အမြဲတမ်း တစ်လှမ်း နောက်ကျနေတယ်
Vol. 81 Ch. 1198
ဖုန်းယွီ တွက်ချက်ထားသည့်အတိုင်း အမှန်တကယ် ဖြစ်လာခဲ့သည်။ ထိုင်ဝမ်ကုမ္ပဏီများသည် ပလာစမာနည်းပညာ သုတေသနစရိတ် ကြီးမြင့်လွန်းသည်ကို တွေ့ရှိသွားကြပြီးနောက် LCD တီဗီဘက်သို့ ပြောင်းလဲရန် ဆုံးဖြတ်လိုက်ကြသည်။ LCD နည်းပညာက နှိုင်းယှဉ်ရလျှင် ပိုမိုရိုးရှင်းပြီး ပါဝင်ထုတ်လုပ်သည့် ကုမ္ပဏီများသဖြင့် ဈေးကွက်ချဲ့ထွင်ရန် ပိုလွယ်ကူသည် မဟုတ်ပါလား။
တောင်ကိုရီးယား ကုမ္ပဏီနှစ်ခုကမူ လမ်းကြောင်းနှစ်သွယ်စနစ်ကို ကျင့်သုံးကာ ပလာစမာရော LCD ပါ နှစ်မျိုးစလုံးကို လက်မလွှတ်ဘဲ ဆက်သွားနေသည်။ သို့သော် ပလာစမာတီဗီ ထုတ်လုပ်မှုကို လျှော့ချလိုက်ပြီး ပြည်ပပို့ကုန်အဖြစ် မရည်မှန်းတော့ဘဲ ပြည်တွင်းဈေးကွက်ကို ထိန်းရုံသာ ထုတ်လုပ်တော့သည်။ မူလက သူတို့၏ အဓိက ပို့ကုန်ဈေးကွက်မှာ တရုတ်ပြည် ဖြစ်သည်။
ယခု တရုတ်ပြည်တွင် TKK (Thomsonနှင့် TCL ဖက်စပ်ကုမ္ပဏီ) ရှိနေပြီး ပလာစမာတီဗီများ စတင်ထုတ်လုပ်နေပြီ ဖြစ်သည်။ ဒေသတွင်း အကာအကွယ်ပေးမှုများကြောင့် TKK ၏ ဈေးနှုန်းမှာ အသက်သာဆုံး ဖြစ်နေပြီး တောင်ကိုရီးယား အမှတ်တံဆိပ်များအနေဖြင့် တရုတ်ပြည်တွင် ဈေးကွက်ထိုးဖောက်ရန် ခက်ခဲသွားစေသည်။
ထို့ကြောင့် ယခုအချိန်တွင် တရုတ်ပြည် ပလာစမာတီဗီ ဈေးကွက်၌ ဂျပန်ကုမ္ပဏီများနှင့် TKK တို့သာ အဓိက ရှိနေပြီး TKK မှာ ဈေးနှုန်းယှဉ်ပြိုင်မှု၌ အသာစီးရထားသည်။
TKK ၏ နည်းပညာက ဂျပန်ကုမ္ပဏီများကို မမီဘူးဟု ဆိုကြသော်လည်း ဘာအရေးစိုက်စရာ ရှိသနည်း။ ကွာခြားချက် အနည်းငယ်ကို သေချာဂရုတစိုက် ကြည့်မှသာ မြင်နိုင်မည်ဖြစ်သည်။ မျက်စိမကောင်းသူများမှသာ ထိုကွာခြားချက်ကို ခံစားမိလိမ့်မည်။ သို့သော် မျက်စိမကောင်းသည့်သူက တီဗီကို အချိန်ပြည့် ထိုင်ကြည့်နေပါ့မလား။
ထိုအချိန်တွင် ဖုန်းယွီ အီလက်ထရွန်နစ်၊ Aiwaနှင့် Philipsတို့က အဆင့်မြင့်ဈေးကွက်ကို ဦးတည်ပြီး ၄၂ လက်မအထက် LCD တီဗီအကြီးစားများကို ထုတ်လုပ်မည်ဟု ကြေညာလိုက်သည်။
ထို့ပြင် TKK ကုမ္ပဏီနှင့် ပူးပေါင်းကာ ငွေကြေးချမ်းသာသည့် သုံးစွဲသူများအတွက် Rear-projection TV (နောက်ကျောပေး ပရိုဂျက်တာတီဗီ) များကို ဆက်လက်ထုတ်လုပ်သွားမည် ဖြစ်သည်။
ပရိုဂျက်တာ တီဗီအကြီးစားများကတော့ လုံးချင်းအိမ်ကြီး၊ အိမ်ကောင်းများနှင့် နေသူများအတွက် ရည်ရွယ်သည်။ ကုမ္ပဏီအချို့လည်း သုံးကောင်းသုံးနိုင်သော်လည်း သာမန်အိမ်များတွင်မူ လုံးဝ သုံးစရာအကြောင်း မရှိပေ။ ထုတ်လုပ်မှု ပမာဏ မများသော်လည်း အမြတ်အစွန်းကတော့ မနည်းလှပေ။
သူတို့ ပူးပေါင်းလိုက်ပြီဖြစ်ရာ အာရှနှင့် ဥရောပဈေးကွက်၏ နေရာအများစုကို လွှမ်းမိုးထားနိုင်ပြီ ဖြစ်သည်။ အမေရိကဈေးကွက်တွင်လည်း Thomson၏ ကွန်ရက်အရှိန်အဝါကြောင့် ဂျပန်ထုတ်ကုန်များ ခြေလှမ်းရခက်နေသည်။
မြောက်အမေရိကတွင် Thomsonက ဘယ်လောက်တောင် ဩဇာကြီးသလဲဆိုလျှင် အမေရိကန် ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲ တော်တော်များများ၏ နောက်ဆုံးအဆင့် တည်းဖြတ်မှုအပိုင်းတွင် Thomson၏ ထုတ်ကုန်များကိုသာ သုံးစွဲကြရသည်။
သို့သော် ဂျပန်ကုမ္ပဏီများက ဒါကို ဂရုမစိုက်ပေ။ ရုပ်ထွက်ပိုကြည်လင်ပြီး အရည်အသွေး ပိုကောင်းကာ စက်ဖွင့်ချိန် ပိုမြန်သည့် ပလာစမာတီဗီသည်သာ အနာဂတ်၏ ပင်မရေစီးကြောင်း ဖြစ်လာမည်ဟု ယုံကြည်ထားကြသည်။ ထို့ပြင် အမြတ်အစွန်းကလည်း ပိုများသည်လေ။
Matsushitaဆိုလျှင် ဒီနှစ် ပလာစမာတီဗီတစ်ခုတည်းနှင့်ပင် မနည်းလှသော အကျိုးအမြတ်ကို ရရှိထားသည်။
...
“ဥက္ကဋ္ဌ အိုဂါ... သတင်းကောင်းပဲဗျ။ ကျွန်တော်တို့ရဲ့ အရောင် ခြောက်သောင်းငါးထောင်ပါတဲ့ မိုဘိုင်းဖုန်း LCD မျက်နှာပြင်ကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ပါပြီ”
အိုဂါ နိုရီအို အကြီးအကျယ် ဝမ်းသာသွားသည်။ ဖုန်းယွီမိုဘိုင်းက ကင်မရာပါတဲ့ဖုန်း၊ အရောင်ပါတဲ့ဖုန်း ထုတ်မယ်ဆို။ သူတို့ရဲ့ ရောင်စုံဖုန်းက ၂၅၆ ရောင်ပဲ ပါတာ။ ငါတို့က ခြောက်သောင်းငါးထောင်တောင် ပါတာကွ။ ကွာခြားချက်က ဘယ်လောက်ကြီးမားလဲဆိုတာ တစ်ချက်ကြည့်လိုက်တာနဲ့ သိသာတယ်။
ဒီတစ်ခါတော့ ငါတို့ Sonyတို့ ခေါင်းမော့ ရင်ကော့နိုင်ပြီဟေ့။ ဒီရောင်စုံမျက်နှာပြင် နည်းပညာရယ်၊ ငါတို့ Sonyရဲ့ ဒီဂျစ်တယ်ကင်မရာ နည်းပညာရယ် ပေါင်းစပ်လိုက်ရင် ငါတို့က ပြိုင်ဘက်ကင်း ဖြစ်လာမှာ။ ဖုန်းလောကမှာ နံပါတ်တစ် ဘရန်းတောင် ဖြစ်လာနိုင်တယ်။
“ကောင်းပြီ... ဖုန်းတွေမှာ ချက်ချင်း တပ်ဆင်လိုက်တော့။ တခြားအပိုင်းတွေက အဆင်သင့် ဖြစ်နေပြီမလား။ အမြန်ဆုံး ထုတ်လုပ်ကြ။ နောက်တစ်ပတ်နေရင် ကုန်ပစ္စည်း မိတ်ဆက်ပွဲလုပ်မယ်။ တစ်လအတွင်း ဈေးကွက်တင်မယ်” အိုဂါက စိတ်အားတက်ကြွစွာ ပြောလိုက်သည်။
“ဟိုင်း...”
“နေဦး... ဒီရောင်စုံမျက်နှာပြင်ကို ဒီဂျစ်တယ်ကင်မရာတွေမှာလည်း သုံးလို့ရတယ် မဟုတ်လား။ ငါတို့ ကင်မရာတွေရဲ့ မျက်နှာပြင်က ၂၅၆ ရောင်ပဲ ရှိသေးတာ။ အရောင် ခြောက်သောင်းငါးထောင်ပါတဲ့ ကင်မရာကိုသာ ငါတို့ အရင်ဆုံး ထုတ်လုပ်နိုင်ရင် ရိုက်ထားတဲ့ပုံတွေကို ပိုပြီး ကြည်ကြည်လင်လင် မြင်ရမှာဖြစ်လို့ သေချာပေါက် လူကြိုက်များလာမှာပဲ”
“ဥက္ကဋ္ဌရဲ့ အကြံဉာဏ်က တကယ့်ကို ထူးကဲလွန်းပါတယ်။ ကျွန်တော် ကင်မရာဌာနက မန်နေဂျာကို အခုပဲ သွားပြောလိုက်ပါ့မယ်” လက်အောက်ငယ်သားက ချက်ချင်းပင် မြှောက်ပင့်ပြောဆိုလိုက်သည်။ သို့သော် စိတ်ထဲတွင်မူ “သောက်ကျိုးနည်း... ခင်ဗျားပြောမှ သိတာမှတ်လို့၊ ငါတို့ နည်းပညာဌာနက ဒါကို မသိဘဲနေမလား” ဟု ကျိတ်ပြီး မေတ္တာပို့နေလေသည်။
အိုဂါ ကျေနပ်သွားပြီး လက်ကာပြလိုက်သည်။ “သွားတော့... ဒီတစ်ခေါက် မင်းတို့ တော်တော်ကြိုးစားထားကြတာပဲ။ နှစ်ကုန်ကျရင် ဘောနပ်စ်တွေ မင်းတို့ စိတ်တိုင်းကျ ဖြစ်စေရမယ်”
“ကျေးဇူးအများကြီး တင်ပါတယ် ဥက္ကဋ္ဌ”
ဒီစကားကမှ လူစကားနှင့် တူတော့သည်။ တစ်နှစ်လုံး ပင်ပင်ပန်းပန်း လုပ်ထားရတာ နှစ်ကုန် ဘောနပ်စ်တော့ များများစားစား ရသင့်တာပေါ့။ ကုမ္ပဏီက ဒီလောက် အမြတ်တွေရနေတာ ဝန်ထမ်းတွေကိုလည်း ခံစားခွင့် ပိုပေးသင့်သည်။
အင်း... ဒီည ဘယ်ဆိုင် သွားထိုင်ရင် ကောင်းမလဲ။ ဟို အိမ်ဖော်ဝတ်စုံနဲ့ ဆိုင်ပဲ သွားလိုက်တော့မယ်။ တွေးရင်းနဲ့တောင် ဖီလင်လာပြီ။
သုံးရက်ကြာသောအခါ...
အိုဂါ နိုရီအို ရုံးရောက်သည်နှင့် ထုံးစံအတိုင်း ကွန်ပျူတာဖွင့်ကာ ပြည်တွင်းပြည်ပ သတင်းများကို ဖတ်ရှုနေသည်။ ရုတ်တရက် သတင်းတစ်ပုဒ်ကို မြင်လိုက်ရသောအခါ သူ အကြီးအကျယ် ထိတ်လန့်သွားတော့သည်။
ဘာ... ဖုန်းယွီမိုဘိုင်း၊ Aiwaနဲ့ Philipsတို့က အရောင် ခြောက်သောင်းငါးထောင်ပါတဲ့ ရောင်စုံဖုန်းတွေ ထုတ်လိုက်ပြီ ဟုတ်လား။ မနေ့ညက တရုတ်ပြည် ရှန်ဟိုင်းမှာ မိတ်ဆက်ပွဲလုပ်ပြီး ဒီနေ့ ဈေးကွက်ထဲ တရားဝင် ရောင်းနေပြီတဲ့လား။
ငါတို့ဆီမှာ အခုမှ သုတေသန အောင်မြင်ကာစ ရှိသေးတယ်၊ ထုတ်တောင် မထုတ်ရသေးဘူး၊ သူတို့က ရောင်းတောင် ရောင်းနေပြီ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့လည်း အသည်းအသန် ကြိုးစားခဲ့ကြတာပဲ။ ငါတို့က ဦးဆုံးအောင်မြင်သူတွေလို့ ထင်ထားခဲ့တာ။ ဘယ်လိုလုပ်ပြီး နောက်ကျကျန်ခဲ့ရတာလဲ။
သူ့ကို အခံရခက်ဆုံး ဖြစ်စေသည့်အချက်မှာ နောက်ကျသွားသည့် အချိန်ကာလပင်။ တစ်လတောင် မပြည့်ပေ။
ကပ်ကလေး... ကပ်ကလေး လွဲသွားတာ။ တကယ်လို့များ သူတို့ကသာ တစ်လလောက် စောပြီး ထုတ်နိုင်ခဲ့ရင် Sonyဖုန်းတွေ၊ Sonyအမှတ်တံဆိပ်က အကြီးအကျယ် နာမည်ရသွားမှာ။
အခုတော့ အရာရာ နောက်ကျသွားခဲ့ပြီ။
Matsushitaရဲ့ ဖိတ်ခေါ်မှုကို လက်မခံဘဲ ပလာစမာတီဗီ သုတေသနအဖွဲ့ထဲ မဝင်ခဲ့ရင် ကောင်းသား။ ဒါဆို LCD နည်းပညာဌာနမှာ လူအင်အား ပိုရှိပြီး ဒီရောင်စုံမျက်နှာပြင်ကို ဒီထက်စောပြီး အောင်မြင်အောင် လုပ်နိုင်ခဲ့မှာ သေချာသည်။
သူများထက် မစောရင်တောင် ဒီလောက်ကြီးတော့ နောက်ကျ ကျန်ခဲ့မှာ မဟုတ်ဘူး။
ဒီတစ်ခါလည်း ဖုန်းယွီတို့ ကုမ္ပဏီက မျက်နှာပန်းလှသွားပြန်ပြီ။
ဒါနဲ့... ဒီဂျစ်တယ်ကင်မရာ ကျန်သေးတယ်။ သတင်းစာရှင်းလင်းပွဲ အမြန်လုပ်မှ ဖြစ်မယ်။ ငါတို့ရဲ့ ကင်မရာတွေမှာလည်း အရောင် ခြောက်သောင်းငါးထောင်ပါတဲ့ မျက်နှာပြင် သုံးထားကြောင်း အရင်ဦးအောင် ကြေညာရမယ်။
သူ့လက်ထောက်ကို ချက်ချင်းခေါ်ပြီး ပြန်ကြားရေးဌာနကို သတင်းစာရှင်းလင်းပွဲ လုပ်ရန် ပြင်ဆင်ခိုင်းလိုက်သည်။ ပြီးလျှင် စံပြနမူနာပစ္စည်း တစ်ခု အမြန်ဆုံး လုပ်ခိုင်းရမည်။
သို့သော် သူတို့ နမူနာပစ္စည်း မလုပ်ရသေးခင် နေ့လယ်ပိုင်းမှာပင် နောက်ထပ် တက်လာသော သတင်းတစ်ပုဒ်ကြောင့် အိုဂါ နိုရီအို မျှော်လင့်ချက်မဲ့သွားရသည်။
တရုတ်ကုမ္ပဏီများဖြစ်သော Seagull နှင့် Phoenix အမှတ်တံဆိပ် နှစ်ခုက ဒီဂျစ်တယ်ကင်မရာ မော်ဒယ်သစ်များ မိတ်ဆက်လိုက်သည်။ ၎င်းတို့တွင် အရောင် ခြောက်သောင်းငါးထောင်ပါသော မျက်နှာပြင်များ တပ်ဆင်ထားသဖြင့် သုံးစွဲသူများအနေဖြင့် ရိုက်ကူးထားသော ပုံများကို ကွန်ပျူတာထဲ ထည့်ကြည့်စရာမလိုဘဲ ကင်မရာမှာတင် ကြည်လင်ပြတ်သားစွာ ခံစားကြည့်ရှုနိုင်မည်ဟု ဆိုသည်။
ဒီဂျစ်တယ်ကင်မရာလောကထဲ ဝင်လာတာ နှစ်နှစ်လောက်ပဲ ရှိသေးတဲ့ ကုမ္ပဏီနှစ်ခုက ဒီလောက်မြင့်မားတဲ့ နည်းပညာမျိုးကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားရတာလဲဆိုတာ အိုဂါ စဉ်းစားမရနိုင်အောင် ဖြစ်နေသည်။
ဈေးကွက်တင်တာ မကြာသေးပေမဲ့ ပစ္စည်းက မညံ့လှပေ။ အခု မျက်နှာပြင်ပိုင်းမှာပါ ဆန်းသစ်တီထွင်မှုတွေ လုပ်လာပြန်ပြီ။
နေဦး... ဒါ သေချာပေါက် ဖုန်းယွီအီလက်ထရွန်နစ်တို့နဲ့ ပတ်သက်နေမှာပဲ။ သူတို့ဆီက နည်းပညာ လိုင်စင်ယူထားတာ နေမှာ။ ဒါမှမဟုတ်ရင် ဒီဂျစ်တယ်ကင်မရာ လုပ်တဲ့သူတွေက မှန်ဘီလူးပိုင်းကိုပဲ အဓိကထားကြတာ၊ မျက်နှာပြင်ပိုင်းကို ဘယ်သူမှ ဒီလောက် အာရုံစိုက်မနေဘူး။
ဖုန်းယွီ... နောက်ထပ် ဖုန်းယွီပါပဲလား။
အိုဂါ အံကို ကြိတ်ထားလိုက်သည်။ ဒီလူပဲ ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။
Sonyက ခေါင်းထောင်လာမယ့် အရိပ်အယောင် ပြလိုက်တိုင်း ဖုန်းယွီ့ကုမ္ပဏီတွေက ဘွားခနဲ ပေါ်လာပြီး ပစ္စည်းသစ်တွေ ထုတ်၊ Sonyကို ဖိချလိုက်တာချည်းပဲ။ အမြဲတမ်း ဒီလိုကြီး ဖြစ်နေတာ။
ဒါက ပုံမှန် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်မှန်း မသိရင် ဖုန်းယွီက Sonyကို တမင်သက်သက် ရန်ရှာနေတာလို့တောင် သူ ထင်မိတော့မည်။
ဖုန်းမှာလည်း တစ်လှမ်း နောက်ကျခဲ့တယ်။ အခု ကင်မရာမှာလည်း တစ်လှမ်း နောက်ကျပြန်ပြီ။ ဟို တရုတ်ကုမ္ပဏီ နှစ်ခုက မှန်ဘီလူးပိုင်းမှာ နည်းပညာ နိမ့်နေရင်တောင် ဒီမျက်နှာပြင်လေး အားကိုးနဲ့ ကင်မရာတွေ ရောင်းကောင်းကုန်တော့မှာ။
နောက်တစ်ခါ... နောက်တစ်ခါကျရင်တော့ Sonyက မင်းတို့ထက် ပိုမြန်စေရမယ်။ လာမယ့်နှစ်ကျရင် နည်းပညာပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်တိုးဖို့ ဒါရိုက်တာအဖွဲ့ကို အကြံပြုရမယ်။
...
******