← Chapters

စတုတ္ထအဆင့် အစီအရင်ပညာရှင်၊ မဟာဆရာသခင်အဆင့် စွမ်းရည်များ(၁)။

Vol. 25 Ch. 291

စတုတ္ထအဆင့် အစီအရင်ပညာရှင်၊ မဟာဆရာသခင်အဆင့် စွမ်းရည်များ(၁)။

Vol. 25 Ch. 291

ဆယ်နှစ် ကြာပြီးနောက်...။

အင်မော်တယ်ရှားဂိုဏ်း၊ အင်မော်တယ်ရှားတောင်ထွတ်၊ တိတ်ဆိတ်သော အခန်းအတွင်း၌...။

“ငါ နောက်ဆုံးတော့ စတုတ္ထအဆင့် အစီအရင်ပညာရှင်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ…”

ကျိုးစွေ့ သည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး၊ သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အတိုင်းသား ပေါ်လွင်နေသည်။

လွန်ခဲ့သော ဆယ်နှစ်က၊ ရှန်ကွမ်းရွှီမှတစ်ဆင့် ဝူကျိမဟာမိတ်အဖွဲ့၏ စတုတ္ထအဆင့် အဆင့်မြင့်အစီအရင်ဖြစ်သော ဝူကျိချန်ကွန်အစီအရင်ထဲသို့ 'အစီအရင်နှလုံးသားကူ'ကို ထည့်သွင်းခဲ့ပြီးကတည်းက၊ 'အစီအရင်နှလုံးသားကူ'သည် ထိုစတုတ္ထအဆင့် အစီအရင်ကို ဝါးမျိုရန် ဆယ်စုနှစ်တစ်ခုစာ အချိန်ယူခဲ့ရပြီး ယင်း၏ ဝိညာဉ် ဖြစ်လာခဲ့သည်။

ဤမျှ ကြာမြင့်ရသည့် အကြောင်းရင်းမှာ ရှောင်လွှဲ၍ မရနိုင်သောကြောင့်သာ ဖြစ်သည်။ အတိတ်ကာလက 'အစီအရင်နှလုံးသားကူ'သည် အဆင့်သုံး အထွတ်အထိပ်ကိုသာ ရောက်ရှိခဲ့သေးသည်။

စတုတ္ထအဆင့် အစီအရင်ကို ဝါးမျိုရန် ကြိုးပမ်းခြင်းသည် ပုရွက်ဆိတ်တစ်ကောင်က ဆင်တစ်ကောင်ကို စားသောက်ခြင်းနှင့် တူညီပြီး၊ အောင်မြင်မှု ရရှိရန် အချိန်ပမာဏ များစွာ လိုအပ်ပေသည်။

မည်သို့ပင် ခက်ခဲခဲ့ပါစေ၊ ရလဒ်ကို ကြည့်လျှင် သူ အောင်မြင်ခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ သူသည် 'အစီအရင်နှလုံးသားကူ'၏ စွမ်းအား အကူအညီဖြင့်၊ စတုတ္ထအဆင့် အောက်ခြေအဆင့် အစီအရင်ပညာရှင်နယ်ပယ်သို့ ဝင်ရောက်သွားပြီ ဖြစ်ကြောင်း ပြသနေသည်။

ဤအခိုက်အတန့်တွင် စတုတ္ထအဆင့် အစီအရင်နှင့် ပတ်သက်သော သတင်းအချက်အလက် အပိုင်းအစပေါင်း မရေမတွက်နိုင်အောင် သူ၏ သိစိတ်ပင်လယ် အနက်ပိုင်းထဲသို့ စီးဝင်လာပြီး၊ အစီအရင်အသိပညာ အပိုင်းအစများစွာ ပွတ်တိုက်မိနေသကဲ့သို့ အခိုက်အတန့်တိုင်းတွင် ဉာဏ်ပညာ မီးပွားများ လက်ကနဲ၊လင်းကနဲ ဖြစ်ပေါ်နေတော့သည်။

“စတုတ္ထအဆင့် အစီအရင်က တတိယအဆင့် အစီအရင်နဲ့ မတူဘူး… နှစ်ထပ်ပေါင်းစပ်အစီအရင် အမျိုးအစား ဖြစ်တယ်… ဆိုလိုတာက မဟာအစီအရင်နှစ်ခု ပေါင်းစပ်လိုက်တာက အစီအရင်ရဲ့ စွမ်းအားကို ဆယ်ဆကျော် တိုးမြှင့်ပေးတယ်…”

“ဒါပေါ့… ခက်ခဲမှုကလည်း ဆယ်ဆကျော် တိုးလာတယ်.. တြိဂံနှစ်ခုထပ်လိုက်ရင် တြိဂံတွေ ဆပွားတိုးလာသလို… မယုံနိုင်စရာ အဆင့်မြှင့်တင်မှု တစ်ခုပဲ…”

“ဝူကျိချန်ကွန်အစီအရင်က အဲ့ဒီလို ပေါင်းစပ် မဟာအစီအရင်မျိုးပဲ… ဝင်္ကပါအစီအရင်နဲ့ သတ်ဖြတ်ခြင်းအစီအရင်တို့ရဲ့ စွမ်းအားကို ပေါင်းစပ်ထားတာပဲ…”

“ဝူကျိချန်ကွန်အစီအရင်ထဲ ကျရောက်သွားတာနဲ့… အာကာပြင်ဝင်္ကပါကြောင့် ရှုပ်ထွေးသွားရလိမ့်မယ်… လွတ်မြောက်ထွက်ခွာဖို့ မဖြစ်နိုင်တော့ဘူး… ပြီးတော့ လေဟာနယ်ထဲကနေ ရန်သူတွေကို သုတ်သင်ရှင်းလင်းနိုင်တဲ့ အာကာပြင်သတ်ဖြတ်ခြင်း စွမ်းအားလည်း ပါဝင်နေသေးတယ်…”

“ဒါကြောင့်ပဲ ဝိညာဉ်သန္ဓေသားနယ်ပယ် ကျင့်ကြံသူတွေတောင်မှ စတုတ္ထအဆင့် အစီအရင်ကို ကြောက်ကြပြီး… ဒါကို စတုတ္ထအဆင့် အဆင့်မြင့်အစီအရင်အဖြစ် သတ်မှတ်ထားကြတာပဲ…”

ကျိုးစွေ့ အံ့ဩတကြီး ဖြစ်နေချေသည်။

'အစီအရင်နှလုံးသားကူ' ဝူကျိချန်ကွန်အစီအရင်ကို ဝါးမျိုပြီးနောက်၊ ဤအစီအရင်သည် မည်မျှ အစွမ်းထက်ကြောင်း သူ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ၎င်းသည် ဝူကျိမဟာမိတ်အဖွဲ့၏ အဓိကအစီအရင် ဖြစ်ထိုက်သည်ဟု အမှန်တကယ် ပြောဆိုနိုင်သည်။

ဤမဟာအစီအရင် တည်ရှိနေသမျှ ကာလပတ်လုံး၊ ရန်သူများသည် ဝူကျိမဟာမိတ်အဖွဲ့၏ ဌာနချုပ်ကို ဖောက်ထွင်းဝင်ရောက်ရန် အခွင့်အလမ်း မရှိသလောက်ပင်။

ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ ဒါဇင်နှင့်ချီ၍ တိုက်ခိုက်လာလျှင်ပင်၊ ဤစတုတ္ထအဆင့် အစီအရင်ကို ဖျက်ဆီးရန် ခက်ခဲသည်။

“ငါသာ ကြယ်သုံးပွင့်ကျွန်းစုထဲမှာ ဝူကျိချန်ကွန်အစီအရင်ကို တည်ဆောက်နိုင်ခဲ့ရင်… ပင်လယ်မျိုးနွယ်စုရဲ့ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေကို ကြောက်စရာ အကြောင်း မရှိတော့ဘူး… သူတို့ အင်အားအကုန် ထုတ်သုံးပြီး လာတိုက်ရင်တောင်မှ… ငါ့ရဲ့ တောင်ကာကွယ်ရေး အစီအရင်ကို ဖျက်ဆီးဖို့ မလုံလောက်နိုင်ဘူး…”

“နှမြောစရာ ကောင်းတာက… ဒီစတုတ္ထအဆင့် အစီအရင်ကို တည်ဆောက်ဖို့ဆိုတာ မယုံနိုင်လောက်အောင် ခက်ခဲတယ်… ဂိုဏ်းသုံးခုရဲ့ ကြွယ်ဝမှုတွေ ပေါင်းလိုက်ရင်တောင် စတုတ္ထအဆင့် အစီအရင်အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူဖို့ မလုံလောက်နိုင်ဘူး…”

ကျိုးစွေ့ အနည်းငယ် နောင်တရနေမိတော့သည်။

သူသည် စတုတ္ထအဆင့် အောက်ခြေအဆင့် အစီအရင်ပညာရှင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ စတုတ္ထအဆင့် အစီအရင်တစ်ခုကို တည်ဆောက်နိုင်သည်ဟု မဆိုလိုနိုင်ပေ။

အတော်ဆုံး စားဖိုမှုးပင်လျှင် ဆန်မရှိဘဲ ထမင်းချက်ရန် မဖြစ်နိုင်ပေ။ အစီအရင်ဖန်တီးခြင်းနှင့် အလားတူပင်၊ အစီအရင်ပါဝင်ပစ္စည်း အမြောက်အမြား လိုအပ်ပေသည်။

ဥပမာအားဖြင့်၊ စတုတ္ထအဆင့် အစီအရင်ဖြစ်သော ဝူကျိချန်ကွန်အစီအရင်၏ အဓိကပါဝင်ပစ္စည်းမှာ စတုတ္ထအဆင့် ပါဝင်ပစ္စည်း စကြဝဠာကျောက်စိမ်းပင် ဖြစ်သည်။

နှိုင်းယှဉ်၍ မရနိုင်လောက်အောင် တန်ဖိုးရှိသော စကြဝဠာကျောက်စိမ်းသည် အစီအရင်အား အာကာပြင်ကို ပြောင်းပြန်လှန်နိုင်သော အမြင့်မြတ်ဆုံးသော စွမ်းအားကို ပေးစွမ်းသည်။

သို့သော်၊ ထိုကဲ့သို့သော စတုတ္ထအဆင့် ပါဝင်ပစ္စည်းများသည် ငွေရှိလျှင်ပင် ဝယ်ယူ၍ မရနိုင်ပေ။

၎င်းတို့သည် ရောင်းချခြင်း မပြုရန်၊ တားမြစ်ထားသော အရင်းအမြစ် အမျိုးအစားထဲတွင် ပါဝင်သည်။ ထို့ကြောင့်၊ ထိုကဲ့သို့သော စတုတ္ထအဆင့် အစီအရင်ကို ပုံတူကူးချရန်မှာ လက်တွေ့အားဖြင့် မဖြစ်နိုင်ပေ။

“ဒါပေမဲ့… အစီအရင် ခင်းကျင်းတဲ့အခါ အရေးအကြီးဆုံး မူဝါဒက ဒေသတွင်း အခြေအနေတွေနဲ့ ကိုက်ညီအောင် ကိုယ့်အစီအမံတွေကို ညှိနှိုင်းယူဖို့ပဲ… ပတ်ဝန်းကျင် အခြေအနေက အထောက်အကူ ဖြစ်ရင်.. အလုပ်က တစ်ဝက်လောက်ပဲ အားစိုက်ထုတ်ရပြီး ရလဒ်က နှစ်ဆ ထွက်လိမ့်မယ်…”

“ကျွန်းတစ်ကျွန်းက ဝူကျိချန်ကွန်အစီအရင် ခင်းကျင်းဖို့ သင့်တော်တယ်ဆိုရုံနဲ့… ကြယ်သုံးပွင့်ကျွန်းစုလည်း သင့်တော်မယ်လို့ မဆိုလိုဘူး…”

“နေရာနှစ်ခုရဲ့ ပထဝီဝင်ပတ်ဝန်းကျင်က အများကြီး ကွာခြားတယ်… အတင်းအကျပ် ခင်းကျင်းဖို့ ကြိုးစားရင်.. ကျားပုံဆွဲပေမယ့် ခွေးပုံ ထွက်လာသလို ဖြစ်နေလိမ့်မယ်…”

“ကန္တာရထဲမှာ အခြေစိုက်ထားတုန်း.. ရေဓာတ်အစီအရင်ကို စီစဉ်လို့ မရသလိုမျိုးပေါ့… သတ္တုသိုက်အတွင်းမှာ တည်ရှိနေရင်… သစ်သားဓာတ်အစီအရင်ကို စီစဉ်လို့ မရဘူး… မတူညီတဲ့ ပတ်ဝန်းကျင်တွေက မတူညီတဲ့ အစီအရင်တွေနဲ့ပဲ ကိုက်ညီသင့်တော်တယ်…”

“အစီအရင်တွေနဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်တဲ့ မြင့်မားတဲ့ အဆင့်ကို မရောက်မချင်း… ပထဝီဝင် ပတ်ဝန်းကျင်ရဲ့ အစီအရင်အပေါ် လွှမ်းမိုးမှုကို လျစ်လျူရှုဖို့ မဖြစ်နိုင်ဘူး… ဒီလို အစီအရင်ပညာရှင်မျိုး လူ့လောကမှာ မရှိတာတောင် ဖြစ်နိုင်သေးတယ်… စတုတ္ထအဆင့် အစီအရင်ပညာရှင်တောင်မှ အဲ့ဒီအဆင့်ကို မရောက်နိုင်ဘူး…”

“ဒါကြောင့် လောလောဆယ်တော့… ငါ ဒေသတွင်းအခြေအနေတွေနဲ့ ကိုက်ညီအောင် ညှိနှိုင်းတဲ့ နည်းလမ်းကိုပဲ လိုက်နာသင့်တယ်… ကြယ်သုံးပွင့်ကျွန်းစုနဲ့ အသင့်တော်ဆုံး စတုတ္ထအဆင့် မဟာအစီအရင်က ရွှမ်ယင်လေးလံရေအစီအရင်ပဲ ဖြစ်သင့်တယ်…”

ကျိုးစွေ့ မျက်မှောက်ကြုတ်လိုက်သည်။

ဤသည်မှာ သခင်မမက်မွန်ပွင့်၏ စတုတ္ထအဆင့် အစီအရင်အမွေအနှစ်များထဲမှ သူ ရရှိခဲ့သော စတုတ္ထအဆင့် အဆင့်မြင့်အစီအရင်တစ်ခု ဖြစ်သည်။

အောင်မြင်စွာ ခင်းကျင်းနိုင်ပါက၊ ဤအစီအရင်၏ စွမ်းအားသည် ဝူကျိချန်ကွန်အစီအရင်ထက် အားနည်းမည် မဟုတ်ပေ။

ဤအစီအရင်ကို ခင်းကျင်းရသည့် အကြောင်းရင်းမှာ သဘာဝအားဖြင့် ကြယ်သုံးပွင့်ကျွန်းစုတွင် ရှိသော အရေးပါသည့် သဘာဝပတ်ဝန်းကျင်နှင့် ဆက်နွယ်နေသည်။

ကြယ်သုံးပွင့်ကျွန်းစုအောက်တွင် စတုတ္ထအဆင့် အဆင့်မြင့်ဝိညာဉ်ကြော တစ်ခု ရှိနေရုံသာမက၊ ကြီးမားသော ရွှမ်ယင်ချီပမာဏ ပါဝင်သော စတုတ္ထအဆင့် ရွှမ်ယင်ဝိညာဉ်ကြောလည်း ရှိနေသည်။

ဒီနေရာ၏ ပထဝီဝင်ပတ်ဝန်းကျင်က ရွှမ်ယင်လေးလံရေအစီအရင် ခင်းကျင်းဖို့ရန် အလွန် သင့်တော်ကြောင်း ထင်ရှားသည်။ ဤသည်မှာ ကာကွယ်ရေးအစီအရင်နှင့် သတ်ဖြတ်ခြင်းအစီအရင်တို့ကို ပေါင်းစပ်ထားသော ပေါင်းစပ်အစီအရင်တစ်ခု ဖြစ်၏။

အောင်မြင်စွာ ခင်းကျင်းနိုင်ပါက၊ အစီအရင် လွှမ်းခြုံထားသော ဧရိယာသည် ကြီးမားသော လေးလံရေနယ်နိမိတ်တစ်ခုကို ချက်ချင်း ဖွဲ့စည်းပေးလိမ့်မည်။

ထိုကဲ့သို့သော လေးလံရေနယ်နိမိတ်သည် ရန်သူ၏ တိုက်ခိုက်မှုများကို သိသိသာသာ လျော့နည်းစေနိုင်သည်။ ပင်လယ်သားရဲ အုပ်စုနှင့် ရင်ဆိုင်ရလျှင်ပင်၊ အားလုံးသည် အကန့်အသတ်မရှိသော လေးလံရေ၏ ဝါးမျိုလွှမ်းမိုးခြင်းကို ခံရပေလိမ့်မည်။

တစ်စုံတစ်ယောက်က အစီအရင်ထဲသို့ ဖောက်ဝင်လာသည်နှင့်၊ အကန့်အသတ်မရှိသော ရွှမ်ယင်ချီသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်ပြီး၊ ရန်သူကို အပိုင်းပိုင်း စုတ်ဖြဲပစ်ရန် လုံလောက်သည့် ရွှမ်ယင်ဓားချီ အများအပြားကို ဖွဲ့စည်းပေးလိမ့်မည်။

ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများ ထိုးဖောက်လာလျှင်ပင်၊ ထွက်ပြေးရန် သို့မဟုတ် ရှောင်တိမ်းရန် မစွမ်းဆောင်နိုင်ဘဲ အစီအရင်၏ စွမ်းအားဖြင့် သတ်ဖြတ်ခံရနိုင်သေးသည်။

“စတုတ္ထအဆင့် မဟာအစီအရင်ရဲ့ ထူးချွန်ပြောင်မြောက်မှုက အစီအရင်နှစ်ခု ပေါင်းစပ်မှု တစ်ခုတည်းမှာပဲ ရှိတာမဟုတ်ဘူး… ပို အရေးကြီးတာက စတုတ္ထအဆင့် မဟာအစီအရင်က နှစ်ထပ်နယ်နိမိတ် တစ်ခုကို ဖွဲ့စည်းပေးတာပဲ…”

“အရင်တုန်းက… တတိယအဆင့် မဟာအစီအရင်က နယ်နိမိတ် အမျိုးအစား တစ်မျိုးတည်းကိုပဲ ဖွဲ့စည်းနိုင်ခဲ့တာ… ရန်သူက သူတို့ရဲ့ စွမ်းအားအကုန်နဲ့ တိုက်ခိုက်ရင်… အတားအဆီးကို ဖောက်ထွင်းပြီး အစီအရင်ထဲကနေ အေးအေးဆေးဆေး ထွက်ပြေးနိုင်ဖို့ ဖြစ်နိုင်သေးတယ်…”

“ဒါပေမဲ့.. စတုတ္ထအဆင့် အစီအရင်ကတော့ နှစ်ထပ်အတားအဆီးကို ပေးစွမ်းတယ်… ဝိညာဉ်သန္ဓေသားကျင့်ကြံသူ တစ်ယောက်အတွက်တောင်… ဒီအတားအဆီး အတွင်းကနေ ထွက်ပြေးဖို့ဆိုတာ မယုံနိုင်လောက်အောင် ခက်ခဲလိမ့်မယ်…”

“အထူးသဖြင့်… စတုတ္ထအဆင့်ဝိညာဉ်ကြောရဲ့ အကူအညီနဲ့… အဆုံးမရှိတဲ့ စွမ်းအင်အရင်းအမြစ်ကို ထောက်ပံ့ပေးနေတဲ့အခါမျိုးဆို… ရန်သူ့မှာ ပြေးစရာနေရာ လုံးဝ ရှိမှာမဟုတ်တော့ဘူး…”

ကျိုးစွေ့ ဤအချက်ကို နက်နက်ရှိုင်းရှိုင်း ပြန်လည် ဆင်ခြင်သုံးသပ်လိုက်သည်။

အစီအရင်ပညာရှင်များသည် ကျင့်ကြံခြင်းလောကတွင် အဘယ်ကြောင့် ဤမျှ မြင့်မားသော အဆင့်အတန်း ရှိနေရသနည်း ဆိုသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

စတုတ္ထအဆင့် အစီအရင်ပညာရှင်တစ်ဦးသည် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးနှင့် တန်းတူနီးပါး ရှိသည်။ ရိုးရှင်းစွာပြောရလျှင်၊ အစီအရင်ပညာရှင်တစ်ဦးသည် စတုတ္ထအဆင့် အစီအရင်ကို ကျွမ်းကျင်ပိုင်နိုင်သွားသည်နှင့်၊ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးပင်လျှင် စိန်ခေါ်ရဲမည် မဟုတ်သောကြောင့် ဖြစ်၏။

အစီအရင် ထဲကို ခြေချလိုက်လျှင်၊ ဖုန်မှုန့်အဖြစ် ကြိတ်ချေခံရသည့်အထိ စတုတ္ထအဆင့် အစီအရင်၏ တိုက်စားခြင်းကို မလွဲမသွေ ခံရမည် ဖြစ်သည်။

မှန်ပေသည်၊ အစီအရင်ပညာရှင်များတွင်လည်း ကြီးမားသည့် အားနည်းချက်များ ရှိပေသည်။ ယင်းမှာ အစီအရင်ကို စွန့်ခွာ၍ မရခြင်းပင်။

အစီအရင်ကို စွန့်ခွာလိုက်လျှင်၊ သူတို့၏ ခြိမ်းခြောက်နိုင်စွမ်းက သိသိသာသာ လျော့ကျသွားမည် ဖြစ်သည်။ အနှစ်သာရအားဖြင့်၊ သူတို့၏ ကိုယ်ပိုင် အသိုက်အမြုံများအတွင်း၌သာ သည်းခံနေထိုင်ရပေသည်။

သို့သော် ကျိုးစွေ့ အတွက်မူ၊ ယင်းသည် ဘာမျှ အရေးမကြီးပေ။ မည်သို့ပင်ဖြစ်စေ၊ သူ့တွင် လုပ်စရာ များများစားစား မရှိချေ။ ထို့အပြင်၊ သာမန် အခြေအနေတွေအောက်မှာ သူ၏အခြေစိုက်စခန်းမှ ဘယ်သောအခါမျှ ထွက်ခွာမည့်သူ မဟုတ်ပါလော။

မည်သို့ပင်ဖြစ်စေ၊ သူ့တွင် ရှည်လျားသော သက်တမ်း ရှိပြီး အရင်းအမြစ်များအတွက် အခြား ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်ရန် မလိုအပ်ပေ။

သူ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်နေလျှင်ပင်၊ ဝိညာဉ်သန္ဓေသားနယ်ပယ် သို့မဟုတ် နတ်ဘုရားအသွင်ပြောင်းခြင်းနယ်ပယ်သို့ပင် တက်လှမ်းနိုင်သည်။ ထိုသို့ဖြင့် သေမျိုး ကျင့်ကြံသူများကြားတွင် အကြွင်းမဲ့ အထွတ်အထိပ် ဖြစ်လာနိုင်သည်။

“ငါသာ စတုတ္ထအဆင့် မဟာအစီအရင်… ရွှမ်ယင်လေးလံရေအစီအရင်ကို ခင်းကျင်းချင်ရင်.. အရင်းအမြစ်ပမာဏ အများအပြား ကုန်ကျလိမ့်မယ်…”

“ဒီကိစ္စကို ငါ့ရဲ့ တာအိုလက်တွဲဖော်တွေနဲ့ ဆွေးနွေးရမယ့် ပုံပဲ.. ဘာပဲဖြစ်ဖြစ်.. ဒီအစီအရင်ကို အောင်အောင်မြင်မြင် တည်ဆောက်ဖို့ အင်မော်တယ်ရှားမြို့တော်ရဲ့ အပြည့်အဝ ထောက်ပံ့မှုကို လိုအပ်တယ်…”

ကျိုးစွေ့ မျက်လုံးများကို မှေးလိုက်သည်။

All Chapters