← Chapters

အမှောင်မိုက်ဆုံးအချိန်...

Vol. 172 Ch. 2457

အမှောင်မိုက်ဆုံးအချိန်...

Vol. 172 Ch. 2457

ရက်အနည်းငယ်ကြာပြီးနောက် အာရုံခြောက်ပါးကောင်းကင် အထက်တစ်နေရာတွင် ကျင့်ကြံသူအများအပြား စုဝေးနေကြသည်။ သူတို့သည် အရှေ့ရှိအာကာပြင်တစ်ခုကို အာရုံစိုက်ထားလေသည်။

ရွှေရောင်သင်္ကေတများသည် ကောင်းကင်ထက်တွင် အဆုံးမဲ့တောက်ပနေလေသည်။ ထိုနေရာသည် သင်္ကေတလောကတစ်ခုကဲ့သို့ပင် ထင်ရလေသည်။ ထိုလောကသည် နေရာကြီးကြီးမားမားယူထားပြီး အာရုံခြောက်ပါးကောင်းကင်အတွင်းရှိ မြို့အများအပြားကို လွှမ်းခြုံထားသည်။ ထိုမြင်ကွင်းသည် ရင်သပ်ရှုမောဖွယ် မြင်ကွင်းပင်။

အာရုံခြောက်ပါးကောင်းကင်မှ ရန်ဟောင်အဆင့်ကျင့်ကြံသူများသည် ထိုနေရာသို့ စိတ်ဝင်တစားရောက်လာကြလေသည်။ သူတို့သည် ထိုနယ်ပယ်လောက ပတ်ဝန်းကျင်တွင် လှည့်ပတ်ကြည့်နေကြသည်။ သူတို့သည် သူတို့ရှေ့ရှိမြင်ကွင်းကို ကြည့်ကာ စိတ်မသက်မသာဖြစ်နေကြ၏။

မည်သည့်ကျင့်ကြံခြင်းအဆင့်တွင်ရှိသူမဆို ထိုအရှိန်အဝါကို ခံစားလိုက်ရသောအခါ ရင်တုန်ပန်းတုန်ဖြစ်သွားကြသည်ချည်းသာ။ သူတို့သည် အပြင်မှသာကြည့်နေကြခြင်းဖြစ်ပြီး မည်သူမှ အထဲသို့ မဝင်ရဲကြပေ။ ထိုလောကအတွင်းပိုင်းရှိအရှိန်အဝါသည် ပျက်သုဉ်းမှုအငွေ့အသက်များ ပါဝင်နေသကဲ့သို့ လွန်စွာကြောက်မက်ဖွယ်ကောင်းလေသည်။ သင်္ကေတစ်ဦးချင်းစီသည် မဟာလမ်းစဉ်ကို ဖျက်ဆီးနိုင်သော စွမ်းအားများပါဝင်ပုံရ၏။ ထို့ကြောင့် ထိုကျယ်ပြောသော အာကာပြင်သည် လမ်စဉ်ဖျက်ဆီးနယ်ပယ်တစ်ခုဖြစ်နေလေသည်။ ထိုအာကာပြင်ထဲတွင် ထိုသင်္ကေတများမှုထွက်ပေါ်နေသည် ဖျက်ဆီးစွမ်းအားများမှလွဲ၍ မည်သည့်မဟာလမ်းစဉ်မှ မတည်ရှိနေနိုင်ပေ။ ၎င်းသည် လောကတစ်ခုအတွက် လေဟာနယ်တစ်ခုကဲ့သို့ပင်။

“ဒါက တော်တော်ကြောက်စရာကောင်းတာပဲ။ အထဲကို ဝင်သွားတဲ့သူတွေအတွက် သေခြင်းကပဲစောင့်ကြိုနေမှာပဲ”

အချို့ ရန်ဟောင်ထိပ်သီးကျင့်ကြံသူများသည် တည်ငြိမ်သောမျက်နှာထား၊ မသက်မသာဖြစ်နေသောနှလုံးသားတို့ဖြင့် ရေရွတ်လိုက်ကြသည်။ ထိုကဲ့သို့ ထူးဆန်းသောမြင်ကွင်းတစ်ခုသည် အာရုံခြောက်ပါးကောင်းကင်တွင် အမှန်တကယ် ဖြစ်ပေါ်နေသည်ကို သူတို့မယုံနိုင်ဖြစ်နေကြသည်။

ပထမဦးဆုံး ထိုနေရာတွင်ဖြစ်သွားသောအဖြစ်အပျက်များသည် အတင်းအဖျင်းများမှတဆင့် ပျံ့နှံ့သွားသည်။ သို့သော် အတင်းအဖျင်းများပြန့်ကားလာသောအခါ ထိုသတင်းသည် အာရုံခြောက်ပါးကောင်းကင်အနှံ့သို့ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။ ထို့ကြောင့် အာရုံခြောက်ပါးကောင်းကင်အတွင်းရှိ ကျင့်ကြံသူအားလုံးသည် ထိုအကြောင်းကို သိကြပေသည်။

ထိုကြောက်မက်ဖွယ် လမ်းစဉ်ဖျက်ဆီးနယ်ပယ်သည် နတ်ခန္ဓာတစ်ခု ပေါက်ကွဲသွားသဖြင့် ဖြစ်ပေါ်လာခြင်းပင်။ နတ်ဘုရားအဆင့်ရှိသူတစ်ဦး၏ နတ်ခန္ဓာပေါက်ကွဲသွားပြီး ၎င်း၏ကိုယ်တွင်းလောကကို အပြင်သို့ထုတ်ဖော်ကာ အရာအားလုံးကိုဖျက်ဆီးပစ်မည့် လောကတစ်ခုကိုဖန်တီးလိုက်ပြီး ၎င်းပြန့်ကားသွားသောအခါ ဤလမ်းစဉ်ဖျက်ဆီးနယ်ပယ်ဖြစ်ပေါ်လာခြင်းဖြစ်လေသည်။

“အဲ့တိုက်ပွဲကို မြင်လိုက်တဲ့သူ ဘယ်သူရှိလဲ”

တစ်စုံတစ်ယောက် မေးလိုက်သည်။

“မြင်လိုက်တဲ့သူ ရှိနိုင်မယ်လို့ ထင်လို့လား”

သူ့ဘေးမှလူက ပြန်ပြောလိုက်သည်။ ထိုကဲ့သို့ ဖျက်ဆီးစွမ်းအားဖြင့်ဆိုလျှင် မျက်မြင်တွေ့ခဲ့သူတိုင်းသည် ထိုဖျက်ဆီးစွမ်းအား ပေါက်ကွဲထွက်ပေါ်လာကတည်းက သေချာပေါက် သေသွားမည်ဖြစ်သည်။ ထိုအခြင်းအရာကိုမြင်ခဲ့သူတိုင်းသည် ပြန်ပြောပြရန် ရှင်သန်ခဲ့မည်မဟုတ်ချေ။

“အဲ့ဒါအမှန်ပဲ...”

ထိုမေးခွန်းကိုမေးလိုက်သူသည် အတန်ငယ် တုံးအသည်ဟု ခံစားလိုက်ရသည်။ သို့သော် သူနှမြောတသဖြစ်နေလေသည်။ ထိုကဲ့သို့ ကြီးကျယ်သည့်တိုက်ပွဲဖြစ်ခဲ့သော်လည်း အသက်ရှင်နေသော မျက်မြင်တွေ့ခဲ့သူတစ်ဦးမှ မရှိချေ။ ရန်ဟောင်အဆင့်ကျင့်ကြံသူတစ်ဦးသည် ကျန်းချန်ဘုံကျောင်းတစ်ခုလုံးကို အနိုင်ယူနိုင်ခဲ့လေသည်။

“မကြာသေးခင်တုန်းက ကျန်းချန်ဘုံကျောင်းက အာရုံခြောက်ပါးကောင်းကင်ထဲမှာ ရီဖူရှင်းရဲ့ သဲလွန်စတွေကို လိုက်ရှာနေတာမလား။ အဲ့ဒါက ဒီလိုနောက်ဆက်တွဲဖြစ်ရပ်တွေဖြစ်လာပြီး ဒီလိုအဆုံးသတ်သွားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ အခုတော့ အာရုံခြောက်ပါးကောင်းကင်ပဲဖြစ်ဖြစ်၊ ကျန်းချန်ဘုံကျောင်းပဲဖြစ်ဖြစ် သူတို့တွေက ရီဖူရှင်းပိုင်ဆိုင်ထားတဲ့ နတ်ခန္ဓာကိုရဖို့ ကြံစည်နေကြတာပဲ”

တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သည်။

“အင်း.. ရီဖူရှင်းက နတ်ခန္ဓာကို ပေါက်ကွဲသွားစေလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့တာပဲ။ အဲ့ဖျက်ဆီးအလင်းတွေက အာရုံခြောက်ပါးကောင်းကင်တစ်ဝက်လောက်ကို နေရာယူထားတာပဲ။ အဲ့ဒါက ‌တော်တော်လေး ကြောက်စရာကောင်းတယ်။ ဒီတစ်ကြိမ်တော့ ကျန်းချန်ဘုံကျောင်း အဆုံးအရှုံးကြီးသွားပြီ။ အဲ့ဒါက တကယ့်ကို ဆိုးဆိုးဝါးဝါးပဲ”

လူတိုင်းသည် ထိုအကြောင်းကို ရှုပ်ထွေးသောခံစားချက်များဖြင့် ပြောဆိုနေကြသည်။ ကောင်းကင်ဒေသမှလာသည်ဟူသော ရန်ဟောင်အဆင့်ကျင့်ကြံသူတစ်ဦးသည် အာရုံခြောက်ပါးကောင်းကင်ကို ထိုကဲ့သို့ရှုပ်ထွေးသွားစေမည်ဟု မည်သည်တွေးခဲ့မိမည်နည်း။ အာရုံခြောက်ပါးကောင်းကင်နန်းတော်သည် ဖျက်ဆီးခံလိုက်ရပြီး ထိုရန်ဟောင်အဆင့်ကျင့်ကြံသူသည် အရှင်လေးပါးထဲမှ နှစ်ပါးကို သတ်ပစ်ခဲ့သည်။ ကျန်နှစ်ပါးသည် ဒဏ်ရာရသွားခဲ့လေသည်။ ကျန်းချန်ဘုံကျောင်းသည် သူ့ကိုဖမ်းရန်လုပ်ခဲ့စဉ်တွင် သူတော်စင်ကျန်းချန်ကိုယ်တိုင်ပင် ရောက်လာခဲ့သည်။

သို့သော် နောက်ဆုံးတွင်...

ကျန်းချန်ဘုံကျောင်းမှ ကျင့်ကြံသူအများစုသည် သေဆုံးသွားပြီဟု ပြောနေကြသည်။ သူတော်စင်ကျန်းချန်ထက် အဆင့်နိမ့်သူအားလုံးသည် အလုံးစုံပျက်သုဉ်းသွားကြပြီဖြစ်သည်။ လက်ထောက်အရှင်သည်ပင် အရာအားလုံးကို ဖျက်ဆီးသွားသော ထိုတိုက်ခိုက်မှုအောက်တွင် သေဆုံးသွားလေသည်။ ထိုဘေးအန္တရာယ်အတွင်း၌ နောက်ထပ်အရှင်အဆင့်တစ်ဦး သေဆုံးမှုပင်။

ထိုနေရာမှနေ၍ သူတော်စင်ကျန်းချန်တစ်ဦးတည်းသာ အသက်ရှင်လျှက်ပြန်လာနိုင်လေသည်။ သူတော်စင်ကျန်းချန်သည် ထိုဖျက်ဆီးမှုမုန်တိုင်းအတွင်း၌ မည်သည့်အရာကို ကြုံတွေ့ခံစားခဲ့ရကြောင်း မည်သူမှမသိပေ။ သို့သော် သူတော်စင်ကျန်းချန်သည် ထိုဖျက်ဆီးမှုလောကအတွင်းမှ ထွက်လာခဲ့စဉ်က သွေးများဖြင့်ဖုံးလွှမ်းနေပြီး သေလုမြောပါးဖြစ်နေခဲ့ကြောင်း မျက်မြင်အချို့က ဆိုကြသည်။ ထို မြင့်မြတ်ကာ စွမ်းအားကြီးသော သူတော်စင်သည်ပင် ထိုဘေးအန္တရာယ်အတွင်း၌ သေဆုံးလုနီးပါးဖြစ်ခဲ့လေသည်။

သူသည် ထိုအတွင်းမှ အသက်နှင့်ကိုယ်မြဲကာ ထွက်လာနိုင်ခြင်းသည် ကံကောင်းခြင်းပင်။

သို့သော် ထိုအဖြစ်အပျက်မှ တစ်ယောက်အသက်ရှင်ကျန်ခဲ့သော်လည်း ထိုသို့ရှင်သန်ကျန်ခဲ့ရန် အရင်းအနှီးကြီးပေသည်။ သူတော်စင်ကျန်းချန်ကဲ့သို့သောသူမျိုးပင် သွေးချင်းချင်းရဲကာ သေလုမြေပါးဖြစ်ခဲ့ရသည်။ သူထိုအတွင်းမှ ထွက်လာစဉ်တွင် ကောင်းကင်ပေါ်၌ပင် ခက်ခက်ခဲခဲ ပျံသန်းခဲ့ရသည်ဟု ဆိုကြသည်။ သူ၏ဒဏ်ရာမည်မျှပြင်းထန်သည်ကို တွေးကြည့်ရုံသာတတ်နိုင်ပေသည်။

လက်ရှိတွင် အာရုံခြောက်ပါးကောင်းကင်အတွင်း၌ ကောလာဟလအမျိုးမျိုး ပျံ့နှံ့နေသည်။ အချို့က သူတော်စင်ကျန်းချန်၏ခန္ဓာကိုယ်တွင် မဟာလမ်းစဉ်၏အမာရွတ်များနှင့် ပြည့်နှက်နေသည်ဟု ဆိုကြသည်။ အချို့ကလည်း သူတော်စင်ကျန်းချန်၏ မဟာလမ်းစဉ်အခြေခံသည် လုံးဝပျက်စီးသွားပြီဟု ဆိုကြသည်။

သို့သော် မည်သို့ပင်ဖြစ်စေကာမူ အမှန်တရားမှာ သူတော်စင်ကျန်းချန်သည် တိုက်ပွဲကို မရှုမလှရှုံးသွားပြီး ထိုဒဏ်ရာများမှ ပြန်သက်သာလာစေရန် အချိန်များစွာကြာလိမ့်မည်ဖြစ်သည်။ သူ၏နဂိုအခြေအနေသို့ အချိန်တိုအတွင်း ပြန်မရောက်နိုင်ပေ။

အာရုံခြောက်ပါးကောင်းကင်တွင် ဖြစ်ပျက်သွားသောအရာများ၏သတင်းများသည် အခြားကောင်းကင်များသို့ပင် ပျံ့နှံ့သွားသည်။ အထူးသဖြင့် ကျန်းချန်ဘုံကျောင်းသည် ပျက်စီးလုနီးပါးဖြစ်သွားသည့် သတင်းသည် ပို၍ပျံ့နှံ့သွားလေသည်။ ထိုအဖြစ်အပျက်သည် အာရုံခြောက်ပါးကောင်းကင်အတွင်း၌သာ စိတ်ဝင်စားခံရသောသတင်းမဟုတ်ဘဲ အနောက်လောကတစ်ခုလုံးကလည်း ထိုသတင်းကို အလွန်စိတ်ဝင်စားကြပေသည်။

ရက်ပေါင်းများစွာကြာပြီးနောက် ကျန်းချန်ဘုံကျောင်းတည်ရှိရာ နတ်တောင်ကို ရွှေရောင်နတ်အလင်းများက ဝန်းရံထားသည်။ ထိုတောင်မှနေ၍ ဗုဒ္ဓအလင်းများတောက်ပနေပြီး ထိုနေရာသည် မဟာဗုဒ္ဓကျင့်ကြံရာနေရာတစ်ခုကဲ့သို့ ထင်ရပေသည်။

ကျန်းချန်ဘုံကျောင်းသည် သူတော်စင်ကျန်းချန် ကျင့်ကြံရာနေရာဖြစ်သည်။

လက်ရှိတွင် ကျန်းချန်ဘုံကျောင်းသည် ပရမ်းပတာအခြေအနေအတွင်းသို့ ကျရောက်နေသည်။ သူတော်စင်ကျန်းချန်သည် ကျန်းချန်ဘုံကျောင်းမှ စွမ်းအားကြီးကျင့်ကြံသူအများအပြားကို သူနှင့်အတူခေါ်၍ ရီဖူရှင်းကို လိုက်ဖမ်းခဲ့ကြသည်။ သူတို့၏လက်ထောက်အရှင်သည်လည်း ရီဖူရှင်းကို ထွက်ဖမ်းခဲ့သည်။

ထိုအခိုက်တွင် လေထုထဲ၌ လွန်စွာကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ရှိနေပြီး ကျန်းချန်ဘုံကျောင်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။ နတ်အလင်းများလည်း တောက်ပနေဆဲပင်။ ကျင့်ကြံသူတစ်စု ဆင်းသက်လာ၏။ သူတို့သည် အနောက်လောကမှ အခြားထိပ်သီးများဖြစ်ကြသည်။ ရှေ့မှဦးဆောင်လာသူကို နတ်အလင်းများကလွှမ်းခြုံထားပြီး ကျန်းချန်ဘုံ‌ကျောင်းမှ ကျင့်ကြံသူအားလုံးသည် သူ့ကိုဦးညွှတ်နေကြသည်။

ထိုကျင့်ကြံသူများ၏ နတ်အာရုံများည် ကျန်းချန်ဘုံ‌ကျောင်းတစ်ခုလုံးကို လွှမ်းခြုံထား၏။ ထို့ကြောင့် ကျန်းချန်ဘုံကျောင်းမှ ကျင့်ကြံသူများသည် ကြောက်ရွံ့နေကြ၏။ ထိုအခြင်းအရာသည် ယခင်က တစ်ခါမှမဖြစ်ပျက်ခဲ့ဖူးသည့် တွေး၍မရနိုင်သောစော်ကားမှုပင်။ သို့သော် သူတို့သည် လွန်စွာမကျေမနပ်ဖြစ်နေသော်လည်း မကျေနပ်သည့်ပုံစံမပြရဲသလို မကျေနပ်ကြောင်းကိုလည်း ထုတ်မပြောဝံ့ပေ။ သူတို့သည် သူတို့၏အရှင် သူတော်စင်ကျန်းချန် သေသည်၊ ရှင်သည်ကို မသိကြသေးပေ။ အကယ်၍ သူတော်စင်ကျန်းချန်သာ ကံဆိုးသောအဆုံးသတ်ဖြင့် ကြုံတွေ့ခဲ့ရပါက သူတို့သည်လည်း ကံဆိုးမိုးမှောင်ကျသွားမည်ဖြစ်သည်။

“သူတော်စင်ပြန်မလာသေးဘူးလား”

ရှေ့မှဦးဆောင်လာသော ကျင့်ကြံသူက မေးလိုက်သည်။ သူ၏အသံသည် ဘုံကျောင်းတစ်ခုလုံးအတွင်း ပဲ့တင့်ထပ်သွား၏။

“အခုအထိ ပြန်ရောက်မလာသေးပါဘူး”

အောက်ရှိတစ်ယောက် ဖြေလိုက်သည်။

“အင်း...”

ထိုလူသည် ခေါင်းညိတ်၍ ဆက်ပြောလိုက်သည်။

“အာရုံခြောက်ပါးကောင်းကင်မှာ ဖြစ်ပျက်ခဲ့တာတွေကို ငါကြားပြီးပါပြီ။ သူတော်စင်က အခု ပြန်ပြီးအားဖြည့်နေတာနေမှာပါ။ ကျန်းချန်ဘုံကျောင်းအတွက်ကတော့ အပြင်လူတွေ လာ‌နှောင့်ယှက်တာကို ရှောင်ရှားနိုင်အောင် ငါ ဒီမှာ အချိန်တစ်ခုအထိ နေပေးပြီးတော့ သူတော်စင်ပြန်လာတာကို စောင့်နေပေးမယ်”

“ဒါက...”

ထိုစကားကို ကြားလိုက်သူတိုင်းသည် ဆွံ့အသွားကြသည်။ သို့သော် ထိုလူပြောသောစကားသည် အမှန်ပင်ဖြစ်သည်။ အကယ်၍ သူတော်စင်သာ အပြင်းအထန်ဒဏ်ရာရထားပါက သူသည် ကျန်းချန်ဘုံကျောင်းဆီသို့ အချိန်တစ်ခုအထိ ပြန်လာနိုင်ဦးမည်မဟုတ်ပေ။ သူသည် ထိုအဆင့်သို့ရောက်အောင် ကျင့်ကြံခံရသော နှစ်ပေါင်းများစွာအတွင်း၌ ရန်သူများစွာရရှိခဲ့သည် မဟုတ်ပေလော။ ထို့ကြောင့် အခွင့်ကောင်းကိုချောင်းနေသော ရန်သူမည်မျှရှိမည်ကို မည်သူမှ မပြောနိုင်ပေ။

ပုံမှန်ဆိုလျှင် မည်သူမှ ထိုကဲ့သို့ စည်းကျော်သည့်အပြုအမူမျိုးကို မလုပ်ဝံ့ပေ။ သို့သော် သူတို့သာ သူတော်စင်ကျန်းချန် အပြင်းအထန်ဒဏ်ရာရထားသည်ကို သိသွားပါက သူတို့ခေါင်းထဲတွင် အကြံအချို့ပေါ်လာမည်ဖြစ်သည်။ ထို့ကြောင့် သူတော်စင်သည် မြင်နိုင်သောအနာဂတ်တွင် ပြန်မလာနိုင်သည်လည်း ဖြစ်နိုင်ပေသည်။

သို့သော် ဤနေရာတွင် ထိုလူများရှိနေခြင်းသည် စိတ်ကောင်းစေတနာရှိ၍ မဟုတ်ဘဲ ကျန်းချန်ဘုံကျောင်းကို မောင်ပိုင်စီးလိုခြင်းကြောင့်ဖြစ်ကြောင်း သေချာပေသည်။ အကယ်၍ တစ်နေ့နေ့တွင် သူတော်စင်ကျန်းချန်ပြန်လာခဲ့ပါက သူတို့သည် ဘုံကျောင်းကို ကာကွယ်ပေးထားခြင်းဖြစ်ကြောင်း ပြောပေလိမ့်မည်။ သို့သော် သူတော်စင်ကျန်းချန်သာ ပြန်မလာခဲ့ပါက...

ကျန်းချန်ဘုံကျောင်းမှ ကျင့်ကြံသူများသည် အမှန်တရားကိုသိသော်လည်း မည်သူမှ ထိုလူကို မငြင်းဆန်ဝံ့ကြပေ။ သူတို့သည် ထိုအစီအစဉ်ကို လက်ခံလိုက်ရုံသာရှိလေသည်။

“ကောင်းပါပြီ”

သူတို့အားလုံးသည် ခေါင်းညိတ်လိုက်သော်လည်း ရင်ထဲတွင်မူ အလွန်မကျေမချမ်း ခံစားနေရပေသည်။ သို့သော် သူတို့မည်သို့ လုပ်နိုင်ဦးမည်နည်း။

ထိုအဖြစ်အပျက်သည် နှစ်ပေါင်းတစ်ထောင်အတွင်း၌ ကျန်းချန်ဘုံကျောင်းခံစားခဲ့ရသည့် အရှက်ရဖွယ်အကောင်းဆုံးအဖြစ်အပျက် ဖြစ်ပေသည်။ ထိုအချိန်သည် အမှန်ပင် ကျန်းချန်ဘုံကျောင်းအတွက် အမှောင်မိုက်ဆုံးအချိန်များ ဖြစ်ပေသည်။

ထိုသို့ဖြစ်ရခြင်းသည် လူငယ်တစ်ဦးကြောင့် ဖြစ်လေသည်။

All Chapters