← Chapters

ပြည်ပသို့ ထိုးဖောက်ခြင်း

Vol. 81 Ch. 1199

ပြည်ပသို့ ထိုးဖောက်ခြင်း

Vol. 81 Ch. 1199

မိမိရှေ့မှောက်တွင် စိတ်အားတက်ကြွနေသည့် အစိုးရပိုင်ကုမ္ပဏီကြီးနှစ်ခုမှ အထွေထွေမန်နေဂျာနှစ်ဦးကို ကြည့်ရင်း ဖုန်းယွီတစ်ယောက် ပြုံးမိလေသည်။ သူတို့နှစ်ဦးစလုံးသည် မိမိတို့၏ ဒီဂျစ်တယ်ကင်မရာ အသစ်စက်စက်များအတွက် မိတ်ဆက်ပွဲ ပြုလုပ်ရန် စိုင်းပြင်းနေကြခြင်း ဖြစ်သည်။ ဖုန်းယွီ၏ အကြံပြုချက်ကြောင့် သူတို့၏ ပစ်မှတ်မှာ ပြည်တွင်းဈေးကွက် တစ်ခုတည်းမဟုတ်တော့ဘဲ နိုင်ငံတကာ ဈေးကွက်သို့ပါ မျှော်မှန်းထားကြပြီ ဖြစ်သည်။

ဆိုလိုသည်မှာ သူတို့၏ ရည်မှန်းချက်သည် အခြားသော တရုတ်ကုမ္ပဏီများ နည်းတူ အာရှမှသည် ကမ္ဘာ့အဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန် ဖြစ်ပေသည်။

လွန်ခဲ့သော နှစ်များဆီက တရုတ်နိုင်ငံ၏ ကင်မရာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသည် အတော်အတန် ကောင်းမွန်ခဲ့ဖူးသည်။ နည်းပညာ သုတေသနအပိုင်းတွင်လည်း မဆိုးလှပေ။ သို့သော် ထိုအချိန်က တရုတ်လူမျိုးများသည် နည်းပညာ ကာကွယ်ထိန်းသိမ်းခြင်းကို နားမလည်ခဲ့ကြသလို ကြွားဝါလိုစိတ်လည်း အလွန်ပြင်းထန်ခဲ့ကြသည်။

ဘယ်လိုမျိုးလဲဆိုလျှင် တစ်ယောက်ယောက်က လာပြီး “ခင်ဗျားတို့ တရုတ်နိုင်ငံထုတ် ကင်မရာတွေက အရမ်းကောင်းတယ် ကြားတယ်ဗျ။ ကျွန်တော်တို့ လာလေ့လာလို့ ရမလား” ဟု လာပြောသည်နှင့် အဆင်သင့် ဖြစ်နေတတ်ကြသည်။

တာဝန်ရှိသူများက စကားပင် အများကြီးမပြောဘဲ စက်ရုံထဲသို့ ခေါ်သွားကာ လိုက်လံပြသတတ်ကြသည်။ ထို့ပြင် စမ်းသပ်သုံးစွဲခွင့် ပေးရုံသာမက အမှတ်တရ လက်ဆောင်အနေဖြင့် ကင်မရာတစ်လုံးပါ ထည့်ပေးလိုက်တတ်ကြသည်။ စက်ရုံထဲတွင် ဓာတ်ပုံရိုက်ခွင့် မရှိသော်လည်း ထိုကင်မရာမှတစ်ဆင့် အချက်အလက်များ၊ နည်းပညာများကို သူတို့ အလကား ရသွားကြတော့သည်။

ထိုကဲ့သို့ လာရောက်လေ့လာသူ အများစုမှာ ဂျပန်လူမျိုးများ ဖြစ်ကြပြီး ထိုင်ဝမ်နှင့် တောင်ကိုရီးယားမှ လူများက ဒုတိယ အများဆုံး ဖြစ်ကြသည်။

ထိုသူများသည် ပြန်ရောက်သွားသောအခါ ရရှိသွားသော အချက်အလက်များကို အခြေခံ၍ ငွေကြေးအနည်းငယ် ထပ်မံရင်းနှီးမြှုပ်နှံကာ မွမ်းမံပြင်ဆင်လိုက်ကြသည်။ ထို့နောက် ၎င်းသည် သူတို့၏ ကိုယ်ပိုင်နည်းပညာ ဖြစ်သွားပြီး တရုတ်ကင်မရာများထက် သာလွန်ကောင်းမွန်သော ပစ္စည်းများအဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် မူပိုင်ခွင့် တင်လိုက်ကြပြီး တရုတ်ကုမ္ပဏီများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ကန့်သတ် ချုပ်ချယ်ကြတော့သည်။

အထွတ်အထိပ်သို့ ရောက်ခဲ့စဉ်က တရုတ်နိုင်ငံတွင် ကင်မရာအမှတ်တံဆိပ် ၅၀ ကျော်နှင့် ထုတ်လုပ်သည့် ကုမ္ပဏီ ၃၀ ကျော်အထိ ရှိခဲ့ဖူးသည်။ သို့သော် ယခုအခါတွင်မူ ထိုအထဲမှ အများစုမှာ သမိုင်းဝင် ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။

ကျန်ရှိနေသေးသော ကုမ္ပဏီအချို့မှာလည်း သာမန် ဖလင်ကင်မရာများကိုသာ ထုတ်လုပ်နေကြပြီး ဝင်ငွေနှင့် ထွက်ငွေ မကာမိတော့ဘဲ ဒေဝါလီခံရမည့် အခြေအနေသို့ ဆိုက်ရောက်နေကြသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ထိုက်ဟွာ ဦးပိုင်ကုမ္ပဏီမှ ဝယ်ယူလာခဲ့သော Kodak ၏ ဒီဂျစ်တယ်ကင်မရာ နည်းပညာကို ရရှိထားသည့် ကုမ္ပဏီနှစ်ခုမှာမူ ထူးချွန်ပြောင်မြောက်စွာ ထွက်ပေါ်လာခဲ့သည်။

ဈေးနှုန်းချိုသာခြင်း၊ ကျယ်ပြန့်သော ကြော်ငြာအားကောင်းခြင်းနှင့် နိုင်ငံတော်၏ ပံ့ပိုးကူညီမှုများကြောင့် တရုတ်ဈေးကွက်အတွင်းတွင် ပြည်တွင်းဖြစ် ရေစီးကြောင်းတစ်ခုကို လျင်မြန်စွာ ဖန်တီးနိုင်ခဲ့သည်။

ယခုနှစ် တစ်နှစ်တည်းမှာပင် ဤအမှတ်တံဆိပ်နှစ်ခု၏ ဒီဂျစ်တယ်ကင်မရာ ရောင်းအားသည် ယခင်နှစ်ကထက် သုံးဆ မြင့်တက်လာခဲ့ပြီး တရုတ် ဒီဂျစ်တယ်ကင်မရာ ဈေးကွက်၏ ၈၀ ရာခိုင်နှုန်းကျော်ကို ပူးပေါင်းလွှမ်းမိုးထားနိုင်ခဲ့သည်။

လက်ရှိအချိန်တွင် လမ်းမများပေါ်၌ Kodak ဓာတ်ပုံကူးဆိုင် အများအပြား ရှိနေဆဲဖြစ်သည်။ ဓာတ်ပုံရိုက်သည့် ဆိုင်များတွင်လည်း အများစုမှာ ဖလင်ကင်မရာများကိုသာ အသုံးပြုနေကြဆဲ ဖြစ်သည်။ ဒီဂျစ်တယ်ကင်မရာများကိုမူ တစ်ကိုယ်ရေ အသုံးပြုရန် ဝယ်ယူသူများကသာ အများဆုံး ဖြစ်နေသည်။

ဤကင်မရာနှစ်မျိုးသည် ဂျပန်နှင့် အခြားနိုင်ငံထုတ် ကင်မရာများနှင့် မတူညီသည့်အချက်မှာ ၎င်းတို့သည် သိုလှောင်မှုအတွက် TF ကဒ်ကို အသုံးပြုခြင်း ဖြစ်သည်။ ဂျပန်ထုတ်ကုန်များကမူ SD ကဒ်ကို အသုံးပြုကြသည်။

ဤအချက်ကြောင့် တူညီသော ကိုယ်ထည်အရွယ်အစားတွင် TF ကဒ်သုံး ကင်မရာများက ဘက်ထရီအကြီးစားကို ထည့်သွင်းနိုင်ပြီး အသုံးပြုချိန် ပိုမိုကြာရှည်ခံစေသည်။

ထို့ပြင် ဤကင်မရာနှစ်မျိုးတွင် အရောင် ၆၅,၀၀၀ ပါဝင်သော ၂ လက်မ အရွယ်အစားရှိ LCD ရောင်စုံမျက်နှာပြင်ကို အသုံးပြုထားသည်။ မျက်နှာပြင် ပိုကြီးမားပြီး အရောင်အသွေး ပိုမိုစစ်မှန်သဖြင့် “ရိုက်ပြီးတာနဲ့ ချက်ချင်းကြည့်၊ မကြိုက်ရင် ချက်ချင်းဖျက်” ဆိုသည့် ဆောင်ပုဒ်အတိုင်း လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့သည်။

ကွန်ပျူတာထဲ ထည့်ကြည့်မှ ပုံကောင်းမကောင်း သိရသည့်ခေတ် ကုန်သွားပြီဟု ဆိုလိုခြင်း ဖြစ်သည်။

အမှန်တကယ်တော့ ဒါက ကြော်ငြာစကားလုံး သက်သက်သာ ဖြစ်သည်။ ဖုန်းယွီ၏ အမြင်အရဆိုလျှင်တော့ ဒီကင်မရာနှစ်မျိုး၏ မျက်နှာပြင် အရည်အသွေးက သိပ်ပြီးကောင်းလှသည် မဟုတ်ပေ။ သူပြန်လည်မွေးဖွားလာခဲ့သည့် အနာဂတ်ခေတ်မှ မိုဘိုင်းဖုန်း မျက်နှာပြင် ရုပ်ထွက်များက ပစ်ဇယ် သန်းနှင့်ချီ ပါဝင်သည် မဟုတ်ပါလား။ ဒီဂျစ်တယ်ကင်မရာက ဖုန်းလောက် မကောင်းတောင် အရမ်းကြီး ကွာခြားနေမည် မဟုတ်ပေ။

ဒီမျက်နှာပြင်၏ အသုံးဝင်ပုံမှာ “ကန်းနေတဲ့သူ ရိုက်ထားသလား” ဟု ထင်ရလောက်အောင် ဆိုးရွားသည့် ပုံများကို ကွန်ပျူတာထဲ မထည့်ခင် ကြိုတင်ရွေးထုတ် ဖျက်ပစ်နိုင်ရုံလောက်သာ ဖြစ်သည်။

သို့သော်လည်း ဒါက ဒီဂျစ်တယ်ကင်မရာ ဖွံ့ဖြိုးတိုးတက်မှု၏ ဦးတည်ချက် တစ်ခုကို ပြသနေခြင်း ဖြစ်သည်။ ကင်မရာ ပစ်ဇယ်မြင့်ရုံ၊ အလင်းပြန်မှု အားကောင်းရုံနှင့် မလုံလောက်တော့ဘဲ မျက်နှာပြင်ကိုပါ ထည့်သွင်းစဉ်းစားလာရပြီ ဖြစ်သည်။ ဒါမှသာ သမားရိုးကျ ကင်မရာများနှင့် ကွာခြားချက်ကို ပြသနိုင်မည်ဖြစ်ပြီး ကိုယ်ရိုက်ထားသည့်ပုံကို ချက်ချင်း ပြန်ကြည့်နိုင်မည် ဖြစ်သည်။

ကင်မရာ အမှတ်တံဆိပ်နှစ်ခုစလုံး၏ စွမ်းဆောင်ရည် အချက်အလက်များမှာ အတူတူပင် ဖြစ်သည်။ သို့သော် ခလုတ်ဒီဇိုင်းနှင့် အပြင်ပန်းပုံစံ အနည်းငယ် ကွဲပြားသည်။ ဒါကိုတော့ သူတို့ဘာသာ စီစဉ်ထားကြခြင်း ဖြစ်သည်။

ကြည့်ရတာ နိုင်ငံခြား ထုတ်ကုန်များကို အတုယူပြီး အနည်းငယ် ပြုပြင်ပြောင်းလဲထားပုံ ရသည်။

“ခင်ဗျားတို့ နှစ်ယောက်လုံးရဲ့ ကုမ္ပဏီမှာ ထိုက်ဟွာ ဦးပိုင်ကုမ္ပဏီရဲ့ ရှယ်ယာတွေ ပါတာပဲ။ ဒါကြောင့် ပြည်ပဈေးကွက် တင်ပို့ရောင်းချရေးအတွက် လုံးဝ စိတ်ပူစရာ မလိုဘူး။ ကျွန်တော်တို့လည်း ရှယ်ယာရှင်တွေ ဖြစ်တဲ့အတွက် ရောင်းအားကောင်းအောင် နည်းမျိုးစုံနဲ့ ကြိုးစားပေးမှာ သေချာတယ်။ ဒါပေမဲ့ ဒီနှစ်မျိုးထဲက ဘယ်ဟာ ပိုရောင်းကောင်းမလဲ ဆိုတာတော့ ကျွန်တော် အာမ မခံနိုင်ဘူး။ ကျွန်တော့်အမြင်အရတော့ နှစ်မျိုးလုံးက သိပ်မကွာပါဘူး။ ဒါကြောင့် ကျွန်တော် အကြံပြုချင်တာက နိုင်ငံမတူရင် ဈေးနှုန်းမတူအောင် သတ်မှတ်ဖို့ပါပဲ”

“မန်နေဂျာဖုန်း... ရှင်းရှင်းလင်းလင်း ပြောပြလို့ ရမလားဗျ” ဟိုင်းအိုကုမ္ပဏီမှ မန်နေဂျာဖန်းက မေးလိုက်သည်။

“ရိုးရိုးလေးပါ... ခင်ဗျားတို့ ဈေးသွားပြီး ဟင်းသီးဟင်းရွက် ဝယ်ဖူးကြလား။ အဲ... မဝယ်ဖူးကြဘူးလား။ ဒါဆို ကြားတော့ ကြားဖူးကြမှာပါနော်” ဖုန်းယွီ အနည်းငယ် အနေခက်သွားသည်။ သောက်ကျိုးနည်း... ဒီလူကြီးတွေက အိမ်မှာ ဘယ်တုန်းက ထမင်းချက်ဖူးလို့လဲ။ ခေါင်းဆောင်တွေဆိုတော့ ဈေးလည်း သွားဝယ်မှာ မဟုတ်ဘူး။ ဥပမာပေးတာ မှားသွားပြီလားမသိ။

“မန်နေဂျာဖုန်း... ဆက်ပြောပါ။ ကျွန်တော်တို့ နားလည်ပါတယ်” ဖန်းဟွမ်ကုမ္ပဏီမှ မန်နေဂျာ ယွမ်က ဝင်ပြောလိုက်သဖြင့် ဖုန်းယွီ သက်သာရာ ရသွားသည်။

“ဈေးထဲမှာလေ... ဆိုင်တော်တော်များများက ရောင်းတဲ့ပစ္စည်းချင်း တူတူပဲ။ တချို့ဆို တောင်သူတစ်ယောက်တည်းဆီကနေ ဒိုင်ခံဖောက်ပြီး ယူလာကြတာ။ ဒါပေမဲ့ သူတို့ရောင်းတဲ့ ဈေးနှုန်းတွေက မတူကြဘူး။ ဒီဆိုင်မှာ မုန်လာဥဖြူ တစ်ပိဿာ ၃၀၀ ကျပ်နဲ့ ရောင်းပေမဲ့ ဘေးဆိုင်မှာ ၅၀၀ ကျပ်နဲ့ ရောင်းနေတာ တွေ့ရလိမ့်မယ်။ အပြင်ပန်းကြည့်ရင် အတူတူပဲဆိုတော့ ပုံမှန်လူတွေက ဈေးပေါတဲ့ဆိုင်မှာပဲ ဝယ်ကြမှာပေါ့”

“ဒါပေမဲ့ အာလူးဈေးကျတော့ ပြောင်းပြန် ဖြစ်နေပြန်ရော။ မုန်လာဥဖြူ ဈေးပေါတဲ့ဆိုင်က အာလူးဈေး ကြီးနေပြီး ဟိုဘက်ဆိုင်က အာလူးဈေး ပေါနေပြန်ရော။ အဲဒီတော့ တစ်ဆိုင်က မုန်လာဥဖြူ ရောင်းကောင်းပြီး နောက်တစ်ဆိုင်က အာလူး ရောင်းကောင်းသွားတာပေါ့။ တကယ်တမ်း ခင်ဗျားတို့ စောင့်ကြည့်လိုက်ရင် သိလာလိမ့်မယ်။ အဲဒီဆိုင်ရှင်နှစ်ယောက်က သူငယ်ချင်းတွေ၊ အိမ်နီးနားချင်းတွေ၊ တချို့ဆို ဆွေမျိုးတွေတောင် တော်ကြသေးတယ်။ သူတို့က ဈေးကွာဟချက်ကို ဖန်တီးပြီး ဝယ်သူတွေကို ဆွဲဆောင်တာလေ။ ငါ့ဆိုင်မှာ လာဝယ်ရင် တန်တယ်ဆိုတဲ့ ခံစားချက်မျိုး ပေးတာပေါ့”

မန်နေဂျာဖန်းက သဘောပေါက်သွားပြီး “ဩော်... မန်နေဂျာဖုန်း၊ ကျွန်တော် နားလည်ပြီ။ ဒါဆို ကျွန်တော်တို့က ဈေးကွက်ကို ခွဲယူလိုက်တဲ့ သဘောပေါ့။ ဒေသတစ်ခုမှာ ကျွန်တော့်ပစ္စည်းက သူတို့ ဖန်းဟွမ်အတွက် အကူသဘောမျိုး ဖြစ်နေမယ်။ နောက်ဒေသတစ်ခုမှာကျတော့ သူတို့က ကျွန်တော့်အတွက် အကူ ပြန်လုပ်ပေးမယ်။ နောက်ဆုံးကျတော့ ကျွန်တော်တို့ နှစ်ဦးစလုံး နေရာတချို့မှာ ရောင်းအား အရမ်းကောင်းသွားကြမှာပေါ့”

ဖုန်းယွီက 'ငါ့တပည့် တော်လိုက်တာ' ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ ဒီ မန်နေဂျာဖန်းက ဉာဏ်ပြေးသားပဲ။ ရှင်းပြရကျိုး နပ်ပါပေတယ်။

သို့သော် မန်နေဂျာယွမ်၏ မျက်နှာထားမှာမူ တွေဝေနေပုံရသည်။ တစ်ခုခု မေးချင်နေသော်လည်း မေးရမှာ အားနာနေသည့်ပုံ ဖြစ်နေသည်။

ဖုန်းယွီက မန်နေဂျာယွမ်ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး “ဈေးကွက် ခွဲဝေမှုအပိုင်းကို ကျွန်တော်တို့က အသေးစိတ် စီမံခန့်ခွဲပေးမှာပါ။ ဘယ်သူ့ဘက်မှ မလိုက်ဘဲ မျှမျှတတ လုပ်ပေးမှာပါ။ တကယ်လို့ ခင်ဗျားတို့ ကျွန်တော့်ကို မယုံရင်လည်း ပြည်ပရောင်းချရေးအပိုင်းကို ခင်ဗျားတို့ဘာသာ လုပ်ကြလေ”

မန်နေဂျာယွမ်က ရှက်ကိုးရှက်ကန်းဖြင့် ရယ်လိုက်ပြီး “ဟားဟား... မန်နေဂျာဖုန်းကလည်း၊ ကျွန်တော်က ခင်ဗျားကို ယုံပါတယ်”

မန်နေဂျာယွမ်က ငတုံးမှ မဟုတ်ဘဲ။ အဆင်သင့် ရှိနေပြီးသား အရောင်းလမ်းကြောင်းကို မသုံးဘဲ ကိုယ့်ဘာသာ သွားရောင်းရအောင် သူ ရူးနေလို့လား။ ပြည်ပဈေးကွက် အကြောင်း သူတို့ ဘာမှမသိ။ အဆက်အသွယ် နည်းနည်းပါးပါး ရှိသည်ဆိုဦးတော့ ဖုန်းယွီလောက် ဘယ်ကောင်းပါ့မလဲ။

ကြည့်လေ... ဖုန်းယွီမိုဘိုင်းတွေ ဘယ်လောက် ရောင်းကောင်းလဲဆိုတာ။ ရောင်းအားတွေ ထိုးတက်နေလိုက်တာ ပြည်ပကရတဲ့ အမြတ်က တရုတ်ဈေးကွက်ကရတဲ့ အမြတ်ထက်တောင် များနေပြီ။

တရုတ်ဈေးကွက်မှာကျတော့ Aiwaဖုန်းကို အဓိကထား ရောင်းနေတာကိုး။

“ကျွန်တော့်ကို ယုံရင် ပြီးတာပါပဲ။ မျက်နှာပြင်ကိစ္စကို ခင်ဗျားတို့ စဉ်းစားစရာ မလိုဘူး။ ကျွန်တော်တို့ဘက်က နည်းပညာ အသစ်ထပ်ရရင် ခင်ဗျားတို့ကို လိုင်စင် ပေးမှာပါ။ ခင်ဗျားတို့ အဓိက လုပ်ရမှာက ကင်မရာရဲ့ အဓိက အစိတ်အပိုင်းတွေဖြစ်တဲ့ မှန်ဘီလူးနဲ့ အလင်းပြန်မှုနည်းပညာတွေအပေါ်မှာ သုတေသန လုပ်ဖို့ပဲ။ အခု ခင်ဗျားတို့ ရထားတဲ့ နည်းပညာက ကမ္ဘာ့အဆင့်အမီဆုံး မဟုတ်သေးပေမဲ့ သိပ်တော့ မကွာပါဘူး။ နောက် ၃ နှစ်၊ ၅ နှစ်ကြာလို့ တခြားအမှတ်တံဆိပ်တွေ နောက်မှာ ကျန်ရစ်ခဲ့ရင် ကျွန်တော်ကတော့ ခံနိုင်ရည် ရှိပါတယ်။ ခင်ဗျားတို့ကို လူတွေက ကျောရိုးမဲ့ကောင်တွေလို့ ဝိုင်းဆဲကြမှာပဲ စိုးရိမ်တာ”

“မန်နေဂျာဖုန်း... စိတ်ချပါ။ ကျွန်တော်တို့ ခေါင်းဆောင်တွေကို တင်ပြပြီးပါပြီ။ သုံးနှစ်အတွင်း ကုမ္ပဏီအမြတ်ငွေကို နိုင်ငံတော်ကို မသွင်းဘဲ သုတေသနအတွက်ပဲ အကုန် သုံးစွဲသွားပါမယ်။ ကမ္ဘာ့အကောင်းဆုံး ဒီဂျစ်တယ်ကင်မရာ ဖြစ်အောင် လုပ်ပြပါမယ်” မန်နေဂျာဖန်းက အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။

“ကျွန်တော်တို့လည်း အတူတူပါပဲ။ ကမ္ဘာ့ထိပ်တန်း စာရင်းဝင်အောင် လုပ်ပြပါမယ်” မန်နေဂျာယွမ်ကလည်း အားကျမခံ ပြန်ပြောလိုက်သည်။

“ယုံကြည်မှု ရှိတာ ကောင်းပါတယ်။ ခင်ဗျားတို့ သေချာပေါက် လုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

ဖုန်းယွီ ပြုံးလိုက်မိသည်။ အနာဂတ်တွင် တရုတ်နိုင်ငံ၏ အီလက်ထရွန်နစ် လူသုံးကုန်ပစ္စည်းများသည် ကမ္ဘာ့ထိပ်ဆုံးတွင် ဝင့်ကြွားစွာ ရပ်တည်နိုင်တော့မည်မှာ မလွဲဧကန်ပင် ဖြစ်တော့သည်။

******

All Chapters