← Chapters

ပြန်လည်တွေ့ဆုံခြင်း

Vol. 172 Ch. 2458

ပြန်လည်တွေ့ဆုံခြင်း

Vol. 172 Ch. 2458

အာရုံခြောက်ပါးကောင်းကင်ရှိ သာမန်တောင်တစ်လုံးထိပ်တွင် ရှေးဟောင်းဘုံကျောင်းတစ်ခု ရှိလေသည်။

ထိုအခိုက်တွင် စုတ်ပြဲနေသောအဝတ်များနှင့်အမျိုးသားတစ်ဦးသည် ရှေးဟောင်းဘုံကျောင်းအပြင်ဘက်ရှိ လှေကားထစ်များပေါ်သို့ လေးလံသောခြေလှမ်းများနှင့် တက်လှမ်းနေ၏။ သူသည် အတန်ငယ် ပင်ပန်းနေပုံပေါ်လေသည်။ လှေကားထစ်များဘေးနှစ်ဖက်ရှိ ရှေးဟောင်းသစ်ပင်များသည် ညင်သာစွာဝေ့ယမ်းနေကြပြီး သစ်ရွက်ခြောက်များနှင့် ဖုံးလွှမ်းနေသော လှေကားထစ်များကို အုပ်မိုးထားကြသည်။ ထိုလှေကားထစ်များကိုတက်နေသော အမျိုးသားသည် အတန်ငယ်အထီးကျန်နေသည့်ပုံပေါ်လေသည်။

သူသည်တက်ရင်းဖြင့် သစ်ရွက်များကို လှည်းကျင်းနေသော ဘုန်းတော်ကြီးတစ်ဦးရှိနေသည့် လှေကားထိပ်သို့ရောက်လာလေသည်။ ဘုန်းတော်ကြီးသည် လှေကားပေါ်သို့ လူတစ်ယောက်တက်လာသည်ကို မြင်လိုက်သောအခါ သူလုပ်လက်စအလုပ်ကိုရပ်၍ ထိုလူကိုကြည့်လိုက်သည်။

“ဒကာကြီး... ဒီဘုံကျောင်းက လှူဖွယ်ပစ္စည်းတွေရော၊ ဧည့်သည်ရော လက်မခံပါဘူး”

တက်လာသော အမျိုးသားသည် လက်အုပ်ချီလိုက်ပြီး ဘုန်းတော်ကြီးကိုပြောလိုက်သည်။

“ကျွန်တော် ဒီနေရာကိုရောက်လာတာ မတော်တဆပါ...ဒါမှမဟုတ် ဒါက ကံကြမ္မာလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော် ဒီဘုံကျောင်းမှာ ခဏလောက်နေလို့ ရမလားခင်ဗျာ”

ဘုန်းတော်ကြီးသည် သူ၏တံမြက်စည်းကို ချလိုက်ပြီး ပြန်၍လက်အုပ်ချီလိုက်ပြီး ဧည့်သည့်ကိုဦးညွှတ်ကာ ပြန်ပြောလိုက်သည်။

“ဆရာတော်တို့ဘုံကျောင်းမှာ လှူဖွယ်ပစ္စည်းလက်မခံဘူးဆိုတဲ့ စည်းမျဉ်းရှိပါတယ်။ အဲ့ဒါကြောင့် ဧည့်သည်လည်းလက်မခံပါဘူး။ ဒကာကြီး နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

“ကျွန်တော်က လာလှူတဲ့သူမဟုတ်သလို၊ ဧည့်သည်လည်းမဟုတ်ပါဘူး။ ကျွန်တော်က ဒဏ်ရာတွေရထားပြီး ခဏလောက်အနားယူဖို့လိုတယ်ဆိုတာ ဆရာတော်လည်းတွေ့မှာပါ။ ကျွန်တော်ဒီကိုရောက်လာတာ ဗုဒ္ဓရဲ့လမ်းညွှန်မှုကြောင့်ပါ။ ဆရာတော်အနေနဲ့ ချွင်းချက်တစ်ခုထားပြီး ကျွန်တော့်ကို ဒီဘုံကျောင်းမှာ ခဏလောက်နေခိုင်းလို့မရဘူးလားလို့ အရဲစွန့်မေးပါရစေခင်ဗျာ”

ဧည့်သည်သည် ဆက်၍ပြောလိုက်သည်။ သူ၏အသံသည် အတန်ငယ်သနားစဖွယ်ကောင်းနေသည်။

အနောက်လောကတစ်ခုလုံးတွင် ကျော်ကြားသည့် သူတော်စင်ကျန်းချန်သည် တစ်ခဏမျှ တိတ်တဆိတ်ကျင့်ကြံကာ ပြန်လည်အားဖြည့်ရန် နေရာတစ်ခုရရေးအတွက် ထိုသို့တောင်းဆိုနေရလိမ့်မည်ဟု မည်သူထင်ခဲ့မည်နည်း။

“ဒကာကြီး ကျေးဇူးပြုပြီး ထွက်သွားပါတော့”

တံမြက်စည်းလှည်းနေသော ဘုန်းတော်ကြီးသည် စိတ်မပြောင်းသေးပေ။ သူသည် ထိုဧည့်သည်ကို ဆက်၍နှင်လွှတ်နေလေသည်။

သူတော်စင်ကျန်းချန်သည် ခေါင်းမော့ကာ ထိုဘုန်းတော်ကြီးကို ကြည့်လိုက်၏။ သူ၏မျက်ဝန်းများထဲတွင် ဩဇာသက်ရောက်သောအကြည့်များ ပေါ်လာသည်။ ထိုအကြည့်တစ်ခုတည်းဖြင့်ပင် ဘုန်းတော်ကြီးကို တုန်လှုပ်သွားစေနိုင်လေသည်။ သူသည် အပြင်းအထန်ဒဏ်ရာရထားသော်လည်း အတွင်းအကျင့်စရိုက်ကိုမူ ဖုံးကွယ်ထားရန် ခက်ခဲပေသည်။

သို့သော် ထိုအကြည့်သည် တဒင်္ဂမျှသာကြာလေသည်။ သူတော်စင်ကျန်းချန်၏မျက်ဝန်းများအတွင်းမှ ဩဇာအာဏာအရိပ်အယောင်များသည် ပျောက်ကွယ်သွားပြီး သူသည် တိတ်တဆိတ်နောက်လှည့်ကာ လှေကားထစ်များကို ပြန်ဆင်းလိုက်သည်။ သူသည် အထီးကျန်ဆန်သည့်အသွင်ဆောင်နေဆဲပင်။

သူသည် ပို၍မြန်မြန်မလျှောက်နိုင်တော့သည့်အလား အလွန်နှေးကွေးစွာလျှောက်နေလေသည်။

ဘုံကျောင်းအတွင်းမှ တစ်စုံတစ်ယောက်ထွက်လာပြီး လှည့်ပြန်နေသောသူတော်စင်ကျန်းချန်ကို ကြည့်ကာ ‌မေးလိုက်သည်။

“သူက ဘယ်သူလဲ”

“ဆရာတော်လည်း မသိပါဘူး”

တံမြက်စည်းလှည်းနေသော ဘုန်းတော်ကြီးက ခေါင်းခါ၍ ပြောလိုက်သည်။

“ဘယ်ကိုမှသွားစရာမရှိတဲ့ လူတစ်ယောက်ဖြစ်မှာပေါ့။ သူက ဘုံကျောင်းမှာ ကပ်နေဖို့ ကြံနေတာဖြစ်နိုင်တယ်”

“အွမ်း...”

ဘုံကျောင်းအတွင်းမှ ထွက်လာသောသူက ခေါင်းညိတ်လိုက်သည်။

“ဒီလိုလူတွေ အများကြီးရှိတယ်။ ဆရာတော်အနေနဲ့ အမြဲယဉ်ကျေးနေဖို့ မလိုပါဘူး”

“ကောင်းပါပြီ”

တံမြက်စည်းလှည်းနေသော ဘုန်းတော်ကြီးက ခေါင်းညိတ်လိုက်သည်။ သူသည် အစောပိုင်းက သူတော်စင်ကျန်းချန်၏မျက်ဝန်းအတွင်းမှ အကြည့်များကို တွေးမိနေဆဲဖြစ်သည်။ ထိုအကြည့်သည် လွန်စွာရှုပ်ထွေးသောအကြည့်ဖြစ်ပြီး အဓိပ္ပာယ်ကောက်ရန် ခက်ခဲပေသည်။ သို့သော် ထိုသူသည် မည်သည့်ကျင့်ကြံခြင်းအရှိန်အဝါမှ ရှိမနေသည့် ဒုက္ခိတတစ်ဦးဖြစ်ကြောင်း ထင်ရှားလေသည်။ ထိုသို့ဆိုလျှင် ထိုသူသည် ကွဲပြားသည်ဟု သူခံစားနေရသနည်း။

သူတော်စင်ကျန်းချန်သည် ထိုနှစ်ဦး၏စကားကို ကြားလိုက်ရသည်။ သူရင်ထဲတွင် ခံစားချက်များ လှိုင်းထလာလေတော့သည်။ သူသည် တစ်နေ့တွင် ယနေ့ကဲ့သို့ အခြေအနေမျိုးနှင့်ကြုံတွေ့ရလိမ့်မည်ဟု တစ်ခါမျှပင် မတွေးမိခဲ့ဖူးပေ။ သို့သော် ယခုတွင် သူမည်သူမည်ဝါဖြစ်ကြောင်းကို မည်သူ့ကိုမှ ပြောမပြဝံ့ချေ။

သူသည် တစ်ချိန်က ကျန်းချန်ဘုံကျောင်း၏ မြင့်မြတ်ခံ့ညားသော အရှင်တစ်ပါးဖြစ်ခဲ့လေသည်။ သို့သော် သူသည် ထိုသို့အရှင်ဖြစ်ခဲ့သော နှစ်များအတွင်း၌ ရန်သူများစွာ ရရှိခဲ့သည်။ ထို့ပြင် ထိုနေ့က ရီဖူရှင်းတစ်ယောက် ထိုအဖျက်စွမ်းအားများကို ထွက်ပေါ်လာစေသောအခါတွင် သူ့လက်အောက်မှ ကျင့်ကြံသူအများအပြား သေဆုံးခဲ့လေသည်။ အကယ်၍ သူမည်သူမည်ဝါဖြစ်ကြောင်းပေါ်သွားပြီး ထိုအကြောင်းကို မကောင်းသောအကြံရှိသည့် တစ်စုံတစ်ယောက် သိသွားပါက သူ မရှုမလှသေဆုံးသွားမည်ဖြစ်သည်။

ယခုတွင် သူသည် ဒုက္ခိတတစ်ဦးကဲ့သို့ ဖြစ်နေပြီဖြစ်သည်။ သူသည် တိတ်ဆိတ်သောနေရာတစ်ခုကိုရှာ၍ အချိန်တစ်ခုအထိ ပြန်၍အားဖြည့်ကာ ဒဏ်ရာများပျောက်အောင်လုပ်ရမည်ဖြစ်သည်။ အချိန်တစ်ခုပေးလိုက်လျှင် ဗုဒ္ဓလမ်းစဉ်မှရရှိခဲ့သော သူ၏အင်အားများကြောင့် ဒဏ်ရာများ ပျောက်ကင်းသွားကာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ပြန်ရပ်လာနိုင်ပြီး နဂိုစွမ်းအားအခြေအနေအထိ ပြန်ရရှိလာနိုင်မည်ဟု သူယုံကြည်နေသည်။

ထိုသို့ပြန်၍စွမ်းအားရလာသည့်အချိန်တွင် သူသည် ရီဖူရှင်းကို သေချင်စိတ်ပေါက်လာသည်အထိ လွန်စွာစိတ်သောကရောက်အောင် လုပ်ပေးမည်ဟု ကျိန်ဆိုလေသည်။ ထို့ပြင် သူ၏ဇနီးကိုလည်း...

သူတော်စင်ကျန်းချန်သည် ယနေ့ခံစားခဲ့‌ရသော အရှက်ကွဲမှုကို တစ်ကြိမ်တစ်ခါမှ မခံစားဖူးခဲ့ပေ။

******

ရက်ပေါင်းများစွာကြာပြီးနောက် အ‌နောက်လောကရှိ ဗြမ္မာ့ကောင်းကင်တွင်...

ကောင်းကင်ထက်တွင် နတ်ဘုရားမတစ်ပါးကဲ့သို့ ပုံရိပ်တစ်ခုသည် လေထုကိုဖြတ်ကာ ပျံသန်းနေသည်။ သူမ၏မျက်နှာသည် လွန်စွာလှပပြီး ဆွဲမက်ဖွယ်ကောင်းပေသည်။ သူမသည် နတ်ဘုရားမတစ်ပါးကဲ့သို့ လှပပေသည်။ သို့သော် ထိုအခိုက်တွင် သူမသည် သူမ၏လက်များအတွင်း၌ လူတစ်ယောက်ကို ပိုက်ထားလေသည်။ ထိုလူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ငွေဖြူရောင်ဆံပင်နှင့်ဖြစ်ကာ သတိမေ့မြောနေလေသည်။ သို့သော် သူ၏ခံ့ညားသောအသွင်ကိုမူ မြင်နိုင်ပေသေးသည်။

ထိုနှစ်ဦးသည် ဟွာဂျီယူနှင့် ရီဖူရှင်းတို့ဖြစ်လေသည်။

ထိုနေ့တွင် ရီဖူရှင်းသည် မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာကို ပေါက်ကွဲပျက်စီးသွားစေခဲ့သည်။ ကြောက်မက်ဖွယ်ပေါက်ကွဲမှုအဟုန်သည် အာရုံခြောက်ပါးကောင်းကင်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ နတ်ခန္ဓာသည် ဖျက်ဆီးမှုလောကနယ်ပယ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အာရုံခြောက်ပါးကောင်းကင်ထက်တွင် နေရာယူကာ ကျန်းချန်ဘုံကျောင်းမှ ကျင့်ကြံသူများကို သတ်ဖြတ်၊ ဖျက်ဆီးခဲ့လေသည်။

သို့သော် ရီဖူရှင်းသည်လည်း တန်ပြန်ဒဏ်ကြီးကြီးမားမား ခံလိုက်ရသည်။ သူပင် မည်သို့ဖြစ်လာမည်ကို မသိသဖြင့် အဆိုးဆုံးရလဒ်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့ရသည်။ သူသည် ဟွာဂျီယူနှင့် တိုင်ပင်ခဲ့ပြီး သူတို့နှစ်ဦးလုံးသည် နောက်ဆက်တွဲအရာအားလုံးကို ရင်ဆိုင်ရန် သဘောတူခဲ့ကြသည်။ သူတို့သည် ထိုအသည်းအသန်အခြေအနေအတွင်း၌ ချောင်ပိတ်ခံခဲ့ရသဖြင့် သူတို့ပြန်တုံ့ပြန်နိုင်သည်မှာ ထိုသို့လုပ်ရန်သာရှိခဲ့သည်။ သူတို့သာ အဖမ်းခံလိုက်လျှင် သူတို့၏ကံကြမ္မာသည် သူတို့၏လက်ထဲတွင် ရှိတော့မည်မဟုတ်ဘဲ အခြားသူများ၏လက်ထဲတွင်သာ ရှိတော့မည်ဖြစ်ကြောင်း သူတို့သိလေသည်။

ရီဖူရှင်း၏စိတ်ဝိညာဉ်သည် နတ်ခန္ဓာပေါက်ကွဲသွားအောင် လှုံ့ဆော်လိုက်ပြီးနောက် သူသည် စိတ်ဝိညာဉ်အတွင်းရှိ နောက်ဆုံးလက်ကျန်စွမ်းအားကိုသုံးကာ ဟွာဂျီယူကို ထိုဖျက်ဆီးမှုလောကအတွင်းမှ ဆွဲထုတ်၍ ထိုနေရာမှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင်မူ သူ၏စိတ်ဝိညာဉ်သည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်သွားပြီးနောက် သတိမေ့မြောသွားခြင်းဖြစ်လေသည်။

လမ်းစဉ်ဖျက်ဆီးလောကအတွင်း၌ ဟွာဂျီယူသည်ပင် သေဆုံးပျောက်ကွယ်လုနီးပါးဖြစ်ခဲ့သည်။

ဤအကြိမ်တွင် သူတို့နှစ်ဦးသည် ကံကောင်းခဲ့သဖြင့် အသက်နှင့်ကိုယ်မြဲကာ လွတ်မြောက်လာခဲ့ခြင်းပင်။

ဟွာဂျီယူ၏မျက်နှာပေါ်တွင် မည်သည့်ခံစားချက်အရိပ်အယောင်မှ ရှိမနေချေ။ သူမသည် ရှေ့သို့သွားနိုင်ရန်သာ အာရုံစိုက်နေသည်။ သူမရှေ့တွင် ကျင့်ကြံသူတစ်စုသည် သူမတို့ထံသို့ လာနေလေသည်။ သူတို့သည် ရွှေရောင်နတ်ငှက်ကို စီးလာကြပြီး သူမတို့ထံသို့ လွန်စွာလျင်မြန်သောအရှိန်ဖြင့် လာနေသည်။ ရွှေရောင်နတ်ငှက် မော့ယွင်ကျီးသည် ရီဖူရှင်းနှင့် ခန္ဓာကိုယ်ချင်းဆက်နွယ်နေသဖြင့် ရီဖူရှင်းရှိနေသည့်နေရာအတိအကျကို သိလေသည်။ ထိုသို့ဖြင့် သူသည် ရီဖူရှင်းတို့၏တည်နေရာကို သိခဲ့ခြင်းပင်။

သူတို့ရောက်လာသည်ကို မြင်လိုက်သောအခါ ဟွာဂျီယူသည် ချက်ချင်းရပ်တန့်လိုက်သည်။ မျက်မမြင်ထျယ်၊ ချန်ယိနှင့် အခြားသူများသည် ရှေ့သို့လျှောက်လာကာ ရီဖူရှင်း၏အခြေအနေကို စမ်းသပ်လိုက်သည်။

“ဆရာ”

လင်ကလေးနှင့် အခြားသူများ၏မျက်နှာပေါ်တွင် စိုးရိမ်သောအရိပ်အယောင်များ ပေါ်လာလေသည်။ ရီဖူရှင်း၏အခြေအနေသည် သူတို့မျှော်လင့်ထားသည်ထက် ပို၍ဆိုးရွားပုံပေါ်၏။ သူသတိမေ့မြောနေသည်မှာ ရက်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။

“အရင်ဆုံး နေထိုင်ဖို့နေရာတစ်ခု ရှာကြတာပေါ့”

ဟွာဂျီယူက ပြောလိုက်သည်။

“အင်း...”

အားလုံး သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြပြီး ရွှေရောင်နတ်ငှက်၏ကျောပေါ်သို့ တက်လိုက်ကြသည်။ နတ်ငှက်သည် ၎င်း၏အတောင်ပံကိုဖြန့်လိုက်ပြီး ကောင်းကင်ကိုဖြတ်ကာ ပျံသန်းသွားလေ‌တော့သည်။

“ကျန်းချန်ဘုံကျောင်းက ကျွန်တော်တို့ကို အဲလိုအနိုင်ကျင့်၊ နှောင့်ယှက်စရာ ဘာအကြောင်းမှမရှိဘဲနဲ့...”

ဖန်းစွင်သည် ရီဖူရှင်းကိုကြည့်၍ အေးစက်စက်ပြောလိုက်သည်။

“ကျွန်တော်တို့ ကျန်းချန်ဘုံကျောင်းကို ပြန်ဖျက်ဆီးပစ်ပြီး လက်စားချေရမယ်”

ဟွာဂျီယူသည် သူတို့ကို တိတ်တဆိတ်ကြည့်နေသည်။ သူတို့သည် ဖြစ်ပျက်ခဲ့သောအရာအားလုံးကို သိပုံပေါ်လေသည်။

ဟွာချင်းချင်းသည် ဟွာဂျီယူ၏အတွေးများကို ကြားလိုက်သကဲ့သို့ ပြောလိုက်၏။

“အာရုံခြောက်ပါးကောင်းကင်မှာ ဖြစ်ပျက်ခဲ့တာတွေက ရိုက်ခတ်မှုတော်တော်ကြီးတယ်လေ။ အဲ့သတင်းတွေက အနောက်လောကတစ်ခုလုံးမှာတောင် ပျံ့နှံ့နေလောက်ပြီ။ ဒီဗြမ္မာ့ကောင်းကင်မှာလည်း အဲ့တိုက်ပွဲအကြောင်းကို ငါတို့ အများကြီးကြားခဲ့ရတယ်”

ဟွာဂျီယူ အသာအယာခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။

“ကျန်းချန်အကြောင်းရော ဘာကြားလဲ”

သူမ၏အသံတွင် အေးစက်မှုအနည်းငယ်ပါလေသည်။ သူတို့ကို ထွက်ပေါက်မပေးဘဲ ဆက်၍ဖိနှိပ်နေခဲ့သော သူတော်စင်ကျန်းချန်ကြောင့်သာ မဟုတ်လျှင် ရီဖူရှင်းသည် ထိုကဲ့သို့အန္တရာယ်များသည့် အလုပ်ကိုလုပ်မည်မဟုတ်ဘဲ ဤကဲ့သို့ အဆုံးသတ်သွားမည်မဟုတ်ပေ။

“ငါလည်းမသိဘူး”

ဟွာချင်းချင်းပြောလိုက်သည်။

“ငါတို့ကြားသလောက်ကတော့ ကျန်းချန်ဘုံကျောင်းက လူအားလုံးနီးပါး သေသွားပြီလို့ကြားတယ်။ ဒါပေမဲ့ သူတော်စင်ကျန်းချန်က တကယ်သေသွားပြီလားဆိုတာ ငါတို့လည်းသေချာမသိဘူး။ တချို့သတင်းတွေကတော့ သူတော်စင်ကျန်းချန် အခုထိမသေသေးဘူလို့ ပြောကြတယ်... ဒါပေမဲ့ သူက ကျန်းချန်ဘုံကျောင်းကိုလည်း ပြန်မလာသေးဘူး။ လောလောဆယ်တော့ သူပျောက်ဆုံးနေတယ်။ သူမသေဘူးဆိုရင်တောင် ဒဏ်ရာအပြင်းအထန်ရသွားနိုင်လောက်တယ်”

ဟွာဂျီယူ ခေါင်းညိတ်လိုက်သည်။ ထိုကြောက်မက်ဖွယ်တိုက်ခိုက်မှုအောက်တွင် သူတော်စင်ကျန်းချန် သေမသွားလျှင်ပင် ပြင်းထန်စွာဒဏ်ရာရသွားမည်ဖြစ်သဖြင့် သေလုမြောပါးဖြစ်သွားနိုင်လေသည်။ သူ၏အခြေအနေသည်လည်း ရီဖူရှင်း၏အခြေအနေထက် ပိုမသာနိုင်ပေ။

သို့သော် ထိုမျှဖြင့် မလုံလောက်သေးပေ။ သူမအမှန်တကယ်အလိုရှိသောအရာမှာ သူတော်စင်ကျန်းချန်သေဆုံးသွားပြီဆိုသောသတင်းပင်။

“ငါတို့ရောက်ပြီ”

သူတို့အုပ်စုသည် မကြာမီမှာပင် ရှေးဟောင်းတောင်ထွတ်သို့ ရောက်လာလေသည်။ ထိုနေရာတွင် သူတို့သည် သူတို့၏ခြေရာလက်ရာများကို ဖုံးကွယ်လိုက်ပြီး အခြားသူများ၏အာရုံစိုက်မှု မခံရအောင် ပြုလုပ်လိုက်သည်။

“လောလောဆယ် အပြင်ကကိစ္စတွေကို အရေးမစိုက်ဘဲ နေပြီး သူပြန်ကောင်းလာအောင် အနားယူခိုင်းရမှာပဲ။ အချိန်တစ်ခုလောက်အထိ အပြင်မထွက်ဘဲ နေကြတာပေါ့”

ချန်ယိပြောလိုက်သည်။ အားလုံးလည်း သဘောတူကြ၏။ သူတို့ အနောက်လောကသို့ရောက်ပြီး မကြာခင်မှာပင် လူအားလုံးကို တုန်လှုပ်သွားစေမည့် ကိစ္စကြီးများကို လုပ်ခဲ့ရပြီဖြစ်သည်။

All Chapters