်တယ်လေ” ကျန်းဝမ်မုန့်က ထောက်ပြသည်။
“မှန်တယ်... နည်းပညာအရ ပလာစမာက LCD ထက် သာနေသေးတယ်။ ဒါပေမဲ့ မမေ့နဲ့နော်... LCD နည်းပညာဘက်ကို ကူးလာတဲ့ ကုမ္ပဏီတွေ များလာတာနဲ့အမျှ LCD နည်းပညာ ဖွံ့ဖြိုးမှုက ပိုမြန်ဆန်လာလိမ့်မယ်။ ကျွန်တော်တို့ မစဉ်းစားမိတဲ့ အချက်တွေကို တခြားကုမ္ပဏီတွေက တွေ့ရှိသွားနိုင်တယ်။ သူတို့ဆီက ဝယ်ပြီး ဖြုတ်ကြည့်လိုက်တာနဲ့ ကျွန်တော်တို့ အကြံဉာဏ်သစ်တွေ ရလာနိုင်တယ်။ ကုမ္ပဏီအများစုက LCD ဘက်မှာ အာရုံစိုက်လာကြရင် LCD ဖွံ့ဖြိုးမှုနှုန်းက ပလာစမာထက် ပိုမြန်လာမှာပဲ”
“ဒါပေမဲ့ ပလာစမာတီဗီက ဈေးပိုကြီးတော့ အမြတ်ပိုရတယ်လေ” ကျန်းဝမ်မုန့်က ထပ်ပြီး ငြင်းချက်ထုတ်ပြန်သည်။
“ဈေးကြီးတာကပဲ သူတို့ရဲ့ ကျရှုံးခန်း ဖြစ်လာလိမ့်မယ်။ မှတ်မိလား... နိုင်ငံခြားက လက်ပ်တော့တွေ ဘာလို့ Lenovoကို ရှုံးသွားသလဲဆိုတာ။ Lenovoရဲ့ ဈေးနှုန်းက အရမ်းသက်သာတာကိုး။ စွမ်းဆောင်ရည်ပိုင်းမှာ နိုင်ငံခြားကွန်ပျူတာတွေက ပိုကောင်းတာ မှန်ပေမဲ့ စွမ်းဆောင်ရည် နည်းနည်းလေး ပိုကောင်းတာနဲ့ ဈေးက နှစ်ဆလောက် ကွာနေတာလေ”
“နောက်တစ်ခု မမေ့နဲ့... နည်းပညာတန်ဖိုးမြင့်တဲ့ ပစ္စည်းတွေက တန်ဖိုးကျတာလည်း မြန်တယ်။ နည်းပညာက အမြဲပြောင်းလဲနေတာကိုး။ ဟိုတုန်းက ချန်ဟုန်ကုမ္ပဏီ ၂၁ လက်မ တီဗီတွေ ထုတ်တုန်းက ရောင်းအားက ကမ္ဘာ့ထိပ်တန်းပဲ။ ဒါပေမဲ့ သူတို့က ၂၁ လက်မကိုပဲ ဖက်တွယ်ထားတုန်း တခြားသူတွေက စခရင်အကြီးတွေကို ပြောင်းထုတ်ကြတော့ ချန်ဟုန် အထိနာသွားတယ် မဟုတ်လား”
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ၂၁ လက်မ တီဗီဈေးက ဘယ်လောက်ရှိလဲ။ အခုရော ဘယ်လောက်ရှိလဲ။ ၂၉ လက်မတောင် အဲဒီလောက် ဈေးမကြီးတော့ဘူး။ ဘာလို့လဲဆိုတော့ ထုတ်လုပ်နိုင်စွမ်း မြင့်လာပြီး နည်းပညာသစ်တွေကြောင့် ကုန်ကျစရိတ် သက်သာလာလို့ပဲ။ ပြိုင်ဆိုင်မှု များလာရင် ဈေးနှုန်းက ကျလာစမြဲပဲ။ အခု LCD တီဗီ ထုတ်တဲ့သူတွေ များလာပေမဲ့ ပလာစမာ လုပ်တဲ့သူက လက်ချိုးရေလို့ ရတယ်။ သူတို့က အဆင့်မြင့်ဈေးကွက်ကိုပဲ ဦးတည်ပြီး ဈေးလျှော့မှာ မဟုတ်ဘူး။ LCD တီဗီ ဈေးကတော့ တရိပ်ရိပ် ကျလာမှာ”
“ဈေးနှုန်းဆိုတာ LCD တီဗီရဲ့ အကြီးမားဆုံး အားသာချက် ဖြစ်လာလိမ့်မယ်။ တကယ်တမ်းကျတော့ LCD နဲ့ ပလာစမာ အရည်အသွေးက သိပ်မကွာလှဘူး။ ပလာစမာ တစ်လုံးကို ယွမ် နှစ်သောင်းကျော် ပေးရမယ့်အချိန်မှာ LCD က ခုနစ်ထောင် ရှစ်ထောင်လောက်ပဲ ရှိတယ်။ ဈေးက တစ်ဝက်ကျော် ကွာနေတာ။ အဲဒီပိုက်ဆံနဲ့ဆို LCD တီဗီ နှစ်လုံးတောင် ဝယ်လို့ရတယ်။ ဧည့်ခန်းမှာ တစ်လုံး၊ အိပ်ခန်းမှာ တစ်လုံး တပ်လိုက်မယ်လေ။ နှစ်လုံးပေါင်းမှ ဟိုတစ်လုံးစာ ဈေးမရှိတာ”
“ဒါပေမဲ့ LCD က ၁၂၀ ဒီဂရီထက် စောင်းကြည့်ရင် သိပ်မရှင်းတော့ဘူးလေ” ကျန်းဝမ်မုန့်က အားနည်းချက်ကို ထောက်ပြသည်။
“ခင်ဗျားက တီဗီကြည့်ရင် ၁၂၀ ဒီဂရီ စောင်းကြည့်လို့လား။ အိမ်မှာ တီဗီကြည့်ကြရင် ၃၀ ဒီဂရီထက် ပိုစောင်းကြည့်ခဲပါတယ်။ ၆၀ ဒီဂရီ စောင်းကြည့်ရင်တောင် တော်တော်ထူးဆန်းနေပြီ။ နောက်ပြီး ပလာစမာက အကြီးကြီးတွေပဲ လာတာ။ အသေးဆုံးတောင် ၄၀ လက်မလေ။ သာမန်အိမ် ဧည့်ခန်းက ဘယ်လောက်ကျယ်လို့လဲ။ အိပ်ခန်းဆို ပိုကျဉ်းသေး။ ကျွန်တော်တို့ LCD ကျတော့ ၂၁၊ ၂၅၊ ၂၉၊ ၃၄ လက်မ စသဖြင့် ကြိုက်ရာရွေးလို့ရတယ်။ ၄၂ လက်မ အကြီးစား ထုတ်ပြီး သူတို့ဈေးကွက်ကို လုလို့ရပေမဲ့ သူတို့ကတော့ ကျွန်တော်တို့ဈေးကွက်ကို လာလုလို့ မရဘူး”
“သူတို့ အခြေအနေက ဟိုတုန်းက ပြည်တွင်းမှာ ၂၁ လက်မပဲ ဖက်တွယ်ထားတဲ့ ချန်ဟုန်နဲ့ တူနေပြီ။ ကျွန်တော်တို့ကတော့ ခေတ်သစ် ကုမ္ပဏီတွေပေါ့။ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမလဲဆိုတာ ခင်ဗျား သိမှာပါ”
“ဒါဆို... မန်နေဂျာဖုန်း၊ ကျွန်တော်တို့ ဘာမှမလုပ်ဘဲ ဒီတိုင်း ကြည့်နေလိုက်ရမလား”
“ပစ်ထားလိုက်... သူတို့ဘာသာ လှုပ်ပါစေ။ နောက်ဆို ကြော်ငြာတွေ အကြီးအကျယ် ဆင်းလာလိမ့်မယ်။ ကျွန်တော်တို့က မူလစီမံချက်အတိုင်းပဲ သွားမယ်။ သူတို့ကြော်ငြာတွေ မအောင်မြင်အောင် လုပ်ရမယ်။ ကျွန်တော်တို့ဘက်က ကြော်ငြာအားမြှင့်မယ်။ လိုအပ်ရင် ဈေးလျှော့ပြီး ပရိုမိုးရှင်း လုပ်မယ်”
ဘာပဲပြောပြော LCD တီဗီ အမြတ်က နည်းတာမှ မဟုတ်တာ။ ဈေးလျှော့ရောင်းလည်း ရှုံးမသွားပါဘူး။ ဒီလိုလုပ်လိုက်ရင် ပလာစမာတီဗီနဲ့ ဈေးကွာဟချက် ပိုကြီးသွားလိမ့်မယ်။ ပိုက်ဆံရေလို သုံးနိုင်တဲ့ သူဌေးတွေကလွဲရင် Flat TV ဝယ်ချင်တဲ့ လူလတ်တန်းစား အိမ်ထောင်စုတွေက LCD ကိုပဲ ရွေးချယ်ကြမှာ သေချာပေါက်ပါပဲ။
ပလာစမာတီဗီကတော့ အရင်ဘဝတုန်းကလိုပဲ ခေတ်ကုန်သွားမယ့် ကံကြမ္မာနဲ့ ရင်ဆိုင်ရတော့မည်။ အဓိက ပြဿနာကတော့ နည်းပညာကို လက်ဝါးကြီးအုပ်ထားခြင်း၊ ပြင်ပကို မျှဝေမပေးခြင်းနှင့် ထုတ်လုပ်မှုကို ထိန်းချုပ်ပြီး အမြတ်ကြီးစားချင်ခြင်းတို့ကြောင့်ပင် ဖြစ်လေသည်။
******