← Chapters

အခြေခံသိုင်းပညာ အထွတ်အထိပ်သို့ ရောက်ရှိခြင်း

Vol. 1 Ch. 4

အခြေခံသိုင်းပညာ အထွတ်အထိပ်သို့ ရောက်ရှိခြင်း

Vol. 1 Ch. 4

မြည်းအိုနှစ်ကောင်မှာ ရှေ့တစ်စီး နောက်တစ်စီးဖြင့် မြို့ပြင်သို့ လျင်မြန်စွာ ထွက်လာခဲ့ကြသည်။

ချန်ကျိသည် ခေါင်းငုံ့ထားရင်း စိတ်ထဲတွင် လေးလံနေမိသည်။

ရှန်းယီတစ်ယောက် မြို့ပြင်ထွက်ရန် အမှန်တကယ် သဘောတူလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ထို့ပြင် ခါတိုင်းနှင့်မတူဘဲ သူ့ကိုပါ တစ်ပါးတည်း ခေါ်ဆောင်လာခဲ့သေးသည်။

ဒါဟာ ကောင်းတဲ့လက္ခဏာ ဖြစ်သင့်ပေမဲ့...

ချန်ကျိ နောက်လှည့်ကြည့်လိုက်ရာ ရှန်းယီသည် မြည်းပေါ်တွင် ခန့်ခန့်ကြီးထိုင်ရင်း လက်ထဲမှ သိုင်းစာအုပ်ကို အားရပါးရ ဖတ်ရှုနေသည်ကို တွေ့ရသည်။

အရင်ကဆိုလျှင် နတ်ဆိုးများနှင့် မတွေ့ဆုံမီ ရှန်းယီသည် "ယဉ်ကျေးမှု" အရ ဆိုကာ သူတို့ကို အရက်ကောင်း၊ အသားကောင်းများ ဝယ်ခိုင်းလေ့ရှိသည်။

ထိုလုပ်ရပ်ကို ချန်ကျိက အမြဲတမ်း စိတ်ထဲတွင် ရွံရှာမုန်းတီးခဲ့သူ ဖြစ်သည်။

သို့သော် ယနေ့တွင် ဘာလက်ဆောင်မှမပါဘဲ လက်ဗလာဖြင့် သွားနေခြင်းကို ကြည့်ပြီး သူက ပို၍ စိုးရိမ်လာမိသည်။ အကယ်၍ ထိုနတ်ဆိုးနှစ်ကောင်ကို မညှိနှိုင်းနိုင်ခဲ့လျှင် 'လျိုလီဘုရားကျောင်း' ရွာမှ ရွာသားရာပေါင်းများစွာမှာ မကြာမီ

နတ်ဆိုးစာ ဖြစ်ကြရတော့မည် မဟုတ်ပါလား။

"ဘာလို့ ခဏခဏ နောက်လှည့်ကြည့်နေတာလဲ၊ လမ်းကိုပဲ အာရုံစိုက်စမ်းပါ။ ငါ့ရဲ့ ချောမောတဲ့ မျက်နှာကို မနာလိုဖြစ်မနေနဲ့။"

ရှန်းယီသည် သိုင်းစာအုပ်ကို အကြမ်းဖျင်း ဖတ်ရှုပြီးနောက် ဖြည်းဖြည်းချင်း ပိတ်လိုက်သည်။

စနစ်ဘောင်ထဲတွင် စာတန်းအသစ် နှစ်ကြောင်း တိုးပြီဖြစ်သည်။

[တိမ်တိုက်ခွဲ လက်ဝါး (အဆင့်မရှိသေး )]

[မြွေနဂါး ခြေလှမ်းရှစ်လှမ်း (အဆင့်မရှိသေး)]

လက်ဝါးသိုင်းတစ်စုံ၊ ကိုယ်ဖော့သိုင်း တစ်စုံနှင့် ယခင်ကရှိပြီးသား နတ်ဆိုးဖိနှိပ်ခြင်း ဓားသိုင်း။

ဤအရာများက နတ်ဆိုးနှိမ်နင်းရေးဌာန ဗိုလ်မှူး ချန်ထားခဲ့သော သိုင်းပညာများအားလုံးပင် ဖြစ်သည်။

အကယ်၍ ဤသုံးမျိုးလုံးကိုသာ သေးငယ်သောအေင်မြင်မှု အဆင့်အထိ ကျင့်နိုင်လျှင် နတ်ဆိုးငယ်အချို့ကို ကိုင်တွယ်နိုင်စွမ်း ရှိလာပေလိမ့်မည်။

ရှန်းယီ အချိန်မဆွဲတော့ဘဲ လက်ရှိတွင် သူအလိုအပ်ဆုံးဖြစ်သည့် ကိုယ်ဖော့သိုင်းထဲသို့ နတ်ဆိုးသက်တမ်းများကို ဖြည့်သွင်းလိုက်သည်။

ဓားက မည်မျှပင်ထက်ပါစေ၊ရန်သူ့နောက်သို့ အမှီလိုက်နိုင်မှ ဖြစ်မည် မဟုတ်ပါလား။

[သင်သည် နက်ရှိုင်းသော သိုင်းအခြေခံရှိပြီးသားဖြစ်၍ တစ်နှစ်အတွင်းမှာပင် မြွေနဂါး ခြေလှမ်းရှစ်လှမ်း ပညာကို စတင်နားလည်ခဲ့သည်]

[သုံးနှစ်အကြာတွင်၊ သင်၏လှုပ်ရှားမှုများမှာ ခန့်မှန်းရခက်လာပြီး ‌ကိုယ်ဖော့သိုင်း သေးငယ်သောအောင်မြင်မှုအဆင့်ရောက်လာသည်]

[ခြောက်နှစ်ကုန်ဆုံးသွားသောအခါ၊ မြွေနဂါး ခြေလှမ်းရှစ်လှမ်းသည် သင်၏ ဗီဇတစ်ခုသဖွယ် ဖြစ်လာပြီး ကြီးမားသောအောင်မြင်မှု အဆင့်သို့ ရောက်ရှိခဲ့သည်]

[၁၁ နှစ်မြောက်တွင်၊ သင်၏ကိုယ်အရိပ်မှာ တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်လာပြီး လှုပ်ရှားမှုများမှာ ပုံရိပ်ယောင်သဖွယ် ဖြစ်ကာ ကိုယ်ဖော့သိုင်း ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့သည်]

[ကျန်ရှိ နတ်ဆိုးသက်တမ်း - ၂၅ နှစ်]

...

ရှန်းယီသည် ခန္ဓာကိုယ်၏ပြောင်းလဲမှုကို ခံစားရင်း ရင်ထဲတွင် အံ့ဩနေမိသည်။

သက်တမ်းအား သိုင်းပညာထဲ ထည့်လိုက်သောအခါ ရရှိလာသော တိုးတက်မှုမှာ လက်ရှိ ခန္ဓာကိုယ်၏အခြေအနေအပေါ် မူတည်နေခြင်း ဖြစ်သည်။

ဤအရာကို 'ပညာတစ်ခုတတ်လျှင် ကျန်တာတွေပါ လွယ်ကူသွားခြင်း' ဟု ခေါ်ဆိုနိုင်ပေသည်။ ဓားသိုင်းတွင် အနှစ်သုံးဆယ်ကျော် နစ်မြှစ်ခဲ့သော သိုင်းသမားဟောင်းတစ်ဦးအဖို့ အခြားသိုင်းပညာများကို လေ့ကျင့်ရာတွင် ပိုမိုမြန်ဆန်သွားခြင်းပင်။

သူသည် မြည်းစီးသည့် ပုံစံကို အလိုအလျောက် ပြင်လိုက်ရာ ခန္ဓာကိုယ်က သိသိသာသာ ပေါ့ပါးသွားပြီး တစ်လှမ်းတည်းနှင့် ပေ ၃၀၊ ၄၀ ခန့်ကို ပြေးထွက်သွားနိုင်သကဲ့သို့ ခံစားလိုက်ရသည်။

ကံမကောင်းသည်မှာ ယခုလောလောဆယ် စမ်းသပ်ကြည့်ရန် အခွင့်အရေး မရှိခြင်းပင်။

ရှန်းယီ စိတ်ကို ပြန်စုစည်းကာ ကျန်ရှိသော နတ်ဆိုးသက်တမ်းကို 'တိမ်တိုက်ခွဲ လက်ဝါး' ထဲသို့ ထည့်သွင်းလိုက်သည်။

သိုင်းပညာ တိုးတက်မှုကို ရရှိရင်း ကနဦးအဆင့် နှင့် ပတ်သက်သော သဲလွန်စတစ်ခုခု ထပ်ရမလားဟု သူ မျှော်လင့်နေမိသည်။

သို့သော် ယခုတစ်ခေါက် ရလဒ်က သူ့ကို အနည်းငယ် စိတ်ပျက်စေခဲ့သည်။

[သင်သည် ခြေရုံးလက်ရုံးပညာတွင် ပါရမီမပါသော်လည်း ၁၈ နှစ်ကြာ သန့်စင်ပြီးနောက်တွင် သင်၏လက်သီးချက်မှာ မိုးကြိုးသံကဲ့သို့ ပြင်းထန်ကာ၊ လက်ဝါးချက်မှာ ကျောက်တုံးကို အက်ကွဲစေနိုင်သော ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသည်]

[အနှစ် ၂၀ မြောက်တွင်၊ သင်သည် ဘာတိုးတက်မှုမှ မရှိတော့ဘဲ လမ်းပျောက်နေသကဲ့သို့ ခံစားရကာ အချိန်ဖြုန်းနေသည်ဟု ထင်မြင်လာသည်]

[၂၃ နှစ်မြောက်တွင်၊ သင်သည် မိမိကိုယ်ကို သံသယဝင်လာသည်။ ဤလက်ဝါးသိုင်းသည် ပြည့်စုံခြင်းအဆင့်သို့ ရောက်ပြီးနောက် လမ်းဆုံးသွားပုံရသည်]

[၂၅ နှစ်မြောက်တွင်၊ နှစ်ပေါင်းများစွာ စဉ်းစားဆင်ခြင်မှုကြောင့် လက်သီးလက်ဝါးပညာအပေါ် သင်၏ နားလည်မှု မြင့်မားလာပြီး 'လက်ဝါးသိုင်းပါရမီ' တိုးတက်လာခဲ့သည်]

နတ်ဆိုးသက်တမ်းအားလုံး ကုန်ဆုံးသွားပြီးနောက် ရရှိလာသော အရာများကို စနစ်ဘောင်ပေါ်တွင် တွေ့ရသည်။

[တိမ်တိုက်ခွဲ လက်ဝါး (ပြည့်စုံခြင်း)]

[မြွေနဂါး ခြေလှမ်းရှစ်လှမ်း (ပြည့်စုံခြင်း)]

[လက်ဝါးသိုင်း ကျွမ်းကျင်မှု ) -လက်ဝါးသိုင်းပညာများ ကျင့်ကြံရာတွင် အချိန်တိုစေပြီး ဉာဏ်အလင်းရရှိရန် အခွင့်အလမ်း ပိုများစေသည်]

ပြည့်စုံခြင်းအဆင့် သိုင်းပညာနှစ်ခုအပြင် ပါရမီတစ်ခု ရလိုက်သော်လည်း ရှန်းယီ အလိုရှိနေသည့် 'ကနဦးအဆင့်' သတင်းအစအနတော့ မပါလာခဲ့ပေ။

သူ မျက်လုံးကို အနည်းငယ် ပင့်ကြည့်လိုက်ပြီး - "အချိန်တွက်ကြည့်ရင် နတ်ဆိုးနှိမ်နင်းရေးဌာနက ငါတို့ခရိုင်ကို လာစစ်ဆေးတော့မယ့် အချိန်မဟုတ်လား"

ထိုစကားကို ကြားသောအခါ လမ်းပြနေသော ချန်ကျိ၏ကိုယ်လုံးမှာ အနည်းငယ် တုန်ယင်သွားသည်။

သူ၏မျက်လုံးများထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး နောက်မလှည့်ဘဲ ပြန်ဖြေလိုက်သည် - "သခင်ကြီးကို တင်ပြပါတယ်၊ နောက်ထပ် တစ်လလောက်ပဲ လိုပါတော့တယ်။"

ရှန်းယီက သူ့ကို သတိပေးနေခြင်းဖြစ်ကြောင်း သူ နားလည်သည်။

ပိုင်ယွင်ခရိုင် ရုံးတော်တစ်ခုလုံးမှာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားများ ဖြစ်ကြသည်။

လောလောဆယ် အရေးကြီးဆုံးအလုပ်မှာ နတ်ဆိုးနှိမ်နင်းရေးဌာန၏ စစ်ဆေးမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန်နှင့် ခရိုင်တစ်ခုလုံး အေးချမ်းသာယာနေပါသည်ဟူသော အစီရင်ခံစာကို တင်ပြနိုင်ရန် ဖြစ်သည်။

အကယ်၍ တစ်ခုခု မှားယွင်းသွားခဲ့လျှင် ဤရုံးတော်ကလူ အများစုမှာ ခေါင်းဖြတ်ခံရပေလိမ့်မည်။

ထိုအထဲတွင် အချောဆုံးနှင့် အနုဆုံး ခေါင်းမှာ ရှန်းယီ၏ ခေါင်းဖြစ်မှာ သေချာသည်။

ဒါကြောင့်လည်း ဒီနေ့မှာ ထူးထူးခြားခြား ပြုမူနေတာကိုး၊ ငါ့ကို လာပြီး အကျပ်ကိုင်နေတာပေါ့။

ရုံးတော်ထဲတွင် နတ်ဆိုးနှိမ်နင်းရေး ဗိုလ်မှူး လာမည့်အချိန်ကို မျှော်လင့်နေသူ ရှိလျှင် ၎င်းမှာ ချန်ကျိသာ ဖြစ်လိမ့်မည်။ သူ အမှန်တကယ် မျှော်လင့်သည်မှာ... အစိုးရက ရှန်းယီကို အရှင်လတ်လတ် အရေခွံခွာ သတ်လိုက်ဖို့ပင်။

အကယ်၍ ရှန်းယီသာ အပေါ်ယံတွင် အကုန်ဖုံးဖိမထားခဲ့လျှင် နတ်ဆိုးနှိမ်နင်းရေး စစ်တပ်က ဤနေရာကို အစောကြီးကတည်းက သိမ်းပိုက်ပြီး နတ်ဆိုးတွေကို အကုန် ရှင်းပစ်လောက်ပြီ ဖြစ်သည်။

"တစ်လလား"

ရှန်းယီ နားထင်ကို နှိပ်လိုက်မိသည်။

မှတ်ဉာဏ်များအရ သူသည် ရဲမက်လေးတစ်ဦးသာဖြစ်၍ နတ်ဆိုးနှိမ်နင်းရေးဌာနနှင့် တိုက်ရိုက်ဆက်သွယ်ခွင့် မရှိပေ။

ပို၍ မြင့်မားသော သိုင်းပညာများကို လိုချင်လျှင်လည်း ငြိမ်ငြိမ်လေး စောင့်နေရုံသာ ရှိသည်။

အကယ်၍ ဤတစ်လအတွင်းတွင် 'ကနဦးအဆင့်' ထဲကို အပြည့်အဝ ခြေစုံပစ် ဝင်နိုင်ခဲ့ရင် နတ်ဆိုးနှိမ်နင်းရေးဌာနထဲ ဝင်ခွင့်ရမည်လော။

'နတ်ဆိုးသက်တမ်းက လိုနေသေးတာပဲ'

အတွေးနယ်ချဲ့နေစဉ်မှာပင် မြည်းအိုနှစ်ကောင်မှာ လယ်ကွင်းတစ်ခုရှေ့တွင် ရပ်တန့်သွားသည်။

ရှန်းယီသည် တောင်ကုန်းပေါ်ရှိ ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းငယ်လေးကို လှမ်းကြည့်လိုက်သည်။

ဘုရားရုပ်တုမှာ အပြင်သို့ ငေါထွက်နေပြီး ကောက်ရိုးများဖြင့် ဖုံးအုပ်ထားရသည်။ ပူဇော်ရာ စားပွဲမှာလည်း တစ်ဝက်ခန့် ပြိုကျနေပြီး ပေါင်းပင်များက ဝန်းရံထားသည်။

ရွာသားတွေက ဘုရားတောင် မကိုးကွယ်ချင်တော့ဘူးဆိုကတည်းက သူတို့ရင်ထဲက နာကျည်းမှုကို ခန့်မှန်းနိုင်ပေသည်။

"သခင်ကြီး၊ ဒီဘက်ကပါ။"

ချန်ကျိသည် မြည်းကို ချည်နှောင်ပြီးနောက် လမ်းညွှန်လိုက်သည်။

လူနှစ်ဦး လယ်ကွင်းကို ဖြတ်ကျော်လာစဉ် အဝတ်စုတ်များ ဝတ်ထားသော ရွာသားတစ်စုမှာ အဝေးမှနေ၍ မျှော်လင့်ချက်မဲ့သော မျက်လုံးများဖြင့် ကြည့်နေကြသည်။

သူတို့နှစ်ဦး၏ ဝတ်စုံကို မြင်လိုက်ရသောအခါတွင်မူ ထိုသူများမှာ တိုင်တန်းရန် သို့မဟုတ် အကူအညီတောင်းရန် မကြိုးစားဘဲ နေရာမှာတင် ပြန်ပြီး ဆောင့်ကြောင့်ထိုင်နေကြတော့သည်။

ဤဒုက္ခတွေကို ဘယ်သူတွေ ယူဆောင်လာသလဲဆိုတာ သူတို့ ကောင်းကောင်း သိနေကြသည် မဟုတ်ပါလား။

"..."

ချန်ကျိသည် ထိုအကြည့်များအောက်တွင် အနည်းငယ် ရှက်ရွံ့သွားမိသည်။

ရှန်းယီ၏ ဘာမှမဖြစ်သလို တည်ငြိမ်နေသော မျက်နှာကို မြင်လိုက်ရသောအခါတွင်မူ ထိုရှက်ရွံ့မှုမှာ ဒေါသအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။

သူသည် ဦးထုပ်ကို နှိမ့်ချကာ မျက်နှာကို ဖုံးကွယ်လိုက်ရင်း - "ဒီအိမ်ပဲ... အဝါရောင်အမွေးအုပ်စုတွေရဲ့ ညဘက် စီးနင်းမှုကို ခံလိုက်ရတာ... အထဲဝင်ကြည့်ရင် သိပါလိမ့်မယ်။"

အဝါရောင်အမွေး ဆိုသည်မှာ သာမန် တောကောင်မဟုတ်ပေ။

နတ်ဆိုးများတွင်လည်း အစုအဖွဲ့ ရှိကြသည်။

အများအားဖြင့် သွေးသားဆက်နွယ်မှုဖြင့် တောင်ကုန်းတစ်ခုကို နယ်မြေအဖြစ် သတ်မှတ်ကာ ဘုရင်လုပ်ကြသည်။

အဖွဲ့အစည်း မတူလျှင် ပိုင်ယွင်ခရိုင်အပေါ် တောင်းဆိုမှုများလည်း မတူကြပေ။

အချို့က အသားစိမ်းကို လိုချင်ကြသည်၊ အချို့က မိန်းမလှလေးများကို လိုချင်ကြသည်၊ အချို့ကမူ အဖိုးတန် ရတနာများကို လိုချင်ကြသည်။

ထိုအထဲတွင် ခွေးနတ်ဆိုးအုပ်စုမှာ ရှန်းယီနှင့် ပတ်သက်မှု အရှိဆုံး ဖြစ်သည်။

ထိုအုပ်စု၏ခေါင်းဆောင်မှာ အဝါရောင်အမွေးရှိသော ခွေးအိုကြီးဖြစ်ပြီး မိမိကိုယ်ကိုယ် မွေးဝါဘုရင်ကြီး ဟု ခေါ်ဆိုသည်။

"တံခါးဖွင့်"

ရှန်းယီက မေးစေ့ဖြင့် အချက်ပြလိုက်သည်။ချန်ကျိက သစ်သားတံခါးကို တွန်းဖွင့်လိုက်သောအခါ ကျဉ်းမြောင်းသော အိမ်လေးအတွင်း၌ ရွံစရာကောင်းလှသော အညိုရင့်ရောင် သွေးကွက်များကို မြင်လိုက်ရသည်။

အိမ်ထဲတွင် မှောင်မည်းနေပြီး စားပွဲပေါ်တွင်မူ လူသားအင်္ဂါအစိတ်အပိုင်းများကို အပိုင်းပိုင်းဖြတ်ကာ သေသေသပ်သပ် စီထားသည်။ စီ၍မဆံ့သော အစိတ်အပိုင်းများကိုမူ ကောက်ရိုးများဖြင့် သီပြီး ထုတ်တန်းတွင် ချိတ်ဆွဲထားသည်။

ခွေးနတ်ဆိုးတစ်ကောင်သည် ကုတင်ခြေရင်းတွင် ထိုင်ကာ လက်ထဲတွင် လူသားပေါင်တစ်ချောင်းကို ကိုင်၍အသားပုပ်များကို အေးအေးလူလူ ဝါးစားနေသည်။

၎င်း၏မျက်လုံးများမှာ အိမ်စောင့်ခွေးတစ်ကောင်ကဲ့သို့ စူးရှနေသည်။

ဝင်လာသူကို မြင်လိုက်ရသောအခါ ၎င်း၏ အကြည့်မှာ အနည်းငယ် ပျော့ပျောင်းသွားသည် - "ဘယ်သူလဲလို့... မင်းပါလား၊ ဘာကိစ္စရှိလို့ လာတာလဲ။"

ရှန်းယီသည် အိမ်ထဲသို့ လျှောက်ဝင်လိုက်သည်။နံစော်လှသော အနံ့ဆိုးများကို ခံစားရင်း ဘေးဘီဝဲယာကို ဝေ့ကြည့်လိုက်သည်။

ချန်ကျိသည် ဤမြင်ကွင်းကို မြင်ဖူးပြီးသား ဖြစ်သော်လည်း ဒုတိယအကြိမ် ပြန်ဝင်ရသောအခါတွင်မူ သူ၏မျက်နှာမှာ တွန့်လိမ်သွားပြီး၊ ဓားရိုးကို ဆုပ်ကိုင်ထားသော လက်မှာ တုန်ယင်လာကာ ဓားကို သုံးလက်မခန့် အလိုအလျောက် ဆွဲထုတ်မိသွားသည်။

သူ့တွင် ပါရမီမြင့်မားလှသဖြင့် သုံးနှစ်အတွင်းမှာပင် နတ်ဆိုးနှိမ်နင်းရေး သိုင်းပညာကို အခြေခိုင်အောင် ကျင့်နိုင်ခဲ့သည်။

ဤခွေးနတ်ဆိုးနှင့် တိုက်ခိုက်ရန် သူ အဆင့်မီသည်။ အနိုင်ရဖို့လည်း အခွင့်အလမ်း ရှိသည်။

အရင်က သူ သတ်ချင်စိတ်ကို အောင့်ထားပြီး ရုံးတော်ကို ပြန်တိုင်ခဲ့ရခြင်းမှာ...

ပထမအချက်က အိမ်မှာကျန်ခဲ့တဲ့ ညီမလေးအတွက်ဖြစ်ပြီး၊ ဒုတိယအချက်ကတော့ ဤခွေးနတ်ဆိုး၏နောက်ကွယ်က မွေးဝါဘုရင်ကြီးကို သူမယှဉ်နိုင်သောကြောင့် ဖြစ်သည်။

စိတ်လိုက်မာန်ပါ လုပ်လိုက်လျှင် ပိုမိုကြီးမားသော ဘေးဒုက္ခများ ရောက်လာနိုင်သည် မဟုတ်ပါလား။

"..."

ထိုစဉ်မှာပင် သန်မာလှသော လက်ဖဝါးတစ်ခုက တိတ်တဆိတ် ရောက်လာပြီး သူ၏ ဓားရှည်ကို ဓားအိမ်ထဲသို့ ပြန်ဖိသွင်းလိုက်သည်။

ချန်ကျိ သတိဝင်လာပြီး ရှန်းယီ၏ ဘေးတိုက်မျက်နှာကို စိုက်ကြည့်လိုက်သည်။

တစ်ဖက်လူ ဘယ်လို တုံ့ပြန်မလဲဆိုတာ သူ သိချင်နေမိသည်။

ဘယ်လောက်ပဲ လူယုတ်မာဖြစ်ပါစေ၊ ကိုယ့်လူမျိုးအချင်းချင်း အစားခံနေရတာကို မြင်ရင်တော့ အနည်းနဲ့အများ ခံစားချက် ရှိသင့်သည် မဟုတ်ပါလား။

သူ့အမြင်အာရုံထဲတွင်...

ရှန်းယီသည် နောက်ဆုံးတွင် ထိုခွေးအိုကြီးကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ဝမ်းနည်းခြင်းလည်း မရှိ၊ ပျော်ရွှင်ခြင်းလည်း မရှိပေ။

ပါးစပ်ထောင့်ကို အနည်းငယ် ပင့်လိုက်ရာ ဖြူဖွေးပြီး ညီညာသော သွားများကို မြင်လိုက်ရသည်... သူ ပြုံးနေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ချန်ကျိ၏ ရင်ခုန်သံမှာ ဖြည်းဖြည်းချင်း နှေးသွားတော့သည်။ သူသည် စိတ်ပျက်စွာဖြင့် မျက်လုံးကို‌ချလိုက်ပြီး ထိုသူနှစ်ဦး၏အချင်းချင်း ဖော်လံဖားလုပ်မည့် စကားများကို ဆက်မနားထောင်ချင်တော့ပေ။

All Chapters