← Chapters

အပိုင်း(၁၆၁)- အမြီးကိုးချောင်းမြေခွေးရဲ့သွေးသား

Vol. 002 Ch. 161

အပိုင်း(၁၆၁)- အမြီးကိုးချောင်းမြေခွေးရဲ့သွေးသား

Vol. 002 Ch. 161

“သာမာန်မြေခွေးမဟုတ်ဘူး ဟုတ်လား” ရှီမာယူယူသည် လက်နှစ်ဖက်အားသုံးကာ မြေခွေးအား သယ်ယူကာ ဘယ်ညာ စူးစမ်းပြီးနောက် ပြောလိုက်သည် “မင်းမှာ ထူးခြားတာမရှိဘူးလား”

သားရဲဘုရင်သည် ခုန်ဆင်းလိုက်ကာ ခန္ဓာကိုယ်အားလှုပ်ရမ်းပြီး အားလုံးရှေ့တွင် လှည့်ပြလိုက်သည်။

ထို့နောက်တွင် သူ၏ ရှည်လျားသော အမြီးအား နှစ်ကြိမ်လှုပ်ယမ်းရာ အမြီးနှစ်ချောင်းထွက်လာသည်။ ထို့နောက် သုံး၊ လေး…..ဆက်လက်ပြီးနောက် သူ၏ အမြီးခုနှစ်ချောင်းထွက်လာလေသည်။

“အမြီးခုနှစ်ချောင်းဝိညာဉ်မြေခွေး”

သူ၏ ရှည်လျားသော အမြီးခုနှစ်ချောင်းအားကြည့်ပြီးနောက် သူတို့ငါးယောက်သည် မျက်လုံးပျူးသွားလေသည်။ ဖက်တီးကျူနှင့် ကျန်သောသူများသည် ရှီမာယူယူအား လှည့်ကြည့်လိုက်သည်။ ဒီလူရဲ့ ကံကအဲလောက်တောင် ကောင်းတာလား။ သူသည် တွေ့ကရာသားရဲနှင့် စာချုပ်ချုပ်လိုက်တာ အဲဒါက ရှေးဟောင်းသားရဲသွေးဖြစ်နေတယ်လား။

“အဲဒါတင်မဟုတ်ဘူး ငါတို့အမြီးခုနှစ်ချောင်းဝိညာဉ်မြေခွေးက အမြီးကိုးချောင်းမြေခွေး သွေးသားပဲ၊ ငါ့သွေးသားနိုးကြွလာပြီဆိုရင် အမြီးကိုးချောင်းကမဖြစ်နိုင်စရာမရှိဘူး” သားရဲဘုရင်ပြောလေသည်။

ရှီမာယူယူသည်လည်း အံ့သြသွားလေသည်။ သူမသည် အမြီးခုနှစ်ချောင်းမြေခွေးအားတွေ့ရမည်ဟု ထင်တောင်မထင်ထားပေ။

“အဟွတ် အဟွတ် မင်း.. မင်းနာမည်ကဘာလဲ” နောက်ဆုံးတွင် သူမအသံအားကြားရတော့သည်။

“ဟိန်းသံတစ်ထောင်ချီ”

“မိန်းကလေးနာမည်နဲ့တူနေတယ်” ဟိန်းသံလေးသည် ဘေးတွင် အသံတိုးတိုးဖြင့်ပြောလိုက်သည်။

“ငါတို့က သခင်တူတယ်ဆိုပြီး မင်းကိုမရိုက်ရဲဘူးမထင်နဲ့” ဟိန်းသံထောင်ချီသည် ဟိန်းသံလေးအားကြည့်ပြီး မကျေနပ်သလိုကြည့်လိုက်သည်။

“ဒါဆို လုပ်လေ” ဟိန်းသံလေးသည် ရှီမာယူယူ၏ ပခုံးတွင်မှီပြီး ဟိန်းသံထောင်ချီအား လျှာထုတ်ပြလိုက်လေသည်။

“မင်းတို့အားလုံးက ငါ့သားရဲတွေဆိုတော့ ငါဘက်မလိုက်နိုင်ဘူး၊ ဟိန်းသံထောင်ချီ သူ့ကို သက်သက်သာသာပဲလုပ်ပါ” ရှီမာယူယူသည် ဟိန်းသံလေးအားဆွဲကာ ဟိန်းသံထောင်ချီဆီသို့ ပစ်လိုက်လေသည်။

အရင်ကဆိုလျှင် ဟိန်းသံလေးသည် သူမလူများထဲမှ တစ်ယောက်အပါအဝင်ဖြစ်သည်။ သူမ ကိုယ်ပိုင်သားရဲဖြစ်သည့်အတွက် သူမအကြောင်းပြချက်မရှိလျှင်တောင် သူ့ကိုကူညီမည်ဖြစ်သည်။ အခုတော့ နှစ်ကောင်လုံးသည် သူမသားရဲများဖြစ်သည့်အတွက် အတွင်းပိုင်း အငြင်းပွားမှုသာဖြစ်၍ သူမ ဘက်မလိုက်ချင်ပေ။

ဟိန်းသံထောင်ချီသည် ဟိန်းသံလေးအား အမှုန့်ဖြစ်အောင် ရိုက်သတ်ချင်သည်ဟု ပြောသည်။ အရင်နှင့်မတူပဲ ဟိန်းသံလေးအား သူတကယ်ပင်သတ်ချင်စိတ်ဖြစ်ပွားနေသည်။

ရှီမာယူယူသည် ဟိန်းသံလေးအား လိုက်ရိုက်နေသော ဟိန်းသံထောင်ချီအားကြည့်လိုက်သည်။ ထို့နောက်တွင် သူမသည် သူတို့အား ဝိညာဉ်စေတီသို့ခေါ်သွားလေသည်။

ဟိန်းသံထောင်ချီသည် ဝိညာဉ်စေတီသို့ရောက်သည်နှင့် ပတ်ဝန်းကျင်အား သဘောကျသွားလေသည်။ ရှီမာယူယူသည် သူ့မျိုးနွယ်ဝင်များအား ဒီနေရာတွင် ထားမည်ကိုသိသော်အခါ သူမနောက်သို့လိုက်ခဲ့ခြင်းသည် မဆိုးသော သဘောတူညီချက်ဖြစ်သည်ဟု ထင်သည်။

ထို့နောက်တွင် သူသည်ကျေနပ်စွာပင် ရှီမာယူယူနှင့် တခြားသူများကို သားရဲတွင်းသို့ခေါ်သွားလေသည်။

ရောက်ရောက်ချင်းပင် သူတို့အားလုံးသည် အမြီးခုနှစ်ချောင်းမဟုတ်သည်ကို ယူယူနောက်ဆုံးသိသွားရသည်။ အများစုသည် သုံးချောင်း၊လေးချောင်းနှင့် ငါးချောင်းများဖြစ်ကြသည်။

သူမ ဟိန်းသံထောင်ချီအားမေးမြန်းရာ အမြီးများသည် သွေးသားမှတစ်ဆင့် ဖြစ်တည်ခြင်းဖြစ်သည်။ သူသည် တစ်ဦးတည်းသော အမြီးခုနှစ်ချောင်းဖြစ်သည်။ သူတို့ခေါင်းဆောင်ဖြစ်လာသည်မှာ မထူးဆန်းပေ။

သူတို့ခေါင်းဆောင်သည် လူသားနှင့် စာချုပ်ချုပ်လိုက်သည်ကို သိကြသော် ဝိညာဉ်မြေခွေးများသည် ဟိန်းဟောက်ကြသည်၊ ဝိညာဉ်သားရဲအများစုသည် ပြင်းပြစွာဆန့်ကျင်ကြသည်။

သူတို့၏ တုန့်ပြန်မှုကို ရှီမာယူယူဂရုမစိုက်ပေ၊ ဟိန်းသံထောင်ချီအား ဖြေရှင်းရန် ပစ်ထားပေးလိုက်သည်။ သူမ လှည့်ထွက်ကာ အပြင်တွင် လမ်းလျှောက်နေခဲ့သည်။

ဒီတစ်ခါအခြေအနေသည် ထင်ထားသည်ထက် ပိုခက်ခဲသည်၊ ရှီမာယူယူသည် တောင်ဒေါင့်များအားလုံး သွားပြီးနောက်တွင် ဟိန်းသံထောင်ချီသည် သူမအား သတင်းပေးလိုက်သည်၊ သူဖြေရှင်းပြီးသွားပြီဟု။

သူမ ဝေကျိရွှီနှင့် တခြားသူများကို ပြန်ခေါ်သွားလေသည်။ ဟိန်းသံထောင်ချီသည် ဘာပြောလိုက်သည်ကိုတော့ မသိ၊ အရင်က ခုခံသောသူတို့သည် ရှီမာယူယူအားမြင်သည်နှင့် ခုခံမှုရပ်တန့်သွားလေသည်။

“သခင် ကျွန်တော် သူတို့နဲ့စကားပြောပြီးသွားပြီ အကုန်လုံးက သခင်နဲ့လိုက်ကြလိမ့်မယ်” ဟိန်းသံထောင်ချီသည် ပြောလေသည် “သူတို့ထွက်သွားဖို့ ဆုံးဖြတ်တယ်ဆိုရင်တောင် သခင်ရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်မှာမဟုတ်ပါဘူး၊ ဒါပေမယ့် သူတို့ ဝိညာဉ်စေတီကိုသွားပြီးရင်တော့ သူတို့ထွက်သွားမယ်ဆိုတာကို တွေးကြတော့မှာမဟုတ်ဘူးလို့ ကျွန်တော်ယုံတယ်”

“ကောင်းတယ်၊ ဒီနေ့တော့ မင်းယူသွားချင်တဲ့ ပစ္စည်းတွေကို ယူကြတာပေါ့ မနက်ဖြန်ကို ထွက်သွားကြမယ်” ရှီမာယူယူပြောလေသည်။

သည်နေရာနှင့် သူတို့သွားမည့်နေရာသည် အနည်းငယ်ကွာဝေး၏။ သူတို့သည် ဝိညာဉ်သားရဲတွင်းများကို ဖြတ်ရဦးမည်ဖြစ်ကာ မိုးလည်းမကြာမီ ချုပ်တော့မည်ဖြစ်သည်။ ထို့ကြောင့် သူတို့အား ထွက်သွားရန် အကြံမပေးတော့ခြင်းဖြစ်သည်။

ဟိန်းသံလေးသည် ဟိန်းသံထောင်ချီ၏ ရိုက်ခြင်းကိုခံရကာ ရှီမာယူယူ၏ ရင်ခွင်တွင် စိတ်ထိခိုက်သော ခံစားချက်ဖြင့် နေလေသည်။ သူ့အား ပစ်ထားခြင်းအစား သူမပေးသည့်အပြစ်ခံယူကာ ခေါ်သွားခြင်းကိုသာ ရွေးချယ်ခဲ့သည်။ သူ့အား ခေါ်မသွားဘူးဟု ပြောသည်ကို ကြားသည်နှင့် သူသည် အားအင်များစုစည်းလိုက်ကာ ဟိန်းသံထောင်ချီကျောပေါ်သို့ပျံသန်းသွားပြီး ပြောလေသည် “သူငယ်ချင်း အတူတူသွားရအောင်”

ဟိန်းသံထောင်ချီသည် မျက်လုံးလှန်လိုက်ခြင်းမှအပ မပြုလုပ်နိုင်တော့ပေ။ သို့သော် သူသည် မျိုးနွယ်ဝင်များကို သူနှင့်အတူလိုက်ရန် အမိန့်ပေးကာ ထွက်သွားရန် ပြင်ဆင်ကြတော့သည်။

နောက်နေ့မနက်တွင် ရှီမာယူယူသည် ကျန်သော ဝိညာဉ်မြေခွေးများကို ဝိညာဉ်စေတီသို့ခေါ်သွားရာ ဟိန်းသံထောင်ချီပြောသကဲ့သို့ပင် သူတို့သည် ဝိညာဉ်စေတီ၏ ပတ်ဝန်းကျင်ကို သဘောကျကြကာ ပြောသော စကားများကိုပင် ဂရုမစိုက်နိုင်ကြတော့ပေ။

တကယ်တော့ ဝိညာဉ်မျိုးနွယ်ဟူ၍သာ ခေါ်ရသည်၊ အကုန်လုံးပေါင်းလျှင် အကောင်သုံးဆယ်၊ လေးဆယ်သာရှိမည်။ အံ့ဖွယ်အဆင့် သားရဲခြောက်ကောင်၊ သူတော်စင်သားရဲဆယ်ကောင်နီးပါးနှင့် ကျန်သည်မှာ အဆင့်နိမ့် သားရဲများသာဖြစ်သည်။ သို့သော် အဆင့်နိမ့်သားရဲများသည် အားအင်တွင် တိုးတက်ရန် အလားအလာရှိကြသည်။

တစ်နေ့လုံးအပြင်းနှင်လာပြီးနောက် သူတို့သည် မူလနေရာသို့ရောက်လာကြသည်။ အခုချက်ချင်း သွားရန်မှာအကောင်းဆုံးအခြေအနေမဟုတ်သဖြင့် ရှီမာယူယူနှင့် တခြားသူများသည် နောက်နေ့မနက်ထိစောင့်ကြကာ ဟိန်းသံလေးအား အတားအဆီးအား ဖယ်ရှားခိုင်းကာ ထွက်ကြလေသည်။

ထွက်ကြရာတွင် ဟိန်းသံထောင်ချီသည် နောက်ဆုံးမှ လိုက်လာကာ အတားအဆီးအား ဖြတ်ပြီးခြေချမိချိန်တွင် သူသည်နောက်ပြန်လှည့်ကာ တောင်တန်းများကို ကြည့်ပြီး အချိန်တော်ကြာစကားမပြောပေ။

ရှီမာယူယူသည် သူ့စိတ်ထဲတွင် ရှုပ်ထွေးမှုများဖြစ်နေသည်ကို သိသဖြင့် ဟိန်းသံထောင်ချီဘေးတွင် ရပ်ကာ သူ့ခေါင်းအားပုတ်ပြီး ပြောလိုက်သည် “ကောင်းကင်မြင့်တာက ငှက်တွေအတွက် ကျယ်ကျယ်လွင့်လွင့်ပျံသန်းဖို့၊ ပင်လယ် ကျယ်ပြီးနက်တာက ငါးတွေရေကူးဖို့၊ ဆိုတော့ မင်းထွက်လာမှတော့ ရှေ့ကိုပဲကြည့်တော့”

“အင်း” ဟိန်းသံထောင်ချီသည် ခေါင်းညိတ်ကာ ရှီမာယူယူနှင့် တခြားသူများသွားရာ တောင်ဆီသို့လိုက်လာခဲ့လေသည်။

အတားအဆီးအား ဖြတ်လိုက်ပြီးနောက် အပြင်မှဝိညာဉ်ချီသည် အထဲထက်ပိုထူထပ်သည်ကို ခံစားမိကြလေသည်။ အတားအဆီးသည် သူတို့အား အထဲတွင် ချုပ်တည်းထားသည်သာမဟုတ် ဝိညာဉ်ချီကိုလည်း ပါးသွားစေသည်။

“အာ၊ လွတ်လပ်ခြင်းဆိုတာ ဒီလိုခံစားချက်ကိုး” ဖက်တီးကျူသည် အသက်ပြင်းပြင်းရှုကာ အပြုံးဖြင့် ပြောလိုက်သည်။

“ယူယူ ငါတို့အစက ဆုံးဖြတ်ထားတဲ့ နေ့နဲ့ တစ်နှစ်အချိန်ရသေးတယ်၊ ငါတို့ တိုက်ရိုက်ပဲသွားမလား၊ ဘယ်လိုလဲ” ဘေဂုံထန်မေးလေသည်။

“ဝူရန် မင်းရှီမာမျိုးနွယ်ကိုသိလား” ရှီမာယူယူမေးလိုက်သည်။

ဝူရန်ခေါင်းရမ်းကာ ပြောလိုက်သည် “အနည်းဆုံးတော့ နန်ယူနိုင်ငံမှာ ရှီမာလို့ခေါ်တဲ့ မျိုးနွယ်မရှိဘူး”

“ဒါဆို ငါတို့ရှာဖို့ အချိန်ကုန်ရဦးမှာပဲ” ရှီမာယူယူပြောလေသည်။ “ငါတို့တိုက်ရိုက်ထွက်သွားမယ်ဆိုရင်လည်း လမ်းတစ်လျှောက် သွားရင်းနဲ့ ဝိညာဉ်သားရဲတွေတွေ့ရင် တွေ့တာနဲ့ လေ့ကျင့်ပေးလို့ရတယ်၊ ဒါဆို ငါတို့ တောင်မှာနေပြီးလေ့ကျင့်ပေးဖို့မလိုတော့ဘူး၊ မင်းဘယ်လိုထင်လဲ”

“ကောင်းပြီလေ ပြဿနာမရှိဘူး” ဖက်တီးကျူပြောလိုက်သည်။

“မင်းအပေါ်မှာပဲ မူတည်တယ်၊ ငါတို့ မင်းအစီအစဉ်အတိုင်းလိုက်လုပ်မယ်” ဝေကျိရွှီပြောလေသည်။

ရှီမာယူယူသည် ဝူရန်ဖေအားကြည့်ရာ သူသည် ဘာထင်မြင်ချက်မှမပေးသဖြင့် ပြောလေသည် “ဒါဆို ဆုံးဖြတ်ပြီးသွားပြီ၊ ငါတို့အခု တိုက်ရိုက်ပဲသွားကြမယ်၊ ဟိန်းသံထောင်ချီ မင်းရောင်ဝါကို ဖျောက်လိုက်”

“ဟုတ်ကဲ့သခင်”

ဟိန်းသံထောင်ချီနှင့် ရှောင်ဟူတို့သည် သူတို့ရောင်ဝါများရုတ်သိမ်းပြီးနောက် ရှီမာယူယူနှင့် တခြားသူများသည် ထွက်သွားကြလေသည်။

သူတို့လက်ရှိနေရာသည် ဆိုဖီယာတောင်တန်း၏ အလယ်ပိုင်းမဟုတ်ဟု ပြောလို့ရသည်။ အလယ်ပိုင်းအစစ်အမှန်မှာ  ထိပ်တန်းအံ့ဖွယ်သားရဲများတည်ရှိရာဖြစ်သည်။

သို့သော် ထိုအရာသည် သူတို့ကိုယ်တွယ်နိုင်သော အရာမဟုတ်ပေ။ ထို့ကြောင့် ဝူရန်ဖေသည် သူတို့အား ရှောင်လွှဲနေကာ သူတို့လျှောက်နေစဉ်အတွင်းတွင် သူလမ်းကြောင်းဆွဲနေခဲ့သည်။

သို့သော် သူတို့ထိုအတိုင်းသွားသော်လည်း လမ်းတစ်လျှောက်တွင် သူတော်စင်သားရဲအနည်းငယ်ကိုသာ တွေ့ရသည်။ တချို့သည် သူတို့ဖြတ်သွားသော်လည်း တုန့်ပြန်မှုမရှိပေ။ တချို့သည် တောင်များကျော်ဖြတ်ကြသည်အထိ လိုက်လာကြသည်။

အခုလိုဆိုလျှင် အညိုရောင်ဝက်ဝံသည် သူတို့အား အချိန်ကြာစွာလိုက်လာပြီး နောက်ဆုံးတွင်လက်လျော့သွားလေသည်။

“သေစမ်း ငါတို့ကို ဒီလောက်အပြင်းအထန်လိုက်နေရင်တော့ ဒီသခင်ကြီးက ပြေးရလွန်းလို့ခြေအိတ်တောင် ကျွတ်သွားပြီ” ဖက်တီးကျူသည်  သူခြေအိတ်ကျွတ်သွားသဖြင့် ဒေါသထွက်စွာ ကျိန်ဆဲလိုက်သည်။

ဖက်တီးကျူသည် တစ်ဖက်တွင် ခြေအိတ်ရှိကာ နောက်တစ်ဖက်သည် ခြေဗလာဖြစ်နေသည်ကို အားလုံးသတိထားမိသည်နှင့် စတင်ရယ်မောကြသည်။

All Chapters