ဆယ်နှစ် ဆယ်ကြိမ်
Vol. 1 Ch. 2
စနစ်ဘောင် ထဲရှိ သက်တမ်းကိန်းဂဏန်းများသည် လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။
၃၄... ၂၁... ၁၃...
နောက်ဆုံးတွင် "၁" ဂဏန်းမှာ ရပ်တန့်သွားလေ၏။
နတ်ဆိုးဖိနှိပ်ခြင်း ဓားသိုင်း၏နောက်ကွယ်မှ အဆင့်အတန်းများသည်လည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။
[သင်သည် နတ်ဆိုးဖိနှိပ်ခြင်း ဓားသိုင်းကို အပတ်တကုတ်ကျင့်ကြံခဲ့ရာ၊ ၈ နှစ်မြောက်တွင် အခြေခံ သေးငယ်သောအောင်မြင်မှု အဆင့်သို့ ရောက်ရှိသည်]
[သင်သည် ဆက်လက်လေ့ကျင့်ခဲ့ရာ၊ ၁၇ နှစ်မြောက်တွင် ကျွမ်းကျင်ခြင်း ကြီးမားသောအောင်မြင်မှု အဆင့်သို့ ရောက်ရှိခဲ့သည်]
[၂၉ နှစ်မြောက်တွင် သင်၏ဓားသိုင်းသည် အထွတ်အထိပ်သို့ ရောက်ရှိကာ ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိခဲ့သည်]
[၃၃ နှစ်မြောက်တွင် သင်သည် ပြည့်စုံခြင်းအဆင့်သို့ ရောက်သော်လည်း ဤဓားကွက်အပေါ် ဆက်လက်နှစ်ဝင်နေဆဲ ဖြစ်သည်။ နားလည်မှုအသစ်တစ်ခု ရရှိလုနီးပါး ဖြစ်ခဲ့သော်လည်း ထိုဉာဏ်အလင်းမှာ မရှင်းလင်းသဖြင့် ဆင့်ကဲပြောင်းလဲရန် မအောင်မြင်ခဲ့ချေ...]
နတ်ဆိုးဖိနှိပ်ခြင်း ဓားသိုင်း (ပြည့်စုံခြင်း)
...
ရှန်းယီသည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေရင်း သူ၏ဓားဆုပ်ကိုင်ထားသော ညာလက်ကိုသာ အာရုံစိုက်ထားမိသည်။
သူ အတည်ပြုချင်သည်မှာ သက်တမ်းများ ဆုံးရှုံးသွားပြီးနောက် သူသည် အိုမင်းရင့်ရော်သော အဘိုးကြီး ဖြစ်သွားမလား၊ သို့မဟုတ် လူငယ်ပုံစံအတိုင်း ရှိနေမလား ဆိုသည်ကိုပင်။
သူ၏လက်ခုံပေါ်မှ အရေပြားမှာ ချောမွေ့နေဆဲဖြစ်ပြီး သွယ်လျသော လက်ချောင်းငါးချောင်းမှာလည်း လွန်စွာသွက်လက်နေဆဲပင်။
ပို၍ အံ့ဩစရာကောင်းသည်မှာ၊ သူ၏ ခန္ဓာကိုယ်သည် အိုမင်းမသွားသည့်အပြင် မယုံနိုင်လောက်သော အရှိန်အဟုန်ဖြင့် ပိုမိုသန်မာထွားကျိုင်းလာခြင်းပင်။
၎င်းမှာ ရှန်းယီသည် ၃၃ နှစ်ပတ်လုံး ဓားသိုင်းကိုသာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကျင့်ကြံခဲ့ပြီး၊ အချိန်များအားလုံးကိုမေ့လျှော့ကာ သူ၏ဘဝတစ်ခုလုံးကို လက်ထဲမှ ဓားအတွက်သာ ပေးဆပ်ခဲ့သည့်အလား ခံစားချက်မျိုး ဖြစ်သည်။
...
မှောင်မိုက်သော သန်ခေါင်ယံတွင်၊ ခြံဝင်းအတွင်းမှာမူ သင်္ချိုင်းကုန်းကဲ့သို့ တိတ်ဆိတ်နေသည်။
ခွေးနတ်ဆိုး၏ထွားကျိုင်းသော ခန္ဓာကိုယ်ကြီးမှာ အနည်းငယ် ကုန်းကုန်းကုန်းကုန်းဖြင့် အိမ်ရှေ့သို့ ရောက်လာသည်။ ၎င်းသည် နံရံကို လက်ဖြင့် ထောက်ကာ ခေါင်းကို အိမ်ထဲသို့ ပြူးကြည့်လိုက်သည်။
ထိုဖျော့တော့တော့ အဝါရောင် မျက်ဝန်းများက အထဲရှိ လူအားလုံးကို အေးစက်စွာ ကြည့်နေသည်။
နှာခေါင်းထဲသို့ တိုးဝင်လာသော တောရိုင်းသားရဲ၏ညှီစော်နံလှသည့် အနံ့ဆိုးကြောင့် လျိုအဘိုးကြီးမှာ နံရံကို ကျောကပ်ထားရင်း မျက်လုံးများ ပြူးထွက်ကာ မေ့လဲတော့မလို ဖြစ်နေသည်။
ခုနက ရှန်းယီ၏နောက်ကျောကို ကြည့်စဉ်က သူသည် တုတ်ကို ကိုင်ထားရန် သတ္တိရှိခဲ့သော်လည်း၊ ယခုကဲ့သို့ နီးကပ်လွန်းသော ခွေးခေါင်းကြီးနှင့် ရင်ဆိုင်ရသောအခါတွင်မူ တောင်းပန်တိုးလျှိုးသည့် စကားပင် လည်ချောင်းထဲတွင် တစ်နေတော့သည်။
ကံကောင်းသည်မှာ နတ်ဆိုး၏အကြည့်က သူ့ထံမှ ချက်ချင်း လွှဲသွားပြီး ပို၍ နုပျိုလတ်ဆတ်ပုံရသော မိန်းကလေးငယ်ထံသို့ ရောက်သွားခြင်းပင်။
ခွေးနတ်ဆိုးက စကားပင် မပြောချင်တော့ဘဲ ၎င်း၏လက်သည်းများကိုသာ တိတ်ဆိတ်စွာ ကွေးပြလိုက်သည်။
ပြင်းထန်လှသော ကြောက်ရွံ့မှုအောက်တွင် မိန်းကလေးငယ်၏မျက်လုံးများမှာ အရောင်ကင်းမဲ့သွားပြီး တစ်ဖက်သို့ ဖြည်းဖြည်းချင်း လျှောက်သွားမိသည်။
၎င်း၏ထက်မြက်လှသော လက်သည်းများက သူမ၏လည်ပင်းကို ဖမ်းဆုပ်တော့မည်ကို ငေးကြည့်နေမိသည်။
ရုတ်တရက်... နွေးထွေးသော လက်ဖဝါးတစ်ခုက သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ရှေ့သို့ ဆက်မသွားနိုင်အောင် ဆွဲထားသည်ကို ခံစားလိုက်ရသည်။
လျိုမိန်းကလေး တုန်လှုပ်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။
ကြမ်းပြင်ပေါ်ရှိ ရှန်းယီမှာ မျက်ခုံးကို အနည်းငယ် တွန့်ချိုးကာ ယိုင်တိုင်တိုင်ဖြင့် ထရပ်လိုက်သည်။
သူသည် ကိုယ်ပေါ်မှ ဖုန်များကို ခါထုတ်လိုက်ရင်း ယင်ကောင်မောင်းသည့် လေသံမျိုးဖြင့်ပင် အေးအေးဆေးဆေး ပြောလိုက်သည်။
"ဖယ်စမ်း၊ ဟိုနံရံထောင့်မှာ သွားနေချေ။"
"..."
လည်ပင်းပေါ်တွင် ရုတ်တရက် တင်းကြပ်လာသော လက်သည်းများကြောင့် မိန်းကလေးမှာ စိတ်ဓာတ်များ ပြိုလဲသွားရသည်။
ရှန်းသခင်ကြီး ဘာတွေ ရူးကြောင်ကြောင် ပြောနေမှန်း သူမ လုံးဝ နားမလည်တော့ပါဘူး။
ဘယ်လိုဖယ်ရမှာလဲ ဘယ်ကို သွားရမှာလဲ။
ခွေးနတ်ဆိုး၏ပါးစပ်ထောင့်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"သစ္စာဖောက် လူမသားလေး၊ ဘာတွေ အလျင်လိုနေတာလဲ၊ မင်းအလှည့်က နောက်မှ လာမှာ။"
လူအားလုံး၏အကြည့်အောက်တွင်၊ အိမ်ထဲ၌ ရုတ်တရက် ငွေရောင်အလင်းတစ်ခု လင်းလက်သွားရာ စူးရှလွန်းလှသဖြင့် မျက်စိပင် ကျိန်းသွားရသည်။
ရှန်းယီသည် ဓားရှည်ကို စောင်း၍ ကိုင်ထားသည်။
ငွေရောင် ဓားသွားပေါ်တွင် သူ၏တည်ငြိမ်လှသော မျက်နှာက ဝေဝါးစွာ ပေါ်လွင်နေသည်။
ဓားသွားပေါ်တွင် မည်သည့်အချိန်ကတည်းက သွေးစိုင်များ ရောက်နေမှန်း မသိရဘဲ၊ ဓားဖျားသို့ စုစည်းကာ သွေးစက်အဖြစ် မြေပေါ်သို့ ကျဆင်းသွားသည်။
သွေးစက်နှင့်အတူ မြေပေါ်သို့ ကျလာသည်မှာ... ပြောင်လက်နေသောအမွေးအမှင်များနှင့် သန်မာသည့် ခွေးလက်မောင်းကြီး တစ်ဖက်ပင်။
"အာဝူးးးး"
ခဏချင်းမှာပင် အိမ်အတွင်း၌ ခွေးနတ်ဆိုး၏ နာကျင်စွာ အော်ဟစ်သံများ လွှမ်းမိုးသွားသည်။
၎င်းသည် ထိုဓား၏လမ်းကြောင်းကိုပင် မမြင်လိုက်ရသလို၊ တစ်ဖက်လူက မည်သည့်အချိန်တွင် ဓားဆွဲထုတ်လိုက်သည်ကိုပင် မသိလိုက်ချေ။
လက်သည်းများ၏ချုပ်နှောင်မှု မရှိတော့သဖြင့် မိန်းကလေးငယ်မှာ နံရံထောင့်သို့ ယိုင်တိုင်တိုင် ပြေးဝင်ကာ ကြောက်လန့်တကြား ကွေးနေမိတော့သည်။
သူမ၏မျက်ရည်ဝိုင်းနေသော အမြင်အာရုံထဲတွင်၊ ရှေ့မှ ပိန်ပါးသော ကျောပြင်ကြီးသည် ရုတ်တရက် ရှေ့သို့ အရှိန်ဖြင့် ပြေးထွက်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်၊ သန်မာသော လက်မောင်းများကို ဆန့်ထုတ်ကာ ခွေးနတ်ဆိုး၏လည်ပင်းမှ အမွေးရှည်များကို ဆုပ်ကိုင်ပြီး အောက်သို့ အားပြင်းစွာ ဆောင့်ချလိုက်တော့သည်။
ထိုမယုံနိုင်လောက်အောင် ပြင်းထန်သော ခွန်အားအောက်တွင် ခွေးနတ်ဆိုးမှာ ထပ်မံ နာကျင်သွားရပြီး တောင်ပုလေးကဲ့သို့ ခန္ဓာကိုယ်ကြီးမှာ မြေပေါ်သို့ ဘုန်းဘုန်းလဲကျသွားသည်။
၎င်းကို တုံ့ပြန်ရန် အခွင့်အရေး မပေးဘဲ၊ ရှန်းယီသည် ခွေးခေါင်းကို ဒူးဖြင့် ဖိထားကာ လက်နှစ်ဖက်ကို ခေါင်းပေါ်မြှောက်၍ ဓားရိုးကို မတ်မတ်ဆုပ်ကိုင်ရင်း လည်ချောင်းဆီသို့ ရက်ရက်စက်စက် ထိုးစိုက်ချလိုက်သည်။
ဖျစ်
ပူနွေးသော ခွေးသွေးများ ပန်းထွက်လာပြီး ရှန်းယီ၏မျက်နှာပေါ်သို့ စင်ဟပ်သွားရာ၊ သူ၏ ချောမောသော မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သည့် အသွင်ကို ဆောင်သွားစေသည်။
...
ရှန်းယီသည် ခွေးခေါင်းကို နင်းထားရင်း၊ တည်ငြိမ်နေသောလက်နှစ်ဖက်ဖြင့် သွေးသားများကြားမှ ဓားကို ပြန်ဆွဲထုတ်လိုက်သည်။
နတ်ဆိုးကို သတ်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သော်လည်း၊ ဤသတ်ဖြတ်မှု အပြုအမူကို အကြိမ်ပေါင်း သန်းနှင့်ချီ လုပ်ဆောင်ဖူးသည့်အလား သူ၏ဗီဇထဲတွင် စွဲမြဲနေပြီဖြစ်သည်။
တစ်ကိုယ်လုံး သွေးများ စိုရွှဲနေပြီး ရွံစရာကောင်းသော ညှီစော်နံ့များ နံနေသော်လည်း...
မူလက သူသည် စိတ်လှုပ်ရှားပြီး အော့အန်နေရမည် ဖြစ်သော်လည်း၊ ယခုတော့ သူ၏ခန္ဓာကိုယ်မှာမူ မယုံနိုင်လောက်အောင် တည်ငြိမ်နေသည်။
ဤအရာက 'နတ်ဆိုးဖိနှိပ်ခြင်း ဓားသိုင်း' ပင်။
နတ်ဆိုးသတ်ခြင်းဟာ ထမင်းစား ရေသောက်သလိုပဲ ပုံမှန်ကိစ္စတစ်ခု ဖြစ်နေလေ၏။
သူသည် ဓားကို ဆွဲထုတ်လိုက်ပြီး ခွေးနတ်ဆိုး၏ မကျွတ်မလွတ်သေးသော မျက်လုံးများကို စိုက်ကြည့်ရင်း၊ ဓားသွားကို ၎င်း၏အမွေးများပေါ်တွင် သေချာစွာ သုတ်လိုက်သည်။
ဤတိရစ္ဆာန်တင်မကပေ၊ ရှန်းယီကိုယ်တိုင်ပင် ယခုလို တိုက်ပွဲကမြန်ဆန်စွာပြီးဆုံးသွားလိမ့်မည်ဟု မထင်ထားပါဘူး။
၃၃ နှစ်ကြာ ဓားသိုင်းလေ့ကျင့်ခဲ့တာကြောင့် သူ၏ ခန္ဓာကိုယ်ထဲတွင် စုစည်းထားသော ခွန်အားမှာ သာမန်လူသားတစ်ဦး၏ အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
ကိစ္စအားလုံး ပြီးသွားသောအခါ ရှန်းယီသည် နံရံထောင့်မှ သားအဖကို လှည့်ကြည့်လိုက်သည်။
ထိုသူနှစ်ဦး၏မျက်လုံးထဲတွင် မယုံနိုင်မှုများ ပြည့်နှက်နေသော်လည်း၊ ကျေးဇူးတင်ခြင်းထက် ပိုမိုနက်ရှိုင်းသော ကြောက်ရွံ့မှုများသာ ရှိနေသည်။
ရှန်းယီ အကြည့်ကို ပြန်လွှဲလိုက်ပြီး စိတ်ထဲမှာလည်း သိပ်မထားတော့ပေ။
မည်သို့ပင်ဖြစ်စေ လွန်ခဲ့သော နာရီဝက်ကမှ သူက ထိုမိန်းကလေး၏အင်္ကျီအား ဆွဲဖြဲနေတာမလား၊ သူတို့က သူ့ကို မည်သို့ တကယ် ယုံကြည်နိုင်သေးမည်နည်း။
ရှန်းသခင်ကြီးနှင့် နတ်ဆိုးတို့ အချင်းချင်း ပြဿနာတက်သည်သာ သူတို့ ထင်နေကြလိမ့်မည်။
...
သူသည် ဓားကို ပြန်သိမ်းကာ ခွေးနတ်ဆိုး၏ အလောင်းကို ကန်ထုတ်ပြီး ခြံဝင်းထဲသို့ လျှောက်သွားသည်။
"ရှန်းသခင်ကြီး... ရှင်..."။
လျိုမိန်းကလေးသည် ခုနက ဆုပ်ကိုင်ခံထားရသော သူမ၏လက်ကောက်ဝတ်ကို ကြည့်ရင်း၊ ညစ်ပတ်နေသော မျက်နှာကို မော့ကာ သတိကြီးစွာ ပြောလိုက်သည် - "ခေါင်းပေါ်က ဒဏ်ရာကို အရင်ဆုံး စည်းလိုက်ပါဦးလား။"
ထိုစကားကို ကြားသောအခါ လျိုအဘိုးကြီးမှာ မျက်လုံးများ ပြာသွားတော့သည်။
ဒီရူးအတဲ့ သမီးလေး၊ ဘာလို့ မပြောသင့်တဲ့အရာကို သွားပြောရတာလဲ။ အဲဒီဒဏ်ရာက ဘယ်ကလာတာလဲဆိုတာ မမေ့နဲ့လေ။
အဘိုးကြီး၏ အမြင်တွင် ယခု ရှန်းသခင်ကြီးမှာ ယခင် ခွေးနတ်ဆိုးထက် ဆယ်ဆမက ပိုကြောက်စရာ ကောင်းနေသည်။
ရှန်းယီ ခြေလှမ်းများကို ဖြည်းဖြည်းချင်း ရပ်လိုက်သည်။
ခဏအကြာတွင် သူလှည့်ကြည့်ကာ - "ဒါလည်း ကောင်းတာပဲ။" ဟု ဆိုလိုက်သည်။
ဘဝနှစ်ခုပေါင်းလျှင်ပင် ကောင်းမှုတစ်ခုမှ မလုပ်ဖူးပေ၊ယခုမှ ခက်ခက်ခဲခဲလုပ်ရှားထားရသောကြောင့် မည်သည့်တုံ့ပြန်မှုမှ မရှိလျှင် ကောင်းမည်မဟုတ်ပေ။
သိုင်းသမားတစ်ယောက်အား ကိုယ့်ကိုတိတ်တဆိတ် အိမ်ပြန်လျှောက်မခိုင်းသင်ပေ။
ကိုယ်နှင့်အတူနေရန် မတောင်းဆိုလျှင်ပင် အနည်းဆုံးတော့ ရေနွေးပူပူလေးတစ်ခွက်ခန့် တိုက်သင့်ပေသည်။
ရှန်းယီသည် ကုတင်ဘေးတွင် ခန့်ခန့်ကြီး သွားထိုင်လိုက်သည်။ မိန်းကလေးငယ်၏မကျွမ်းကျင်သော ပြုစုမှုအောက်တွင် အင်္ကျီကို ချွတ်လိုက်ရင်း၊ လျိုအဘိုးကြီးမှာ ရင်ထဲတွင် ဝမ်းနည်းနေသော်လည်း လက်ကမူ သွက်လက်စွာဖြင့် သန့်ရှင်းသော အဝတ်စကို ရှာကာ ရှန်းယီ၏နောက်စေ့မှ သွေးများကို သန့်ရှင်းပေးနေရှာသည်။
ထိုစဉ်မှာပင် စနစ်ဘောင် ပေါ်လာလေ၏။
ထူးခြားသော သတိပေးချက်တစ်ခုက ရှန်းယီ၏ အာရုံကို ဆွဲဆောင်လိုက်သည်။
[အသိဉာဏ်ပွင့် ခွေးနတ်ဆိုး - အခြေခံအဆင့်သို့ မရောက်သေး။ စုစုပေါင်းသက်တမ်း ၁၇၅ နှစ်၊ ကျန်ရှိသက်တမ်း ၆၃ နှစ်၊ စုပ်ယူခြင်း ပြီးဆုံးပြီ]
[လက်ရှိ သိုင်းပညာ]
အရိုးခြေမွခြင်းလက်ဝါး (အဆင့်မြင့် -ဆရာသခင်)
နတ်ဆိုးနှိမ်နင်းရေး ဓားသိုင်း (ပြည့်စုံခြင်း)
[မိမိ၏ကျန်ရှိသက်တမ်း - ၁ နှစ်]
[နတ်ဆိုးသက်တမ်း - ၆၃ နှစ်]
[နတ်ဆိုးသက်တမ်းကို သိုင်းပညာ အဆင့်မြှင့်ရာတွင် အသုံးပြုနိုင်ပြီး၊ မိမိကိုယ်ပိုင် သက်တမ်းအဖြစ် ပြောင်းလဲ၍ မရပါ]
"..."
ရှန်းယီသည် ထိုနှစ်ဦးကို ခွေးနတ်ဆိုးအလောင်းကို ရှင်းခိုင်းလိုက်ပြီး၊ သူကိုယ်တိုင်မှာမူ ဤအရာအသစ်ကို စူးစမ်းနေမိသည်။
သက်တမ်းတွေ ကုန်သွားပြီးနောက် ခံစားရတဲ့ အားနည်းမှုက တကယ်ကို နှိပ်စက်လွန်းလှသည်။
ကျန်ရှိသက်တမ်း "၁" နှစ်ကို ကြည့်ရင်း ရှန်းယီ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် မိမိကိုယ်ကို ပါးရိုက်ချင်စိတ် ပေါက်သွားသည်။
ဓားသိုင်းသည် ၂၉ နှစ်တွင် ပြည့်စုံသွားသော်လည်း၊သူကတော့လူပါးဝကာ အပို ၄ နှစ်ပက်ဖြုန်းလိုက်မိသည်မလား။
သူသည် ဤကမ္ဘာအပေါ် သံယောဇဉ်တွယ်တာစရာ မရှိသော်လည်း ဂိမ်းကစားလျှင်ပင် အချိန်အကြာကြီး ကစားနိုင်ခြင်းကပိုကောင်းသည်မလော။
"ဒါဆို... ငါ နတ်ဆိုးတွေကို သတ်နိုင်သရွေ့ ငါ့သက်တမ်းအစား သူတို့ရဲ့လက်ကျန်သက်တမ်းကို သုံးပြီး သိုင်းပညာကို အဆင့်မြှင့်လို့ ရတာပေါ့"
"အသိဉာဏ်ပွင့်ခါစ ခွေးနတ်ဆိုးလေးတောင် နှစ်ပေါင်း နှစ်ရာနီးပါး အသက်ရှည်နိုင်တယ်ဆိုတော့ ဒါက တော်တော်လေး လွန်လွန်းနေပြီ။"
ရှန်းယီ အံ့ဩသွားမိသည်။
သို့သော် ချက်ချင်းပင် သူ တစ်ခုကို တွေးမိပြန်သည်။
နတ်ဆိုးတွေက ဒီလောက် အသက်ရှည်နိုင်ရင်၊ လူသားတွေမှာရော အသက်ရှည်အောင် လုပ်မယ့် နည်းလမ်း မရှိဘူးလား။
တကယ်လို့သာ မရှိဘူးဆိုရင်၊အခု ရုံးတော်မှာ ရဲမက်လုပ်ပြီး ဓားလွယ်နေတာ အဲ့ဒီခွေးတွေဖြစ်နေမှာပေါ့၊ လူသားအစိုးရ ဘယ်ရှိတော့မလဲ။
"ထားလိုက်ပါတော့၊ အခုလောလောဆယ် အများကြီး တွေးနေလည်း အပိုပဲ။"
"ခုနက ဓားသိုင်းကို အဆင့်မြှင့်တုန်းက အဆင့်သစ်တစ်ခုရောက်လုနီးပါး ဖြစ်ခဲ့တယ်လို့ ပြောတယ်ထင်တယ်။"
ရှန်းယီ၏လက်ထဲတွင် နတ်ဆိုးသက်တမ်း ၆၃ နှစ် ရှိနေပြီဖြစ်ရာ၊ ရုတ်တရက် သူဌေးဖြစ်သွားသလိုမျိုး ခံစားချက် ရနေခဲ့လေ၏။
သူအရင်ဆုံး ၁၀ နှစ်လောက်ကို စမ်းပြီး သုံးကြည့်ရင် ကောင်းမလား။