နတ်ဆိုးများကြီးစိုးရာကမ္ဘာ
Vol. 1 Ch. 1
စွန်းထင်းနေသော မြေနံရံနှင့် မှိန်ဖျော့ဖျော့ ဆီမီးတစ်ခွက်.
ဟောင်းနွမ်းသော အနီရောင်အိပ်ယာခင်းလေး ခင်းထားသည့် ကုတင်လေးပေါ်မှ သစ်သားဆွေးနံ့များက တစ်ခန်းလုံး လှိုင်နေသည်။
ရှန်းယီ သည် ရှေ့မှမြင်ကွင်းကို ကြည့်ရင်း အတန်ကြာ ငိုင်နေမိသည်။ သူသည် ပိုင်ယွင်ခရိုင်မှ ရဲမက်လေးတစ်ဦးအဖြစ် ကူးပြောင်းဝင်စားလာသည်ဟူသော အချက်ကို လက်ခံရန် အတော်လေး ခက်ခဲနေဆဲပင်။
သို့သော် ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးက လွန်စွာ စစ်မှန်လှသည်။
ဦးနှောက်ထဲမှ တစစီပြန့်ကျဲနေသော မှတ်ဉာဏ်များကလည်း ပိုမိုရှင်းလင်းလာသည်။ နတ်ဆိုးများ သောင်းကျန်းပြီး မိစ္ဆာများဆူပူနေသည့် ကမ္ဘာပျက်ကြီး။
မူလခန္ဓာကိုယ်ပိုင်ရှင်မှာ အောက်ခြေလူတန်းစား လူမိုက်တစ်ဦးဖြစ်ပြီး၊ လောကဓံကို ရုန်းကန်ရင်း နောက်ဆုံးတွင် အစိုးရရဲမက် ဝတ်စုံကို ဝတ်ခွင့်ရခဲ့သူဖြစ်သည်။
ထိုအချိန်မှစ၍ စားဝတ်နေရေး ပူစရာမလိုတော့ဘဲ လူတကာ အားကျရလောက်သည့် ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့သည်ဟု ဆိုရမည်။
သို့သော်... ထိုသူက အဘယ်ကြောင့် ရုတ်တရက် အသက်ပျောက်သွားရသနည်း။
ထိုအကြောင်းကို စဉ်းစားလိုက်စဉ်မှာပင် ရှန်းယီ၏ နောက်စေ့မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
သူ လက်ဖြင့် စမ်းကြည့်လိုက်ရာ လက်တစ်ပြင်လုံး သွေးများဖြင့် စေးကပ်သွားသည်။ လက်ချောင်းကြားမှ နီရဲလှသော သွေးများကို မြင်လိုက်ရသည့် ခဏမှာပင် ရှန်းယီသည် မူးဝေနေသည့် အခြေအနေမှ ချက်ချင်း နိုးကြားလာပြီး ပြင်းထန်သော နာကျင်မှုကလှိုင်းလုံးကြီးများကဲ့သို့ ရိုက်ခတ်လာတော့သည်။
"ဟူး... ဟူး..."
သူ မျက်လုံးများကို ပြူးကြည့်ရင်း အသက်ကို အလူးအလဲ ရှူနေမိသည်။
ကုတင်ခြေရင်းတွင် ပိန်လှီသော မိန်းကလေးငယ်တစ်ဦးမှာ ကြောက်လန့်တကြားဖြင့် သူမ၏ အတွင်းခံအင်္ကျီကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။
သူမ၏ဘေးတွင်မူ အဝတ်စုတ်များကို ဖာထေးဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ရှိနေသည်။ သူ၏ခါးကုန်းကုန်း ကိုယ်လုံးမှာ တုန်ယင်နေပြီး လက်ထဲတွင် သစ်သားတုတ်တစ်ချောင်းကို တုန်တုန်ရင်ရင် ကိုင်ထားသည်။
တုတ်၏ထိပ်ဖျားမှ သွေးများ တစက်စက် ကျနေသည်။
ထိုသားအဖနှစ်ဦး၏ အကြည့်များမှာ ထိတ်လန့်စရာ သားရဲတစ်ကောင်ကို မြင်နေရသကဲ့သို့ အလွန်အမင်း ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။
"ငါ ပြောချင်တာက..."
ရှန်းယီ သွားကို တင်းတင်းစေ့ထားမိသည်။ ပြင်းထန်သော နာကျင်မှုကြောင့် သူ၏ရင်ထဲတွင် ဒေါသများက ထိန်းမနိုင်သိမ်းမရဖြစ်နေလေ၏။
သူသည် ထိုအဘိုးအိုကို စိုက်ကြည့်ရင်း လက်ထဲက တုတ်ကို အရင်ချဖို့ ပြောရန် ပြင်လိုက်သည်။
ထိုစဉ်မှာပင် မိန်းကလေးငယ်မှာ ရုတ်တရက် ရူးသွပ်သွားသည့်အလား သူမ၏ကိုယ်ပေါ်မှ ကျန်ရှိနေသော အဝတ်စုတ်များကို ဆွဲဖြဲကာ ရှန်းယီ၏ ခြေထောက်ကို ဖက်တွယ်လိုက်သည်။
သူမသည် ငိုရှိုက်ရင်း အော်ဟစ်တော့သည် "သခင်ကြီး ကျွန်မ အကုန်ပေးပါ့မယ် ကျွန်မခန္ဓာကိုယ်ကို ယူလိုက်ပါ၊ကျေးဇူးပြုပြီး ကျွန်မအဖေကိုတော့ ရွာကို ပြန်လွှတ်ပေးပါနော်"
အဘိုးအို၏လက်ထဲမှ သစ်သားတုတ်မှာ ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ ကျသွားသည်။
သူ၏မျက်နှာမှာ ထုံထိုင်းနေပြီး မျက်လုံးများမှာလည်း အသက်မဲ့နေလေ၏။ ခုနက ရိုက်လိုက်သော တုတ်တစ်ချက်မှာ သူ၏ ခွန်အားအားလုံးကို အသုံးချလိုက်ပုံရသည်။
ရှန်းယီ၏ဆိုးယုတ်သော ဂုဏ်သတင်းမှာ ပိုင်ယွင်ခရိုင်တစ်ခုလုံး ကျော်ကြားသည်။ သူ ပြန်နိုးလာပြီဆိုလျှင် သူတို့သားအဖနှစ်ဦးအတွက် အသက်ရှင်လမ်း မရှိတော့မှန်း သူ သိနေသည်။
"ပါးစပ်ပိတ်ထားစမ်း..."
ရှန်းယီ နာကျင်လွန်းသဖြင့် မျက်ခုံးများ တွန့်ချိုးနေသည်။
သူက နာလည်းနာ၊ စိတ်လည်း တိုနေရသည့်ကြားထဲ ထိုမိန်းကလေး၏အော်ဟစ်သံကြောင့် ပို၍ စိတ်ရှုပ်သွားရသည်။
မူလကိုယ်ပိုင်ရှင်မှာ ယနေ့ညတွင် လျိုမိသားစုမှ မိန်းကလေးကို အတင်းအဓမ္မ သိမ်းပိုက်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ အဘိုးအိုက တုတ်ဖြင့် ရိုက်လိုက်ခြင်းမှာ လူဆိုးကို နှိမ်နင်းလိုက်ခြင်းဖြစ်၍ ချီးကျူးထိုက်၏။
သို့သော် အခု ဒဏ်ရာရနေသူမှာ အပြစ်မရှိသော ကူးပြောင်းလာသည့်သူ ဖြစ်နေသဖြင့် ဘာအပြစ်မှမရှိဘဲ အတင်းအရိုက်ခံရသလို ခံစားနေရသည်။
ရှန်းယီ စိတ်ပျက်သွားသော်လည်း ဆဲဆိုရန်ခွန်အားမရှိပေ။ အခြားသူများ၏အမြင်တွင်မူ ရှန်းရဲမက်မှာ ခဏတာ မူးဝေသွားပြီးနောက် ပြန်နိုးလာသည်ဟုသာ ထင်ကြမည်၊ အတွင်းမှ ဝိညာဉ်ပြောင်းလဲသွားပြီဆိုသည်ကို သိကြမည်မဟုတ်ပေ။
သူသည် ကုတင်ပေါ်မှ အဝတ်များကို ဆွဲယူကာ လျိုမိသားစု မိန်းကလေးပေါ်သို့ ပစ်ပေးလိုက်ပြီး ယင်ကောင်ကို မောင်းသကဲ့သို့ လက်ခါပြကာ အားမရှိသော အသံဖြင့် ပြောလိုက်သည် - "သွားကြ... သွားကြစမ်း။"
ရုတ်တရက်... သူ၏မျက်စိရှေ့တွင် ထူးဆန်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
[လက်ရှိ သိုင်းပညာ]
အရိုးခြေမွခြင်းလက်ဝါး (အဆင့်မြင့် - ဆရာသခင်)
နတ်ဆိုးဖိနှိပ်ခြင်း ဓားသိုင်း (အဆင့်နိမ့် - စတင်သူ)
[မိမိ၏သက်တမ်းကို သိုင်းပညာထဲသို့ ထည့်သွင်း၍ အဆင့်မြှင့်တင်နိုင်သည်]
[ကျန်ရှိသက်တမ်း ၁ နှစ်အောက် လျော့နည်းပါက ထည့်သွင်း၍ မရတော့ပါ]
[လက်ရှိ ကျန်ရှိသက်တမ်း - ၃၄ နှစ်]
ရှန်းယီမှာ ထိုစာသားများကို မြင်လိုက်ရသောအခါ ရင်ထဲတွင် ထင့်ခနဲ ဖြစ်သွားသည်။
မှတ်ဉာဏ်များအရ မူလခန္ဓာကိုယ်ပိုင်ရှင်မှာ အမှန်တကယ်ပင် ထိုသိုင်းပညာနှစ်ခုကို တတ်မြောက်ထားသည်။
အရိုးခြေမွခြင်းလက်ဝါး မှာ ရုံးတော်မှ ရဲမက်တိုင်းကို သင်ကြားပေးထားသည့် အခြေခံပညာဖြစ်သည်။
ထိုသိုင်းကွက်ကို ကျွမ်းကျင်သောကြောင့်သာ မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ရဲမက်ခေါင်းဆောင် အဆင့်ထိ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
နတ်ဆိုးဖိနှိပ်ခြင်း ဓားသိုင်း မှာမူ ပိုင်ယွင်ခရိုင်တွင် နတ်ဆိုးများ သောင်းကျန်းလာပြီးနောက် နတ်ဆိုးနှိမ်နင်းရေးဌာနမှ ဗိုလ်မှူးကိုယ်တိုင် လာရောက်သင်ကြားပေးခဲ့သည့် အစစ်အမှန် နတ်ဆိုးသတ်သိုင်းပညာဖြစ်သည်။
သို့သော် ထိုအချိန်တွင် မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ရာထူးရနေပြီဖြစ်ပြီး အချိန်များအဆုံးမဲ့နေသကဲ့တို့ဖြင့် အချိန်ဖြုန်းနေခဲ့သည်။
သိုင်းကျင့်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်မည့်အစား နတ်ဆိုးများလက်ထဲမှ အသက်ရှင်နိုင်မည့် အခြားနည်းလမ်းတစ်ခုကိုသာ သူ အသုံးပြုခဲ့သည်။
ဆိုချင်တာက... ဒီစနစ်ဘောင် က အစစ်အမှန်ပေါ့။
ဒါပေမဲ့ ဒါကနည်းနည်းတော့ အဓိပ္ပာယ်မရှိဘူးလားလို့။
သက်တမ်းကို ပေးပြီး သိုင်းပညာကို လဲယူရမယ်တဲ့လား။ ဒါက ရှေ့ဘဝက သက်တမ်းကိုရောင်းပြီး လစာထုတ်စားတာနဲ့ ဘာထူးမှာလဲ။
သိုင်းကျင့်တယ်ဆိုတာ အသက်ရှင်ဖို့လေ၊ အသက်မရှိတော့ရင် သိုင်းတတ်တော့ရော ဘာလုပ်မှာလဲ။
ငါ့ဘာသာ ဖြည်းဖြည်းချင်း ကျင့်လို့မရဘူးလား။
"အား..."
ရှန်းယီသည် မျက်စိရှေ့မှ စနစ်ဘောင်ကို ဖယ်ထုတ်ရန် ကြိုးစားရင်း ခေါင်းလှည့်လိုက်သည်။
ထိုအခါ တုန်တုန်ရင်ရင် ဖြစ်နေသော သားအဖနှစ်ဦးကို ထပ်မြင်လိုက်ရပြန်သည်။
"ငါ ပြောနေတယ်လေ... မြန်မြန် သွားကြတော့လို့..."
ရှန်းယီ ခေါင်းကို ဖိထားရင်း ပြောရန် ပြင်လိုက်သော်လည်း တစ်ခုခုကို သတိရသွားသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်က ညသန်းခေါင်ယံမှာ လျိုမိသားစုအိမ်ကိုလာပြီး မိန်းကလေးကို အဓမ္မယူဖို့ လုပ်တာလေ၊ ဒါဆို ဒါက လျိုမိသားစုအိမ်ပဲပေါ့... ထွက်သွားရမှာက ငါပဲလေ။
ထိုအချက်ကို သိလိုက်ရသောအခါ ရှန်းယီ၏ မျက်လုံးများတွင် အနေရခက်မှုများ ပေါ်လာသည်။
သွားမယ်
သူ မျက်လုံးတစ်ချက် ဝေ့လိုက်ပြီး ထရပ်လိုက်သည်။ ထို့နောက် သူ၏ဓားကို ကောက်ယူကာ အဝတ်အစား မသပ်မရပ်ဖြင့် ခြံပြင်သို့ ထွက်သွားတော့သည်။
ကူးပြောင်းလာတာတောင်မှ အရိုက်ခံရသေးတယ်၊ အရိုက်ခံရတဲ့အပြင် ကိုယ့်ဘာသာ အိမ်ပြန်လမ်း လျှောက်ရဦးမယ်... ငါ ဘာကံဆိုးမှုတွေနဲ့ တိုးနေတာလဲ။
"..."
လျိုမိန်းကလေးမှာ သူမအဖေ၏လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး တုန်ယင်နေဆဲပင်။
ရှန်းသခင်ကြီးက ဘာကြောင့် စိတ်ပြောင်းသွားရသလဲဆိုတာ သူမ နားမလည်နိုင်ပေ။သူမကိုလည်း နှိပ်စက်ခြင်းမပြု၊ အဖေဖြစ်သူကိုလည်း ပြန်မရိုက်ဘဲ စိတ်မသက်မသာဖြင့် ထွက်သွားခဲ့သည်။
သို့သော် သူမ၏မျက်လုံးထဲတွင် အသက်ဘေးမှ လွတ်မြောက်သွားသည့် ဝမ်းသာမှုမျိုး မရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် ရှန်းယီသည် ခြံတံခါးနှင့် နီးကပ်လာလေလေ၊ သူမ၏ မျက်ဝန်းများမှာ ပိုမို ထိတ်လန့်လာလေလေ ဖြစ်နေသည်။
'ကျွီ...'
ဟောင်းနွမ်းပျက်စီးနေသော ခြံတံခါးကို တွန်းဖွင့်လိုက်သည်။
ရှန်းယီ ခြံပြင်သို့ ထွက်လိုက်ပြီး ညဥ့်လေအေးကို တစ်ချက် ရှူရှိုက်လိုက်သည်။
စိတ်ကို ကြည်လင်အောင် လုပ်ရန် ပြင်လိုက်သော်လည်း နှာခေါင်းထဲသို့ တိုးဝင်လာသော ညှီစော်နံလှသည့် အနံ့ဆိုးကြောင့် သူ မျက်မှောင်ကြုတ်လိုက်မိသည်။
ငါ တစ်ခုခုကို မေ့နေတာလား။
"ပြီးပြီလား ဒါဆို ငါ့အလှည့်ပဲ။"
ကြမ်းတမ်းသော အသံတစ်ခု နားထဲတွင် မြည်ဟည်းသွားပြီး ညှီစော်နံသည့် အနံ့က ဆယ်ဆမက ပိုပြင်းလာသည်။
ရှန်းယီ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး ဘေးသို့ စောင်းငဲ့ကြည့်လိုက်သည်။
တောင်ပုလေးတစ်လုံးကဲ့သို့ သန်မာထွားကြိုင်းသော လူသဏ္ဍာန်သတ္တဝါကြီးတစ်ကောင်မှာ ခြံဝတွင် ဆောင့်ကြောင့်ထိုင်နေသည်။
၎င်း၏ကြွက်သားများမှာ ကျစ်လစ်ဖောင်းကြွနေပြီး၊ ပုခုံးနှစ်ဖက်မှာ မြင့်တက်နေသည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် နက်မှောင်ပြီး ပြောင်လက်နေသော အမွေးအမှင်များရှိကာ လည်ပင်းက ရှေ့သို့ ငေါထွက်နေ၏။
ထိုသတ္တဝါမှာ... ခွေးခေါင်းများရှိနေလေသည်။
၎င်းက ရှန်းယီကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ပြီး လက်သည်းများဖြင့် ၎င်း၏အောက်ခံဘောင်းဘီကြားကို ကုတ်နေသည်။
ထို့နောက် မတ်တတ်ရပ်လိုက်ရာ ရှန်းယီထက် ခေါင်းတစ်လုံးမက မြင့်သွားပြီး ပုခုံးအကျယ်မှာလည်း နှစ်ဆမက ရှိသည်။
၎င်း၏အရိပ်ကြီးက မြေပြင်ပေါ်တွင် လွှမ်းမိုးသွားတော့သည်။
"နောက်တစ်ခါကျရင် ဒီထက်မြန်မြန်လုပ်စမ်း၊ ငါ ဗိုက်ဆာနေရင် စိတ်တိုတတ်တယ်ဆိုတာ မင်းသိသားပဲ။"
ရှန်းယီ မျက်လုံးများကို မှေးစင်းလိုက်မိသည်။ သူသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏အသက်ရှင်သန်နည်းကို နောက်ဆုံးတွင် သတိရသွားခဲ့ပြီ။
၎င်းမှာ... နတ်ဆိုးမိစ္ဆာများနှင့် ပူးပေါင်းပြီး လူသားစားသောက်ကုန် လုပ်ငန်းကို လုပ်ကိုင်နေခြင်း ဖြစ်သည်။
သူတို့လို ရုံးတော်ကလူတွေက လမ်းကြောင်းဖော်ပေးပြီး အမှုအခင်းအမှားတွေကို ဖန်တီးပေးမှသာ နတ်ဆိုးတွေ ဗိုက်ဝဝစားနိုင်သလို၊ 'နတ်ဆိုးနှိမ်နင်းရေးဌာန' ကလည်း သတိမထားမိမှာ ဖြစ်သည်။
ဥပမာ ယနေ့ညကဲ့သို့ပင်၊ သူသည် လျိုမိသားစု သားအဖအတွက် လမ်းခင်းပေးထားပြီးဖြစ်သည်။
ခွေးနတ်ဆိုးက စားသောက်ပြီးသွားလျှင် နောက်နေ့ ပိုင်ယွင်ခရိုင်တွင် ဘာသဲလွန်စမှ ကျန်ခဲ့မည်မဟုတ်ပေ။
အားလုံးကို နားလည်သွားပြီးနောက်...
ခဏအကြာတွင် ရှန်းယီသည် အတင်းလုပ်ပြုံးလုပ်ကာ နတ်ဆိုး၏ပုခုံးကို ဝင်တိုက်ရင်း ရယ်မောလိုက်သည် - "ညီလေးရဲ့ အရည်အချင်းကို အစ်ကိုကြီးလည်း သိသားပဲ၊ ဘယ်မြန်လို့ ရပါ့မလဲ။"
ပြောပြီးသည်နှင့် သူသည် နတ်ဆိုးကို ရှေ့သို့ တွန်းထုတ်ရန် ကြိုးစားလိုက်သည် - "လာ... လာ... ဒီည ညီလေး တိုက်ပါ့မယ်၊ အစ်ကိုကြီးကို တောင်းပန်တဲ့အနေနဲ့ပေါ့။"
သို့သော် ထိုထွားကြိုင်းသော ကိုယ်လုံးကြီးမှာ လုံးဝ မလှုပ်ရှားပေ။
ခွေးနတ်ဆိုးသည် မျက်လုံးများကိုမှေးကာ ရှန်းယီကို အေးစက်စက် ကြည့်လိုက်သည်။
"မင်းက ငါ့ကို သောက်ပိန်းတစ်ကောင်လို့ ထင်နေတာလား"
ပြောပြီးသည်နှင့် ၎င်းသည် ခြံစည်းရိုးအမိုးကို ရိုက်ချိုးကာ ခြံထဲသို့ ခြေလှမ်းကျဲကြီးဖြင့် ဝင်သွားတော့သည်။
သူ့အကြံကို သိသွားသဖြင့် ရှန်းယီသည် အလိုအလျောက် တားရန် လက်လှမ်းလိုက်သည်။
သူကိုယ်တိုင်ပင် အံ့ဩသွားသည်၊ သူ၏ဤလက်တစ်ဖက်က ဘာကို အားကိုးပြီး လှမ်းတားရသနည်း။
တောက်
ငါနဲ့ ဘာဆိုင်လို့လဲ။
သူ သတိဝင်လာပြီး လက်ကို ပြန်ရုပ်ရန် ကြိုးစားသော်လည်း အမွေးအမှင်များဖြင့် ဖုံးလွှမ်းနေသော ခွေးလက်သည်းကြီး၏ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။
ခွေးနတ်ဆိုးက ရှန်းယီ၏မျက်နှာနားသို့ တိုးကပ်လာရာ သွေးနံ့များဖြင့် ပြည့်နှက်နေသော ၎င်း၏ ပါးစပ်ကြီးထဲမှ အစွယ်များမှာ အေးစက်စက် တောက်ပနေသည်။
စေးကပ်သော တံတွေးများက ပါးစပ်မှ နန်းကြိုးမျှင်များကဲ့သို့ ကျဆင်းလာသည်။
"ရှန်းဆိုတဲ့ကောင်... မင်းက ကိုယ့်ကိုယ်ကိုယ် တကယ် အဟုတ်ကြီးထင်နေတာလား"
"ငါက ဘာနတ်ဆိုးလဲဆိုတာ မင်းမေ့သွားပြီလား အထဲက အသံတွေကို ငါ အကုန်ကြားနေရတယ်၊ မင်း ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့လေ"
အတူတူ လာကြပြီးမှ တစ်ယောက်က လမ်းတစ်ဝက်မှာ လက်ရှောင်သွားသည်ဆိုလျှင် အဓိပ္ပာယ်မှာ ရှင်းနေပြီဖြစ်သည်။
စကားဆုံးသည်နှင့် ခွေးနတ်ဆိုး၏တုတ်ခိုင်သော ခြေထောက်ကြီးက ရှန်းယီ၏ဗိုက်ကို ဆောင့်ကန်လိုက်တော့သည်။
"မဟုတ်... မင်းက ခွေးဆိုတော့ တကယ်ပဲ ခွေးစိတ်ပေါက်တာလား ပြောရင်းဆိုရင်းနဲ့ ပြောင်းလဲသွားရအောင်"
ဝမ်းဗိုက်ထဲသို့ မယုံနိုင်လောက်အောင် ပြင်းထန်သော ခွန်အားတစ်ခု တိုးဝင်လာပြီး ရှန်းယီ၏ ဦးနှောက်မှာ မူးဝေသွားကာ လည်ပင်းမှ အကြောများမှာလည်း ဖောင်းတက်လာသည်။
သူသည် အဝတ်စုတ်ထုပ်ကြီးကဲ့သို့ ခြံထဲသို့ လွင့်စင်သွားပြီး အိမ်တံခါးကိုပါ ဆောင့်မိကာ ပျက်စီးသွားတော့သည်။
သူ ကျိန်ဆိုရဲသည်၊ ဤအရာသည် သူ၏ဘဝတွင် သေခြင်းတရားနှင့် အနီးကပ်ဆုံး ဖြစ်ခဲ့ရသည့် အချိန်ပင်။
"မျက်နှာသာပေးထားတာကို မလိုချင်တဲ့ကောင်၊ မင်းကိုပါ ငါအူတွေ ကလီစာတွေဆွဲထုတ်ပြီးယဇ်ပူဇော်လိုက်ရမှာပဲ။"
ခြံပြင်မှ ကြားနေရသော အေးစက်စက် အသံများကို နားထောင်ရင်း ရှန်းယီသည် ကြမ်းပြင်ပေါ်တွင် ခွေယိုင်နေသည်။
သူ၏ဝမ်းဗိုက်ကို တင်းတင်းဖိထားရင်း ဘေးတွင် တုန်တုန်ရင်ရင် ဖြစ်နေသော သားအဖနှစ်ဦးကို မော့ကြည့်လိုက်သည်။
သူက အကြည့်ကို ပြန်လွှဲလိုက်ပြီး အသက်ကို လုရှူရင်း ပြောလိုက်သည် - "ခင်ဗျားတို့ သားအဖကလည်း... ကျွန်တော့်ကို... နောက်ဖေးပေါက်က ပြေးဖို့... သတိမပေးကြဘူးလား"
အဘိုးအိုနှင့် မိန်းကလေးမှာ တံတွေးကို ခက်ခက်ခဲခဲ မျိုချနေကြသည်။ ထိုသို့ လုပ်မှသာ သူတို့ လည်ချောင်းထဲမှ အော်ဟစ်သံများကိုဖိထားနိုင်မည်ဖြစ်သည်။
သူတို့ မျက်နှာတွင် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူတို့နှင့်အတူ နတ်ဆိုးကို ခေါ်လာသော ဤလူဆိုးကြီးက ဘာကြောင့် အကန်ခံရပြီး အထဲကို လွင့်စဉ်ဝင်လာသနည်းဆိုသည်ကို သူတို့ စဉ်းစားမရပေ။
"ထားပါတော့... ဓား..."
ရှန်းယီ အားမရှိစွာဖြင့် လက်ကို မြှောက်ပြလိုက်သည်။ ထိုသားအဖနှစ်ဦးမှာ အူကြောင်ကြောင် ဖြစ်နေသဖြင့် သူက ထပ်မံ သတိပေးလိုက်ရသည်။
"ဓားကို ကောက်ပေးစမ်းပါ။"
လျိုမိန်းကလေးမှာ ဓားကို အမြန်ကောက်ပြီး ကမ်းပေးလိုက်သည်။ သူမ စဉ်းစားမရသည်မှာ ဤလူက ဘယ်သူ့ကို သွားခုတ်မလို့လဲ၊ တံခါးဝက ထိုနတ်ဆိုးကြီးကိုတော့ မဟုတ်တန်ရာပေ။
ရှန်းယီသည် ပါးစပ်ထဲမှ သွေးများကို မျိုချလိုက်ပြီး ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ ထိုသားအဖနှစ်ဦး၏ အကြည့်အောက်တွင် သူက ရုတ်တရက် ရေရွတ်လိုက်သည်။
"တကယ်ကို ရွံစရာကောင်းလိုက်တာ။"
မှတ်ဉာဏ်ထဲက ဒီကမ္ဘာပျက်ကြီးရော၊ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အသက်ရှင်နည်းရော၊ အသက်ရှင်ဖို့အတွက် သူနဲ့တူအောင် ဟန်ဆောင်နေရတာရော... အကုန်လုံးက ရွံစရာကောင်းလှ၏။
ရွံစရာကောင်းရုံတင်မကဘူး၊ တကယ်ကိုလည်း စိတ်ကုန်စရာပဲ။
"..."
ခွေးနတ်ဆိုးသည် ခြံစည်းရိုးကို တွန်းလှဲကာ ခြံထဲသို့ ကုန်းကုန်းကုန်းကုန်း ဝင်လာသည်ကို မြင်လိုက်ရသည်။ ၎င်းက လျှာကြီးကို ထုတ်ပြီး လက်သည်းများကိုယက်နေကာ စားသောက်ရန် ပြင်ဆင်နေပြီဖြစ်သည်။
မိမိ၏ဦးခေါင်းက ထိုညစ်ပတ်လှသော ခွေးပါးစပ်ကြီးထဲသို့ ရောက်သွားမည့်အရေး၊ တဂျွတ်ဂျွတ် ဝါးစားခြင်း ခံရမည့်အရေးကို တွေးလိုက်မိသည်နှင့်...
ရှန်းယီ၏အသက်ရှူသံများမှာ ပိုမို မြန်ဆန်လာပြီး မျက်လုံးများထဲတွင် ရူးသွပ်မှု အရိပ်အယောင်များ ပေါ်လာတော့သည်။
ကောင်းပြီလေ... ဒီလို ကစားချင်တယ်ပေါ့။
ငါ့အသက်က ကောက်ရထားတာ၊ မင်းအသက်ကတော့ မင်းကိုယ်ပိုင်ပဲ။ ငါနဲ့ လာပြီး အသက်ချင်း လဲချင်တယ်ပေါ့... မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ။
သူ့မျက်စိရှေ့တွင် စနစ်ဘောင်က ချက်ချင်း ပွင့်လာသည်။
သက်တမ်းကို သိုင်းပညာထဲသို့ ထည့်သွင်းခြင်း...
"ဟုတ်တယ်... နတ်ဆိုးဖိနှိပ်ခြင်း ဓားသိုင်း ပဲ၊ ငါ့ကို အပြည့်တင်ပေးစမ်း။"
"ကျေးဇူးတင်ပါသည်"